“ချုပ်စေသင့်၏ မသင့်၏ သိမ်းစေသင့်၏မသင့်၏”
“ချုပ်စေသင့်၏ မသင့်၏ သိမ်းစေသင့်၏မသင့်၏”
အခုတလော ဂျာနယ်ကောက်မကိုင်လိုက်နဲ့ ကိုင်လိုက်ပြီဆိုတာနဲ့ တွေ့ရမြင်ရတဲ့သတင်းတွေက စိတ်မချမ်းမြေ့စရာ။
ဟိုနားမှာ သပိတ်မှောက် ဒီနားမှာ ဆန္ဒဖော်ထုတ် စိတ်ရှုပ်စရာနဲ့ စိတ်မကောင်းစရာမြင်ကွင်းတွေ။
တစ်ခါ မြေအသိမ်းခံရလို့ လယ်အသိမ်းခံရလို့ အသနားခံစာတင်ရတဲ့သတင်းတွေ ဘဲဖတ်နေရတော့
အေးချမ်းသာယာဘို့ လိုသေးတယ်ဆိုတာ ကို ပြောပြနေသလိုပါဘဲ။
ဂျာနယ်တစ်စောင်မှာ ကျူးကျော်ဆိုပြီးမြေအသိမ်းခံရလို့ ငိုယိုပြီးတောင်းပန်နေတဲ့ ဓါတ်ပုံကိုမြင်ရတော့
ကျုပ် စိတ်ထဲမှာအတော်လေးမကောင်းပါဘူး။
ကိုယ်တိုင်လဲ လက်လွတ်ဆုံးရှုံးဘူးတော့ ကိုယ်ချင်းစာမိတာလဲ ပါသပေါ့။
သူတို့ဝယ်ထားတာ တရားဝင်တာ မဝင်တာအပထား ပိုင်ဆိုင်မူ့လေးတစ်ခု ပျောက်ဆုံးသွားတော့
စိတ်ထဲမှာ ထိခို်က်နာကျင်ရမှာကတော့အမှန်ပါဘဲ။
တရားမဝင်မှန်းသိပါရဲ့နဲ့ ဝယ်သူတွေမရှိသလို စည်းတွေဘောင်တွေကို ဥပဒေတွေကို နကန်းတစ်လုံးမှမသိဘဲ ဝယ်လိုက်တဲ့သူတွေလဲပါမှာတော့ ဧကန်မလွဲပါဘဲ။
ဒီလိုမြေယာ ပိုင်ဆိုင်မူ့နဲ့ပါတ်သက်ပြီး ကျုပ်တို့ လဲ လက်လွတ်ဆုံးရှုံးဘူးတော့
ဒီလိုအသံများကြားရင် စိတ်ထဲမှာနင့်နင့်နဲနဲခံစားရပါတယ်။
ကိုယ်တွေ့ကြုံဘူးတော့ ပိုပြီး ကိုယ်ချင်းစာမိတယ်လို့လဲထင်မိပါရဲ့။
လူဆိုတာ ကိုယ့် ထိဘူးမှနာ ၊နာဘူးမှာ စာနာတတ်တာကိုးဗျ။
မညှာတမ်းပြောရရင် စာရွက်စာတမ်းဆိုတာကို ကျကျနနသိမ်းဆည်းရကောင်းမှန်းမသိတဲ့
ကျုပ်တို့ လူမျိုးတွေကို ဘဲ အပြစ်တင်ရမယ်ထင်ပါတယ်။
မသိမ်းဆို ဥပဒေတွေဘာတွေကို နားမှမလည်တာကိုးဗျ။
ကျုပ်တို့လူမျိုးက ပြီးစလွယ်နေတတ်တဲ့ လွယ်လွယ်တွေးတဲ့အကျင့်ရှိကြတာကိုးဗျ။
နောက်တချက်က ရုံးပြင်ကန္နားသွားရမှာလဲ လွှတ်ကြောက်ကြတာလဲတကြောင်းပေါ့။
အဲလိုကြောက်တတ်တဲ့ရယ်ပေါ့ပေါ့လေးတွေးတဲ့အကျင့်ရယ်ပေါင်းလိုက်တော့ ခံရတာများသပေါ့။
ကျုပ်တို့ လဲ ပိုင်ဆိုင်တာလေးလက်လွှတ်ခဲ့ရတာလေးကို ပြောပြချင်ပါသေးတယ်၊
နောက်လူတွေကျုပ်တို့လိုမခံရအောင်လို့ပေါ့ဗျာ။
*********************************************************
ပြောရရင်တော့ အရှည်ကြီးရယ် ဟိုးရှေးရှေးက လို့စပြောမှဇာတ်ရည်လည်မယ်ထင်ပါတယ်။
ကျုပ်တို့မန်းလေးဆိုတာက လေးဒေါင့်စပ်စပ်မြို့ကြီး။
တစ်ပြပါတ်လည်အကွက်တွေရိုက်ပြီး မြို့တည်ထားတာကိုးဗျ။
အဲဒါအပြထဲမှာမှ ဝင်းတွေတည်ထားကြတာကိုး။
လက်ထက်တော်ကြီးလို့ခေါ်တဲ့ မင်းတုန်းမင်းတရားကြီး မန်းလေးမြို့ကိုတည်ကတည်းက
ဝင်းတွေ ဝင်းတွေနဲ့ထားခဲ့တာကိုး။
အဲဒီဝင်းတွေကလဲ မူးမတ်တွေ သူဌေးသူကြွယ်တွေရဲ့ ကိုယ်ပိုင်ဝင်းတွေရှိသလို
ဘုရင့်ရဲ့အမူ့တော်ထမ်းတွေကို အစုလိုက်နေရာချထားပေးခဲ့တာတွေလည်းရှိပါတယ်။
အဲတော့ ဒီ ဝင်းတွေကလဲ သူ့နာမယ်တွေနဲ့သူ သီးသန့်ရှိကြပေသပေါ့။
ဒါကြောင့်လဲကျုပ်တို့မန်းလေးမှာ ကိုယ်နေတဲ့အရပ်ပြောရင် “ဘယ်လမ်းက”လို့ပြောတာထက်
“ဘယ်ဝင်းက”လို့ပြောလေ့ရှိပါတယ် ပိုတိကျတာကိုးဗျ။
ဥပမာပြောရရင် ဝက်မစွတ်ဝင်း၊မြင်းစာရေးကြီးဝင်း ၊ လယ်တီဝင်း၊
ရွှေပြည်မင်းကြီးဝင်း၊ခုံတော်မင်းဝင်း၊ရေနံ့သာဝင်းတော်၊တောင်ကြယ်ခတ်ဝင်း၊မြောက်ကြယ်ခတ်ဝင်း၊
ဆိုတာတွေက မူးမတ်တွေ အမူ့ထမ်းတွေရဲ့ ပိုင်ဆိုင်တဲ့ နေရာကို အစွဲပြုခေါ်တာပေါ့။
ရှေ့တော်ပြေးဝင်း ၊ကိုယ်ရံတော်ဝင်း၊ကသဲဝင်း၊မောင်းထောင်ဝင်း၊ထီးရိုးဝင်း၊လေလာဝင်း၊စတီးဝင်း ၊ပန်းသေးဗလီဝင်း၊ ရှအာဗလီဝင်း၊ စတာတွေကနေတဲ့လူတွေရဲ့ အလုပ်အကိုင်နဲ့အမျုးိအနွယ်ကို ကိုအစွြဲုပုပြီးခေါ်တဲ့ဝင်း။
နောက်ရှိပါသေးရဲ့ လူကိုအစွဲပြုပြီးခေါ်တာလဲရှိပါသေးတယ်။
ဒါးတန်းဦးသန့်ဝင်း၊ဦးဖိုးသာဝင်း၊ရှင်အိန္ဒြေဝင်း၊ ဒေါ်မမလေးဝင်း၊ဦးကျားကြီးဝင်းဆိုတာလိုမျိုးပေါ့။
ထားပါတော့ ဒါတွေက အခေါ်အဝေါ်လေးတွေကို ကျုပ်မှတ်မိသလောက်ပြောပြတာပါ။
ပြောရရင်တော့ တစ်ပြ ကို တစ်ဝင်းရှိတာပါဘဲ။
၁၈၈၅ခုနှစ် လက်ထက်တော်ကလေး (သီပေါမင်းခေတ်)မှာ အထက်မြန်မာပြည်ကို အင်္ဂလိပ်တွေသိမ်းလိုက်ကတည်းက မန်းလေးမြို့ကြီးကအစည်းပြေသွားခဲ့ပါတယ်။
ဘုရင်မင်းတရားမရှိတော့ဘူးဆိုတော့ သူ့ရဲ မူးမတ်တွေ အမူ့ထမ်းအရာထမ်းတွေလဲ
အလိုလို အလုပ်လက်မဲ့ဖြစ်ကုန်တာပေါ့။
မင်းမူ့ထမ်းဆိုတော့ ဘာမှမလုပ်တတ်မကိုင်တတ်။
တစ်အိမ်တစ်အိမ်မှာ မိသားစုဝင်တွေရော အစေအပါးတွေရော
အများကြီး ဆိုတော့ တစ်ရက်တစ်ရက် ကုန်ကျစားရိတ်ကလဲနည်းမယ်မထင်ပါဘူး။
ခေတ်ကလဲ ခေတ်ပျက်ဆိုတော့ ရှိတဲ့အတွင်းပစ္စည်းတွေကိုထုခွဲလို့စားပေါ့။
အတွင်းပစ္စည်းတွေဆိုတာလဲ ကြာတော့ တတိတိနဲ့ကုန်တာပေါ့။
ကြာတော့လဲစရိတ်စကတွေ မခံနိုင်တော့ ရှိတဲ့ဝင်းလေးကို ရောင်းချစားသောက်ရတဲ့ဘဝကို
ရောက်တဲ့သူတွေရောက်ကုန်ပါတယ်။
ဟန်မပျက်နေနိုင်သူတွေလဲရှိပါရဲ့။
ဒါပေမယ့်လည်း ရှေးဘုရင်များမြောက်စားတာကိုခံခဲ့ရတယ်အနွယ်တော်တွေဆိုတာကလဲ
ကိုယ့်မာနနဲ့ကိုယ်နေခဲ့ကြတာပါတဲ့။
ကျုပ်တို့အဖွားတို့က အလုံမုံရွာဆက်တွေ အဖိုးကတော့ ရွှေဘိုနယ်သားဗျာ။
သူတို့ဘယ်လိုဆုံကြတယ် ဘယ်လိုရောက်လာတယ်ဆိုတာတော့ ကျုပ်လဲအသေအချာမသိပါဘူး။
သူတို့အရ အပြောအရ ဆိုရင်တော့ ကျုပ်တို့အဘေး(ကျုပ် အဖေ့အမေရဲ့အဖေ)တို့က ပထမကမ္ဘာစစ်အပြီးကတည်းက ကျုပ်တို့အဘေးတွေကမန်းလေးကိုရောက်လာခဲ့ကြတယ်လို့ဆိုပါတယ်။
ဒုတိယကမ္ဘာစစ်ကြီးမဖြစ်ခင်ကတည်းက ဒီဝင်းကြီးထဲမှာနေခဲ့ကြပါသတဲ့။
စစ်ကြီးဖြစ်တော့ ဂျပန်တွေက မန်းလေးမှာတပ်စွဲ၊
အင်္ဂလိပ်ကလဲ မန်းလေးမြို့ကိုဖွတ်ဖွတ်ညက်ညက်ကျေအောင် ဗုံးကြဲတော့
မန်းလေးတစ်မြို့လုံးကို မီးလောင်ပြင်နဲ့ ပြာပုံဘဲကျန်ပါသတဲ့။
ကျုပ်တို့အဖွားတို့က မင်းကွန်းဘက်မှာစစ်သွားရှောင်ကြရပါသတဲ့။
စစ်ကြီးပြီးပြီဆိုမှာ ကိုယ့်အိမ်ကိုယ် ပြန်လာကြတာတဲ့။
အိမ်ဆိုပေမယ့် လဲ တစ်ဝက်တစ်ပိုင်းပြိုပျက်နေပါပြီတဲ့။
အဲတော့ အိမ်လေးကို နှစ်ထပ်အိမ်ပြန်ဆောက်။
ဆွေမျုးိတွေပြန်စုနေကြပါသတဲ့။
*********************************************************
ကျုပ်တို့ဝင်းကြီး က ပြပေါက် ဝင်းကြီး ဗျ။
ကျုံးဘေးလမ်း၈ဝကနေ အနောက်ဘက် ၈၁လမ်းထိရှိတာ။
ဒါပေမယ့် ဝင်းကြီး ကနှစ်ခြမ်းကွဲနေတာ။
ကျုပ်တို့နေတဲ့အနောက်ဝင်းကတော့ တောင်ဘက် ၂၅လမ်းဘက်ဘဲဝင်လို့ရတယ်။
တစ်ပေါက်ထဲဘဲရှိတဲ့ တစ်ဖက်ပိတ်ဝင်းကြီး။
အရှေ့ဘက်ဝင်းက လမ်း၈ဝကျုံးဘေးကနေဝင်ရတယ်။
အရှေ့ဘက်တစ်ဘက်ထဲအပေါက်ရှိတယ်။
မြင်အောင်ပြောရရင် နှစ်ဝင်းစလုံးဝင်ပေါက်တစ်ပေါက်ထဲဘဲရှိတဲ့တစ်ဘက်ပိတ်တွေချည်းဘဲ။
ကျုပ်တို့အိမ်ကတော့ ဟိုဘက်ဝင်းဒီဘက်ဝင်းကို ကူးဘို့တံခါးဖောက်ထားတယ်လေ။
ဖောက်ဆို အရှေ့ဝင်းရော အနောက်ဝင်းရော ကျုပ်တို့အမျိုးတွေချည်းပါဘဲ။
ကျုပ်တို့အိမ်နောက်ဖေးမှာ အုတ်ရိုးအပျက်ကြီးရှိတယ်။
ပေနှစ်ဆယ်လောက်တော့ရှည်ပါတယ်။
အမြင့်ကတော့ နှစ်ပေလောက်ဘဲရှိပါတော့တယ်။
အဲဒါကြီးက ဟိုဘက်ဝင်းနဲ့ဒီဘက်ဝင်းကို ကာထားတဲ့စည်းရိုးဘဲ။
အရင်က ကျုပ်တို့အိမ်ရဲ့အရှေ့ဘက်က ဆန်ဂိုဒေါင်ကြီးလို့ပြောတာပါဘဲ။
ကျုပ်ငယ်ငယ်က ညည ဆို အိမ်နောက်ဖေးကို မသွားရဲဘူး။
ဘာလို့လဲဆိုတော့အဲဒီနောက်မှာသေနတ်မှန်လို့ လူတွေအများကြီးသေဘူးတယ်လို့ပြောတာကိုကြားထားဘူးလို့ပါ။
လွတ်လပ်ရေးပြီးစ ရောင်စုံသူပုန်ထတဲ့အချိန် မန္တလေးမြို့ကြီးကလဲ သူပုန်လက်ခဏရောက်သွားပါသတဲ့။
အစိုးရနဲ့သောင်းကျန်းသူစစ်ဖြစ်ကြတော့ လူတွေလဲ အငတ်ငတ်အပြတ်ပြတ်ပေါ့။
အဲဒီမှာကျုပ်တို့အိမ်နောက်ဖေးက ဆန်ဂိုဒေါင်ကို ညည လာဖောက်ပြီးဆန်တွေယူကြတာပေါ့။
ညမထွက်ရ အမိန်ု့ထုတ်တဲ့အချိန် မဲမဲ မဲမဲနဲ့လူရိပ်မြင်ရော မြို့ရိုးပေါ်က အစောင့်တွေက သေနတ်နဲ့
လှမ်းပစ်တော့ လူတွေအတော်များများသေကြပါသတဲ့။
အဲဒီသရဲကျွတ်တာ မကျွတ်တာအပထား ည ဆိုရင်တော့ နောက်ဖေးဘက်မသွားရဲတာလဲအမှန်။
အဲဒါကလဲ ကျုပ ်ကလေးဘဝတုံးကပါ။
ဂျပန်ခေတ်က ကျုပ်တို့ဝင်းကြီးရဲ့မြောက်ဘက်က ကျောင်းကြိးက ဂျာပန်ကင်ပေတိုင်ရုံးဖွင့်ခဲ့တယ်လို့ပြောတာကြားဘူးပါတယ်။
ကျောင်းဝင်းကြီးရဲ့ အနောက်တောင်ဘက်မှာ အဖုံးဖုံးထားတဲ့ရေတွင်းလိုကန်အဝိုင်းကြီးရှိတယ်။
အဲဒီထဲကို သူတို့မသင်္ကာလို့ခေါ်စစ်တဲ့လူတွေဆီက ခွာထားတဲ့လက်သဲခွံတွေပစ်ချထားတယ်လို့ပြောကြပါတယ်။
ကျူပ်တို့ငယ်ငယ်က ကျောင်းထဲသွားဆော့ရင် အဲဒီထဲကို ငုံ့မကြည့်ရဲပေါင်ဗျာ။
ကလေးဆိုတော့ ဘာရယ်မသိကြောက်တာပါဘဲ။
တစ်ခါက ဝင်းထဲက မသိန်းကြည်တို့အိမ်အသစ်ပြန်ဆောက်မယ်ဆိုတော့
ထုံးစံအတိုင်းဗေဒင်ဆရာကို တိုင်ထူရမယ့်ရက်တွေဘာတွေသွားရွေးခိုင်းတာပေါ့။
အဲဒီမှာဗေဒင်ဆရာက မြေမသန့်ဘူး မြေလှန်ရမယ်လို့ဟောလိုက်တာနဲ့မြေလှန်ကြပါတယ်။
အနက်ခြောက်ပေလောက်ထိတူးထုတ်လိုတော့ သူတို့အရင်အိမ်ဟောင်းရဲ့အနောက်ဘက်ဒေါင့်က
အရိုးစုကြီးထွက်လာပါလေရောဗျာ။
အဲဒါကြီးမြင်မှ တစ်ယောက်တစ်ပေါက်ပြောကြတော့တာပေါ့။
မိသိန်းကြည်ရဲ့ ကလေး ညည လန့်ငိုတာဒါကြီးကြောင့်ပေါ့။
အဲဒါနဲ့ဘဲ အဲဒီအရိုးစုကြီးကို ထုတ်။
သချိုင်းသွားပို့။
ပရိတ်တွေရွတ်ဘာတွေရွတ်ပေါ့။
ဗေဒင်ဆရာလဲ တ စ်ခါတည်းနဲ့ကျုပ်တို့ရပ်ကွက်ရဲ့ မိသားစု ဗေဒင်ဆရာ ဖြစ်သွားတော့တာပါဘဲ။
ကျူပ်တို့ဝင်းကြီး ထဲမှာအိမ်ခြေ၂ရအိမ်ရှိတယ်ဗျ။
ကျုပ်တို့နဲ့အမျိုးတော်တဲ့အိမ်က လေးအိ်မ်ရှိတယ်။
အရှေ့ဘက်ဝင်းမှာလဲ အိမ်ခြေ ၂ဝကျော်လောက်ရှိပါတယ်။
အဲဒီအထဲမှာမှ ကျုပ်တို့အမျုးိအိမ်က ခြောက်အိမ်ရှိတယ်။
ဒါကြောင့်လဲ နှစ်ဖက်ဆွေမျိုးတွေကူးလို့ရအောင်ကျုပ်တို့အိမ်နောက်ဖေးက တံခါးဖောက်ထားတာပေါ့။
အရှေ့ဖက် ဝင်းထဲက အိ်မ်တွေတွေဆောက်ထားတာက စနစ်ကျတယ်။
ဝင်းအလည်ကောင်မှာ ဘာအိမ်မှ မရှိဘူး၊။
ပစောက်ပုံအကွေးကြီးဆောက်ထားတာ။
ရှင်းတယ်။
ကျုပ်တို့နေတဲအနာက်ဘက်ဝင်းက ဝင်းအလယ်ခေါင်မှာ အိမ်လေးလုံးတွဲ တတွဲရှိနေတယ်လေ။
အဲဒီအိမ်ကိုပါတ်ပြီး အရှေ့ဘက်နဲ့တောင်ဘက်လှည့်တဲ့အိမ်တွေဆောက်ထားကြတာ။
အစကတော့ တောကနေမြို့တက်လာကြတာ မတူနဲ့ဒေသတွေကပေါ့။
နောက်တော့လည်း အနေကြာလာတော့ ရပ်ဆွေရပ်မျုးိလိုဖြစ်တဲ့သူဖြစ် ဖိတ်ချင်းဖိတ်ကိုယ့်အိပ်ထဲဖိတ်ဆိုပြီး
လူငယ်ချင်း မေတ္တာမျှသူက မျှဆိုတော့ ကြာတော့လည်း ဆွေမကင်းမျိုးမကင်းတွေဖြစ်ကုန်တာပါဘဲ။
ထူးခြားတာ တစ်ခုက ကျုပ်တို့အနောက်ဘက်ဝင်းက ဘာသာကွဲလူမျိုးခြားမရှိဘူး။
အားလုံးမြန်မာဗုဒ္ဓဘာသာတွေချည်းဘဲ။
အရှေ့ဘက်ဝင်းကတော့ ဟိန္ဒူဘာသာဝင်အိန္ဒိယအမျုးိသားတွေလဲရှိတယ်။
မြန်မာခရစ်ယာန်အိမ်လဲရှိတယ်။
အစ္စလမ်ဘာသာကို သက်ဝင်ယုံကြည်သူလဲရှိတယ်။
ကျုပ်တို့လို မြန်မာဗုဒ္ဓဘာသာတွေလဲရှိဆိုပါတော့။
ကျုပ်တို့အဖိုးအဖွားတွေလက်ထက်က ဒီအိမ်ဒီဝင်းကြီးနဲ့ဘယ်လို့ပိုင်ဆိုင်မူ့ရှိတယ်တော့
ကျုပ်တို့လဲ တိတိကျကျမသိဘူး။
ကျုပ်တို့သိတတ်တဲ့အရွယ်မှာ တော့ ကျုပ်တို့ဝင်းဘက်ကို မြန်မာဘုန်းကြီးကတစ်လတစ်ခါ
မြေလခလာ လာကောက်တာတော့သိတယ်။
ဟိုဘက်ဝင်းကတော့ ကျုပ်တို့လိုပေးရတယ်ဆိုတာ မကြားဖူးဘူး။
ဒီဝင်းကြီးက အစ မြန်မာမင်းရဲ့အမတ်ကြီးတစ်ပါးပိုင်ခဲ့ပါသတဲ့။
နောက်တော့ အိန္ဒိယအမျုးိသားတစ်ဦးကိုရောင်းလိုက်ပါသတဲ့။
အဲဒီလူက ဒီဝင်းကြီးထဲမှာအိမ်ငှားတွေထားခဲ့ပါသေးသတဲ့။
ကျုပ်တို့အဖိုးအဖွားတွေရဲ့ မိဘတွေက အဲဒီကတည်းက နေခဲ့ကြပုံရပါတယ်။
နောက်မြန်မာပြည်မှာတော်လှန်ရေးကောင်စီတက်လာပြီး ပြည်သူပိုင်တွေသိမ်းတော့သူလဲ
သူ့နိုင်ငံသူပြန်သွားခဲ့ပါသတဲ့၊
မပြန်ခင်မှာ သူပိုင်တဲ့ဝင်းကြီးကို အရှေ့ဘက်ခြမ်းကို ခရစ်ယာန်ဘုန်းကြီးကိုလှူပြီး ကျုပ်တို့နေခဲ့တဲ့အနောက်ဘက်ခြမ်းက မြန်မာဘုန်းကြီးကိုလှူခဲ့ပါသတဲ့။
ကျုပ်တို့အဖိုးအဖွားတွေက ဘုန်းကြီးဆီက ပြန်ဝယ်သလိုလိုဘာလိုလိုတော့ကြားဘူးပေမယ့်သိပ်တော့မသေချာပါဘူး။
တိုတိုဘဲဆိုကြပါစို့ရဲ့။
၁၉၈၄ မန်းလေးမြို့ကြီးကို အသဲခွဲခဲ့တဲ့ဦးကျားကြီး မီးမှာ ကျုပ်တို့ဝင်းလဲပါသွားပါတယ်။
ပါတာမှာ ဟိုဘက်ဝင်း ဒီဘက်ဝင်း တစ်အိမ်မှမကျန်အောင်လောင်သွားတော့ပြာပုံပေါ့။
ကျုပ်တို့လဲ ဘုရားနီဘုရားက မီးဘေးကယ်ဆယ်ရေးစခန်းမှာသွားနေကြရတာပေါ့။
အဲဒီမှာတစ်လနီးပါးလောက်နေလိုက်ရပါတယ်။
အဲဒီမှာနေတုန်း သတင်းဆိုးတစ်ခုရောက်လာပါတယ်။
ကျုပ်တို့နေခဲ့တဲ့ဝင်းကို ကျုပ်တို့ကိုပြန်မပေးတော့ဘူးဆိုတဲ့သတင်းပါဘဲ။
ကျုပ်တို့အားလုံးကို ပဲဖြူကုန်း မြို့သစ်မှာနေရာချပေးမယ်လို့ ပြောကြပါတယ်။
အဲလိုသတင်းလဲကြားရော ကျုပ်တို့မှာအရုပ်ကြိုးပြတ်။
မီးလောင်လို့ပစ္စည်းတွေက ပြောင်။
တစ်သက်လုံးနေခဲ့တဲ့နေရာက ပြန်မရ။
သွားနေရမှာက ဘာမှ သစ်ရိပ်ဝါးရိပ်မရှိတဲ့လွင်တီးခေါင်။
အဲဒီသတင်းကြားရတဲ့ ညကများ ကျုပ်တို့မီးဘေးကယ်ဆယ်ရေးစခန်းမှာ
“ တဟင်းဟင်း “နဲ့ သက်ပြင်းချသံတွေဘဲ ကြားနေရတယ်ထင်မိပါတယ်။
နောက်ရက်တော့ အရပ်ထဲက စာတတ်ပေတတ်ပုဂ္ဂိုလ်များနဲ့ခေါင်းခြင်းဆိုင်ကြရတော့တာပေါ့။
အဲံဒါနဲ့ဘဲ ရှေ့နေ့ဆီသွားမေးကြမြန်းကြ ပေါ့။
ရှေ့နေက ကျုပ်တို့ကိုသူသိချင်တာတွေမေးပြီးတဲ့အခါ “ပြန်မရနိုင်လောက်ဘူး”ဆိုပြီးခေါင်းခါပြပါတယ်။
ဟုတ်ပါတယ် ကျုပ်တို့မှာက ဘာစာရွက်စာတန်းမှ လက်ဆုပ်လက်ကိုင်ပြစရာမရှိ။
နောက် ကျုပ်တို့က ပြန်ဝယ်ထားတယ်သာဆိုတာ ဘာစာချုပ်စာတန်းမှ မရှိ။
အဲတော့ လဲ သီပေါမင်းကို အင်္ဂလိပ်လာသိမ်းတော့ ကြက်ကလေးငှက်ကလေးဖမ်းသွားသလိုပါဘဲ
ကျုပ်တို့ ဝင်းက လဲ ဟိုဘက်က စာရွက်လေးပြသိမ်းသွားလိုက်တာ ကျုပ်တို့မှာတော့ ပက်လက်လန်
ကျန်ခဲ့ကြရတာပါဘဲ။
နောက်တော့ ကျုပ်တို့အားလုံးလဲ မြို့သစ်ထဲကို အကုန်ရောက်သွားတာပါဘဲ။
ဒီမြို့သစ်ထဲရောက်တော့ အရင်ဝင်းထဲ ထက်စာရင်ကျယ်ပြန့်ပါတယ်။
ပေ၄၀Xပေ၆ဝ အကွက်တွေရိုက်ပေးတာကိုးဗျ။
အရင်ဝင်းထဲတုံးက အဲလောက်ဘယ်ကျယ်မလဲ။
ဒါနဲ့ဘဲ ကိုယ့်ဝင်းကိုယ့်ခြံလေးနဲ့နေရာတဲ့အရသာကို တွေ့သွားတော့လဲ နေချင့်စဖွယ်ပေါ့။
ကျုပ်တို့ အိမ်တွေရဲ့နောက်မှာ ဒူးကြားလမ်းလေးတွေ ပါပါတယ်။
သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး သုံးလေးပေလောက်ပေါ့။
ကျုပ်တို့စနေတဲ့သူတွေကလဲ ကိုယ့်အရင်အရပ်ကလူတွေဆိုတော့ ဘယ်သူမှ ကာရံမနေကြပါဘူး။
ခြံစည်းရိုးအဖြစ် သဘောလောက်ဘဲ သစ်ပင်လေးဘာလေးစိုက်ပြီးခြားထားလိုက်တာပါဘဲ။
လမ်းကြားလေးကိုတော့ ချန်ထားကြတာပေ့ါ။
ဒီလမ်းကြားလေးကိုဘယ်သူမှမျက်စောင်းမထိုးပါဘူး။
နောက်တော့ ဒီလမ်းကြားက အိမ်နောက်ဖေးတွေမှာရှိနေတော့ သူခိုးလာတဲ့လမ်းဖြစ်မှန်းမသိဖြစ်နေပါတယ်။
အဲဒါနဲ့ဘဲနောက်ဘေးစည်းရိုးကိုလုံအောင်ကာလိုက်ရတော့တာပေါ့။
ဒါပေမယ် ဒီ ဒူးကြားလမ်းကိုတော့ ချန်ထားခဲ့ကြပါတယ်။
နောက်တော့ ထုံးစံအတိုင်း ဒီမြို့သစ်မြေဈေးတွေက ကောင်းသထက်ကောင်းလာတော့
ပြန်ရောင်းပြိးဒီပြင်နေရာကိုပြေးတဲ့လူကပြေးပေါ့။
ကျုပ်တို့နဲ့ဖင်ချင်းပေါက် နေတဲ့ ဦးချစ်တီးတို့က သူတို့ဝိုင်းကိုရောင်းလိုက်ပါတယ်။
အဲနောက်ပြောင်းလာတဲ့မြောက်ဘက်ပြည်သားက အစကတော့ တဲအိမ်လေး။
နောက်သိပ်မကြာခင်တိုက်ပြောင်းဆောက်ပါတယ်။
ဆောက်လဲဆောက်ရော နောက်ဖေးက ဒူးကြားလမ်းကိုပါ သူက ယူပြီး အုဌ်တံတိုင်းအပြည့်ခတ်ထဲ့လိုက်တော့အလိုလိုနေရင်း သူပိုင်ဖြစ်သွားရော။
ဒါ နှစ်ယောက်ပိုင်တဲ့ လမ်းပါလို့ပြောလို့လဲမရ။
သူရေလည်အောင်ပြောဘို့ကလဲ စကားမပေါက်။
ရပ်ကွက်ရုံးရောက်တော့လဲ ဘာမှမထူးခြား။
ဒါနဲ့ဘဲ နှစ်ယောက်ပိုင်လမ်းမြေလေးက မြောက်ဘက်ပြည်သားအထဲ အလိုလိုပါသွားပါတော့တယ်။
အဲနောင်တစ်ချိန်များ အငြင်းပွားကြရင် ဘယ်လိုနေမယ်ဆိုတာတော့ တွေးကိုမတွေးတတ်တော့ပါဘူး။
ဒါပေမယ့်ခက်တာက အခုခေတ် မြေအရောင်းအဝယ်လုပ်ပုံတွေက နေရမကျတာပါဘဲ။.
တကယ်ပြောကြကြေးဆိုရင် မြေအရောင်းအဝယ်လုပ်မယ်ဆိုရင် မြေတိုင်းရုံးသွားမယ်၊
မြေပုံထုတ်မယ်၊အရှုပ်အရှင်းရှိမရှိစစ်မယ်။
နောက်မှ ကျသင့်တဲ့အခွန်ဆောင်ပြီးစာချုပ်ချုပ် ။
နာမယ်ပြောင်း။
ဒါမှတရားဝင်ဖြစ်တာကိုးဗျ.။
ရုံးလုပ်ငန်းဆိုတော့လဲ ချက်ခြင်းဘယ်ပြီးမလဲ နည်းနည်းတော့စောင့်ရတာပေါ့။
ဒါပေမယ့် လူတွေက အဲလို ရုံးကိစ္စလုပ်ရမှာကိုမစောင့်ချင်တာရယ်။
အမြတ်ခွန်ကိုရှောင်ချင်တာရယ်ကြောင့် မြေတိုင်းရုံးကိုမသွားတော့ဘဲလမ်းဘေးက ရယ်ဒီမိတ်စာချုုပ်လေးဝယ်။
အသိသက်သေနှစ်ယောက်လောက်ခေါ် ရပ်ကွက်ရုံးလိုဟာမျုးိ ကိုယ်မိတ်ဆွေအိမ်လိုဟာမျိုးမှာ
မြေအရောင်းအဝယ်စာချုပ် ချုပ် ဆိုတာလောက်နဲ့ဘဲပြီးသွားကြပါတယ်။
ပြောကြကြေးဆို အရပ်ထဲမှာချုပ်တဲ့ဟာဆိုတာ တယ်ပြီးခိုင်ခိုင်လုံလုံမှမရှိတာကိုး။
နောက်မှ ဒီမြေကွက်ကို လူနှစ်ယောက်ကိုတစ်ပြိုင်တည်းရောင်းထားတယ်ဆိုတဲ့ပြဿနာတွေပေါ်လာမှ
မျက်ကလဲဆန်ပြာဖြစ်ကုန်တာပါဘဲ။
အဲတော့ ပြောချင်တာ တစ်ခုထဲဘဲ ကျုပ်တို့ လူမျုးိတွေရုံးပြင်ကန္နားကို သွားရဲအောင်
သွားတတ်ဘို့လိုသလိုရောင်းကြဝယ်ကြတဲ့အခါမှာလဲ ဘောင်ဝင်အောင် စနစ်တကျ စာချုပ်ချုပ်၊ ချုပ်ပြီးပြန်ရင်လဲ စာရွက်စာတမ်းကို လဲစနစ်တစကျသိမ်းဘို့လိုပြီလို့ထင်တာဘဲနော်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(24-12-12)
ဒီပိုစ်လေးက 2013ခုနှစ်ဇန်နဝါရီလထုတ်
ကြေးတိုင်နှင့်မြေစာရင်းမိသားစု
လူမူ့ရေးအသင်း မဂ္ဂဇင်းမှာပုံနှိပ်ဖော်ပြပြီးဖြစ်ပါတယ်။
12 comments
ကိုပေါက်(မန္တလေး)
February 23, 2013 at 9:17 am
မန်းလေးမှာက မြေစလစ်တစ်ခုထဲတို့ တိုက်ခန်းတစ်ခုထဲတို့ကို နှစ်ခါ နှစ်ခါ လိမ်ရောင်းတာမျိုးမကြာခဏဖြစ်ဘူးလို့ဒီဆောင်းပါးကိုရေးဖြစ်တာပါ။
မောင် ပေ
February 23, 2013 at 9:11 pm
အဲဒါထက် ပိုဆိုးတာရှိသေး
တရားဝင်ထွက်တဲ့ မြေဂရမ် က ပိုင်ရှင်နှစ်ယောက်စီမှာ သူရို ့နာမည်တွေ နဲ ့ပိုင်နေကြတာ
kyeemite
February 23, 2013 at 11:47 am
အခုလိုအတွေ့အကြုံလေးတွေမျှဝေပေးတာ
ကောင်းပါလေ့ ကိုပေါက်ရေ..ကျုပ်တို့ လူမျုးိတွေစံနစ်တကျလုပ်တတ်ဖို့
အားမနာသင့်တာ အားမနာတတ်ဖို့တော်တော်လိုသေးသဗျ…
ကိုပေါက်(မန္တလေး)
February 23, 2013 at 1:09 pm
ကိုမိုက်ရေ
ကျနော်တို့လဲပြန်ပြောပြနိုင်တာ ရှေ့ကလူတွေက လက်ဆင့်ကမ်းခဲ့လို့ပါ။
သေချာတာတစ်ခုကတော့ အခုချိန်ထိ ကျနော်တို့လူမျုးိတွေအလုပ်လုပ်တဲ့အခါမှာ
“ရတယ် ညီလေး”
“အိုကေ အကိုကြီး”အဆင့်မှာဘဲရပ်တည်နေကြတုံးပါဘဲ။
Mr. MarGa
February 23, 2013 at 1:43 pm
လေးပေါက်ရေ
ပြောရမယ်ဆို မြန်မာတွေရဲ့ ရုံးပြင်ကန္ဒား သွားရမှာ ပျင်းတာက စမယ်ထင်တယ်နော်
အခုထိ အဲဒီအပိုင်းကို သေသေချာချာ မလုပ်ကြသလိုပဲ
လည်သူများနဲ့ တွေ့ရင်တော့ ခံရပြီပေါ့ဗျာ
တဖြည်းဖြည်းတော့ နား၊ မျက်စိ ပွင့်လာကြပြီထင်တာပဲ
ခင်ခ
February 23, 2013 at 2:21 pm
တစ်ချို့ကိစ္စရပ်တွေက မသိနားမလည်လို့ ခံရတာတွေရှိသလို
တစ်ချို့ကိစ္စရပ်တွေက သိသိကြီးနဲ့ ခံရတာတွေလည်းရှိတယ်လေ။
အသိပညာ ဗဟုသုတ မျှဝေမှု့တွေ အများ အများ ကြီး လုပ်ရပေလိမ့်အုံး မယ်ဗျာ။
ကိုပေါက်(မန္တလေး)
February 23, 2013 at 3:12 pm
ဟုတ်တယ် ကိုခရေ
အခုအချိန်မှာတော့ သိသိကြီးနဲ့ခံရတဲ့ကိစ္စတွေက ပြန်ပြန်လို့ရတဲ့နေရာမှာရနေပါပြီ
padonmar
February 23, 2013 at 10:36 pm
ကိုပေါက်ရေ
စာချုပ်စာတမ်း တိတိကျကျလုပ်ပြန်တော့လည်း ဇီဇာကြောင်တယ်ပြောကြတယ်။
အရောင်းအဝယ်ကို လက်ညှိုးထိုးပြတာ ဝယ်မိလို့ ဆုံးတာတွေလည်း ရှိပါတယ်။
အငှားစာချုပ်တွေဆိုရင် ချုပ်တာကချုပ်တာပဲ၊
နှစ်ပြည့်သွားရင် နောက်ကျမှရောက်တဲ့ တယ်လီဖုန်းဘေလ်နဲ့ မီတာခကို မပေးချင်ကြတော့ဘူး။
ပျက်တာစီးတာလည်း မသိချင်ယောင်ဆောင်တယ်။
နိုင်ငံခြားမှာတော့ အိမ်ငှားရင် ၁၃ လစာ deposit ပေးရတယ်တဲ့။
၁ လစာက အဲဒီ ပြုပြင်ဖို့လိုအပ်တာတွေ ဖုန်းခ၊ရေခ၊မီးခတွေ ခုနှိမ်ပြီး ပိုမှ ပြန်ပေးရတယ်လို့ ကြားဖူးပါတယ်။
ဒါပေမယ့် ဒီမှာ ဘယ်သူမှ အဲဒီ စနစ်ကို မလိုက်နာကြဘူး။
ပြီးမှ အိမ်ရှင် အိမ်ငှား စကားတွေ များကြရတတ်ပါတယ်။
ကိုပေါက်(မန္တလေး)
February 23, 2013 at 10:55 pm
ဟိုတစ်လောကမှာ နယ်က မိတ်ဆွေတစ်ယောက် ခြံဝယ်လိုက်တာ
အိမ်ဆောက်ပြီးမှ နောက်ထပ်တစ်ယောက်ပေါ်လာလို့ ပြဿနာရှင်းနေရပါတယ်။
အိမ်ငှားတွေလဲထို့အတူပါဘဲကိုယ်ငှားပြီး နေတဲ့အချိန်မှ အရင်လူသုံးခဲ့တာတွေကို အခွန်ဆောင်ပေးနေရတာလဲ ရှိနေပါတယ်။
ဦးဦးပါလေရာ
February 24, 2013 at 1:35 am
ဟင်း…. ဟင်း….
လူနှစ်ယောက်ကို တစ်ပြိုင်ထဲရောင်းတာလောက်တော့ ပျင်းတောင်ပျင်းသေး…
အခုတလောကမှ ဖြစ်တဲ့အမှု့ဆို
ကန်ထရိုက်က သူ့အခန်းကို ကြိုပွိုင့်နဲ့လူသုံးယောက်ဆီ ရောင်းထားတာ။
တကယ်တော့ ငွေပြတ်သွားလို့ ပေါင်တာပါ။ ပြန်ရွေးနိုင်မယ်လို့ထင်ထားပုံရပါတယ်။
အချိန်မီတိုက်မပြီးလို့ မြေရှင်က ကိုယ်စားလှယ်လွှဲစာရုပ်သိမ်းရာကနေ ပေါ်လာတာ…။
ဒါပေမယ့်လဲ အဲသလောက်ကတော့ မြေတစ်ကွက်ထဲကို လူငါးယောက်ဆီရောင်းထားတဲ့ မြောက်ဒဂုံကကိစ္စနဲ့စာလိုက်တော့ စာရင်းမဝင်လောက်သေးပြန်ဘူး…။
ကိုပေါက်(မန္တလေး)
February 24, 2013 at 12:31 pm
ကိုပါရေ
ကျနော်တို့ဆီက မြေဝယ်အိမ်ဝယ်သူက ပွဲစားပြောသမျှယုံတော့ ခံရတာပေါ့။
uncle gyi
February 24, 2013 at 10:33 pm
စလစ်တခုနှစ်ယောက်ရောင်းတာကပါးပါးလေ
ဂရံတောင်အစစ်အပြင်အတုဆိုတာရှိသေး
အတုကလည်းဘယ်လိုကြည့်ကြည့်အစစ်ပဲ
စစ်မှာပေါ့ဘယ်ကလုပ်ပေးလိုက်တဲ့အတုလည်းသိတယ်မဟုတ်လား
ခက်တာကဂရံအတုနဲ့အရှုပ်အရှင်းဖြစ်ရုံးပြင်ကနားရောက်လည်းရောင်းသူဝယ်သူသာအမှုဖြစ်တာ
ဂရံအတုဘယ်လိုဖြစ်တယ်ဘယ်သူဖမ်းမ်ိတယ်ဆိုတာတခါမှသတင်းထဲမတွေ့ဖူးတာကဆန်းတယ်
ကိုပေါက်ရဲ့
အရောင်းအဝယ်ဖြစ်လို့မြေတိုင်းခေါ်တိုင်းမယ်ဆိုလည်းလွယ်တာမှတ်လို့
ရုံးကတရုံးတည်းတိုငိးတဲ့သူကဒီလူဒီလူရှိတာတမြို့လုံးခေါ်နေကြတာ
စောင့်အုန်း၁လကိုးသီတင်းရှေ့မှာစောင့်နေသူတွေအများကြီး
မစောင့်ချင်ဘူးလားရပါတယ်ကုူညီတတ်ပါတယ်သူ့လည်းပြန်ကူညီရမှာပေါ့နော်
စာချုပ်မလားရပါတယ်အခွန်ခေါင်းကိုအပြင်ကမှောင်ခိုဝယ်ကပ်
ရုံးကတော့တရားဝင်ရောင်းပေးတာဆိုစောင့်ပြီးဝယ်ပေတော့
အဲလိုအဲလိုလွယ်တာတွေခက်အောင်လုပ်ပြီးခွင်ဖန်နေကြတော့
ချုပ်သင့်မသင့်..