ဘယ်တော့များမှ
“အတူတူနေဖို့…ဘယ်လောက်ထိ ဝေးရမလဲ…အတူတူပျော်ဖို့….ဘယ်လောက် ကြေကွဲရမလဲ…”
အချစ်သီချင်းလေးက လွင့်ပျံ့လာတယ် အမေ…. အချစ်ကို မခံစားမိဘဲ အမေ့ကို သတိရသွားတယ်… သမီးတို့တွေရော.. အတူတူနေဖို့ ဘယ်လောက်ဝေးနေရဦးမှာလဲ… “နီးနီးလေးနဲ့ဝေး” တဲ့.. ကျားပေါက်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပေါ့…သမီးတို့တွေလည်း တကယ်ကို နီးနီးလေးနဲ့ဝေးနေတာပါ… (၃)ယောက်တည်းရှိတဲ့ မိသားစုဆိုတာ တကယ်တော့ အရမ်းနည်းလွန်းပါတယ်… အခုတော့ ဒီ (၃)ယောက်က တစ်ယောက်တစ်နေရာစီတဲ့လား… သမီးပဲ အရမ်းညံ့နေတာလား… ကံတရားကိုပဲ မကျော်လွန်နိုင်တာလား.. ဒါမှမဟုတ် သူများကိုပဲ ငဲ့ညှာလွန်းနေတာလား…
အိမ်မှာတစ်ယောက်တည်း အထီးကျန်နေမယ့် အမေ့ကို သနားနေမိသလို “တစ်ယောက်တည်းရုန်းကန်နေရတဲ့ ငါ့သမီးလေး” ဆိုပြီး အမေလည်း စိတ်မကောင်းဖြစ်နေတာလည်း သိပါတယ်… အားတင်းထားကြတာပေါ့နော်… ကားမှတ်တိုင်လေး (၄) ခုလောက်အကွာမှာနေတဲ့ မောင်လေးနဲ့တောင် တစ်ပတ်တစ်ခါ မတွေ့ဖြစ်တာ…ရန်ကုန်နဲ့ (၄၆) မိုင်အကွာက အမေ့ဆီကို ပြန်လာဖို့ ပိုခက်ခဲတာ အမေနားလည်မှာပါ… အမေကလည်း ပြန်လာပါလို့ မခေါ်ရက်သလို … သမီးကလည်း အမေလာနေပါလားလို့ အခေါ်ခက်နေတဲ့ အဖြစ်ပါ… သံယောဇဉ်တဲ့.. သနားစာနာမှုတဲ့… တစ်ခါတစ်လေကျတော့လည်း သူများမှီတာကိုခံဖို့က ကိုယ်တိုင်မတ်နေမှ ဖြစ်မှာလေ… ရုန်းထွက်ဖို့ ခက်နေတော့လည်း ယိုင်နဲ့နဲ့လေးကိုပဲ ထပ်မလဲအောင် ကြိုးစားနေရတာ နည်းနည်းတော့ ပင်ပန်းတာပေါ့…
အမေပြောဖူးတာ သတိရမိတယ်… ကိုယ့်အတွက်ပဲ ကြည့်တတ်တဲ့သမီးကို ပြောခဲ့တဲ့စကားပေါ့.. “သမီးက ကိုယ့်လမ်းကိုလျှောက်ပြီး ထွက်သွားမယ့်သူ.. အဖေရယ်..အမေရယ်..မောင်လေးရယ်ကပဲ ကျန်ခဲ့မယ့်သူ” တဲ့… ကိုယ့်ကိုကိုယ်လည်း ထင်ခဲ့ဖူးပါတယ်… သံယောဇဉ်ဖြတ်နိုင်တဲ့သူလို့… ငယ်ငယ်ကတည်းက ကျောင်းပိတ်ရက်ဆို အမျိုးတွေရွာကို လှည့်ပတ်သွားနေတဲ့ သမီးက အိမ်ကိုတွယ်တာရကောင်းမှန်းလည်း မသိခဲ့ဘူးလေ… အမေမှတ်မိသေးလား… တက္ကသိုလ်ပထမနှစ်ကိုတက်ဖို့ ရန်ကုန်ကိုသွားမယ့်နေ့က အဘွားရော၊ အဖေရော ငိုနေတဲ့အချိန်မှာ သမီးကတော့ အရမ်းပျော်နေခဲ့တယ်လေ… သမီးတက်လမ်းအတွက်ဆို ဘယ်လောက်ဝေးဝေး ခွဲနိုင်ပါတယ် ဆိုတဲ့ အမေကလည်း တကယ်တမ်းကျ မျက်နှာမကောင်းခဲ့ဘူးမို့လား… အလိုက်ကန်းဆိုးမသိတဲ့သမီးကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြောခဲ့သေးတယ်.. ဒေးဒရဲမြေကို ပြန်မလာဘူးလို့… အဆောင်မှာ ပစ္စည်းတွေထားပေးပြီးလို့ အမေပြန်သွားတဲ့အချိန်… ပထမဆုံးကျောင်းဖွင့်ရက်မှာ ကျောင်းတက်ပြီးလို့ အဆောင်ပြန်ရောက်တဲ့အချိန်… ပထမဆုံးအကြိမ်အဖြစ် ဆိုင်က ထမင်းထုပ်ဝယ်လာပြီး အခန်းထဲမှာ တစ်ယောက်တည်း ထမင်းစားရတဲ့ညနေ…အခန်းဖော်အပြင်သွားလို့ မီးပျက်နေတဲ့အခန်းထဲမှာ တစ်ယောက်တည်းဖြတ်သန်းခဲ့ရတဲ့ည.. မျက်ရည်မလွယ်ပေမယ့် အော်ငိုချင်မိခဲ့တယ်…
တစ်ပတ်တောင် မခံလိုက်ဘူးလေ… ကျောင်းပိတ်ရက်လည်းရောက်ရော.. ရန်ကုန်ကို အခုမှရောက်ဖူးတဲ့သမီးက ပန်းဆိုးတန်းသဘောင်္ဆိပ်ကို တစ်ယောက်တည်းဆင်းလာပြီး ရရာကားနဲ့ပြန်လာခဲ့တော့ တစ်အိမ်လုံးက အံ့ဩကြတာ… အိမ်လွမ်းလို့ပြန်ချင်တဲ့စိတ်ကြောင့် ဘယ်ကသတိ္တတွေ ဝင်လာမှန်းတောင် မသိပါဘူး.. ဆူးလေလို့ ရေးထားတဲ့ ၄၅ ကားကို စီး… ဆူးလေကနေ ပန်းဆိုးတန်းကို ဟိုမေးဒီမေးနဲ့ရောက်လာ.. ဒလဘက်ကမ်းရောက်တော့ ထွက်လုဆဲဆဲနောက်ဆုံးကားပေါ်ပြေးတက်ပြီး ကားတံခါးပေါက်နားက ခုံပုလေးမှာ ထိုင်လိုက်လာခဲ့တဲ့အချိန်… လုံးဝကြောက်စိတ်မရှိတာ ကိုယ့်ကိုကိုယ်တောင် အံ့ဩမိတယ်… အိမ်ရှေ့လည်းရောက်ရော.. တအံ့တဩနဲ့ ဝမ်းသာသွားတဲ့အဖေက “ငါ့သမီးပြန်လာပြီ” ဆိုပြီး ပြေးဖက်လိုက်တာ….ပြန်တွေးရင်တောင် ငိုချင်မိတယ်… အဲဒီအချိန်တုန်းကဆို ဖြစ်နိုင်ရင် ရန်ကုန်ဆိုတာရော တက္ကသိုလ်ဆိုတာရောကို မေ့ထားချင်လိုက်တာလေ….
တစ်ယောက်တည်း နေရတော့မှ မိသားစုဆိုတာကို တမ်းတမိတယ်.. သောကြာနေ့ဆို ပြန်လာမှာလားလို့ ဖုန်းဆက်ခိုင်းတဲ့ အဘွား… ရန်ကုန်မှာ တစ်ခုခုဆို စိုးရိမ်တကြီး ဖုန်းဆက်တတ်တဲ့အမေ… ဟိုစပ်စပ်ဒီစပ်စပ်ပါတတ်တဲ့ အကျင့်ရှိလို့ “ကျောင်းသားဆိုတာ ကျောင်းစာပဲလုပ်နော်..ဘယ်ထဲမှမပါနဲ့” လို့ လှမ်းသတိပေးတတ်တဲ့အဖေ… ဒီလိုနဲ့ပဲ… သူငယ်ချင်းတွေကြားမှာ “မနယ်ချစ်” ဆိုတဲ့ ဘွဲ့လည်း တွင်ခဲ့ရောပေါ့.. ကျောင်းကလုပ်တဲ့ပွဲတွေကိုတက်ဖို့ထက် အိမ်ပြန်ဖို့ပဲ ပိုအားသန်တဲ့ သူငယ်ချင်းကို သူတို့တွေလည်း စိတ်တိုခဲ့ကြပါရဲ့…
ဒါပေမယ့် တကယ်တမ်းအိမ်ပြန်ရောက်ရင်လည်း ပျော်ရတာထက် စိတ်ညစ်ရတာက ပိုများပါတယ်… အရက်သောက်ပြီး စီးပွားရေးကို လှည့်မကြည့်တဲ့အဖေ… အဖေ့အစား မိသားစုတာဝန်ကို ယူထားရတဲ့အမေရဲ့ အဖေအပေါ် ပေါက်ကွဲတဲ့ဒေါသ.. အဖေနဲ့အမေကြားက အိမ်ထောင်ဦးစီးအဘွား… တစ်ခါတစ်ခါ မျက်ရည်ကြားက အမေပြောခဲ့တယ်… “ပြန်လာလည်း စိတ်ညစ်ရတာပဲ.. ငါ့သမီး ပြန်မလာခဲ့နဲ့” တဲ့… ဆိုင်ထမင်းဆိုင်ဟင်းကို စားပြီး ကျောင်းပိတ်ရက်ကို တစ်ယောက်တည်း ဖြတ်သန်းရမှာထက်စာရင် အမေ ဒါမှမဟုတ် အဖေ့ရဲ့လက်ရာ ထမင်းကိုစားပြီး မိသားစုနဲ့အတူတူ စိတ်ညစ်ရတာက ပိုကောင်းပါတယ်လေ…
ကျောင်းပြီးလို့ အလုပ်လုပ်တဲ့အခါကျတော့မှပဲ အိမ်လွမ်းတဲ့ဒဏ်ကို လှိမ့်နေအောင် ခံရတော့တာပဲ…လုပ်ငန်းခွင်ဆိုတာ ကျောင်းလိုမျိုး တစ်ပတ်ကို နှစ်ရက် ပိတ်တာလည်းမဟုတ်… အစိုးရရုံးပိတ်ရက်တိုင်းလည်း နားလို့မရ… ကျောင်းပြေးသလို အလုပ်ကနေပြေးရအောင်ကလည်း ခွင့်ယူရင် လစာမဖြစ်စလောက်လေးက အဖြတ်ခံရဆိုတော့… (၄)လလောက်နေမှ အိမ်တစ်ခါပြန်ဖို့တောင် အတော်လေးကြိုးစားရတာလေ… အဖေနဲ့အဘွား မရှိတော့တဲ့နောက်ပိုင်းမှာ အမေကလည်း မောင်လေးနဲ့ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ နေတတ်အောင် နေခဲ့ရသလို… သမီးကလည်း ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်၊ စာသင်တစ်ဖက်ကြားမှာ အိမ်လွမ်းဖို့ အချိန်မရှိအောင် နေတတ်သွားခဲ့တယ်…
အနေဝေးရင် သွေးအေးတယ်တဲ့… ဘုရားတရားအလုပ်၊ လူမှုရေးအလုပ်တွေနဲ့ အပူတွေကိုမေ့ပြီး အေးချမ်းအောင်နေတတ်နေလောက်တဲ့အချိန်မှာ… (၆)နှစ်ဆိုတဲ့ အချိန်ကာလကို ဖြတ်သန်းခဲ့တဲ့သမီးကလည်း တစ်ယောက်တည်းနေရတာကို သဘောကျလာခဲ့တယ်.. အမေသတိထားမိရဲ့လားမသိဘူး.. အမေနဲ့ သမီးကြားက ဆက်ဆံရေးက နည်းနည်းများ အေးစက်လာသလားလို့… ဖုန်းပြောရင်လည်း အရင်ကလို ပလစ်ဆန်အောင် စကားတွေပြောပြီး မချွဲနွဲ့တတ်တော့ဘဲ လိုရင်းတွေကိုပဲ ဆွေးနွေးဖြစ်လာတယ်… တစ်ခါတစ်လေများ ဘယ်လောက်တောင်ဆိုးဝါးသလဲဆိုရင် အလုပ်ထဲက အဆင်မပြေမှုတွေက အမေဖုန်းဆက်ချိန်နဲ့တိုက်ဆိုင်ခဲ့ရင် သမီးရဲ့ ထွက်ပေါက်က အမေဖြစ်သွားခဲ့တယ်… ဘုန်းကြီးခေါင်းခေါက်ပြီးတော့မှ ပြန်တောင်းပန်လည်း အပိုပဲလေ… အမေက ဘယ်လောက်နားလည်ပေးပါတယ်ပြောပြော သမီးအမှားကို သမီးသိပါတယ်…
အမေမြင်တတ်ရင် သိမှာပါ… မာကျောကြွတ်ဆတ်လာတဲ့ သမီးရဲ့ စိတ်တွေကို… ကိုယ့်ကိုကိုယ်လည်း လန့်လာတယ်… တစ်ချိန်ချိန်မှာ မိသားစုဆိုတာနဲ့ ပြန်နေဖြစ်ခဲ့ရင် နေတတ်ပါတော့မလားရယ်လို့… အတူတူနေချင်လှပြီ အမေရယ်… အခုတလော ခဏခဏ စိတ်ကူးယဉ်မိတယ်… အမေရယ်၊ မောင်လေးရယ်၊ သမီးရယ်.. မနက်ဘက် မောင်နှမနှစ်ယောက်က အလုပ်ကိုယ်စီသွား… ညနေပြန်လာရင် အတူတူ ထမင်းလက်ဆုံစား… အမေနဲ့ စကားပြောရင်း တီဗီကြည့်..စာဖတ်.. တစ်ပတ်တစ်ခါ ဘုရားသွား… အမေဆို သမီးထက်တောင် ပိုနေချင်မှာပေါ့နော်… မစွန့်စားရဲတာ.. ရုန်းမထွက်ရက်တာ…. သူများကို အမှီခံရင်းနဲ့ ကိုယ်တိုင် လဲချင်လာတာ… ဘာကို ဘယ်လို ပုံချရမလဲမသိတော့ဘူး…
ပြတ်သားဖို့ ကြိုးစားကြရအောင်နော်.. သမီးစိတ်တွေ ဒီထက်မာကျောသွားမှာလည်း ကြောက်တယ်… မိသားစုအပေါ် မနူးညံ့တတ်တော့မှာ ကြောက်တယ်…. ငွေဆိုတာကို လိုက်ရင်းနဲ့ ကိုယ့်အတွက်ကိုယ် အချိန်မပေးတတ်တော့မှာ ကြောက်တယ်… အတူတူနေဖို့ ဘယ်လောက်ထပ်ဝေးကြရဦးမှာလဲ… အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရဦးမှာလဲ… အမေ့ကို ချစ်တယ်… အတူတူနေချင်လှပြီ အမေ….။ ။
42 comments
ခင်ခ
February 18, 2013 at 4:41 pm
အမေနဲ့ အတူတူနေချင်ရင် အတူတူနေနိုင်တဲ့ အခွင့်အရေး ဖြစ်လာအောင် ကြိုးစားပေါ့
သမီးမွန်မွန်ရေ။
လုံမလေးမွန်မွန်
February 18, 2013 at 10:45 pm
ပထမဆုံးကွန်မန့်အတွက် ကျေးဇူးပါ လေးလေးရေ… သမီးကြိုးစားနေပါတယ်လို့…
Traditional
February 18, 2013 at 4:50 pm
စာနာ နားလည်ပါတယ် မမွန်ရေ ခုဆိုဒီလို ခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာသိလိုက်ရတယ် …
**အားတင်းထားပါကွယ် …..မငိုနဲ့ နော်ဆက်ပြီးတော့……အတူကြိုးစားခဲ့တာပဲ ..ကံတရားဟာထင်သလောက်တော့ မရက်စက်တက်တဲ့ အတွက် တို့ နှစ်ယောက် မျှော်လင့်နိုင်ပါသေးတယ်…. **
သီချင်းလေးနဲ့ ပြန် အားပေးလိုက်တယ်နော်..
လုံမလေးမွန်မွန်
February 18, 2013 at 10:47 pm
အားပေးသွားတာ ကျေးဇူးပါနော်..မျှော်လင့်ချက်နဲ့ ရှေ့ဆက်နေရတာပေါ့နော်…
Novy
February 18, 2013 at 4:56 pm
မနိုတို့လည်း ငယ်စဉ်က အိမ်နဲ့ခွဲပြီးနေခဲ့ရတဲ့သူဆိုတော့
ကိုယ်ချင်းစာပါတယ်ညီမလေးမွန်မွန်ရေ.
လုံမလေးမွန်မွန်
February 18, 2013 at 10:51 pm
စာနာပေးတာ ကျေးဇူးပါနော် မနို.. အားတင်းထားပါတယ်လို့…
ရွှေတိုက်စိုး
February 18, 2013 at 5:00 pm
အခုတလော ခဏခဏ စိတ်ကူးယဉ်မိတယ်… အမေရယ်၊ မောင်လေးရယ်၊ သမီးရယ်.. မနက်ဘက် အလုပ်ကိုယ်စီသွား… ညနေပြန်လာရင် အတူတူ ထမင်းလက်ဆုံစား… အမေနဲ့ စကားပြောရင်း တီဗီကြည့်..စာဖတ်.. တစ်ပတ်တစ်ခါ ဘုရားသွား… အမေဆို သမီးထက်တောင် ပိုနေချင်မှာပေါ့နော်… မစွန့်စားရဲတာ.. ရုန်းမထွက်ရက်တာ…. သူများကို အမှီခံရင်းနဲ့ ကိုယ်တိုင် လဲချင်လာတာ… ဘာကို ဘယ်လို ပုံချရမလဲမသိတော့ဘူး…
လုံမလေးရေ အဲဒီစာသားလေးကို အဲဒါတွေကို စိတ်ကူးယဉ်မနေပဲ ကိုယ့်ကိုကိုယ့်ဂရုစိုက် အောင်မြင်အောင်ကြိုးစားပြီး… တပတ်တစ်ခါ အဖေ၊အမေ တွေဆီဖုန်းဆက်.. အတူနေခွင့်ရအောင် ကြိုးစားလိုက်စမ်းဘာ… လုံမလေး စာတွေမှာ လောကဒဏ်ကို ခုခံနိုင်မယ့်အားနဲ.နေတာ တွေ.ရတယ်ဗျာ..
လုံမလေးမွန်မွန်ရေ လူဆိုတာ အကုန်လုံးအတူနေခွင့်ရချင်ကြတာပါပဲ… တစ်ခါတလေမှာ ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့အခါ ဖြစ်နေတာကို အကောင်းဆုံး လှည့်ပတ်အသုံးချရမှာပေါ့….
ဘာမှအားမငယ်နဲ.
အခု ငါဘာအတွက် အလုပ်လုပ်နေလဲ၊ ဘာအတွက် ပညာတွေသင်နေလဲ ဆိုတာ စဉ်းစားပြီး အားအင်အပြည့်နဲ. ရှေ.ဆက်လိုက်ပါ……….
ကျွန်တော်ခံယူထားတာကတော့ ကိုယ့်ကိုကိုယ့်စိတ်ချမ်းသာအောင်နေရင် ကိုယ့်ကိုချစ်တဲ့သူတွေ အားလုံး ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသူအားလုံး စိတ်ချမ်းသာ ကြမယ်လေ…………
လုံမလေးမွန်မွန်
February 19, 2013 at 10:25 am
ကျေးဇူးပါ တိုက်တိုက်ရေ..
တစ်ခါတစ်လေ အားတင်းထားတဲ့ကြားက အားငယ်စိတ် ဝင်ဝင်လာတတ်နေလို့ မနည်းတိုက်ထုတ်နေရတယ်…
တစ်ခါတစ်လေကျတော့လည်း ကိုယ်စိတ်ချမ်းသာဖို့ထက် ဖြစ်သင့်တာကို ဦးစားပေးနေရတဲ့အဖြစ်တွေလည်း ရှိတယ်လေ…
မဟာရာဇာ အံစာတုံး
February 18, 2013 at 5:33 pm
” ကိုယ်ချင်းစာပါတယ် ”
… ဆိုတဲ့ စကားနဲ့ပဲ သုံးနှုန်းဖြင့်ပြုပါ။
တကယ်ပါ …။ မွန်မွန် အဖြစ်ကို ကိုယ်ချင်းစာပါတယ်။
မိဘ ဆွေမျိုးတွေနဲ့ ခွဲခွာနေရတဲ့ ဘဝဟာ
မနှစ်သက်စရာပါပဲ ….။
ဒါပေမယ့်လို့လည်း … အဆိုလေးတောင် ရှိနေသေးတာပဲ …
ဘာတဲ့ … “ပျော်ရာမှာ မနေ၊ တော်ရာမှာ နေ” … တဲ့ …။
ကိုရီးယား စကားလား၊ ဘာလားတော့ မသိပါဘူး …
အဲ့ဒီစကားနဲ့ အားပေးစကား ပြောရမယ်ဆိုရင်တော့ ” Fighting “ ပေါ့ဗျာ ….။
ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ….
လောကမှာ ကိုယ့် အဖြစ်ထက် ကောင်းတဲ့ လူတွေလည်း အများကြီး ရှိနေသလို ..
ဆိုးတဲ့ လူတွေလည်း ကိုယ့်အောက်မှာ အများကြီး ရှိနေသေးတယ်လို့ …
ကိုယ့်ကိုကိုယ် နှစ်သိမ့်ပြီး ခရီးဆက်ပေါ့ …..
ကျနော်ကတော့ ဒီလောက်ပဲ ပြောတတ်တယ်ဗျ … အဟဲ …
မွန်မွန် စာတွေ ဖတ်ရင်း
ဇာတိရပ်မြေ ရွာလေးဆီက အမေ့အိမ်လေး ကိုတောင် လွမ်းမိသွားတယ် …
:byae:
လုံမလေးမွန်မွန်
February 19, 2013 at 10:26 am
အားပေးတာ ကျေးဇူးပါ ကအံစာ…
ဒီလောက်ပဲ ပြောတတ်ပေလို့ပဲ.. 🙂
အမေ့အိမ်ကို လွမ်းရင် ဖုန်းဆက်လိုက်ဦးနော်…
(ဒီတစ်ခါတော့ အတည်မန့်လိုက်ပါတယ်.. )
Mr. MarGa
February 18, 2013 at 5:42 pm
ဖတ်ပြီးတော့ ဘာပြောရမှန်းမသိဘူး
ဒီမှာလဲ ဒီဘွကြီးကို စိတ်နာနေတာ
မိဘတွေကို ပြန်တောင် လှည့်မကြည့်နိုင်တဲ့အဖြစ် :byae:
အမွန်ရေ
ဆန္ဒတစ်ခုကို အကောင်အထည်ဖော်ဖို့ အတွက် တစ်ခါတစ်လေ ကိုယ့်ဘက်က အများကြီး ပေးဆပ်နိုင်ရတယ်။
တစ်နေ့တော့ အဲဒီဘဝလေးကို ရောက်ကိုရောက်လာမှာပါ။
ကိုုယ့်ဘက်က ကြိုးစားဖို့ပဲ လိုတာပါ။
ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုနဲ့ ရှေ့ဆက်သွားပါ။
ကြားထဲက အခက်အခဲတွေ၊ စိတ်ဓာတ်ကျတာတွေကို ကျော်နိုင်ပါလိမ့်မယ်
ကြိုးစားထားးးးးးးး
တစ်နေ့ ဖြစ်ကို ဖြစ်လာလိမ့်မယ်
GaDoneGyi
February 18, 2013 at 6:00 pm
အောင်မာကွာ။
နာမည်ကိုက Mr. MarGa တဲ့။
နာမည်က ကြီးကြီးကျယ်ကျယ် မှည့်ထားသေးတယ်။
နာမည်ကသာ အဲ့ဒီလို မှည့်ထားတာ
ပြောလိုက်တော့ ဒီဘွကြီးကို စိတ်နာနေတာတဲ့။
ဒါကို ဆက်စပ်ပြီး ကောက်ချက်ချမိတော့
နာမည်ထဲကလို မာဃ ဆိုရင်လည်း
ဟိုအထက်က ကန်လွှတ်လိုက်တဲ့ မာဃ ပဲ ဖြစ်ရမယ်။
Mr. MarGa
ငါ ပြောတာ မကျေနပ်ရင် အပြင်မှာ ဖိုက်လို့ရတယ်။
ကတုံးကြီး
Mr. MarGa
February 18, 2013 at 7:52 pm
အေးအေးဆေးဆေး နေချင်တယ်နော်
ရန်လာမစနဲ့
ပို့စ်နဲ့ မကိုက်သေးဘူး
နင့်ပို့စ်ကျမှ ရန်ဖြစ်မယ်
ဒီမှာဖြစ်ရင် သူများတွေ ဖီးအောက်သွားမယ်
လုံမလေးမွန်မွန်
February 19, 2013 at 11:04 am
အားပေးတာကျေးဇူးအကြီးကြီးပါ ဦးတဂျားရေ…
ဘွကြီးကို စိတ်မနာပါနဲ့ဦး… နာတို့လို ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေ ရှိပါသေးတယ်…
တဂျားပဲ လိမ္မာတယ်.. နာ့ပို့စ်မှာ ရန်မဖြစ်ဝူး..ဟိုကတုံးကိုတော့ ထိပ်ကွက်ပစ်လိုက်ချင်တယ်… တူများ ဖီလင်ကို အောက်အောင် လာလုပ်တယ်…
ရွှေ ကြည်
February 18, 2013 at 6:16 pm
အမွန်ရေ အားတင်းထားပါ အိမ်ဝေးသူချင်းမို့ စာနာနားလည်မိပါတယ်။
ဘဝဆိုတာ လှုပ်ရှားရုန်းကန်နေရတာပဲလေ။ တခါတလေတွေးမိတယ် ပညာသင်မိတာမှားပြီလားလို့။ မိသားစုရဲ့နွေးထွေးခြင်းနဲ့ ငွေကြေးကိုပဲလှဲလှယ်မိတာလား ခံယူချက်တွေနဲ့ပဲလဲလှယ်မိတာလား မပြောတတ်တော့ဘူး။ အိမ်အပြန် ဒါမှမဟုတ် အိမ်ကအလုပ်ကိုအသွား အမေ့ကိုသာနှုတ်ဆက်ခွင့်ရင် အမေ့မျက်နှာလေးသာမြင်ခွင့်ရရင် ဘယ်လောက်ကောင်းမလဲဆိုတာကိုတွေးမိတိုင်း ဘယ်နေရာကနာကျင်မှန်းမသိတဲ့ခံစားချက်တခုနဲ့ လေဟာနယ်ကိုရောက်သွားသလိုခံစားရတာခဏ ခဏ ပါပဲအမွန်ရယ်။ အမွန်ကိုအားပေးမယ်လို့တွေးပြီးရေမိတဲ့မန့်က ဝမ်းနည်းစရာတွေဖြစ်ကုန်ပြီ။
အမွန်ရေ အားတင်းထားပါ၊ မိသားစုအပေါ်မှာ နွေးထွေးနိုင်အောင် သတိထားပါ။ အရာရာအဆင်ပြေမယ့်တနေ့ရောက်လာမှာကွယ်။
ရွှေ ကြည်
February 18, 2013 at 6:22 pm
အမွန်ရေ ကျန်ခဲ့လို့ ရွှေကြည်လည်း အိမ်နဲ့ခွဲပြီးပြည်မှာကျောင်းတက်ကာစကပေါ့ သုံးရက်ပဲနေပြီးပြန်ပြေးတာ အိမ်ရောက်လို့ အမေ့မျက်နှာမြင်တော့ငိုချင်းချမိတာပေါ့ ကျောင်းမတတ်တော့ဘူဆိုပြီးပြောတာ အမေရဲ့ ရဲရဲတောက်ဆုံးမစကားတွေ အားမာန်တွေနဲ့ ကျောင်းပြန်ရောက်ခဲ့တာ။
လုံမလေးမွန်မွန်
February 19, 2013 at 11:07 am
ချစ်မရေ..ကျေးကျေးပါနော့..
အစ်မလည်း ဂရုစိုက်ပါနော်.. အမွန်တို့က တစ်နိုင်ငံတည်း..ပြောရရင်လည်း နီးနီးလေ.. အခြေအနေမပေးလို့သာ မတွေ့ကြတာလေ.. အစ်မတို့က ရေခြားမြေခြားမှာ ကိုယ့်ဘဝကိုယ် ရပ်တည်နေရတာ… ပိုလို့ ကိုယ်ချင်းစာမိပါတယ်… အားတင်းထားနော်…
P chogyi
February 18, 2013 at 6:24 pm
ညီမလေး မွန်မွန်ရေ
တွေ့ကြုံ၊ ဆုံ၊ ကွဲ ဖြစ်မြဲဓမ္မတာတဲ့။
နားလည်ပါတယ် ကိုယ်တို့တွေလဲ ဒီလိုပဲဖြတ်သန်းခဲ့ကြတာပါ။
ကိုယ်ငယ်စဉ်က မိဘတွေဟာ ဆောက်လုပ်ရေးစီမံကိန်းမှာ တာဝန်ထမ်းဆောင်ကြလို့
နယ်အနှံပြောင်းရွှေ့နေခဲ့ရတယ်။ ပထမပိုင်း ပြောင်းလေရာလိုက်နိုင်ပေမဲ့
အတန်းနည်းနည်းကြီးလာတော့ ပညာရေးအဆင်မပြေဖြစ်လာခဲ့တယ်။
ဒါနဲ့နောက်ပိုင်းမှာ မလိုက်တော့ဘဲ ဇာတိမြို့မှာ ညီအစ်ကိုနှစ်ယောက်ထဲ ကိုယ်ဘာသာ
ချက်ပြုတ်စားသောက်ပြီး နေခဲ့ရတယ်။ (အဲဒီအချိန် ကိုယ်က ၆ တန်း၊ အစ်ကိုက ၈ တန်းပဲရှိသေးတယ်။) နွေကျောင်းပိတ်ရက်တောင် မိဘတွေလာခေါ်မှ
လိုက်နိုင်တယ်။ ဒီလိုနဲ့ ဘွဲရတဲ့အထိနေလာပြီး လုပ်ငန်းခွင်ထဲရောက်တော့ ကိုယ်တာဝန်ကျရာ နေရာကိုသွားကြရပြန်ရော။ အခုရန်ကုန်ကိုပြန်ရောက်မှပဲ အမေကိုခေါ်ထား
နိုင်တာ။ အောင်မြင်မှုတွေရအောင်ကြိုးစားပါ။ အောင်မြင်လာရင်တော့ ကိုယ်ဆန္ဒတွေပြည့်လာမှာပါ။
လုံမလေးမွန်မွန်
February 19, 2013 at 11:10 am
ဘုရား… အဲဒီအရွယ်လေးနဲ့ ကိုယ့်ဘာသာ ချက်ပြုတ်စားသောက်တယ်…
တော်လိုက်တာနော်… မွန်မွန်တို့က အဲ့ဒီအချိန်တုန်းက စာကလွဲလို့ ဘာမှမလုပ်တတ်သေးဘူး…
အမေကိုခေါ်ထားနိုင်တဲ့ဘဝကို အားကျမိပါတယ်လို့…
ကျေးဇူးပါနော့…
မောင်တင့် တယ်
February 18, 2013 at 6:58 pm
စီကာပတ်ကုံးတော့ ပြောတတ်ဘူးဗျ..
အနော်က သူများကို မနှစ်သိမ့်တတ်ဘူး..တစ်ခုပဲပြောမယ်..
မိဘကို ဒီလောက်တောင်သိတတ်တဲ့ သမီးပဲ..
တစ်နေ့မှာ ဆန္ဒတွေ ပီပီပြင်ပြင်ဖြစ်လာလိမ့်မယ် လို့.. ယုံကြည်ပါကြောင်း..
garuda
February 18, 2013 at 7:13 pm
သာမီးရေ..ဖတ်သွားပါဒယ်။အဲ…သီချင်းလေးပဲ..နဲနဲပြောဂျင်ဘာဒယ်…သီချင်းက ကျားပေါက်ဆိုထားတာဟုတ်ဘူးထင်တယ်။ စူးပေါက်ဆိုထားတာထင်ပါတယ်နော်။
http://www.youtube.com/watch?v=sLweuLA2Nrs
နေဂျင်ဒါမင်းအနားမှာ-အိုင်အမ်ပီ
ကျေးဂျူးတင်ဘာဒယ် 🙂
မဟာရာဇာ အံစာတုံး
February 18, 2013 at 10:27 pm
ပို့စ်ကို သေချာ မဖတ်ဒဲ့ လူဂျီးးး
(နာ့ကို ပုပု ဝဝ မဟုတ်ဘူး ဆိုပီး တွယ်ထားဒဲ့ လူဂျီးးး)
သူကြောထားတဲ့ …
“အတူတူနေဖို့…ဘယ်လောက်ထိ ဝေးရမလဲ…အတူတူပျော်ဖို့….ဘယ်လောက် ကြေကွဲရမလဲ…”
ဆိုဒါက ခညား ပေါဒဲ့ တီချင်း ဟုတ်ဒယ် …
ဒါမယ့် …
“နီးနီးလေးနဲ့ဝေး” တဲ့.. ကျားပေါက်ဆိုထားတဲ့ သီချင်းတစ်ပုဒ်ပေါ့…
ဆိုပြီး ပြောထားတဲ့တွက် ….
အပေါ်က တီချင်းကို ကျားပေါက် ဆိုထားဒယ်လို့ ပေါဒါ မီဟုတ်ဘူးဂျ …
နီးနီးလေးနဲ့ ဝေး ကိုဘဲ ပေါဒါ …
မတိရင် မှတ်ထား … ဒါဗျဲ …… ဟဲဟဲ ….
garuda
February 19, 2013 at 3:01 pm
တူမောင်..ဇာကြီးရယ်..ဦးက အတက်ကြီးပီလေ..မနေ့က ညက်မှန်မပါဘဲဖတ်လိုက်မိလို့ထင်ပါတယ်ကွယ်…
မဟုတ်ရင်လည်း ပီးတာပဲအေ..ဓဂဒဲမှပဲ..ဟာပဲ..ဟာပဲ။
Silver Twig
February 18, 2013 at 7:24 pm
This is the life.
Try not to be a person of of cold heart.
mobile(သူကြီးသမက်)
February 18, 2013 at 10:29 pm
အမေနဲ့ရွာကိုလွမ်းတယ် ဆိုတဲ့ပုံစံလေးရေးထားတာပါလား…..
ဖတ်လို့ အင်မတန်ကို ကောင်းလှပါ၏…
အရေးအသားကတော့ ဘာမှကိုပြောစရာမရှိ ……..
ဒါနောက်ထပ်တစ်ခါ အကောင်းဆုံးပို့စ် ဆုရမယ့် ပို့စ်ဖြစ်မယ်လို့ မှတ်ချက်ပြုပါ၏…..
padonmar
February 18, 2013 at 10:48 pm
လုံမလေးရေ
လာချင်ရင် အနီးလေးတဲ့ ။အမေဆီကို သွားဖို့ ခုကစပြီး ခြေလှမ်းပြင်ထားပေါ့နော်။
ကိုဆာမိရဲ့ အကယ်၍သာ မှာ ပြောဖူးသလို ဒါ နောက်ဆုံးများဖြစ်နေမလားလို့ စိတ်ထဲထားမိရင် မအားတဲ့ကြားက အားချိန်လေး ထွက်ပြီး လုပ်သင့်တာလုပ်ဖြစ်ပါလိမ့်မယ်။
ဂန္ဓာရီ ဆြာအုပ်
February 19, 2013 at 1:35 am
ကျွန်တော်လဲ ပြောရင်းနဲ့ အမေ့ပိုသတိရသွားပြီ
တော်ပီ ဒီမှာ ကြာကြာဆက်မနေတော့ဘူး
အမေ့ကိုတွေ့ဖို့ ကျုပ်ပြန်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီ
“ညီလေးရေဘယ်လောက်ကျလဲ”
“အကိုသုံးတာ မနက် ၁ဝ နာရီကခုညနေ ၄ နာရီထိ ဆိုတော့ ၆ နာရီ၊ ဆိုတော့ ၁၈၀ဝ ပါအကို”
ဦး ကျောက်ခဲ
February 19, 2013 at 8:27 am
ပြန်မယ်ပြန်မယ် အမေနဲ့ရွာကိုလွမ်းတယ်…
ပြောမယ့်သာပြောရ ဘဝကခေါက်ရိုးကျိုးခဲ့ပြီမို့…
အိမ်ကိုမလွမ်းတတ်တာ ၁၈နှစ်လောက်ရှိသွားပြီ…
လုံမလိုအမေ့ကို ဖုန်းဆက်ရင်လည်း ရင်ဖွင့်ဖို့နေနေသာသာ…
အမေကြားလား… သားကြားလား နဲ့ တိုင်ပတ်…
အသက်ကြီးလာလို့ စကားတွေထပ်လာတဲ့အမေ…
မိခင်အိုကြီးကို သက်ဆုံးတိုင်ရှာဖွေကြွေးမွေးနိုင်ပါစေလို့ ဆုပေးရင်…
ရယ်ရမလို ဝမ်းနည်းရမလို… အင်း… ဘယ်တော့များမှ…
Foreign Resident
February 19, 2013 at 9:57 am
၄၆ မိုင်ပဲ ဝေးတာပါကွယ် ။
အဘ တို့ မိသားစုများ ၄ နိုင်ငံ ခွဲနေနေတာ ။
ဂျမေကာ နှင့် ဩဇီ ဘယ်လောက်ဝေးလဲ ၊
စဉ်းစားသာ ကြည့်ပေတော့ ။
weiwei
February 19, 2013 at 10:31 am
သောကြာနေ့ညနေ ရုံးဆင်းတာနဲ့ အမေ့အိမ်ကို တန်းပြန်တယ် … အပါတ်တိုင်း ပိတ်ရက်မှာ အမေနဲ့အတူနေဖို့ အချိန်အပြည့်ပေးထားလိုက်တယ် … မိဘတွေ အသက်ကြီးလာတဲ့အချိန်မှာ သူတို့လိုချင်တာက သားသမီးနဲ့အနီးကပ်နေဖို့ပဲဆိုတာ သိလာလို့ …
ဦးကြောင်ကြီး
February 19, 2013 at 10:44 am
ဦးကြောင်ကြီးနဲ့ အတူနေရရင် ကျန်တာအားလုံး မေ့သွားစေ့မယ်…. အေးဆေးအေးဆေး…
aung moethu
February 19, 2013 at 11:19 am
အက်ဆေးလေးလား ဝတ္တုလေးလား ရေးတဲ့သူသာ သိပေမယ့်။ ခံစားချက်တစ်ခုကို ဖွင့်ဟထုတ်ပြထားတယ်။ ဝတ္တုဆိုရင်တော့ စာလုံးအသုံးအနှုန်းလေးတွေ အနည်းအငယ်လိုနေတယ်။ အက်ဆေးဆိုရင်လည်း အဲသည်အတိုင်းပဲပေါ့။ ခံစားချက်တစ်ခုလေးကို ဖွင့်ဟထုတ်ပြထားတဲ့ စာမူလေးလို့ပဲ မှတ်ယူလိုက်မယ်နော်။
အပြုသဘောပါခင်ဗျာ။
kyeemite
February 19, 2013 at 11:42 am
လုံမလေးရေ..အရိပ်လိုချင်နေပူကစောင့်ရသတဲ့…
အခု ရုံးကန်ကြိုးစားနေမှု့တွေသာ လမ်းကြောင်းမှန်ရင်
တစ်နေ့ဖြစ်ချင်တာတွေမလွဲမသွေဖြစ်လာမှာပါ…
အဲဒီအခါကျမှ နောက်ကြောင်းပြန်ကြည့်မိရင်…“ဟာသ” တွေအဖြစ်မြင်ရလိမ့်မယ်….
လူကလေး
February 19, 2013 at 11:45 am
မိသားစုနဲ့ခွဲမနေရပေမယ့် အဲဒိခံစားချက်တွေကို နားလည်ပါတယ်
ညအိပ်ညနေခရီးတစ်ခုသွားနေရင်းကနေ ငါမရှိလိုက် မသိလိုက်ဘဲသူတို့တစ်ခုခုဖြစ်သွားမလားဆိုပြီး စိတ်ပူရတာမို့နင့်ခံစားချက်ကို အပြည့်အဝ နားလည်တယ်လို့
မိသားစုကိုလွမ်းတဲ့စိတ် အတူတူနေချင်တဲ့စိတ် နဲ့ အလုပ်လုပ်နေတာတွေ ကြိုးစားနေတာတွေ က နင့်ရဲ့ တကယ်အဓိပ္ပာယ်ရှိတဲ့ ဘဝ တစ်ခု ပါ သူငယ်ချင်း
နင့်ဆန္ဒလေး မပြည့်ဝသေးပေမယ့် နင့်ရဲဘဝလေးမပြည့်စုံသေးပေမယ့်လည်း ပိုကောင်းလာမယ့်အနာဂတ်အတွက် နင်ရဲ့ကြိုးစားမှုတွေက နင့်ဆန္ဒတွေကိုပြည့်ဝစေတော့မှာပါသူငယ်ချင်း . . . . . .
ေ
နင့်မှာအဓိကဆိုတာကို ဖြည့်ဆည်းနေချိန်မှာ ဘေးချော်ပြီးသာမညနောက်ကိုမလိုက်မိစေနဲ့
နင့်ရည်မှန်းချက်က အတိုင်းအတာတစ်ခုရဲ့နောက်ကို ရောက်သွားလိမ့်မယ်. . .
နောက်တစ်ခုက တော့ I m proud to be ur friend. . . ဒါပဲ
နွယ်ပင်
February 19, 2013 at 2:30 pm
မွန်ရေ အဖေ၊ တွေ အမေတွေနဲ့ အခုချိန်ထိ တူတူနေနေရပင်မယ့် မွန်ရဲ့ ခံစားချက်လေးတွေကို
စာနာမိပြီး အားပေးသွားပါတယ် … တစ်နေနေ့ တစ်ချိန်ချိန်မှာ မွန်မျှော်လင့်ထားသလို ဖြစ်လာမှာပါ …
အခုလည်း ကြိုးစားနေတာပဲနော် … အားတင်းထားပါ ….
ခိုင်ဇာ
February 19, 2013 at 4:28 pm
မနေ့က ဖတ်ပြီး ငိုချင်တယ်။
အိမ်ကို လွမ်းသွားတယ်။
အိမ်ကို ဖုန်းဆက်ဖြစ်တယ်။
ငိုတယ်။။
ရွှေကြည်နဲ့ ကိုမတ်နဲ့ စကားစပ်မိလို့ မွန်မွန်အရေးအသားလေးကောင်းကြောင်းပြောမိတယ်။
ထပ်ဖတ်မိတယ်။
အဲဒီတော့ ထပ်ငိုတယ်။
မွန်မွန် လူဆိုး။
အားမပေးတော့ဘူး။ ကိုယ်တိုင်လည်း မနည်း အားတင်းထားရတာ။
:byae:
ရဲစည်
February 19, 2013 at 9:29 pm
အစ်မမွန်မွန်ရေ…
အနော်လဲ ၁၆နှစ်သားလောက်ကတည်းက သေတ္တာတစ်လုံးပိုက်ပီး အိမ်က ထွက်ခဲ့တာ.. ခုဆို နှစ်တွေမနည်းတော့ပါဘူး။
နားလည်ပေးလို့ရပါတယ် … ယောင်္ကျားလေးဆိုတော့လဲ ရောက်တဲ့အရပ်မှာ ဒေါင်ကျကျ ပြားကျကျ နေနိူင်ခဲ့ပေမဲ့ အိမ်၊မိဘတွေနဲ့ ညီအစ်ကို မောင်နှမတွေကို လွမ်းတတ်နေစဲပါဗျာ..။
အားတင်းပီး ကြိုးစားပေါ့ဗျာ .. တနေ့တော့ …
surmi
February 19, 2013 at 9:50 pm
အားပေးသူတွေများနေလို ့ ချွေတာလိုက်ဦးမယ် 🙂
အစကတည်းကပြောပါတယ်
ခေါ်ထားလိုက်ပါ …. လို ့
:harr:
kai
February 20, 2013 at 4:48 am
ငယ်ငယ်ကတည်းက/ ကြီးလာပြီးမှ/ ပညာမစုံခင်/ပညာစုံမှ..
တခြားနိုင်ငံသွားအလုပ်လုပ်ကြရတဲ့.
နယ်စပ်ကရွာသူားတွေ..
မြို့ကြီးပြကြီးက.. လူတွေ…
တောနယ်ကျေးရွာက.. လူတွေ..
သားကွဲ..မယားကွဲ.. အမေကွဲ.. အဖေကွဲ.. အားလုံးကွဲ…
ကမ္ဘာမှာ ပြောင်းရွေ့ခိုလှုံသူ အများဆုံး.. တိုင်းပြည်တခု..
မဟာမြန်မာရွေ့ပြောင်းမှုဖြစ်စေခဲ့မှု..
အစိုးရအသုံးမကျလို့.. ဖြစ်ခဲ့ပြီးပြီ.. ဖြစ်နေဆဲ.. ဖြစ်ဦးမှာ..
ဘာလို့လဲသိလား..
“လူထုသည်သူနဲ့ထိုက်တန်သောအစိုးရကိုသာ ရသည်”
တဲ့..
ဆိုတော့..
ဖြစ်ချင်သလိုမဖြစ်တဲ့..လောကမှာ.. ဖြစ်သင့်တာတွေဖြစ်အောင်.. လုပ်သင့်တာတွေလုပ်ဟေ့..
ယောကျာ်းယူ.. ဘဝသစ်.. မိသားစုသစ်တခုထူထောင်လိုက်ဟေ့… .
နောက်ပြီးအတည်ပြောတာ… :kwi:
MaMa
February 21, 2013 at 8:06 am
ဂိုဏ်းတူချင်းမို့လား မသိဘူး။
မွန်မွန်ရဲ့ ခံစားချက်တွေကို နားလည်စာနာမိပါတယ်။
ခံစားချက်ကို ပေါ်လွင်အောင် အရေးအသားကလည်း လိုက်နိုင်တာ မန်းဂဇက်စာပေဆု ရဲ့ ဂုဏ်ကို အရောင်တောက်ပစေသလိုပဲ။ :hee:
ငယ်ငယ်တုန်းက မိဘကတောမှာနေပြီး မောင်နှမတွေကို မြို့မှာ ကျောင်းလာထားတော့ ပျော်နေတာပဲ။
မိဘကို လွမ်းရ ကောင်းမှန်းလည်း မသိခဲ့ဘူး။
ခုတော့လည်း တူတွေ တူမတွေ ထွက်သွားတော့ လူကြီးတွေချည်းပဲ ကျန်ခဲ့တယ်။
သူတို့ဘဝ သူတို့ရပ်တည်ပြီး အိမ်ပြန်လာပါ့မလားဆိုတဲ့ စိတ်တွေ၊ အတွေးတွေ ဝင်လာရင် အားမရှိသလိုပဲ ခံစားရတယ်။ :eee:
သျှားသက်မာန်
February 22, 2013 at 9:36 am
စာသားအရေးအသားကကောင်းပြီးသားဆိုတော့ ပြောစရာမရှိပါဘူး…အချိတ်အဆက်လည်းမိတယ်….ဆွဲဆောင်မှုကောင်းတဲ့စာမူတစ်ပုဒ်ပါ…ဆက်ရေးပါ..
လုံမလေးမွန်မွန်
February 22, 2013 at 10:11 am
နားလည်ပေးသူ..အားပေးကြသူ..စာနာပေးသူ အပေါင်းကို ကျေးဇူးအများကြီး တင်ပါတယ်…
အားလုံးရဲ့ စကားတွေကြောင့် ခွန်အားတွေလည်း ဖြစ်ခဲ့ရပါတယ်…
ရင်ဖွင့်ခွင့်ရလို့ တကယ်ကို ကျေးဇူးတင်ပါတယ်..
ဒီရက်ပိုင်း စာမေးပွဲရှိလို့ တစ်ယောက်ချင်းစီကို စာမပြန်နိုင်တာ နားလည်ပေးကြပါလို့ တောင်းပန်ပါတယ်..
ချစ်တဲ့
မွန်မွန်