မှုခင်းစုံစမ်းဖော်ထုတ်ခြင်း (Criminal Investigation) အကြောင်း တစေ့တစောင်း – ခင်မမမျိုး
နိဒါန်း
မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဟာ တရားဥပဒေ စိုးမိုးရေးအတွက် အရေးအကြီးဆုံး ကဏ္ဍတခု ဖြစ်ပါတယ်။ မှုခင်းဖြစ်ပွားကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိပြီးချိန်မှာ ရဲတပ်ဖွဲ့မှုခင်းစုံစမ်းဖော်ထုတ်သူများအတွက် ထမ်းဆောင်ရမယ့် လုပ်ငန်းတာဝန်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ ဒီတာဝန်တွေထဲမှာ သတင်းအချက်အလက်များ ရယူစုံစမ်းခြင်း၊ သက်သေခံ အထောက်အထားများ ရှာဖွေသိမ်းဆည်းခြင်း ဆိုင်ရာ လုပ်ငန်းတာဝန်များ ပါဝင်ပါတယ်။ မှုခင်းစုံစမ်းဖော်ထုတ်ခြင်း ပညာရပ်ဟာ (၁၈)ရာစုခေတ်၊ အင်္ဂလန်နိုင်ငံမှာ စတင်ပေါ်ထွက်လာခဲ့ပါတယ်။ အဲဒီခေတ်အချိန်အခါတုန်းက အင်္ဂလန်နိုင်ငံမှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးပြောင်းလဲမှု အခြေအနေတွေ ပြောင်းလဲလာတာကြောင့် မှုခင်းတွေလဲ များပြား လာခဲ့ပါတယ်။ ဒါကြောင့် ပထမဦးဆုံး ခေတ်သစ်စုံထောက်တပ်ဖွဲ့ဖြစ်တဲ့ Bow Street Runners ဆိုတဲ့အဖွဲ့ ပေါ်ထွက်လာခဲ့ပါတယ်။ လန်ဒန်မှာလဲ ပထမဦးဆုံး ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို Robert Peel ဆိုသူက စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒီလို လုပ်ဆောင်ချက်တွေဟာ နောင်တချိန် ကမ္ဘာနဲ့အဝှမ်းမှာ ရဲတပ်ဖွဲ့များနဲ့ မှုခင်းစုံစမ်းဖော်ထုတ်ရေး တပ်ဖွဲ့များ ပေါ်ထွက်လာရေး အတွက် သမိုင်းအစလို့ ဆိုနိုင်ပါတယ်။
မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဖြစ်စဉ်မှာ စုံစမ်းဖော်ထုတ်သူများနဲ့ စုံထောက်များဟာ သိပ္ပံပညာရပ်များနဲ့ စိတ်ပညာရပ်များဆိုင်ရာ အကူအညီနဲ့ သံသယဖြစ်ဖွယ်ရှိသူများကို ဖော်ထုတ်ခြင်း၊ သက်သေခံ အထောက်အထားများ ရှာဖွေခြင်းနဲ့ သတင်းအချက်အလက်များ စုဆောင်းခြင်း စတာတွေကို ပြုလုပ်ကြပါတယ်။ မှုခင်းဖော်ထုတ်ခြင်းပညာရပ်မှာ ဘူမိဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ သချင်္ာပညာရပ်များကို လိုအပ်သလို ပေါင်းစပ်အသုံးပြုထားပါတယ်။ လူသေမှုတခုမှာ သေဆုံးသူဟာ အဆိပ်မိပြီး သေဆုံးကြောင်း သံသယဖြစ်တဲ့အခါ အသုံးပြုထားတဲ့ အဆိပ်များနဲ့ ဒီအဆိပ်တွေကြောင့် လူနဲ့သတ္တဝါတွေ အပေါ် အကျိုးသက်ရောက်မှုတွေကို သိရှိနိုင်ဖို့အတွက် အဆိပ်နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူများက မှုခင်းစုံစမ်း ဖော်ထုတ်ခြင်းဖြစ်စဉ်မှာ ပါဝင်ကူညီဖို့ လိုအပ်ပါတယ်။ အခြား ကျွမ်းကျင်မှုနယ်ပယ်များဖြစ်တဲ့ ရုက္ခဗေဒ၊ ဆေးဝါးဗေဒ၊ ခန္ဓာဗေဒနဲ့ ရှေးဟောင်း သုတေသန ပညာရှင်တွေကလဲ မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဖြစ်စဉ်တွေမှာ လိုအပ်သလို ပါဝင်ကူညီဖို့ လိုအပ်ပါတယ်။
မှုခင်းစုံစမ်းဖော်ထုတ်ခြင်းရဲ့ သမိုင်းအစ
မှုခင်းစုံစမ်းဖော်ထုတ်ခြင်းရဲ့ သမိုင်းအစဟာ ဆယ့်ရှစ်ရာစု အင်္ဂလန်နိုင်ငံမှာဖြစ်ပါတယ်။ ဆယ့်ရှစ်ရာစု အင်္ဂလန်နိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တော်လှန်ရေးနဲ့ စက်မှုတော်လှန်ရေးတွေ စတင်ဖြစ်ပွား ခဲ့ပါတယ်။ ဒီတော်လှန်ရေးတွေကနေ ပေါ်ထွက်လာတဲ့ ပြောင်းလဲမှုတွေဟာ ရဲတပ်ဖွဲ့ဝန်ဆောင်မှုများနဲ့ မှုခင်းစုံစမ်း ဖော်ထုတ်မှုများ ပြုလုပ်ခြင်းအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။ (၁၇၅၀) ခုနှစ်မှာ Henry Fielding ဆိုသူက လုပ်အားပေးအုပ်စုတစုကို မှုခင်းများနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ စုံစမ်းဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ဒီအစုအဖွဲ့ဟာ အခင်းဖြစ်ပွားရာ နေရာတွေကို အပြေးအလွှားသွားပြီး၊ စုံစမ်းမှုများ ပြုလုပ်လေ့ရှိတဲ့အတွက် “Bow Street Runners” လို့ လူအများက ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒီအစုအဖွဲ့ဟာ ပထမဦးဆုံး ခေတ်သစ်စုံထောက်တပ်ဖွဲ့ ဖြစ်လာခဲ့ပါတယ်။
(၁၈၂၉) ခုနှစ်မှာ Sir Robert Peel ဆိုသူရဲ့ အားထုတ်ကြိုးပမ်းမှုတွေကြောင့် ပါလီမန်က လန်ဒန်မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ရုံးချုပ်နေရာမှာ တချိန်တုန်းက စကော့တလန် နန်းတွင်းမျိုးဆက်တွေ နေထိုင်ခဲ့ဖူးတာကြောင့် ရဲတပ်ဖွဲ့ရုံးချုပ်က စကော့တလန်ယဒ် အဖြစ် လူအများကြားမှာ ထင်ရှားလာခဲ့ပါတယ်။(၁၉)ရာစုရောက်တော့ အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး အလွတ် စုံထောက်အေဂျင်စီကို Allan Pinkerton ဆိုသူက စတင်တည်ထောင်ခဲ့ပါတယ်။ (၁၈၄၅) ခုနှစ်မှာ နယူးယောက်မြို့မှာ အရပ်ဝတ်ရဲဝန်ထမ်း (၈၀၀) ရှိပေမယ့် စုံထောက်တပ်ဖွဲ့အဖြစ် တရားဝင် အသိအမှတ်ပြုမှု မရှိခဲ့သေးပါဘူး။ (၁၈၅၇) ခုနှစ်မှာတော့ ရဲအရာရှိနှစ်ဆယ်ကျော်ကို စုံထောက်များ အဖြစ် စတင်တာဝန်ပေးခဲ့ပါတယ်။ (၁၈၅၇)ခုနှစ်၊ နိုဝင်ဘာမှာတော့ နယူးယောက်မြို့ ရဲဌာနက ပြစ်မှုကျူးလွန်သူများရဲ့ ဓာတ်ပုံများကို ပြခန်းသဖွယ်ပြုလုပ်ပြီး စတင်ပြသခဲ့ပါတယ်။
(၁၈၆၅)ခုနှစ်မှာ အမေရိကန်ကွန်ဂရက်က အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ကို စတင်ဖွဲ့စည်း ခဲ့ပါတယ်။ (၁၉၀၈) ခုနှစ်မှာ U.S. Attorney General Charles Bonaparte ဆိုသူက Federal Bureau of Investigation (FBI) ကို စတင်ထည်ထောင်ခဲ့ပါတယ်။ စီးပွားပျက်ကပ်ကာလမှာ အက်ဖ်ဘီအိုင်က နာမည်ကြီး ရာဇဝတ်မှု ကျူးလွန်သူတွေဖြစ်တဲ့ Bonnie နဲ့ Clyde ကို ဖမ်းဆီးနိုင်တဲ့အတွက် ထင်ရှားတဲ့ အဖွဲ့အစည်းဖြစ်လာခဲ့ပါတယ်။ Pennsylvania State Police ကို (၁၉၀၅) ခုနှစ်မှာ စတင်တည်ထောင် ခဲ့ပြီး၊ နောက်ပိုင်းမှာ ဒီအဖွဲ့ရဲ့ပုံစံကို နိုင်ငံနဲ့အဝှမ်း ရဲတပ်ဖွဲ့အေဂျင်စီများ ဖွဲ့စည်းရေးမှာ ဆက်လက် အသုံးပြုခဲ့ပါတယ်။
Criminalistics ပညာရပ် ပေါ်ထွက်လာခြင်း
Criminalistics ပညာရပ်မှာ ဘူမိဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒနဲ့ သချင်္ာပညာရပ် စတဲ့ သိပ္ပံပညာရပ်များကို ပေါင်းစပ်အသုံးပြုထားပါတယ်။ ဒီပညာရပ်မှာ လူပုဂ္ဂိုလ်ဆိုင်ရာ ခွဲခြားသတ်မှတ်ချက် (Personal Identification) နဲ့ လက်နက်ပစ္စည်းများဆိုင်ရာ ခွဲခြားသတ်မှတ်ချက် (Firearms Identification) တွေ ပါဝင်ပါတယ်။ လူပုဂိ္ဂုလ်ဆိုင်ရာ ခွဲခြားသတ်မှတ်ချက်တွေမှာ anthropometry, dactylography နဲ့ deoxyribonucleic acid (DNA) typing စတဲ့ နည်းလမ်းသုံးမျိုး ပါဝင်ပါတယ်။
ရာဇဝတ်မှုကျူးလွန်သူများကို ဖော်ထုတ်ရေးအတွက် Anthropometry နည်းလမ်းကို စတင် တီထွင်ခဲ့သူက Alphonse Bertillon (1853-1914) ဆိုသူဖြစ်ပါတယ်။ သူ့ကို မှုခင်းစုံစမ်း ဖော်ထုတ်ရေးရဲ့ ဖခင်ကြီးအဖြစ် ခေတ်သစ်မှုခင်းဗေဒပညာမှာ သတ်မှတ်ထားပါတယ်။ ဒီနည်းလမ်းမှာ လူ့ခန္ဓာကိုယ် အတိုင်းအတာတွေအပေါ် အခြေခံထားပြီး၊ (၁၈၈၃) ခုနှစ်မှာ ဥပရော တဝှမ်းက ရဲတပ်ဖွဲ့တွေမှာ အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာတော့ လက်ဗွေပေါ် အခြေခံထားတဲ့ Dactylography နည်းလမ်း ပေါ်ပေါက်လာတဲ့အတွက် အသုံးပြုမှုကို ရပ်ဆိုင်းသွားပါတယ်။
(၁၉၀၀) ခုနှစ်မှာ အင်္ဂလန်နိုင်ငံဟာ dactylography ကို ရာဇဝတ်မှုခင်းကျူးလွန်သူများအား ခွဲခြားဖော်ထုတ်ရေး စနစ်တခုအဖြစ် ပထမဦးဆုံးအသုံးပြုခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ လက်ဗွေပုံစံနဲ့ ပတ်သက်ပြီး ရှည်လျားတဲ့ ဥပဒေနဲ့ သိပ္ပံပညာ သမိုင်းကြောင်းတွေ ရှိပါတယ်။ (၁၆၈၄) ခုနှစ်မှာ အင်္ဂလန်က ဒေါက်တာ ဂရူးဆိုသူက ခြေထောက်နဲ့ လက်ချောင်းတွေပေါ်က ကွဲပြားခြားနားတဲ့ အရေးအကြောင်းတွေကို စတင်တွေ့ရှိလေ့လာခဲ့ပါတယ်။ (၁၈၂၃) ခုနှစ်မှာ Perkinje ဆိုသူက အဆင့်ကိုးဆင့်ပါဝင်တဲ့ လက်ဗွေသဏ္ဍာန်နဲ့ ကွဲပြားမှုစနစ်ကို စတင်ဖော်ထုတ်ခဲ့ပါတယ်။ (၁၈၉၂) ခုနှစ်မှာတော့ ပညာရှင် Galton ဆိုသူက လက်ဗွေများဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပြီး၊ (၁၈၉၄) ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံသား Vucetich ဆိုသူက လက်ဗွေများခွဲခြားမှုစနစ်တွေကို ဖော်ပြထားတဲ့ “Dictiloscopia Comparada” ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။
(၁၈၀၀) နှောင်းပိုင်းကာလတွေမှာတော့ William Herschel နဲ့ Henry Faulds ဆိုသူတို့ရဲ့ လက်ဗွေခွဲခြားမှုစနစ်ကို သူဖော်ထုတ်တယ်၊ ကိုယ်ဖော်ထုတ်တယ် အငြင်းပွားမှု ပြဿနာ ဖြစ်ပွားလာ ခဲ့ပါတယ်။ (၁၉၀၄) ခုနှစ်မှာ နယူးယောက် စုံထောက် ဆာဂျင် Joseph Faurot ဆိုသူက ဟိုတယ်ခိုးမှုများမှာ တရားခံလို့ သံသယဖြစ်ဖွယ်ရှိတဲ့ James Jones ဆိုသူကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ပါတယ်။ လက်ဗွေပုံစံများအရ James Jones ဆိုသူဟာ အခြားပြစ်မှုများကို Daniel Nolan ဆိုတဲ့ အမည်နဲ့ ကျူးလွန်ခဲ့သူုဖြစ်ကြောင်းကိုလဲ ဖော်ထုတ်နိုင်ခဲ့ ပါတယ်။ (၁၉၀၃) ခုနှစ်မှာ ရုပ်သွင်ပြင်တူရုံ သာမက နာမည်ပါ ဆင်တူယိုးမှားဖြစ်နေတဲ့ Will West နဲ့ William West ဆိုသူနှစ်ယောက်ဟာ သီးခြားလူနှစ်ယောက်ဖြစ်ကြောင်း လက်ဗွေကွဲပြားခြားနားမှုကတဆင့် သိရှိနိုင်ခဲ့ပါတယ်။
နောက်ထပ်နည်းလမ်းတခုကတော့ Deoxyribonucleic Acid (DNA) နည်းလမ်းဖြစ်ပါတယ်။ ဒီအင်အေဆိုတာက ဆံပင်အရောင်ကစပြီး၊ ရောဂါရှာဖွေရေးအထိ ခွဲခြားသတ်မှတ်မှုများမှာ အသုံးဝင်တဲ့အတွက် ဒါကို ဓာတုဗေဒ “blueprint” အဖြစ် သတ်မှတ်ခေါ်တွင်ကြပါတယ်။ ကနဦးအစမှာ ဒီအမ်အေ လက်ဗွေပုံစံလို့ ခေါ်ဆိုကြပေမယ့်၊ နောက်ပိုင်းမှာ DNA typing အဖြစ် ခေါ်ဆိုကြပါတယ်။ ဒီနည်းလမ်းကို (၁၉၈၇) ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ ရာဇဝတ်မှုခင်းဖော်ထုတ်ရေးမှာ စတင်အသုံးပြုခဲ့ပါတယ်။ ပထမဆုံးအသုံးပြုခဲ့တဲ့ မှုခင်းကတော့ Enderby Cases ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ (၁၉၈၆) ခုနှစ်မှာ ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမှာ ဖြစ်ပွားတဲ့ မုဒိမ်းမှုနဲ့ ရိုက်မှုတွေမှာ စတင် အသုံးပြုခဲ့ပါတယ်။ (၁၉၈၈) ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုက အက်ဖ်ဘီအိုင်ရဲ့ မှုခင်း ဓာတ်ခွဲခန်းတွေမှာ ဒီအမ်အေဆန်းစစ်ချက် (DNA analysis)တွေ အသုံးပြုလာခဲ့ပြီး၊ နှောင်းပိုင်းမှာ ဒီအမ်အေဆန်းစစ်ချက် အသုံးပြု မှုခင်းဓာတ်ခွဲခန်းတွေ ကမ္ဘာနဲ့အဝှမ်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။
လက်နက်ခဲယမ်း ခွဲခြားသတ်မှတ်ချက် (firearms identification) နည်းလမ်းကလဲ မှုခင်းဖော်ထုတ်ရေးမှာ အရေးကြီးကဏ္ဍတရပ်အဖြစ် ပါဝင်ပါတယ်။ ဒီနည်းလမ်းနဲ့ လက်နက်ခဲယမ်း အမျိုးအစား၊ လက်နက်ခဲယမ်းဒီဇိုင်းနဲ့ သုံးစွဲမှု၊ သေနတ်ပစ်ခတ်သူနဲ့ သေနတ်ပစ်ခတ်ခံရသူတို့ အကြားမှ အကွာအဝေး စတာတွေကိုပါ ဖော်ထုတ်နိုင်ပါတယ်။ (၁၈၈၉) ခုနှစ်မှာ ပရော်ဖက်ဆာ Lacassagne ဆိုသူက လူသေအလောင်းမှ ဖယ်ထုတ်ထားတဲ့ ကျည်ဆံနဲ့ သံသယဖြစ်ဖွယ် တရားခံရဲ့ လက်နက်ကို တိုက်ဆိုင်စစ်ဆေးကြည့်ပြီး တရားခံကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ (၁၈၉၈) ခုနှစ်မှာ Jeserich ဆိုသူက သေစေနိုင်သော ကျည်ဆံများရဲ့ microphotographs ပုံများကို ရိုက်ယူခဲ့ပြီး၊ သံသယဖြစ်ဖွယ် တရားခံရဲ့ ခြောက်လုံးပြူး သေနတ်မှ ပစ်ခတ်ထားတဲ့ သေစေနိုင်သောကျည်ဆံကို ဖော်ထုတ်ပေးနိုင် ခဲ့ပါတယ်။ (၁၉၂၆) ခုနှစ်မှာတော့ Calvin Goddard ဆိုသူက လက်နက်ခဲယမ်း ခွဲခြားသတ်မှတ်ချက်ကို သိပ္ပံပညာရပ်အဖြစ် တိုးတက်လာအောင် စတင်ဆောင်ရွက်ခဲ့ပါတယ်။
မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ
စုံစမ်းဖော်ထုတ်ခြင်းဆိုတာ သက်သေတစုံတရာပြဖို့အတွက် အချက်အလက်များနဲ့ အခြေအနေများကို လေ့လာခြင်း၊ ဆန်းစစ်ခြင်း၊ သုတေသနပြုခြင်းနဲ့ စစ်တမ်းကောက်ခြင်းတွေ ဖြစ်ပါတယ်။ စုံစမ်း ဖော်ထုတ်တဲ့အခါ သတင်းအချက်အလက်တွေကို စနစ်တကျလေ့လာစုံစမ်းမှုတွေ၊ အသေးစိတ် လေ့လာမှုနဲ့ သုံးသပ်မှုတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် စုံစမ်းဖော်ထုတ်သူတွေဟာ သတင်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံနဲ့ တိတိကျကျဖြစ်အောင် သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဥပဒေစိုးမိုးရေး အတွက် ရာဇဝတ်မှုခင်းတွေကို စုံစမ်းဖော်ထုတ်ခြင်းနဲ့ ရာဇဝတ်မှုခင်းကျူးလွန်မှုတွေကို ကာကွယ်ခြင်း လုပ်ငန်းဆောင်တာတွေက အလွန်ပဲအရေးကြီးပါတယ်။
မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဟာ သိပံ္ပနဲ့ဝိဇ္ဇာ ပညာရပ်နှစ်ခု ပေါင်းစပ်ထားတဲ့ ပညာရပ်တခုဖြစ်တဲ့အတွက် ဖြတ်ထိုးဉာဏ်ရှိမှု၊ ပိုင်းခြားဆုံးဖြတ်နိုင်မှု၊ ပညာဉာဏ်စွမ်းရည်ရှိမှု၊ အတွေ့အကြုံရှိမှုနဲ့ ဗဟုသုတရှိမှု စတဲ့ အရည်အချင်းတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ မှုခင်းစုံစမ်းဖော်ထုတ်သူ တယောက်ဟာ ဒီလိုအရည်အချင်းတွေနဲ့ အတွေ့အကြုံ၊ ဗဟုသုတ တွေကို အသုံးပြုပြီး၊ ရာဇဝတ်မှု ကျူးလွန်သူတွေရဲ့ သွင်ပြင်လက္ခဏာတွေ၊ အခင်းဖြစ်ပွားရာ လူမှုနဲ့သဘာဝ ပတ်ဝန်းကျင်တွေကို သုံးသပ်လေ့လာရမှာ ဖြစ်ပါတယ်။
မှုခင်းစုံစမ်းဖော်ထုတ်ဖြစ်စဉ်မှာ ရည်ရွယ်ချက်နှစ်ရပ်ရှိပါတယ်။ ပထမရည်ရွယ်ချက်က မှုခင်းစုံစမ်း ဖော်ထုတ်သူအနေနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ဖြစ်ပြီး၊ ဒုတိယရည်ရွယ်ချက်က တရားရုံးတင် အရေးယူနိုင်ဖို့ ဖြစ်ပါတယ်။ သို့ပေမယ့် ရာဇဝတ် မှုခင်းတွေကို စုံစမ်းဖော်ထုတ်ခြင်းရဲ့ အဆုံးစွန် ဦးတည်ချက်ကတော့ မှုခင်းကာကွယ်ရေးဖြစ်ပါတယ်။ မှုခင်းတွေ ဖြစ်ပွားလာတဲ့အခါ ဥပဒေစိုးမိုးရေး လုပ်ဆောင်သူများမှာ မှုခင်းဖော်ထုတ်ဖို့ တာဝန်ရှိလာပါတယ်။ မှုခင်းတွေ ဖော်ထုတ် အရေးယူခြင်းအားဖြင့် recidivism အားကောင်းလာစေပြီး၊ မှုခင်းကျဆင်းရေးကို လုပ်ဆောင်လာ နိုင်ပါတယ်။
ဥပဒေစိုးမိုးရေးကို တာဝန်ရှိသူတွေအနေနဲ့ ပြုလုပ်ရတဲ့ အခြေခံစုံစမ်းဖော်ထုတ်ခြင်း နည်းလမ်းတွေ အများအပြား ရှိပါတယ်။ ဒီနည်းလမ်းတွေကတော့ အခင်းဖြစ်ပွားမှုများကို စုံစမ်းဖော်ထုတ်ခြင်း (ဥပမာ- ခိုးမှု၊ လုယက်မှု၊ ရိုက်နှက်မှု၊ ဖောက်ထွင်းမှု၊ လူသတ်မှုစသည့် ရာဇဝတ်မှုခင်းများနှင့် ယာဉ် မတော်တဆမှု စသည်များ)၊ ကိုယ်ရေးကိုယ်တာ စုံစမ်းဖော်ထုတ်ခြင်း (ကိုယ်ရေးနောက်ခံ၊ အကျင့် စာရိတ္တနှင့် လူအများယုံကြည်လေးစားမှု စသည်များ)နှင့် ဥပဒေနှင့် ငြိစွန်းသော လုပ်ဆောင်မှုများအား စုံစမ်းဖော်ထုတ်ခြင်း (မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုများ၊ လက်နက်ကုန်ကူးမှုများ၊ လောင်းကစားမှုများ၊ ဂိုဏ်းဖွဲ့လှုပ်ရှားမှုများ၊ လိမ်လည်မှုများ၊ နည်းပညာအသုံးပြုသည့် ပြစ်မှု စသည် များ) စတာတွေ ဖြစ်ပါတယ်။
မှုခင်းစုံစမ်းဖော်ထုတ်သူတွေအတွက် မှုခင်းစုံစမ်းဖော်ထုတ်ချိန်မှာ အရေးကြီးဆုံးအချက်ဟာ သတင်း အချက်အလက်ဖြစ်ပြီး၊ သတင်းအချက်အလက်ရယူခြင်းကတဆင့် သက်သေခံအထောက်အထားကို ရှာဖွေရတာဖြစ်ပါတယ်။ သတင်းအချက်အလက် များရယူရာမှာ အရင်းအမြစ်နှစ်ခုရှိပါတယ်။ ပထမ တခုက လူတွေဖြစ်ပြီး၊ နောက်တခုက အရာဝတ္ထုတွေ ဖြစ်ပါတယ်။ များသောအားဖြင့် ရာဇဝတ်မှုခင်း စုံစမ်းဖော်ထုတ်သူများဟာ လူအရင်းအမြစ်ကတဆင့် သတင်းအချက်အလက်တွေကို ရယူရတာ ဖြစ်ပါတယ်။ သေမှုသေခင်းဖြစ်ပွားရာနေရာတွေမှာ စုံစမ်းဖော်ထုတ်သူများနဲ့ မှုခင်းဓာတ်ခွဲခန်း ပညာရှင်တွေကတော့ အရာဝတ္ထုပစ္စည်းတွေကနေ သတင်းအချက်အလက်တွေကို ရယူရတာဖြစ်ပါတယ်။
နိဂုံး
နိဂုံးချုပ်ဆိုရရင် မှုခင်းစုံစမ်းဖော်ထုတ်ခြင်းဆိုတာ ဥပဒေစိုးမိုးရေးနဲ့ ငြိမ်းချမ်းသောလူ့ဘောင်ပေါ်ပေါက် လာရေးအတွက် အလွန်အရေးကြီးတဲ့ လုပ်ငန်းတာဝန်တရပ်ဖြစ်ပါတယ်။ ဒါကြောင့် မှုခင်းစုံစမ်း ဖော်ထုတ်သူတွေဟာ မတူညီကွဲပြားတဲ့ ရှုထောင့်မျိုးစုံကို သိနားလည်ပြီး၊ အချက်အလက်တွေက ခေါ်ဆောင်သွားတဲ့ သက်သေနောက်ကိုသာ လိုက်ဖို့လိုအပ်ပါတယ်။ အချက်အလက်တွေကို ကြိုတင် ထင်မြင်ထားတဲ့ အခြေအနေတရပ်နဲ့ လိုက်လျောညီထွေအောင် ကောက်ချက်ချဆွဲယူမှုတွေ မပြုလုပ်ပဲ အမှန်တရားကိုသာ ရှာဖွေခြင်းဖြင့် မှုခင်းစုံစမ်းဖော်ထုတ်ခြင်း လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
ခင်မမမျိုး (၂၄၊ ၁၁၊ ၂၀၁၂)
မှတ်ချက်။ ။ (၂၀၁၃) ခုနှစ်၊ ဖေဖော်ဝါရီလထုတ် နီလေးမောင်ဖြစ်ရပ်မှန် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ စာမူဖြစ်ပါတယ်။
6 comments
ခိုင်ဇာ
February 12, 2013 at 6:38 pm
ဖတ်လို့ မှတ်လို့ ကောင်းလိုက်တာ။ ဒါကြောင့် ဆရာမက နာမည်ကြီးတာကိုး။ အချက်နဲ့ အလက်နဲ့ပဲ။
ဟိုအရင်က စီအိုင်ဒီ ကြည်မာခင်တို့၊ ဆားပုလင်းနှင်းမောင်တို့ ကြည့်ပြီး ဖတ်ပြီး အဲလို စုံစမ်းစစ်ဆေး စပ်စုစိန်ရတာ ဝါသနာသိပ်ပါတာ။
အရမ်းကြီးတဲ့ အမှုတွေ ကို အတွေးအခေါ်ကြီးကြီးနဲ့ နည်းပညာမြင့်မြင့် ဖော်ထုတ်ကြသဟဲ့ပေါ့။
ဖြစ်ဟဲ့ ဆိုရင်လည်း မှုခင်းဆရာဝန်ဖြစ်ချင်ခဲ့တာ။ ဒါပေမဲ့ မှုခင်းတစ်ခုမှာ ဆရာဝန်တစ်ယောက်ကို ဘယ်လိုအသုံးချသလဲ ကိုယ်တွေ့သိလိုက်တော့ ကျနော်တို့နိုင်ငံမှာတော့ ဒီ မှုခင်းစစ်ဆေးတဲ့ပညာရပ် အဆင့်မြင့်မြင့် မလိုဘူးလား တွေးမိတယ်။ တရားခံ ရှာတွေ့တာတွေကလည်း အရမ်းမြန်တယ်လေ။ (ကူညီပါရစေ၊ ကူညီပါရစေရှင့်)
CSI တို့ X-files တို့
Bone တို့ series ရုပ်ရှင်တွေကြည့်ဖူးပြီးမှ ဒီ Criminalistics ပညာရပ် ကို စိတ်ဝင်တစားဖြစ်မိတာပဲ။ ဒီဟာက ပညာရပ်တစ်ခု အနေနဲ့ကို ရှိတာပါလားပေါ့။ သိလိုက်တဲ့ အချိန်ကျတော့ ကိုယ့် ဦးနှောက်က သုံးမကောင်းတော့တဲ့ အချိန်။
:harr:
မောင်ပေ
February 12, 2013 at 8:27 pm
မော့ဆက် အဖွဲ ့သုံးတဲ့ စုံစမ်းထောက်လှမ်းနည်းတွေကိုလဲ ရေးပြပေးပါဦးဗျို ့
သဂျီး နဲ ့ ကိုကြောင်ကြီး တို ့ကတော့ ၊ ဘတပြန် ကျားတပြန် စီအိုင်အေ က လို ့စွတ်စွဲနေကြတာပဲ
ဆိုတော့က
စီအိုင်အေ အကြောင်းလေးလဲ ရေးပေးပါဦး
Mr. MarGa
February 12, 2013 at 8:47 pm
မှုခင်းဆရာဝန်တွေအကြောင်းကို
သူတို့အကြောင်း ရိုက်ပြထားတဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေကြည့်ပြီးရင် ပို စိတ်ဝင်စားမိတယ်
အခုလက်ရှိ အကြိုက်ဆုံး ဇာတ်လမ်းတွဲကတော့ Hawaii Five O ပဲ
ဒါပေမယ့် season 2 အထိပဲ ကြည့်ရသေးတယ်
3 က အခုထိ ဝယ်မရသေးဘူး
သဂျီးတို့ဆီမှာတော့ ပြလို့တောင်ပြီးပြီ ထင်ပါ့
kai
February 13, 2013 at 4:11 am
အခုလော့စ်အိန်ဂျလိစ်ဧရိယာမှာ.. ရဲထွက်တယောက်က.. လူတွေ(ရဲ)သတ်ပြီး ပြေးနေလို့.. ပြဿနာတက်နေတယ်..
အဲဒီရဲထွက်က.. ပရိုဖက်ရှင်နယ်လေ…။ ရမ်ဘိုလို.. survival training တွေပါယူထားသူတဲ့..။
–
Fugitive ex-cop, murder suspect, continues to elude in manhunt
CNN-4 hours ago
Christopher Jordan Dorner is accused of killing one police officer and … put up $1 million in reward money Sunday for information leading to …
–
ဒေါ်လာ ၁သန်း ဆုငွေထုတ်ထားတယ်..
အဲဒီဇတ်လမ်း.. ရုပ်ရှင်ထွက်လာမယ်ထင်တာပဲ..။
MaMa
February 13, 2013 at 8:15 am
(လူတွေ(ရဲ)သတ်ပြီး ပြေးနေလို့.. ပြဿနာတက်နေတယ်..)
ဆိုတော့….
လုပ်ငန်းခွင်ထဲမှာ လူတွေ၊ လုပ်ငန်းတွေ၊ သဘာဝတွေကိုများ စိတ်နာစရာ ရှိသွားသလားလို့ တွေးမိတယ်။
နောက်တစ်ခုက ရဲထွက်ဆိုတော့ ဘုန်းကြီးတစ္ဆေလို ဖြစ်မယ်ထင်တယ်။ :kwi:
awra-cho
February 13, 2013 at 1:24 pm
တခါတလေတော့ csi တွေကြည့်ရတာ တကယ်မှဟုတ်ပါ့မလားထင်ရတယ်၊ အခင်းဖြစ်တဲ့နေရာမှာ ဘာဆိုဘာမှ ကျန်ခဲ့ဖို့က လွယ်ဖူးလေ၊ ကိုယ်တွေဆို ဆံပင်က ကျွတ်တတ်တော့ ပြေးလွတ်လောက်ဖူး ဗမာရဲကတော့ နံမည်ပျက် ရှိတဲ့သူ ဖမ်းရိုက်လိုက် ပေါ်တာပဲ လူဆိုးကလည်း ခပ်ညံ့ညံ့ ဆိုတော့ကာ အဆင်ကို ပြေလို့ ဆန်းတဲ့ဟာဆို မိတော့ဘူး