ကံကောင်း တာလား ကံဆိုးတာလား မိခင်လှ

မိုခ်ိဳJanuary 31, 20131min32428

အသက် ၂ဝ ကျော် မိန်းမပျို ရွယ် တစ်ယောက်က ၁ဝ နှစ်အရွယ် မိန်း ကလေး တစ်ယောက်ကို ခါးထစ်ခွင်ချီ ပိုး ပြီး ဝင် လာတဲ့ မြင်ကွင်း က တခြား သူတွေ အတွက် အထူးအဆန်း ဖြစ်နေပေမယ့် ကျမ အတွက်တော့ မဆန်းတော့ ပါ။ ကျမတို့ ဆေးခန်း နဲ့ မျက်စောင်းထိုးအိမ်က ဖြစ်ပြီး မကြာခဏ ဆေးခန်း လာ တတ် သလို လူချင်းလည်း ခင်မင်ရင်း နှီး နေလို့ ဖြစ်ပါတယ်။

”ပိုးဥ နေမကောင်း ဖြစ်ပြန်ပြီလား…… ခင်လှ”…… ကျမလည်း နှုတ်ဆက်ရင်း လှမ်း မေး လိုက်ပါတယ်။

”ထုံး စံ အတိုင်းပေါ့ ဆရာမရယ်….. ရာသီ ဥတု အေးတာနဲ့ သူလည်း နှာစီးချောင်းဆိုး ဖြစ်တာပဲ ……လူနာကုန်ပြီ မဟုတ်လား…. ဆရာမ …….ကျမတို့ ဝင်လိုက်တော့ မယ်နော် ……” လို့ ခင်လှက ပြန်ဖြေပါတယ်။ ကျမလည်း စမ်းသပ် စစ်ဆေး ပြီး လိုအပ်တဲ့ ဆေးတွေ ပေးလိုက်ပါတယ်။ တကယ်တော့ ပိုးဥ လေး က ချုချာတာမှန်ပေမယ့် အလိုလိုက်တဲ့ ခင်လှ ကို ချွဲနွဲ့ ချင်လို့ လည်း ပါပါ တယ်။ ခင်လှ ကလည်း စိတ်ပူတတ်တော့ ပိုးဥလေး က ကျမတို့ ဆေးခန်း ရဲ့ ဖေါက်သည် လေး ဖြစ်နေတာပေါ့ ။

ပိုးဥ ကို အပြင် မှာစောင့် ခိုင်းထား ပြီး ခင်လှ ပြန်ဝင်လာပါတယ်။
”ဆရာမ…. ကျမ ….ဟို ဟာ …မဖြစ်ပြန်ဘူး …အဲဒါ ….ဟို တခေါက် တုန်း ကလို ပဲ ဆီးစစ် ပေး ပါအုံး ……နော်…”စိတ်လှုပ်ရှားတဲ့ အသံနဲ့ ခင်လှ တိုးတိုးလေး ပြောလာပါတယ်။

ကျမလည်း သက်ပြင်း ကို မသိမသာ ချ လို့

”….မနက်ဖြန် မနက် သွားတဲ့ ဆီး ယူ လာခဲ့ လေ …ဆရာမ ဓါတ်ခွဲ ခန်း ဘက် ဝင်ရင်း စစ်ခဲ့ မယ်” လို့ ပြန်ပြော လိုက် ပါတယ်။( အဲဒီ အချိန် တုန်း က ကိုယ်တိုင် ကိုယ်ဝန် စမ်း လို့ ရတဲ့ တခါသုံး ပစ္စည်း လေးတွေ မပေါ်သေး ပါ။ )

”ဒီတခါတော့ ကျမ ဝမ်းသာ ရပြီ ထင်ပါရဲ့ ဆရာမရေ လို့ ပြောပြီး ထွက် သွားတဲ့ ခင်လှ ရင်ဘက် ပေါ်က ငါးကျပ်သားလောက် ရှိမယ့် ရွှေဆွဲကြိုး စွန်း မှာ တွဲလွဲ ခိုနေတဲ့ စိန်ဆွဲသီး က ပြိုးပြိုးပြက်ပြက် လက် နေသလို လက် လှုပ်လိုက် တိုင်းလည်း လက်နှစ်ဘက်မှာ ဝတ် ထားတဲ့ ရွှေလက်ကောက် တွေ ရဲ့ တချွင်ချွင် အသံ ကလည်း စည်းချက်မှန်မှန် ထွက်လို့ ။

ကျမလည်း ခင်လှ နောက်ကျော ကို ကြည့် လို့ အတွေး ပွားနေမိ တယ်။ ကျမ တို့ ဒီ ရပ်ကွက်လေး မှာ ပဲ အိမ်ငှားနေပြီး ဆေးခန်း ဖွင့် ထား တာ ကြာပြီ ဆိုတော့ ရပ်ကွက်သူ၊ ရပ်ကွက်သား တွေ နဲ့ ရင်းနှီးကျွမ်းဝင် မှုက ဆိုးတိုင်ပင် ၊ကောင်း တိုင်ပင် နဲ့ မိသားစု သဖွယ် ဖြစ်နေခဲ့ ပါပြီ။ ခင်လှ က ဒီရပ်ကွက်သူ မဟုတ်ပါဘူး ၊ ဒီမြို့ နဲ့ တော်တော် ဝေးတဲ့ ရွာလေး တစ်ရွာက ပါ။

ခင်လှ တို့ မိသားစု က တော်တော် ဆင်း ရဲတယ်။ မိဘတွေ က သူများလယ်မှာ စာရင်း ငှား လုပ် ၊ ထင်းခွေ၊ ငါးရှာ ဖား ရှာ စတဲ့ ကြုံရာ ကျပန်း လယ် အလုပ် ၊ တော အလုပ် အကုန်လုပ် တယ်။ ခင်လှ က အကြီး ဆုံး၊ ခင်လှ အောက် မှာ ဟောတစ်ယောက်၊ ဟောတစ်ယောက်နဲ့ တစ်နှစ် တစ်ယောက်နှုန်း မွေးလာလိုက်တာ ခင်လှ ၁ဝ နှစ် သမီးရောက်တော့ အောက်မှာ ဘုစုခရု ၆ ယောက် ၊ပေါင်း မောင်နှမ ရ ယောက် ဖြစ်နေပြီ။ ခင်လှ လည်း ရွာကျောင်း မှာ ၄ တန်း အထိ တက် ပြီး အောင် အောင်တောင် မနေလိုက် ရ ပါဘူး၊ ကလေးတွေ တပြုံ တမ ကြီးနဲ့ မနိုင်မနင်း ဖြစ်နေတဲ့ မိဘတွေ ကို တဖက် တလမ်း ကူ ညီ ရအောင် စာသင်ခန်း ကိုကျောခိုင်း လိုက် ရ တယ်။

                                       မောင်နှမတွေ ကို ထိန်းကျောင်းရင်း ၊ တော ဓလေ့ အတိုင်း ဟင်းရွက် လေးတွေ ခူး၊ ငါးလေး တွေ လယ်ဂဏန်းလေးတွေ ကူရှာရင်း နဲ့ခင်လှ ဘဝ တစ်ဆစ်ချိုး ဖို့ ဖန်လာတယ်။ ရွာစဉ်လှည့် ဈေးရောင်းတဲ့ အဒေါ် ကြီး က ကလေး တွေ အများကြီးနဲ့ ဒုက္ခရောက်နေတဲ့ ခင်လှ တို့ မိသားစု ကိုတွေ့ တော့ ”အိမ်မှာ ကလေးထိန်း ဖို့ စိတ် ချ ရတဲ့ မိန်း ကလေး တစ်ယောက်လောက်ရရင် လိုချင်တယ် ”ဆိုတဲ့ သူ ခေါက်ပြန် ပေး ယူနေကြ မြို့ ပေါ် ဈေးထဲက ဆိုင်ရှင် အမျိုး သမီးရဲ့ စကား ကို သတိရ သွား တယ်။ ခင်လှ မိဘတွေ ကို ပြော ပြ လိုက်တော့ လိုလိုလားလား ပဲ ထည့် ပေး လိုက် တယ်။ အဲလိုနဲ့ ခင်လှ တစ်ယောက် မြို့ ပေါ် ရောက်လာ ခဲ့ တယ်။

                                          မြို့ ပေါ်မှာ ခင်လှ နေရတဲ့ အိမ်က ဦးထွန်းအောင်နဲ့ ဒေါ် နွယ်နွယ် တို့ က ဈေးထဲမှာ ကုန်စုံ ဆိုင် အကြီးကြီး ဖွင့်ထားတယ်။ လင်မယားနှစ်ယောက်လုံး စီးပွား ရှာ နေကြတော့ ကလေး ၂ ယောက် က ို ကြည့် မယ့် သူ မရှိပဲ ဈေးထဲ မှာ ခေါ်ထား ရတာ အဆင် မပြေလှ ဘူး။ အကြီး မလေး ချစ်စု က ၃ နှစ်၊ သားငယ်လေး တီးတီး က ၁ နှစ် သာသာ။ ခင်လှ ရောက်လာတော့ နဂိုတည်း က မောင်နှမတွေ ကို ထိန်းကျောင်း လာတဲ့ ခင်လှ က ကလေး တွေ ကို သေချာ စောင့် ရှောက်တယ်။ တာဝန်ကျေ ရုံ မဟုတ်ပဲ စိတ်ပါလက်ပါ ကို ထိန်းတာ။ မောင်လေး ၊ ညီမလေးတွေ ကို လွမ်းတိုင်း ချစ်စုတို့ မောင် နှမကို အတိုးချပြီး ဂရုစိုက်တယ်။ အစားချိန် အစား ၊ ကစားချိန် မှာ ကူ ကစား ပေး ရင်း ကလေးတွေ ကို အလိုလိုက် သလို ညနေ ဦးထွန်းအောင်နဲ့ ဒေါ် နွယ်နွယ် တို့ဈေး က ပြန်လာ ရင် အဝတ်အစား သစ် ၊ သနပ်ခါး အဖွေးသား နဲ့ ကလေးတွေ ကို မြင်ရ တိုင်း စိတ်ချမ်း သာ ရတယ်။
တောသူ ပေမယ့် အကင်း ပါးတဲ့ ခင်လှ ဟာ မသိတာ နား မလည်တာကို နားလည် အောင် သင်ယူတတ်သလို အလုပ် ကို မခို မကပ် ပဲ လုပ် တတ်တယ်။ ခိုင်း စရာ မလို အောင်ကို အလိုက် လည်း သိတတ်တယ်။ ဒေါ် နွယ်နွယ် အတွက်တော့ သမီး ကြီး တစ်ယောက် ရလိုက် သလို အား ကိုး ရတယ်။ ဒီလိုနဲ့ နေလာလိုက်တာ ခင်လှရောက်ပြီး ၃ နှစ်လောက် အကြာမှာ ဒေါ် နွယ်နွယ် တစ်ယောက် တတိယ ကိုယ်ဝန် ဆောင် ရပြီး တရှောင်ရှောင် ဖြစ်လာတယ်။ အဲဒီ အချိန် ၁၃ နှစ် ကျော်ကျော် ရှိ လာပြီ ဖြစ်တဲ့ ခင် လှ တစ်ယောက် ကလေးတွေ အလုပ် တစ်ဘက်၊ ဒေါ် နွယ်နွယ်ကို ပြု စုရတာ တစ်ဘက်နဲ့ ပင်ပန်း ပေမယ့် တစ်ချက် မငြီး ခဲ့ ဘူး။ တတိယ ကလေး ပိုးဥ လေး ကို မွေးပြီး အခါလည်လောက်မှာ ဒေါ် နွယ်နွယ် ဆုံးပါး သွားခဲ့ တယ်။ ပိုး ဥ လေး ဟာ ခင်လှ လက်ပေါ် မှာ ပဲ ကြီး ရတယ်။ ခင်လှ ကို ပဲ အမေ လို ခင်တွယ်နေတယ်။

                                                                နဂိုတည်း က ဘုရား တရား ကိုင်း ရှိုင်း ပြီး သား သမီးတွေ ကို ချစ်တတ် တဲ့ ဦးထွန်းအောင် က မုဆိုးဖို ဖြစ်သွားပေမယ့် နောက်အိမ်ထောင် မထူထောင် ပဲ သား သမီးတွေ အတွက် စီး ပွား ရှာရင်း အေးအေးဆေးဆေး ပဲ နေခဲ့ တယ်။ ဒေါ် နွယ်နွယ့် မိဘတွေ က ဖိတ်ချင်းဖိတ် ကိုယ့် အိတ်ထဲ ဖိတ်အောင် ဒေါ် နွယ်နွယ့် ညီမ အပျို ၂ ယောက် ထဲက တစ်ယောက်ယောက် နဲ့ လက်ဆက် ပေး ဖို့ ကြိုး စား ပေမယ့် ခေတ်ရှေ့ ပြေး ပြီး သူ့ သား သမီး ( တူ၊ တူမ) တွေ အပေါ် စိတ်ဝင်စား မှု မရှိတဲ့ ခယ်မတွေ ကို သဘော မတွေ့ လှ တဲ့ အတွက် ခေါင်းခါ ခဲ့ တယ်။
အဲလိုနဲ့ ပိုးဥလေး ကျောင်းနေ တဲ့ အရွယ် ရောက် လာတော့ အပျို အရွယ် ဖြစ်လာတဲ့ ခင်လှ နဲ့ မုဆိုး ဖို ဦးထွန်းအောင်တို့ တအိမ်ထဲ နေလို့ မသင့် တော် တော့ ဘူး လို့ ဦးထွန်း အောင် အမျိုးတွေ ကရော၊ ဒေါ် နွယ်နွယ် အမျိုးတွေ ကပါ ကန့် ကွက် ကြတယ်။ တကယ်တော့ သူတို့ တွေက တအိမ်တည်း သာ နေတာ ၊ ခင်လှ ကလည်း အိမ် အလုပ် ၊ ကလေးတွေ အလုပ်နဲ့ ဂျင်ခြေလည် နေသလို ၊ ဦး ထွန်းအောင် ကို လည်း အလုပ်ရှင် လို ဦးလေး သားချင်း လို ရိုသေတယ်။ ဦး ထွန်းအောင် ကလည်း ခင်လှကို တူမ တစ်ယောက် လိုပဲ ရိုးသား တယ်။ ဒါပေမယ့် အများက ပြော ပါများ လာတော့ ၂ ယောက်လုံး ရဲ့ သိက္ခာ ကို ငဲ့ ပြီး ခင်လှ ကို ရွာ ပြန် ပို့ လိုက်တယ်။ ခင်လှ အတွက်တော့ ပိုးဥ တို့ မောင်နှမတွေ နဲ့ ခွဲ ရပေမယ့် မောင်ရင်း ညီမ ရင်း တွေ နဲ့ ပြန် နေ ရ မှာ မို့ လို့ ဝမ်း နည်း လှတယ်လည်း မဟုတ် ၊ ဝမ်းသာ လှ တယ် လည်း မဟုတ်၊ ခင်လှ စုဆောင်း ထားတာနဲ့ ဦးထွန်းအောင် မုန့် ဖိုး ပေး လိုက် တာနဲ့ ပေါင်း ရင် ကိုယ်ပိုင် လယ်လေး တစ်ကွက်၊ နွားလေးတစ်ယှဉ်းတော့ ဝယ်နိုင် လောက် ပါ ရဲ့ လို့ ဘဝ တစ်ဆစ်ချိုး အတွက် ပြင်ဆင် ပြီး ပြန်လာခဲ့ တယ်။

                                                               ဒါပေမယ့် ဦးထွန်းအောင် ခမျာတော့ မသက်သာ ရှာဘူး။ ကလေး ၃ ယောက် နဲ့ ဆိုင် တစ်ဘက် နဲ့ ၊ ဒီကြား တဲ့ ချုချာ တဲ့ ပိုး ဥ လေး ကလည်း ခင်လှ ပြန်သွား ကတည်းက တဂျီဂျီ နဲ့ ခင်လှ ကို ပဲ  ‘တ’  နေတတ် သလိုဆေးခန်း က မကြာ ခဏ ပြေး ရ၊ အကြီးတွေ ကလည်း ခင်လှ ကို တမျှော်မျှော်။ တအိမ်လုံး ကသောင်း ကနင်း တွေ ဖြစ်လို့ ၊ ဆိုင်လည်း မှန်မှန် မထွက် နိုင်၊ ကြာတော့ စီးပွား ပါ ထိခိုက် လာ ခဲ့ တယ်။ ဦးထွန်းအောင် ဆုံးဖြတ်ချက် ချ ရပြီ၊ ကလေးတွေ ကို ပြောပြ လိုက် တော့ ကလေး တွေ က ဝမ်းသာအားရ သဘောတူ ကြတယ်။ ခင်လှ ကို သွားခေါ် ရ တော့ မယ်။ ဒီ တခါတော့ သူ ကိုယ်တိုင် လူကြီး တချို့ ခေါ် လို့ ခင်လှ တို့ရွာ ကို လိုက်သွား ခဲ့ တယ်။ သူ့ သား သမီးတွေ အတွက် ခင်လှ မရှိလို့ မဖြစ် တဲ့ အတွက် ခင်လှ ကို လူကြီး စုံရာ နဲ့ အတူ မိဘတွေ ဆီ မှာ တောင်း ရမ်း လက်ထပ် ယူ လိုက် ပါတယ်။

                                                                   ကလေးတွေ ရဲ့ မိထွေး အနေနဲ့ ခင်လှ ပြန်ရောက် လာပါ ပြီ။ ကလေးထိန်း ကနေ အိမ်ရှင်မ ဖြစ်သွား ပေမယ့် အရင် အတိုင်း ကလေးတွေ ကို ဂရု စိုက် မြဲ၊ ချစ်ခင်မြဲ၊ ကြင်နာမြဲ ပဲ။ ဦးထွန်းအောင် အတွက် မယား ဝတ္တရား ဖြည်း ဆည်းပေး ရ တာ ပို လာ သလိုအလုပ်ရှင် ကနေ ခင်ပွန်း ဖြစ်လာတဲ့ ဦးထွန်းအောင် အပေါ် မှာ လည်း ရိုသေ မြဲ ပဲ။ ဦးထွန်းအောင် ကလည်း လက်ဝတ် လက်စား ၊ အဝတ်စား အသုံးဆောင် ဘာမှ လိုလေသေး မရှိအောင် ဖြည့် ဆည်း ပေးတယ်။ သား သမီးတွေ နဲ့ တန်းတူ ထား တယ်။ စီး ပွား ရေး လည်း တအား ထိုး တတ် လာ လိုက်တာ ပွဲ ရုံ ပါ ထောင် နိုင် လာခဲ့ တယ်။ ည ဆိုရင် မိသားစု လိုက် ဘုရား ဝတ်တတ် ကြ သလို ဦးထွန်းအောင် ကို ခင်လှ နဲ့ သား သမီးတွေ က ကန်တော့ ပြီး မှ အိပ် ရာ ဝင်ကြတယ်။ စိတ်ချမ်းသာ စရာ သူတို့ မိသားစု ဆက်ဆံ ရေး ကို မြင်ရ တဲ့ သူတိုင်း ကြည်နူးစေတယ်။

                                                                 ဒါပေမယ့် အိမ်ထောင်သက် ၄ နှစ် ကျော် လာ ပေမယ့် ကလေး မရ နိုင် သေး တာ ကို တော့ ခင်လှ စိတ်ထဲ တစ်မျိုး ဖြစ်နေတယ်။ ကလေး ချစ် တတ်တဲ့ ခင်လှ  ကိုယ့် မောင်တွေ နှ မတွေ ၊ ပိုး ဥ တို့ မောင်နှ မတွေ ကို ချစ် ခဲ့ သလို ကိုယ့် ရင် က ဖြစ်တဲ့ ကလေးလေး တွေ ကို ထွေး ပွေ့ ချင် တယ်။ ခင်လှ ကလေး အရမ်း လို ချင်တာတစ်ရပ်ကွက်လုံး သိကြတယ်။ ညောင်ပင်တွေ ၊ ဘိုးတော် တွေ မှန်သမျှ သားဆု ပန်ဖို့ သွားတတ် သလို ဘာစားရ မယ်၊ ဘာဆေး သောက်ရ မယ် ဆိုလည်း စား တာပဲ။ ညောင်ပင်က ပြသနာ မရှိ ပေမယ့် ဘိုးတော် က မတော် ကြော် မကောင်း ကြား မကောင်း တွေ ဖြစ် ကုန် မှာ စိုး လို့ ကလေး ရဖို့ အတွက် ဘယ် ရုက္ခစိုး ၊ ဘယ် ဘိုးတော် နဲ့ မှ မဆိုင်ကြောင်း ကျမ က သူ့ ကို ရှင်း ပြ ရတယ်။ အတန်း ပညာ နည်း ပေမယ့် နား လည် လွယ်တဲ့ ခင်လှ က ကျမ ရှင်း ပြ တော့ လည်း လက်ခံ ပါတယ်။

                                                  နောက်နေ့ ကျမ ဆေးခန်း ဖွင့် တော့ ခင်လှ မျက်နှာ ညှိး ညှိုး နဲ့ ရောက်လာ ခဲ့ တယ်။

”ဆရာမ ….ကျမ ..ည က ဟိုဟာ ဖြစ်သွား ပြီ။ ဆီးစစ်စရာ မလိုတော့ ဘူး” လို့ ဆို ပါတယ်။

                                                           ”ဆရာ မရယ် …ကလေး မရ အောင် ကျတော့ ဆေးထိုး ဆေးသောက် လို့ ရပြီးတော့ ကလေး ရအောင်ကျတော့ ဆေး မရှိဘူး လား ….ကျမ ကို ထိုးပေး ပါလား ဟင် …..လေးလေး ထွန်း ကို ရောပေါ့ ….ဒါပေမယ့် လေးလေး ထွန်း က ရမှာ ပါ ….အန်တီ နွယ် နဲ့ ပိုး ဥ တို့ ကို ရသေး တာ ပဲ……ကျမ က မရ တာ နေမှာ…..ကျ မ လေ …..ကလေးလေး အရမ်း လို ချင် တယ်…..လေးလေး ထွန်း က ကလေး တွေ အရမ်း ချစ်တာ …..ကျမ မွေး ရင် လည်း ချစ် မှာ ပဲ နော်…..”

ကျမလည်း ခင်လှ ကို ပြောဖို့ စကား လုံးတွေ ရှာနေရင်း ကံကောင်း စွာ လူနာ တစ်ယောက် ဝင်လာ တာနဲ့ ခင်လှ လည်း နှုတ်ဆက်ပြီး ပြန်သွား ပါတယ်။
ထွက်သွားတဲ့ ခင်လှ ကို ကြည့် ပြီး ခင်လှ နဲ့ လက်ထပ် ဖို့ ဆုံး ဖြတ် ပြီးတဲ့ အချိန် ကိုထွန်းအောင် ကျမတို့ ဆေးခန်း ကို ရောက်လာ ပြီး တိုင်ပင် ခဲ့ တာ သတိရ နေမိတယ်။

”ကျွန်တော် …ကလေး ထပ် မယူချင် တော့ ဘူး ၊….. ကလေးတွေ ထပ်ရ လာရင် ကျွန်တော့ ကလေး တွေ နဲ့ ခင်လှ နဲ့ စိတ်ဝမ်း ကွဲ သွား နိုင် သလို ၊ ခင်လှ လည်း နောက် ကလေး နဲ့ ဆို ကျွန်တော့ ကလေး အကြီးတွေ ကို ဂရု မ စိုက် နိုင် ပဲ နေလိမ့် မယ်။ ကျွန်တော် သူ့ ကို လက်ထပ် မှာ ကျွန်တော့ ကလေးတွေ အတွက် ပဲ ။……… အဲဒါကြောင့် ကျွန်တော် ့ ဘက် က သားကြော ဖြတ် ထား ချင်လို့ လာ တိုင် ပင် တာ။ …….ဒီ ကိစ္စ ကို ခင်လှ အပါဝင် ဘယ်သူ့ ကိုမှ ကျွန် တော် မသိ စေချင်ဘူး …..ဒေါက်တာ…….”

ကို ထွန်းအောင် စကား အဆုံး မှာ ကျမလည်း သိသင့် သိထိုက် တာရှင်း ပြပြီး မိတ်ဆွေ အမျိုးသား ခွဲစိတ် ဆရာဝန် တစ်ဦး နဲ့ ချိတ် ပေး လိုက် တယ်။

                                                           တကယ် တော့ ကို ထွန်းအောင် ဟာ ကလေး မရ နိုင် တော့ တဲ့ သူ ( သူကိုယ်တိုင် မလိုချင် တော့ လို့သားကြောဖြတ်ထားတဲ့ သူ ) မှန်း ခင်လှ သာသိခဲ့ မယ် ဆိုရင် ဘယ် လို ခံစား ရ မှာ ပါ လိမ့် လို့ တွေး မိရင်း ခင်လှ တစ်ယောက် ကံကောင်းတာလား ၊ ကံဆိုး တာလား ကျမ လည်း မပြောတတ်တော့ ပါ ဘူး။

28 comments

  • Mon Kit

    January 31, 2013 at 3:03 pm

    မမိုချိုရယ်…
    ဘယ်အိမ်ထောင်ရှင် အမျိုးသမီးမဆို ကိုယ့်သွေးက ဖြစ်တဲ့ ကိုယ့်ရင်သွေးလေးတော့ လိုချင်ကြတာချည်းဘဲ…
    ကလေးချစ်တတ်တဲ့သူတွေဆို ပိုဆိုးသေး..
    တကယ်ဆို ဦးထွန်းအောင် လက်မထပ်ခင် ခင်လှ နဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး သဘောတူ ဆုံးဖြတ်ရမှာ..
    ခုတော့ သူ့တဖက်သတ် အမြင်နဲ့ လုပ်ထားတော့ ခင်လှ ခမျာ သနားစရာနော်…
    :byae:

  • မိုချို

    January 31, 2013 at 3:57 pm

    ပထမဆုံးကွန်မန့် အတွက် ကျေးဇူး ပါ မွန်းကစ်ရေ
    မိုချို့တို့ ငယ်ငယ် နယ်မှာနေတုန်း က မိသားစု ရဲ့ အကြောင်း လေး ပါ။ ပိုးဥ တို့ မောင်နှမနဲ့ မိုချိုတို့ မောင်နှ တွေ က ကစားဖေါ် ကစားဖက်တွေ ၊ မခင်လှ ဟာ ပိုးဥ တို့ လိုချင်တာမှန်သမျှ မညဉ်း မညူ လုပ် ပေး တတ် သလို ပိုး ဥ တို့ သူငယ်ချင်း မိုချိုတို့ အပေါ် မှာလည်း ကောင်း တော့ ခင်မိတယ်။ အ ဖေတို့ အမေတို့ ဆေးခန်း မှာ လာပြ နေကျ ဆိုတော့ စပ်စုတတ်တဲ့ မိုချို က ကလေး ပီပီ မနေပဲ အဖေ တို့ ဆီမှာ စပ်စု ထား လို့ အကုန်သိနေတာ။ မခင်လှ ကို သနား လို့ ပြောပြ ဖို့ စိတ်ကူး သေးတယ်။ အဖေ့ အတွက် ဆရာဝန် ကျင့် ဝတ်တွေ ဘာတွေဖောက် ရာ ရောက်နေမှာစိုး လို့ ရယ်၊ ကလေး ပီပီ မနေဘူး လို့ အပြောခံ ရ မှာ စိုး တာ ရယ်ကြောင့် မပြောဖြစ်ခဲ့ ဘူး။

  • ကထူးဆန်း

    January 31, 2013 at 4:36 pm

    လူကြီး တစ်ယောက်အနေနဲ့ ဖြစ်လာနိုင်တဲ့ ရန်ကို သားသမီးတွေအတွက် ကြိုကာ ထားတာတော့ တစ်မျိုး ချီးကြူးရမလို ..
    အဲ တစ်ဘက် ကလှည့်ကြည့်တော့ဘာဖြစ်လို့ လက်ထပ်လဲ။ ဒါကျတော့ ကိုယ့် အိမ်ထောင်ဘက်ပေါ် မတရားရာ ကျပါတယ် ။ ဆိုတော့ ..
    လူလည်ကြီး ဦးထွန်းအောင်လို့ ဘဲ ဆိုရမယ် ထင်ပါတယ် .. :kwi:

  • Phaung Phaung

    January 31, 2013 at 5:29 pm

    ခင်လှခမျာ မျှော်လင့်ချက်ကြီးရင်မှာပိုက်လို့ သနားစရာပဲ။ ကိုယ်ချင်းစာပါတယ်…သားသမီးလိုချင်လို့ မျှော်လင့်ရတဲ့စိတ်ကို..
    ဦးထွန်းအောင်ကလည်း အမျှော်အမျှင်ကြီးပါ့
    ခင်လှကို ကြိုးရှည်ရှည်နဲ့လှန်ထားသလိုမဖြစ်အောင် ညည်း ကလေးမရနိုင်ဘူးလို့ပြောလိုက်တာ ကောင်းမယ်ထင်တယ်နော်။

  • ခိုင်ဇာ

    January 31, 2013 at 6:50 pm

    ရမှာ ကို မလိုချင်တဲ့သူရယ်…..
    မရမဲ့ ဟာ ကို လိုချင်တဲ့ သူရယ်……….

    ဘယ်တော့မှ မဖြစ်လာမဲ့ ကိစ္စကို မျှော်လင့်မိတဲ့သူက သနားစရာ အကောင်းဆုံးပဲထင်တယ်။
    နောက်တစ်မျိုးတွေးရရင်လည်း လုံးဝမဖြစ်နိုင်မှန်းသိလိုက်တာထက်စာရင် မျှော်လင့်ခွင့်လေးပေးရတာက သူ့အတွက်ပိုကောင်းမလား။
    မတွေးတတ်တော့ပါဘူး အစ်မရယ်။
    🙁

  • မိုချို

    January 31, 2013 at 7:09 pm

    အိမ်ဖေါ်တွေ ကလေးထိန်း တွေ အများစုက အလုပ်ရှင် အပေါ် စေတနာမထားတတ်ကြသလို တချို့ အကျင့် မကောင်းတဲ့ သူ တွေ ကျတော့ အိမ်ရှင် ကို အပိုင် ကြံ ချင်ကြတာများ တယ်။ ( ကျမ တို့ မိသားစု တွေ ကတော့ အိမ်ဖေါ် တွေ ကို အနိုင်ကျင့် ဖို့ နေနေသာသာ ကိုယ် ကပဲ ခံ ရတာများ တယ်။ ) ခင်လှ ကတော့ စေတနာ အကျိုးပေး တယ် လို့ ထင်ပါတယ်။ သူ့ ဘဝ မှာ ဘယ်လိုမှ မမျှော်လင့် နိုင်တဲ့ လိုတရ သူဌေးကတော် ဘဝကို ရောက်ခဲ့ ရတယ်။ သား သမီး မရ နိုင်တာ က လွဲ လို့ သူ့ မိသားစု ရော ၊ သူ့ ဘဝ ရော လိုလေသေး မရှိ အောင်ပြည့် စုံ နေပါပြီ။ ဒါကြောင့် လူတွေ ဟာ ဘာအလုပ်ပဲ လုပ် လုပ် ကိုယ့် အလုပ် အပေါ် စေတနာ ထား နိုင် ရင် တချိန် မှာ အကျိုး ခံစား ရမှာသေချာ ပါတယ်။

    ကိုထူးဆန်း
    ကိုထွန်းအောင် က လူလိမ္မာကြီး ပါ။ ကလေး အမေ ကျမ ကတော့ သူ့ လုပ်ရပ် မှန်တယ် လို့ မြင်မိပါတယ်။
    ပေါင်ပေါင် ၊ ခိုင်ဇာ
    အဲဒီ အချိန် တုန်း က မသိပေမယ့် ၊ နောင် တချိန်ချိန် မှာတော့ သိ လိမ့် မယ် ထင်ပါတယ်။ အမ တို့ လည်း အဲဒီ က ပြောင်း လာပြီးနောက်ပိုင်း အဆက်သွယ် မရှိတော့ ဘူး။

  • uncle gyi

    January 31, 2013 at 10:49 pm

    ဒီလိုမျုးိတွေမြင်ဖူးလှကြားဖူးလှပေါ့မိုချိုရေ
    အမှန်ကယောကျာ်းဘက်ကလူလည်းကျတယ်ပြောရမှာပါ

  • lele

    February 1, 2013 at 5:37 am

    ကျမ ကတော့ အတ်တ သိပ်ကြီးလွန်းတယ်လိုု ့ယူဆတယ်။ ပွင့်ပွင့်လင်းလင်းရှိသင့်တယ်။ တချိန်မှာ ခင်လှသာအဲဒီအကြောင်းသိသွားရင် အရမ်းနာကြည်းသွားလိမ့်မယ်လိုု ့ယူဆပါတယ်။ ပတ်ဝန်းကျင် ကပြောတဲ့ အတွက် မိန်းမကောက်ယူရတဲ့ အဖြစ်က နည်းနည်းလွဲနေတယ် လိုု ့ ထင်တယ်။ မိန်းမ တစ်ယောက်ရဲ့တန်ဖိုုးဟာ ဘာလဲ။ သူမက ဒီအချိန်မှာ အိမ်ဖော် မဟုုတ်ဘူးလေ။

  • MaMa

    February 1, 2013 at 8:00 am

    စာတစ်ပုဒ်လုံးဖတ်ပြီး ခင်လှကို သနားမိတယ်။
    တချို့လူတွေဟာ လောကကြီးထဲမှာ အဖြည့်ခံအတွက်များ မွေးဖွားလာရသလားလို့ တွေးမိသွားတယ်။ :buu:

  • kai

    February 1, 2013 at 8:09 am

    အိမ်ထောင်ပြုတယ်ဆိုတာ.. ကာမကို..၂ဦး၂ဖက်တရားဝင်ရယူပိုင်ဆိုင်ခွင့်.. သဘောတူညီချက်ထားတာပါ..
    အဲဒီသဘောတူညီချက်ထဲ.. နောက်ပွားဖြစ်တဲ့.. သားသမီးယူ/မယူ.. တခါတည်းပါတယ်..

    အိမ်ထောင်သည်က.. သူ့တဦးတည်းသဘောနဲ့.. သားကြောဖြတ်ရင်.. ပါတနာနဲ့သဘောတူညီချက်စည်းဖေါက်တာပါပဲ..
    ပါတနာ မသိအောင်ခိုးလုပ်ထားတယ်ဆိုတော့ကာ.. တော်တော်ဆိုးတဲ့..လူ့စည်းကမ်းဖေါက်တာလို့.. မြင်ကြောင်း..။ :harr:

  • မိုချို

    February 1, 2013 at 10:01 am

    ခုတလော ဝိတ်တွေ နင်းကန် တတ်ပြီး လူက ရင်ဘက်ပဲ အောင့် သလို ခေါင်းပဲ မူး သလို ဖြစ်နေတော့ ငါများသေသွားရင် ဆိုပြီး တွေးရင်း ကနေ အရင် က ကြုံ ခဲ့ ဖူးတဲ့ မိသားစု အကြောင်း အတွေး ရောက်ပြီး ချရေး ဖြစ်သွား တာပါ။ အားပေးတဲ့ သူတွေ ကို ကျေးဇူး တင်ပါတယ်။

    ကွန်မန့် တွေ ကြည့် လိုက်တော့ တော်တော် များများ က ဦးထွန်းအောင် လုပ်ရပ် ကို သဘောမတွေ့ ကြတာ များတယ်နော်။ သူက နောက် အိမ်ထောင် မပြု ခင် မုဆိုး ဖို ဘဝ မှာ သားကြော ဖြတ် တာ ဆိုတော့လွတ်လပ်စွာ ဆုံး ဖြတ်ခွင့် ရှိ တယ် လို့ ထင်တယ်။ ကျမ ကတော့ သေသွားတဲ့ ဒေါ် နွယ်နွယ်( ကလေး တွေ ရဲ့ မိခင် ) နေရာ ကနေ ခံ စား ပြီး ဦးထွန်းအောင်လုပ်ရပ် ကို ထောက်ခံ မိ နေတော့ ကျမလည်း တော်တော် အတ္တ ကြီးနေ ပြီ ထင်တယ်။

    ဘာပဲ ပြောပြော အဖြစ်အပျက် တစ်ခု အပေါ် မှာ ကိုယ့် အမြင် နဲ့ သူများ အမြင် ကွဲ ပြားတတ် တယ် ဆို တာ သိလိုက် ရတာ ပါပဲ။ ကျမ ဂေဇတ်ကို ချစ်တာ အဲဒါတွေ ပါတယ်။

    အားပေး ဖတ်ရှု ပြီး အမြင် လေးတွေ ဖေါ်ပြ ကြတဲ့အန်ကယ်ကြီး ၊ လီလီ၊ အန်တီ မမ၊ သဂျီး တို့ ကို ကျေး ဇူး ပါ။
    စကား မစပ် လီလီ ရေ chinese garden ထဲမှာ ဂျော်ဂီ ပြေးရင်း၊ သား က ကို့ ရို့ ကား ယား လုပ် ၊ အမေ က တဟဲ့ ဟဲ့ နဲ့ အော်ရင်း လိုက် ဆွဲ နေတတ် တဲ့ သား အမိ များ တွေ့ ရင် အဲ ဒါ မိုချို တို့ သား အမိ ပဲ လို့ မှတ် လိုက် ပါ။

    • lele

      February 1, 2013 at 11:29 am

      အဲဒီလိုုတွေ ့ရင်ဓါတ်ပုုံရုိုက်ပြီး ဂေဇက်တင်ပလိုုက်မယ်။ဟီး မမိုုချိုရဲ့စာတွေတော်တေ်များများဖတ်ရတယ်။ မိခင်တစ်ယောက်ရဲ့ခံစားချက်ကိုုနားလည်းပြီးလေးစားပါတယ်။ ကျမ ဖေ့ဘုုတ်တဲမှာ ASPN က ကလေးမလေးတစ်ယောက်ရှိတယ်။ သူကတောင်ကျမ ကိုု အကသင်ပေးမယ်ဆိုုပြီး ပြောတယ်။ they can do as us. Just more patience….အပေါ်က အကြောင်းအရာကိုုပြန်ဆက်လိုုက်အုုံးမယ်။ လွတ်လပ်စွာဆုုံးဖြတ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ မယူခင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်တယ်လိုု ့ထင်ပါတယ်။ အခုုဟာက တမင်ကြိုတင်ကြံစီမှုုကြီး။ ဟီး ကျမရဲ ့ အတွေးပါ။

      • မိုချို

        February 1, 2013 at 12:21 pm

        ASPN က ကလေးမလေး က ဖေ့ဘွက် သုံး တတ်တယ် ဆိုတော့ တော်တော် အခြေ အနေ ကောင်း တာပဲ ။ အဲဒါမျိုး ကြား ရ တော့ လည်း အားတတ် တယ်။ ၅၂ လမ်း က ဂရေ့ အော့ ချက်မှာ တတ်နေတဲ့ အသိ ကလေး တစ်ယောက် ကတော့ ဘာမှ သိပ်ပြီး မရ လှဘူး။
        ကိုယ့် ကလေး ကတော့ရောက်ကာစက လက် မခံ ကြသေး တာရယ် ၊ အခု အပ်လို့ ရပြီ ဆိုတော့ waiting list က တစ်နှစ်လောက် ထပ်စောင့် ရ အုံး မှာ နဲ့ ဘာမှ ကို မထား ဖြစ်တော့ ဘူး။ ရန်ကုန် ရောက်မှ ပဲ ပြန် ထားတာ့ မယ် ။

  • Ma Ei

    February 1, 2013 at 10:48 am

    မိုချိုရေ…
    မနေ့ကဖတ်ပြီး အတွေးတွေ အိမ်ထိပါသွားခဲ့တယ်…
    အိမ်ထောင်ပြုပြီးသားသမီးလိုချင်ခဲ့သူရဲ့စိတ်ကို
    နားလည်မိတဲ့အတွက် (မယူဘူး)မရနိုင်ဘူး ဆိုတာ
    သိသွားခဲ့ရင် ….ကံကောင်းတာလား၊ဆိုးတာလား ဆိုတာ …
    မခင်လှ ဘယ်လိုပြောမလဲနော်…

    • မိုချို

      February 1, 2013 at 12:27 pm

      မအိရေ အတွေးတွေ က အိမ် ထိတောင် ပါသွားသတဲ့ လား။
      ကျမ အခု အရွယ် အမြင် ကတော့ မခင်လှ အိမ်ဖော် ကနေ အိမ်ရှင် အဖြစ် ကို တင့် တင့် တယ်တယ် ရောက်ရတာ ကံကောင်း တယ် လို့မြင်ပါတယ်။

  • kyeemite

    February 1, 2013 at 1:51 pm

    မိုချိုရေ…သဂျီးအပေါ်မှာပြောထားသလိုပဲ မြင်မိတယ်..
    လင်နဲ့မယားမှာ အဲဒါအရေးအကြီးဆုံးပါ…
    နောက်တစ်ခုအမျိုးသမီးအများစု စိုးရိမ်ကြတာက..အိမ်ထောင်သည်အမျိုးသားက
    သားကြောဖြတ်ထားရင်..
    အပြင်မှာလွတ်လွတ်လပ်လပ်ကြီး ရှုပ်နိုင်သလိုဖြစ်သွားတယ်..
    ဒါကြောင့် ကလေးမယူချင်တော့လို့ ဖြတ်ရင် မိန်းမတွေပဲ ဖြတ်တာများပါတယ်
    (မြန်မာပြည်မှာပြောပါတယ်) :harr:

  • မိုချို

    February 1, 2013 at 5:00 pm

    ဦးကြိုက်မီး
    “နောက်တစ်ခုအမျိုးသမီးအများစု စိုးရိမ်ကြတာက..အိမ်ထောင်သည်အမျိုးသားက
    သားကြောဖြတ်ထားရင်..
    အပြင်မှာလွတ်လွတ်လပ်လပ်ကြီး ရှုပ်နိုင်သလိုဖြစ်သွားတယ်..”

    မိုချို့ အယူဆ ကတော့ ကိုယ့် အမျိုး သား အပြင်မှာ ခြေ ရှုပ် တတ်တဲ့ သူ ဆိုရင် သူ့ ကို ပဲ သား ကြောဖြတ်ခိုင်း တာ ပိုကောင်း လိမ့် မယ်။ အစွယ်အပွားတွေ ဖြစ် မလာနိုင်တော့ ဘယ်မိန်းမနဲ့ ဘယ်လောက် ရှုပ်ရှုပ် အချိန်တန် အိမ်ပြန် လာ မှာပေါ့။ ပြောသာ ပြောရတာယောက်ျား တွေက အဲဒါ မျိုး ကို သိပ်လက်မခံ ချင်ကြဘူး။ သူ့ ကို အဲလို လုပ်ရရင် သူတို့ ကိုယ် သူတို့ လူဖြစ်ရှုံး ပြီ ထင်ချင် နေကြတာ။

  • အရီးခင်လတ်

    February 1, 2013 at 7:46 pm

    ကိုယ်ရတာနဲ့ ကျေနပ် တတ်သူ တိုင်း ကတော့ ဘဝ မှာ နေရတာ ကံကောင်းတယ် ခေါ်မှာပါဘဲ။
    ကိုယ်ရတာနဲ့ ကျေနပ် တတ်သူ ဆိုတိုင်း အပျင်း/ အဖျင်း/ အတုံး/ အအ မဟုတ်ကြောင်းလဲ ထည့်ပြောပါတယ်နော်။
    (မဟုတ်ရင် စကားတောင်စားသူကြီးမင်း နဲ့ ပြန်ငြင်းနေရဦးမယ်။)

    ဒီတော့ မခင်လှ လေးလဲ ဘဝ မှာ ဖြစ်လာတာကို ကျေနပ်၊ ကိုယ်ဖန်တီးလို့ မရတော့တဲ့ အကြောင်းကို မလိုချင်တော့ဘဲ ရပြီးဘဝ လေးကိုဘဲ ပျော်ပျော်ရွှင်ရွှင် ဆက်ပြီး လျှောက်နိုင်ပါစေ။
    စိတ်ထားတတ်ရင် ကိုယ်ဝမ်းနဲ့လွယ်မွေး မှ ကိုယ့်ရင်သွေးလို့ မဆိုနိုင်ပါဘူးလေ။

    • မိုချို

      February 2, 2013 at 8:14 am

      သဂျီးမင်း ရဲ့စကား ကြွယ်ချက် ကတော့ ပြောမနေ ပါနဲ့ တော့ အရီးရေ။ သူပြောချင်တာ ကို မရ ရအောင်ကို ဆွဲပြောတော့ တာ။ ဘာပဲ ပြောပြော ကျမအတွက်တော့ ကြားဖူးနေ ကြ ကနေ ကွဲထွက်တဲ့ အတွေးသစ် ၊ အမြင် သစ် တွေ သိရ တာ အမြတ် ပဲ။

  • မောင်ပေ

    February 1, 2013 at 8:06 pm

    ကိုထွန်းအောင် တင်ကြိုကြံစည်ပြီး သားကြောဖြတ်လိုက်တာ မှန်တယ်ထင်ရပေမယ့် ၊ အတ္တကြီးနေတယ်လို ့လဲ ခံစားရပါတယ်

  • padonmar

    February 1, 2013 at 10:08 pm

    ကိုယ့်ကလေး မရခင်မှာ ဘယ်လောက်ချစ်ချစ် ကိုယ်ပို်င် ကလေးရလာပြီဆို
    စိတ်ဝမ်းကွဲတတ်တာ ထုံးစံလို ဖြစ်နေတော့ ဦးထွန်းအောင် အတွေးကို အပြစ်မဆိုသာပါဘူး။
    ဒါပေမယ့် မခင်လှကိုတော့ ကြိုတိုင်ပင်သင့်တယ်လို့ မြင်ပါတယ်။

  • မိုချို

    February 2, 2013 at 8:21 am

    အားပေး ဖတ်ရှုဝေဖန် ကြတဲ့ အရီး လတ်၊ ကိုပေ၊ အလင်းဆက်၊ အန်တီ ပဒုမ္မာ တို့ ကို ကျေး ဇူး ပါ။

    အမျိုး သားတွေ သားကြာ ဖြတ်တာ က အချိန်မရွေး အလွယ်တကူ ပြန်ဆက်လို့ ရတဲ့ အတွက် လင်နဲ့ မယား သံယော ဇဉ် တွယ် လာတဲ့ နောက်ပိုင်း မခင်လှ သိသွား ၊ စည်း ရုံး နိုင်သွား မယ် ဆိုရင်တော့ မျှော်လင့် ချက် ရှိ ပါတယ်။
    ကျမတို့ ပြောင်း လာပြီးနောက် ပိုင်း ဘာတွေ ဆက်ဖြစ်လည်း ကျမလည်း သိချင် မိတယ်။ ပိုး ဥ တို့ မောင်နှမ ဖြစ်ဖြစ်၊ သူတို့ နဲ့ သိတဲ့ သူ တစ်ဦးဦး နဲ့ အပြင် ၊ အွန်လိုင်း မှာ တွေ့ ရင် စပ်စု ကြည့် ပါ အုံး မယ်။

  • Mobile

    February 2, 2013 at 11:17 am

    အိပ်ထောင်ပြု့ ဘုရားတည်တို့ဘာတို့ ကဂျက်မပိုင်နောင်ပြန်ပြင်ရန်ခက်တာနဲ့ဘာနဲ့
    စုံနေအောင်ရှုပ်ပွလို့နေတာပဲ။ စိတ်ကုန်လှပါ၏။ ထို့ကြောင့် ထိုကဲ့သို့အကြောင်းအရာများကို
    ဖတ်ပြီး အုံးနောက်အတွင်းမှ အမြန်ပြန်ထုတ်ပြစ်လိုက်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးး

  • ရွာသူ jujuma .

    February 2, 2013 at 12:57 pm

    သနားစရာ မခင်လှ .. ကံကောင်းတယ်လို့ ပြောရမလားပဲ …

  • လုံမလေးမွန်မွန်

    February 3, 2013 at 12:01 pm

    ဘယ်မိန်းကလေးမဆို အိမ်ထောင်တစ်ခုပြုပြီဆိုရင် ကိုယ့်ရင်သွေးကို လိုချင်တာက များပါတယ်… အခြေအနေတစ်ခုကြောင့် ကလေးမယူသေးရင်သာ ရှိမယ်ပေါ့… ကလေးဒီလောက်ချစ်တတ်တဲ့ မခင်လှလည်း သူ့ရင်သွေးကို လိုချင်ရှာမှာပါ.. ကိုထွန်းအောင် အနေနဲ့ တိုင်ပင်သင့်တယ် ထင်ပါတယ်..
    မွန်မွန်မြင်ဖူးတာကတော့ ယောက်ျားက အသက်အရမ်းကြီးနေပါပြီ.. မိန်းမကတော့ အသက်က သုံးပုံတစ်ပုံလောက် ငယ်ပါတယ်.. ဒုတိယ အိမ်ထောင်ပေါ့နော်.. ပထမအိမ်ထောင်က သားသမီးတွေက ဒုတိယမိန်းမထက်တောင် ကြီးကြပါတယ်.. ဆိုတော့ အစ်မကြီးက ကလေးလိုချင်ပါတယ်.. ဒါပေမယ့် အဘိုးကြီးက ဒီအသက်အရွယ်ရောက်မှ နောက်ထပ် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ကျတော့ အဆင်မပြေလို့ဆိုပြီး ကလေးမယူပါဘူး.. ယောက်ျားက မယူချင်ဘူးဆိုတဲ့ ဆန္ဒကို မိန်းမကလည်း သဘောတူထားပါတယ်… အဲ့လိုမျိုးလေး နားလည်အောင်ပြောပြပြီး တိုင်ပင်သင့်တယ် ထင်တာပဲ..

  • မိုချို

    February 4, 2013 at 10:03 am

    Mobile ရေ လူပျိုကြီး ပဲ လုပ်တော့ နော်။
    jujuma ရေ မခင်လှ ကံကောင်းတယ်လို့ ပြောလို့ ရ ပါတယ်။
    မွန်မွန် ရေ
    အမ အမြင် အရတော့ ဦးထွန်းအောင်ဟာ မခင်လှ ကို သူ့ ကလေးေတွေ အတွက်ပဲ လက်ထပ် ခဲ့ပြီး ၊ ပညာ မတတ်တဲ့ တောသူမလေး ဆိုတော့ ဘာမှ တိုင်ပင် မနေ ပဲ လက်ထပ် ယူပြီး တင့်တောင်း တင့် တယ် ထား ရင် ပြီးတာ ပဲ လို့ ယူဆ ပုံ ရတယ်။

  • လူကလေး

    February 4, 2013 at 4:04 pm

    ဦးထွန်းအောင်ကြီး ကိုမပြစ်မဆိုလိုပေမယ့် .. မခင်လှ ဘက်တော့ နာတယ်ဗျာ..

    ကလေး ထပ်မလိုချင်မှဖြင့် .. သားကြောဖြတ်နေစရာကိုမလိုဘူး.. အဟင်း..

    ဒီလိုချည်း ဆိုတော့.. မခင်လှကို ယူတာ ကလေးတွေကိုပြုစုစောင့်ရှောက်စေချင်တာထက်ပိုတဲ့ ရည်ရွယ်ချက် ဒင်းကြီး ရှိကိုရှိရမယ်…

    ဟင်းနော်.. လူကလေးကို ချိတ်ချိုးနဲ့… မမန့်ရ မနေနိုင်လို့.. ဒီလိုမျိုးဆိုလို့ကတော့.. .. ရဘူးဗျာ .. ဟွန်း..

Leave a Reply