“ကိုကိုနဲ့ ညီညီ”
(၁)
ကိုကို ဒီရက်ပိုင်းအတွင်း အိမ်မှာ ညီညီကို မတွေ့ရတဲ့အတွက် စိုးရိမ်လာတယ်။ ညီညီ ရှိုးပွဲတွေ ဆိုဖို့များ ရှိနေသလားလို့ အောက်မေ့မိတယ်။ ညီညီက တကယ်တော့ နာမည်တက်စ အဆိုတော်တစ်ယောက်ပါ။ ဒါနဲ့ ညီညီဆီ လှမ်းပြီးဖုန်းဆက်ကြည့်တယ်။ ဖုန်းပိတ်ထားတယ်ဆိုတဲ့ အသံပဲထွက်လာတယ်။
ဒါနဲ့ ညီညီ အခန်းရှိရာဆီကို ဝင်ကြည့်ဖြစ်တယ်။ ညီညီအခန်းက သီချင်းစာရွက်တွေနဲ့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲရှုပ်ပွနေတယ်။ ကုတင်ပေါ်မှာလည်း မသိမ်းရသေးတဲ့ ခြင်ထောင်က ဒီအတိုင်း။
ကိုကို ဝင်လာရင်း ကြမ်းပေါ်က စာရွက်တွေကို ကောက်သိမ်းပေးဖြစ်တယ်။ အမှတ်တမဲ့ သီချင်းစာရွက်တစ်ရွက်ကို လှမ်းကောက်ရင်း “ကိုကို”ဆိုတဲ့ စာသားပါလာလို့ သေချာကြည့်မိတယ်။
“မမို့က ငါ့ကို မချစ်နိုင်ဘူးတဲ့။ သူ့မှာ ချစ်ရမယ့်သူရှိတယ်လို့ ပြောတယ်။ ငါ မဟုတ်ရင် ကိုကိုပဲနေမှာပေါ့။ ကိုကို ငါ့အပါ် အရမ်းရက်စက်တယ်ဗျာ။ ကိုကို့ကို အရမ်းမုန်းတယ်။ အရမ်းမုန်းတယ်။ အရမ်းမုန်းတယ်”
စာရွက်မှာပါလာတဲ့ အကြောင်းအရာက ဒီလောက်ပါပဲ။ ကိုကို ငိုင်သွားတယ်။ ညီညီ သူ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး အိမ်ပေါ်က ဆင်းသွားတာနေမယ်။ ညီညီအတွက် ကိုကို စိတ်မကောင်းဘူး။
မိဘတွေဆုံးသွားပြီးတည်းက ညီညီဟာ ကိုကို့အတွက် အချစ်ရဆုံးသောသူ ဖြစ်ပါတယ်။ ဒါကြောင့် ညီညီကို လိုလေသေးမရှိ အကုန်ပံ့ပိုးပေးခဲ့တယ်။ အစ်ကိုတစ်ယောက်ချစ်တာထက် ပိုပြီး မိဘတွေရဲ့မေတ္တာမျိုးနဲ့ သူ ညီညီကို ချစ်တယ်။
(၂)
စာထဲမှာပါတဲ့ မမို့ဆိုတာလည်း ကိုကိုနဲ့ လုပ်ငန်းတူ မိတ်ဆွေတစ်ယောက်ပါ။ အမှန်အတိုင်းပြောရရင် သူတို့က ပါးစပ်နဲ့သာ မပြောရသေးသာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာ နှစ်ယောက်စလုံး နားလည်ထားကြတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုကိုက ညီညီကိုပါ အသိပေးတိုင်ပင်ဖို့အထိ တွေးထားပါတယ်။ အခုတော့ သူမထင်မှတ်တာတွေက မထင်မှတ်သလို ဖြစ်လာပြီ။
ညီညီအတွက် ကိုကို ဘာလုပ်ပေးရမလဲ စဉ်စားတယ်။ နောက်ဆုံးတော့ ကိုကို သက်ပြင်းရှည်ရှည်ချပြီး တစ်ခုခုကို ဆုံးဖြတ်လိုက်ပါတယ်။
(၃)
“ရှင်.. ကိုကြီး ဘယ်လိုပြောလိုက်တယ် ပြန်ပြောပါအုံး ၊ မို့ ကိုယ့်နားကိုယ်တောင် မယုံနိုင်တာ့ဘူး”
“အေး… ခုနက စကားပဲ ငါ ပြောမယ် နားထောင်၊ ညီညီ မင်းကြောင့် စိတ်တွေလေပြီး အိမ်ကို ပြန်မလာတော့ဘူး၊ ညီညီ မင်းကို ချစ်နေတာလည်း ငါသိပြီးသားပဲ၊ မင်း သူ့ကို ငြင်းလိုက်တယ် မဟုတ်လား၊ အခု ညီညီ ငါ့ဆီ ပြန်မလာတာ မင်းကြောင့်၊ မင်းကို ငါ အရမ်း စိတ်ဆိုးတယ်၊ အဲ့ဒီကိစ္စ မင်းမှာ တာဝန်ရှိတယ်ထင်လို့ ငါ ဖုန်းဆက်လိုက်တာ၊ အေး မင်းနားလည်မယ်လို့ ငါထင်ပါတယ်”
တုံးတိတိ ပြောပြီး ကိုကို ဖုန်းကို ဖြုတ်ချလိုက်တယ်။ ဖုန်းထဲက ဆက်ထွက်လာမယ့် နှလုံးသားအား ဓားထက်ထက်နဲ့မွှန်းသလိုမျိုး ချစ်သူ့ရဲ့ငိုသံကို မကြားရက်တော့ပါဘူးလေ။ ဒါတွေဟာ ညီညီအတွက်။ ကိုကိုရဲ့အချစ်တွေကို စတေးပြီး ပြတ်သားရတော့မှာပေါ့။
ဒါပြီးရင် ဖုန်းမကိုင်တဲ့ ညီလေးဆီ မတ်ဆေ့လည်း လှမ်းပို့ရမယ်။ ကိုကိုတို့ဟာ မိတ်ဆွေတွေသာဖြစ်ကြောင်း၊ ညီညီ အထင်လွဲနေတာဖြစ်ကြောင်း၊ ဘယ်မိန်းကလေးမဆို တစ်ခါငြင်းရုံနဲ့ တစ်သက်ငြင်းသွားတာ မဟုတ်ကြောင်း၊ အခုလည်း ညီညီကို ရှာဖို့ ကိုကို အိမ်က ထွက်လာပြီဖြစ်ကြောင်း စသည်ဖြင့်ပေါ့။
(၄)
ကိုကို ညီညီ့ သူငယ်ချင်းတွေဆီ ဖုန်းဆက်တယ်။ သူတို့က ညီညီ ရောက်မလားဘူးပဲ ငြင်းကြတယ်။ ဟုတ်မှာပေါ့။ ရောက်လာရင်ရော ကိုကို့ကိုလည်း အမှန်အတိုင်း ပြောမယ်မထင်ပါဘူး။ ညီညီ ကြိုပိတ်ထားမှာပေါ့။
အခု ကိုကို ညီညီသွားတတ်တဲ့နေရာတွေကို ကားတစ်စင်းနဲ့ လိုက်ရှာနေပါပြီ။ ကိုကို လက်က နာရီကို ကြည့်တော့ ည(၈)နာရီခွဲနေပြီ။ ခုထက်ထိ ညီညီအရိပ်အယောင်ကိုတောင် မတွေ့သေးဘူး။
ကိုကို လက်လျှော့လိုက်ပြီဆိုတဲ့စိတ်နဲ့ အိမ်ကနေပဲ ထိုင်စောင့်တော့မယ် တွေးပြီး ကားကို ပြန်လှည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ လမ်းကြားလေး တစ်ခုမှာ လူတွေ အုပ်လိုက်ရိုက်နှက်နေကြတာ လှမ်းတွေ့ရတယ်။ ဘာရယ်မဟုတ် ကိုကို သတိထားပြီး လှမ်းကြည့်လိုက်တဲ့အခါမှာ ငုပ်တုတ်အရိုက်ခံနေရတဲ့သူက ညီညီနဲ့တူနေတာကို တွေ့ရတယ်။ ကိုကို သေချာကြည့်လိုက်တော့ ညီညီပဲဆိုတာ ပိုသေချာသွားတယ်။ အဲ့ဒါနဲ့ ကားကို ရပ်ပြီး ကိုကို ခုန်ဆင်းလာတယ်။ ပါးစပ်ကလည်း အော်လို့။
“ဟေ့ကောင်တွေ မလုပ်နဲ့.. ရပ်၊ အဲ့ဒါ ငါ့ ညီကွ”
ကိုကို ပြေးလာရင်း လမ်းဘေးမြောင်းမှာ ကျောက်ခဲနဲ့ တုတ်တို့တွေ့တာနဲ့ လက်နှစ်ဘက်နဲ့ ကောက်ယူပြီး လူအုပ်ထဲကို ဝင်သွားတော့တာပဲ။ သူ့ညီဘေးမှာ ရှိတဲ့ မည်းမည်းမြင်ရာ မှန်သမျှကို ကိုကို ရိုက်ထုတ်ပစ်လိုက်တာပဲ။ ဒီလိုပဲ ကိုကို့ဆီကိုလည်း လက်သီးတွေ ခြေထောက်တွေ စုံဝင်လာကြတယ်။ ကိုကို့တစ်ကိုယ်လုံးလည်း ထူပူပြီ ဘာမှန်း မသိတော့ဘူး။ ဒီထဲမှာ ပိုဆိုးတာက ကိုကို ဝမ်းဗိုက်မှာ စူးစူးဝါးဝါးနာနေတာပဲ။ တစ်အောင့်ကြာတော့ လူအုပ်တွေ ပြေးလာသံကြားရတယ်။ သိပ်မကြာခင်မှာပဲ ကိုကိုက ညီညီဖက်ထားရင်း မေ့လဲသွားပါတော့တယ်။
(၅)
“ကိုကိုရယ် ညီညီကို အဲ့ဒီလောက်တောင် ချစ်ရလား၊ ဒါတောင် ညီညီက ကိုကို့အပေါ် အကောင်းမမြင်ခဲ့ဘူး၊ ညီညီ အရမ်းမိုက်တယ်၊ ခုလည်း ညီညီကြောင့် ကိုကိုဒဏ်ရာရတာ၊ အခု ညီညီ မှားမှန်းသိနေပါပြီ၊ ကိုကို မြန်မြန်ထပါတော့ ဗျာ၊ ညီညီ တောင်းပန်တယ် သိလား”
ကိုကို့နားထဲမှာ ညီညီအသံတွေ ကြားနေရတယ်။ ကိုကို မျက်စိဖွင့်ကြည့်လိုက်တော့ အရာရာက ဝါးတားတားနဲ့။ စဖွင့်ကစမို့ နေမယ်လို့ တွေးလိုက်တယ်။ ဘေးကို လှမ်းကြည့်တော့ ညီညီက မျက်ရည်တွေနဲ့ သူမျက်စိဖွင့်လာတာ မြင်တော့ ဝမ်းသာနေပုံပဲ။ ဘေးမှာလည်း မို့မို့ကို တွေ့ရတယ်။
“ကိုကြီး သတိရလာပြီလား၊ မို့မို့ကို ကိုကြီးညီပဲ လာခေါ်တာပါ၊ ကိုကြီးကို ပထမတုန်းက အထင်လွဲခဲ့သေးတယ်၊ အဲ့ဒါ ကိုကြီးညီက အကြောင်းစုံရှင်းပြပြီး မို့မို့ကို ဒီကို ခေါ်လာတာပဲ”
“ဟုတ်တယ်… ကိုကို၊ ညီညီ အရင်ကကိစ္စတွေအတွက်လည်း ကိုကို့ကို တောင်းပန်ပါတယ်၊ ခုနက ရန်ဖြစ်တယ်ဆိုတာလည်း ဒီကောင်တွေက အုပ်စုဖွဲ့ပြီး မိန်းကလေးတစ်ယောက်ကို ဆွဲလားရမ်းလားလုပ်နေလို့ ညီညီတို့ သူငယ်ချင်းသုံးယောက် မခံမရပ်နိုင်နဲ့ ဝင်ကူရင်း ဖြစ်ကြတာပါ၊ အခု ဟိုကောင်တွေလည်း အချုပ်ထဲ ရောက်ကုန်ပြီ ကိုကို၊ သူတို့ မိဘတွေလည်း ကြေအေးပေးဖို့ လာတောင်းပန်နေကြတယ်၊ အဲ့ဒါ ညီညီက ကိုကို့ သဘောကို မေးကြည့်တာ၊ ဒီထဲမှာ ကိုကိုက ဗိုက်မှာ ဒဏ်ရာနဲ့ အပြင်းဆုံးပဲ မဟုတ်လား”
“ညီညီတို့ ဘာမှ မဖြစ်ကြဘူး မဟုတ်လား၊ ဒါဆို ကြေးအေးပေးလိုက်ပါကွာ၊ သူတို့လည်း ရဲစခန်းမှာ ခံဝန်လိုက်မှတ် ထိုးပြီးလောက်ပါပြီ၊ သူတို့လည်း နောက်ဆို ဆင်ခြင်သွားပါလိမ့်မယ်၊ သူတို့မိဘတွေကို ကိုကို ကိုယ်ချင်းစာတယ်ကွာ”
“ဟုတ်.. ကိုကိုရဲ့ သဘောအတိုင်းပါပဲ၊ ခုတော့ ညီညီ သဘောအတိုင်း…”
ညီညီက ပြောရင်းဆိုရင်း ကိုကိုလက်ကို ဆွဲကိုင်ပြီး မို့မို့လက်ပေါ်တင်ပေးလိုက်တယ်။ ကိုကိုက ညီညီကို အားနာသလို လှမ်း ကြည့်တော့ ညီညီက ပြုံးပြီး
“ကိုကို ဘာမှ အားမနာနဲ့တော့၊ ညီညီလည်း ချစ်ရမယ့်သူ တွေ့နေပြီ၊ ညီညီကယ်တဲ့ မိန်းကလေးနဲ့ ညီညီ အဆင်ပြေနေပြီ ကိုကိုရ၊ ကိုကိုသာ အဆင်ပြေအောင် ဆက်လုပ်”
ညီညီ အပြောကြောင့် မို့မို့နဲ့ ကိုကိုတို့ တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ရှက်ပြုံးတွေ ဝေလို့…။ ။
ခင်မင်လေးစားစွာဖြင့်…
စေပိုင်ထွဋ်(ပုသိမ်)
5 comments
TheWinner
February 16, 2013 at 8:39 pm
ကိုကိုရဲ့ ညီညီ့ကိုချစ်တဲ့ အချစ်က အတော်လေးနက်တာပဲနော်။
အလင်းဆက်
February 16, 2013 at 8:39 pm
ကျစ်လျစ် လှပတဲ ့ရသ…. ဝတ္ထုတိုလေးမိ ု့..
ချစ်မိပါကြောင်းးးး
•*¨နန်းတော်ရာသူ •*¨
February 17, 2013 at 3:25 pm
ဒီဘက်မှာ အားပေးသွားပါတယ်ရှင်
Traditional
February 17, 2013 at 4:36 pm
အားပေးသွားပါတယ်
မောင်ပေ
February 17, 2013 at 8:17 pm
ကျုပ် လဲ အပေါ်ကလူတွေလိုပါပဲ
ဖတ်ရှုအားပေးသွားကြောင်းပါ