Cheap thrills

Zaw WonnaJuly 21, 20101min640

၂၁ ရာစုဟာ မီဒီယာနဲ့ ပတ်သက်လို့ အံ့မခန်း တိုးတက်မှုတွေနဲ့အတူ လူတွေရဲ့ အချိန်တော်တော်များများကိုလည်း မီဒီယာတွေက  ဖမ်းစားနိုင်ခဲ့ပါတယ်။ ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းပေါင်းများစွာဟာ အချိန်ကုန်လူပန်း သက်သာဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာ မှန်ပေမဲ့ အဲဒီပစ္စည်းတွေကြောင့်ပဲ ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်လို့ကုန်မှန်းမသိအောင် ဖြစ်နေပါတယ်။

နောက်တစ်ခု စဉ်းစားစရာရှိတာက ကျနော်တို့ပေးလိုက်ရတဲ့ အချိန်တွေနဲ့ ငွေကြေးတွေအတွက် ရတဲ့ အကျိုးအမြတ်က မျှတရဲ့လားဆိုတာ ဖြစ်ပါတယ်။
ဥပမာ အခုဆိုရင် အင်တာနက်ဟာ မြို့နေ လူငယ်တွေ အားလုံးနီးပါး သုံးစွဲကြတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့  အင်တာနက် အသုံးပြုတဲ့  အချိန်တွေမှာလည်း တကယ်အကျိုးရှိမဲ့ အင်ဖော်မေးရှင်းတွေထက် ချတ်တင်၊ ဖျော်ဖြေရေး နဲ့ ဂိမ်းတွေရဲ့ ဆွဲဆောင်မှုနောက်ကို  လိုက်ရင်း အချိန်ကုန်မှန်းမသိ ကုန်နေကြပါတယ်။ လူငယ်တွေအတွက် အချိန်ဖြုန်းလို့ကောင်းတဲ့ နေရာတစ်ခုလို ဖြစ်နေတာပါ။

လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်တုန်းက ကျနော်တို့အနေနဲ့ အဝေးမှာရောက်နေတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို စာတစ်စောင်ပို့ဖို့ စာရွက်ဘောပင်နဲ့ စာရေး၊ ပြီးမှ စာတိုက်ပုံးကိုသွားပြီး တကူးတက စာထည့်ရပါတယ်။ အခုဆိုရင် အင်တာနက်ကနေ မေးလ်တစ်စောင်ပို့ဖို့ အလွန်ဆုံး ၂ မိနစ်လောက်ပဲ ကြာမှာပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ Inbox ထဲက မေးလ်တစ်စောင်ဟာ စာရေးစားပွဲအံဆွဲ ထဲမှာ သိမ်းထားတဲ့ လက်ရေးနဲ့ရေးထားတဲ့ စာတစ်စောင်၊ ပို့စကတ်ဒ် တစ်ခုလောက် မြတ်နိုးစရာ မကောင်းတာကတော့ အမှန်ပါပဲ။ အဲလိုသိမ်းထားတဲ့ စာတွေကို အိမ်တွေမှာ မကြာခဏ တွေ့ရတတ်လို့ပါ။

နောက်ပြီးတော့ အလွယ်တကူနဲ့ ဖုန်းဆက်လို့ရတာဟာ ဆက်သွယ်ရေးအတွက် အရမ်းအဆင်ပြေပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို အလွယ်တကူနဲ့ အမြန်ဆုံး အသိပေးနိုင်တာဟာ တန်ဖိုးအလွန်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ အချိန်တွေကို ဖြုန်းပစ်တဲ့ကိစ္စတွေမှာ ဖုန်းဟာလည်း တစ်ခုအပါအဝင်ပါ။ အလွယ်တကူ ဆက်သွယ်လို့ ရနေတော့ ဘာမဟုတ်တဲ့ကိစ္စနဲ့လည်း ဖုန်းဆက်ဖြစ်တယ်။

“သူငယ်ချင်း … မင်းအခု ဘယ်ရောက်နေလဲ”      “ငါအခုလက္ဘက်ရည်ဆိုင်မှာ … မင်းရော”   “ငါလား … ဘိလိယက်ခုံက ဆက်နေတာ” ဆိုတာမျိုးပေါ့။ တချို့များဆိုရင် ပျင်းပျင်းရှိတိုင်း ဖုန်းဆက်တတ်တဲ့ အကျင့်တောင် ဖြစ်နေတယ်။ ဖုန်းကို တစ်နေ့လုံးနီးပါး လက်ကမချပဲ အပျော်တမ်း မက်ဆေ့ဂျ် ပို့လိုက် ဖုန်းဆက်လိုက် လုပ်နေတတ်ကြတဲ့ လူငယ်တွေကိုလည်း တော်တော်များများ တွေ့ရပါတယ်။

တီဗွီ တွေကလည်း အချိန်ဖြုန်းဖို့ကောင်းတဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါပြီ။ တစ်ချို့အိမ်တွေမှာဆိုရင် အားတိုင်း တီဗွီရှေ့မှာ ထိုင်နေရတာနဲ့ မိသားစု တစ်ယောက်နဲ့ တစ်ယောက်တောင် အေးအေးဆေးဆေး နွေးနွေးထွေးထွေး စကားပြောချိန် မရှိတော့ဘူး။ အချို့ဆိုရင် ထမင်းစားတာတောင်မှ တီဗွီရှေ့မှာ စားတာကို တွေ့ရတယ်။  အရင်တုန်းက အလုပ်က ပြန်ရောက်တာနဲ့ ကလေးတွေနဲ့ လုံးလားထွေးလား ကစားလေ့ရှိတဲ့ ဖခင်တွေတောင် ကွန်ပြူတာရှေ့ တီဗွီရှေ့က မထကြတော့ သားသမီးတွေလည်း ကွန်ပြူတာဂိမ်း၊ တီဗွီဂိမ်းတွေနဲ့ ဆော့ရတာ အကျင့်ပါနေပြီ။ တအိမ်တည်း အတူတူနေနေပေမဲ့ ကင်းကွာနေတဲ့ ဘဝတွေပေါ့။ အရင်ခေတ်တုန်းကလို မိသားစုအချင်းချင်း စုပြီး စကားဝိုင်းဖွဲ့ ပြောရတဲ့ အရသာမျိုး အခုခေတ်မှာ မရနိုင်တော့ဘူး။ မိသားစုဝင် အချင်းချင်း ရင်းနှီးနွေးထွေးမှု မရှိတာဟာ ရေရှည်မှာ မကောင်းတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ထင်ပါတယ်။

ဖျော်ဖြေမှုဆိုတာမျိုးကလည်း လူတွေအတွက် မရှိမဖြစ်ပါ။ ဒါပေမဲ့ အခုကျနော်တို့ရဲ့ လူနေမှုပုံစံကိုက ဖျော်ဖြေမှုတွေနောက်ကို အလွန်အကြွံ လိုက်နေသလိုများ ဖြစ်နေမလားလို့ တွေးမိတယ်။

ဆရာတော်ဦးဇောတိက တစ်ခါတုန်းက ပြောဖူးတဲ့ အပေါစားဖျော်ဖြေမှု ( Cheap thrills ) ဆိုတာကို သွားသတိရမိပါတယ်။ ကိုယ့်အတွက် တစုံတရာ အကျိုးမရှိတဲ့ ဖျော်ဖြေမှုတွေကို ဆိုလိုတာပါ။ ခေတ်သစ်ကမ္ဘာကြီးဟာ ကျနော်တို့ရဲ့ အချိန်နဲ့ ငွေကြေးကို  အပေါစားဖျော်ဖြေမှုတွေနဲ့ ဆွဲဆောင်နေပါတယ်။ ခေတ်ပေါ် အီလက်ထရွန်းနစ် ပစ္စည်းတွေကလည်း ကျနော်တို့ကို မသုံးမဖြစ် အခြေအနေရောက်အောင် တွန်းပို့နေပါတယ်။ ဒါပေမဲ့ အဓိကကတော့ သုံးစွဲသူတွေကိုယ်တိုင်က မိမိရဲ့ အချိန်နဲ့ ငွေကြေးကို စည်းစံနစ်ရှိစွာ စီမံခန့်ခွဲနိုင်ရင် အကောင်းဆုံးပါပဲလို့ တင်ပြလိုက်ရပါတယ်။      ။