ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
လကလည်း ကုန်နိူင်ခဲလိုက်တာလို့ တွေးမိခြင်းနဲ့အတူ သားက ဆွဲထူလိုက်ချိန်မှာ
ရနာရီတောင်ခွဲနေပါပေါ့လား
တစ်နေ့တာကို ဖြတ်သန်းရဦးတော့မယ်ပေါ့
ဖေကြီး နန်းကြီးသုပ်စားမယ်နော်ဆိုတဲ့ သားကို မုန့်ဟင်းခါးစားပါလားသားရယ်လို့ ပြောမိတော့
မရဘူး နန်းကြီးသုပ်ပဲတဲ့
နန်းကြီးသုပ်က ၅၀ဝ မုန့်ဟင်းခါးက ၂၅ဝ လေ
ပြောမရတော့လည်း ကျွေးရတော့မှာပေါ့
ကိုယ်ကတော့ ရေနွေးကြမ်းကိုသာအဖေါ်လုပ်နေရပါတယ်
လဘက်ရည်သောက်ချင်ပေမယ့် ၃၀ဝ မို့ ၁၅ဝရတဲ့ လှိုင်မင်းရောက်မှသာ သောက်မိတာပါ
အဖေကြီး ဆန်နဲ့ဆီ ဝယ်ရဦးမယ်နော်ဆိုတော့ အေးပါလို့ပြောရင်း
တစ်ထောင်တန် ၂ရွက် ထွက်ပြန်ပဟ လို့ ခပ်မောမောလေးတွေးမိရပြန်ရော
ကျောင်းဝတ်စုံက တနင်္ဂနွေသွားဝယ်မှာလား ချုပ်လည်းချုပ်ရဦးမှာနော်
ရွွှှေသဲ ( သားရဲ့အိမ်နာမည် ) ကြိုက်တဲ့ ကျောပိုးအိတ်က တစ်သောင်းတဲ့
လွန်ခဲ့တဲ့ အနှစ် ၃၀ ကျော် ၄ဝ က ကျောင်းသားဘဝကိုပြန်သတိရမိတယ်
ကျောင်းဖွင့်တဲ့နေ့ဆို အမေ့ဆီက မုန့်ဘိုး တစ်မတ် ( ၂၅ပြား ) ရတယ်
မုန့်ဟင်းခါးက ၁ဝပြား အကြော်နဲ့ဆို ၁၅ပြား ပိုတဲ့၁ဝပြားက ဇီးထုပ် နေကြာစေ့ထုပ်စားပေါ့
သားသားတက်ခဲ့တဲ့ စမတ်စကူး ဆိုတာမျိုးလည်းမရှိပါဘူး
ကိုယ်တက်ခဲ့တဲ့ TTC ဆိုတာ အကောင်းဆုံးကျောင်းတစ်ခုဆိုပေမယ့် အဲဒီအချိန်က ကြွားဝါပြိုင်ဆိုင်တာမျိုးနတ္ထိ
ဂျီတီအိုင်ရောက်တော့ မုန့်ဘိုးက ၅ကျပ်ရတယ်
ထမင်းအဝစား ၂ကျပ်ခွဲ လဘက်ရည်က ၁ကျပ်
ကားခက အသွားအပြန် ၁ကျပ်၁ဝပြား
( လှည်းတန်းကနေ အင်းစိန်ကို ပြား၃ဝ အင်းစိ်န်ကနေ ဂျီတီအိုင်ကို ၂၅ပြား )
အဲဒီကနေ လုပ်ငန်းခွင်ထဲရောက်တော့ လခက ၄၂ဝ လောက်ရတယ် ( လစာ ၁၇ဝ + အဆိုင်းလိုက်ပုတ်ပြတ်ကြေး၂၅ဝ )
အဲဒီအချိန်မှာ လဘက်ရည်က ဘယ်ဆိုင်သောက်သောက် ၁ကျပ်ပါပဲ
မုန့်ကလည်း ကြိုက်တာယူစား ၁ကျပ် စီးကရက်က ၁ကျပ် ၃လိပ်
ဪ တိုးတက်လာတဲ့ ဒီခေတ်ကြီးရောက်လာတော့ လဘက်ရည်က ၂၅ဝ – ၃၀၀
ကားခက ၅၀-၁၀ဝ ကနေ ဝေးရင်ဝေးသလိုကုန် မယုံချင်စရာပေါ့
ဆင်မလိုက် သင်္ဘောကျင်းက ပညာသင်ဝန်ထမ်းပေါက်စ ဘဝတုန်းက
ရတဲ့လခ ၄၂ဝ ဟာ တစ်လစာ အေးဆေးပဲ
လဘက်ရည် ခွက်ပေါင်း ၄၂ဝ စာပေါ့ဟာ ၊ ဒါဆို အခုခေတ်လဘက်ရည်ဈေးနဲ့တွက်လိုက်ရင်
( ၃၀၀ x ၄၂ဝ = ၁၂၆၀၀ဝ ) လောက်နဲ့ သွားညီမှာ ၊ ဒါ သာမန်ဝန်ထမ်းအဆင့်နော်
အဖေကြီး ၈နာရီခွဲနေပြီ
ဘာတွေငေးနေတာလဲ ရုံးနောက်ကျဦးမယ်
အမယ်လေး ၈နာရီတောင်ခွဲပြီလား ဘုရား ဘုရား
အဖေပြေးပြီသားရေ ရုံးမှာက အရင်လို မဟုတ်ဘူး
ဖင်းဂါးပရင့်ဆိုတာကြီးနဲ့မို့ တော်ကြာ ၁မိနစ်နောက်ကျရင် ဆန် ၂ ပြည်စာ ပါသွားမှာ
ဒိုးပြီသားရေ
အဖေလေ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် တောင်းလိုက်ချင်တာက
၁၉၈ဝ ကျော်လောက်ကအခြေအနေကိုများ ပြန်လို့သာ ရောက်လိုက်ချင်တယ် ငါ့သားရယ်
4 comments
P chogyi
February 11, 2013 at 2:09 pm
ကောင်းတာပေါ့ဗျာ အဲဒီကာလဆို ကျွန်တော်တို့လဲ
ကျောင်းသားဘဝ ပြန်ရောက်တာပေါ့
အပူအပင်ကင်းတဲ့ ကလေးလေး ဘဝကို တစ်ခါပြန်ပြီးရောက်ချင်တယ်
(ကိုထီးရဲ့ သီချင်းကလေးပါ)။
Mr. MarGa
February 11, 2013 at 8:05 pm
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
စစ်ပွဲတွေ ရပ်ဖို့
လာဘ်စားမှုတွေ ကင်းဖို့
လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့
အဲဒါလေးတွေ တောင်းချင်ပါရဲ့ဗျာ
ဗုံဗုံ
February 12, 2013 at 8:45 am
1980 ကျော်လောက်တုန်းက မိဗုံတို့ နတ်ပြည်မှာ နတ်သက်ကြွေသေးဘူး ပြန်ရောက်ချင်ပါဘူးးးးး
မဟာရာဇာ အံစာတုံး
February 12, 2013 at 10:22 am
ဖင်းဂါး ပရင့် ဆိုမှ သတိရသွားတယ် …
ကျုပ်တို့ ရုံးမှာတော့ မဟုတ်ဘူး …
ကျုပ်တို့ ရှေ့က ရုံးမှာလည်း ဖင်းဂါး ပရင့်ဂျီး တပ်ထားတယ် …
အမယ် .. တစ်ခါတစ်ခါများ သူတို့ နှိပ်လိုက်ရင် စက်ထဲက မိန်းမ တစ်ယောက်က …
ဘာညာသာရကာ နေကြာကွာစိ ရွက်လိုက်သေး … ဟေဟေ့ …
အိုက်ဒီ စနစ်ဂျီးဒေါ့ ကြိုက်ဝူးးး
ရုံး နောက်ကျရင် အချိန် ခိုးဖို့ မလွယ်လို့ ….. အဟီးးး