“ကျွန်တော် နဲ့ သူမ”
(၁)
သူမ ကို ကျွန်တော် အလုပ်ပြန်လာတိုင်း
မြင်နေရတာ ကြာပြီ ဒါပေမယ့် သူမနဲ့ တစ်ခါမှ
စကားပြောခွင့် မရသေးဘူး…
အော်.. သူမ ဆိုတာလား?
သူမ ဆိုတာ ကျွန်တော်အလုပ် ပြန်လာတဲ့ လမ်းက
ဖက်ရှင်ဆိုင် တစ်ခုက ကောင်မလေး တစ်ယောက်ပါ။
ကျွန်တော် အမြဲတမ်း အလုပ်ကနေ ပင်ပင်ပန်းပန်း
အိမ်ကို ပြန်လာတိုင်း သူတို့ ဆိုင်ရှေ့ကနေ ဖြတ်သွားနေကြ
အဲ့ဒီ ကောင်မလေးကို လဲ မြင်နေကြပေါ့…
ဘာကြောင့်ရယ် မသိပါဘူး သူမကို မြင်တိုင်း
ကျွန်တော့်ကို ပြုံးပြတာလား သူမ သာ ပြုံးနေတာလား မသိ
အဲ့ဒီ အပြုံးလေးက ရင်ခုန်စရာဗျ…
အလုပ် ပင်ပန်းလာတဲ့ အမောလေးတွေတောင် ပြေသွားသလိုပဲ…
သူမကို ကျွန်တော်လဲ ပြန်ပြုံးပြ ပေမယ့်
သူမကတော့ ခပ်တည်တည်ပါပဲ ကျွန်တော်တို့ ကြားမှာ
အဲ့ဒီ ဖက်ရှင်ဆိုင်က မှန်ချပ်တွေက ခြားနေသလားလို့
စိတ်ထဲတောင် မတင်မကျ ဖြစ်မိပါရဲ့လေ….
(၂)
သူမ ကို စကား စပြောကြည့်ဖို့
ကျွန်တော် ကြိုးစားချင်တယ်…
ဒါပေမယ့် ဖက်ရှင်ဆိုင်က မိန်းကလေး အဝတ်အစား
ရောင်းတဲ့ဆိုင်ဆိုတော့ ဝင်ရမှာလဲ ခပ်လန့်လန့်ပဲ
ဒီကြားထဲ သူမ ကျွန်တော့်ကို အသိအမှတ်ပြုတာလား
ဘာလားတော့ မသိဘူး ညဘက်တွေ ကျွန်တော်ပြန်လာမယ့်
အချိန်တိုင်း လိုလို ကျွန်တော်လာမယ့် လမ်းဘက်ကို
မျက်နှာမူပြီးတော့ အဝတ်အစားတွေကလဲ
တစ်နေ့ တစ်မျိုး မရိုးအောင် လှလှပပလေး
ဝတ်ထားပြီး စောင့်ကြိုနေတက်ပြီ
ဒါကတော့ ကျွန်တော့်အထင်ပေါ့နော်…
ဒါကြောင့် ကျွန်တော် သူမကို
စကားပြောကြည့်ဖို့ ကြိုးစားမှ ဖြစ်တော့မယ်…
(၃)
ဒီနေ့ Sunday ဆိုတော့ အလုပ်လဲပိတ်တယ်..
ကျွန်တော် မနေ့ညက စီစဉ်ထားတဲ့အတိုင်း
ဖက်ရှင် ဆိုင်က ကောင်မလေးကို
စကားပြောကြည့်ဖို့ ဖက်ရှင်ဆိုင်ထဲ
ဝင်လိုက်တယ်….
ဒီနေ့ သူမ အရမ်းလှနေတယ်
ကျွန်တော် လာမယ်မှန်း သိလို့များလား
ပါးနီနီလေး နဲ့ နှုတ်ခမ်းပါးလေးက သဘာဝ အတိုင်း
ပန်းရောင်ဖျော့ဖျော့လေးနဲ့ ဝတ်ထားတာက
အနက်ရောင် ဝမ်းဆက်လေး လှလိုက်တာဗျာ
အသားဖြူတဲ့ သူဆိုတော့ အရောင်ကို ဟပ်နေတာပဲ…
ဘယ်လောက်ပဲ အမြင်တွေ အကြည့်တွေ နဲ့
ရင်းနှီးနေပါစေ စကားပြောရမှာကိုတော့
တွန့်နေမိတယ်…
ဒါနဲ့ပဲ မထူးပါဘူး ဆိုပြီး သူမဘက် လှည့်ပြီး
လက်တစ်ဖက်က ကိုယ့်ဆံပင် ကိုယ်ဖွသလိုနဲ့
ရှက်ရှက်နဲ့ ခေါင်းအနောက်ကို ကိုင်ထားရင်း…
“ဟိုလေ…. ညီမလေး… ကိုယ့်သူငယ်ချင်း မိန်းကလေးအတွက်
လက်ဆောင်ပေးချင်လို့ ဘာပေးရင် ကောင်းမလဲ နည်းနည်းလောက် ကူညီပေးပါလား”
“……..”
သူမ ကျွန်တော့်ကို ကြည့်နေပေမယ့်
သူမ ဆီက ဘာအသံမှ ထွက်မလာဘူး
ကျွန်တော် သိလိုက်ပါပြီ သူမလဲ ကျွန်တော့်လို
ရှက်နေလို့ပဲ စကားမပြောတာပေါ့။
အဲ့ဒီအချိန်မှာပဲ ဆိုင်အတွင်းခန်းထဲက တစ်ခြားကောင်မလေး
တစ်ယောက် ထွက်လာတယ်…
သူ့ ပုံစံက သူတို့ ဆိုင်က ကောင်မလေး ဝယ်သူကို
ဂရုမစိုက်တာကို အားနာသွားပုံရတဲ့ ပုံစံပါပဲ…
“အကို ဘာလိုလဲရှင့် ဒီဘက်ကိုလာပါ ဝင်ကြည့်နိုင်ပါတယ်
ဒီဘက်ထဲမှာက ပိုစုံပါတယ်..”
“ဟုတ်ကဲ့ ကျွန်တော် က ကျွန်တော့် သူငယ်ချင်း မိန်းကလေးအတွက်
လက်ဆောင် ပေးချင်လို့ အဝတ်အစား တစ်စုံလောက် လက်ဆောင်ပေးချင်တယ်ဗျာ အဲ့ဒီအတွက် လာရှာတာပါ”
“အော်.. ဟုတ်ကဲ့အကို အကို့ သူငယ်ချင်း ရဲ့ အရပ်နဲ့ ဆိုက်က ဘယ်အရွယ်လောက်ရှိမလဲ ရှင့်”
ဆိုင်ဝန်ထမ်း ကောင်မလေး ရဲ့ အမေးနဲ့ ကျွန်တော်စဉ်းစားမရတော့
သူမကိုသာ လက်ညိုးထိုးလိုက်ရင်း…
“သူ့ဆိုက်လောက်ပါပဲ အရပ်လဲ ဒီလောက်ပဲ ခင်ဗျ အဲ့ဒီအတိုင်းပါပဲ”
ဆိုင်ဝန်ထမ်းကောင်မလေးက သဘောပေါက်သွားသလို ခေါင်းတငြိမ့်ငြိမ့်နှင့်
ဆိုင် အတွင်းခန်းထဲ အဝတ်တွေ ပြန်သွားရွေးနေတုန်း
ရရှိတဲ့ အခွင့်အရေးကို လက်လွှတ်မခံနိုင်၍ သူမ အနား ပြန်သွားပြီး
စကားပြောရန် ကြိုးစားလိုက်ပါတယ်…
“မိန်းကလေး ကိုယ်မင်းနဲ့ စကားပြောချင်တယ်
ကိုယ့်ကို နည်းနည်းလေးတော့ စကားပြန်ပြောစေချင်တယ်ကွာ”
“…….”
အို..ဘုရားသခင် သူမ နှုတ်ခမ်းများက ဘာအသံမှ
ထွက်မလာဘူး သူမ ကျွန်တော့ကို မျက်တောင် မခပ်တမ်း
ပြန်ကြည့်နေတယ်…
သူမ စကားမပြောတက်လို့ ဒါမှမဟုတ် စကားမပြောနိုင်တာလား
ဒါကြောင့် သူမ ရှက်နေတာလား….
“မိန်းကလေး မင်း ကိုယ့်ကို စကားမပြောချင်ဘူးဆိုလဲ
ကိုယ်ပြောတာတော့ နားထောင်ပေးပါ ကိုယ်မင်းကို အရမ်း
ချစ်မိနေပြီ ဒါကြောင့် ကိုယ့်အချစ်ကိုလဲ မင်းလက်ခံပေးပါ
ဒီတစ်ခါ မင်း ဘာမှ မပြောပဲ ငြိမ်နေမယ်ဆိုရင်တော့
ကိုယ့်အချစ်ကို လက်ခံတယ်လို့ သက်မှတ်လိုက်မယ်နော်”
“………”
ဟောဗျာ သူမ လက်ခံလိုက်ပြီ ဘာမှကို ပြန်မပြောဘူး
သူမ ပါးလေးတွေ ပန်းသွေးရောင် တောက်နေတယ်..
ရှက်နေလို့များလား…
ကျွန်တော် သူမကို ချစ်စိတ် မြတ်နိုးစိတ်တွေ
ဘယ်လိုမှ မထိန်းနိုင်တော့ဘူးဗျာ…
ဒါကြောင့် လူမမြင်တုန်းလေး သူမပါးလေးကို
ခိုးနမ်းဖို့ ပြင်ဆင်လိုက်ပါတော့တယ်….
လျပ်တပြတ် အနားကပ်ပြီး သူမပါးလေးကို
ဖွဖွလေး မွေးမွေး ပေးလိုက်တယ်….
ကျွန်တော်ရင်တွေ ခုန်နေတယ်ဗျာ….
သူမလဲ ကျွန်တော် သူမ လက်မောင်းနှစ်ဖက်ကို
ကိုင်ထားတာကို မညင်းဘူးဗျ ရုန်းလဲ မရုန်းဘူး
ဒါကြောင့် သူမ သဘောတူတယ်လို့ သက်မှတ်လိုက်ပြီး
နောက်ဆုံး သူမ နှုတ်ခမ်းလေးကို နမ်းဖို့ အနားတိုးကပ်လိုက်တဲ့
အချိန်မှာပဲ အတွင်းခန်းထဲက ဆိုင်ရှင်ပုံစံ မိန်းမ ခပ်ဝဝကြီးနဲ့
ခုနက ဝန်ထမ်းကောင်မလေး အလန့်တကြား အော်ဟစ်ပြီး
ကျွန်တော်တို့ ဆီ ပြေးလာတယ်….
ကျွန်တော့် နားထဲမှာ သူတို့ အော်သံ တစ်ခု
ကြားလိုက်ရ ချိန်မှာတော့ ကျွန်တော် ထိတ်လန့်ပြီး
ထိုနေရာမှာပင် သတိလစ် မေ့မြောသွားပါတော့တယ်…
“ဟဲ့ လုပ်ကြပါအုံး ဟိုကောင်လေး ငါတို့ ဆိုင်က အလှပြထားတဲ့
အရုပ်မလေးကို နမ်းနေတယ်..”
သတိမမေ့ခင် သူမ ကျွန်တော့်ကို လှောင်ပြုံးပြုံးနေတာလား
ဒါမှ မဟုတ် တစ်ခုခု ပြောချင်တာလား သူမ နှုတ်ခမ်းလေးတွေ
လှုပ်လှုပ်နဲ့ ကျွန်တော် ဘာမှ မကြားနိုင်တော့ပါဘူး…
“………………………..”
သစ်ဆန်းခန့်
8 comments
မောင်ပေ
February 6, 2013 at 8:22 pm
သစ်ဆန်းခန် ့ဆိုတဲ့ လူတစ်ယောက်ပျော်ရွှင်ပါစေဗျာ
Thit San Khant MC
February 6, 2013 at 9:42 pm
ကျေးဇူးပါ ခင်ဗျာ
ခိုင်ဇာ
February 6, 2013 at 9:44 pm
ဒီ ပို့ (စ) ဖတ်ပြီးတော့
ဟိုးတုန်းက ကျားပေါက် အခွေထဲက “နီးနီးလေးနဲ့ ဝေး” သီချင်းမှာ
ဒီလို အရုပ်လေးနဲ့ ချစ်သူဖြစ်တဲ့ ဇာတ်လမ်းလေး သတိရသွားတယ်။
လူကလေး
February 7, 2013 at 9:49 am
အရုပ်မလေး သနားပါဒယ်.. ဗျာ..
အဲလို မလုပ်ပါနဲ့.. ခမျာ နှယ် ရုန်းနိုင်ရှာတာမဟုတ်ဘူး.. ကိုသစ်ဆန်းခန့် ရ..
:kwi: :kwi:
kyeemite
February 7, 2013 at 9:50 am
ကိုသစ်ဆန်းခန့် အရေးအသားက ဖတ်လို့ကောင်းပါရဲ့ဗျာ..
ပထမဆုံးပို့စ်ဆိုတော့ လူသစ်ပေါ့နော…ဂဇက်ရွာကြီးက
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ဗျာ… :hee:
Thit San Khant
February 7, 2013 at 1:17 pm
ရွာလေးရဲ့ နွေးထွေးစွာကြိုဆိုမှုကို
ထာဝရ ကျေးဇူးတင်သွားပါမယ် ခင်ဗျာ..
Traditional Medicine
February 7, 2013 at 1:17 pm
အရုပ်နဲ့ လူနဲ့မှားတာ အရေးမကြီးပါဘူ လူနဲ့အရုပ်နဲ့ တော့ သွားမမှားပါနဲ့ နော်….ဟီး ..ဟီး
အားပေးပါတယ်
မဟာရာဇာ အံစာတုံး
March 15, 2013 at 12:37 pm
သစ်ဆန်းခန့် ရေ ….
” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ အတွက် …
လာရောက် ဖိတ်ကြားတာပါဗျို့ ….
ဒီလအတွက် စာပေဆု ဇကာတင် စာရင်းမှ သစ်ဆန်းခန့်ရဲ့ ပို့စ်လေး ပါလို့မို့ ..
လာရောက် ဖိတ်ကြားပါတယ် …
ကြွရောက် အားပေးပါဦးနော့ …
ဘုရားပွဲက ထိပ်ဆုံးမှာ ရှိပါကြောင်း ……..။
ဒု – အတွင်းရေးမှူး
မဟာအံ