“ မည်သူပိုင်၏ မပိုင်၏ မည်သူရ၏မရ၏ “
“ မည်သူပိုင်၏ မပိုင်၏ မည်သူရ၏မရ၏ “
အခုရက်မှာ အစည်ဝေဆုံးသတင်း ကတော့ “မူပိုင်ခွင့်” ဆိုတဲ့အသံလေးပါဘဲ။
ဂျာနယ်တစ်စောင် ထဲမှာဖတ်လိုက်ပြန်တော့ တေးရေးဆရာတစ်ဦးကရုပ်သံလိုင်းတစ်ခုကို တရားစွဲဘို့ စီစဉ်နေတယ်သူ့သီချင်းကို ခွင့်မတောင်းဘဲ ဖျော်ဖြေရေးပွဲတစ်ခု မှာအသုံးပြုထားတာကြောင့်လို့သိရပါတယ်။
အဲဒီသီချင်းတွေကို အသုံးပြုသွားတဲ့အဆိုတော်လေးကလဲ အောင်မြင်ခေတ်စားနေတဲ့ရုပ်သံအစီအစဉ်မှာ
သီချင်းတွေကိုအသုံးပြုပေမယ့်လည်းတေးရေးသူ ဆီမှာခွင့်မတောင်းဘူးလို့သိရပြန်ပါတယ်။
နောက်တေးရေး တေးဆို တစ်ယောက်ကလဲ သူ့သီချင်းတွေကို ယူသုံးတာ
ခွင့်မတောင်းလို့ဆိုပြီး ဂျာနယ်တွေမှာ ပြောလာတာကိုဖတ်ရပြန်ပါတယ်။
ခွင့်ပြုချက်တောင်းပြီးမှာသာ အသုံးပြုသင့်တယ်လို့ပြောတာကတော့
တကယ့်လိုအပ်ချက်ကိုထောက်ပြလိုက်တာဘဲဖြစ်ပါတယ်။
မြန်မာသီချင်းတွေကို မူပိုင်ခွင့်ဥပဒေနဲ့ထိန်းချုပ်တော့ မယ်လို့ဆိုပါတယ်။
သူတစ်ယောက်ထဲအတွက်မဟုတ်ဘဲ ဂီတလောကအတွက် ဦးတည်လုပ်ဆောင်မယ်လို့လဲ
ဖတ်လိုက်ရပါတယ်။
ကောင်းသောရည်ရွယ်ချက်လို့ခံစားရမိပါတယ်။
နောက်တစ်ဖွဲ့ကတော့ သီချင်းတွေကိုတစ်ပုဒ်ခြင်း ရောင်းဘို့စီစဉ်နေတယ်လို့လဲသိရပြန်ပါတယ်။
တေးရေးသူများက စီစဉ်ကြတာပါ။
ဒီအစီအစဉ်လေးသာအောင်မြင်မယ်ဆိုရင် မြန်မာပြည်က တေးရေးသူများအတွက်
ကောင်းသော လမ်းကလေးကို ခင်းဖြစ်တယ်လို့ယူဆနိုင်ပါတယ်။
ကျနော်မှတ်မိသလောက်ပြောရရင် ဟိုးအရင် စတီရီယိုလောကကြီးမြေစမ်းခရမ်းပျိုးလို့
စတင်ကာစမှာသီချင်းတစ်ပုဒ်ကို ပထမဦးဆုံး သီဆိုသူကိုယ်တိုင်ဖြစ်စေ
အခြားတစ်ယောက်က ဖြစ်စေချက်ခြင်းကြီး ပြန်ဆိုတယ်ဆိုတာရှားပါတယ်။
အဲတော့လဲ တေးရေးသူတစ်ယောက်အတွက် သီချင်းတစ်ပုဒ်ကို တစ်ယောက်ယောက်ကိုရောင်းပြီး
ရင်နောက်ထပ် ထပ်ရောင်းရဘို့ဆိုတာ မလွယ်ကူသလို ဒီသီချင်းနဲ့ပါတ်သက်ပြီး
နောက်ထပ်ငွေကြေးတစုံတရာ ရဘို့ မျှော်လင့်ချက်မဲ့ပါတယ်။
စတီရီယိုတေးအကြောင်းကိုပြောမယ်ဆိုရင် ဟိုအရင်ခေတ်က တေးသီချင်းတွေကို ဘယ်လိုဖြန့်ချိခဲ့ရတယ်ဆိုတာတွေကို ပြန်မပြောလို့မရပြန်ပါဘူး။
ကွယ်လွန်သူ တေးရေးဆရာ မောင်သစ်မင်း ရေးခဲ့တဲ့
“တေးမြုံငှက်”ဆိုတဲ့ဝတ္တုစာအုပ်ထဲမှာ ဒီစတီရီယိုတေးသီချင်းလောကအကြောင်းကို
ကွက်ကွက် ကွင်းကွင်းရေးပြထားခဲ့ဘူးပါတယ်။
လမ်းသူရဲ့သီချင်းလို့ အမည်ဆိုးအတပ်ခံခဲ့ရတဲ့ စတီရီယိုသီချင်းများခေတ်ဦးအစမှာ ဒီသီချင်းတွေကိုထုတ်လုပ်ပေးသူဆိုတာမရှိသလို ဈေးကွက်တစ်ခုအနေနဲ့လဲမရှိခဲ့ပါဘူး။
သီချင်းဝါသနာပါသူတွေ စုပြီး သီချင်းရေးသူရေး ဆိုသူဆို တီးသူတီးပေါ့။
နောက်တောာ့ စတူဒီယို ကို သွား ပြီး အသံသွင်းကြပါတယ်။
အဲလိုဆိုကြ တီးကြတာလေးတွကို အသံဖမ်းထားပြီး တေးသံသွင်းဆိုင်တကာ လှည့်ပြီး ရောင်းကြရတာပါ။
ကိုယ့်သီချင်းပါတဲ့ မာစတာခွေလို့ခေါ်ကြတဲ့ တိတ်ရီကော်ဒါ ခွေလေးကိုကိုင်ပြီး
တေးသံသွင်းဆိုင်တွေကို သွားပြီး ကိုယ့်သီချင်းလေးဝယ်ဘို့ ဟောရပြောရပါတယ်။
ရောင်းရပြန်ရင်လဲ တစ်ခွေကို ကျပ်တစ်ရာ တစ်ရာ့ငါးဆယ်လောက်နဲ့ ပုတ်ပြတ်သဘောနဲ့
ကြိုက်သလိုကူးစားပေတော့ ဆိုပြီး ရောင်းခဲ့ကြရတာပါ။
အဲဒီအချိန်တုံးက သီချင်းလိုက်ရောင်းချရတဲ့ အနေအထားက ဝယ်လိုက်တယ်ဆိုရင်ကိုဝမ်းသာနေရတာပါ။
အဆိုတော်အသစ်ဆိုရင် မဝယ်တာများကြလို့ပါ။
စတီရီယိုခေတ်ဦးမှာ ကာဗာကဒ်တွေ လဲ မပေါ်သေးပါဘူး။
သီချင်းသွားကူးတယ်ဆိုရင်တေးသံသွင်းဆိုင်ကစာရွက်အလွတ်ပေါ်မှာ လက်ရေးနဲ့သီချင်းနာမယ်တွေကို
ရေးပေးလို်က်တာများပါတယ်။
အချို့ဆိုင်ကြီးတွေကတော့ သူတို့ ဆိုင်နာမယ်ပါတဲ့
စာရွက်ပေါ်မှာ သီချင်းနံမယ်ရေးပေးလိုက်ပါတယ်။
တစ်ချို့ဆိုင်ကတော့ ရာဘာတံဆိပ်တုံးနဲ့သီချင်းနာမယ်ကို ထုပေးလိုက်ပါတယ်။
ကက်ဆက်ခွေဆိုတာတောင်မပေါ်သေးတဲ့အချိန်ဖြစ်ပါတယ်။
အတိုချုပ်ပြောရရင်နောက်တော့ ကက်ဆက် တွေပေါ်လာချိန်မှာတော့ ဂီတလောကကြီး
စိုပြေ ကျယ်ပြန့်လာသလို လုပ်စားကိုင်စားလို့ရတဲ့ဈေးကွက်ကြီးတစ်ခုဖြစ်လာပါတယ်။
တေးသီချင်းထုတ်လုပ်သူနဲ့ဖြန့်ချိပေးတဲ့ တေးသံသွင်းဆိုင်တွေလဲ ပေါ်လာပါတယ်။
တစ်ချို့ကတော့ တေးရေးခ အဆိုတော်ခ တီးဝိုင်းခ အသံသွင်း ခ တွေကို
ထုတ်လုပ်သူက စိုက်ထုတ်ပြီး သီချင်းရွေးချယ်တာက အစ သူ့စိတ်တိုင်းကျ စီမံပြီး
သီချင်းတစ်ခွေဖြစ်အောင်ထုတ်လုပ်ပါတယ်။
တစ်ချို့ကတော့ အဆိုတော်ကိုယ်တိုင်သူ့ဘာသာသူ စိတ်ကြိုက်သွင်းလာတဲ့သီချင်းခွေကို
တေးသံသွင်းဆိုင်တစ်ဆိုင်ခြင်း ကိုကိုယ်တိုင်သွားပြီးတစ်ခွေဘယ်လောက်လို့သတ်မှတ်
ပြီးရောင်းပါတယ်။
ကိုယ်တိုင်ဖြန့်ချီတဲ့သဘောလို့ပြောရင်ရပါတယ်။
တစ်ချို့ကတော့ ဖြန့်ချိပေးမယ့် ဆိုင်ကို အပြီးရောင်းလိုက်ပါတယ်။
ဘယ်လိုပုံစံနဲ့ဘဲရောင်းရောင်း ရောင်းပြီးတာနဲ့ ဒီသီချင်းခွေနဲ့ပါတ်သက်တဲ့ ရှုံးခြင်းမြတ်ခြင်း
က တေးရေးသူ တေးဆိုသူ အတီးသမားတွေနဲ့ ပါတ်သက်ခြင်းမရှိတော့ပါဘူး။
ရှေးကတည်းက သီချင်းရေးသူ သီချင်းဆိုသူ သီချင်းထုတ်လုပ်သူက ရာခိုင်နူန်းနဲ့
ယူတယ်ဆိုတာမျိုးမရှိသလောက်။
တစ်ခါတည်း အပြီးအပြတ် ရောင်းလိုက်ကြပါတာများပါတယ်။
ဒါကြောင့်လဲသီချင်းခွေပေါက်ထွက်သွားရင် တေးရေးသူ တို့ အဆိုတော်တို့ က နာမယ်ရပေမယ့် ပိုက်ဆံကတော့ ထပ်မရတော့ပါဘူး။
ဒီသီချင်းထုတ်လုပ်တဲ့ ဈေးကွက်ဆိုတာကလဲဟိုးရှေးကစလို့ အခုချိန်ထိ ရန်ကုန်မြို့မှာဘဲအခြေစိုက်ပြီးလုပ်ရတဲ့လုပ်ငန်းပါဘဲ။
သီချင်းခွေကိုဝယ်ထားတဲ့ ထုတ်လုပ်သူက မန်းလေး ပုသိမ် ပြည် တောင်ကြီး အစရှိတဲ့ မြန်မာပြည်အနှံ့အပြားက နယ်မြို့ကြီး တွေမှာ ရှိတဲ့ တေးသံသွင်းဆိုင်တွေကို
မူပိုင်ကြေးတွေကာဗာကဒ်စံနစ်တွေနဲ ပြန်ရောင်းပါတယ်။
မူပိုင်ကြေးဆိုတာကတော့ သီချင်းအခွေသစ်တစ်ခွေကို တေးသံသွင်းဆိုင်က လိုချင်တယ်ဆိုရင်
ပြန်လည်ကူးပြီးရောင်းချ ချင်တယ်ဆိုရင် သတ်မှတ်ထားတဲ့ မူပိုင်ကြေးပေးရပါတယ်။
ကာဗာကဒ်ကတော့ ကုန်သလောက်ပိုက်ဆံရှင်းပေးပေါ့။
နာမယ်ရပြီးသားရောင်းတန်းဝင်နေတဲ့အဆိုတော်ဆိုရင်တော့ စပြီး ဝယ်စဉ်ကတည်းက
ကာဗာကဒ် အရည်အတွက် ဘယ်လောက်ယူမှရမယ်ဆိုပြီး မူရင်းဖြန့်ချိသူက သတ်မှတ်ပါတယ်။
ဒါပေမယ့် အများအားဖြင့် တော့ ကုန်သလောက်ရှင်းဆိုတဲ့ ပုံစံနဲ့သာ ရောင်းကြဝယ်ကြပါတယ်။
အဲဒီအချိန်မှာကတတည်းက ခိုးကူးတယ်ဆိုတာရှိပါတယ်။
ကက်ဆက်ခွေကနေပြန်ပွားထားတာဖြစ်တော့ အသံအရည်အသွေးကမကောင်းပါဘူး။
အဲလိုခိုးကူးခွေမှာ မူရင်း ကာဗာကဒ်ကို ဖိုတိုစတက်ဆွဲထားတာ ဒါမှမဟုတ်သီချင်းနာမယ်ကို
လက်ရေးနဲ့ရေးပေးတာမျိုးဘဲရနိုင်ပါတယ်။
၂၀၀ဝခုနှစ်ပါတ်ဝန်းကျင်ကာလမှတော့ တရုပ်ဘက်ကတင်သွင်းလာတဲ့ စီဒီစက်များကနေအစပြုလို့
CD, DVD ကနေ အခုလက်ရှိ EVD အထိ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲလို့လာပါတယ်။
အခုချိန်မှာ အိမ်တိုင်းလောက်နီးပါး အောက်စက်တွေရှိနေတာကြောင့်အရင်လိုကက်ဆက်ခွေနားထောင်သူ
ရှားပါးလို့လာပါတယ်။
အသံသက်သက်ထက်စာရင် ရုပ်လဲမြင်အသံလဲကြားရတဲ့ ဓါတ်ပြားခွေကိုလူတွေက ပိုမက်လာတာရယ်
အသံကွာလတီ ပိုကောင်းတာကြောင့် ကက်ဆက်ခွေ ခေတ်က ကုန်သလိုဖြစ်သွားပါတယ်။
အသုံးပြုတဲ့ခွေ ကွာခြားသွားတဲ့ အခါမှာ သီချင်းထုတ်လုပ်ဖြန့်ချိတဲ့စံနစ်ကလည်းနည်းနည်းတော့ပြောင်းလဲသွားပါတယ်။
အရင်က ကာဗာကဒ်နဲ့ရောင်းချရာကနေအသင့်ကူးပြီးသားခွေကိုရောင်းချတဲ့စံနစ်ကိုပြောင်းသွားခဲ့ပါတယ်။
နည်းပညာတိုးတက်မူ့ကို ခုတုံးလုပ်ပြီး ခိုးကူးခွေဆိုတဲ့ ကိစ္စတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။
အဲဒီခိုးကူးခွေကတော့ အခုချိန်ထိ ဖြေရှင်းလို့ မရနိုင်သေးတဲ့ အကြောင်းအရာတစ်ခုုဆိုရင်လဲမမှားပါဘူး၊
အရင်ကက်ဆက်ခွေ အသုံးပြုတဲ့ အချိန်က ခိုးကူးတဲ့ခွေတွေက အသံအရည်အသွေးနိမ့်ပါတယ်။
ရီကော်ဒါခွေကြီးကနေ ကူးယူတဲ့အသံအရည်အသွေးနဲ့ ကက်ဆက် ကနေ ကက်ဆက်ကူးယူတဲ့ အသံအရည်အသွေးကွာခြားချက်က ကြီးမားပါတယ်။
အခုခေတ်လို့ စီဒီ ဒီဗွီဒီ ခွေနဲ့ ပြန်လည်ကူးယူတာကတော့ မူရင်းအသံအတိုင်းမပျက်မစီးဘဲကောင်းမွန်ပါတယ်။
အဲတော့ ခိုးကူးခွေဖြစ်ဖြစ် မူရင်းခွေဖြစ်ဖြစ် အသံအရည်အသွေးကွာခြားချက် မရှိတဲ့အတွက်
ခိုးကူးခွေရောင်းချသူများဘက်က အလေးသာသလိုဖြစ်နေပါတယ်။
နောက်တစ်ချက် မူရင်းထုတ်လုပ်သူမှာက ထုတ်လုပ်မူ့ကုန်ကျစားရိတ်ရှိပေမယ့် ခိုးကူးသူမှာတော့
ဒီလိုသီချင်းတစ်ခွေဖြစ်မြောက်ဘို့အတွက် ကုန်ကျစရိတ်မရှိ့တဲ့အတွက် ဈေးပေါပေါနဲ့ရောင်းနိုင်ပါတယ်။
ဒီလိုခွေတွေစတင်ရောင်းချစ ကာလမှာ မူရင်းခွေ ဝယ်သွားလို့ အသံမပါတာ အသံထစ်တာ ရှိခဲ့ရင်
ရောင်းပေးတဲ့ဆိုင်တွေက ပြန်လဲမပေးကြပါဘူး။
ခိုးကူးခွေကတော့ ပြန်လဲပေးပါတယ်။
ဒီတော့ ဈေးပေါတဲ့ ခိုးကူးခွေကိုဘဲ လူတွေက အလွယ်တကူ ဝယ်ပြီးနားထောင်ကြပါတော့တယ်။
ဒါပေမယ့် တေးရေ း တေးဆို နဲ့ အတီးသမားများကတော့ ဟိုအရင်က လိုဘဲ စီးရီးတစ်ခုကို ပုတ်ပြတ်အပြီးရောင်းတဲ့ စံနစ်ကို ကျင့်သုံးနေကြဆဲဘဲဖြစ်ပါတယ်။
ဒါကြောင့်လဲ သီချင်းခွေတစ်ခွေ VCD တစ်ခွေ ပေါက်သည်ဖြစ်စေ မပေါက်သည်ဖြစ်စေ
ငွေကြေးရပိုင်ခွင့်ကတော့ အဆိုတော်နဲ့ မပါတ်သက်တော့ပါဘူး။
ထုတ်လုပ်သူများကလဲ ရောင်းကောင်းတဲ့အောင်မြင်သွားတဲ့ သီချင်းခွေအတွက်
ဘာသံမှ မကြားရပေမယ့် ရှုံးသွားတဲ့ခွေ မရောင်းရတဲ့ခွေအတွက်ကတော့
“ခိုးကူးခွေတွေရှိနေတော့ မကို်က်ဘူး” ဆိုတဲ့အသံက ကျယ်လောင်လှပါတယ်။
ပြောရရင်တော့ ခိုးကူးခွေရှိနေလို့ဆိုတာကြောင့်ပထမဆုံးထိခို်က်သူက
ထုတ်လုပ်သူဖြစ်ပါတယ်။
ထုတ်လုပ်သူတွေက မကိုက်လို့မထုတ်ဘူးဆိုတဲ့အတွက်ဒုတိယထိခိုက်သူများက
တေးရေးတေးဆို တီးဝိုင်းနဲ့ အသံဖမ်းသူတွေဘဲဖြစ်ပါတယ်။
တကယ်တမ်းပြောရရင် အောင်မြင်သွားတဲ့အဆိုတော်တစ်ယောက်အတွက်
သီချင်း ဆိုခကြေးကောင်းကောင်းရပေမယ့် တေးရေးသူနဲ့ကျန်တဲ့သူများကတော့
များများရလေ့မရှိတတ်ပါဘူး။
ကျနော်တို့မြန်မာပြည်ရဲ့ဈေးကွက်က အဆိုတော်အပေါ်မှာမူတည်နေပြီးကျန်သူတွေက အရန်ဖြစ်နေလို့ပါဘဲ။
ဒါပေမယ့်အခုခေတ် တေးရေးသူများက အရင်ခေတ်ကလူများထက်စာရင်ခံစားခွင့်ပိုရတယ်လို့ဆို်နို်င်ပါတယ်။
ဟိုအရင်ကတော့ တေးရေးသူကိုတန်ဖိုးမထားကြတော့ ပေးသလောက်သာယူခဲ့ကြရပါတယ်။
အခုခေတ်မှာ လူကြိိုက်များတဲ့တေးရေးဆရာတစ်ယောက်ကို သီချင်းအသစ်အပ်ရင်ဖြစ်ဖြစ် ရေးပြီးသားထဲက ကြိုက်တာတွေ့တယ်ဆိုရင်ဖြစ်ဖြစ် သူများဆိုပြီးသားကို ပြန်ဆိုချင်လို့ဘဲဖြစ်ဖြစ် အသုံးချချင်တယ်ဆိုရင်
ကိုယ်နှစ်သက်တဲ့ဈေးနဲ့ရောင်းခွင့်ရလာလို့ပါဘဲ။
သီချင်းတစ်ပုဒ်နဲ့ပါတ်သက်ပြီး ရပိုင်ခွင့်လေးကိုစဉ်းစားကြည့်မယ်ဆိုရင်
ထုတ်လုပ်ပြီးလို့ရောင်းချထားတဲ့ သီချင်းတစ်ပုဒ်ဒါမှမဟုတ်သီချင်းတစ်ခွေနဲ့ပါတ်သက်ပြီး ရလာမယ့်ငွေကြေးကတော့ထုတ်လုပ်သူ ဒါမှမဟုတ် ဒီခွေကိုအပြီးအပိုင်ဝယ်ထားတဲ့သူနဲ့သာ လုံးဝသက်ဆိုင်ပါတယ်။
တီးဝိုင်းနဲ့ အဆိုတော်အနေနဲ့ကတော့ ဒီသီချင်းဖြစ်ဘို့စတင်ဖန်တီးစဉ်ကတည်းက အခကြေးငွေပေးပြီးသားဖြစ်တဲ့အတွက် ဘာမှ ရပိုင်ခွင့်မရှိတော့ပါဘူး။
တေးရေးသူက တော့ ဒီသီချင်းကို နောက်တစ်ယောက်ပြန်ဆိုခိုင်းတာဘဲဖြစ်ဖြစ်
နောက်တစ်ကြိမ်ထပ်ပြီးအသုံးပြုတာနဲ့ အသုံးပြုခ ပြန်ရနိုင်ပါတယ်။
ဒါကြောင့်မို့လဲသီချင်းတပုဒ်ကိုပြန်ဆိုတော့မယ်ဆိုရင် တေးရေးဆရာကိုရှာပြီးသီချင်းလိုက်ဝယ်ကြရတာပါ။
ဒီလိုသီချင်းဝယ်တဲ့နေရာမှာ အခက်အခဲကြုံကြရတာက သီချင်းရေးသူအစစ်နဲ့ မတွေ့နိုင်တာကိုပါ။
သီချင်းတပုဒ်ထည်းကိုဘဲ သူရေးတယ်ငါရေးတယ်ဆိုတဲ့ပြဿနာတွေရှိလာတာပါ။
ဥပမာပေးရရင် မြန်မာပြည်မှာလူသိအများဆုံးဖြစ်တဲ့ “မန်းတောင်ရိပ်ခို”ကတော့အထင်ရှားဆုံးဥပမာပါဘဲ။
နောက်တစ်ခုရှိပြန်တာက သီချင်းရေးတာ ဝါသနာပါသူလေးတွေက အောင်မြင်နေတဲ့တေးရေးဆရာ ကိုသီချင်းလေးတွေပေးထားတတ်ကြပါတယ်။
ကိုယ်ရေးထားတဲ့သီချင်းအကြမ်းတို့ သီချင်းစာသားတို့ သံစဉ်တို့ကို ကိုယ်ဆရာတင်ထားတဲ့
တေးရေးသူ ဆီကိုပေးလိုက်ပါတယ်။
အဲဒီတေးရေးသူက သီချင်းလေးတွေကို ပြင်လိုက်တာမျိုးရှိသလို မပြင်ဘဲလဲ ဒီအတိုင်းအဆိုတော်တွေ
ကိုရောင်းလိုက်တာမျိုးရှိတတ်ပါတယ်။
သီချင်းဝယ်သူကလဲ လူသစ်ရေးထားတာဆိုရင်ကောင်းပေမယ့်ဝယ်ချင်မှဝယ်မှာပါ။
နာမယ်ရှိတေးရေးဆရာ ရေးတာဆိုပြီးဝယ်လိုက်ပါတယ်။
အဲတော့တေးရေးနေရာမှာ နာမယ်ရှိသူတေးရေးဘဲ တပ်ပေးလိုက်ပါတယ်။
နောင်ဒီသီချင်းလေးက လူကြိုက်များ နာမယ်ကြီးပြီဆိုမှ တကယ့်တေးရေးသူအစစ်က
ပေါ်လာပြီး ကျနော်ရေးတာပါဆိုပြီးဖြစ်လာတဲ့အခါမှာရှင်းကြလင်းကြနဲ့ပေါ့။
တစ်ချို့သီချင်းတွေကြပြန်တော့လည်း စာသား ရေးသူကတစ်ယောက်
အသံထည့်သူက တစ်ယောက်ဖြစ်နေတတ်ပါတယ်။
လူအများနှစ်သက်ခဲ့ကြတဲ့ “ဗေဒါလမ်း”သီချင်းလိုမျိုးပေါ့။
နောက်အချို့သီချင်းတွေက ကိုယ်ပိုင်သံစဉ်သီချင်းတွေမှာကို သီချင်းတေးသွား အလိုက် တူပြီး စာသားမတူတဲ့သီချင်းမျိုးတွေလဲရှိနေပြန်ပါသေးတယ်။
ဟေဝန်နန်းနဲ့ရွှေပြည်စိုး ၊ တောင်သူပျိုနဲ့ချစ်စရာပန်း
လယ်သူမလေးချစ်သူနဲ့အချစ်ကိုဦးစားပေးခဲ့သူ ဆိုတဲ့သီချင်းတွေ စာသားမတူ ပေမယ့် အလိုက်တူတာတွေရှိခဲ့ဘူးပါတယ်။
ပိုဆိုးတာကတော့ ကော်ပီသီချင်းတွေမှာ သီချင်းတစ်ပုဒ်ထဲကိုဘဲ သူလဲရေး ငါလဲရေး နဲ့ စာသားတွေထည့်ကြတော့အလိုက်တူ စာသားကွဲသီချင်းတွေအများကြီးရှိလာပါတယ်။
ဒီကော်ပီသီချင်းဆိုတာက အခုခေတ်မှမဟုတ်ဘဲရှေးကတည်းက ရှိခဲ့တာကိုတွေ့ရပြန်ပါတယ်.။
ဟိုးရှေးရှေး မြဝတီမင်းကြီး ဦးစတို့လက်ထက်ကတည်းကကော်ပီသီချင်းဆိုတာရှိနေခဲ့တာပါ။
ခရစ်ယာန်ဘုရားသီချင်းအလိုက်ကိုယူထားတာရှိတယ်။
ယုးိဒယားသီချင်းအလိုက်ယူထားတာရှိတယ်။
(ဒါတွေကအခုတော့ “သီချင်းကြီး “ဆိုတဲ့ ဂန္တဝင်တွေဖြစ်လို့နေပါတယ်)
နောက်စစ်မဖြစ်ခင်မှာရော စစ်ပြီးခေတ်မှာလဲ အင်္ဂလိပ်သီချင်း ပြင်သစ်သီချင်းအလိုက်တွေကိုယူပြီး
မြန်မာစာသားထည့်ပြီးဆိုခဲ့ကြဘူးပါတယ်။
ကျနော်တို့ တပ်မတော်စစ်ချီသီချင်းတစ်ချို့ဆိုရင်လဲ ဂျပန်စစ်ချီသီချင်းအလိုက်တွေဖြစ်နေပါတယ်။
မြန်မာတပြည်လုံးအနှစ်သက်ဆုံးမင်းသားထဲက တစ်ဦးဖြစ်တဲ့ ဝင်းဦး သီဆိုခဲ့တဲ့သီချင်းတွေမှာလဲ
ကော်ပီသီချင်းတွေအများကြီးပါဘဲ။
ရေဒီယိုသီချင်းတွေခေတ်စားခဲ့တဲ့ အချိန်မှာလဲ ကော်ပီတွေရေးခဲ့ဆိုခဲ့ကြပါတယ်။
ဥပမာ ကိုယ်ပိုင်သံစဉ် အဆွေးသီချင်းတွေ ရေးခဲ့ဆိုခဲ့သူ ကိုသန်းလှိုင်လို သူမျိုးတောင်မှ
“စေတနာ”ဆိုပြီး ကော်ပီသီချင်းဆိုခဲ့တာမျုးိရှိခဲ့ပါတယ်။
အရင်ကတော့ လမ်းသူရဲသီချင်းလို့ အမည်တွင်ခဲ့တဲ့သီချင်းအများစုကတော့ အင်္ဂလိပ်သီချင်းကော်ပီ
အလိုက်တွေဘဲဖြစ်ခဲ့ပါတယ်။
မင်းမင်းလတ် ပလေးဘွိုင်အုပ်စု ဘိုဘိုဟန် နွဲ့ယဉ်ဝင်း နော်လီဇာ တို့လို့
အဆိုတော်ကြီးတွေဆိုရင် အင်္ဂလိပ်သီချင်းအလိုက်
စိုးပိုင် ကျော်သူရ စိန်ဝင်းထွန်း ဆိုရင် ကုလားသီချင်းအလိုက်
ကန့်ကော်တောမျုးိအောင်ဆိုရင် တရုပ်သီချင်း အလိုက် လို့သတ်မှတ်လို့ရနိုင်အောင်
ကိုယ်သန်ရာ သန်ရာ ကော်ပီသီချင်းတွေဆိုခဲ့ကြပါတယ်။
ကန်းထရီး – ဂိုးဂိုး -ရောခ်အင်ရိုး -ဒစ္စကိုခေတ်ကစလို့ ကော်ပီခဲ့ကြတာ
ရော်ခ် ဟဲဗီးရောခ် ပန့်ရောခ် ရက်ပ် အော်လတာ ကနေ အခု ဟစ်ဟော့ အာအန်ဘီ
ခေတ်ထိ ကော်ပီတွေက မြန်မာဂီတကို လွှမ်းမိုးထားနေဆဲပါဘဲ။
အားမနာတမ်းပြောရမယ်ဆိုရင်ဖြင့်ကျနော်တို့က သူများဟာတွေကိုယူသုံးခဲ့ကြတာ
ရှေးကတည်းက စလို့ ယနေ့ထိတိုင်အောင်ပါဘဲ။
ကိုယ်ပိုင်သံစဉ်တွေရေးဖွဲ့ခဲ့သူတွေ အများအပြားရှိပေမယ့် နိုင်ငံတကာကို
ထိထိရောက်ရောက် ပြန်လည်ဖောက်ထွက်နိုင်သူ မရှိသေးပါဘူး။
******************************************************************
ဟိုလွန်လေးပြီးသော ကာလတစ်ခုတုံးက ပလေးဘွိုင်း တီးဝိုင်းခေါင်းဆောင် လဲဖြစ်
အဆိုတော်လဲ ဖြစ်သူ ပလေးဘွိုင်းသန်းနိုင်က တေးရေးသူများအတွက် တစ်ခါ တင်ပြခဲ့ဘူးပါတယ်။
စတိတ်ရှိုးမှာ သီချင်းဆိုရင် တေးရေးသူများကို အနုပညာကြေးပေးဘို့ပါ။
သူကိုယ်တိုင်လဲ သူ့ရဲ့ ပင်တိုင်တေးရေးဆရာလိုဖြစ်နေတဲ့ ကိုလေးလွင်ကို
စတိတ်ရှိုးမှာ သူူအသုံးပြုခဲ့ ဆိုခဲ့တယ်ဆိုရင် တေးရေးသူကို အနုပညာကြေးပေးတယ်လို့ သိခဲ့ရပါဘူးတယ်။
ဘယ်နှစ်ကြိမ်ပေးခဲ့တယ်ဆိုတာတော့ ကျနော်လဲ အတိအကျမသိပါဘူး။
ကိုယ်ဖတ်ဘူးကြားဘူးတာကနေ မှတ်မိသလောက်လေးပြောကြည့်တာပါ။
ဒါပေမယ့် အဲဒီအစီအစဉ်က မအောင်မြင်ခဲ့ဘူးလို့ ဆိုနိုင်ပါတယ်။
မအောင်မြင်လို့လဲ တေးရေးသူက သူ့တို့သီချင်းတွေ အသုံးပြုတာကို
ခွင့်တောင်းတယ် မတောင်းဘူးဆိုတဲ့
ကိစ္စက ပေါ်လာရတာပါ။
တကယ်တမ်းတိတိကျကျ လုပ်နိုင်မယ်ဆိုရင်တော့ကောင်းပါတယ်။
အဆိုတော်တစ်ယောက်က စတိတ်ရှိုးမှာ သီချင်းဆိုခဲ့ရင် အဲဒီအဆိုတော်က အခမဲ့သီဆိုတဲ့ပွဲကလွဲလို့
ကျန်တဲ့ ဘယ်နေရာမှာဆိုဆို တေးရေးသူကို ဘယ်လောက်ပေးရမယ်ဆိုတာ တိတိကျကျသတ်မှတ်ထားရင်
ကောင်းပါမယ်။
အဲလိုသတ်မှတ်ပြီးရင် အဆိုတော်က လဲ ရှိုးပွဲတစ်ခုတက်မယ်ဆိုရင်ဘယ်သီချင်းဆိုမယ် ဘယ်နှစ်ပုဒ်ဆိုမယ်
ဆိုတာကို ကြိုတင်ပြင်ဆင် တေးရေးသူနဲ့ကြိုတင်ညှိနိုင်း ရမှာဖြစ်ပါတယ်။
ဒါဆိုရင် နှစ်ဦးနှစ်ဖက်ပြဿနာတက်စရာမရှိတော့ဘူးလို့ထင်ပါတယ်။
ဒီလိုပြောကြမယ်ဆိုရင် ကိုယ်ပိုင်သံစဉ်သမားကတော့ကိုယ်ပိုင်ပစ္စည်းမို့
တိတိကျကျ ပြတ်ပြတ်သားသားပြောလို့ ရပါတယ်။
ကော်ပီသမားသမားကတော့ သူများပိုင်တာတစ်ဝက်ကိုယ်ပိုင်တာတဝက်ဖြစ်နေပြန်ပါတယ်။
ဒီကော်ပီတေးရေးသူတွေနဲ့ပါတ်သက်လို့ ဘဲ အဲဒီဂျာနယ်ထဲမှာရှေ့နေတစ်ယောက်ကပြောထားတာလေးကိုဆက်ဖတ်မိပါတယ်။
ကော်ပီသီချင်းတွေနဲ့ပါတ်သက်လို့ ပြောထားတာပါ။
ကော်ပီသီချင်းဆိုပေမယ့်လဲ စာသားကို တေးရေးသူက ပိုင်ပါတယ်ပေါ့။
အဲတော့ သူက သူစာသားအသုံးပြုတဲ့အတွက် တရားစွဲလို့ ကန့်ကွက်လို့ရတယ်ပေါ့။
သံစဉ်အတွက်ကတော့ ဟိုမူရင်းပိုင်ရှင်က ဘာမှမပြောဘူးဆိုရင် ဘာမှမဖြစ်ဘူးလို့ပြောသွားပါတယ်.။
ကျနော်တို့ဆီက တေးရေးသူတွေ ကော်ပီတွေရေးခဲ့ကြတာအများကြီးပါဘဲ။
ဒါပေမယ့် မူရင်းပိုင်ရှင်ကိုသံစဉ်ယူသုံးတဲ့အတွက် အခကြေးငွေပေးခဲ့ပါသလား။
ခွင့်တောင်းခဲ့ပါသလားလို့များမေးရင် “ဟင့်အင်း”လို့ပြောကြရမယ်သူတွေအများကြီးဖြစ်မှာပါဘဲ။
“သီချင်းတစ်ပုဒ်ကောင်းတယ်ဆိုရင် နိုင်ငံတကာမှာလဲ ဒီလိုဘဲ ဘာသာစကားအမျုးိမျိုးနဲ့ပြန်ဆိုခဲ့ကြတာပါဘဲ”လို့ဖြေကြမှာ သေချာသလောက်ပါဘဲ။
ကိုယ့်ဟာကိုတော့ခွင့်မတောင်းဘဲသုံးလို့ မကျေမနပ်ဖြစ် နေပေမယ့် နိုင်ငံခြားက သူများသံစဉ်ကို
ယူသုံးထားတဲ့သီချင်းတွေကို တော့ ကိုယ်ကခွင့်မတောင်းဘဲသုံးထားတယ်ဆိုပြန်တော့
တွေးကြည့်ရင် ရီစရာကောင်းနေသလို ကို ယ်ချင်းစာတရားမရှိသလိုဖြစ်နေပြန်ပါတယ်။
ကျနော်အမြင်ပြောရရင် ဟိုးရှေးခေတ်ကတော့ ဓါတ်ပြားခေတ်တစ်ခေတ်ပေါ်ထွန်းခဲ့ဘူးပါတယ်။
ဓါတ်ပြားတစ်ပြား သီချင်းတစ်ပုဒ်ထဲပါတယ် ဆို တဲ့ခေတ်ပေါ့။
အဲဒီခေတ်ကလဲ ရောင်းခဲ့ရကြပါတယ်။
ဓါတ်စက်ဆိုတာ အိမ်တိုင်းမရှိလေတော့ သိပ်တော့ မတွင်ကျယ်ခဲ့တာလဲအမှန်ပါဘဲ။
သီချင်းတစ်ပုဒ်စီဒီတစ်ချပ်ဆိုတာမဖြစ်နို်င်တောင်မှသီချင်းငါးပုဒ်ကို စီဒီခွေတစ်ချပ်လုပ်နို်င်မယ်ဆိုရင်တော့ ဈေးကွက်အပြောင်းအလဲတစ်ခုဖြစ်လာနို်င်မယ်လို့ တွေးမိပါတယ်။
ဒါပေမယ့် များများပါမှ တန်တယ်ထင်တဲ့ကျနော်တို့ရဲ့စိတ်တွေကို ပြုပြင်ဘို့တော့နည်းနည်းခက်နို်င်ပါတယ်။
ဆီးရီစ်တစ်ခွေမှာ သီချင်းပုဒ်ရေနည်းနည်းဘဲထည့်မယ်ဆိုရင် ထုတ်လုပ်မူ့ကုန်ကျစရိတ်လဲနည်းပါမယ်။
အဲတော့ အများဝယ်နိုင်မယ့်ဈေးနဲ့ရောင်းနိုင်မယ်လို့ယူဆရပါတယ်။
တေးရေးသူ တီးဝိုင်းနဲ့အဆိုတော်တို့ပူးပေါင်းပြီး ထုတ်လုပ်နိုင်မယ်ဆိုရင် ကိုယ်ကြိုးစားအားထုတ်သလောက် ကိုယ်တိုင်ခံစားရမယ်လို့တွေးမိပါတယ်။
ဒါလေးကတော့ ကျနော်တွေးမိသလောက်လေးပွားကြည့်မိတာပါ။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(8-2-2013)
16 comments
ကိုပေါက်(မန္တလေး)
February 11, 2013 at 6:21 pm
မနေ့ညက အိပ်မက်ဆုံရာ ဖိုင်နယ်ထိုင်ကြည့်သေးတယ်။
ကလေးတွေဆိုတာ ကောင်းတယ်
ဖျပ်ကနဲတွေးမိတာ အဲဒီမှာ ဆိုတဲ့သီချင်းတွေကို ဆိုကြတာ တေးရေးသူဆီ ခွင့်မှတောင်းဖြစ်ကြသလားလို့ပါ။
မောင်ပေ
February 11, 2013 at 7:19 pm
လေးပေါက်ရဲ ့ပို ့စ်ကိုဖတ်ပြီး ဘာမန် ့ရမှန်း မသိတာနဲ ့ ဒီလိုလေး မန် ့မယ်
ကျုပ်ကြိုက်တဲ့ သီချင်းတစ်ပုဒ်
ကိုရင်ဂို ဆိုထားတဲ့ “ သီချင်းလေးသေရင်..လိုက်လို ့သေမလို ့” ဆိုတဲ့ သီချင်းဗျာ
ကိုရင်ဂို ရဲ ့ရှေ ့မှာ ဆိုခဲ့တဲ့ တေးဆိုကိုတော့ မသိဘူးရယ်
အဲဒီသီချင်း ရဲ ့မူရင်း သီချင်း ဟာ “ Don McLean – American Pie ” ဆိုတာကို မန် ့မယ်ဗျာ
ကိုပေါက်(မန္တလေး)
February 12, 2013 at 9:15 am
သူ့အရင်ကတော့ ပလေးဘွိုင်သန်းနိုင် ဆိုထားပါတယ်။
မောင်ပေ
February 11, 2013 at 7:24 pm
အဲ့သီချင်းထဲက အကြိုက်ဆုံး စာပိုဒ်လေးကို ကူးထည့်ပေးလိုက်ပါတယ်
မူရင်းလင့်ခ်ကတော့
http://www.lyricsfreak.com/d/don+mclean/american+pie_20042099.html
Did you write the Book of Love and do you have faith in God, above?
If the Bible tells you so
Now, do you believe in Rock and Roll? Can music save your mortal soul? And…
Can you teach me how to dance real slow?
Well, I know that you’re in love with him, ’cause I saw you dancing in the gym
You both kicked off your shoes – man, I dig those rhythm and blues
I was a lonely, teenage broncin’ buck with a pink carnation and a pickup truck, but…
I knew I was out of luck the day the music died
Mr. MarGa
February 11, 2013 at 8:22 pm
သီချင်းမူပိုင်ခွင့်နဲ့ပတ်သက်လို့ ဥပဒေတိတိကျကျ ဖြစ်သင့်တာ ကြာပါပြီ
ပြောရမယ်ဆိုရင်တော ့ဉာဏပစ္စည်းမူပိုင်ခွင့် ဥပဒေ လုပ်သင့်ပါပြီ
မူပိုင်ခွင့်မှာ သီချင်းတင်မကပါဘူး စာပေ၊ ရုပ်ရှင်၊ ကဗျာ၊ ကာတွန်း အားလုံးဟာ တစ်နည်းမဟုတ်တစ်နည်း မူပိုင်ခွင့် ချိုးဖောက်ခံနေရတာပါ။
သီချင်းနဲ့ ဗီဒီယိုက ဈေးကွက်ပျက်မတတ် ဖြစ်သွားလို့ ဒါတွေက ရှေ့ရောက်သွားတာလို့ ထင်ပါတယ်။
ကိုပေါက်(မန္တလေး)
February 12, 2013 at 9:42 am
သီချင်းဗွီဒီယုို ဈေးကွက်ပျက်တယ်ဆိုတာ ခိုးကူးခွေတစ်ခုထည်းကြောင့်
ဟုတ်မဟုတ် ဆိုတာကတော့ သုတေသနလုပ်ဘို့လိုလာပါပြီ။
အဆိုတော် တွေထဲမှာ ဝါသနာကြောင့်လုပ်နေသူတွေရှိပေမယ့်လည်း သီချင်းတစ်ပုဒ်လောက်ပေါက်ရင် မင်္ဂလာဆောင်နဲ့ရှိုုးပွဲလိုက်ဆိုလို့ရပြီဆိုတဲ့ရည်ရွယ်ချက်လောက်နဲ့လုပ်စားနေသူတွေရှိနေပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းရက်က ရန်ကုန်ထရိတ်ဒါးမှာ ညနေပိုင်း မင်္ဂလာဆောင်ပွဲတစ်ခုရောက်ခဲ့ပါတယ်။
တရုပ်သီချင်း ဆိုတဲ့ အဆိုတော်နှစ်ယောက် မြန်မာ့သီချင်းဆိုတဲ့ နိုင်ငံကျော်တွေက သုံးယောက်(ကျနော်မှတ်မိတဲ့သူပေါ့)လဲ ပါ ပါတယ်။
အမျုးိသားအဆိုတော်တစ်ယောက်က ဆိုရင်းဆိုရင်း အတီးသမားက ကီး မြှင့်လိုက်တဲ့အခါမှာ
အသံမလိုက်နိုင်တော့ ဆက်မဆိုဘဲ ရီဖြဲဖြဲနဲ့ လုပ်နေပါတယ်။
သူတို့ဒီလို့ပွဲမျိုးမှာအလွန်ဆုံးဆိုမှ လေးပုဒ်ထက်မပိုပါဘူး။
ဒါမျုးိကတော့ မဖြစ်သင့်ပါဘူး။
ပိုက်ဆံယူထားရင် တန်အောင်တော့ ဆိုပေးရမှာအမှန်ပါဘဲ။
ဒီလိုပွဲမျုိုးဆိုခွင့်ရဘို့ဆိုတာကလည်း တော်ရုံတန်ရုံ အဆိုတော်လောက်ကတော့ ဆိုခွင့်မရပါဘူး။
အဲတော့ မြန်မာပြည်က အဆိုတော်တွေမင်္ဂလာဆောင်လိုက်ဆိုရတယ်ဆိုတာ သနားစရာကောင်းသော ကိစ္စ ဂုဏ် သရေ နိမ့်ပါးတဲ့ကိစ္စမဟုတ်ပါဘူး.။
သူတို့ကိုယ်တိုင်က လိုလို လားလား လုပ်တဲ့ကိစ္စပါဘဲ။
နောက်တစ်ချက် ဒီနိုင်ငံမှာက သီချင်းတစ်ခွေ ဆိုရင်ဆယ့်လေးငါးပုဒ် ပါမှဆိုပြန်တော့
အပုဒ်ရေမပြည့်ပြည့်အောင်ကိုယ်တိုင်စိတ်တိုင်းမကျဘဲ ထည့်လွတ်တာတွေလဲရှိနေပြန်ပါတယ်။
အဲတော့ နားထောင်သူ နားထဲကို ရောက်မသွားတဲ့သီချင်းတွေလဲအများကြီးရှိနေတတ်ပါတယ်။
တစ်ခုတော့ ရှိပါတယ် ဒီသီချင်းအကြောင်းတွေကျနော်ပြောနေပေမယ့် ကျနော်ကိုယ်တိုင်ကတော့
ဘယ်တူရိယာပစ္စည်းမှ မတီးတတ် ဘာဂီတသင်္ကေတမှလဲ မတတ် သီချင်းတစ်ပုဒ်ကို ဌာန်ကရိုင်းကျအောင် မဆိုတတ် သီချင်းတစ်ပုဒ်ဖြစ်လာအောင် မရေးတတ်ပါဘူး။
နားဆင်ခံစားသူ သက်သက်ပါဘဲ။
ဂီတကို မဖန်တီးတတ်ပေမယ့် ခံစား လို့တော့ရပါတယ်။
နောက်တစ်ချက် သီချင်း ဗွီဒီယို တွေကလ ဲကိုယ်ပိုင်စစ်စစ် ဟုတ်မဟုတ် ပြန်လည်စီစစ်ဘို့လိုပြီထင်ပါတယ်။
မြန်မာပြည်မှာက သီချင်းကော်ပီ ဗွီဒီယို ဖြတ်ညှပ်ကပ် ဆောင်းပါး ဖြတ်ညှပ်ကူး တွေက တယ်များသကိုးဗျ။
uncle gyi
February 11, 2013 at 10:47 pm
သီချင်း၅ပုဒ်ကိုတခွေ
မြန်မာလူမျိုးစိတ်ဓါတ်နဲ့
တန်တယ်လို့မထင်ဖို့များလို့
အတော်ကြိုးစာရမယ်ထင်ကြောင်းပါဗျာ
kai
February 12, 2013 at 12:47 am
ပြောပြီးသားပါပဲ..
ထပ်ပြောရရင်..မူပိုင်ခွင့်တွေပွင့်လင်းအသက်ဝင်လာတဲ့အချိန်မှာ.. အိုင်စီကိုတရားများစွဲမလားမသိ.. ။ အဲဒီပါမောက္ခစကားထဲမှာ.. စီးပွားရေးအရအောင်မြင်တယ်ပြောထားခဲ့တာမို့ပါ..။
အသေးစိတ်..အောက်ကလင့်ခ်ကိုသွားဗျို့..
ဒန်တန်တန်..
=
http://www.npr.org/2011/12/01/143014871/shakira-and-collective-souls-hits-with-a-burmese-twist
Heather MacLachlan, a music professor at the University of Dayton, traveled to Myanmar a few years ago to study the country’s traditional music, only to discover that most people were listening to pop. She writes about the phenomenon in her new book, Burma’s Pop Music Industry: Creators, Distributors, Censors.
“A lot of Burmese people — and musicians especially — when they talk about what is a good song, what is a quality piece of work, what they say is, ‘It’s a song that sells a lot, a song that’s commercially successful,’ ” MacLachlan says in an interview with NPR’s Guy Raz. “That’s how they judge artistic quality. So they know as well as everybody else that the best-selling music in the world comes out of the American and British pop-music industries. That’s the music that they’ve very much taken to themselves, and it has become something that’s really part of Burmese life since the early 1970s.”
surmi
February 12, 2013 at 2:35 pm
အနုပညာ တင်မက အခြားထုတ်လုပ်ဖြန် ့ချီရေးတွေအတွက်ပါ
မူပိုင်ခွင် ့ ဥပဒေ ကောင်းကောင်းအသက်ဝင်ဖို ့လိုမယ်ထင်ပါကြောင်းးးးးးးး
ကိုပေါက်(မန္တလေး)
February 12, 2013 at 10:24 pm
ကိုဆာမိရေ
ခက်တာက ဒီမှာက ရှေးကတည်းက ဆင်တူရိုးမှားတို့ ပုံမှားရိုက်တာတို့
သူများဟာကူးလာပြီး လူမမိသေးသမျှ ခပ်တည်တည်နဲ့နေတာတို့
သူများဟာကိုယူထားပြီးရင် နာမယ်ဖော်ပြရကောင်းမှန်းမသိတာတို့
အခြားဘာသာနဲ့ရေးထားတဲ့စာကို ခပ်တည်တည်ဘာသာပြန်ပြိး ကိုယ့်စာလုံးလေးတစ်လုံးနှစ်လုံးဖြည့်ပြီး
ကိုယ်ရေးသလိုလိုလုပ်တာတွေကစပြုပြင်ရမှာပါ။
ခင်ခ
February 13, 2013 at 9:45 am
သူများကို မူပိုင်ခွင့် မချိုးဖောက်သင့်ဘူးလို့ ကိုယ်ကဆိုရင်၊ ကိုယ် ကိုယ်တိုင်ရော မူပိုင်ခွင့်ကို လိုက်နာမှု့ရှိ ရဲ့လားလို့ ပြန်ဆန်းစစ်ပါ။ ကိုယ် ကိုယ်တိုင် မူပိုင်ခွင့်ကို လိုက်နာတယ်လို့ယူဆရင် မြန်မာပြည်တွင်းက ဆိုရင် သင် သုံးနေတဲ့ ကွန်ပျူတာကို သင် ဆက်မသုံးဘဲသာ ပိတ်ထားလိုက်ရမလို ဖြစ်မယ်နော်။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ကွန်ပျူတာထဲထဲ့တဲ့ ဆော့ဝဲလ်တွေဟာ များသောအားဖြင့် မူပိုင်ခွင့် စည်းကမ်းနဲ့အညီ ရယူသုံးစွဲတာ မဟုတ်တဲ့ ရာခိုင်နှုန်းကများလို့ပါဘဲ။ အခု ပိုစ့်ပိုင်ရှင် ကွန်ပျူတာဆော့ဝဲလ်တွေတောင် မူပိုင်ခွင့်နဲ့ လွတ်ကင်းရဲ့လား လို့တွေးမိရင်း………………။
panpan
February 13, 2013 at 9:54 am
သူများဟာယူသုံးရင် ပိုင်ရှင်ကတရားစွဲသင့်ပါတယ်
တောင်းပန်ရုံနဲ့ပြီးသွားရင် ဒုံရင်းဒုံရင်းပြန်ဖြစ်နေုမှာပါ
သီချင်းမှမဟုတ်ပါဘူး
ဘယ်ဟာဖြစ်ဖြစ်ပါ
ဒါနဲ့ ခုကွန့်မန့်ရေးနေတဲ့ဒီကွန်ပျူတာက ဝင်းဒိုးက လိုင်စင်ဗားရှင်းမဟုတ်ဘူး လောက်လောက်ပေးရေ့
လေးလေးပို့စ်ကိုမန့်တာမို့ လျှော်ကြေးပေးရရင် လေးလေးတဝက်စိုက်
ကိုပေါက်(မန္တလေး)
February 13, 2013 at 3:02 pm
(အခု ပိုစ့်ပိုင်ရှင် ကွန်ပျူတာဆော့ဝဲလ်တွေတောင် မူပိုင်ခွင့်နဲ့ လွတ်ကင်းရဲ့လား လို့တွေးမိရင်း………………။)
သိပ်ဟုတ်တာပေါ့ ကိုခင်ခနဲ့ ပန်ပန်ရေ……………..
ဒီမူပိုင်ခွင့်ဆိုတာကြိးနဲ့ကိုင်ကို်င်ပေါက်ကြလွန်းလို့ ဒီပိုစ်ကိုရေးဖြစ်တာပါ။
မြန်မာနိုင်ငံအတွင်းက ကွန်ပြူတာ -အိုင်တီအတတ်ပညာတွေတတ်ကျွမ်းသူ
ကွန်ပြူတာဆော့ဖ်ဝဲတွေအသုံးချနေသူအားလုံးက တရားဝင်ဝယ်ယူထားတဲ့
လိုင်စင်ယူပြီးထားတာကို အသုံးချပြီးသင်ကြားခဲ့ကြတာမဟုတ်ပါဘူး။
ဒီလိုလူတန်းစားထဲမှာ ကျနော်အပါအဝင် တစ်ပြည်လုံးအတိုင်းအတာနဲ့
ပြောလို့ရပါတယ်။
ကျနော်တို့ဒီပညာတွေကို တတ်ခဲ့ကြတာ ကွန်ပြူတာသင်တန်းတွေ
ရုံးတွင်းသင်တန်းတွေ ဒါမှမဟုတ် နီးစပ်ရာလူကသင်ပေးရင်း
လိုင်စင်ဝယ်မထားတဲ့ဆေ့ာဖ်ဝဲတွေကနေ သင်ယူပြီးအခုထိအသုံးချနေကြတာပါဘဲ။.
လိုင်စင်ဝယ်မထားတဲ့အတွက်အသုံးမပြုရတော့ဘူးဆိုရင် တစ်ပြည်လုံးအတိုင်းအတာနဲ့
ကွန်ပြူတာတွေပိတ်ထားရမှာအသေအချာပါဘဲ။
ဒီဆောဖ်ဝဲထုတ်လုပ်သူက ဒီကိစ္စကို မသိဘဲတော့မနေပါဘူး။
ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်နေတဲ့အတွက် ခွင့်လွတ်ထားတာဖြစ်နိုင်သလို
သူတို့အတွက် တရားစွဲဘို့ ကန့်ကွက်ဘို့ အလှမ်းဝေးနေတာကြောင့်လဲ မသိချင်ယောင်ဆောင်နေတာဖြစ်နိုင်ပါတယ်။
အခုတော့ တတ်အောင်သင်ထား လိုက် နောက်မှတရားဝင်ရုံးလာထိုင်ပြီး လိုင်စင်ရောင်းမယ်ဆိုတဲ့
အတွေးမျုိုးလဲရှိချင်ရှိနေနိုင်ပါတယ်။
မြန်မာပြည်မှာအခုလက်ရှိသုံးနေတဲ့အထဲမှာ တရားဝင်လိုင်စင်နဲ့သုံးသူရှိကောင်းရှိနို်င်ပေမယ့်
တစ်ပြည်လုံးအတိုင်းအတာနဲ့ဆိုရင် နည်းပါမယ်။
မြန်မာပြည်ကနေု နိုင်ငံခြားကိုသွားတဲ့ ကလေးတစ်ယောက်က သူ့လက်တော့လေးကို
ယူသွားပါသတဲ့။
အဲဒီထဲမှာ လက်ရှိသူသုံးနေတဲ့ဆော့ဖ်ဝဲတွေဝယ်ထည့်သွားပါသတဲ့။
ဟိုရောက်လို့ ဖွင့်လဲဖွင့်ရော အဲဒီသွင်းထားတဲ့ဆော့ဖ်ဝဲတွေက အလုပ်မလုပ်တော့ဘဲ
လိုင်စင်ဝယ်ယူဘို့ အချက်တွေပေးပါသတဲ့။
ကျနော်တို့ဆီမှာ ဒီဆော့ဖ်ဝဲ တွေ တရားမဝင်သုံးနေတာကို သိနေပေမယ့်
ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုမှာ အတတ်ပညာ ပြန့်နှံ့စေလိုတဲ့သဘောနဲ့မပိတ်ဘဲများထားသလားလို့လဲ
တွေးမိပါတယ်.။
ဒါကတော့ အတတ်ပညာပိုင်းဆိုင်ရာမို့ သီးသန့်စဉ်းစားရမယ်လို့ထင်ပါတယ်။
kai
February 13, 2013 at 3:10 pm
ဒီပိုင်းရိပ်ဆော့ဝဲလ်အကြောင်းတွေ..ရွာထဲတော်တော်လေး.. ဆွေးနွေးခဲ့ဖူးပါတယ်..
ထပ်မပြောချင်တော့ဘူး..
အခုလောလောဆယ်တော.. ဟောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေရဲ့.. ဂရပ်ဖစ်ပိုင်းကို ကန်ထရိုက်ယူလုပ်ပေးနေတဲ့ ကုမ္ပဏီတခုက မေးလာတယ်..
မြန်မာပြည်နဲ့အလုပ်လုပ်ချင်လို့တဲ့..
ဂရပ်ဖစ်သင်တန်းတွေလည်းပေးပါမယ်တဲ့..။
ဆိုတော့..
ကျုပ်ကတော့ပြောထားတယ်..
မြန်မာတွေ ဖိုတိုရှော့တော်တော်ရကြပါတယ်လို့..။ သိပ်သင်ပြစရာမလိုပါဘူး..လို့..။
ပိုင်းရိပ်ခွေတွေနဲ့ထည့်သင်ထားတော့.. တတ်ကြ..တော်ကြတာပေါ့…
သူတို့လာရင်တော့.. လိုင်စင်နဲ့ဟာတွေဝယ်ပေးမှာပါ. :kwi:
ကိုပေါက်(မန္တလေး)
February 13, 2013 at 3:10 pm
နောက်တစ်ခုကတော့ အနုပညာဖန်တီးမူ့ပါ။
အနုပညာဖန်တီးတယ်ဆိုတာက လူတစ်ယောက်ရဲ့ကိုယ်ပိုင်စဉ်းစားတွေခေါ်မူ့ကနေဖြန့်ထွက်
လာတဲ့အကြောင်းအရာတစ်ခုပါဘဲ။
ဒီအနုပညာ ပစ္စည်း(သီချင်း ၊ကဗျာ၊ဆောင်းပါး ၊ဝတ္တု၊ဓါတ်ပုံ)တွေကိုအသုံးပြုမယ်ဆိုရင်တော့
သူများကိုသိစေချင်လို့ပြန်ဖြန့်ဝေတာဘဲဖြစ်ဖြစ် ပြန်လည်ရောင်းချတာဘဲဖြစ်ဖြစ် ငွေကြေးတစ်စုံတစ်ရာ
ပေးသည်ဖြစ်စေမပေးသည်ဖြစ်စေ မူရင်းဖန်တီးခဲ့သူရဲ့ ကြိုးစားအားထုတ်မူ့ကိုအသိအမှတ်ပြုသောအားဖြင့်
လေးစားသောအားဖြင့် ဖန်တီးသူရဲ့ နာမယ်ကို ဖော်ပြပေးသင့်ပါတယ်။
ခွင့်တောင်းတယ် ခွင့်မတောင်းဘူးဆိုတဲ့အကြောင်းပြောရရင် ခွင့်တောင်းပြီးအသုံးပြုရင်တော့
ပိုကောင်းပါတယ်။
ဒါပေမယ့် အခုလို အင်တာနက်မှာတစ်ဦးနဲ့တစ်ဦး မသိမမြင်ဘဲမိတ်ဆွေဖြစ်ကြ စာတွေရေးကြလုပ်လို့ရနေတာကတော့လူတိုင်းအသိပါဘဲ။
လေလှိုင်းထဲကနေ အလုပ် လုပ်နေကြတဲ့ အင်တာနက်ခေတ်ထဲမှာ ခွင့်တောင်းဘို့ကတော့ အခက်အခဲရှိနိုင်ပါတယ်။
ကိုယ့်ဆီကိုဖော်ဝပ်မေးကတစ်ဆင့် ရောက်လာမယ် ဒါမှ မဟုတ် ဝက်ဆိုက်တစ်ခုမှာ ဖတ်လိုက်တယ် ဒါပေမယ့်
ကိုယ်ဖတ်လို်က်တဲ့နေရာကလဲ မူရင်းရေးသူ နာမယ် ပါမလာဘူးဆိုရင်တော့ ခွင့်တောင်းဘို့ခက်နိုင်ပါတယ်၊
ဒီလိုအဖြစ်မျိုးကြောင့်နာမယ်ပါမလာတာကိုတော့ ဖန်တီးသူက နားလည်ပေးသင့်ပါတယ်။
ဒါပေမယ့်လည်း ကိုယ်ရေးတာမဟုတ်မှန်းသိပါလျက်နဲ့ ကိုယ်နာမယ်တတ်လွှတ်လိုက်တာတို့
စာကြောင်းလေးနည်းနည်းလောက်ဖြည့်ရေးပြီးကိုယ့်နာမယ်တတ်လွှတ်တာမျုိုးကတော့ မလုပ်သင့်တဲ့ကိစ္စပါဘဲ။
ဒီအနုပညာပစ္စည်းကို အမှီပြုပြီး စီးပွားရေးသက်ဝင်သော သဘောဆောင်တဲ့နေရာမှာအသုံးပြုမယ်ဆိုရင်တော့
ဖန်တီးသူနဲ့ချိတ်ဆက်ပြိးသဘောတူညီမူ့ရမှသာ လုပ်သင့်ပါတယ်။
သေချာတာတစ်ခုကတော့အနုပညာတစ်ခုကို ဖန်တီးသူအားလုံးကတော့ငွေကြေးနဲ့တိုင်းတာကြမှာ
ငွေပေးရင်သုံး ငွေမပေးရင် မသုံးရဘူးလို့ ကန့်သတ်မယ် မထင်ပါဘူး။
ကျနော်ကိုယ်တွေ့မို့ကျနော်ပြောရဲတာပါ။
ဝက်ဆိုက်တွေမှာကျနော်စာ ကျနော့်ဓါတ်ပုံကို ယူသုံးတယ် ဖေစ်ဘုတ်မှာရှယ်ယာလုပ်ကြတယ်
ဒါပေမယ့် ကျနော်နာမယ် ကိုပေါက်(မန္တလေး)လို့ ထည့်ပေးတယ်ဆိုရင်
ကျနော်ဘယ်တုံးက မှ မကန့်ကွက်ခဲ့ပါဘူး။
ဓါတ်ပုံမှာ ကျနော်နာမယ်ထိုးပြိးမှတင်ပါပြောပေမယ် ခဏဘဲအစမ်းသုံးကြည့်ပြီး
ပုံအလှပျက်တယ်လို့ ယူဆတာနဲ့ နံမယ်မထိုးခဲ့ပါဘူး။
ကျနော့်စာမူကို ယူပြီး းပုံနှိပ်မယ်ဆိုရင်တော့ ခွင့်တောင်းပါလို့ပြောခဲ့ပါတယ်။
ပုံနှိပ်စာမူတစ်ပုဒ်ထဲကို နှစ်နေရာပါရင် မြန်မာပြည်မှာ ပြဿနာကြီးလို့ပါ။
ပုံနှိပ်လိုက်တဲ့အခါမျိုးမှာလဲ စာမူခပေးရင် ယူတယ် မပေးရင် မယူဘူး။
မယူဘူးဆိုရင် သိပ်ပါချင်နေတယ်ထင်မှာစိုးလို့ပါ။
ပေးတော့လဲ အင်တာနက်အသုံးပြုခ ပြန်ထွက်လာတာပေါ့။
သူတို့ကတော့ စာမူခမယူပါနဲ့ဆိုရင်လဲ ဇွတ်မတောင်းပါဘူး၊
ဒါပေမယ့် ဝက်ဆိုက်ထဲမှာ ကျနော်စာမူကို ယူပြီး သူတို့နာမယ်တပ်ထားမျိုးကြုံဘူးပါတယ်။
အဲဒီအခါမျိုးမှာကျနော်ကလဲ နောက်ဒီလိုမသုံးဘို့ ဘို့ မာမာကျောကျော တုန့်ပြန်ဘူးပါတယ်။.
ကိုယ်မရေးတာကို ကိုယ်နာမယ်တတ်တယ်ဆိုတာကတော့ ခိုးယူခြင်းသက်သက်ပါဘဲ။
အနုပညာပစ္စည်းတစ်ခုကို ဖန်တီးသူရဲ့နာမယ်ကိုဖော်ပြပေးဘို့က(သိခဲ့ရင်ပေါ့လေ)ကတော့
ဝန်လေးစရာကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ ထင်မိပါတယ်။
ကိုပေါက်(မန္တလေး)
February 13, 2013 at 3:15 pm
တစ်ခါထဲဆက်ပြီး သီချင်းတွေပြန်လည်လို့မျှဝေကြတာနဲ့ပါတ်သက်ပြိးပြောချင်ပါသေးတယ်
အခုနောက်ပိုင်းဖေစ်ဘုတ်မှာ သီချင်းနဲ့ပါတ်သက်တဲ့အဖွဲ့လေးတွေပေါ်ပေါက်လာပါတယ်။
အချို့သောအဖွဲ့မှာ ကျနော်ကိုယ်တိုင်ပါဝင်ပါတယ်။
(မြန်မာသံလေးတွေနားထောင်ကြမယ်၊70-80-90ခုနှစ်သီချင်းသည်များ)လိုအဖွဲ့မျိုးတွေက
ပျောက်ကွယ်နေတဲ့သီချင်းတွေကို ပြန်ရှာကြတယ်။
ပြန်ပြီးရှယ်ယာလုပ်ပေးကြတယ်။
အထူးသဖြင့်ရှေးခေတ်က ဓါတ်ပြားသီချင်းတွေပါမယ်။
ရေဒီယိုသီချင်းတွေပါမယ်။
စတီရီယိုပေါ်ဦးခေတ်က သီချင်းတွေပါမယ်။
လောလောဆယ်တေးသံသွင်းဆိုင်တွေမှာ မရှိလောက်တော့တဲ့သီချင်းတွေကိုအဓိကထားလုပ်ကြတာပါ။
သိတဲ့လူအချင်းချင်းကို မေးလ်နဲ့ပို့ပေးတယ်။
ဒီရွာထဲမှာ ရှိတဲ့မိတ်ဆွေတွေကိုတောင် ကျနော်သီချင်းတွေအမြဲ့ပို့ပေးနေပါသေးတယ်။
အားလုံးနားထောင်ဘို့အတွက်ကတော့
သီချင်းတင်ဘို့ပေးထားတဲ့အခမဲ့သုံးလို့ရတဲ့ဆိုက်တွေကတစ်ဆင့်ရှယ်ယာလုပ်ကြတာပါ။
လိုချင်တဲ့သီချင်းကိုပြောရင်ဒီသီချင်းလက်ထဲရှိသူက ပြန်ရှယ်ယာလုပ်ပေးလိုက်ကြတာပါ။
ကျနော့်သီချင်းအတော်များများသိမ်းထားပါတယ်။
မြန်မာသံသီချင်းရော သီချင်းကြီးရော စတီရီယိုပေါ်ဦးစခေတ်က သီချင်းတွေရောပေါ့။
ကျနော်ဆီကို ဟိုသီချင်းရှိလား ဒီသီချင်းရှိလား ပေးစမ်းပါအုံးဆိုတောင်းကြတဲ့
သီချင်းချစ်သူတွေအများကြီးရှိပါတယ်။
ကျနော်ကလဲ ရှိရင်ပို့ပေးပါတယ်။
ကျနော်မှာမရှိရင် ရှာပြီး ပို့ပေးပါတယ်။
ဒါပေမယ့် ဒီအလို့ အခမဲ့အဖြန့်ကောင်းတဲ့အတွက် ခိုးမူ့မြောက်တယ်လို့ အစွပ်စွဲခံရဘူးပါတယ်။
ကျနော်ပြန်ဖြန့်ဝေတဲ့သီချင်းမှန်သမျှက မူရင်းအတိုင်း ပြန်ပေးတာချည်းပါဘဲ။
ပြန်လည်ပြုပြင်ထားတာမရှိပါဘူး။
http://www.minus.comမှာသီချင်းတွေတင်ရင်လဲ မူရင်းသီဆိုသူရဲ့နာမယ်ကိုပါထည့်သွင်းပေးလေ့ရှိပါတယ်။
နောက်တစ်ချက် နိုင်ငံခြားမှာနေသူကတော့ ရုပ်ရှင် ကြည့်ချင်ရင်ဝယ်ကြည့်ရတာအမှန်ပါဘဲ။
ခုးိကူးခွေ မှ ဝယ်လို့မှမလွယ်တာကိုးဗျ။
မြန်မာပြည်အနေအထားနဲ့မူရင်းခွေကို အခပေးကြည့်ချင်ရင်တောင်မှ လွယ်လွယ်ကူကူဝယ်လို့မှ
မရနိုင်တော့ နိုင်ငံခြားရုပ်ရှင်တွေကို တရုပ်နယ်စပ်က တစ်ဆင့်လာတဲ့ခွေတွေဝယ်ကြည့်ကြရတာ
ဆန်းမှ မဆန်းတာ။
ဒါလဲ တပြည်လုံးအတိုင်းအတာနဲ့ ဒီလိုဘဲကြည့်နေကြရတာပါ။
နောက်တစ်ချက်က ကက်ဆက်ခွေလေးနဲ့သီချင်းတစ်ခွေကူးလာရင် သူငယ်ချင်းအချင်းချင်းကြားမှာ
လဲပြီးနားထောင်ကြတာလဲ အမြဲလုပ်နေကျတဲ့ကိစ္စပါဘဲ။
မြန်မာပြည်မှာ မူပိုင့်ခွင့်နဲ့ပါတ်သက်လို့ တိတိကျကျ မရှိနိုင် မဆောင်ရွက်နိုင်သေးတာအမှန်ပါဘဲ။
ဒီမူပိုင်ခွင့်အကြောင်းပြောရင်ကျနော်အပါအဝင် မြန်မာပြည်မှာလက်ရှိနေထိုင်သူရော မြန်မာပြည်မှာမွေးမြန်မာပြည်မှာ
အရွယ်ရောက်တဲ့အထိနေပြီး ကြီးမှ နိုင်ငံခြားရောက်နေသူရောတနည်းမဟုတ်တနည်းညိစွန်းခဲ့ကြတာတော့
အသေအချာပါဘဲ။
အချို့သောသူများက မူပိုင်ခွင့် ဆိုတာကို ကိုယ်တိုင်လဲမကင်းနိုင်ခဲ့ဘဲနဲ့
အင်တာနက်စာမျက်နှာတွေမှာ ဖေစ်ဘုတ်မှာ အလွန်အကျူးပြောနေလွန်းလို့
ဒီဆောင်းပါးကိုရေးဖြစ်တာပါ။
ဒါကတော့ ကျနော့်အမြင်ကျနော့်အတွေးကိုရေးပြပေးတာပါ။
နောက်တစ်ချက်က ကျနော်ပိုစ်ထဲကိုလာမန်းတဲ့ကော်မင်း ဘယ်တော့မှဖျက်လေ့မရှိဘူးဆိုတာပါဘဲ။
သူမြင်တာသူရေး ကိုယ်မြင်တာ ကိုယ်ရေး အေးဆေးပါဘဲ။
အချက်အလက်မှားနေရင် ထောက်ပြပေးလိုက်။
ကျနော်အမှတ်မှားနေရင် ပြင်ပေးလိုက်ရုံပါဘဲ။