လမ်း၌ယဉ်ကျေးမှု(၃)-အမှိုက် ၂(Seminar on Disposal )
ကျမတို့တတွေ နေ့စဉ်နဲ့အမျှ တွေ့နေရတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ ပြည်သူပိုင်လမ်းတွေ၊ပြည်သူပိုင် အပန်းဖြေရာ အလုပ်လုပ်ရာဌာနတွေမှာ
ပစ်မိနေတဲ့ အမှိုက်မျိုးစုံပါ။
(၁) စားကြွင်းစားကျန်အမှိုက်များ
-ထမင်းကျန်ဟင်းကျန်တွေကို ခွေးကြွေးသလိုလို ၊ စာကလေးတွေ ၊ ခိုတွေကြွေးသလိုလို နဲ့
လမ်းဘေးမှာ အလွယ်တကူ ကြွက်စာချခြင်း။
-အိုဘားမားအကြောင်း ၊ မာလာလာအကြောင်း ၊
-ရွှေစင်အကြောင်း ၊ သဇင်အကြောင်း ၊
-လိုင်ဇာအကြောင်း ၊ မောင်တောအကြောင်း ၊
-မန်ယူအကြောင်း၊ဇေယျာရွှေမြေအကြောင်း၊
-ပညတ်အကြောင်း ၊ ပရမတ်အကြောင်း အခြေအတင် ဆွေးနွေးရာက ထွက်လာတဲ့
ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ နေကြာစေ့အခွံ ၊ မြေပဲခွံ ၊ ဖရုံစေ့ခွံတွေ
-ဆေးလိပ်တို တစ်ညိုလောက် ရော့သောက်တော့ပေး တွေ
-ကျန်းမာရေးအတွက် တစ်နေ့တစ်လုံး မှန်မှန်စားရင် ဆရာဝန်တွေကို ဘေးဖယ်ထားနိုင်မယ်ဆိုတဲ့
ငှက်ပျောသီးအခွံ ၊ လိမ္မော်သီးအခွံ ၊ ပိန္နဲသီးခွံ ၊ ဒူးရင်းသီးခွံတွေ
အဲဒီ စားကြွင်းစားကျန်အမှိုက်တွေဟာ သူ့ချည်းသော်လည်းကောင်း ၊
ကြွပ်ကြွပ်အိတ်လေးနဲ့ ထုပ်ပိုးလျက်သော်လည်းကောင်း
အမှိုက်မပစ်ရဆိုတဲ့ ဆိုင်းဘုတ်ပေါ်မှာ ၊ ရုပ်ရှင်ရုံထဲမှာ ၊
ပွဲခင်းထဲမှာ ၊ ကုန်စည်ဒိုင်ထဲမှာ ၊
တရားပွဲထဲမှာ ၊ စာပေဟောပြောပွဲထဲမှာ
ကျွန်တော်တို့လည်း အမှိုက်မှန်နေရာမှန် မရောက်ရပါဘူး
လို့ ဆန္ဒဖော်ထုတ်နေကြပါတယ်။
(၂) ထုပ်ပိုးပစ္စည်း ၊ သန့်ရှင်းရေးပစ္စည်းများ
ပလတ်စတစ်အိတ် ၊ ကြွပ်ကြွပ်အိတ် ၊ စက္ကူတစ်ရှူး ၊ ရေသန့်ဘူး ၊ ဖျော်ရည်ဘူးခွံ စတဲ့ ထုပ်ပိုးပစ္စည်း မျိုးစုံဟာလည်း
သူတို့အထဲက အသည်းနှလုံးထုတ်ပြီးရင် ကိုယ်မှအသုံးမတည့်တော့တာ
`ရောက်ချင်ရာရောက် သွားလေရော့လဟယ်´ ဆိုပြီး
အပစ်ခံလိုက်ရပါတယ်။
ပေါ့ပါးတဲ့ ကြွပ်ကြွပ်အိတ်တွေဆိုရင်တော့ လေမှာ တလွင့်လွင့်ပေါ့။
ရေထဲအပစ်ခံလိုက်ရတဲ့ ကြွပ်ကြွပ်အိတ်ရောင်စုံကလည်း ရေကျသွားတဲ့အခါ ကမ်းစပ်ကို ဆေးရောင်စုံခြယ်နေကြပါတယ်။
အလှပန်းချီတော့ မဟုတ်ပါဘူး။ အလှဖျက်ပန်းချီပါ။
(၃) တံတွေး ၊ သလိပ် ၊ နှပ် ၊ ပီကေ ၊ ကွမ်းတံတွေး ၊ ဆီး ၊ ဝမ်း
ဖတ်ရတာနဲ့တောင် တအော့အော့အန်ချင်စရာ ကောင်းနေပါပြီ။
ကိုယ်ကသာ သူများပစ္စည်းတွေကို ရွံကြမယ်။
ကိုယ့်ပစ္စည်းကျတော့ ရွံစရာမဟုတ်တဲ့အတိုင်း လမ်းပေါ် ၊ လမ်းဘေး ၊ လှေခါးကြား ၊
ချောင်ကြိုချောင်ကြားတွေမှာ အလွယ်တကူ ထွေးထုတ်ကြ ၊ ပါချကြပါတယ်။
တံတွေးထွေးခြင်း (Spitting) ဆိုတာကို ကမာ္ဘပေါ်က လူမျိုးတော်တော်များများက ရွံရှာစက်ဆုပ်ဖွယ် အပြုအမူ ၊
သူတပါးပေါ် အထင်သေးမှုနဲ့ပြုတဲ့အပြုအမူလို့ ယူဆကြပါတယ်။
သလိပ်ထွေးခြင်း ၊ နှပ်ညှစ်ခြင်း ၊ ကွမ်းတံတွေးထွေးခြင်းဟာ လူတစ်ယောက်ရဲ့ အသက်ရှုလမ်းကြောင်း မှာရှိတဲ့ရောဂါပိုးတွေကို
အနီးအနားက လူတွေကို အခမဲ့ဖြန့်ဖြူးပေးနေသလိုပါဘဲ။
လမ်းသွားရင်း သူတပါးရဲ့တံတွေး ၊ နှပ် ၊ သလိပ်တွေကို မတော်တဆနင်းမိရင် ၊
ကွမ်းတံတွေးတွေ ထွေးချတာ လာစင်ရင် ဘယ်လောက် ဒေါသထွက်စရာကောင်းပါသလဲ။
ခံရဖူးသူတိုင်း သိပါတယ်။ (ကွမ်းတံတွေးထွေးချခံရတဲ့ ဒေါသကတော့ ချာတူးသာမေးကြည့်ကြပါတော့)
တုပ်ကွေးလို ရောဂါသေးသေးကစပြီး တီဘီ ၊ HIV လိုရောဂါကြီးကြီးတွေထိ
ဒီတံတွေး ၊ နှပ် ၊ သလိပ်တွေကနေ ကူးနိုင်တယ် ဆိုတာ ကိုယ်တိုင်လည်းသိရှိဆင်ခြင် ၊
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း ပြောပြတားမြစ်ကြဖို့လိုပါတယ်။
(တရုတ်ပြည် တိန်အန်မင်ရင်ပြင်မှာ ကပ်နေတဲ့ ပီကေတွေခွာဖို့ တရုတ်ပြည်သူတွေ
လုပ်အားပေးကြရတဲ့အကြောင်း လွန်ခဲ့တဲ့ ဘေဂျင်းအိုလံပစ်
မတိုင်မီက သတင်းထဲဖတ်ခဲ့ရပါတယ်။)
တရုတ်တွေ လည်း ကျမတို့လို ညစ်ပတ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် သူတို့က အချိန်မီ ပြုပြင်ဖို့ သတိတရားရခဲ့ကြပါတယ်။
လမ်းပေါ် လမ်းဘေး ဆီးသွား ၊ ဝမ်းသွားတာကတော့ အဆိုးဆုံးအပြုအမူပါပဲ။
(၄) ဆေးရုံ ၊ ဆေးခန်း ၊ စွန့်ပစ်ပစ္စည်းတွေ ကတော့ အများနဲ့မဆိုင်လို့မပြောချင်ပါ။
(တစ်ခါက ခြေထောက်ပြတ်ပါသွားလို့ ဆေးခန်းပိတ်ခံရတာလေးတော့ ကြားဖူးကြမှာပါ)
(၅)ပစ်ရခက်တဲ့ ကိုးကွယ်မှုပစ္စည်းများ
ဒါတော့ ဤပုံကိုသာကြည့်ကြပါတော့
(၆)အခိုးအငွေ့များ
လမ်းပေါ်မှာ၊ကားမှတ်တိုင်တွေမှာ အလိုက်မသိ သောက်တတ်ကြတဲ့ သူတွေရဲ့ ဆေးလိပ်ငွေ့ ဟာ
ရှူရှိုက်မိသူကို တကယ်ဆေးလိပ်သောက်သူထက်တောင် ပိုပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်တဲ့။
(Secondary smoker လို့ခေါ်ပါတယ်)
ကားတွေက ထွက်တဲ့ မီးခိုးငွေ့တွေ၊မီးစက်တွေက ထွက်တဲ့ မီးခိုးတွေ ဟာလည်း အဆုတ်တွေကို ဒုက္ခပေးနေကြပါတယ်။
လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။
ကဲ………ကိုယ်မလိုချင်တော့တဲ့ ဒါတွေကို ဘယ်လို စနစ်တကျ စွန့်ပစ်ကြမလဲ စဉ်းစားကြရအောင် ။
14 comments
ခိုင်ဇာ
February 22, 2013 at 12:46 pm
ဒီမှာတော့ လူများတဲ့ နေရာ၊ ၂၄ နာရီ ဝန်ဆောင်မှုရှိတဲ့ နေရာတိုင်းမှာ အမှိုက်ပုံးတွေကို
Plastic, Paper , Can ဆိုပြီး ဆိုင်ရာ အမှိုက်ထည့်လို့ရအောင် လုပ်ပေးထားတယ်။
-ပီကေ လို ကွမ်းလို ဟာမျိုးလည်း တရားဝင်စားလို့မရဘူးလေ။
-အမှိုက်တကယ်ပစ်ရင် တကယ်ဒဏ်ရိုက်တယ်။
-ကားပေါ်၊ရထားပေါ် အစား စားလို့ ရဘူး။
-ကျောင်းက ပရော့ဂျက် အသေးလေးတွေကလည်း ရီဆိုင်ကယ်လုပ်နိုင်တဲ့ ပစ္စည်းတွေပစ်ချင်ရင် သူတို့ပေးတဲ့ အိတ်ထဲမှာ ထည့်ခိုင်းပြီး တာဝန်ကျတဲ့ ကျောင်းသားလေးတွေက လာယူတယ်။
စာအုပ်၊ သီတင်းစာ၊ အဝတ်ဟောင်းစသည်ဖြင့်ပေါ့။
-ခုဆို ဆေးလိပ်သောက်လို့ရတဲ့နေရာ ရှား ရှားလာပြီ။ တားမြစ်နယ်မြေတွေ များများလာပြီ။
အဲဒီတော့ ကိုယ့်အသိစိတ်လေးနဲ့လည်းပြင် စည်းကမ်းလေးလည်းကျပ်နိုင်မယ်ဆို လမ်း ၌ ယဉ်ကျေးမှုလေးများ တိုးတက်လာလေမလား။ 🙄
ခိုင်ဇာ
February 22, 2013 at 12:47 pm
http://designtechnologysp.blogspot.sg/2010/05/recycle-bin-at-singapore-changi-airport.html
nozomi
February 22, 2013 at 5:30 pm
အသက် အရွယ်စုံ၊ အဆင့်အတန်းစုံ၊နေရာစုံ မှာ အမှိုက်မျိုးစုံ ကို စည်းကမ်းမဲ့ ပစ်နေတာ မြင်ရတိုင်း စိတ်ထဲ ကျလိကျလိ နဲ့ ဒေါတွေ ကန်နေတာ ၊ အန်တီလေး ပစ်လိုက်တဲ့ ခဲ ပစ်မှတ်ကို တန်းကနဲ ထိပါစေ ဗျာ
သူကြီး အမြဲပြောလေ့ ရှိတယ် အမေကြီးကား မှာ မြန်မာတွေကို သင်္ကြန်နေရာ ငှားတဲ့ သူတွေ နောက်နှစ်ဆို မငှားတော့ဘူးတဲ့ ၊တော်တော် ဆိုးတဲ့ မြန်မာတွေနော်
ဒါပေမဲ့ မြန်မာ ၁၀ဝ မှာ ၁၀ဝ လုံး ဒီ လို ဖြစ်နေတာတော့ မဟုတ်ပါဘူး
ကောင်းတဲ့သူတွေ စည်းကမ်း တကျ အမှိုက်ပစ်တဲ့ မြန်မာတွေလဲ ရှိနေပါတယ်
ဒါ ဆို မြန်မာ ဖြစ်နေလို့ စည်းကမ်း မဲ့ နေတာ မဟုတ်ပါဘူး
အမှိုက်ပစ်ချင်တဲ့ နေရာ ပစ်တာ စည်းကမ်း မဲ့ မှန်း မသိလို့
စည်းကမ်း မလိုက်နာချင်လို့
စည်းကမ်း မဲ့ အမှိုက်ပစ်လိုက်တာ
ကိုယ့်အဆင့် အတန်း ကိုယ် ချ သလို ဖြစ်နေတယ် ဆိုတာ မသိ ကြလို့
အမှိုက်ပစ်စရာ မရှိလို့ တစ်ခုခု နေမှာပေါ့
ကိုယ် အသိ စိတ်ဓါတ်နဲ့ ပြင်လို့ ရပါတယ်
ပတ်ဝန်းကျင်က ပြင်ပေးလို့ ရပါတယ်
ကျောင်းကတဲ က ခေါင်းထဲကို သွင်းပေးလိုက် ၊ ဥပဒေ နဲ့ ထိထိရောက်ရောက် ထိန်း တကယ်လုပ်လို့ ရပါတယ် ၊ တကယ် အကျင့်ပါသွားရင် မသိစိတ်ကတောင် အမှိုက်ကို အလွယ် မပစ် မိတော့ ပါဘူး
Mr. MarGa
February 22, 2013 at 9:20 pm
ဆယ်တန်းတုန်းက ဆရာမပြောဖူးတာလေး သွားသတိရတယ်ဗျ
နိုင်ငံကြီးသား ပီသဖို့အတွက် အရင်ဆုံး အမှိုက်ကို စည်းနဲ့ကမ်းနဲ့ ပစ်ပါတဲ့။
နောက်ထပ် ပြောချင်တာကတော့ ကွမ်းသွေးတွေပေါ့
အတော်လေးတော့ ရုပ်ဆိုးသဗျ
ကျွန်တော်တောင် အဲဒါနဲ့ပတ်သက်လို့ ပို့စ်တင်ဖူးသေး
နောက် ကြွပ်ကြွပ်အိတ်
သူ့ရဲ့ အားသာချက်တွေကြောင့် သုံးလိုက်ကြတာ သောက်သောက်လဲဗျာ
ဆိုးကျိုးတွေတွေ့တော့မှ ပြင်ကြပါ လျှော့ကြပါလို့ ပြောချိန်မှာ သကောင့်သားတွေကတော့ အမှိုက်ပုံတွေရဲ့ သရဖူတွေ ဖြစ်နေကြပေါ့။
လေကလေးများ ဝေ့လိုက်ရင်တော့ (အဟဲ ဒေါ်လေးပြောသလိုဆိုတော့ ပြန်သာဖတ်လိုက်တော့နော် )
ပစ်ရခက်တဲ့ ကိုးကွယ်မှုပစ္စည်းတွေကတော့
ကျွန်တော်တို့ ဟိုးအရင်ကတည်းက ပြောတဲ့စကားလေးအတိုင်းပေါ့လေ
နတ်အိုးကွဲများပေါ့
ဘယ်နေရာမှလဲ သုံးလို့မရတော့ဘူးကိုး
ဒါပေမဲ့ နတ်အိုးကွဲတုန်းက အလိုလို မြေနဲ့ရောသွားတယ်ဗျ
အခုခေတ် ကိုးကွယ်မှုပစ္စည်းတွေကတော့ ဘယ်လိုဖျက်ဆီးရမယ်မသိ
အခိုးအငွေ့တွေထဲမှာတော့ ဆေးလိပ်ငွေ့က နည်းနည်း လျော့သွားပါပြီ
တိုးလာတာက ကားမီးခိုးငွေ့တွေပေါ့
တချို့ကားတွေဆို တစ်လမ်းလုံး မီးခိုးတွေကို ပြည့်သွားတာပဲ
အဲဒီ ကားမီးခိုးကတော့ ရှောင်လို့လဲမရဘူး
ရှောင်လဲ မရှောင်နိုင်သေးဘူး
=======================================
ဒေါ်လေးရေ
ဒေါ်လေးက နည်းလမ်းရှာခိုင်းတာ အရင်းအမြစ်ကို လိုက်တွေးနေတာနဲ့ ဒေါ်လေးမေးခွန်းကို ဖြေဖို့မေ့သွားပြီ
ဆိုတော့ နောက်လူတွေ ဖြေတာပဲ ဖတ်တော့မယ်ဗျာ :hee:
ဝင့်ပြုံးမြင့်
February 22, 2013 at 11:51 pm
အမှိုက်ကိစ္စကတော့ စိတ်ဆင်းရဲစရာအကောင်းဆုံးပါပဲ။ ဖြေရှင်းနည်း တစ်ခုတော့ တွေးကြည့်လို့ရပါတယ်။ အဲဒါကတော့ စော်ကားတဲ့နည်းလမ်းလေးပါ။ ကျွန်မတို့လူမျိုးက ပညာပေးလို့ရတဲ့လူမျိုး မဟုတ်ပါဘူး။ စော်ကားလိုက်မှ ရနိုင်ပါတယ်။ ဥပမာ “သင်၏မိဘများ — ဘာဆိုလျှင် သင် လမ်းပေါ် အမှိုက်ပစ်ပါ“ အဲဒါမျိုးလေးတွေရေးပြီး ဆိုင်းဘုတ်ချိတ်ထားတာမျိုး။ ပညာပေးတာမျိုး မပြောနဲ့၊ ဒဏ်တပ်မယ် ဆိုရင်တောင် မရပါဘူး။ ခိုးပစ်ကြတာပါပဲ။
ရန်ကုန်က ဆိတ်ငြိမ်ရပ်ကွက်တွေမှာတော့ အမှိုက်သိမ်းကားလာရင် အဲဒီဝန်ထမ်းကို တစ်လ ၂၀၀ဝ – ၃၀၀ဝ လောက်ပေးပြီး အမှိုက်သယ်ခိုင်းလို့ရပါတယ်။ နယ်မှာကျတော့ လူတွေ အင်မတန်ပျင်းတယ်။ အမှိုက်သိမ်းတဲ့နေရာနဲ့ အိမ်နဲ့ ဘာမှ မဝေးတာတောင် (၃မိနစ်စာလမ်းလျှောက်ခရီး) ရောက်အောင်မပို့ဘူး။ လမ်းတင်ချထားခဲ့ကြတယ်။ ဒဏ်ငွေ ၂သောင်းတပ်တာတောင် ခိုးပစ်ကြတာပါပဲ။
အများဆိုင်နေရာတွေမှာ ဆိုရင် စော်ကားဆိုင်းဘုတ်ချိတ်ထားရင် ပြုပြင်လာနိုင်ပါတယ်လို့ ထင်ပါတယ်။
kai
February 23, 2013 at 4:24 am
ဂျပန်မှာနေတုံးက တီဗီကြော်ငြာလေးမှတ်မိတယ်.
…ကျောင်းဝတ်စုံနဲ့..ကလေးက.. ဆေးလိပ်ပြာတွေကို လမ်းမပေါ်ခေါက်ချနေတဲ့.. ကားသမားကို လှမ်းအော်ပြောတဲ့ ဇတ်ကွက်ကလေးပါ..
ဖင်မှာမီးခိုးထွက်အောင်ဆေးလိပ်သောက်တဲ့ ဂျပန်တွေ.. သူတို့ကားထဲကဆေးလိပ်ပြာခွက်ကို.. မီးပွိုင့်ကားမိတုံး.. လမ်းမပေါ်ခေါက်ချတတ်တဲ့အကျင့်ရှိပါတယ်..
အဲဒါကို.. မြို့တော်စီပင်က.. တီဗီထဲကြော်ငြာထည့်ပြီး.. ပညာပေးတာပါ..။
“michi wa omae no gomibako janai” တဲ့..
မြန်မာလိုပြန်ရင်.. “.. လမ်းမက မင်းအမှိုက်ပုံးမဟုတ်ဖူးလို့..” ခပ်ရိုင်းရိုင်းလှမ်းအော်လိုက်ပုံပေါ့…။
မြန်မာပြည်မယ်..
ဘကဘုန်းကြီးကျောင်းကပ်စားနေတဲ့..ကလေးတွေ လုပ်အား.. ဗော်လန်တီယာယူသုံးလိုက်နိုင်ရင် မဆိုးဖူးပဲ..
အန်ဂျီအိုတခုက..ကလေးတွေကို.. နေ့တွက်ပေးပေါ့..
အဲဒါဆို.. လုပ်အားနဲ့..ငွေတန်ဖိုး ဆက်စပ်မှုလည်း.. ကလေးတွေနားလည်သွားမယ်..။
ကလေးတွေက.. မြို့ထဲလမ်းမပေါ်… အမှိုက်ပစ်ချတာ.. ကွမ်းသွေးထွေးတာ မြင်တိုင်း..
..ကလေးတွေက.. အော်ဆဲ..
ပြီးရင်.. ပြေးကောက်…
kyeemite
February 23, 2013 at 8:48 am
ဒေါ်ပဒုမ္မာရေ…ဒေါ်မြတ်လေးသံနဲ့ေြ့ာရရင်တော့….
“မပြောချင်တော့ပါဘူးဆို…..ပြောကိုမပြောချင်တော့ဘူး..”
တကယ်က မူကြိုတွေ၊ မူလတန်းကျောင်းတွေကစလို့ ကလေးများအသိထဲရိုက်သွင်းလိုက်ရမှာ…
နောက် ဖွံ့ဖြိုးရေးလိုအချိန်မျိုးမှာ…သဂျီးပြောသလို လမ်းပေါ်ထွက်ပီး သူများစည်းမရှိကမ်းမရှိ
ပစ်ထားတဲ့ အမှိုက်တွေလိုက်ကောက်ရင်း..လမ်းသွားလမ်းလာတွေကိုပညာပေးရမှာ…
ဦးဦးပါလေရာ
February 24, 2013 at 12:09 am
ဥပဒေ စိုးမိုးမှ ရပါမယ်…
ဥပဒေ စိုးမိုးမှ ရပါမယ်…
ဥပဒေ စိုးမိုးမှ ရပါမယ်…
စည်းကမ်း သို့မဟုတ် ဥပဒေ ဆိုတာ လိုက်နာတဲ့အကျင့်မရှိသေးခင်မှာ
ထိရောက်ဟန့်တားတဲ့ အပြစ်ဒါဏ်တွေနဲ့တွဲပြီး အလုပ်ဖြစ်အောင်အရေးယူရပါတယ်။
ကျုပ်တို့နိုင်ငံသားတွေ ဘာလို့စည်းကမ်းမဲ့သွားလဲဆိုတော့
ဥပဒေမစိုးမိုးတာ ၊ ဥပဒေအတိုင်းမဖြစ်တာ ရာစုနှစ်ဝက်ကျော်သွားလို့ပါပဲ…။
အခု လေးငါးနှစ်အတွင်းမှာတော့ ဆထက်ထမ်းပိုးဆိုးလာပါတယ်။
နောင်ကိုလဲ အုပ်ချုပ်သူကလူမုန်းမခံချင်တာရယ်၊ ပြည်သူလူထုလို့နာမည်ခံပြီး ထင်ရာစိုင်းတဲ့အကျင့်တွေ ဥပဒေချိုးဖေါက်တဲ့အကျင့်တွေ ထွန်းကားလာတာရယ်ကြောင့် ပိုးဆိုးလာစရာပဲရှိပါတယ်။
စည်းကမ်းမဲ့သူကို တကယ်အရေးယူနိုင်တဲ့နေ့မှာ မှ ဒီတိုင်းပြည် လူနဲ့တူမှာဖြစ်ပါတယ်။
အင်း…
လမ်းဘေးဈေးသည်ပဲ အရင်ရှင်းကြည့်ပါဦး…..
အဲဒါလေးလောက်မှ အောင်မှတ်ရအောင်မလုပ်နိုင်ပဲနဲ့တော့ ခပ်တည်တည်အစိုးရလုပ်နေတာ
ရှက်စရာကြီး…
:kwi:
ဦးဦးပါလေရာ
February 24, 2013 at 12:20 am
တော်တော်စည်းကမ်းရှိတယ်လို့နာမည်ကြီးတဲ့ ကျွန်းနိုင်ငံတစ်ခုဆိုရင်-
အရင်က အမှိုက်ပစ်ရင် ဒါဏ်ငွေ ၅၀ဝ တကယ် ဆောင်ရတယ်။
အဲဒီတော့ လူတွေ တကယ်စည်းကမ်းရှိကုန်တယ်။
လူတွေစည်းကမ်းရှိကုန်တော့ ပြင်းထန်တဲ့အရေးယူမှု့တွေ မလိုတော့ဘူး…
ဒီနေ့မှာတော့ အဲဒီနိုင်ငံမှာ အမှိုက်စည်းကမ်းမဲ့ပစ်လို့ ဖမ်းမိရင် သူ့စခန်းသွားပြီး နာရီဝက်လောက်တရားနာ+ချိန်းတဲ့ရက်မှာ မြို့ပြသန့်ရှင်းရေး နှစ်နာရီလောက်လုပ်ပေးရုံပဲ။
ဒါလဲ တကယ်တော့ အတိအကျကြီးမဖမ်းတော့ပါဘူး။
လူနေရပ်ကွက်ရဲ့ လမ်းထိပ် ၊ ကျုပ်ရှေ့မှာတင် လူကြီးတစ်ယောက်ဖျော်ရည်ခွက်လားကော်ဖီခွက်လားမသိတာတစ်ခုကို အမှိုက်ပုံးဆီသွားမထည့်ပဲ လမ်းဘေးချသွားတယ်။ အဲဒါကို အနားက ရဲ က မြင်ပေမယ့် ဘာမှ မလုပ်ပါဘူး။
လူတိုင်းနီးပါးစည်းကမ်းရှိသွားတဲ့အခါ တစ်ခါတစ်ရံ အနည်းအကျဉ်းလောက်ကတော့ အရေးမကြီးတော့ဘူး။
ဦးဦးပါလေရာ
February 24, 2013 at 12:40 am
လောလောဆယ်တော့
ကျုပ်တို့နိုင်ငံကို နိုင်ငံ နဲ့တူစေချင်ရင်
ကျုပ်တို့မြို့ကို မြို့ပြနဲ့တူစေချင်ရင်
ကျုပ်တို့လူတွေကို လူနဲ့တူစေချင်ရင်
ဖြစ်နိုင်တဲ့နည်းလမ်းတစ်ခုပဲရှိပါတယ်။
အဲဒါကတော့ စည်းကမ်းချိုးဖေါက်ရင် ဥပဒေချိုးဖေါက်ရင်
ဆင်းရဲတာ၊ ငတ်တာ၊ ပညာမတတ်တာ၊ စားစရာမရှိတာ၊ နေစရာမရှိတာ ၊အလုပ်လုပ်စရာမရှိတာ…….
စတဲ့… စတဲ့…
ဆင်ခြေဆင်လက်တွေကို ထည့်မတွက်ပဲ
လက်ဝဲသူငယ်နာမစင်တဲ့ ဆင်းရဲသားမျက်နှာသာပေးရေး အတွေးအခေါ်တွေကိုရှေ့တန်းမတင်ပဲ
ဝန်ထမ်းချင်းမို့လို့၊ စစ်သားချင်းမို့လို့၊ ဘယ်လူကြီးရဲ့ အဆက်အနွယ်မို့လို့၊ ဆိုတဲ့အဂတိတွေကို ဖယ်ရှားပြီး-
လူတိုင်းလူတိုင်းကို အညီအမျှ တစ်ပြေးညီ-
စည်းကမ်းချိုးဖေါက်ရင် ဥပဒေချိုးဖေါက်ရင် တိတိကျကျ ပြတ်ပြတ်သားသားအရေးယူရပါမယ်။
ကနဦး ဆယ်နှစ်အတွင်းလောက်မှာ အလွန်ပြင်းထန်စွာအရေးယူရပါမယ်…။
သတ္တဝါဆိုတာ သူ့မျိုးနွယ်အလိုက် ဘယ်လောက်မှ ဖြုံတယ် ဆိုတဲ့ အရေထူမှု့ အတိုင်းအတာရှိပါတယ်။
အဲဒါနားမလည်ပဲ စာအုပ်ထဲကအတိုင်း သို့မဟုတ် ကြားဘူးနားဝ စံချိန်စံညွှန်းတွေအတိုင်း လျှောက်လုပ်လို့ကတော့ အလုပ်မဖြစ်မှာ သေချာတယ်။
ကျုပ်ငယ်ငယ်တုန်းက ခြံနားကပ်လာတဲ့နွားတွေကို သွားမောင်းတဲ့အခါ ဂေါ်လီလုံးလောက်ခဲလေးတွေနဲ့ပေါက်တော့ နွားတွေက အရေးကို မလုပ်ဘူး..။
ဟော… သူ့နွားကျောင်းသားလဲရောက်လာရော လူရိပ်မြင်ကတည်းက သုတ်ကနဲနေအောင်ပြေးတာ…
ပြေးမှာပေါ့… အဲဒီကောင်က နွားကို လက်မလုံးလောက်ရှိတဲ့ကြိမ်လုံးနဲ့ လွှဲလွှဲရိုက်နေကျကိုး….။
အဲဒါက နွားမို့လို့
ဆင်သာ ဆို ချွန်းလို့ခေါ်တဲ့ သံချွန်နဲ့ နားနောက်က အာရုံကြောစုတဲ့နေရာကို သွေးဖြိုင်ဖြိုင်ကျအောင်ပေါက်မှ ခိုင်းတာလုပ်တယ်။
အဲဒါကို မဟာဂရုဏာလေးထားပြီး ပတ်ချွဲနှပ်ချွဲ အီစီကလီလုပ်ပြီးခိုင်းကြည့်ပါလား…
ဗိုက်ထဲကဟာတွေပါးစပ်ကပြန်ထွက်ပြီး မွေးမေလေ့သွားမယ်…
ဦးကြောင်ကြီး
February 24, 2013 at 11:24 am
မူလတန်း အလယ်တန်း ကင်းထောက်တပ်တွေ ပြန်ဖွဲ့တော့မယ်ကြားတယ်။ သူတို့လေးတွေကို ပစ္စည်းကိရိယာ ပြည့်ပြည့်စုံစုံပေးပြီး သန့်ရှင်းရေး ပညာပေး လုပ်ခိုင်းရင်ကောင်းမယ်။ တကယ်လုပ်ရမှာတော့ စည်ပင်သာယာပေါ့ဗျာ၊ ရည်ရွယ်ချက်က လူကြီးတွေ စာနာမှုရှိအောင်၊ ခလေးတွေကိုယ်တိုင် ကျင့်သားရသွားအောင်…။ တလထဲ တနှစ်ထဲ မရဘူး၊ ရေရှည် နှစ်လမပြတ် လုပ်ပေးရမယ်။ အမှိုက်ကောက်ရာ လမ်းတလျောက်မှာ ဈေးဆိုင် အိမ် ကုမ္မဏီ လုပ်ငန်းတွေဆီကနေ သော့ပိတ်ထားတဲ့ အလှူခံပုံးနဲ့ ရံပုံငွေရှာပေါ့ဗျာ။
padonmar
March 10, 2013 at 12:10 am
အမှိုက်အကြောင်း
—————————————————————-
ကျွန်တော်တို့တွေဟာ အမှိုက်တွေကို နေရာတကာ မှာစွန့်ပစ်နေကြပါ တယ်… အဲ့ဒီအမှိုက်တွေဟာ ကမာ္ဘ့ဂေဟစနစ်တွေကို ထိခိုက်စေနိုင်ပါတယ်… အမှိုက်တွေ ဆွေးမြေ့ပျက်စီးသွားဖို့ အ…ချိန်အတိုင်းအတာတစ်ခုအထိယူရပါတယ်… ဒါကတော့ အမှိုက်အမျိုးအစားအလိုက် ဆွေးမြေ့သွားဖို့လိုမယ့်အချိန်တွေဖြစ်ပါတယ်….
တစ်သျှူးစက္ကူ >>> ၂ ပတ်မှ ၄ ပတ်
ငှက်ပျောခွံ >>> ၃ပတ်မှ ၄ ပတ်
စက္ကူအိတ် >>> ၁ လ
သတင်းစာစက္ကူ >>> ၁ လခွဲ
ပန်းသီးအူတိုင် >>> ၂ လ
ကတ်ထူပြား >>> ၂ လ
ချည်လက်အိတ် >>> ၃ လ
လိမ္မော်သီးခွံ >>> ၆ လ
အထပ်သား >>> ၁ နှစ်မှ ၃ နှစ်
သိုးမွေးခြေအိတ် >>> ၁ နှစ်မှ ၅ နှစ်
နွားနို့ထည့်သည့်စက္ကူဗူး >>> ၅ နှစ်
ဆေးလိပ်တို(ဆေးလိပ်အစီခံ) >>> ၁ဝ နှစ်မှ ၁၂ နှစ်
သားရေဖိနပ် >>> ၂၅ နှစ်မှ ၄ဝ နှစ်
စည်သွပ်ဗူး >>> ၅ဝ နှစ်
ပလတ်စတစ်ခွက်များ >>> ၅ဝ နှစ်
ဖိနပ်အောက်ခံရာဘာပြား >>> ၅ဝ နှစ်မှ ၈ဝ နှစ်
ပလတ်စတစ်ဖာ >>> ၅ဝ နှစ်မှ ၈ဝ နှစ်
အလူမီနီယမ်ဗူး >>> ၂၀ဝ နှစ်မှ ၅၀ဝ နှစ်
ပလတ်စတစ်ပုလင်းများ >>> ၄၅ဝ နှစ်
တစ်ခါသုံးကလေးခါးတောင်းကျိုက်များ >>> ၅၅ဝ နှစ်
ပလတ်စတစ်(ဖိုက်ဘာ)ငါးမျှားကြိုး >>> ၆၀ဝ နှစ်
ပလတ်စတစ်အိတ်များ >>> ၂၀ဝ နှစ်မှ ၁၀၀ဝ နှစ်
အထက်ပါ အသိအမြင်ဗဟုသုတလေးတွေကို သင့်ပတ်ဝန်းကျင်မှာ တတ်နိုင်သလောက် ဖြန့်ကျက်ခြင်းဖြင့် လူတွေကိုသတိတရားရစေနိုင်ပါတယ်… ဒီအမှိုက်တွေဟာလည်း ဖန်လုံအိမ်အကျိုးဆက်ဖြစ်ပေါ်စေတဲ့ အကြောင်းအချက်တွေထဲက တစ်ခုအဖြစ်ပါဝင်ပါတယ်…
—————————————————————-
Ref: Awesome Facts
နှိုင်းရင့်နွေ
aye.kk
January 23, 2017 at 4:39 pm
1994ခုနှစ်ထိုင်းနဲ ့ထိစပ်နေတဲ့နယ်စပ်ဖြစ်တဲ့တာချီလိတ်မြို့
ရောက်လာတဲ့အချိန်တုန်းကပါ။
ထိုင်းနိုင်ငံဘက်ကမ်း မယ်ဆိုင်မြို ့မှာ ဈေးသွားဝယ်ပါတယ်။
လမ်းပေါ်မှာကိုယ့်ရှေ့တင် အမှိုက်ပစ်တဲ့သူနဲ ့ကြု၊ံခဲ့ပါတယ်
ပစ်တဲ့သူက ဗမာပါ ထိုင်းနိုင်ငံအကြောင်းမသိသူပဲထင်မိပါတယ်။
ထိုင်းရဲကမြင်တော့ ခရာတွတ်ပြီး ဒဏ်ငွေရိုက်တာ ထိုင်းဘတ်ငွေ ၅၀ဝပါ။
ဗမာတွေက ထိုင်းနိုင်ငံမယ်ဆိုင်ထဲသွားရင် ဒဏ်ငွေဘတ်၅၀ဝ ဒဏ်ထိမှာစိုးလို ့
ဗမာအချင်းချင်း တစ်ယောက်ကိုတစ်ယောက် လက်တို ့ပြီးသတိပေးကြပါတယ်။ အမှိုက်မပစ်မိစေဘို့ပါ။
ဗမာတွေထိုင်းနိုင်ငံထဲသွားရင် ဘယ်သူမှ အမှိုက်မပစ်ရဲကြတာ အခုအချိန်ထိပါ။
အခုဆိုရင် ၂၀၁ရ ခုနှစ်တောင်ရောက်လာပါပြီ ၊
ဒီမှာနေတဲ့ကာလတလျောက် ထိုင်းဘက်သွားရင် ကိုယ့်ဗမာတွေစည်းကမ်းရှိနေကြတာ
မြင်တွေ ့နေရတာ အခုချိန်ထိပါဘဲ။
အကောင်းဆုံးက လမ်းပေါ်မှာ အမှိုက်ပစ်ရင် ဒဏ်ငွေမြင့်မြင့်တပ်ပြီး ဒဏ်ပေးတာလုပ်ရင်
အကောင်းဆုံးထင်မိပါတယ်။
Thint Aye Yeik
January 24, 2017 at 11:14 am
ရန်ကုန်မြို့ထဲမှာ ခုချိန်ထိ…. အမှိုက်တွေ ပြဲလရမ်း မြင်နေရတုန်းပဲ။
တချို့ဆိုရင် ဘယ်လို ပြောသလဲဆို…
အမှိုက်ပုံတွေမှ အဆင်သင့် ထားမပေးမှတော့ ဆိုပြီး… အမှိုက်ကို မလွှဲသာလို့… မပစ်ချင်ဘဲ ပစ်ချနေကြရသလို..ပြောနေကြပြီ။
အမှိုက်ပုံးတွေ မရှိရင်… ရှိတဲ့နေရာအထိ ရောက်အောင် ကိုင်သွားဖို့ကို… ဘာတွေ ဝန်လေးနေတယ် မသိ။
လက်ထဲကနေ ဖလပ်ခနဲ ပစ်ချလိုက်ရခြင်းမှာ… အသားကျနေကြပြီထင်ရဲ့….