အပြုံးနွေးနွေး
(၁)
အမေကြီး ခွဲစိတ်ခန်းထဲကို ဝင်သွားကတည်းက ဂဏာမငြိမ်သော စိတ်တွေနှင့် ပျာယာခပ်စွာ လူးလောက်ခေါက်ပြန် လမ်းလျှောက်လိုက် ထိုင်လိုက် ထလိုက် မတ်တပ်ရပ်လိုက်နှင့် မသိသားဆိုးရွားစွာ ဒေါ်အေးကြည်စိတ်တွေ လှုပ်ရှားလွန်းလှသည်။ လက်တွင်ပတ်ထားသော နာရီကိုကြည့်မိရသည်ကလည်း ဘယ်နှစ်ကြိမ် ဘယ်နှစ်လီမှန်းမသိ။ ဆယ့်ငါးမိနစ်တစ်ကြိမ်လို ကြည့်ကြည့်မိနေရသည်။ နောက်ပြီး ခွဲခန်းရှိရာ အပေါ်ထပ်ကနေ ဆေးရုံကြီး အဝင်ပေါက်ဘက်ကို အကြည့်ကလည်း ခဏခဏရောက်ရသေးသည်။ ပွဲလမ်းသဘင်တစ်ခုလို စည်ကားနေသော ဆေးရုံဝန်းအတွင်းမှာ လူလူသူသူများစွာထဲမှာ အမေကြီးရဲ့ သားတွေ သမီးတွေများ လိုက်လာကြမလားဆိုသည့် အတွေးနှင့်ပါ။ သို့သော်လည်း ဒေါ်အေးကြည့်က ရင်ထဲတွင် သိနှင့်နေရက်ခဲ့ပါသည်.။ အချိန်တွေသာကုန်ကုန်သွားရသည်။ ပေါ်တော်မမူလာသော အမေကြီးရဲ့ ရင်းနှစ်သည်းချာ သားသမီးများ ဒီကနေ့လည်း လာမည်မဟုတ်။
“ဒေါ်အုန်းရင် လူနာစောင့်“
“ဟုတ်ကဲ့ ကျွန်မ ပါရှင်“
မေ့မျောနေသော အမေကြီးကို ကြည့်ရင် လှိုက်ခနဲ တက်လာသော ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တစ်ပေါက် ထွက်ကျသွားခဲ့သည်။ အရန်သင့် ရင်ခွင်တွင်ပိုက်ထားသော တရုတ်စောင်ပါးတစ်ထည်ကို အမေကြီးကိုယ်ပေါ်သို့ လွှားပေးလိုက်သည်။ ဒေါ်အေးကြည် စိတ်ထဲတွင် ခံစားရလွန်းသဖြင့် အံကျိတ်ထားမိတော့သည်။
@@@@@@@@@@@@@@@@@@@@@@
(၂)
တစ်ကိုယ်လုံး တုန်တုန်ရီရီဖြင့် ချမ်းလွန်းနေသော အမေကြီးသည် ပါးစပ်မှ ကယောင်ကတမ်းဖြင့် နာမည်တွေကို ခေါ်ခေါ်ပြီး တနေသည်။ ညာဘက်ပါးတစ်ပြင်လုံး ပတ်တီးဖွေးဖွေးတွေ မျက်စိကိုပါ ဖုံးလွှမ်းကာ ကပ်ထားသည်။ နှာခေါင်းတွေ ပိုက်တပ်လျှက် အနေအထား။ မကြည့်ရက်။ ဒေါ်အေးကြည် မကြည့်ရက်။ ဝေဒနာ အစုစုသည် တရိပ်ရိပ် အမေကြီးကို နှိပ်စက်နေပြီ။
ဒေါ်အေးကြည့်ကိုယ်တိုင်ပင် မျက်ရည်တွေ ကျကျလာပြီး လူနာများစွာကြားတွင် ကျိတ်ကျိတ်ငိုမိရသည်အထိ။ ခုထိ အမေကြီးနားတွင် ဒေါ်အေးကြည်ကလွဲ၍ အခြားဆွေမျိုးသားချင်းတွေ တစ်ယောက်မှ ပေါ်မလာ ပေါက်မလာကြသေး။ မမျှော်တော့ဘူးဟု စိတ်ကိုတင်း၍ ထားသော်လည်း အားငယ်စိတ်သည် ဒေါ်အေးကြည်ကို အကြိမ်ကြိမ် အဖန်ဖန်နှိပ်စက်သည်။
ဂျိုင်းကြားတွင်ညှပ်ထားသော ပိုက်ဆံအိတ်သေးသေးလေးထဲတွင် ငွေစက္ကူတစ်ချို့ ပါးပါးလပ်လပ်။ မနေ့ကပဲ ဆေးတွေဝယ်ရ၊ လူနာအတွက် လိုအပ်သော သေးသေးမွှားမွှား ပစ္စည်းတွေဝယ်ရနှင့် ငွေ သောင်းဂဏန်းကျော် နာရီပိုင်းအတွင်း ဗြိုက်ခနဲ ကုန်သွားသည်။ ဒါတောင် လက်စွပ်ကလေးကို အပြတ်ရောင်းပြီး ထည့်လာရသည်ငွေ။
အမေကြီး၏ အဖြစ်ကို တွေးမိတိုင်း ဒေါ်အေးကြည် တရားရသည်။ ခွဲပါစိတ်ပါဟု ဆိုခဲ့တုန်းက အမေကြီးတို့များ ပိုလျှံနေသည့်အပြင်ကို ဟိုလူ့ပေးမကုန် သည်လူ့ပေးမကုန်ခဲ့သည် အတိုင်းအတာ။ ထိုတုန်းက မျက်နှာမွဲလှသည့် ဒေါ်အေးကြည်က အမေ့လျော့ခံ။ ဘယ်သားသမီး ဘယ်လောက်ရရ ဒေါ်အေးကြည်ယောကျာ်း မလုပ်တတ်မကိုင်တတ် လူရိုးကြီးကိုတော့ တစ်ပြားတစ်ချပ်မှ ကျမလာခဲ့ပေ။ အမေကြီး သဘောမတူသော ဒေါ်အေးကြည်နှင့် ယူသည်ဟုဆိုကာ ပစ်လိုက်ပယ်လိုက်ကြသည်များ တွေးကြည့်လျှင် မချိအောင် နာခဲ့ရသည်။ ထားတော့။ သူများတွေ ဘယ်လောက် ဘယ်ရွေ့ရရ ဒေါ်အေးကြည်ကတော့ သူ့ကံနှင့်သူလာတာ။ ရသင့်လို့ ရတာ။ စံထိုက်လို့ စံရတာဟုသာ ယောကျာ်းကိုတရားချလျှက် ဒေါ်အေးကြည်ရင်တွင်းတွင်တော့ အတ္တရှိသော လူ့သဘောအတိုင်း ငါ့တို့ကျတော့ ငါတို့ကျတော့နှင့် ညည အိပ်လို့တောင် မရခဲ့။ ခု အဆီကျိတ်ဆိုတာ ဒေါ်အေးကြည်က ခွဲဖို့ ခဏခဏ နားချခဲ့ရချိန်များတွင် အမေကြီးက ခေါင်းတခါခါ လည်တခါခါနှင့်
“အေးကြည်မ ခုမခွဲလည်း ဘာမှမဖြစ်ဘူး။ ဟော ကျန်းကျန်းမာမာပဲတွေ့လား။ ခွဲလိုက်မှအေ ဟိုရောဂါ ဒီရောဂါတွေ ပေါ်ပေါ်လာမှဖြင့်။ မဖြစ်ပေါင်အေး။ မဖြစ်မနေဆိုမှ ငါခွဲမအေ။ ဆေးရုံဆိုတဲ့အသံကို နောက် ငါ့နားလာလာမပြောနဲ့။ “
ဆေးပြင်းလိပ်ကြီး ဖွာကာ ဖွာကာဖြင့် မဲ့ရွဲ့ပြောဆိုနေသော အမေကြီးကို အတွန့်တက်ပြီး ဒေါ်အေးကြည်က
“အမေရယ် ကိုယ့်မှာ ရှိတုန်း စုမိတုန်း ခွဲဖို့ပြောတာပါ။ ကျုပ်က စေတနာနဲ့ပါ။ နောက်များနောက်များဆိုတာ ဘယ်မှာသေချာလို့တုန်း။ ဆေးရုံတက်ရင် ငွေများများကုန်မယ်ဆိုတာ အမေကြီးလည်း သိသားနဲ့။ တော်တော်ကြာ အနာက မခွဲရင်မရတဲ့အခြေအနေမှာ ပြတ်လပ်နေတဲ့အချိန်မျိုးနဲ့တိုးရင် ဘယ်နှယ့်လုပ်မလဲ။ “
“တော် တော်တော့ အေးကြည် ။ ညည်း တစ်ရက်တစ်ရက် ငါ့လာပြောစရာ ဒီဆေးရုံတက် ခွဲပါစိတ်ပါဆိုတဲ့ စကားပဲရှိသလား။ ခုပဲ ငါက ကောက်ခါ ငင်ခါ မွဲသွားတော့မယ့်အတိုင်း။ ညည်း စေတနာကလည်း သေရွာကိုပို့နေတဲ့ စေတနာတွေပါအေ..။ သွား သွားတော့။ “
ထို့သို့ မောင်းမောင်းထုတ်ခံရသည့်တိုင် ဒေါ်အေးကြည် အမေကြီးကို ယောကျာ်းရဲ့ အမေ ကိုယ့် ယောက္ခမ ကိုယ့်အမေပါပဲလို့ တွေးပြီး စိတ်တွေ ဖြေဖြေလိုက်ရသည်။
မိုးကောင်းတုန်းသာ ရွာထားသော အမေကြီးအဖြစ်က နှစ်မကုန်ခဲ့။ သားငယ်ဖြစ်သူက ခိုက်ရန်ဖြစ်၍ တစ်ဘက်လူကို ဆေးဖိုးဝါးခတွေ လျော်လိုက်ရသည်က တောက်တောက်လဲ။ အလတ်မ က တငိုငို တရီရီနှင့် ဖားကန့်ဘက်က ယောကျာ်းပြန်မလာသဖြင့် လိုက်သွား ပါရစေ၊ ဖားကန့်မှာ လုပ်ကိုင်စားဖို့ လောက်လောက်ငင ပေးလိုက်ပါ အမေဆိုတာနှင့် ရွာနီးနားက လယ်တွေ ယာတွေ ဘယ်နှစ်ဧကမှန်းမသိ ရောင်းပေးလိုက်ရသေးသည်။ ထို့နောက်မကြာ အဖိုးကြီးဆုံးသည်။
အစ်ကိုလတ်တစ်ယောက်ကျပြန်တော့ အမေကြီးနား အကပ်ကောင်းအချွဲကောင်းသဖြင့် လက်ကျန် လယ်ယာတွေ အကုန်ရောင်းပြီး လုပ်ကိုင်စားတော့ သားရေတဲ့။ အမေကြီးရှိတုန်းက အမေရေ သမီးတို့ ဖားကန့်မှာလိုက်နေပါ။ သားတို့ အိမ်မှာလာနေပါ။ ကျွန်တော့်ဆီမှာ လာနေပါဆိုသော သားသမီးများ ခုများတော့ ဆေးရုံတက်ပြီး အရေးပေါ်ခွဲစိတ်ပြီးတာတောင် တစ်ယောက်မှ ရေးရေးလေးမပေါ်လာကြတော့။
အမေကြီး သားသမီးတွေကို ပေးနေတုန်း ဝေနေတုန်း ခြမ်းနေတုန်းက ဒေါ်အေးကြည် ယောကျာ်းကို အမေကြီးဆီ လွှတ်ခဲ့သေးသည်။ ရေခဲတုံးတစ်တုံးလို အေးစက်နေတတ်သော ယောကျာ်းက ဒေါ်အေးကြည်ကို ပြန်ပြောခဲ့သည်။
“မသွားချင်ပေါင်ဟာ။ အမေ ပေးချင်တဲ့ သူကိုပေးတာ ငါ ကြားက ဝင်မလိုချင်ဘူး။ အမေ ပေးချင်သဟဲ့ဆို လူလွှတ် ခေါ်မှာပေါ့။ ခုလည်း တို့လင်မယား လောက်လောက်ငငနဲ့ စားနေနိုင်သားပဲ။ တို့တွေ သူတို့လို လိုချင်စိတ်တွေနဲ့ လောဘတွေ မတက်ချင်ဘူးဟာ။ ပူလောင်လွန်းလို့။ ထမင်းကြမ်းကိုသာ ယပ်ခတ်စားနေစမ်းပါ အေးကြည်ရာ။ တို့အနေအထားနဲ့တို့ ဘယ်လိုနေရတယ် ဘယ်လိုစားရတယ်ဆိုတာ အမေလည်း သိနေ ကြားနေသားပဲ။ နင့် သိတတ်စိတ်ကလေးကိုတော့ ဆက်မွေးထားသိလား။ တစ်နေ့ အမေ နင့်ကို ကြည်ဖြူလာပါလိမ့်မယ်“
ထိုတုန်းက မိန်းမဆိုသည် စိတ်ကလေးက ပြူတစ်ပြူတစ်ထွက်ချင်လှသည်။ ဘယ်သူက ဘယ်လောက်ရသွားတာဟု ရွာထဲမှ စကားသံတွေ ဒေါ်အေးကြည်နားသို့ရောက်ရောက်လာတိုင်း ရိုးအေးလွန်းလှသော ယောကျာ်းကို ထုနှပ်ရိုက်သတ်ချင်စိတ်တွေ ပေါက်ပေါက်လာမိရတာ ခဏခဏ။ ဒေါ်အေးကြည်ကပင် ငွေပဲ မက်သလိုလို။ ဘာလိုလိုဖြစ်နေသည်ဟု ယောကျာ်းဖြစ်သူ အထင်ရောက်သွားမှာကိုလည်း စိုးရိမ်ရသေးသည်။ အကျိုးသင့်အကြောင့်သင့် ဖြင့် ဒေါ်အေးကြည် ရှင်းပြရသည်။
“ကျုပ်က အမေငွေတွေ ယာတွေကို မက်လို့မဟုတ်ပါဘူး။ တော်လည်း မြင်သားပဲ။ တော့်သားတွေ သမီးတွေ လူပျို အပျိုတွေဖြစ်လာကြပြီ။ ဆွေမျိုးတွေကြားထဲမှာ ခင်မောင်ရင့် သားတွေ သမီးတွေ မျက်နှာ မငယ်စေချင်ဘူး။ စားနိုင်သောက်နိုင် ထမင်းတော့ မငတ်ဘူးပေါ့။ ခု တော့် အစ်ကိုတွေ ၊ တော့် ညီတွေ ညီမတွေ လုပ်နေပုံတွေ က မဟုတ်ဘူး။ ရသမ ျှ သိမ်းကျုံးယူပြီး အမေကြီးနားက ခွာနေကြတာ။ ခုနေခါသာ အမေရေ ဒါလေး အမေနဲ့တည့်တယ် သမီးချက်လာ၊ ဒါလေးတော့ အမေကြိုက်လောက်တယ် သားဝယ်လာတာနဲ့ ကြည့်နေပါ။ အမေ့ဆီမှာ တစ်ပြားတစ်ချပ်မရှိကြည့် ဘယ်သားသမီးက ကပ်မလဲဆိုတာ“
ပြော၍မှမဆုံးခင် ခုပင်လျှင် အမေကြီး ဆေးရုံပေါ်တွင် ပက်လက်အနေအထားဖြင့် သားတွေ သမီးတွေ အလာကို စောင့်မျှော်နေရပြီ။
ဒေါ်အေးကြည်ကတော့ မမျှော်လင့်ချင်တော့။ နေသည် ဝင်တော့မည်။ ညသည် ချဉ်းနှင်းဝင်ရောက်လာခဲ့ပြီ။
@@@@@@@@@@@@@@@@@@@@@@
(၃)
အိုဗာတင်းဗူးတွေ၊ အချိုရည်ဗူးတွေနှင့် ကိုခင်မောင်ရင် ဆေးရုံးကိုရောက်လာတော့ ဒေါ်အေးကြည် ဆီးဖက်ပြီး ကျူကျူပါအောင် ငိုပစ်လိုက်သည်။ တိတ်ပါဟု ပြောလည်းမရ။ ချော့လည်းမရ။ မျက်ရည်တွေ ဒလဟောထွက်ပြီး ကုန်လောက် ခမ်းလောက်မှ ရှိုက်သံလေး တစ်ချက်တစ်ချက် စွတ်လျှက် အမေကြီးဆီ ဝင်လာခဲ့သည်။ ကိုခင်မောင်ရင်က ဝဲနေသည် မျက်ရည်တွေကို မျက်တောင်ဖြင့် ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း နောက်ကလိုက်လာသည်။ မေးစရာရှိတာကိုတော့ မေးလိုက်ရပြန်သည်။
“ဘယ်လိုလဲ ကိုရင် အဆက်အသွယ်ရခဲ့ရဲ့လား ဘာတဲ့လဲ။ လာကြမယ်တဲ့လား“
“တစ်ယောက်မှ မအားဘူးတဲ့။ အဆင်မပြေဘူးပြောတယ်။ ပေးလည်းမပေးနိုင် ကုလည်း မကုပေးနိုင်မယ့်အတူတူတော့ မလာတော့ပါဘူးတဲ့။ အစ်ကိုကြီးပဲ ဂရုစိုက်ပေးပါလို့ပြောတယ် ။ တို့လင်မယားပဲ အမေ့နားမှာရှိတော့တယ် အေးကြည်“
ဟာဆင်းသွားသော ရင်ခွင်တွင် ဘာမှကိုမရှိတော့။ ဟင်းလင်းပြင်ကြီးတစ်ခုနှယ် ခံစားလိုက်ရသည်။
အမေကြီး သတိရနေလေပြီ။ ကုတင်ပေါ်တွင် ပက်လက်အနေအထားဖြင့် သက်တောင့်သက်သာနေစေသည်။ ဒေါ်အေးကြည်က ယောကျာ်းဖြစ်သူကို ကြိုမှာရသည်။
“ဒီမယ် ကိုရင်။ အမေ့ရှေ့မှာ သူ့သားသမီးတွေအကြောင်း ယောင်လို့မှ မဟမိစေနဲ့နော်။ တော်တော်ကြာ အဲဒီစိတ်တွေနဲ့ အိပ်ယာထဲ ထပ်လဲနေဦးမယ်။ ခုအမေက အစားမစားရတော့ဘူး။ နှာခေါင်းကပိုက်နဲ့ အရည်တွေ၊ အချိုရည်တွေ၊ ဆန်ပြုတ်အရည်ကြည့်တွေ ဆေးထိုးပိုက်နဲ့ သွင်းနေတာ။
ခု အမေ့ ပါးက ခွဲပြီးတဲ့ အကျိတ်ကို ဓါတ်ရောင်ခြည်နဲ့ ကင်မယ်ဆိုလား ကုမယ်ဆိုလား ပြောတယ်။ ကျုပ်အထင်တော့လေ “
စကားမဆုံးခင် ငိုရပြန်သည်။
ဒေါ်အေးကြည် ထိုသို့ကြိုမှာပြီးသည်နှင့် အမေဆီကိုဝင်ခဲ့သည်။ ကိုခင်မောင်ရင်က အမေ့လက်ကလေးကို ဆုပ်ကိုင်လိုက်တော့ အမေကြီးက ဆက်ခနဲ နိုးလာသည်။ မျက်ရည်တွေ တသွေသွေ စီးကျလျှက် ငိုနေရှာသည်။ ပြီးတော့ ပါးစပ်က
“သားရယ် ….အမေ….အမေလေ“
ကိုခင်မောင်ရင်က အမေကြီးကို စကားမပြောစေရန် နှုတ်ခမ်းကိုလက်ညိုးကလေးထောင်ပြသည်။ အမေကြီး ခေါင်းငြိမ့်ရှာသည်။ အမေကြီးက ဒေါ်အေးကြည်ကို အနားကပ်ရန် လက်နှင့်ခေါ်သည်။ ဒေါ်အေးကြည်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း ငိုပြန်လေသည်။ အမေကြီးစိတ်တွင်းက ဝေဒနာ အတိမ်အနက်ကို ဒေါ်အေးကြည်တို့ လင်မယားနားလည်သည်။ ပါးစပ်က မပြောသော်ငြားလည်း ခံစားတတ်သည်။ ဒေါ်အေးကြည်ပင်လျှင် ထားတတ်ခဲ့သောစိတ်ကို ခုမှ ကျေနပ်ရသည်။
“အမေ စိတ်ကိုသက်သက်သာသာနေ။ ဘာကိုမှမတွေးနဲ့နော်။ သားရှိတယ်။ ပျောက်အောင်ကုမယ်။ အမေ့စိတ်ထဲ ဘယ်သူလာလာ မလာလာ ဘာမှကိုမတွေးနဲ့တော့။ တရားနဲ့သာဖြေပါတော့ အမေ။ အမေ့နဘေးမှာ အေးကြည်ရှိတယ်။ သားရှိတယ်။ နောက်ထပ် ဘာတွေလုပ်အပ်သေးလို့လဲ အမေရယ်“
အမေကြီး ပြုံးပါသည်။ ပြီးတော့ အမေကြီးလက်တွေက ဒေါ်အေးကြည်တို့ကို ဆုပ်ကိုင်ထားလိုက်တာမှ နွေးထွေးလွန်းလှတော့သည်။
သော်ဇင်(လွိုင်ကော်)
Date-12th-Feb-2013
Time-4:22PM
6 comments
Mr. MarGa
February 12, 2013 at 9:13 pm
မိဘ ကျေးဇူး မြင့်မိုရ်ဦး ဆိုတော့ကာ
ဗွေမယူဘဲ အစွမ်းကုန် တတ်နိုင်သလောက် လုပ်ပေးရုံပေါ့လေ
ယောက်ခမလဲ မိဘပဲကိုနော်
padonmar
February 12, 2013 at 11:02 pm
ဒေါ်အေးကြည်လို ချွေးမမျိုး များများရှိရင် လောကကြီး သာယာလာမှာပေါ့။
kai
February 13, 2013 at 4:05 am
အင်းနော်…
ဒီလိုချွေးမမျိုး… ရှား၏..ရှား၏…
MaMa
February 13, 2013 at 8:33 am
တခါတလေ သဘာဝတရားကြီးက ဆန်းကြယ်တယ်။
အပြင်လောကမှာလည်း အဲလို ချွေးမမျိုး မြင်ဖူးတယ်။
ယောက္ခမအပေါ်မှာ သမီးဖြစ်သူထက် ချွေးမဖြစ်သူက ကရိကထခံ၊ သည်းညည်းခံ၊ ငြူစူခံပြီး လုပ်ကျွေးပြုစုတာ။
(အဲဒီယောက္ခမကလည်း အရစ်။ နိုင့်ထက်စီးနင်းလည်း လုပ်ချင်တယ်။ စီးစီးပိုးပိုးလည်း လုပ်တတ်တယ်။)
ရေရှည်မှာ ယောက္ခမဆီက အမွေမရလိုက်ပေမယ့် ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ စိတ်ကောင်းနှလုံးကောင်းရှိသူအဖြစ် (မချမ်းသာပေမယ့်) လူချစ်လူခင်များတယ်။
အသက်ကြီးလာတော့လည်း သားကောင်း သမီးကောင်းတွေရပြီး တင့်တင့်တယ်တယ် ချမ်းချမ်းသာသာ နေရတယ်။
သူ့စိတ်ရင်း ကောင်းလို့ သူ့ကံ ကောင်းတာဖြစ်မယ်။ :hee:
လုံမလေးမွန်မွန်
February 17, 2013 at 2:11 pm
လောကကြီးက တစ်ခါတစ်ခါတော့လည်း ဘယ်လိုမှန်းမသိဘူး..
ယောက္ခမက ကောင်းပြန်တော့လည်း ချွေးမက မသိတတ်…
ချွေးမက ကောင်းပြန်တော့လည်း ယောက္ခမက ကဂျီကဂျောင်…
ဒါပေမယ့် စေတနာကတော့ ပြန်အကျိုးပေးမှာပါ…
niki ta
February 17, 2013 at 4:03 pm
ဖတ်လို့ အရမ်းကောင်းပါတယ်…. ။ ဒေါ်အေးကြည်လို မေတ္တာမျိုး လူသားတိုင်းမှာသာ ရှိမယ်ဆိုရင်…..မိဘတိုင်း အတွက် ဘိုးဘွားရိပ်သာဆိုတာ မလိုအပ်သလို..၊ အသက်ရွယ်ကြီးရင့် သူတွေရဲ့ ဘဝ ဒုက္ခတွေလည်း ပျောက်နိုင်ကောင်းပါရဲ့…………။