Recycleနှင့် ကျမ၏ကိုယ်တွင်းပဋိပက္ခ – ညိုခက်ကျော်

kaiJanuary 31, 20131min38517

recycle

Recycleနှင့် ကျမ၏ကိုယ်တွင်းပဋိပက္ခ

အမေရိကားကိုစရောက်သည့်အချိန်ကစပြီး ခုချိန်ထိကျမစိတ်အဝင်စားဆုံးအရာတွေထဲမှာ စွန့်ပစ်ပစည်းပြန်လည်လည်ပတ်သည့်ဆိုင်ကလေးများသည်  ပထမဆုံးနေရာမှပါဝင်ခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် Recycleဆိုင်ကလေးများသည် အခြားစီးပွားရေးလုပ်ငန်းဆိုင်ခန်းများလို သီးသီးသန့်သန့်သူ့နေရာနှင့်သူမဟုတ်ဘဲ ကုန်စုံဆိုင်ကြီးများအနောက်ဘက်မှာ ဆိုင်ခန်းဖွင့်ပြီးဖြစ်စေ၊ 7/11လိုစတိုးဆိုင်များရှိသော squareခေါ်ဆိုင်ခန်းစုပေါင်းဝန်းထဲတွင် ခပ်ကျဉ်းကျဉ်းတစ်နေရာဖြစ်စေ လူဝင်လူထွက်များသောေ နရာများတင် ယှဉ်ပြီးဖွင့်ထားလေ့ရှိသည်။ ထိုဆိုင်ခန်းလေးများသည် သာမန်အမြင်ဖြင့်ကြည့်လျှင် သပ်သပ်ရပ်ရပ်လည်းမရှိ၊ ဖန်ပုလင်းများတစ်ခုနှင့်တစ်ခုထိခတ်မိသံ၊ အလူမီနီယမ်သံဗူးများကို ဆင့်ကာဆင့်ကာပစ်ချသဖြင့်“ကလုံ၊ကလုံ”မြည်သောအသံ၊ဆိုင်ပိုင်ရှင်နှင့်အလုပ်သမားအများစုမှာ မက်ဆီကန်လူမျိုးများဖြစ်ကြရာ Recycleပစ္စည်းလာရောင်းသူများနှင့်ဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေအော်ဟစ်ပြောဆိုကြသော မက်ဆီကန်စကားသံများ၊အလုပ်ခွင်တွင်ဖွင့်ထားသော ကက်ဆက်ဆီမှမက်ဆီကန်သီချင်းသံများဖြင့် စည်းမကျဝါးမကျဆူညံနေတတ်သည်။ Recycleပစ္စည်းများကိုဖန်၊အလူမီနီယမ်၊ပလတ်စတစ် သပ်သပ်စီခွဲထားပြီး လူတစ်ဖက်စာသံခြင်းတောင်းများထဲထည့်ကာ ပေါင်ချိန်စက်ပေါ်တင်ပြီးချိန်ကာ ကျသင့်ငွေကို ရောင်းသူလက်ထဲပေးလျှင် Recycleပစ္စည်းလာရောင်းသူက သူတို့ပေးသောစာရွက်ကလေးမှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရသည်။ ပျမ်းမျှအားဖြင့် ဗူးတဗူးလျှင် ၅ဆင့်နှုးံဖြင့် အလူမီနီယမ်ဗူးခွံများဆိုလျှင် တပေါင်ကို၁.၉၉ဒေါ်လာ၊ပလတ်စတစ်ဗူးခွံများဆိုလျှင် တပေါင်ကို၁ဒေါ်လာ၊ ဖန်ဗူးခွံများဆိုလျှင်တပေါင်ကို၁ဒေါ်လာခွဲ စသဖြင့်ဈေးအစားစားပေးပါသည်။
ဆိုင်ခန်းဟုသာဆိုရသော်လည်း နေလုံမိုးလုံ ပလတ်စတစ်ရွက်ဖျင်တဲကိုသာ ယာယီသဘောမျိုးထိုးထားပြီး အလုပ်သမားများနှင့်အတူ ဖန်ပုလင်းခွံ၊အလူမီနီယမ်ဗူးခွံ၊ ပလတ်စတစ်ဗူးခွံများ သီးခြားစီခွဲထည့်သော လူတစ်ဖက်စာသံခြင်းများ၊ေ Recycle ပစ္စည်းလာရောင်းသူတို့၏စွန့်ပစ်ပစည်းများကိုထုတ်ပိုးလာသော ပလတ်စတစ်အိတ်များပစ်ရန်အမှိုက်ပုံးများ၊ဆိုင်ခန်း၏ဝယ်ယူပြီး Recycleပစ္စည်းများသိမ်းဆည်းရာ ကွန်တိန်နာနောက်ပိုင်းနှင့်ခပ်ဆင်ဆင်တူသော  သိုလှောင်ကန်အပွင့်ကြီးများ၊ Recycleပစ္စည်းများမှကြွင်းကျန်နေသောအချိုရည်၊ဘီယာများ မြေကြီးပေါ်စီးကျကာ အချဉ်ပေါက်သောအနံ့ဆိုးတို့ဖြင့် သက်တောင့်သက်သာရှိလှသောနေရာလည်း မဟုတ်ပြန်ပါ။
အဲဒီလို ခမ်းခမ်းနားနားလဲမရှိ။သာယာရှုမောဖွယ်လည်း မကောင်းလှသော Recycleဆိုင်တွေကို ကျမစိတ်ဝင်စားမိခြင်းအဓိကအကြောင်းရင်းများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကြောင့်သော်လည်းကောင်း၊ ကျမ၏မိခင်နိုင်ငံမြန်မာပြည်နှင့်ဆက်စပ်ရရွေ့သော်လည်းကောင်း၊ Recycleလုပ်လို့ရသော ဗူးခွံပါသည့်ပစည်းတခုခုဝယ်လျှင် အပေါင်သဘောမျိုးစတိုးဆိုင်တွေပေးခဲ့ရသောCRVကြေး၁ဒေါ်လာကျော်ကျော်ကို ဈေးဝယ်စာရင်းဖြတ်ပိုင်းမှာ သတိထားမိခြင်းကြောင့်လည်းကောင်းဖြစ်ပါသည်။ Recycleအမှတ်တံဆိပ် သင်္ကေတဖြစ်သော အစိမ်းရောင်မြှားကလေးသုံးခုတြိဂံပုံသဏ္ဍာန် လည်ပတ်နေသောဒီဇိုင်းလေးကိုလည်း ကျမချစ်ပါသည်။

ကျမတို့မြန်မာပြည်မှာလည်း ဟိုးအရင်ကာလတွေထဲက Recycleစနစ်ဆိုတာကရှိနေခဲ့သည်။ အချိုရည်ပုလင်းတွေပေါ်လာတော့ ရေခဲစိမ်ပုလင်းများကိုအိမ်မှာယူသောက်လျှင်ဖြစ်စေ၊ဈေးထဲကဆိုင်ခန်းတွေမှာ မှာသောက်လျှင်ဖြစ်စေ“ပုလင်းပေါင်”ဆိုပြီး ငွေငါးဆယ်တစ်ရာပေးခဲ့ရတာ မှတ်မိသည်။ အချိုရည်ပုလင်းတွေခေတ်မစားမီကလည်း သတင်းစာစက္ကူများ၊ကျောင်းသုံးဗလာစာအုပ်ဟောင်းများ ၊နို့ဆီခွက်များ၊ပလတ်စတစ်အိတ်များကို လမ်းထဲလှည့်ပြီးဝယ်သော Recycleဈေးသည်များရှိသလို မီးရထားလမ်းဘေးနားမှာ၊ဈေးဘေးမှာကပ်ပြီးဆိုင်ခန်းကျဉ်းကျဉ်းလေးဖွင့်ထားသော Recycleဈေးဆိုင်ခန်းကလေးများသည် ကျမတို့ကလေးဘဝထဲက ရင်းနှီးပြီးဖြစ်ခဲ့သည်။

နွေရာသီကျောင်းပိတ်ရက်ဆိုလျှင် ကျမတို့တနှစ်စာသုံးပြီးဗလာစာအုပ်များကိုစုပုံထားပြီး “ဗလာစာအုပ်တွေဝယ်တယ်။သတင်းစာစက္ကူဟောင်းတွေဝယ်တယ်” ဆိုသောအသံတွေကြားလျှင်
လှမ်းခေါ်ပြီး ရောင်းခဲ့ကြသည် ။ခြစ်ခြစ်တောက်နေပူထဲတွင် နှီးတောင်းကိုခေါင်းပေါ်ရွက်ကာ တစ်လမ်းလုံးကြားအောင်အော်ဟစ်ပြီးရောင်းရသော  Recycleပစ္စည်းဝယ်သူဈေးသည်များသည်“လာပါဦး”ဆိုသောခေါ်သံကြားသည်နှင့် လမ်းတလျှောက်လုံးနေပူခဲ့ရသမျှှ   ခုမှအရိပ်အေးကိုတွေ့လိုက်ရသလို မျက်နှာဝင်းပသွားပြီး လမ်းထိပ်သို့ပင်ရောက်ပါစေဦး ။အော်ခေါ်သည့်အိမ်ဆီနောက်လှည့်ပြီး ဝမ်းသာအားရပြေးလွှားသွားကြသည်။တချို့ကသက်လတ်ပိုင်းဖြစ်သည်။ အသက်ခြောက်ဆယ်၊ခုနစ်ဆယ်အရွယ်အဘိုးကြီးအဘွားကြီးများလည်း ဒီအလုပ်လုပ်ကြသည် ။ကျောင်းနေရမယ့်အရွယ်အသက်ဆယ်နှစ်ဆယ့်နှစ်နှစ်ကလေးများလည်း ဒီအလုပ်လုပ်ကြသည်။နေပူကျဲတဲထဲဈေးတောင်းခေါင်းရွက်ပြီး လမ်းလျှောက်လာရသော်လည်း “လာပါဦး” လို့သာခေါ်လိုက်။ကြိုးဆွဲခြင်းမရှိသော ခုနစ်ထပ်၊ရှစ်ထပ်တိုက်ခန်းများအပေါ်လည်း မောခြင်း၊ညောင်းခြင်းဂရုမစိုက်ဘဲ သုတ်သုတ်သုတ်သုတ်တက်ပြီး Recycleပစ္စည်းဝယ်ကြသည်။ မိုးရွာသောအခါများမှာလည်း ပလတ်စတစ်မိုးကာကိုခြုံကာ ခေါင်းပေါ်ရွက်သည့်တောင်း၊ပခုံးပေါ်တံပိုးနှင့်ဆိုင်းထားသောနှီးတောင်းများကို ပလတ်စတစ်အကြည်စဖြင့်ကာပြီး သူတို့အလုပ်ကိုမပျက်စေရပေ။မိုးသံနှင့်အပြိုင် သူတို့၏ဈေးခေါ်သံ၊ဈေးအော်သံများကို ကြားမြဲကြားရဆဲဖြစ်သည် ။နွေရာသီဆိုလျှင် လမ်းဘေးသောက်ရေအိုးစင်များမှ သောက်ရေကို အမောပြေသောက်ကြသည်။ရေလဲမည့်သူမရှိလျှင် ရေအိုးအောက်ကပ်နေသောအနည်များပါသောရေကို အနည်ထိုင်သည်အထိငြိမ်အောင်ထားပြီးမှ အပေါ်ယံမှရှပ်ပြီးခပ်ကာ အားရပါးရသောက်တတ်သည်။အဲဒီ့ရေထဲမှာ ဘာသတုဓာတ်တွေ၊ဘာရောဂါပိုးမွှားတွေပါနေသလဲဆိုတာ သူတို့မစဉ်းစားတတ်။စဉ်းစားတတ်သောအသိတရားများရရှိရန်အခွင့်အရေးလဲ သူတို့မှာမရရှိခဲ့ ။ကျောင်းခန်းထဲစာသင်ရမည့်အရွယ်ဆယ်နှစ်၊ဆယ့်တစ်နှစ်ကလေးများကို “ကျောင်းမတက်ဘူးလား”မေးလျှင်“ဒီတနွေပိုက်ဆံစုနေတာ။နောက်နှစ်စာအုပ်ဖိုးနဲ့ကျောင်းဝတ်စုံအတွက်လေ” ဟုဖြေတတ်ကြပြီး နောက်တနွေ..နောက်တနွေတွေမှာလည်း သူတို့တွေဒီ Recycle ပစ္စည်းဝယ်သည့်အလုပ်ကို  ဒီလမ်းပေါ်မှာ လုပ်မြဲလုပ်နေခဲ့ကြသည်။

 

ကျမတို့ရောင်းသော သတင်းစာစက္ကူဟောင်းများ၊ဗလာစာအုပ်ဟောင်းများကို သူတို့၏သံချေးတက်နေသောချိန်ခွင်ဟောင်းကြီး၏ တစ်ဘက်တွင်ထည့်၊တစ်ဘက်ကအလေးတုံးများကို လက်တစ်ဘက်နှင့်တိုးလိုက်လျှှော့လိုက်လုပ်ရင်း၊ အခြားလက်တစ်ဘက်ကချိန်ခွင်လျှာအပေါ်ဘက်ကိုကိုင်ထားပြီး ချိန်ခွင်လျှာကိုသာ စူးစူးစိုက်စိုက်ကြည့်နေသောသူတို့၏မျက်လုံးများကို ကျမခုထက်ထိအမှတ်ရနေဆဲဖြစ်သည်။ သူတို့ဝယ်ယူသွားသော ဗလာစာအုပ်အဟောင်းများကို သူတို့၏နှီးတောင်းကြီးထဲပစ်ထည့်ရင်း “အစ်မစာအုပ်တွေက ငါးပိသာမပြည့်ဘူး။ကျနော်ပိုပေးလိုက်တယ်နော်”အဲဒါသူတို့တွေဈေးဝယ်တိုင်း အမြဲပြောလေ့ရှိသော စကားဖြစ်သည်။သူတို့လက်မည်းမည်းညစ်ညစ်လေးတွေနှင့် စွပ်ကျယ်မှာစလွယ်သိုင်းထားသော လွယ်အိတ်ဟောင်းလေးထဲမှ သားရေပင်နှင့်စည်းထားသော တစ်ဆယ်တန်၊ငါးကျပ်တန်၊တစ်ကျပ်တန်ငွေစကူတွေကိုထုတ်ကာ လက်ညှိုးကိုတံတွေးစွတ်ပြီး ပါးစပ်ကတတွတ်တွတ်ရေကာပေးပြီး အကြွေစွန်းလျှင်ခါးပိုက်ထဲမှ အကြွေစေ့များ ၊တခါတလေ“အရွက်သေးမရှိတော့ဘူးအစ်မရာ။သကြားလုံးသာယူတော့” ဆိုပြီး သကြားလုံးတွေပြန်အမ်းတတ်သည် ။နို့ဆီဗူးခွံတွေရှပြီးသွေးထွက်လျှင် လျှာနှင့်အသာလျက်ပြီး ဘာမှမဖြစ်သလို ငွေစကူတွေဆက်ရေနေလေ့ရှိသည်။ တစ်နေ့လုံးဝယ်လာသော Recycleပစ္စည်းများကို ညဦးပိုင်းမှာ ဒိုင်သို့ပြန်သွင်းသောအခါ တစ်နေ့သုံးရာအထိမြတ်တတ်သည် ။ငွေလည်ပတ်ဖို့အရင်းအနှီးကို နေ့ပြန်တိုးချေးယူသည်ဟုဆိုသည်။

 

စာသင်ကျောင်းခန်းထဲတွင် ဂဏန်းသချင်္ာပေါင်းနှုတ်မြှောက်စားစနစ်တကျမသင်ယူခဲ့ရသော Recycleပစ္စည်းဝယ်သူကလေးငယ်များသည် ချိန်ခွင်လျှာကို ဘယ်ညာဘယ်လောက်အတိုင်းအတာအထိစောင်းရမည်။ဘယ်အလေးတုံးကိုဘယ်လိုနှုတ်ပြီး ဘယ်အလေးတုံးကိုဘယ်လိုပစ်ထည့်ရမည်ဆိုတာကိုတော့ ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ကြပါသည်။ဈေးကသမာဓိချိန်ခွင်မှာထည့်ပြီးချိန်ထားသော ငါးပိသာကျော်ခြောက်ပိသာပြည့်ခါနီးသည့်ကျမ၏ ဗလာစာအုပ်နှင့်သတင်းစာစက္ကူဟောင်းများကို “အစ်မရောင်းတဲ့ပစည်းတွေက ငါးပိသာတောင်မပြည့်ဘူး။ ကျနော်ပိုပေးလိုက်တယ်နော် ။ဟောဒီ့မှာကြည့်တွေ့လား ”ဟုပြောရင်း ကျမကိုစိုးရိမ်ခြင်းမကင်းသောအရိပ်တချို့ဖြင့် ပိပိရိရိလိမ္မာပါးနပ်သယောင်ပြောဆိုနေသော ထိုကလေး၏မျက်လုံးအကြည့်များကို ကျမဒီနေ့ထိ မေ့မရခဲ့ပါ။အပြစ်ကင်းစင်ခြင်း၊ ရိုးသားခြင်းတို့ဖြင့်သာ တောက်ပသင့်သောကလေးတို့၏မျက်လုံးများကို ကွေ့ကောက်ကျဉ်းမြောင်းသောလူမှုရေးစနစ်နှင့် စီးပွားရေးစနစ်တို့ကအရောင်ဆိုးပေးလိုက်သောအခါ အရွယ်မတိုင်မီလူလားမြောက်သောအမူအကျင့်၊ အတွေးအခေါ်တို့သည် ကျမတို့လူနေမှုစနစ်မှာ ဆင့်ပွားလာလေသလား ။နေပူထဲမိုးရွာထဲဈေးလည်ရောင်းခဲ့ရသမျှ မြန်မြန်နေ့တွက်ကိုက်ပြီး အိမ်ကိုမြန်မြန်ပြန်စေလိုသောသနားဇောနှင့် အခြေခံလူ့ကျင့်ဝတ်တွေကို မသင်ပြပေးခဲ့ဘဲ “အေးပါဟယ်။ပေးချင်သလောက်သာပေး” ဟုဆိုတတ်သော ကျမကိုယ်ကျမလည်း အလွယ်လိုက်ပြီးကိုယ်နဲ့မဆိုင်သလိုများနေခဲ့မိသလား။ပြန်တွေးမိတိုင်း ကျမကိုယ်ကျမလိပ်ပြာမလုံချေ။

Recycleပစ္စည်းဝယ်သူဈေးသည်တွေထဲမှာ ကျမခုချိန်ထိ မှတ်မိနေသူများထဲတွင် ဌေးကြိုင်လည်းပါဝင်သည်။ ကျမတို့က အိမ်ကလူကြီးတွေခေါ်သလို ဌေးကြိုင်ဟုသာ လွယ်လင့်တကူလိုက်ခေါ်သော်လည်း ထိုစဉ်ကသူသည် အသက်သုံးဆယ်ကောင်းစွာကျော်နှင့်ပြီးဖြစ်သည် ။ဌေးကြိုင်သည် အရပ်ရှည်ရှည်၊ပိန်ပိန်မဲမဲ၊ဆံပင်ကောက်ကောက်နှင့် ကုလားသွေး တစ်ဝက်ကျော်ကျော်နှောသူတစ်ဦးဖြစ်ပြီး အခြားသောRecycle ပစ္စည်းဝယ်သူဈေးသည်များနှင့်မတူသည့်ထူးခြားချက်မှာ ခေါင်းပေါ်ရွက်သော၊ ပခုံးမှာထမ်းပိုးဖြင့်ဆိုင်းရသော နှီးတောင်းမျိုးကိုမသုံးဘဲ သူကိုယ်တိုင်ဆင်ထားသော သစ်သားတွန်းလှည်းကလေးကို တွန်းတွန်းပြီးတစ်လမ်းဝင်တစ်လမ်းထွက်
လမ်းလျှောက်ဈေးဝယ်ခြင်းဖြစ်သည်။ သူ့ဈေးခေါ်သံမှာလည်း ဆွဲဆွဲငင်ငင်အသံနေ အသံထားနှင့်နားစွဲလွယ်ပြီး ဒီအသံကြားတာနှင့် အိမ်ရှေ့ပြေးမကြည့်ရဘဲ ဌေးကြိုင်လာပြီဆိုတာ တန်းသိရသည်။
“ဒန်အိုးဒန်ခွက်တွေဝယ်တယ်။
နို့ဆီခွက်တွေဝယ်တယ်။
ဗလာစာအုပ်သတင်းစာဟောင်းတွေဝယ်တယ်။
ဘက်ထီအိုးအခန်းအပျက်တွေဝယ်တယ်”။
ဘက်ထရီအိုးကို အသံဆက်ပီး ဘက်ထီအိုး ဟုအသံထွက်ကာ အဆုံးသတ်လေသံ“ဝယ်တယ်” ဆိုသောနေရာမှာ ဌေးကြိုင်က မာန်ပါပါဌာန်ပါပါ “ဝယ်…ဒယ်” ဟုအသံနေအသံထားနှင့် ဆွဲပြီး အော်တတ်သည်။

 

ဌေးကြိုင်သည် ဆယ်တန်းကိုဘီနှင့်အောင်သည်ထိပညာသင်ဖူးသူဖြစ်သဖြင့် အင်္ဂလိပ်စာတတ်ပြီး ဗဟုသုတရှိသူလည်းဖြစ်သည်။ သူ့တွန်းလှည်းလေးထဲတွင် ဂါးဒီယင်းသတင်းစာတချို့နှင့် မင်္ဂလာမောင်မယ်၊ပူတူးတူးလေးစာအုပ်များသပ်သပ်ဖယ်ထားတာတွေ့သဖြင့်မေးကြည့်ရာ
“ကျနော်နဲ့ကျနော့်သမီးလေးဖတ်ဖို့ဗျာ” ဟုဆိုသည်။ကျမတို့အိမ်မှ သူ့ကိုဈေးခေါ်ရောင်းလျှင် အမြဲလိုလို ရေတောင်းသောက်တတ်သည် ။သောက်ရေကိုအားရပါးရသောက်ကာ သူ့ခေါင်းပေါ်ဆောင်းထားသော စစ်စိမ်းရောင်ဦးထုတ်ကိုချွတ်ပြီး ယပ်တဖြတ်ဖြတ်ခပ်ရင်း သူ့လက်သုံးစကား “ခေတ်ကြီးများကောင်းလို့ကတော့ဗျာ။ ဌေးကြိုင်တို့ဒီအလုပ်မလုပ်သေးဘူး” ဟု ပြောလေ့ရှိသည်။ တခါတရံ ၅နှစ်အရွယ်သူ့သမီးလေးကို ကျောင်းစိမ်းဂါဝန်လေးဝတ်လျက် Recycleပစ္စည်းများနှင့်အတူ တွန်းလှည်းထဲထည် ့တွန်းလာတာမြင်ရဖူးသည်။ “မိန်းမကစိတ်ဆိုးပြီး အိမ်ပေါ်ကဆင်းသွားလို့ဗျာ။ ကလေးကျောင်းပို့မယ့်သူမရှိဘူး”ဟုညည်းသည်။ ကလေးက လွယ်အိတ်ကိုစလွယ်သိုင်းထားကာ ဆိုးဆေးမကင်းသောရေခဲထုတ်အနီရဲရဲကိုစုတ်ရင်း တွန်းလှည်းထဲ ့ငုတ်တုတ်ထိုင်ပါလာတတ်သည် ။ဌေးကြိုင်ကသူ့စစ်စိမ်းရောင်ဦးထုတ်ကို ကလေးခေါင်းပေါ်ဆောင်းထားပေးရာ ကလေးခေါင်းနှင့်မတော်သဖြင့် ရှေ့သို့ငိုက်ကျနေသည်။
“ကျနော့်သမီးလေးကြီးလာရင်တော့ ဒီလိုပင်ပင်ပန်းပန်းအလုပ်စေချင်ဘူး။ ပညာတတ်ပြီးအနေချောင်စေချင်တယ်။
ခေတ်ကြီးမြန်မြန်ကောင်းပါစေဗျာ။”တွန်းလှည်းထဲကRecycleပစ္စည်းတွေကြားမှာ ငုတ်တုတ်ထိုင်နေသောကလေးက သူ့အဖေဘာပြောသည်ကို ကောင်းကောင်းနားမလည်သော်လည်း အဲဒီလိုပြောလျှင် မျက်နှာပေါ်ငိုက်ကျနေသော ဦးထုတ်လေးကိုပင့်တင်ပြီး တခိခိလိုက်ရယ်တတ်သည်။ပြီးလျှင် ချိန်ခွင်ချိန်နေသောသူ့အဖေလက်ထဲသို့ အလေးတုံးလေးတွေ တစ်ခုစီကမ်းပေးတတ်သည်။ဌေးကြည်က “ဟဲ့သမီး။အဖေအလုပ်လုပ်နေတယ်။လာမရှုပ်နဲ့” ဟု ငေါက်တတ်သည်။

 

အရင်းအနှီးမရှိသဖြင့် အခြားနည်းဖြင့်Recycleပစ္စည်းရှာသော အလုပ်လုပ်ကြသူများမှာ လမ်းဘေးအမှိုက်ပုံများထဲမှာ ထိပ်ဖျားသံချွန်ပါသောတုတ်ချောင်း ရှည်တစ်ချောင်းဖြင့်ထိုးဆွပြီး ပလတ်စတစ်ခွံ၊ရေသန့်ဗူးခွံ၊ငါးသေတ္တာခွံ ၊နို့ဆီခွက်နှင့်အခြားRecycleပစ္စည်းကောက်ကြသော အသက်၆နှစ်ရနှစ်မှ ၁၆နှစ်လောက်ထိ လူငယ်များဖြစ်သည် ။သူတို့ပခုံးပေါ်မှာ ဆာလာအိတ်၊ ဂုံနီအိတ်လိုအိတ်ကြီးများ ထမ်းထားပြီး အမှိုက်ပုံမှ ရှာဖွေစုဆောင်းရသောRecycleပစ္စည်းများကို အဲဒီ့အိတ်ထဲပစ်ထည့်ပြီး စုဆောင်းကြသည်။သူတို့ကို မနက်စောစောရပ်ကွက်အမှိုက်ပုံတွေနားနှင့် နောက်ဖေးလမ်းကြားတွေမှာ အတွေ့များသည်။သူတို့လာလျှင် နောက်ဖေးလမ်းကြားမှခွေးလေခွေးလွင့်များက တဝုတ်ဝုတ်နှင့် ဆူညံစွာဟောင်ကြသည်။နွေရာသီမှာ တချို့ကလေးများ ခွေးရူးကိုက်ခံရသည်။ပလတ်စတစ်ကောက်သော အချို့ကလေးများသည် အိမ်ရှေ့နတ်စင်မှာ နတ်တင်ထားသော ကောက်ညှင်းထုတ်၊ငှက်ပျောသီးစသောစားစရာများကိုအိမ်ရှင်လစ်ရင် ယူစားတတ်ကြသည် ။နောက်ဖေးလမ်းကြားမှာ လှမ်းထားသော ထဘီများကိုလည်း အခြေအနေကြည့်ပြီး အလစ်သုတ်တတ်ကြသည်။အိမ်ရှင်မိလျှင် အိမ်ရှင်၏ဆူသံပူသံကျိန်ဆဲသံနှင့် အလစ်သုတ်သူကလေး၏ “မရှိလို့ပါဗျာ။မရှိလို့ခိုးမိပါတယ်ဗျာ။” ဆိုသောရှိခိုးမတတ်တောင်းပန်သံတို့ ကိုရောရွေ့ကြားရပြီး အိမ်ရှင်ကကလေးလက်ဆွဲကာ ရပ်ကွက်ကောင်စီရုံးသို့ခေါ်သွားတာ မြင်ရသည်။

ထိုကဲ့သို့ ငွေရင်းမရှိသဖြင့် အမှိုက်ပုံမှာRecycleပစ္စည်းများလိုက်ကောက်ပြီး ပြန်ရောင်းသောကလေးများ၏ တနေ့ဝင်ငွေမှာ တစ်ရာကျော်ဝန်းကျင်ရှိပြီး သူတို့သည် ညပိုင်းမှာလည်း စံပယ်ပန်းများ လမ်းပေါ်ထွက်ရောင်းကြပြန်သည်။သူတို့သည် လှိုင်မြစ်တစ်ဘက်ကမ်းနှင့်ြိမို့စွန်မြို့ဖျား၊မြို့သစ်မှာနေထိုင်ကြသည်။ ကျမပြည်ပထွက်လာခါနီးတွင် ရပ်ကွက်ထဲမှာ ထိုဈေးသည်ကလေးများတဖြည်းဖြည်းအတွေ့ရနည်းသွားသဖြင့် မေးကြည့်ရာ တချို့ကတပ်ထဲလိုက်သွားသည်ဆိုသည်။တချို့က ကိုရင်ဝတ်သွားသည်ဆိုသည်။တချို့က ထိုင်း-ဗမာနယ်စပ်သို့ အလုပ်သွားလုပ်ကြသည်ဆိုသည်။

လူလတ်ပိုင်း၊လူကြီးပိုင်းများလည်း ကလေးများလို Recycleပစ္စည်းများများ လိုက်ကောက်တာ တွေ့ရပြန်သည်။မောင်ထော်လေးလမ်းကအမှိုက်ပုံမှာ  နံနက်စောစောပလတ်စတစ်ကောက်သူတစ်ယောက် အမှိုက်ပုံမှဗုံးပေါက်ကွဲသဖြင့် သေဆုံးသွားသည့်သတင်းကို ထိုစဉ်ကသတင်းစာမှာဖတ်လိုက်ရသည်။ Recycleပစ္စည်းများနှင့် လူ့အသက်တစ်ချောင်း ဘယ်အရာကတန်ဖိုးပိုကြီးပြီး ဘယ်အရာကိုအချို့အချို ့သောလူတွေက ပိုပြိီး
တန်ဖိုးထားကြပါသလဲ။မတွေးစကောင်းတွေးစကောင်း ကျမတွေးခဲ့ဖူးပါသည်။

ဒီနိုင်ငံရောက်လာတော့ ကျမမြင်တွေ့ရသော Recycleပစ္စည်းဝယ်ယူသည့်ဆိုင်များမှာ အမြင်အားဖြင့်ခမ်းနားပါ။သို့သော် သူတို့သည် စည်းစနစ်နှင့်လူသားအရင်းအမြစ်တန်ဖိုးကို အပြည့်အဝရရှိကြသည်။ဆိုင်တစ်ဆိုင်တွင် ဝန်ထမ်းလေးငါးဦးအနည်းဆုံးရှိပြီး သူတို့သည် စားဝတ်နေရေးမပူပင်ရသော အခြေခံဝင်ငွေကို နေပူထဲမိုးရွာထဲ ခြေတိုအောင် လမ်းမလျှောက်ရဘဲ လောက်ငစွာရရှိသည်။ Recycleပစ္စည်းများကို ကိုင်သောအခါ လက်နှင့်တိုက်ရိုက်မထိတွေ့ရဘဲ ရာဘာလက်အိတ်များဝတ်ရမည်ကို ကောင်းစွာနားလည်သဘောပေါက်ပြီး အမြဲလိုလိုဝတ်ဆင်ကြသည်။ သူတို့အလုပ်လုပ်လို့ပျော်အောင် ဘေးမှာကက်ဆက်ကလေးတစ်လုံးနှင့်မြူးကြွသောမက်ဆီကန်တေးသံများကို ဖွင့်ထားပေးသည်။
နေ့လည်စာစားချိန်သပ်သပ်ရှိပြီး  အသစ်စက်စက်ရေသန့်ဗူးများကိုသာ တစ်ယောက်တစ်ဗူးစီ ဖောက်သောက်ကြသည်။ အလုပ်သမားအများစုမှာ ဌေးကြည်လို အင်္ဂလိပ်စာမတတ်ရုံမက အင်္ဂလိပ်စကားပင်မပြောတတ်ကြပါ။သူတို့ဘာသာ Spanishခေါ် မက်ဆီကန်စကားသာအချင်းချင်းပြောကြပြီး အခြားRecycleပစ္စည်းလာရောင်းသူများနှင့် ခြေဟန်လက်ဟန်ပြောပြီး ဆက်ဆံကြသည်။

သူတို့ဝယ်ယူထားသော Recycleပစ္စည်းများကို တစ်မျိုးစီခွဲကာထည့်ထားသော ကွန်တိန်နာနောက်တွဲနှင့်တူသော သိုလှောင်ခန်းကြီးပြည့်လျှင် မြို ့နယ်အသီးသီးက ဒိုင်များကလာယူသည်။ပြီးလျှင် တရုတ်ပြည်ဘက်ပို့သည့်အခါပို့သည်။အမေရိကားထဲ
ပြန်လည်လည်ပတ်သည့်အခါ လည်ပတ်သည်ဟုဆိုသည်။ထိုRecycleပစ္စည်းများသည် လက်သုတ်စက္ကူူ၊စက္ကူအိတ်၊အချိုရည်ဗူးခွံများအဖြစ် တဖန်ပြန်လည်ပတ်ပြီး ဈေးကွက်ကိုရောက်လာပြန်သည်။ စားသုံးသူများ အနရာယ်ကင်းအောင် သေချာစိစစ်ပြီးမှ ပစည်းအသစ်များအဖြစ် ပြန်လည်ထုတ်လုပ်သည်။ ကျမတို့နိုင်ငံမှာတော့  အကြော်ဝယ်လျှင် အကြော်ထည့်ပေးသော စက္ကူအိတ်မှာ ခဲတံနှင့်စာများရေးထားသောဗလာ စာအုပ်အဟောင်းမှစက္ကူများ
နှင့် ထုတ်ပေးတတ်တာ ဖြတ်ကနဲသတိရလိုက်ပြန်သည်။ခဲသားဖြင့်ရေးထားသောစာလုံးများမှာအကြော်ဆီများစွဲ၊လူစားသောအကြော်များမှာ ခဲဆိပ်တွေသင့်…။ပြန်လည်သန့်စင်လည်ပတ်ပြီး စားသုံးသူများလက်ထဲပြန်ရောက်လောသော အချိုရည်ဖန်ပုလင်းများ၏နှုတ်ခမ်းအနားသတ်များမှာလည်း သံချေးများအရစ်လိုက်ကို မမြင်ချင်ပါဘဲမြင်နေရပါသဖြင့် မမြင်ချင်ယောင်ဆောင်ပြီး ပိုက်နှင့်မြန်မြန်စုပ်သောက်ပစ်ခဲ့ဖူးသည်။

ယခုသူတို့နိုင်ငံမှာတော့ အစိုးရကိုယ်တိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးစနစ်ကိုအဓိကထားရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မရှိမဖြစ်နေရာကပါဝင်သော Recycleပစ္စည်းဆိုင်များကို ပံ့ပိုးအားပေးသည်။လူတွေကိုယ်တိုင်ကလည်း အခြေအနေမဲ့၊အိမ်ယာမဲ့များမှစပြိီး ကျောင်းသားကျောင်းသူများအဆုံး စိတ်ဝင်တစားပူးပေါင်းဆောင်ရွက်ကြရာ Recycleပစ္စည်းဆိုင်များသည် တပတ်ကိုရရက်၊မနက်၁ဝနာရီမှညနေ၅နာရီထိ သူတို့၏ဆူဆူညံညံအသံများနှင့်အတူ စည်စည်ကားကားရှိလှပေသည်။

တစ်နေ့ ကျမအိမ်နှင့်ဖုန်းပြောဖြစ်ရင်း စကားစပ်မိသဖြင့် “ဌေးကြိုင်”အကြောင်းမေးသောအခါ ကျမအဒေါ်က“ဟဲ့..ဌေးကြိုင်ကဘာဖြစ်ရမတုန်း။သူဒီလိုဘဲ တွန်းလှည်းနဲ့လမ်းထဲလာနေတာပဲ။လူတော့ နဲနဲအိုသွားတာပေါ့ဟယ်။သူ့သမီးလေးက ဒီနှစ်၉တန်းဖြေမယ်ဆိုလား”ဟုဖြေပါသည်။နိုင်ငံခြားမှာ အနေအထိုင်ကြာသော ကျမတို့မြန်မာနိုင်ငံမှထွက်လာသူအချို့ ပြောကြဆိုကြဆွေးနွေးကြတာ ကြားဖူးသည်။ကမ္ဘာ့ထိပ်ဆုံးနိုင်ငံနဲ့ကမ္ဘာ့အောက်ဆုံးနိုင်ငံ တခုခုဆို သွားသွားမယှဉ်နဲ့လေ။ ဘယ်လိုလုပ်တူနိုင်မှာလဲ ဆိုတာမျိုး။ရှေ့ကိုလျှောက်မှာ တည့်တည့်မလျှောက်ဘဲ ဘာလို့နောက်ပြန်လှည့်လှည့်ကြည့်နေတာလဲ ဆိုတာမျိုး။လူတစ်ဦးနှင့်တစ်ဦး ခံယူချက်တစ်မျိုးစီကွဲလွဲပိုင်ခွင့်ရှိသည်ဆိုသော်လည်း  ကမ္ဘာ့ထိပ်ဆုံးတိုင်းပြည်မှာနေထိုင်သည်ဖြစ်စေ အောက်ဆုံးတိုင်းပြည်မှာနေထိုင်သည်ဖြစ်စေ ကျမတို့သည် လူသားစံချိန်မီ ဉာဏ်ရည်ပြည့်ဝသောဦးနှောက်တစ်လုံး ၊ခြေနှစ်ဘက်၊လက်နှစ်ဘက်ရှိသောခနာကိုယ်ကို ပိုင်ဆိုင်သော လူသားများဖြစ်ကြတာချင်းတော့ တူညီကြသည်မဟုတ်ပါလား။ ကမ္ဘာ့အကောင်းဆုံးနိုင်ငံကြီး၏အကောင်းဆုံး အခွင့်အရေးများအားလုံးကို ကျမတို့ကမ္ဘာ့နောက်ဆုံးနိုင်ငံငယ်လေးမှာနေထိုင်သူတွေ ရကိုရရပါမည်ဟု ကျမဘယ်တုန်းကမှ လောဘမတက်ခဲ့မိပါ။ သို့သော်လည်း လူသားချင်းအတူတူ အသက်ရှင်ရပ်တည်နေရသည့် အခြေခံမျဉ်းတစ်ကြောင်းကတော့ တပြေးထဲမဟုတ်ရင်တောင် မျဉ်းကြောင်းတကြောင်းထဲပေါ်ရပ်တည်နေရတာမျိုးတော့ ဖြစ်သင့်သည်ဟု တွေးမိပါသည်။ အဲလိုတွေးမိတိုင်းလည်း “ခေတ်ကြီးများကောင်းလို့ကတော့ဗျာ။ ဌေးကြိုင်တို့ ဒီအလုပ်မလုပ်သေးဘူး”ဟု  ညည်းညူသလိုလို၊ ရီစရာမောစရာလိုလိုနှင့် မျှော်လင့်ခြင်းမကင်းသောလေသံဖြင့် မကြာခဏပြောလေ့ရှိသော လွန်ခဲ့သောဆယ့်ငါးနှစ်က ဌေးကြိုင်၏စကားသံကို သံပြင်းမချဖြစ်ဘဲ နားထဲပဲ့တင်ထပ်ကြားယောင်မိပါသည်။

ညိုခက်ကျော်
နိုဝင်ဘာ၂၀၊၂၀၁၂


မှတ်ချက်။  ။ မန္တလေးဂဇက် နိုဝဝ်ဘာလထုတ် ၂၀၁၂တွင် ပုံနှိပ်ဖေါ်ပြပြီးဖြစ်သည်။

17 comments

  • မိုချို

    January 31, 2013 at 4:16 pm

    သဂျီးရေ ဆရာမ ရဲ့ လက်ရာတွေ မဖတ်ရတာကြာပြီ ။ အဲလိုလေး တင်ပေး တာ ကျေးဇူး။ အကြောင်း အရာ ကိုတော့ နောက်မှ ပဲ ပြန်လာ ပြီး၊ သူများမန့် တာတွေ ဖတ်ပြီး မှ ပဲ လေကန် ပါ့ မယ်။

  • nozomi

    January 31, 2013 at 5:20 pm

    အခု ပို့စ် လေး က ထမင်းကို ချဉ်ရည်လူး စားရသလို
    ရှောရှော ရှုရှုနဲ့ ဖတ်လို့ ကောင်းလိုက်တာ
    အိမ်မှာလဲ မဒမ်နိုက အကျင့်လုပ်ထားတော့ ပျက်ဆီးလွယ်တာ သပ်သပ်ပစ်တယ်
    မီးရှို့လို့ ရတာ သပ်သပ်ခွဲထားတယ် သတင်းစာအဟောင်း ဗူးခွံ အဟောင်းတွေဆို
    ကုလားတွေ ပေးသလောက်နဲ့ ရောင်းဖြစ်တယ် ရီစိုက်ကယ် အတွက်ပေါ့

    ပတ်ဝန်းကျင်အတွက် အကျိုးရှိတာမို့ ရီဆိုက်ကယ်လုပ်ငန်းတွေ ပိုကောင်းစေချင်တယ်
    ဒီက အထမ်းသည် တွန်းလှည်းသည် တွေလဲ အဲဒီကလို အဆင့်အတန်း ရှိရှိလေး
    လုပ်နိုင် နေနိုင် တဲ့ အခြေအနေ နဲ့ အသိပညာ ရှိကြရင် ကောင်းမယ်

  • မောင်ပေ

    January 31, 2013 at 9:29 pm

    ဦးစ မှာတော့ အဲဒီ ရီဆိုင်ကယ် အလုပ် သူဌေးဖြစ်မဖြစ် မသိဘူး
    ကျုပ်တို ့နိုင်ငံ ၊ မန်းတလေးမှာတော့ ၊ အဝယ်ဒိုင်ကြီး အဖြစ် လုပ်နိုင်ရင် ၊ တစ်လဝင်ငွေ သိန်းရာချီတဲ့အလုပ်ဗျ ။ အမြတ်ခွန်/ဝင်ငွေခွန်ကလဲ တစ်ကယ်ကို မဖြစ်စလောက်ပဲ ဆောင်ရတာ
    ဘီယာပုလင်းခွံ ၊ အရက်ပုလင်းခွံ ၊ စက္ကူ ၊ သံတိုသံစ ၊ ပလက်စတစ် ၊ ဂုံနီအိတ် ပီနံအိတ် အိုဗျာ စုံနေတာပဲ
    စာရေးဆရာအကြည်တော် ရေးသလို အနေစုတ်ပေမယ့် လေမှုတ်တဲ့ မြပုလွေ ဆိုသလား ( သိပ်မမှတ်မိ ပါသဖြင့် မှားလျှင် ခွင့်လွှတ်ပါ )

    • Foreign Resident

      February 2, 2013 at 5:36 am

      ” မန်းတလေးမှာတော့ ၊ အဝယ်ဒိုင်ကြီး အဖြစ် လုပ်နိုင်ရင် ၊
      တစ်လဝင်ငွေ သိန်းရာချီတဲ့အလုပ်ဗျ ။ ”

      ဟုတ်တယ် ၊
      ရန်ကုန် အရင် ၁ဝ မိုင် စော်ဘွားကြီးကုန်းက ၊
      ဘော်တယ် ကုလားချုပ်လဲ ၊
      အဲဒီအချိန်က သိန်း ၂ ထောင်ကျော်တန် ၊
      Land Cruiser ကား စီးနေတာပဲ ။

      အဲဒီ လုပ်ငန်းက ဝင်ငွေကောင်းပုံရတယ် ။
      မြန်မာတွေတော့ သိပ်မလုပ်ကြဘူး ။

  • kai

    February 1, 2013 at 8:40 am

    တကယ်တော့.. ပုလင်းလွတ်.. ဗူးခွံတွေဖြစ်မယ့်.. အရည်..အစားအစာထည့်ထားတာတွေ.. ဝယ်ကတည်းက.. ကျုပ်တို့(စားသုံးသူ)က.. ရီဆိုင်ကယ်ဖိုးအပိုပေးလိုက်ရတာဗျ..။
    အဲဒီငွေကို.. ရီဆိုင်ကယ်သမားကို အစိုးရက ပြန်ပေးတာ..။

    အဲဒီလိုလုပ်ထားလို့.. ကျောင်းတက်တဲ့ကလေးတွေကလည်း. မုန့်ဖိုးအပိုတင်မက.. ကျောင်းမှာ.. ခရက်ဒစ်လည်းရသမို့.. အိမ်ကပုလင်းဗုးခွံတွေလွင့်မပစ်ပဲ.. စုတယ်လေ..။
    ပြီးရင် စင်တာသွားသွင်းတယ်.
    ငွေတန်ဖိုး..တပြား..၅ပြား..သေသေချာချာနားလည်သွားတဲ့အပြင်… လုပ်ငန်း..ငွေလည်ပါတ်ပုံလည်း..အကျင့်ရလာတာပေါ့..

    မြန်မာပြည်က..အုပ်ချုပ်သူတို့များ..ဒီလိုငွေလည်ပါတ်..လူအကျင့်ကောင်းအောင်.. ဖန်တီးချက်တွေ.. တွေးတောင်တွေးမိပါ့မလား.. မသိ..
    ဒိုင်းညှောင့်..ဗူးညွှန့်..မအေးညွှန့်.. :harr:

    California Refund Value (CRV) is a fee paid on purchases of certain recyclable beverage containers in California. The consumer pays CRV on the purchase of beverages with aluminum, plastic, glass, and bimetal containers and can be reimbursed if the containers are brought to a recycling center. The symbol on beverage containers eligible for reimbursement is “CA CRV”. Currently, CRV is 5 cents for containers less than 24 ounces and 10 cents for containers 24 ounces or larger.[1]

    The charge for California Refund Value is not a deposit, but a fee imposed on the distributor of the beverage. The fee is passed along to the retailer and to the consumer. Although separately stated, the fee is subject to tax as part of the taxable selling price of the beverage.[2]

  • kyeemite

    February 1, 2013 at 11:08 am

    ကျနော်ကတော့ တစ်မျိုးဗျ..
    အိမ်က ရီဆိုင်ကယ် ဘီယာပုလင်းခွံ ၊ အရက်ပုလင်းခွံ ၊ စက္ကူ ၊ သတင်းစာ၊ ဂျာနယ်ဟောင်းတွေ
    မိန်းမကရောင်းဖို့လုပ်တိုင်း ကျုပ်ကဟန့်တယ်..ကျုပ်ကတော့ အမှိုက်လိုက်သိမ်းတဲ့တွန်းလှည်းလာရင်
    သွားထည့်လိုက်တာပဲ…သူတို့ရောင်းစားပါစေပေါ့…
    ဒါကြောင့် အမှိုက်လှည်းလာရင် ကျုပ်သွားမသွန်ခင် သူတို့ကဦးအောင်လာပြီးယူသွန်ပေးတယ်..
    မျက်နှာမှာလည်းအပျော်တွေနဲ့ပေါ့… :harr:

    • padonmar

      February 1, 2013 at 9:30 pm

      ဦးကြီးမိုက် အဲဒီအပျော်တွေကို ဈေးသည် ဒါ့ပုံမှာ ပြခဲ့တယ်မလား။

  • Ma Ei

    February 1, 2013 at 11:49 am

    Recycle ပစ္စည်းတွေအကြောင်းပြောရင်းနဲ
    ့ခေတ်စနစ်အကြောင်း အဆုံးသတ်ထားတာ လှလိုက်တာ…
    အိမ်မတော့ ကျမက ရောင်းမယ်ပြင်လိုက်
    အမေက သိမ်းလိုက်နဲ့ မီးဖိုခန်းလဲ အဟောင်းဆိုင်
    လောက်နီးနီးဖြစ်နေပြီ…
    အမေတို့ခေတ်တုံးကတော့ ကြွပ်ကြွပ်အိတ်၊
    ပလပ်စတစ်အိတ်အလှတွေဆိုတာ
    နိုင်ငံခြားပြန်တွေ လက်ဆောင်ပေးမှ ရခဲ့ရတာကိုး…
    ခုထိအဲ့လိုထင်နေတာရယ်လေ…

  • ဆူး

    February 1, 2013 at 2:10 pm

    တိုက်ဆိုင်စွာ အဲ့ဒီ ဆိုင်ဘက်နားကို တနေ့က သူငယ်ချင်း ဆီ သွားလည်ရင်း စကားပြောတုန်းက မြင်ခဲ့တဲ့ မြင်ကွင်းကို သတိရမိတယ်။
    စွန့်ပစ်ကုန်တွေ လိုက်ကောက်တဲ့ ကလေးတွေ ပစ္စည်းလာရောင်းတာလည်း မြင်ခဲ့တယ်။
    ကလေးတွေလာရောင်းတဲ့ ပစ္စည်းတွေရဲ့ တန်ကြေးက ဘယ်လောက်မှ မများဘူး ၅၀ဝလောက်ပဲ ဒါပေမဲ့ တနေ့ ကို ကလေး တယောက် ၂၀၀ဝ လောက် ရှာနိုင်တယ်လို့ သိရတယ်။
    ကလေးတွေက လမ်းမ မှာ ဟိုတိုး ဒီတိုးနဲ့ အထိန်းအကွပ်မဲ့ဖြစ်နေတဲ့ အတွက် ဆဲ လိုက်တာလည်း လူးပျံနေတာပဲ.. ကလေးတွေ ကြည့်ပြီး အလိုလို ကြောက်မိတယ်.. အချင်းချင်းလည်း အော်ဟစ်နေကြတာမြင်တော့ ဒီကလေးတွေ ဒီလိုသာ ဆက်သွားရင်တော့ တော်တော် မလွယ်ဖြစ်နိုင်တယ်.. ဘယ်သူကိုမှလည်း မကြောက်သလို လူကြီး လူကြီးမှန်းလည်း မသိဘူး။ ယဉ်ကျေးမှု ဆိုလည်း မသိဘူး။
    အဲ့ဒီ စွန့်ပစ် ပစ္စည်း ဝယ်တဲ့ ဆိုင်က လူကြီးက ပြောတယ် သူတို့ဆီမှာ တချို့ ကလေးတွေ ဆဲလွန်းလို့ လာမရောင်းနဲ့ မဝယ်တော့ဘူး ဆိုပြီး ပြောထားရတဲ့ ကလေးတွေတောင် ရှိတယ်။ အဲ့ဒီ ကလေးတွေရဲ့ မိဘတွေကလည်း အသေ အကြေ ရိုက်တာ မြင်တော့ သနားမိပေမဲ့ သူ့လူနဲ့ သူ ထိန်းမှ အဆင်ပြေတာလို့ပြောတယ်။

    လှမ်းပြီး ကြည့်နေတာ.. ကောက်လာတာ ဘာမှ မဟုတ်ဘူး ရေသန့်ဘူး အခွံတွေ ပလပ်စတစ်ဘူးခွံတွေ ပလပ်စတစ် အပြားတွေ ညစ်ညစ်ပတ်ပတ် လျှောက်ကောက်လာတာ ဖြစ်မယ်။ သနားတော့လည်း သနားပါတယ်။

    အဲ့ဒီ စွန့်ပစ် ကုန်တွေ ကျတော့.. ရေသန့်ဘူး အခွံ အသန့်တွေကတော့ ငံပြာရည်တို့ ဘာတို့ ထည့်ပြီး ဆိုင်သွင်းကြတယ်။
    စက်ရုံတွေ ပို့ပြီး ပလပ်စတစ်တွေ ကြိုပြီး လူသုံးကုန် ပစ္စည်းတွေ ပြန်ထုတ်ကြတယ်။

  • မိုချို

    February 1, 2013 at 5:23 pm

    အဲဒီ အလုပ်နဲ့ ပတ်သက်လို့ ပဲ အပေါ်မှာကိုပေ ပြောခဲ့ သလိုပဲ တော်တော် ချမ်း သာ တဲ့ ဒိုင်တွေရှိတယ်။ အဲဒီလုပ်ငန်း လုပ်ပြီ ဆိုတော့ ဘာလူမျိုးတွေ လည်း သိပြီး ဖြစ်ပါလိမ့် မယ်။ အိမ်နား က အဲဒီ လူမျိုးခြား မိသား စု က မျက်စိရှေ့ မှာတင် ဒိုင် သေးသးလေး ကနေ ဒိုင်ကြီးကြီး ဖြစ်သွားတယ်။ ပစ္စည်း ပို့ ဖို့ ၃ တန်ကား ခေါ်မလား၊ ကားကြီး က တစ်စင်း၊ ဇုန်ကား က တစ်စင်း ဝယ်နိုင် သွား တယ်။ ကားဈေးတွေ မကျ ခင် ကနော်။ သူတို့ ဆီမှာ တွန်း လှည်း လေးတွေ ထားထားပေးတယ်။ အဝယ်သမား တွေ ကသူတို့ ဆီက တွန်း လှည်း လေးတွေ ယူ၊ ပြီး လိုက် ဝယ် ၊ သူတိုှု ဆီ ပြန်သွင်း ပေး ရတယ်။
    ဒီနေရာ မှာ မြန်မာတွေ နဲ့ သူတို့ ကွာတာ ပြောချင်ပါတယ်။ သူတို့ ထုံး စံ အတိုင်း ကလေး တွေ အများ ကြီး မွေး ထား ပြီး အဲဒိ ကလေးတွေ က ကျောင်း ပိတ်ရက် ဆို တွန်း လှည်း ယူပြီး လိုက် ဝယ် ရတယ်။ ကလေးတွေ ကို ငယ်ငယ် တည်း က လုပ်ငန်း ကို အခြေ ခံ က သိအောင် ခိုင်း ထား တာ။

  • Mobile

    February 1, 2013 at 8:46 pm

    ကျုပ်လဲဒီ ရီဆိုင်ကယ် အလုပ်ကို နည်းနည်းသတိထားမိတာ မကြာသေးဖူးဖျ။
    တစ်ခါ ကျုပ်မြဝတီမှာ လျှောက်သွားရင်း လမ်းကြားလေးတစ်ခုအတွင်းမှာ အိမ်က သုံးထပ်တိုက်ဗျ
    ရှေ့မှာ ဆယ်ဘီးကားတွေနဲ့ အဲ့ဒီဗူးခွံတွေ ပုလင်းခွံတွေ ဂျပ်ဖာတွေ တင်နေတာတွေ့ရတယ်ဗျ။
    စဉ်းစားမိတယ် ဪဒီအလုပ်က အဲ့ဒီလောက်ထိကို အကျိုးအမြတ်ရှိစေသလားလို့ပါ။
    ဒါနဲ့ ကျုပ်တို့ဘော်ဒါတွေ မြဝတီမှာ အခန်းတစ်ခန်းငှားထားတယ်ဗျ အဲ့ဒီမှာ ရောက်ခိုက် ညတိုင်းနီးပါး
    ဘီယာ သောက်ကြတယ်။ ချမ်းသံဗူးတွေဗျ။အဲ့ဒါတွေကိုပုံထားတာ တော်တော်များများကိုရှိတယ်။
    ဘော်ဒါတစ်ယောက်က ရှုပ်လို့တဲ့ ဗူးခွံဝယ်တဲ့လူလာရင် ရောင်းလိုက်မယ်ပြောတော့ ကျနော်က
    မရောင်းပါနဲ့လို့ တားထားဘူးတယ်။ ဘာဖြစ်လဲကွာ ဗူးခွံတွေပုံထားတာ ကြည့်လို့ကောင်းပါတယ်ပေါ့။
    ဘယ်လောက်သောက်ထားတယ်ဆိုတာလေး အမှတ်တရပေါ့လို့ ပြောမိပါတယ်။
    နောက်တော့ဗျာ ပိုက်ဆံသုံးစရာ တစ်ကျပ်မှ မရှိတဲ့အခါနဲ့ ကြုံတယ်ဗျ။ ဒါနဲ့ ဗူးခွံတွေရောင်းပြီး
    ထမင်းဖိုးလေးဘာလေး ဖန်ဖို့အကြံရသပေါ့။ ဖူးခွံဝယ်တဲ့လူလာတော့ ခေါ်ပြီးရောင်းလိုက်တာ
    ဂျာနယ်အဟောင်းတွေရောဆိုတော့ ၁၂၀၀ဝ လောက်ရတယ်ဗျ။ အမှတ်တရပါပဲ။
    ဘီယာဗူးခွံတစ်ခုကို ၁၃ ကျပ်တဲ့ဗျ။ သူဒိုင်မှာပြန်သွင်းတာက ၂ဝ လောက်ရတယ်လို့ သိရပါတယ်။
    ပြီးတော့ ကွန်ပျူတာ အပျက်တွေက ဆာ့ကစ်ပြားဆိုရင် တစ်ကီလိုကို တစ်သောင်းခွဲ ပေးတယ်လို့
    စကားစပ်မိသွားပါတယ်။ ကျုပ်ဆီမှာ လုံးဝသုံးမရတော့ ကွန်ပျူတာ ဆာကစ် အပျက်တွေကို
    တစ်ကီလိုတစ်သောင်းခွဲနဲ့ ရောင်းပြီး ပိုက်ဆံသုံးစရာ မရှိတဲ့အခါ ငွေချက်တာပေါ့…………

  • အရီးခင်လတ်

    February 1, 2013 at 8:52 pm

    {{ ကမ္ဘာ့ထိပ်ဆုံးတိုင်းပြည်မှာနေထိုင်သည်ဖြစ်စေ အောက်ဆုံးတိုင်းပြည်မှာနေထိုင်သည်ဖြစ်စေ ကျမတို့သည် လူသားစံချိန်မီ ဉာဏ်ရည်ပြည့်ဝသောဦးနှောက်တစ်လုံး ၊ခြေနှစ်ဘက်၊ လက်နှစ်ဘက် ရှိသောခနာကိုယ်ကို ပိုင်ဆိုင်သော လူသားများဖြစ်ကြတာချင်းတော့ တူညီကြသည် မဟုတ်ပါလား။ }}

    မတူတာကတော့ တိုင်းပြည်အုပ်ချုပ်မင်းလုပ် နေသူများရဲ့ စိတ်ဓာတ် နဲ့ အရည်အချင်းပါဘဲ
    ဆရာမ “ညို” ရေ။
    စိတ်ဝင်စားစရာ အရေးဖွဲ့ကောင်းလေးအတွက် ကျေးဇူးပါနော်။

  • နေဝန်းနီ

    February 1, 2013 at 9:12 pm

    နေဝန်းနီတို့နေတဲ့ မြို့တော်ကလနားမှာတော့ ဒီလို စွန့်ပစ်ပစ္စည်းလိုက်ကောက်တဲ့ ကလေးတွေ အခုတစ်နှစ် တော်တော်များလာတယ်….။ ကလေးတွေဆိုတာက ရှစ်နှစ် ဝန်းကျင်လောက်ကနေ ဆယ့်လေးငါးနှစ်အရွယ်လောက် အထိ ဆိုက်စုံ ….။ အုပ်စုလေးတွေနဲ့လိုက်ကောက်ကြတယ်…။ မိသားစုဝင်တွေ ဖြစ်ဖို့များတယ်…။ တစ်ခါတစ်ရံမှာ မိဘလုပ်တဲ့သူတွေလို့ထင်ရတဲ့သူတွေပါတွေ့လာရတယ်…။ မိသားစုလိုက် ဒီအလုပ်လုပ်နေကြရပုံပဲ…။ တစ်ချို့တော်တော်ဆိုးတယ်…။ အသီးအပင် ဘာမှမခံနိုင်ဘူး ..။ မှီရာ ခူးစားတယ်…။ မမှီရင်ခဲနဲ့ပစ်တယ်…။ ငေါက်လွှတ်လည်းခဏရှောင်နေပြီးပြန်လာတာပဲ…။ ပတ်ဝန်းကျင်ကလည်း နေ့ပိုင်း အိပ်သော့ခတ်ပြီးအပြင်မှာ အလုပ်ထွက်လုပ်နေကြရတဲ့သူတွေများတာကိုးးးး………။ သူတို့အတွက်ဘယ်မှာလဲ ပညာရေး ကျန်းမာရေး ……..ထောက်ပံ့မှု …။ နေဝန်းနီနဲ့နီးစပ်တဲ့သူတွေပြောကြည့်တော့လည်း ပေးရင်အားလုံးကိုပေးနိုင်မှ ……….။ ရွေးပြီး လုပ်ပေးရင် ပတ်ဝန်းကျင်က တစ်မျိုးမြင်မှာ စိုးရွံ့နေကြပုံရတယ်…။ အားလုံးကိုလည်း မထောက်ပံ့နိုင်ကြဘူး ဆိုတော့ကာ ဒီအတိုင်း စိတ်မချမ်းသာစွာ ထို်င်ကြည့်နေရုံမှ တစ်ပါး တစ်ခြား မတတ်နိုင်ရှာဘူး….။ ဒီလိုလူတန်းစားက တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ရာခိုင်နှုန်းနဲမှာမဟုတ်ဘူး …….။ တွေးတွေးရင်းနဲ့……….။ ပြန်ကောက်တဲ့သူတွေကတော့ သူတို့ဖို့ကျန်သထက်ကျန်အောင်လုပ်မှာပဲ…။ စွန်ပစ်ပစ္စည်း လိုက်ကောက်ပါပြီဆိုကတည်းက ဒီအလုပ်ကို လုပ်ပါပြီး ဆိုကတည်းက ဘာမှ မရှိလို့ကြံရာမရ လုပ်ကြတာ ဆိုတော့ ခေါင်းပုံဖြတ်သမျှ ခေါင်းငုံခံပေရော့ပဲ…။ ပြန်ပြီး တွန်းလှန်နိုင်သူတွေမဟုတ်ရှာကြဖူး….။ ဥပမာ ဒီပစ္စည်း ဒီလောက်မရရင် မရာင်းဘူးလို့ ပြောနိုင်သူတွေမဟုတ်ဘူး…။ ဒီလိုကောက်ပြီး ရောင်းပြီးမှ ဆန်ဝယ်ဆီဝယ် တစ်ချို့မီးသွေးအိတ်ကလေးဝယ် ဟင်းရွက်အနွမ်းလေးရှာဝယ်ပြီး အိမ်ပြန်ချက်ပြုတ်စားသောက် နောက်တစ်နေ့မိုးလင်ရင် လမ်းပေါ်ပြန်ထွက်လာကြ ……။ နေတဲ့နေရာကကော …….။ ဘယ်သူမှမနေနိုင်တဲ့ အစွန်အဖျား မြေကွက်လပ်ပေါ်တဲထိုးနေကြတာ….။ ဂရန်လား အဲဒါပြန်ရောင်းစားလို့ ရသလားဘယ်နားသွားောက်ရမလဲလို့တောင်ပြန်မေးလိမ့်ဦးမယ်………..။ “ခေတ်ကြီးများကောင်းလို့ကတော့ဗျာ။ ဌေးကြိုင်တို့ ဒီအလုပ်မလုပ်သေးဘူး” ဆိုတဲ့သူတွေ အများကြီး အများကြီး ဆိုတာလိုပဲ……….ဆရာမရေ့………..။ တစ်ခေါက်လောက်ပြန်လာကြည့်ပါဦး……..။

  • padonmar

    February 1, 2013 at 9:26 pm

    ပရို လက်ရာဆိုတာကို ဝင့်ပြုံးမြင့်ရဲ့ လက်ရာအပြီးမှာ ထပ်ပြီး မြည်းစမ်းခွင့်ပေးလိုက်သလိုပါပဲ။
    အဲဒီ `ရတနာပုံ သတင်းစာကြီးမှာ အရင် ပုံနှိပ်မထားဘူးဆိုရင် ဒီလ အကြိုက်ဆုံး ရွေးမိမှာ။
    အဲတော့ ညိုရေ၊နောက်တစ်ပုဒ်ရေးရင် သတင်းစာကြီးမှာ မရေးနဲ့။
    ဒါမှ ဆုရလို့ဆိုပြီး ဆုပေးပွဲ ပြန်လာတက်ရအောင်။
    အိမ်ကလူကြီးကို မိုးတွေယိုတဲ့ အိမ်မှာ ထားပစ်ခဲ့။
    …………………
    အခုခေတ် ဘုရင့်နောင်မှာ ထပ်ပြီးခေတ်စားလာတာက ဆီပေပါတွေထဲ ရေမြှုပ်စလေးကို တုတ်ရှည်တပ်ပြီး ဆီလက်ကျန်တွေ စုပ်စုပ်ယူတဲ့ ကလေးလူကြီးတွေပါ။ရေရောနေတဲ့ နောက်ကျိကျိ ဆီဟောင်းတွေက်ု ရေသန့်ဗူးဟောင်းတွေနဲ့ထည့်ပြီး ပြန်ရောင်းကြတယ်။

    • kai

      February 2, 2013 at 2:12 am

      သူ့ဝတ္ထုတိုတပုဒ်ကို.. ဗြိတိသျ်သံရုံးက ရွေးထားပြီး.. လူကိုင်တိုင်ကိုပါ.. ဖိတ်ထားတာ.. သွားချင်လို့တဲ့..။ အဲဒါ.
      …လော့ကျတဲ့အိမ်မှာထားခဲ့ပြီး လစ်သွားရင်တော့ အမတော် အတာပဲ..။

  • ဦးကြောင်ကြီး

    February 3, 2013 at 8:35 am

    မညိုခက်ကျော်က ဦးခိုင် ညီမအပျို ဆိုတာ အဟုတ်လားဟင်.. ဦးခိုင်နဲ့ ကျနော်က သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေပါ။ တွေ့ရတာ ဝမ်းသာပါတယ်…

  • Mr. MarGa

    February 3, 2013 at 4:33 pm

    သူတို့ဆီမှာ ရီဆိုက်ကယ်ကို အလေးပေးနေတုန်းမှာ
    ဒီမှာတော့ သိပ် အလေးမထားပုံ ပဲ
    ဒါနဲ့ နည်းနည်း တွေးမိတာလေးက
    ရီဆိုက်ကယ် အစ မြန်မာက လို့များ ပြောနိုင်မလားမသိဘူးနော်
    တွေးကြည့်တာပါ

Leave a Reply