အဆောင် ၁၃

စိန်ကြက်ဆင်February 24, 20131min71918

ဩဂုတ် ၁၃ရက်

ကျုပ် ဒီထဲရောက်နေတာ အတော်ကြာပီ …. တိတိပပ ပြောရရင် ၂နှစ်တိတိဘဲ။ ကျုပ်လား သေဒဏ်ချခံရဖို့ စောင့်နေတာလေ။ ရှင်းရှင်းပြောရရင် တရားရုံးက ပြစ်ဒဏ်အဖြစ် ကြိုးမိန့်ကျခံစေလို့ ထုတ်ပြန်ထားပေမဲ့ အကြောင်းကြောင်းကြောင့် ပြီးခဲ့တဲ့ တစ်ပတ်ကအထိ ကြိုးတိုက်ထဲမှာ ရှိနေတုန်းဘဲ။

ခုဆိုရင် ကျုပ်ကို ကြိုးတိုက်ကနေအပြင်ထုတ်ပီး သီးသန့်ဆောင်မှာထားတာ ၈ရက်ရှိပီ။ သီးသန့်ဆောင် ဆိုတာထက် တယောက်ထဲ အချုပ်ခန်းထဲမှာနေရတာကို ပြောတာပါ။ တခုတော့ ကံကောင်းတယ် ပတ်ဝန်းကျင်ကို မြင်ရတယ်၊ တပတ်မှာ ၃ရက် ဟိုနားဒီနား လမ်းထွက်လျှောက်ခွင့်ရှိတယ်၊ စာဖတ်ခွင့်ရတယ် စာရေးခွင့်တော့မရဘူးတဲ့။ ရေးလဲ မရေးချင်ပါဘူး ရေးပီး ဘယ်သူ့သွားပေးရမှာတုန်း မိသားစုကလဲ ကျုပ်ကြိုးမိန့်ကျပီးကတည်းက ဘုန်းကြီးပင့်ပီး ဆွမ်းသွတ်လိုက်ပီးပီ။

ဒီနေ့ကျုပ်ကို ဝါဒင်လာခေါ်တယ် … အဲ အစောင့်အကျပ် ၄ယောက်နဲ့ဗျ။ လမ်းမှာတော့ အကျဉ်းသားတွေရဲ့ အလွန်အံဩပီး ထူးဆန်းတဲ့ အကြည့်တွေကို တွေ့ရတယ်။ ကျုပ်လဲဘယ်ရမလဲဗျာ ခေါင်းကိုမော့ ရှိတဲ့နံရိုးပိန်ပိန်တွေကို ကော့ထားပီး သံကြိုးတွေ တချွင်ချွင်မြည်အောင် လျှောက်ပြလိုက်တယ်။ ကျုပ်ကိုသီးသန့်ခန်းတခုကို ခေါ်သွားတယ်ဗျ အဲ့မှာ ကျုပ်တခါမှ မမြင်ဘူးတဲ့ လူကြီးတယောက်နဲ့ တွေ့ရတယ်။ “မင်းကိုလောလောဆယ်တော့ ကြိုးမိန့်ပြစ်ဒဏ်ကနေ အယူခံသဘောနဲ့ ရပ်ဆိုင်းပေးထားတယ် အဲ..တလဖြစ်မလား တပတ်ဖြစ်မလား သေချာတော့ မပြောနိူင်သေးဘူး” …. “နောက်တကြိမ် ငါလာတွေ့တဲ့အခါ မင်းအတွက် အဆုံးအဖြတ်ပဲ။ အဲဒီတော့ မင်းခုနေမှာ ကြိုးတိုက်ထဲတော့ ပြန်မသွားရသေးဘူး။ ကျန်တာကိုတော့ ထောင်က တာဝန်ရှိသူတွေက စီစဉ်ပေးလိမ့်မယ်”

အဆောင် ၁၃

ဒီလိုနဲ့ ကျုပ်လဲ သီးသန့်အချုပ်ကနေ ထောင်သား၄ယောက်နဲ့ နေရတဲ့ သီးသန့်အဆောင်ကို ပြောင်းလာရတော့တယ်။ ကျုပ်နေတဲ့ အဆောင်မှာ ကျုပ်အပါဝင် ၄ယောက်ပေါ့ဗျာ။ ပြစ်မှုတွေကတော့ မတူဘူး ဒါပေမဲ့ ကျုပ်တို့ ၄ယောက်ကို ဘာလို့ အတူတူထားတာလဲတော့ ကျုပ်လဲမသိဘူး။ သိချင်စိတ်လဲ မရှိပါဘူးဗျာ ကျုပ်ဘဝက ဘယ်လိုဆိုတာ ကျုပ်သိနေမှဘဲ။ နောက်တခုက အဆောင်မှာ ကျုပ်ရယ် ကိုစောတင့်ဆိုတဲ့ သူရယ်က အလုပ်မသွားရဘူး။ ကိုခင်မောင်နဲ့ မြဝင်းကတော့ မနက်ဆို ထောင်အလုပ်သွားရတယ်။ဆိုတော့ ကျုပ်ဘာသာ သီးသန့်နေနေပေမဲ့ တရက်တရက် အဆောင်ထဲမှာ ဒီလူတွေနဲ့က အမြဲတွေ့နေရတော့ ရယ်ပြနှုတ်ဆက်တော့ ရှိသပေါ့ဗျာ။ သူတို့ ၃ယောက်ကလဲ ကျုပ်ကို အလွန်ရှိန်နေပုံရတယ်၊ ကျုပ်အကြောင်းကိုလဲ နည်းနည်းပါးပါး ကြားထားပုံရတယ်။ ကျုပ်ကတော့ ကျုပ်သေရမဲ့ ရက်ကိုဘဲ စောင့်နေရသူဆိုတော့ ဘာကိုမှ စိတ်မဝင်စားဖူးရယ်။ ရှင်းရှင်းပြောရရင် ကျုပ်ကို အခုလာခေါ် ဘာမှရှည်ရှည်ဝေးဝေးလုပ်မနေနဲ့ ကြိုးစင်ပေါ်တင် ဆွဲချသတ်ပလိုက်ဗျာ …… ကျုပ်ဘာဆို..ဘာမှ…

မိုးကုန်တာနောက်ကျရဲ့ထင် ကနေ့ မိုးကြီးလေကြီးကျသဗျ .. ထောင်ထဲက ကုက္ကိုပင်ကြီးတွေ အကိုင်းတွေကျိုးကျ လေတွေတဝေါဝေါနဲ့ အုတ်ကြွပ်ပြားပေါ်ကျတဲ့ မိုးပေါက်တွေက တဖြုန်းဖြုန်းဘဲ။ ကျုပ်လဲ အိပ်မပျော်တာနဲ့ လှဲနေရာကထထိုင် ဘေးဘီကြည့်မိတော့ မီးရောင်ဝါကျင့်ကျင့်အောက်မှာ ဆေးလိပ်မီးရဲရဲလေးတွေ့သဗျ။ ဖြင်းကနဲဆို ကျုပ်ခံတွင်းတွေ ချဉ်တက်လာတယ်။ ၂နှစ်ကျော်ကာလ ထောင်ဝင်စာမရှိ  ပေးမဲ့ကမ်းမဲ့သူမရှိ ထောင်ထမင်းဟင်းကလွဲလို့ ဘာဆိုဘာမျှ ထိတွေ့ခွင့် မျှော်လင့်ခွင့်မရှိတဲ့ ကြိုးတိုက်မှောင်မှောင်ထဲက သေလူတယောက်အဖို့ ပထမဆုံးအကြိမ် လူသားပြန်ဆန်လာပုံဘဲဗျ။ သူတို့လဲ ကျုပ်ငုတ်ငုတ်ကြီးထိုင်ပီး ကြည့်နေတာ မြင်ပုံရတယ်။ မြဝင်းဆိုတဲ့ လူက ကျုပ်ဘက်ကို လျှောက်လာပီး ဆင်ဆင်တံဆိပ် မြင်းခြံဆေးပေါ့လိပ်လေး ကမ်းပေးရဲ့ တလက်ဆတည်း ဂက်စ်မီးခြစ်လေးပါ ထိုးပေးရင်း “ခင်ဗျားဆေးလိပ်သောက်တတ်လား ရော့ ….. မအိပ်သေးဘူးဆို ကျနော်တို့ဘက် လာခဲ့လေ စကားလေးဘာလေးပြောရတာပေါ့ ” သူက မိုးသံလေသံတွေ ကြားမှာ အတော်ကို ကျယ်ကျယ်အော်ပြောရတာကိုး ကျုပ်လဲ သူ့ကိုပြုံးပြပီး ခပ်ကျယ်ကျယ် ပြန်အော်ရတယ် “ဒီလောက် လေတွေမိုးတွေ ရွာနေတာ စကားပြောလို့ ဘယ်ကောင်းမတုန်း ဆေးလိပ်အတွက်တော့ ကျေးဇူးဗျာ နောက်နေ့ပေါ့” ပြောပြောဆိုဆို သူပေးတဲ့ ဆေးပေါ့လိပ်ကို မီးညှိဖွားရင်း ခပ်ပြင်းပြင်း ရှိုက်လိုက်မိတယ် ….. အဟွတ်..ဟွတ် လည်းချောင်းထဲကို စပ်ဖြင်းဖြင်းနဲ့ ….. ကျုပ်ကျန်းမာရေး အတော်ပျက်စီးနေပီ…။

မြဝင်း

နောက်ရက်တွေကျ ကျုပ်သူတို့နဲ့ စကားပြောဖြစ်တယ် ထွေရာလေးပါးပေါ့ ။ကျုပ်ဘက်ကတော့ ဘာမှ ပြောစရာ သိချင်စရာ မရှိဘူးရယ်။ သူတို့အကြောင်း သူတို့ပြောတာတွေ နားထောင်ရင်း အင်းလိုက်ယုံပါဘဲ။ ကျုပ်ကို ပြောပြတဲ့ သူ့အကြောင်းကတော့ …….. သူက အသက်၃ဝတော့ကျော်ပီ အသားခပ်လတ်လတ် မျက်လုံးမျက်ဖန်ကောင်းကောင်းဘဲ ၉တန်းအထိ ကျောင်းနေဖူးတယ် လူငယ်ဘဝမှာ တော်တော်လေး ပျက်စီးပီး လမ်းမှားလိုက်ခဲ့တာပေါ့ အစကတော့ မသိမသာနဲ့ ခိုးတဲ့အဖွဲထဲ ရောက်မှန်းမသိ ရောက်သွားတယ် နောက်ကျ တဖြည်းဖြည်း ပညာစုံလာတော့ ဆရာတစ်ဆူလို ဖြစ်လာပုံဘဲ ထောင် ၆ကြိမ်လောက် ကျဖူးတယ် လပိုင်းတွေပေါ့ နောက်ပိုင်း သူခိုးလောကကို စိတ်လေပီး နယ်စပ်ဘက်ရောက်သွားတယ်။ အဲ့မှာ အဖွဲ့အစည်းတစ်ခုထဲ ဝင်လိုက်ပီး ရခိုင်ဘက်ကနေလာတဲ့ နွားတွေကို မုံရွာကတဆင့် နွားပွဲဈေးတွေမှာ ချောင်ခိုရင်း အလယ်ပိုင်းကိုဖြတ် ကယား၊ရှမ်းနယ်ဘက်ကနေ တဖက်ကို မှောင်ခိုပို့တယ်။ ဒီလိုလုပ်ရင်း ဘောလခဲဖက်မှာ အိမ်ထောင်ကျတယ်။ မိန်းမက ကရင်မဆိုတော့ ဘုရား၃ဆူဘက်ကို ပြောင်းရင်း နဂိုအဖွဲ့ကထွက်ပီး လောင်းကြေးလက်ဝှေ့ထိုးစားတယ်။ ပွဲမရှိတဲ့အချိန် ယိုးဒယားဘက် ကူးမဲ့သူတွေကို လမ်းကြောင်း ကယ်ရီလုပ်တယ် အချဉ်ဆိုရင် ဘတ်တယ် ရိုက်တယ်။ အဲ့ကနေ သောင်းရင်းမြစ်တကြော ခိုးတဲ့ လိမ်တဲ့ဘက်မှာ ဆရာတဆူဖြစ်လာတယ်တဲ့။ သူက စိတ်ရင်းတော့ ကောင်းမဲ့ပုံ လူကြမ်းစိတ်ကြမ်း ဆိုရပေမဲ့ သူ့မျက်လုံးတွေက အတော်ကို ကြည်စင်တယ်။ သူကပြောပါတယ် အစ်ကိုရ ….ကျနော့်ဘဝ တလျှောက် မကောင်းတာတွေ လုပ်ခဲ့ပေမဲ့ အဲ့ဘက်မှာနေတဲ့ အချိန် ကျနော် သူများ သားပျိုသမီးပျိုတွေရဲ့ ဘဝကို မဖျက်ဆီးခဲ့ဖူးဘူး ကျနော့်မိန်းမကလွဲလို့ ဘယ်သူနဲ့မှ မခိုက်စားဘူးဗျ နောက်ပီး ကျနော် ခိုးတယ် လုတယ် လိမ်တယ်ဗျာ များသော အားဖြင့် လူလည်လိုကောင်တွေ နောက်ပီး ဖျံကျတဲ့ ကောင်တွေကိုမှ ကျနော်က ပြန်လုပ်တာတဲ့။ သူ့ကို အဲ့နယ်တကြောမှာ တော်တော်ရှိန်တယ်ပြောတယ်။ အဲ နောက်တချက် သူက ခုဒီအမှုနဲ့ကျမှ လူသတ်မှုမြောက်တာ ဒီမတိုင်ခင် တခါမှ လူမသတ်ဖူးဘူးတဲ့။ ဒါက သူ့အကြောင်း …. မှတ်မှတ်ရရ သူ့သီအိုရီခေါ်မလား အဲ့ဒါလေး သဘောကျမိတယ် ………

ကျနော် အိမ်တအိမ်ကို ဖောက်ထွင်းမယ် ခိုးမယ်ဗျာ နောက်ပီး လူလည်တကောင်ကို ပြန်လိမ်မယ်ဆိုရင် စနစ်တကျလေ့လာတယ်၊ နောက်ပီး ရဲလိုက်လို့မရအောင် အရင်သုံးခဲ့တဲ့ ပုံစံမျိုး ဘယ်လောက်ကောင်းကောင်း ဘယ်လောက်ပဲ ထိရောက်ပီး အောင်မြင်ပစေ ပြန်မသုံးဘူး၊ ပီးတော့ လုပ်တော့မယ်ဟေ့လို့ ဆုံးဖြတ်ထားပီးရင် နောက်ဆံမငင်တော့ဘူး၊ ကျနော်တို့ လောကမှာလဲ ငါးစာအတုတွေရှိတယ် မက်လုံးတွေနဲ့ မျှားထားတာ ကျနော်အဲ့တာတွေကို တတ်နိူင်သမျှ ကိုယ်သိသလောက် မှတ်သလောက် ရှောင်တယ်၊ ကျနော် ထောင်ကျခဲ့ဖူးတယ် ဆိုတာလဲ မနူးမနပ် အချိန်တုန်းက ထိုးကျွေးခံရတာ အစ်ကို သိပါတယ်ဗျာ ဒီမှာက အမှုကြီးရင် ဘယ်တော့မှ ပေါ်တာမှ မဟုတ်တာ

နောက်ဆုံး သူ့အကြောင်းကတော့ သူ့အသက် ၃၃ပြည့်ပီ မိန်းမနဲ့ သမီးတယောက်လဲ ရှိနေပီ အတော်အတန်လည်း နယ်စပ်မှာ အခြေခိုင်နေပီဆိုတော့ အရင်အလုပ်တွေကိုပြောင်း သာမန်စီးပွားရေးဘဲ လုပ်နေတဲ့အချိန် အဲ တပည့်တပန်းလေတွေ အခက်အခဲရှိလာရင်တော့ နာမည်နဲ့ လိုက်ရှင်းပေးပေါ့ဗျာ၊ ယိုးဒယားကရဲတွေကအစ သူ့အကူအညီကို ယူရတဲ့အခါကျ အတော်လေးခရီးရောက်ပီ ပြောရမှာပေါ့။ အဲ့မှာ သူက တော်တော်တန်တန်ဆို ပေါက်ရောက်တဲ့အခါကျ လူသိများလာတဲ့အချိန် ……… မြဝင်း(၄၂၀၊ ၃၀၂) ထောင်ဒဏ်နဲ့အလုပ်ကြမ်း ၂၆နှစ် ရန်ကုန်လူကုံထန် ရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ( ) လောင်းပြိုင်လူသတ်မှု ( စုံစမ်းစိစစ် ဖော်ထုတ် ထိန်းသိမ်းထားဆဲ )

ကိုခင်မောင်

သူ့အကြောင်းကတော့ သိပ်မထူးဆန်းဘူး၊ သူက လူသတ်မှုနဲ့ ထောင်ကျလာတာ လူကလူရိုးလူအေး သူ့နောက်ခံသမိုင်းကြောင်းမှာလဲ သိပ်ပြောစရာမရှိဘူး၊ ဒါပေသိ ကျုပ်အတွက်တော့ အလွန်ကို ထူးဆန်းပီး တိုက်ဆိုင်နေတယ်၊ ကျုပ်အမှုရဲ့ အဆုံးအဖြတ်က သူဖြစ်နေတာကို အခုကျမှသိတယ်၊ ဒါပေမဲ့ ကျုပ်သူ့ကို ဘာမှ ပြန်မပြောတော့ဘူး ပြောပြရင် ဇာတ်လမ်းတွေ ဒိထက်ရှုပ်ပီး သူဘဲစိတ်ဆင်းရဲရမှာ …. ဒီလိုဗျ သူ့ကိစ္စက .. သူက မင်္ဂလာဒုံ ဘက်မှာနေတယ် တိတိပပပြောရရင် မြောက်ဥက္ကလာအဝေးပြေးနဲ့ လေယာဉ်ကွင်းကြားပေါ့ အရင်က သူ့အမေပိုင်တဲ့ လယ်၆ဧကလောက်ရှိတယ် ဒါပေမဲ့သူက လယ်ကို အငှားချပီး သူရယ် သူ့နှမလေးရယ် အမေရယ်က စက်မှုဇုံနားမှာ ဆိုင်ဖွင့်ပီးနေတယ်။ သူက ဆိုင်ကယ်ကယ်ရီ ပြေးရာကနေ အဆင်ပြေလာတော့ တက္ကစီလေးထောင်ပီး မောင်းနေတယ်၊ ဆိုင်ကိုကျတော့ သူ့အမေရယ် ရွာကသူ့တူမလေးရယ်က ထိုင်တယ်ဗျ။သူ့နှမလေးကတော့ အဝေးသင်နဲ့ ဘွဲ့ရပီးတော့ အဲ့နား စက်မှုဇုံက ကုမ္ပဏီတစ်ခုမှာ(စက်ရုံ) အော့ဖဖ် စတက်ဖ်ပေါ့ .. ရုပ်ရည်လဲချော ရိုးပုံအေးပုံနဲ့မို့ လူကြီးတွေ ချစ်ကျ သဘောကျကြတာပေါ့ အလုပ်လည်း ကြိုးစားရှာပါတယ်။

ကြမ္မာဆိုးကြီးကြုံလေပီ ..

တနေ့ပေါ့ဗျာ ဖြစ်ချင်တော့ ခလေးမရဲ့ ကုမ္ပဏီ(စက်ရုံ) သူဌေးက ကြီးကြီးမာစတာ ဆရာကြီးကိုး ပိုင်ရာဆိုင်ရာတွေလည်း ပေါပ နောက်ပီး သူက ဒီမှာသာ စီးပွားရေးသမားလုပ်နေတာ ဟိုဘက်မှကျ မင်းဆရာ ဆိုလားဘာလားပေါ့ ခရိုနီ့အဖေလို့တောင် ခေါ်လို့ရတယ်။ ဖြစ်ချင်တော့ မြန်မာပြည်ရဲ့ ဇောတိကဘွဲ့ခံ အကြွေးဖင်ဂေါင်းပိတ်နေတဲ့လူက စက်မှုဇုံတိုးချဲ့ဆိုပီး လက်ညှိုးထိုး ခြံစည်းရိုးခတ် လယ်တွေသိမ်းပါရော အဲ့မှာ ကိုခင်မောင်တို့ လယ်ပါပါလေရောဗျာ။ ကံကောင်းချင်တော့ ကိုခင်မောင်တို့ လယ်၆ဧကက သူ့နှမလေး အလုပ်လုပ်နေတဲ့ ကုမ္ပဏီ(စက်ရုံ) သူဌေး မင်းဆြာရဲ့ စက်ရုံမြေကွက် ဖြစ်နေတယ်။ ဒီအကြောင်းနဲ့ ကိုခင်မောင့်နှမလေးလဲ သူဌေးနဲ့တွေ့ အကူညီတောင်းဖို့ ကြံစည်တာပေါ့ ။ မင်းဆြာကလဲ သိတဲ့အတိုင်း နေရာအနှံ့ ယတြာတွေချေ အစီအရင်တွေလုပ် အဓိဌာန်တွေဝင်နေတော့ အားရက်မရှိဘူးရယ်။ ဒါပေမဲ့ သူအားတဲ့ တရက်မှာတော့ ခလေးမနဲ့တွေ့ပီး ကူညီပေးလေရဲ့ ။ ညနေစောင်း နှမကလေး အိမ်ပြန်လာတော့ နွမ်းလျနေတဲ့ နှမလေးဆီက သတင်းကောင်းကြားရပါလေရော။ အဲ့မှာ ကိုခင်မောင် ၄လလောက် အချိန်ယူ ကြိုတင်ကြံစည်တဲ့ လူသတ်မှုကို ကျူးလွန်မိပါလေရော။ မင်းဆြာကတော့ မသေပင်မဲ့ အဓိဌာန်ဝင်ရမဲ့ ရက်တွေ ဆေးရုံတက်လိုက်ရတာကိုး ……။

ကိုခင်မောင်နှမ။     ။”အမေနဲ့ အစ်ကို သမီးတို့လယ်တွေ မသိမ်းခံရဘူး ဒါပေမဲ့ စက်ရုံအသစ်အတွက် လျော်ကြေး ထိုက်ထိုက်တန်တန်ပေးမယ်တဲ့ ၊ နောက်တပတ် ဘဏ်မှာ သွားထုတ်လို့ရပီနော်”

ကိုခင်မောင်နှမ။     ။”ညီမလေး(ကိုခင်မောင်တူမ) … အမေနဲ့အစ်ကို လယ်တွေ အသိမ်းမခံရပေမဲ့ ငါ့လယ်လေးတော့ ပါသွားဘီ” …. တဲ့ဗျာ။

အပို်င်း(၂)ဆက်ပါမည်။

အပိုင်း(၂) မတင်ဖြစ်ရင်လဲ ဒီမှာပဲ အပြီးအထိ ဆက်ရေးပီး Update လုပ်လိုက်ပါ့မယ်ဗျို့

 

18 comments

  • မောင် ပေ

    February 24, 2013 at 9:14 pm

    ဆက်စောင့်ဖတ်ရတော့မှာပေါ့ဗျာ
    ကျုပ်လဲ ပို ့စ်တစ်ပုဒ်ရေးဖို ့အကြွေးကျန်နေတာကလား

    • ရဲစည်

      February 24, 2013 at 11:58 pm

      ကျေးဇူးပါ ..
      ဒီ Source တွေရဖို့ ထောင်မင်းသား အူးဖိုးထောင်နဲ့ ဝါဒင်အူးပေ တို့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ ….
      ကမာဇင်ယော် ပါနော် …သွပ် ..သွပ် ..ညွတ် ညွပ် :harr:

  • အလင်းဆက်

    February 24, 2013 at 9:18 pm

    ဟိုက်…….။

    ကိုရဲစည်…..။
    ဘယ်တုန်းက.. အဲဒီထဲ..ရောက်သွားတာလဲ .။
    ရေးချက်က..လန်ထွက်နေတာပဲဗျာ ။

    🙂

  • Mobile

    February 24, 2013 at 9:26 pm

    ကိုရဲစီရဲ့ ထင်ရာပေါက်တက်ကရ လေးတွေက ဖတ်ရတာ ခံတွင်းတွေ့လှပါ၏…
    ကျုပ်ရဲ့ ဇာတိမြေ မုံရွာလေးလဲ ပါတယ်။ ကျုပ်နဲ့ခုလောလောဆယ် စပ်နွယ်နေတဲ့
    ထိုင်းနယ်စပ် အကြောင်းလေးတွေလဲပါတယ်ဆိုတော့ ဖတ်ရင်းဖြင့် စိတ်ဝင်စားမှုပိုလာခဲ့ပါတယ်။
    ထောင်တွင်းအတွေ့အကြုံ ပုံစံလေးတွေ လူဆိုးလူမိုက် တို့၏လုပ်ခဲ့တဲ့အကြောင်းလေးတွေဖြစ်မယ်ထင်တယ်
    ဖတ်ရတာ အလွန်ကို သဘောတွေ့လှပါ၏……
    စောင့်မျှော်အားပေးနေပါဦးမည်……..

  • ရာမည

    February 24, 2013 at 9:43 pm

    ဖတ်လို ့လည်းကောင်းတော ့ဆက်စောင် ့ရမှာပေါ ့
    ထောင်အကြောင်းတော်တော်သိတာဘဲ
    ထူးဆန်းပါ၏

    • ရဲစည်

      February 24, 2013 at 11:48 pm

      အလို ကို ယာမငြ

      ထောင်အကြောင်းတော်တော်သိတာဘဲ

      အော် ကိုယ့်လူနှယ် ချက်ချင်း လိုက်လာတာနော် အပုပ်နံ့က တယ်ပြန့်သကိုး ကျနော်က ထင်ရာမြင်ရာရေးတာပါဗျာ .. တခုခုဖြစ်ရင် အမေရိကက သဂျီးကိုသာ လန်ဂလေခေါ်ပီး ဖမ်းကျပ် အနည်းဆုံတော့ NSA ကUကြောင်တို့ Homeလမ်းက အမေပုတို့ ခင်ဗျားကို ဆီးနိတ်မှာ ရှင်းလိမ့်မယ် :harr:

  • padonmar

    February 24, 2013 at 10:00 pm

    ရဲစည်
    အဖြစ်မှန်တွေ ထင်တယ်။
    ဘရာကြော်ပါ။

    • ရဲစည်

      February 24, 2013 at 11:34 pm

      တီပဒုမ္မာ …
      အမှန်တွေတော့ ဟုတ်ဘူးဗျ ….. သို့ပေသိ
      တီ့ တူတွေ တူမတွေ အတွက် ခေတ်သစ်ပုံပြင်ပေါ့ဗျာ … နော

  • မဟာရာဇာ အံစာတုံး

    February 24, 2013 at 11:16 pm

    စောင့်ဖတ်မယ်ဗျို့ …
    ဇာတ်ရှိန်လေး ကောင်းလာဘီ …
    ဒီထဲမှာ မြဝင်း ဆိုတဲ့ လူက
    ဆရာကြီး ရွှေဥဒေါင်းရဲ့ ဇာတ်ကောင်
    သူတော်စိန် လို လူမျိုး ထင်တယ် ….

  • ခိုင်ဇာ

    February 25, 2013 at 9:10 am

    ရာဇဝတ်မှုနဲ့ ကျတဲ့ ထောင်တွင်းဇာတ်လမ်းကိုတော့ ဆက်ဖတ်ပါ့မယ်လေ။
    တလောက “”နိုင်ငံတကာ မရှိတဲ့ အမှုတို့၊ ပုဒ်မတို့”” နဲ့ ကျတဲ့
    ထောင်တွင်း ဇာတ်လမ်းတွေ ဖတ်ပြီး၊ နားထောင်ပြီး သွေးပျက်နေလို့ပါ။ :mrgreen: :mrgreen:

  • ဦးကြောင်ကြီး

    February 25, 2013 at 9:13 am

    ရဲစည် ပွဲရှည် ဘဲမြည် စွဲပြီ… ဖတ်လို့အလွန်ကောင်းသဗျို့…

  • လူကလေး

    February 25, 2013 at 12:24 pm

    အပိုင်း ၂ ကလေး မြန်မြန် post ပါ လို့ရယ် ..

  • awra-cho

    February 27, 2013 at 1:18 pm

    ဖတ်စရာတွေ့ပြီ လျှောက်ရေးစရာ မလိုတော့ဘူး၊ အားပေးစောင့်မျှော်နေပါတယ် ဗျာ။

  • ဦး ကျောက်ခဲ

    February 27, 2013 at 1:19 pm

    ကရဲစီ

    ရှယ်ပဲ… ကောင်းခန်းရောက်ခါမှ အဲလိုတစ်ဝက်တပြက်နဲ့ ရပ်မထားခဲ့နဲ့ဗျာ…

  • etone

    February 27, 2013 at 4:27 pm

    အာ… ဘွာဒုံးဟာ ကယွဲစီ ။ တိုးလို့ တန်းလန်းနဲ့ …… ထားခဲ့ရလား .. ဒီတသက်မိန်းမ မရပါဇီနဲ့တော် … ။
    13ဂဏန်းလေးမို့ အရမ်းစိတ်ဝင်စားနေတာ … အပျော်ကြံထားခဲ့တယ် .. ဟွင်း … ။
    13ကို တူညားတွေကတော့ ကြိုက်ကြဝူး…. အနော်ကတော့ 13 ဆို သိပ်သိပ်ကြိုက် .. ဖဲရိုက်တိုင်း 13 ဖြစ်လျှင် နိုင်တာပဲ .. ခိခိ :kwi:

    • နေဝန်းနီ

      February 27, 2013 at 9:57 pm

      အီးဒုန်းရယ် ညည်းကတော့ ကိုယ့်ကိုကိုယ်ဖော်ပဲ ဖဲရိုက်တာက တွမ်တီးဝမ်းရိုက်တာလား အဲဒါဆို ဝမ်း တူး ပဲလှော် ပဲလှော် ……… နဲ့မတွေ့သေးလို့ တစ်ဖဲနဲ့နှစ်ဖဲနောက်က ကုလားနှစ်ကောင်လိုက်တာအေ …………

    • etone

      March 4, 2013 at 4:12 pm

      မမပြာ .. အပိုင်းနှစ်မလာလောက်သေးဘူး … စာရေးသူ …… . ဖုတ်ဝင်နေတယ် …….. ဟွင်းးးးး 😆

Leave a Reply