“ဒီလိုမြင်ကွင်းမျိုး ဘယ်အချိန်ထိများ…….. ´´
“ဒီလိုမြင်ကွင်းမျိုး ဘယ်အချိန်ထိများ…….. ´´
ဒေါ်မှုံ တစ်ယောက် အိမ်ရှေ့ခြံထဲက ကွပ်ပစ်ကလေးပေါ်မှာ သူယူသွားရမည့် အဝတ်အစားနဲ့ သူ့ရဲ့ပစ္စည်းလေး တွေကို သေချာအစီအရီအိတ်ထဲထဲ့ထားပြီး သူထိုင်နေတဲ့ ဘေးမှာချလျှက် ဆေးလိပ်လေးဖွာရင်း သူ့သား ရုံး ဆင်းပြန်အလာကို စောင့်နေတယ်လေ။ တစ်ချက်တစ်ချက်လည်း သူအခုနေတဲ့အိမ်လေးကို လှည့်ကာ ငေးမော ကြည့်နေရာက အတွေးထဲမှာ သူ့သားနဲ့ပြောခဲ့တဲ့စကားလေးတွေ စဉ်းစားနေမိတယ်ပေါ့။
“သား အခုဘွဲ့ရပြီး အင်ဂျင်နီယာကြီး ဖြစ်တာကို အဖေ သာရှိရင်ဘယ်လောက်ဝမ်းသာမလဲနော် အမေ´´
“ဒါပေါ့သားရယ် မင်းအဖေအင်ဂျင်နီယာကြီးက သူ့သားက သူ့အမွေကိုဆက်ခံတဲ့ အဖေတူ သားလို့ ကြွားလုံးတွေထုတ်နေမှာပေါ့´´
“အမေလည်း ရ နှစ်တန်းအရွယ်ထဲက အဖေဆုံးပြီးတော့ အမေတစ်ယောက်ထဲရုန်းကန်ရှာဖွေကြွေးခဲ့ ရတာ အခုသားအလှည့်ရောက်ပြီပေါ့၊ အမေပင်ပန်းသမျှတွေ အတိုးချနားတော့လေ´´
“သားဆီက ဒီစကားကြားရတာနဲ့တင် အမေသေပျော်ပါပြီကွယ် ဒါပေမယ့် အမေ ကျန်းမာပြီး လုပ်နိုင်ပါသေး တယ်လေ၊ သားအလုပ်ကရတဲ့ငွေကို သားရှေ့ရေးအတွက် စုပေါ့´´
ဒေါ်မှုံရဲ့သား အင်ဂျင်နီယာဘွဲ့ရစဉ်က ပြောခဲ့တဲ့စကားတွေပေါ့။
“အမေ သားမှာချစ်သူရှိနေပြီ အမေရဲ့၊ အဲဒါ လာမယ့်ရုံးပိတ်ရက်ကျရင် အမေနဲ့တွေ့ဖို့ အိမ်ကိုခေါ်လာခဲ့ မလို့´´
“ဟုတ်လား၊ ကလေးမလေးက ဘယ်ကလည်း၊ သားတို့အလုပ်ထဲကဘဲလား၊ သားနဲ့ဘယ်လိုတွေ့တာလဲ´´
“အမယ်လေး အမေရယ်၊ ဖြေးဖြေးမေးပါဗျာ၊´´
“ဒါကတော့ ကိုယ့်သားယူမယ့် မိန်းကလေးက ဘယ်ကလဲ ဘယ်သူလဲ ဘာလုပ်လဲ အဲလိုသိချင်လို့ပါ၊ ဒါပေမယ့် သားတို့နှစ်ဦး ချစ်ကြရင်ပြီးတာပါဘဲ အမေက ကန့်ကွက်စရာမရှိပါဘူးကွယ် သားလည်း အိမ်ထောင်ပြု သင့်တဲ့အရွယ်တောင် လွန်လာပြီဘဲလေ´´
“ချွေးမလေးရတော့ အမေ မပျင်းရဘူးပေါ့၊ အဖော်လည်းရ ကူဖော်လောင်ဘက်လည်းရတာပေါ့´´
“အမယ် အမေက ကူဖော် မရလည်းကိစ္စမရှိပါဘူး၊ သားအတွက်ဇနီးကောင်းအဖြစ် သားအပေါ်တိုင်ပင်ဖော် ရရင် အမေကျေနပ်လှပါတယ်လေ´´
“သားအခုယူမယ့်မိန်းကလေးက အဖေရော၊ အမေရော မရှိဘူးအမေရ၊ အဲဒီတော့ အမေကို သူ အမေလိုဘဲ အမေအစားရတာပေါ့တဲ့´´
“အဲလိုလား အင်းလေ သူ့အတွက် အမေအစားရတယ်ဆိုရင်ကို အမေဝမ်းသာပါတယ်´´
“အမေလည်း သမီးတစ်ယောက်ရတာပေါ့ မဟုတ်ဘူးလား´´
“ကိုယ့်သားယူတဲ့ မိန်ကလေးက ကိုယ့်သမီးပေါ့ကွယ်´´
အဲဒီတုန်းက သားမျက်နှာပျော်ရွှင်ပြီးပြောနေတာလေးကို အခုတွေးတော့ အနားမှာများပြောနေသလိုဘဲ ဒေါ်မှုံ တစ်ယောက်ထင်မိရင်းပြုံးမိကာ ဆေးလိပ်ကိုတစ်ဖွာလောက်သောက်လိုက်ပြီး ……
“အမေအခုတလော ဟင်းတွေက ငံတဲ့အခါငံလိုက် ပေါ့တဲ့အခါပေါ့လိုက် ဘယ်လိုမှ အစပ်မတည့်ဘူးနော်´´ လို့ ချွေးမကပြောတော့
“ဟုတ်တယ်အမေ အရင်အမေလက်ရာဟင်းတွေကကောင်းနေသလောက် အခုတလော စားလို့အဆင် မပြေဘူး၊ အမေဟင်းတွေကို မြည်းမကြည့်ဘူးလားအမေရဲ့´´ သားဖြစ်သူက ထပ်လောင်းလို့ပြောတော့
“အမေလည်း မြည်းတာဘဲ၊ အမေပါးစပ်ထဲတော့ အနေတော်မို့လေ သားနဲ့သမီး စားမကောင်းရင် အမေထပ် ချက်ပေးရမလား မကြာပါဘူးခဏလေးဘဲ´´
“ချက်မနေနဲ့တော့ ခေါက်ဆွဲခြောက်ဘဲပြုတ်စားလိုက်တော့မယ်၊ မေ ရော ခေါက်ဆွဲဘဲစားလိုက်ပေါ့´´ လို့ သားကပြောတော့
“ဒါဆိုအမေပြုတ်ပေးမယ်လေ´´ ဆိုပြီး ခေါက်ဆွဲပြုတ်ဖို့ ဒေါ်မှုံတစ်ယောက် အိုးယူမယ်အပြု
“ရတယ်အမေ သမီးဘဲပြုတ်လိုက်မယ်´´
“ဟုတ်တယ်အမေ မေ ပြုတ်လိမ့်မယ်၊ အမေ အေးဆေးသာ သွားထိုင်နေပါ´´ လို့ သားပြောတာနဲ့ ဒေါ်မှုံ တစ်ယောက်အိမ်ရှေ့ခုံမှာ သွားထိုင်နေရင်း ခဏနေတော့ သားဖြစ်သူက ဘေးကခုံကို လာထိုင်မိပြီး …..
“အမေ သားအခုရာထူးတိုးတော့ အလုပ်တွေများပြီး ခရီလည်းထွက်ရနိုင်တယ်၊ အမေ နဲ့ အမေ့ချွေးမ ဒီအတိုင်းဆိုဖြစ်ပါ့မလား´´
“အမေလည်း မြည်းတာဘဲသားရယ်၊ အသက်ကြီးလာလို့ ပါးစပ်ဘဲမကောင်းတာလား မပြောတတ်ပါဘူး´´
“အမေ သားအသိမိတ်ဆွေဆီကတဆင့် စုံစမ်းထားတာ အမေလူအိုရုံမှာ သွားနေမလား၊ လူအိုရုံဆိုပေမယ့် ဟိုမှာပြုစုမယ့်သူ အဆင်သင့်၊ ဆေးလိုအပ်ရင် ကုမယ့်သူနဲ့ အိမ်မှာထက်တောင် အမေ အေးဆေးနေရအုံးမှာ´´
“သားရယ် အမေ့ကို လူအိုရုံပို့မလို့လား´´ လို အသံလေးတိုးညှင်းစွာ ဒေါ်မှုံတစ်ယောက် မေးလိုက်မိပြီးမှ အတန်ငယ်ကြာလို့ သူ့သားဆီက ဘာသံမှ ထပ်မထွက်လာတဲ့အခါ ဒေါ်မှုံကဘဲ
“သားတို့အဆင်ပြေသလို ကောင်းသလိုလုပ်လေ အမေမနက်ဖြန်ကျရင် အမေ့အဝတ်အစားနဲ့ ပစ္စည်းလေး တွေသိမ်းပြီး စောင့်နေပါ့မယ်၊ သားတို့ရုံးဆင်းပြန်လာတော့ သွားတာပေါ့´´ လို့ဆိုကာ အနားက ဆေးလိပ်တို ကိုမီးညှိကာ ဖွာနေမိလိုက်တယ်…။
ဪ မနေ့က အဖြစ်ကလေးကို ဒေါ်မှုံတစ်ယောက် ပြန်တွေးနေမိရာက ……….
( တီ ….. တီ…. တီ ) ကားဟွန်းသံလေး ကြားလိုက်မှ ဒေါ်မှုံတစ်ယောက် သားတို့ပြန်လာပြီမို့ ထိုင်နေရာက ထလိုက်မိပြီး သူနှစ်ပေါင်းများစွာနေခဲ့တဲ့ သူ့အိမ်ကလေးကို သေချာပြန်လှည့်ကာ အတန်ကြာငေးနေလိုက် သေးတယ်။ ပြီးမှ ကားပေါ်က ဆင်းလာတဲ့ ချွေးမရဲ့ ပုခုံးလေးကိုလက်လေးနဲ့ ကိုင်ရင်း …….
“သမီး ကျန်းမာရေးလည်းဂရုစိုက်အုံးနော်၊ အမေ ကြက်သားလေးနဲ့ ငါးကျီးလေးတွေ ကြော်ထားပေးခဲ့တယ်၊ အချက်ဟင်းတွေဆို အပေါ့အငံ အဆင်မပြေမှာစိုးလို့၊ ပြီးတော့ချဉ်ပေါင်ရွက်ဟင်းချိုလေးလုပ်လို့ရအောင် ချဉ်ပေါင်ရွက်လေးတွေ ချွေထားပေးခဲ့တယ် သွားပြီသမီးရေ´´ လို့ဆိုကာ ထွက်လာခဲ့ပြီး သား မောင်းကာ လိုက်ပို့မယ် ကားပေါ်ကိုတက်လိုက်တော့ ချွေးမဖြစ်သူရဲ့ လက်ဝှေ့ရမ်း နုတ်ဆက်တာကို ပြန်နုတ်ဆက်ရင်း သူ့တစ်သက်လုံးနေခဲ့အိမ်လေးကို နောက်ဆုံးမဟုတ်တဲ့ နောက်ဆုံးအကြည့်များနဲ့ ဒေါ်မှုံတစ်ယောက် လှမ်းကြည့်ရင်း သက်ပြင်းတစ်ချက်ချမိလိုက်တယ်။
ဒေါ်မှုံကို လူအိုရုံပို့ပြီး တစ်ပတ်လောက်ကြာတဲ့တစ်နေ့မှာ ဒေါ်မှုံနေခဲ့တဲ့ အခန်းထဲက မှန်တင်ခုံအံဆွဲများကိုု ချွေးမဖြစ် သူက ရှင်းလင်းနေစဉ်
“ကို ရေ ဒီမှာ ဘာဆေးကဒ်လည်းမသိဘူး လာကြည့်ပါအုံး´´
“ဟေ ပြစမ်းပါအုံး မေ´´ ဆိုပြီး ဆေးကိုယူကြည့်လိုက်သည်
“ Thymomodulin အဲဒီဆေးက ကင်ဆာဆေးသွင်း ကုသသူတွေသုံးတဲ့ဆေးဘဲ မေ ရဲ့´´
“ဟင် ဟုတ်လား ကို ၊ ဒါဆို အမေက ကင်ဆာဆေးတွေ သွင်းနေရလို့၊ ဆေးတွေပြင်းလို့ ခံတွင်းပျက်ပြီး ဟင်းတွေရဲ့ အရသာကို သေချာမသိနိုင်ခဲ့တာလားဟင်´´
“ ဒါဆို အမေမှာ ကင်ဆာရှိနေတာလား မေ ရယ်၊ ကို တို့ အမေ့ဆီ သွားမေးရအောင်´´
လို့ဆိုကာ ဒေါ်မှုံရဲ့ သားနဲ့ချွေးမတို့ ကားလေးဟာ ဒေါ်မှုံရှိရာ လူအိုရုံသို့ ဦးတည်မောင်းခဲ့ပြီး၊ လူအိုရုံရောက် တော့ ဒေါ်မှုံရဲ့ အခန်းသော့လေးခတ်ထားတာတွေ့လို အနီးကပ်အခန်းက အဖွားတစ်ယောက်ကိုမေးတော့ ဘုရားကျောင်းဖက် လမ်းလျှောက်သွားလိုက်အုံးမယ်ဆိုပြီး ခုနလေးတင်ပြောပြီး အဲဒီဘက်သွားတယ်ညွှန်းလို့ ဒေါ်မှုံရဲ့ သားနဲ့ချွေးမလည်း ဘုရားကျောင်းဘက်ကို လိုက်လာခဲ့ပြီး ဘုရားကျောင်းကိုရောက်လို့ ဘုရားကျောင်း ထဲကိုလှမ်းမျှော်ကြည့်လိုက်တော့ ဒေါ်မှုံ တစ်ယောက်ဆုတောင်းဝတ်ပြုနေတာတွေ့ရတယ်။ ဒါနဲဘဲ ဒေါ်မှုံရဲ့ သားနဲ့ချွေးမလည်း ဘုရားကျောင်းအဝ မလှမ်းမကမ်းကစောင့်နေရင်း ခဏကြာတော့…..
“ဟော သားနဲ့သမီး ညနေစောင်းကြီး ဘာလို့များရောက်လာကြတာလဲ၊ အလုပ်က ပြန်ရောက်တာ နားရော ပေါ့၊ ပိတ်ရက်မှအေးဆေးလာလည်းရတာဘဲလေ အမေဒီမှာ အဆင်ပြေပါတယ်´´လို့ ဘုရားကျောင်း ထဲက ထွက်လာရင်း ဒေါ်မှုံပြောတော့ သူ့သားက ဒေါ်မှုံနားကပ်လိုက်ပြီး
“အမေ ဘာမှမဖြစ်ဘူးလား၊ နေရောကောင်းရဲ့လား´´ ချွေးမကလည်း
“ဟုတ်တယ်အမေ ဘာမှမဖြစ်ပါဘူးနော်´´ အဲဒီတော့မှ ဒေါ်မှုံက
“ ဟဲ့ ဒီကလေးနှစ်ယောက် ရေးကြီးသုတ်ပြာနဲ့ ဘာတွေလာမေးနေတာလဲ အမေကိုရှင်းပြပါအုံး´´ ဆိုမှ သူ့သားက
“အမေ ဒီ ဆေးကို အမေ့မှန်တင်ခုံအံဆွဲထဲက တွေ့လို့ပါ´´
“ဪဒါလား အမေအသိတစ်ယောက် အတွက် ဆေးနံမည်ညွှန်ရအောင် လမ်းထိပ်ဆေးဆိုင်က တောင်းလာ ခဲ့တာပါ၊ အဲဒီအသိကို ဆေးနံမည်ဖတ်ပြပြီး အလွယ်ထားလိုက်မိတာပါ ဘာများလဲလို့၊ အမေ ဘာမှမဖြစ်ပါဘူး ကဲ အိမ်ပြန်နားကြတော့ နောက်ပိတ်ရက်အားမှလာခဲ့လေ အမေ လိုအပ်ရင် သားနဲ့သမီးဆီ ဖုန်းဆက်မှာပေါ့´´ လို့ ဒေါ်မှုံတစ်ယောက်ပြောတော့မှ ချွေးမဖြစ်သူက ဒေါ်မှုံရဲ့ လက်ကလေးကိုကိုင်ရင်း
“အမေတကယ်ဘာမှ မဖြစ်ဘူးနော်၊ တစ်ခုခုဖြစ်ရင် သမီးကိုပြောရမယ်နော်´´ လို့ ဆိုတော့ ဒေါ်မှုံ တစ်ယောက် ကျေနပ်တဲ့အပြုံးလေးပြုံးရင်း ခေါင်းငြိမ့်ကာ ချွေးမရဲ့ ဆံပင်လေးကို သပ်လို့
“အေးပါသမီးရယ်´´ ဟု ဆိုတော့ ဒေါ်မှုံရဲ့ သားနဲ့ချွေးမလည်း သူတို့ကားရပ်ထားတဲ့ဆီ လျှောက်လှမ်းသွား တာကို ဒေါ်မှုံတစ်ယောက် မလှုပ်မယှက်ငေးကြည့်နေရင်း ဒီလိုမြင်ကွင်းမျိုး ဘယ်အချိန်ထိများ ထိ မြင်ခွင့်ရပါ့ မလဲလို့တွေးမိတော့ မျက်ဝန်းအိမ်ထဲက မျက်ရည်လေးတွေရစ်ဝဲကာပြည့်လာလို့ မျက်ရည်စတွေနဲ့ ကြည့်နေတဲ့ သားနဲ့သမီးချွေးမရဲ့ မြင်ကွင်းက မျက်ရည်စတွေကြောင့်လား ဝေးသွားလို့လား ဝို့ဝါးကာတွေ့နေတာကို ဆက်ကြည့် နေရင်း ခုနက ဘုရားကျောင်းထဲ ဝတ်ပြုဆုတောင်းခဲ့တဲ့ ဆုတောင်းလေးကို ဒေါ်မှုံတစ်ယောက် ပြန်သတိရနေတယ်လေ။ ဆုတောင်းမိခဲ့တာလေးက …….
“သည့်နေအထိ အသက်ရှင်နေခဲ့ရခြင်းအတွက် ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်၊ ကျမရဲ့ နောက်ဆုံးဘဝ ခရီးအတွက် နေခွင့်ရှိတဲ့ ဒီနေရာလေးကို ရောက်အောင်ခေါ်ဆောင်ခြင်းအတွက်လည်း ဝမ်းမြောက်ခဲ့ ရသလို ကျန်ရှိနေတဲ့ အချိန်မှာလည်း ဝေဒနာကိုပြင်းထန်စွာမခံစားရဘဲ ညှင်သာစွာနဲ့ ဘဝနိဂုံးချုပ်ဖို့ကူညီပေးပါ၊ ဘုရား သခင်စောင့်ရှောက်တော်မူပါ အာမင်´´
ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။
ခင်ခ။
24 comments
surmi
February 18, 2013 at 3:59 pm
ခေတ်သစ် မင်းကတော် ဝတ္ထု ပါပဲ ။
မနှစ် ရန်ကုန်မှာလည်း ဒီအဖြစ်နဲ ့ခတ်ဆင်ဆင် ကြားမိသေးရဲ ့
မိဘ ဆိုတာကို ဘယ်လိုအဓိပ္ပါယ် ဖွင် ့သလဲ ဆိုတာပေါ် မူတည်မယ်ထင်တယ်
လူကြီးတစ်ယောက်ဖြစ်သွားရင် အသုံးမဝင်ဖြစ်မှာကိုတွေးမိပြီး
ဘာတွေများပြင်ဆင်ထားရင်ကောင်းမလဲ လို ့…..
ခင်ခ
February 18, 2013 at 4:08 pm
ဦးစွာရောက်လာ မန့်သူမို့ ကျေးဇူးအထူးပါ ကိုဆာမိရေ။
ကိုဆာမိတွေးပုံလေးကို ဆက်ကာပွားလို့တွေးနေမိတယ် ဘာတွေများပြင်ထားရပါလိမ့် ……..။
လုံမလေးမွန်မွန်
February 18, 2013 at 5:38 pm
ကိုယ့်မိဘကို လူအိုရုံပို့ရက်တဲ့ စိတ်ကိုတော့ ဘယ်လိုမှ တွေးကြည့်လို့ကို မရဘူး… အတော်လေးခံစားလိုက်ရတယ် လေးလေးရေ… အမေ့ကိုလည်း ပိုသတိရသွားတယ်… လူအိုရုံကမှ ပြုစုမယ့်သူရှိသေးတယ်..အခုတော့ သူ့ခမျာတစ်ယောက်တည်း.. :byae:
မောင်တင့် တယ်
February 18, 2013 at 6:52 pm
ကိုယ့်တာကိုယ်လုံအောင်ထိန်းဖို့ပဲ..ကြိုးစားရတော့မယ်…
သူများသားသမီးတွေ ကိုတော့.. ပြောရဲပေါင်..
ဘဝ ဆိုတာက မတွေးထင်ထားတာတွေအများစုကို ကြုံတွေ့ တတ်ရလို့ပါ..
ဦး ကျောက်ခဲ
February 18, 2013 at 7:30 pm
ဟမ်… ရင်ဘတ်ကြီးနဲ့ဖတ်ပြီး နင့်နင့်နဲနဲ ခံစားသွားပါတယ်ဆရာခ…
ကိုယ့်ဘဝနဲ့ယှဉ်တွေးလို့ ဘယ်လိုမှ မိဘကို လူအိုရုံပို့ဖို့ ခံစားမရတာ အမှန်ပါ…
အခါလွန်တဲ့မိုး အငြိုးနဲ့မရွာချင်သလို လူမိုက်နောင်တ နောက်ကျမှမရချင်ပါဘူး…
ဘုရားသခင်ကိုယ်စား မိဘကိုစောင့်ရှောက်နိုင်တဲ့သူဖြစ်ပါရစေ… အာမင်
မောင်ပေ
February 18, 2013 at 7:42 pm
ဘုရားသခင် ကောင်းချီးပေးတော်မူပါစေ
အာမင်
Mr. MarGa
February 18, 2013 at 8:56 pm
ဖတ်ပြီးတော့ မောသွားတယ်
ဒီလို သားသမီးမျိုး မရှိပါစေနဲ့
ဒီလို သားသမီးမျိုးလဲ မဖြစ်ပါရစေနဲ့ လို့
ဆုတောင်းပါတယ်ဗျာ
ခင်ခ
February 19, 2013 at 3:55 pm
အမေနဲ့ အတူနေနိုင်အောင် အစစအဆင်ပြေပါစေလို့ဘဲ ဆုတောင်းရမှာပေါ့ သမီးမွန်မွန်ရေ။
မှန်ပ မောင်တင့်တယ်ရေ ဘဝ ဆိုတာက မတွေးထင်ထားတာတွေလည်းကြုံရတတ်တာပါ။
ဘုရားသခင်ကိုယ်စား မိဘကိုစောင့်ရှောက်နိုင်တဲ့သူဖြစ်ပါရစေ… အာမင် ဆိုတဲ့ဆုတောင်းလေး ကောင်းသဗျ ကိုကျောက်ရေ။
ဆရာပေကိုလည်း ဘုရားသခင် ကောင်းချီးပေးတော်မူပါစေနော်။
ဦးမာဃရေ သိကြားရဲ့ မိဘကရော သိကြားအမျိုးအနွယ်ဘဲလား၊ သိကြားပြည်မှာရော နတ်အိုရုံရှိလားဟင်။
Mr. MarGa
February 19, 2013 at 7:29 pm
သိကြားပြည်က နတ်အိုရုံရှိဘူးဗျ
ကျွေးမယ့် မွေးမယ့်သူမရှိရင် တစ်ခါထဲ အစဖျောက်တာ
mobile(သူကြီးသမက်)
February 18, 2013 at 10:56 pm
စိတ်မကောင်းဖွယ်ရာလေးပါပဲ………
မ ဖက်လိုက်တော့ မိုက်ဖက်ပါ ဆိုသလို(ဆိုင်ချင်မှဆိုင်လိမ့်မည်)
သားမှားပြီး မှားပြီမေမေ ရဲ့ချစ်ဇောတွေ ကြွယ်ဟယ်ဟယ်ဟယ် ချစ်ရေးကိုဦးစားပေးမိတယ်
ရင်းစားမရရှိနိုင်သော အနံဒ မြစ်တာ စေတနာတွေရယ် ဘယ်မှာရှာလို့ ရမှာလဲကွယ်
အမေ့သားဘွ ယောင်ချာချာလည်……….(ဟင်္သာတထွန်းရင်လေသံဖြင့်ခံစားထားခြင်းဖြစ်ပါသည်)
kyeemite
February 19, 2013 at 10:46 am
အင်း..ဆရာဖေမြင့်ဘာသာပြန်တဲ့“ စောင်”ဆိုတဲ့ဝတ္ထုလေးသွားသတိရမိတယ်ကိုခရေ…
ဖအေလုပ်သူကို လူအိုရုံပို့ခါနီး စောင်တစ်ထည်ဝယ်ပေးလိုက်တော့ သူ့ရဲ့သား(မြေး) လေးက
ဖိုးဖိုးအတွက် စောင်ကကြီးလွန်းပါတယ်..တစ်ပိုင်းဖြတ်ပီးသိမ်းထားလိုက်..ဖေဖေ့အလှည့်ကြ
သုံးရတာပေါ့တဲ့…ကိ်ုင်းမှတ်ကရော… :kwi:
ခင်ခ
February 19, 2013 at 11:12 am
ကိုကြီးမိုက်ရေ
မိဘတွေ သားသမီးရှိရက်နဲ့ လူအိုရုံအပို့ခံရတာ ဘယ်လောက်ခံစားဝမ်းနည်းရမလဲ
ဒါပေမယ့် မိဘများဟာ သားသမီးတွေ အဆင်ပြေရင် အဲဒီခံစားမှု့ကို ကြိတ်ပြီးခံစားပေးတတ်တာဟာ
မိဘမေတ္တာဘဲဆိုတာလေးကို ပြချင်လို့ တွေးမိတွေးရာလေးကိုရေးကြည့်လိုက်တာပါဗျ။
ရဲစည်
February 19, 2013 at 12:58 pm
နက်နက်နဲနဲ ခံစားဖတ်ရှုသွားပါကြောင်း … ကိုခရေ
ဒါမျိုးက ဖတ်ပီး တစိမ့်စိမ့်တွေးစရာမို့ သိပ်ပီး အထူးအထွေ မပြောတတ်တော့ဘူးရယ်။
ခင်ခ
February 19, 2013 at 1:25 pm
ဖတ်ပေး ခံစားပေးလို့ ကျေးဇူးပါ ကိုရဲစည်ရေ။
ဒါနဲ့ စကားမစပ် မန်း လာဖြစ်ရင်ပြောပါအုံး ထပ်ပြီးဆုံရအောင်လို့ပါ။
johnnydeer
February 19, 2013 at 3:12 pm
ဒါကြောင့် ကျွန်တော် ရေးတာပေါ့…မိန်းမကို နည်းနည်းတော့ နိုင်ထားသင့်ပါတယ်လို့..ဒီလို အဖြစ်အပျက်တွေက အပြင်မှာလဲ တကယ်ရှိပါတယ်…မိန်းမကြောက်တဲ့ သားတွေရဲ့ အမေတွေ ဒီ ဒဏ်အခံရဆုံးပေါ့…ကျွန်တော်တော့ မိန်းမကို ပွင့်ပွင့်လင်းလင်းပြောထားတယ်…အမေ ကနံပတ် ၁..နင်က နံပတ် ၂ လို့…မသိဘူး..မကြိုက်လဲ မတတ်နိုင်ဘူး…အမေ တော့ လာမထိနဲ့…လုံးဝမခံနိုင်ဘူး…
ခင်ခ
February 19, 2013 at 4:03 pm
johnnydeer ရေ အမေလည်း အဆင်ပြေ မန်းမလည်းပြေလည်စေဆိုတဲ့ နည်းလေးတွေ သုံးနိုင်ကြရင် အပျော်ဆုံးဖြစ်မှပေါ့ဗျာ။ ဘယ်သူဘဲဖြစ်ဖြစ် အသက်ကြီးလို့ အိုမင်းမစွမ်းတဲ့အခါ သူတို့မှာ အမှီသဟဲ အဖော်ဆိုတာ လိုအပ်တတ်ပါတယ်၊ အဲဒီအချိန်လေးကို သိတတ်စေချင်တာပါ။
kai
February 19, 2013 at 3:28 pm
ယူအက်စ်မှာတော့.. အိမ်ကအမေကပိုင်နေတာမို့..
အင်း..
စနစ်က.. လူတွေအချစ်ကို ပြင်လို့ရပါကြောင်း.. :kwi:
မှတ်ချက်.. ။ မြန်မာ မပါ..။
ခင်ခ
February 19, 2013 at 4:10 pm
စနစ်က …. အချစ်ကို ပြင်လို့ ရတယ်ဆိုတော့
သူကြီးရေ
စနစ်အရင် ပြောင်းရမယ့်သဘောပေါ့။
အင်း မြန်မာပြည် စနစ်ပြောင်း ခေတ်ပြောင်း တဲ့အချိန်ကတော့ ………
ခေတ်ပြောင်းချိန်ရောက်လုနီးပါပြီ …. လို့သာ ညီးတွားရင်း ညီးတွားရင်း ……………….
ကိုပေါက်(မန္တလေး)
February 19, 2013 at 4:27 pm
ကျနော်တို့မြန်မာသက်ကြီးရွယ်အို အများစုက ကိုယ့်အသက်အရွယ်ရလာချိန်မှာ
ဖြစ်လာတဲ့ရလာဒ်ကို တင်းတိမ်ရောင့်ရဲခြင်း ခွင်လွှတ်ခြင်းဆိုတဲ့တရားတွေနဲ့
ရင်ဆိုင်ကြတဲ့အတွက် သားသမီးအပေါ်မှာဖြစ်စေ အခြားသူအပေါ်မှာဖြစ်စေ
အပြစ်မမြင်တတ်ကြလို့ပါ။
မမြင်နိုင် လက်ဆုပ်လက်ကိုင်မပြနိုင်ပေမယ့် လူ့စိတ်အပူကို လျော့ကျစေတဲ့
“ကံတရား” နဲ့ဘဲဖြေသိမ့်တတ်ကြတော့ စိတ်ဒုက္ခလျော့ပါးသွားတယ်လို့ လက်ခံထားပါတယ်။
သားသမီးရှိသူများကို သားသမီးက ပစ်ထားလို့ဆိုတဲ့အကြောင်းနှဲ့ယှဉ်ရင် သားသမီးမထွန်းကားသူများအတွက်ရော ဆိုတဲ့ မေးခွန်းက ဆင့်လာပါတယ်။
အကောင်းဆုံးက မီးဇာကုန်ဆီခန်းချိန်မရောက်မှီမှာ “သင့်တင့်သောငွေကြေးနဲ့ ခိုင်မာသောစိတ်ဓါတ်”
မွေးမြူထားဘို့လိုပါကြောင်း။
ခင်ခ
February 19, 2013 at 4:46 pm
ကိုပေါက်ရေ သားသမီးရှိသည်ဖြစ်စေ သားသမီးမရှိသည်ဖြစ်စေ အိမ်ထောင်ကြင်ဖော်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကောင်းဆုံးကတော့ နေဝင်ဆည်းဆာချိန်လေး လှစေဖို့ ကိုယ်တိုင်လေ့ကျင့် ဆောင်ရွက် ထားနိုင်ရင်တော့ ဖြစ်သင့်တဲ့လုပ်ရပ်ပါဘဲဗျာ လို့ပြောရမှာပေါ့လေ။
kai
February 20, 2013 at 4:13 am
ယူအက်စ်မှာ ဆိုရှယ်စကရီတီဆိုတဲ့.. လူမှုဖူလုံရေးက.. နိုင်ငံသားတွေ.. ဘဝနေဝင်ချိန်တွေအတွက်…(တသက်တာနည်းနည်းစီ) စုပေးထားတာတွေ … ပြန်ပေးသုံးတယ်..
မြန်မာပြည်သတင်းမှာတလောက.. လူမှုဖူလုံရေးမဝင်.မပေးရင်.. အရေးယူမယ်ဆိုလား.. ဖတ်လိုက်ရတယ်..
ဖယ်ဒရယ်အတိုင်းအတာနဲ့.. ဥပဒေပြု.. လုပ်သင့်လုပ်ထိုက်တာတွေပါ…
အခုလုပ်မှ.. နောင်စားရမှာ…
ခင်ခ
February 20, 2013 at 9:17 am
သူကြီးရေ
မြန်မာပြည်မှာ လူမှု့ဖူလုံရေးဝင်ဖို့ အခွန်ပေးဆောင်ဖို့တွေ လုပ်တော့လုပ်နေပါတယ်။
ဒါပေမယ် သိပ်ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်တော့ မဟုတ်သေးဘူး။
ဒါပေသည့် သေချာတစ်စိုက်မတ်မတ် လုပ်သွားနိုင်ရင်တော့ နောင် အလားအလာကောင်းနိုင်မယ်လို့ ယူဆတာဘဲလေ။
သူကြီးပြောသလို အခုလုပ်မှ .. နောင်စားရမှာ … ဆိုတာအမှန်ဘဲလေ။
နွယ်ပင်
February 20, 2013 at 10:32 am
ဒီလို အဖြစ်အပျက်တွေ အပြင်မှာတကယ်ရှိတယ်လို့ ကြားဖူးတယ် ဘယ်လိုမျိုး စိတ်ဓာတ်နဲ့များ
မိဘကို လုပ်ရက်ရပါလိမ့်နော် …
ခင်ခ
February 20, 2013 at 11:39 am
အပြင်မှာ တကယ်ရှိပါတယ်။ အဲလို ကြားသိတာလေးတွေကို အခြေခံပြီး တွေးတောဇာတ်လမ်းဆင် ရေးမိတာပါ မနွယ်ပင်ရေ။