“ကြောက်စေသင့်၏ မသင့်၏”
“ကြောက်စေသင့်၏ မသင့်၏”
ဥပုဒ်နေ့ဆိုတာ မန်းလေးသူမန်းလေးသားများရဲ့အလုပ်ပိတ်ရက်ပေါ့။
ဟိုးရှေးကတည်းက ဈေးချိုတော်နဲ့ ကုန်စည်ဒိုင်ပိတ်ရက်ဖြစ်တဲ့ဥပုဒ်ေ့နကို အလုပ်ပိတ်ရက်အဖြစ်သတ်မှတ်ခဲ့ကြပါတာပါ။
ကြားဥပုဒ်တွေပိတ်ချင်ပိတ် မပိတ်ချင်နေ ဥပုဒ်ကြီးလို့ခေါ်တဲ့ လပြည့်လကွယ်နေ့ကတော့
လူတိုင်းလောက်နီးပါးဆိုင်ပိတ်ပါတယ်။
အဲ့တော့ မန်းလေးမှာလာဖွင့်ကြတဲ့ကုမ္ပဏီအတော်များများရဲ့ပိတ်ရက်ကလဲ ဥပုဒ်နေ့ အလိုလိုဖြစ်ကုန်ပါတယ်။
ရှေးရှေးကတော့ ဒီလို ဥပုဒ်ရက်ဆိုတာ ဘုရားသွားကျောင်းတက်ပေါ့။
ကျနော်တို့ခေတ်မှာတော့ ဘုရားသွားကျောင်းတက်ဆိုတာထက် သူငယ်ချင်းတွေဆုံကြတဲ့ရက်ပါဘဲ။
အဖိတ်နေ့မနက်မှာ ကျနော်တို့ က “သူကြီးသား”လို့ခေါ်တဲ့ သူငယ်ချင်းက ဖုန်းဆက်လာပါတယ်။
“နက်ဖြန်လာဖြစ်အောင်လာခဲ့ ပြောစရာရှိတယ်ဟ” လို့လှမ်းပြောပါတယ်။
ကျန်တဲ့သူငယ်ချင်းတွေက စုရပ်ဖြစ်တဲ့ “စိန်ဝင်းဝင်း”လက်ဖက်ရည်ဆိုင်ကိုရောက်ပေမယ့်
အလုပ်ရှုပ်တတ်တဲ့ ကျနော်က ရောက်ချင်တဲ့အခါမှရောက်လို့ပါ။
ကျနော်တို့သူငယ်ချင်းတွေထဲမှာ ဒီ “ သူကြီးသား“က စကားအပြောကောင်းတဲ့သူ။
ဒါပေမယ့် သူစိတ်ပါမှပြောတာပါ။
ပြောပြန်ရင်လဲ အဆီအသားပါပါ ဆိုတော့ သူပြောတယ်ဆိုရင် ထိထိမိမိလေးနားထောင်ရတတ်ပါတယ်။
****************************************************************************
ဒီတစ်ပါတ်ဥပုဒ်က လပြည့်ဥပုဒ်ကြီးဆိုတော့ ကျနော်တို့သူငယ်ချင်းတွေ အတော်လေး စုံပါတယ်။
ကျနော်ရောက်ပြီးမကြာခင်သူကြီးရောက်လာပါတယ်။
ထိုင်တောင်မထိုင်ရသေးခင် သူ့လက်ထဲကိုင်ထားတဲ့ စာအုပ်ကြီးကို ခုံပေါ်ပစ်ချလိုက်ပါတယ်။
ပါးစပ်က လဲ “လူပါးဝတာတွေများနေပြီ”လို့ဒေါကြိးမောကြီးပြောလိုက်ပါသေးတယ်။
“ဘာတွေဖြစ်လာပြန်တာလဲဟ”လို့မေးတော့
“သိချင်ရင်စာအုပ်ဖွင့်ဖတ်”လို့ပြောတာနဲ့စာအုပ်လှန်ကြည့်လိုက်တော့
ဗွိုက်စ် အပါတ်စဉ် ဂျာနယ်ထဲက သိမြ်ဖူဇရပ်ဈေး မီးလောင်တဲ့သီတင်းကိုဖြတ်ပြီး စာအုပ်မှာကပ်ထားပါတယ်။
နောက်အဲဒီအထဲမှာပါတဲ့ ဒီ ဈေးမီးလောင်တာကလဲ ရှို့မီးဖြစ်နို်င်တယ်လို့ ဖော်ပြထားတဲ့သတင်းရယ်၊
မုံရွာဈေး၊ ရန်ကုန်မင်္ဂလာဈေး ၊ကသာမြို့မဈေးနဲ့ မန်းလေး စကိုင်းဝပ်နဲ့ရတနာပုံဈေးးကြီး မီးလောင်တုန်းက
ဂျာနယ်ထဲမှာပါတဲ့ပုံတွေကိုဖြတ်ကပ်ထားတာကိုတွေ့ရပါတယ်။
နောက်သိပ်မကြာခင်လေးကမှ မန်းလေးသံဖြူတန်းကို မီးရှို့ဘို့ ကြံစည်တဲ့သတင်းလဲ ပါ ပါသေးတယ်။
ဂျာနယ်ထဲ ပါတဲ့အတိုင်းဆိုရင် သံဖြူဇရပ်ဈေး မီးလောင်တာက မသမာသူရဲ့ရှို့မီးလို့ ယူဆရတာကြောင့်
အဲဒီဈေးအတွက်တာဝန်ရှိတဲ့လူကို ထိန်းသိမ်းထားတယ်ဆိုတဲ့အကြောင်းရယ်
နောက်ဒီဈေးမီးလောင်တာနဲ့ ၂၀၀၈ခုနှစ်မှာတုံးက မော်လမြိုင်ဈေး မီးလောင်တာ ပုံစံဆင်တူဖြစ်နေတယ်
လို့ ထင်မြင်ချက်တွေပေးထားကြတာတွေကိုဖတ်ရပါတယ်။
ဒီလိုဈေးမီးလောင်တာက ၂၀၁ဝကနေ ၂၀၁၂ ထိ (၂) နှစ်အတွင်း မှာတင် ဈေးတွေဘဲ မီးလောင်တာ
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် စုစုပေါင်း အကြိမ် (၂၀) လို့ ရေးထားတာကိုလဲတွေ့ရပါတယ်။
အဲဒီစာအုပ်ကိုဖတ်ပြီး ငရဲ က “ငါတို့ဆီမှာ မီးလောင်လိုက်ရင် ဈေးတွေချည်းဘဲရွေးလောင်နေသလိုဘဲ”လို့ပြောတော့
ကျွဲကြီး က “ခေတ်ပြောင်းသွားလို့ဟ အရင်တုန်းက မတ်လနှစ်ချုပ်ပြီဆိုရင် သမဝါယမဆိုင်တွေဘဲရွေးလောင်တာလေ”
လို့ပြောရင်း ခပ်ပြုံးပြုံးကြီးလုပ်နေပါတယ်။
ကိုသက်က “အဟောင်းသွားတော့ အသစ်လာတာပေါ့ဟ”လို့ဝင်ပြောတော့
“မင်းအမေ့လင်တွေက အလကားပြန်ပေးတာမဟုတ်ဘူးဗျာ ငွေထပ်ပေးမှရတာ။
ထပ်မသွင်းနိုင်တဲ့ကောင်ကလုပ်စားစရာနေရာပျောက်သွားတာ”လို့ စိန်မောင်က ဒေါသဖြစ်တဲ့လေသံနဲ့ဝင်ပြောပါတယ်။
ဟုတ်တော့လဲဟုတ်ပါတယ် စိန်မောင်တို့မိသားစုက အရင်ဈေးချို မြောက်ဘက်တို်က်တန်းကြီးမှာ ဆိုင်ဖွင့်လာခဲ့ကြတာ။
ဦးကျားကြီးမီးမှာ ဈေးချိုတို်က်တန်းကြီးမီးထဲပါတော့ စီးပွားပျက်ပြီး ဘုံပျောက်သွားတာပါ။
အဲဒီတိုက်တန်းမီးလောင်တော့ နေရာတော့အစားပြန်ပေးပါတယ်။
အခန်းဘိုးငွေကတော့ပြန်ပေးရတာပေါ့။
ဒါပေမယ့်လက်ဖက်ရည်တစ်ခွက်တစ်ကျပ်ခေတ်မှာ ငါးသိန်းကျပ်ဆိုတာ အတော်လေးများတယ်လို့ဆိုနိုင်ပါတယ်။
ဆိုင်ခန်းခတင်ပြီးတာမဟုတ်ဘူးလေ ပြန်ဖြည့်ရမယ့် ကုန်ဘိုးက ရှိသေးတာကိုး။
အဲတော့ သူတို့ပြန်မဝယ်နိုင်တာနဲ့သူများလက်ထဲရောက်။
သူတို့ညီအကိုတွေလဲ သူများဆီလခစားဝင်လုပ်ရတဲ့ဘဝကိုအလိုလိုရောက်သွားတာပေါ့။
“ဒီသံဖြူဇရပ်ဈေးမီးလောင်တာ က တစ်ဈေးလုံးပါတာဟ၊
အခန်း ၆၀ဝ နီးပါး ဆိုင်ခန်းတစ်ခန်းတန်ကြေး အနည်းဆုံးသိန်း၂၀ဝထားကွာ။
နည်းလား။
ဆိုင်ထဲမှာ ထည့်တားတဲ့ ပစ္စည်းတွေရဲ့ အရင်းအနှီးပါပေါင်းလိုက်ရင် သိန်းပေါင်းကိုသောင်းချီပြီးကုန်မှာ”
လို့ သူကြီးသားကပြောတော့
“ပြန်မရင်းနိုင်လို့ လုပ်စားစရာနေရာပျောက်သွားမယ့်သူတွေလဲ တစ်ပုံကြီးနေမှာ” လို့ ကိုလေးက ဝင်ထောက်ပေးပါတယ်။
“အဲဒီဈေးက မီးလောင်လို့ ဘဝပျက်ကြတာပါကွာ မန်းလေးဈေးချိုတော်ကြီးကမှ အဖျက်ခံရလို့
မီးမလောင်ဘဲ ဘဝပျက်သွားတာတွေ တစ်ပုံကြီး “ လို့ သူကြီးသားကပြောလိုက်တော့ အားလုံးခဏတော့
ငြိမ်ကျသွားပါတယ်။
ကျနော်တို့မန်းလေးသားအတော်များများ က မီးနဲ့ဈေးမှာ ခံလိုက်ရသူတွေများတာကိုး။
“ ငါတို့ငယ်ငယ်က ဈေးချိုတော် နာရီစင်နဲ့တိုက်တန်းကြီး ဆိုတာ မန်းလေးရဲ့ သင်္ကေတတွေပါကွာ”လို့
မင်းသန့်က ခပ်ဆွေးဆွေးလေသံနဲ့ဝင်ပြောပါတယ်။
သူကြီးသားကတော့ ပြောချင်လှပြီ ထင်ပါရဲ့ ပါးစပ်တပြင်ပြင်နဲ့။
*****************************************************************
၁၈၈၅ခုနှစ်မှာမြန်မာပြည်ကိုသိမ်းပိုက်ခဲ့တဲ့ အင်္ဂလိပ်အစိုးရလက်ထက် ပထမဦးဆုံးသော
မန်းလေးမြူနီစပယ်အဖွဲ့ကြီး က ၁၉၀၃ခုနှစ်မှာ ဒီမန်းလေးဈေးချိုတော်ကြီးကို တည်ခဲ့ပါတယ်။
အီတာလျံလူမျိုး Count Caldari ရဲ့ ဒီဇိုင်းနဲ့ပေါ့။
ဈေးချိုတော်နဲ့အတူ ရှင်သန်ကြီးပြင်းလာခဲ့တာကတော့ တောင်ဘက်တိုက်တန်းကြီးနဲ့မြောက်ဘက်တိုက်တန်းကြီးပါဘဲ။
၈၄လမ်းမကြီးကိုမျက်နှာပြုထားပြီး ၂၆ဘီလမ်းကနေ ၂ရလမ်းထိအလျားလိုက်ကြီးရှိနေတာက
မြောက်ဘက်တိုက်တန်းကြီးလို့ခေါ်ပြီး ၂ရလမ်းကတောင်ဘက်ခြမ်းကနေ ၂၈လမ်းထိရှိနေတာက
တောင်ဘက်တိုက်တန်းကြီးဖြစ်ပါတယ်။
တောင်ဘက်တိုက်တန်းနဲ့မြောက်ဘက်တိုက်တန်းကတော့ ပုံစံတူ အမြွာအဆောက်အဦနှစ်လုံးဖြစ်ပါတယ်။
တိုက်တန်းတစ်ခုစီမှာ အခန်းပေါင်း ၃၅ခန်းရှိပါတယ်။
အောက်ခြေမှာ သမံသလင်း ခင်းထားပြီးကြီးမားခိုင်ခန့်တဲ့အုဌ်ထုနဲ့တည်ဆောက်ထားတဲ့
သွပ်မိုးအဆောက်အဦးကြီးတွေဖြစ်တဲ့အပြင်ဆိုင်အရှေ့မှာလဲ ကျယ်ဝန်းတဲ့လူသွားလမ်းတွေရှိပါသေးတယ်။
ဆိုင်ခန်းတွေကလဲ လုံလောက်တဲ့အကျယ်အဝန်းရှိပြီးဆိုင်ရှေ့မှာ ရေမြောင်းကြီးတွေ ကအမြဲတမ်းရေစီးလို့နေပါတယ်။
ဒီမြောင်းတွေကတစ်ဆင့် ရွှေတစ်ချောင်းထဲကိုရေစီးရေလာကောင်းကောင်းနဲ့စီးဝင်တဲ့အတွက်
ဈေးရှေ့ကလမ်းမကြီးတွေပေါ်မှာရေဝပ်တယ်ဆိုတာ မရှိအောင် တည်ဆောက်ထားပုံက စံနစ်ကျပါတယ်။
ဈေးချိုတော်ကြီးရော တိုက်တန်းကြီးပါ တစ်ထပ်အဆောက်အဦတွေဖြစ်ပါတယ်။
မီးဘေးအန္တရာယ်ကို ကြိုတင်တွက်ဆလို့တည်ဆောက်ထားတဲ့အတွက် ၁၉၈၄ ဦးကျားကြီးဝင်းမီးဘေးမှာ
တိုက်တန်းကြီး ဘက်က အနည်းငယ်လောက်ဘဲ မီးစွဲလောင်ပြီးဈေးချိုတော်ကြီးကို မီးကူးစက်ခြင်းမရှိအောင်
ကာကွယ်နို်င်ခဲ့တာဘဲဖြစ်ပါတယ်။
ဈေးချိုတော်ကြီး ကိုပုံဖော်ကြည့်မယ်ဆိုရင် အရှေ့ဘက် ၈၄လမ်းနဲ့အနောက်ဘက် ၈၅လမ်းကြား မြောက်ဘက်
၂၆ဘီလမ်းနဲ့တောင်ဘက် ၂၈လမ်းကြားမှာ တည်ဆောက်လို့ထားပါတယ်။
ဈေးချိုတော်ရဲ့ထိပ်အစ ၂၆ဘီလမ်းနဲ့၈၄လမ်းဆုံတဲ့နေရာမှာ ဈေးချိုနာရီစင်ကြီးရှိပါတယ်။
နာရီစင်ရဲ့တောင်ဘက်မှာတော့ A ကနေ J အထိ အမည်ပေးထားတဲ့ ဈေးရုံကြီး (၁၂) ရှိပါတယ်။
၈၅လမ်းအနောက်ဘက်ထိပ်ကနေစပြီးရေတွက်မယ်ဆိုရင်၂၆ဘီလမ်းအတိုင်း အေရုံ ဘီရုံ စီရုံဆိုပြီးအနောက်ကနေ
အရှေ့ကိုအတန်းလိုက်ရှိနေပါတယ်။
အေဘီစီပြီးရင် မြောက်မလွယ်ပေါက် ပြီး ဒီရုံ အီးရုံ အက်ဖ်ရုံ ဆိုပြီးသုံးလုံးတန်း။
ပြီးရင် ၂ရလမ်းအလည်ပေါက်ကြီးဖြစ်ပါတယ်။
တောင်ဘက်ခြမ်းမှာတော့ ဂျီရုံ အိပ်ချ်ရုံ အိုင်ရုံ သုံးရုံတွဲပြီးရင် တောင်မလွယ်ပေါက်။
နောက်တော့ ဂျေရုံ ကေရုံ အယ်လ်ရုံဆိုပြီးရှိပါတယ်။
ရှေးခေတ်က ဈေးဆောက်ထားပုံက စံနစ်ကျပါတယ်။
ဈေးရုံတစ်ရုံစီမှာ ရောင်းချတဲ့ပစ္စည်းက အတူတူဖြစ်တော့ ဟိုပြေးဒီပြေးလုပ်စရာမလိုဘဲ
ကိုယ်လိုချင်တာကို တန်းဝယ်လို့ရပါတယ်။
အေရုံက ဆန်တွေပဲတွေ အစရှိတဲ့ကောက်ပဲသီးနှံ။
ဘီရုံက ကျူလယာပစ္စည်းလို့ဆိုတဲ့ ကလစ်တို့ ဆံညှပ်တို့လက်နှိပ်ဓါတ်မီးတို့။
စီရုံကတော့ စာအုပ်တန်း အစရှိသဖြင့် အဲလိုလေးတွေသီးသန့်စီဖြစ်အောင်ခွဲပေးထားတာပါ။
ဈေးရုံကြီးတွေက တစ်ဆက်ထဲမဟုတ်ဘဲ တစ်ရုံနဲ့တစ်ရုံကြားမှာ လမ်းလေးတွေရှိပါတယ်။
အေရုံနဲ့ဘီရုံကြား ဘီရုံနဲ့စီရုံကြား မှာ လမ်းကလေးတွေခြားထားတာပါ။
တနည်းပြောရင် မီးတားလမ်းလို့လဲ ဆိုနိုင်ပါတယ်။
မီးများလောင်ခဲ့ရင် အဲဒီရုံတွေကြားက နေဝင်ပြီး မီးသတ်ပိုက်နဲ့ဝင်ပက်လို့ရနိုင်ပါတယ်။
ဈေးရုံတစ်ရုံနဲ့ တစ်ရုံကြားမှာ ခြူးခေါင်းရုပ်တွေနဲ့ အလှဆင်ထားတဲ့ရေတိုင်တွေရှိပါမယ်။
ဈေးသူဈေးသားတွေ ရေကို ဖောဖောသီသီ သုးံနိုင်ရုံတင်မကဘဲ မီးလောင်ရင် အသုံးပြုနိုင်အောင်
ရည်ရွယ်လို့ထားတာပါ။
တကယ်လု့ိများ မီးရေးထင်းရေးရှိခဲ့ရင် ဒီဈေးချိုတော်ရုံကြီးတွေကို အရှေ့အနောက်တောင်မြောက်
ပါတ်ပါတ်လည်ကနေမီးသတ်ကားဝင်ပြီးငြိမ်းနိုင်အောင် လမ်းအကျယ်ကြီးတွေချန်ထားခဲ့ကြတာပါ။်ဈေးရုံက
တစ်ထပ်ထဲဖြစ်တာကြောင့်လဲ အပေါ်စီးကနေ ငြိမ်းသတ်လို့လဲရနိုင်ပါတယ်။
နောက်တစ်ချက်က ဈေးချိုတော်ရုံထဲကို ဝင်ထွက်နိုင်တဲ့အပေါက်တွေက ကျယ်ကျယ်ကြီးတွေဖြစ်တော့
အရေးအကြောင်းများရှိခဲ့ရင် လွယ်ကူစွာ ဝင်ထွက်နို်င်တာလဲအမှန်ပါဘဲ။
ရှေးခေတ်ကနဦး ဒီဈေးချိုတော်ကြီးကို တည်ဆောက်ခဲ့သူတွေက နောင်ဖြစ်လာနိုင်မယ့် အန္တရာယ်တွေကိုပါကြိုတင်တွက်ဆလို့
ဝင်ပေါက်ထွက်ပေါက်တွေ ကို စံနစ်တကျစီမံထားခဲ့တာကြတာပါ။
အုဌ်အင်္ဂတေနဲ့တည်ဆောက်ထားတဲ့ဈေးချိုတော်ရဲ့ အဆောက်အဦးတွေက ထုထည်ကြီးကြီး
ခိုင်ခိုင်ခန့်ခန့် ငလျင်ဘေးဒဏ်က ပါ ကာကွယ်နိုင်တဲ့ အရည်အချင်းတွေနဲ့လဲပြည့်စုံပါသေးတယ်။
နောက်တစ်ချက် ဆိုင်တွေကြားမှာ ရေမြောင်းလေးတွေရှိမယ်။
အဲဒီမြောင်းလေးတွေက နေ အပြင်ဘက်က ရေမြောင်းကြီးထဲကိုရေတွေဆင်းနိုင်အောင်စီစဉ်ထားတဲ့အတွက် သန့်ရှင်းမူ့လဲရှိပါတယ်။
လေဝင်လေထွက်ကောင်းအောင် အလင်းရောင်ရအောင် အပေါ်ပိုင်းတွေမှာ
အလင်းဝင်ပေါက် လေဝင်ပေါက်တွေရှိတဲ့အပြင် ဆိုင်တစ်ဆိုင်ရဲ့ အင်္ဂါရပ်နဲ့ညီအောင် ခင်းကျင်းနိုင်ဘို့အတွက် လုံလောက်တဲ့ အကျယ်အဝန်းလဲရှိပါတယ်။
ဒါပေမယ့်နောက်ပိုင်းမှာတော့ ပြုပြင်မွမ်းမံခြင်းမရှိတဲ့အတွက်ရေမြောင်းတွေပျက်စီးလာပြီး
ရေဝင်ရေထွက် မကောင်းဘူးဖြစ်လာပါတယ်။
လူတွေကလဲ ဆိုင်မှာအထပ်ခိုးတွေလုပ်ပြီး ပစ္စည်းတင်တော့အလင်းရောင်ပိတ်
တော့ မှောင်မဲမဲ လေဝင်လေထွက်မကောင်းတော့ ညှီစို့စို့ ဖြစ်ပြီးဈေးအင်္ဂါနဲ့ မညီတော့ပါဘူး။
ဒါကြောင့်လဲ ့ နှစ်တစ်ရာတောင်မပြည့်သေးခင်မှာ အဖျက်ခံလိုက်ရပါတယ်။
အကြောင်းပြချက်ကတော့ ခေတ်နဲ့မလျော်ညီခြင်း သန့်ရှင်းမူ့မရှိခြင်း အိုမင်းဟောင်းနွမ်းနေခြင်းလိုု့ဆိုကြပါတယ်။
ပထမဆုံးအဖျက်ခံလိုက်ရတာကတော့ ဈေးချိုအလည်ပေါက်ရဲ့မြောက်ဘက်ခြမ်း အေရုံကအီးရုံအထိအဖျက်ခံရပါတယ်။
နောက်မှ တောင်ဘက်ခြမ်းက အဖျက်ခံရတာပါ။
မြောက်ဘက်ခြမ်းကလဲ နောက်မှဖျက်ပေမယ့် ဒီနေရာကွက်လပ်ကြီးကို ဘာမှမလုပ်ဘဲပစ်ထားခဲ့တာနှစ်ပေါင်း
များစွာကြာပါတယ်။
အဆုံးမှ မန်းမြန်မာပလာဇာဆိုတာကြီးအဖြစ်ပြောင်းလဲသွားခဲ့တာပါ။
မန်းလေးရဲ့သင်္ကေတဖြစ်တဲ့ဈေးချိုတော်ကြီးကိုဖျက်ပြီး အခုလက်ရှိမြင်တွေ့နေရတဲ့အဆင့်မြင့်ဈေးချိုကြီးအဖြစ်ပြောင်းလဲလိုက်တာဖြစ်ပါတယ်။
ဒီအဆင့်မြင့်ဈေးချိုတော်ကြီးအဖြစ်ပြောင်းလဲသွားခြင်းအတွက် အကျိုးအမြတ်ရှိသူကတော့ လူနည်းစုဖြစ်ပြီး
ဘဝပျက်သွားတာကတော့ မွေးကတည်းက ဈေးချိုတော်ကိုအမှီပြုပြီးအသက်မွေးဝမ်းကျောင်းခဲ့ကြတဲ့
ဈေးချိုသူဈေးချိုသားများဖြစ်ပါတယ်။
ဈေးအဟောင်းကနေအသစ်ပြောင်းလိုက်တဲ့အခါ ကိုယ်ဖွင့်ခဲ့တဲ့ဆိုင်ခန်းကို ပြန်လည်ရယူဘို့အတွက်
ငွေပြန်သွင်းရပါတယ်။
ဆိုင်ခန်းတွေရလာပြန်တော့လည်း မြေညီထပ်မှာ ပြန်ရတဲ့သူတွေကတော့အဆင်ပြေပေမယ့်
ပထမထပ် ဒုတိယထပ်ရသူများကတော့ အပေါ်ထက်ကိုတက်ပြီးဈေးဝယ်တဲ့အလေ့အကျင့်
မရှိကြတဲ့အတွက် ဈေးဦးမပေါက်တဲ့ရက်များတောင်မှ ရှိလာကြပြန်ပါတယ်။
ဟိုးအပေါ်ဆုံးထပ်ကိုရောက်သွားသူများကတော့ပိုဆိုးပါတယ်။
တတိယထပ်မှာ ရှိနေတဲ့ ဆိုင်ခန်းတွေမတော့ ဈေးဆိုင်ကနေပစ္စည်းခေတ္တသိမ်းဆည်းရာဂိုဒေါင်အဖြစ်ပြောင်းလဲသွားကြပါတယ်။
ပြန်လည်တည်ဆောက်ပေးတဲ့ဆိုင်ခန်းတွေ ရဲ့အကျယ်အဝန်းကလဲ ပြောင်းလဲတိုးတက်လာတဲ့
ခေတ်နဲ့မလျော်ညီတော့ ပစ္စည်းများများထားလို့မရ။
ခင်းကျင်းတာနဲ့တင် ဆိုင်ခန်းက လူထိုင်စရာနေရာမရှိ။
အဲတော့လူသွားလမ်းပေါ်မှာအပြိုင်အဆိုင်ချခင်း။
ခင်းပြန်တော့ စည်ပင်နဲ့စကားများ။
ကြာတော့ရောင်းလဲမရောင်းရတဲ့အတူတူ ဆိုင်တွေပိတ်ထားလိုက်ကြပါတော့တယ်။
ဈေးမှာဆိုင်လာဖွင့်မယ်ဆိုရင် နေ့စဉ်ကုန်ကျစာရိတ် ဟိုကြေးဒီကြေးရှိလာပါတယ်။
နောက်မီးရေးထင်းရေးဆိုပြန်ရင်လဲ ဝင်သယ်လိုပြုလို့မရ ဆိုပြန်တော့ အပြင်မှာ
အိမ်မှာဖွင့်ဘို့ဘဲကြိုးစားကြတဲ့အတွက် ဈေးချိုမှာဘဲဖွင့်တဲ့သူများမှာအရင်လို
ရောင်းပန်းဝယ်ပန်းမလှတော့တာလဲအသေအချာပါဘဲ။
မန်းလေးမြို့ရဲ့အမှတ်ရစရာတွေထဲမှာ ဈေးချိုတော် အီးရုံဆိုတဲ့ရွှေဆိုင်တန်းလဲ ပါပါတယ်။
ယဉ်ကျေးပျုငှာချိုသာတဲ့ဈေးရောင်းဝယ်ပုံကိုမြင်ချင်ရင်ရွှေဆိုင်တန်းမှာသွားကြည့်ရမှာပါဘဲ။
ရွှေထည်ပစ္စည်းနဲ့ပါတ်သက်ရင် အစဉ်အဆက်ရောင်းဝယ်ခဲ့ကြတဲ့ မန္တလေးမြို့မျက်နှာဖုံးများ
စုဝေးရာနေရာလည်းဖြစ်ပါတယ်။
ဒါရိုက်တာ မောင်ဝဏ္ဏအကယ်ဒမီရခဲ့တဲ့ “ကတီ္တပါဖိနပ်စီးရွှေထီးဆောင်း”နဲ
ဒါရိုက်တာမောင်တင်ဦးရဲ့”သင်္ကြန်မိုး”ဇာတ်ကားတွေထဲမှာ ဈေးချိုတော် ရွှေဆိုင်တန်းရဲ့ပုံရိပ်တွေပါဝင်ခဲ့ဘူးပါတယ်။
အခုတော့ ဒီရွှေဆိုင်တန်းကို ဈေးချိုအပေါ်ဆုံးထပ်မှာပြောင်းရွှေ့ပေးခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး အစဉ်အလာကြီးမားခဲ့တဲ့ ရွှေဆိုင်တန်း ဘဝတွေပျောက်ဆုံးကုန်ပါတော့တယ်။
အခုချိန်မှာတော့ ရွှေဆိုင်တွေက အပြင်မှာဘဲဖွင့်တဲ့အတွက်အရင်ကစည်ကားခဲ့တဲ့ရွှေဆိုင်တန်းက
နေမြင့်မှဈေးလာဖွင့် ပြီးထမင်းစား တစ်ရေးတစ်မောအိပ် အရင်ခင်မင်ခဲ့တဲ့ဖောက်သည်များသာ
ဖြိုးတိုးဖျောက်တောက်လာဝယ်တတ်ပြီး ဘာမှအလုပ်မဖြစ်ဘဲ
ညနေဈေးသိမ်းပြန် ရုံဘဲဆိုတဲ့ ဘဝတွေရောက်သွားပါတယ်။
ဈေးအသစ်ကနေအဟောင်းအပြောင်းမှာ ဆိုင်ခန်းဘိုးငွေအတွက်ခက်ခဲလို့ ဆိုင်ခန်းကိုလက်လွှဲရောင်းလိုက်ရသူတွေလဲရှိပါတယ်။
အချို့ကျပြန်တော့လဲ ဦးကျားကြီးမီးမှာ အိမ်မီးထဲပါလို့မှ နလံမထူသေးခင် ဈေးအဖျက်ခံရပြီး
လုပ်စားစရာနေရာပျောက်ပြန်တော့ စိတ်ဓါတ်တွေကျပြီး ဘဝပျောက်ကုန်သူတွေလဲတစ်ပုံတစ်ပင်။
သူ့ဘာသာသူ အရှိန်မပျက်လေးစီးဆီးနေတဲ့ ဈေးချိုရုံတွေကို ဖျက်ပြီး အသစ်တည်ဘို့စဉ်းစားကြတဲ့
လူတွေအကြောင်းကို စဥ်းစားမိရင်ပြန်တွေးကြည့်လေလေ စိတ်ထဲမှာနာလေလေပါဘဲ။
************************************************************************
သူကြီးသားကတော့ ပြောရင်းပြောရင်းဒေါသတွေထွက်လာသလိုလို။
စကားပြောရင်းတောင် အသံတွေတုန်လာပါတယ်။
“ငါတို့က ဈေးချိုတော်ကို ဖင်ပေးပြီးချီးပါခဲ့တဲ့ကောင်ကွ” လို့ငယ်တုန်းက စကားနိုင်လုပြောခဲ့
တာကိုသတိရမိပါတယ်။
သူကြီးသားတို့က တိုက်တန်းကြီးပေါ်မှာဆို်င်ဖွင့်ပြီးဈေးရောင်းလာကြတာကိုး။
သူတို့ နဲ့ဆိုင်ချင်းကပ်ရက်ကမိတ်ဆွေတွေ ဈေးချိုတော်အပြောင်းအလဲမှာငွေမတတ်နိုင်တော့
ဆိုင်မဲ့လက်မဲ့ဖြစ်သွားတာကိုပြန်ပြောရင်း သူ့မျက်နှာမှာကြေကွဲရိပ်တွေလွှမ်းလို့နေပါတယ်။
“ငါတို့ဘေးမှာအရင်တုန်းက ဘကြီးမြမောင်တို့ရဲ့ရူ့မဝပန်းသီးဖိနပ်ဆိုင်ကွာ၊
လေးစိုးမြင့်တို့ လေးကိုကြီးတို့ရဲ့အကိုင်းတေးသံသွင်းနဲ့ပဉ္စသိင်္ခတေးသံသွင်းနှစ်ဆို်င်ကွာ၊
အန်ကယ်ခင်မောင်ရဲ့ သရဖူနာရီဆိုင်ကွာ ဘဘစုနဲ့ကြီးခင်တို့ရဲ့ ခရီးဆောင်အိတ်ဆိုင်ရယ်
ဦးအေးကျော်ရဲ့စက်ဘီးဆိုင်ကွာ ဦးတင်ဝင်းနာရီဆိုင်ရယ်အောင်တော်မူနာရီဆိုင်ရယ်
လေးရွှေတို့ရဲဒါန်အိုးဒါန်ခွက်ဆိုင်တွေရှိခဲ့ကြတယ်ကွာ။
ကဲလက်ရှိဘယ်သူတွေဆိုင်ဆက်ဖွင့်နို်င်သေးလဲကွာ။
ရှေးလူဟောင်းဆိုလို့ တစ်ဆိုင်နှုစ်ဆိုင်ဘဲကျန်တော့တာလေ။
သေချာပြန်စဉ်းစားကြည့်အရင် ဒီနေရာဟောင်းတွေကိုဖျက်ပြီး
အသစ်ဆောက်ကြတော့ ဒါကြီးကိုမှီပြီး မတရားစီးပွာရှာခဲ့တဲ့သူတွေ
ကတော့ တိုက်ဆောက်ကားစီး နဲ့အဆင်ပြေခဲ့ကြတာပေါ့။
ဒါပေမယ့် သူတို့မတရားရခဲ့တဲ့ငွေတွေထဲမှာဈေးချိုသူ ဈေးချိုသားတွေရဲ့
ဘဝတွေ မျက်ရည်တွေနာကျည်းမှူ့တွေရောစပ်နေတာကတော့အသေအချာဘဲကွ”
“ဆို်င်တစ်ဆိုင်ပိတ်လိုက်ရတယ် ဆိုရင် ပေါ့ပေါ့လေးတွေးရင်တော့
ဒီပြင်အလုပ်ပြောင်းလုပ်ပေါ့ကွာ။
အေး ဒါပေမယ့် ဆိုင်တစ်ဆိုင်ရဲ့နောက်ကွယ်မှာ ဒီလုပ်ငန်းနဲ့ဆက်နွယ်နေတဲ့
ပစ္စည်းထုတ်လုပ်သူ ပြန်လည်ရောင်းပေးတဲ့သူ ဒီဆိုင်က အရောင်းသမား စာရင်းကိုင်
ကုန်ပို့တဲ့လုပ်သား တွေရဲ့
မိသားစု တစ်သီတစ်တန်းကြီး ဒုက္ခရောက်ကြရတာ”
ပြောရင်းမောလာတယ်နဲ့တူပါရဲ့ စားပွဲပေါ်က အေးစက်နေတဲ့ရေနွေးကြမ်းခွက်ကို
မော့သောက်ပြီး ခွက်ကိုဆောင့်ချလိုက်ပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
သေချင်တဲ့ကျားတောပြောင်းဆိုသလိုအပြောင်းကောင်းလို့ ဘဝပျက်ခဲ့တဲ့ပုံပြင်သစ်ကတော့
တရုပ်တန်းဈေးတ ဖြစ်လဲ ရတနာပုံဈေးကြီးပါဘဲ။
အစကတော့ ဒီတရုပ်တန်းဈေးကြီးက လမ်း၈ဝ ၂ရလမ်းကနေ၃၂လမ်းအထိမန်းလေးဘူတာရုံကိုကျောပေးပြီး
အလျားလိုက်ကြီးတည်ထားပါ။
ဒီဈေးကြီးကြောင့်ဘူတာတစ်ဝိုက်အသွားအလာရှုပ်တယ်။
သန့်ရှင်းသပ်ရပ်မူ့လဲမရှိဘူး ဆိုတဲ့အကြောင်းပြချက်ကောင်းကောင်းနဲ့ ၃၃-၃၄ကြား ရ၈လမ်းကိုပြောင်းလိုက်ပါတယ်။
ဒီဈေးကြီးနဲ့တွဲရက် မန်းလေးမြို့ရဲ့ပထမဆုံးသော အကုန်အစုံရနိုင်တဲ့ရှောပင်းမောလ်ကြီးဖြစ်တဲ့ “စကိုင်းဝပ်”ပါပေါ်ထွန်းလာပါတယ်။
မန္တလေးသူ မန္တလေးသားများအတွက်ဈေးလည်ထွက်ဘို့ နေရာဒေသသစ်တစ်ခုဖြစ်လာခဲ့သပေါ့။
အဲတော့အရင်တုန်းက လမ်းဘေးမှာ ဘမ်းခင်းပြီးရောင်းခဲ့ ပလက်ဖောင်းပေါ် ခုံခင်းပြီးထွက်ခဲ့ကြတဲ့
တရုပ်တန်းကဈေးသည်တွေလဲရတနာပုံအဆင့်မြင့်ဈေးကြီးပေါ်ကိုအလိုလိုရောက်သွားကြပါတယ်။
တရုပ်ပြည်ဘက်ကလာတဲ့အထည်အလိပ်တွေ အကျီင်္ဆိုင်တွေနဲ့ နဲ့ဓါတ်ဘူးပန်ကန်ခွက်ယောက်ရောင်းသူမှန်သမျှ
ဒီရတနာပုံဈေးအသစ်ကြီးအောက်ထပ်မှာ ဖွင့်ကြပါတယ်။
ခက်တာက ဖင်မလှည့်သာခေါင်းမလှည့်သာ ဆိုင်ခန်းကျဉ်းကျဉ်းလေးတွေမှာ ကျပ်ကျပ်သပ်သပ်ဖွင့်ကြရတော့
မီးများပျက်ရင် ဆိုင်တွေမှမှောင်မဲလို့နေပါတယ်။
မလင်းတာကတော့ လမ်းမမြင်ရအောင်ကို မှောင်မဲနေပြီး တွဲလွဲချိတ်ပြီးခင်းကျင်းထားတဲ့အထည်တွေကြားထဲမှာတိုးဝှေ့လို့သွားရပါတယ်။
မရောက်ဘူးသူများ ဒီဈေးထဲဝင်သွားမိရင် ဝင်္ကပါလှည့်သလို လမ်းပျောက်နေတတ်ပါတယ်။
ဒီဈေးကြီးက မန်းလေးနဲ့အထာကျလို့မှ မဝသေးခင် မီးထလောင်ပါတော့တယ်။
ဆောက်ထားတာက အဆင့်မြင့်အထပ်မြင့်အဆောက်အဦး။
မီးငြိမ်းသတ်တဲ့စံနစ်က ရှေးရိုးနည်းလမ်း။
အထပ်မြင့်မြင့်တိုက်ပေါ်ကိုတက်ငြိမ်းစရာ လှေခါးပါတဲ့ကားက တစ်စီးစ နှစ်စီးစ။
မီးလောင်ရင ်ငြိမ်းသတ်ဘို့အတွက်အဓိကကျတဲ့ ရေယူစရာနေရာက အနီးအနားမှာမရှိ။
မနက်ဈေးဖွင့်ချိန် ၈နာရီပါတ်ဝန်းကျင်လောက်က လောင်လိုက်တဲ့မီးကဈေးအောက်ခြေကနေ
တစ်ထပ်ပြီးတစ်ထပ်လောင်သွားလိုက်တာ လောင်စရာမကျန်တော့တဲ့ အနေအထားရောက်မှာ မီးငြိမ်းပါတယ်။
ဒါတောင် ည ၈နာရီလောက်ထိ မီးငြိမ်းလို့မပြီးသေးပါဘူး။
အောက်ခြေကနေမီးလောင်နေတော့အထက်ထပ်မှာဖွင့်ထားကြတဲ့ဆိုင်ပိုင်ရှင်တွေမှာ ဝင်ခွင့်မရလို့လက်ပိုက်ကြည့်နေရပါတယ်။
မီးလောင်တဲ့ အချိန်ကာလ အဝတ်အထည်သမားများ သင်္ကြန်အတွက်ကြိုတင်လို့ပစ္စည်းစုချိန်ဖြစ်နေတော့
ဆုံးရှုံးမူ့ကြီးမားလွန်းပါတယ်။
မီးကလောင် မီးသတ်တွေရောအရပ်သားတွေပါ ရှိစုမဲ့စု လေးနဲ့နိုင်သလောက်ငြိမ်း။
မီးကမငြိမ်း။
အန္တရာယ် ရှိတယ်ဆိုတဲ့ကန့်သတ်ချက်နဲ့ အထဲဝင်ပြီး ပစ္စည်းသယ်ခွင့်မရတဲ့ဆိုင်ပိုင်ရှင်တွေမှာလဲ
လမ်းပေါ်မှာ ငိုသူငို လဲသူလဲ မေ့သူမေ့ နဲ့ ဘဝပျက်တစ်ခန်းရပ်ပြဇာတ်ကြီးကို ကြည့်နေရသလိုပါဘဲ၊။
ဒီမီးလောင်မူ့ကြီးမှာ လူတော်တော်များများရဲ့ ဆုံးရှုံးမူ့က များပြားလှပါတယ်။
၂၀၀၆ခုနှစ်မတ်လ၂၄ရက်နေ့မှာစဖွင့်ခဲ့တဲ့ စကိုင်းဝပ်နဲ့ရတနာပုံဈေးကြီးဟာ
၂၀၀၈ခုနှစ်ဖေဖော်ဝါရီလ၂၅ရက်နေ့မှာ မယုံကြည်နိုင်လောက်စရာအဖြစ်အပျက်များနဲ့အဆုံးသတ်ခဲ့ရပါတယ်။
၁၉၈၄ခုနှစ်က လောင်ခဲ့တဲ့ဦးကျားကြီး ဝင်းမီးက မန္တလေးမြို့ကို အသဲကွဲစေတယ်ဆိုရင်
ဒီ ရတနာပုံဈေးမီးက မန္တလေးမြို့ ရဲ့ နှလုံးသားကို ချေမွှလိုက်တဲ့ မီးလို့တင်စားနိုင်ပါတယ်။
ဒီဈေးမီးလောင်သွားပုံက ဘယ်လိုမှယုံကြည်နိုင်စရာမရှိပေမယ့် လက်တွေ့အဖြစ်ကတော့ ပြာပုံဘဝနဲ့ဘဲ
အဆုံးသတ်ခဲ့ရပါတယ်။
**********************************************************************************
ရတနာပုံဈေးမီးလောင်ကျွမ်းမူ့ရဲ့အဖြေကတော့ ဈေးရုံထဲမှာထမင်းချက်တာကစပြီးလောင်တယ်ဆိုတာနဲ့ဘဲ
အဆုံးသတ်ခဲ့ရပါတယ်။
ဒီမီးလောင်မှု့ကြီးရဲ့နောက်ကွယ်မှာ မေးခွန်းပေါင်းများစွာ ပဟေဠိပေါင်းများစွာ အံ့ဩခြင်းများစွာ
မယုံကြည်နိုင်စရာတွေများစွာရှိနေခဲ့ပေမယ့် မီးတကယ်လောင်သွားတာကတော့အိပ်မက်ပမာ။
လက်ရှိအနေအထားမှာတော့ ဒီနေရာမှာဈေးသစ်ကြီးပြန်ဆောက်လို့
အိုးရှင်းစူပါမက်ကက်ကြီးဖြစ်လို့ပြန်လည်စည်ကားလို့နေပါတယ်။
ကုန်လွန်ခဲ့ပေမယ် မဝေးသေးတဲ့အတိတ်ကာလမှာ
မန္တလေးက ထီးတိုင်ဈေးကြီး မီးလောင်တယ်။
မန္တလေးက စကိုင်းဝပ် နဲ့ရတနာပုံဈေးမီးလောင်တယ်။
မုံရွာဈေးကြီးမီးလောင်တယ်။
မော်လမြိုင်မြို့မဈေးမီးလောင်တယ်။
ရန်ကုန်စမ်းချောင်းက ဂွဈေးမီးလောင်တယ်။
တောင်ဥက္ကလာပက ဟေမဝန်ဈေးမီးလောင်တယ်။
ရန်ကုန်မင်္ဂလာဈေးကြီးမီးလောင်တယ်။
ကသာဈေးကြီးမီးလောင်တယ်။
အခု သံဖြူဇရပ်ဈေးမီးလောင်တယ်။
ဒီမီးလောင်မူ့တွေနဲ့အတူ ပိုင်ဆိုင်မူ့တွေ ဘဝတွေပါသွားခဲ့တာလဲအမှန်ပါဘဲ။
ဟော မီးလောင်တဲ့နေရာမှာ ဈေးတွေထပ်ဆောက်မယ်။
ဆောက်လိုက်တာတွေက အဆင့်မြင့်အမည်တပ်ထားတဲ့ သုံးလေးထပ်အဆောက်အဦးတွေဖြစ်ကုန်တာများပါတယ်။
အဆောက်အဦအဆင့်မြင့်သလိုမီးငြိမ်းသတ်တဲ့ ပုံစံတွေ ကားတွေ စက်ကိရိယာတွေကရော တကယ်အဆင့်မြင့်ပါပြီလား။
ဈေး မီးလောင်တယ် ဟေ့ဆိုတာနဲ့ ဆိုင်ပိုင်ရှင်တွေခဗျာ ကိုယ့်ပစ္စည်းကိုယ် နိုင်သလောက်သယ်ယူခွင့်မရဘဲ
မီးလောင်တာကို မျက်ရည်လည်ရွှဲနဲ့ ငေးကြည့်နေရအုံးမှာလား။
ဒါမှမဟုတ် သူဘာသူ ပုံမှန်လည်ပတ်စည်းမျောနေတဲ့ဈေးတွေကို အကြောင်းပြချက်များစွာနဲ့
ပြန်လည်တည်ဆောက် နေကြအုံးမှာလား ဆိုတဲ့ မေးခွန်းတွေက တော့ ကျနော်တို့ စကားဝိုင်းထဲမှာ
အဖြေမရှိဘဲလွန်းပျံသွားလို့နေပါတယ်။
တကယ်တမ်းတွက်ကြည့်ရင်း “ဈေး “ဆိုတဲစကားလုံးလေးက တစ်လုံးထဲဖြစ်ပေမယ့်
ရပ်ကွက်တစ်ခု ရွာတစ်ရွာ မြိုတစ်မြို့ နိုင်ငံတစ်ခုရဲ့ ဘဝပေါင်းများစွာ။
ပိုင်ဆိုင်မူ့ပေါင်းများစွားကို မြုတ်နှံထားရာနေရာလေးတစ်ခုဖြစ်ပါတယ်။
ဒီဈေးတွေအခြေပျက်ရင် တိုင်းပြည်ကို သွယ်ဝိုက်သောနည်းအားဖြင့်ဖျက်ဆီးတယ်လို့ယုံကြည်မိပါတယ်.။
ဒီဈေးတွေ အင်အားချိနဲ့သွားရင် တိုင်းပြည်ရဲ့ အင်အားကိုချိနဲ့အောင်လုပ်တာနဲ့ အတူတူပါဘဲ။
ဒါကြောင့်ဈေးကို ပျက်အောင် ဖျက်ဘို့ ၊
ဒီဈေးအပျက်မှာ အမြတ်ထုတ်ဘို့ ကြံစည်နေသူများရှိခဲ့ရင် ရပ်တန်းက ရပ်ဘို့တော်ပြီလို့ဘဲပြောချင်ပါတယ်။
အဲတော့ ဈေးပျက်လို့ ဒုက္ခရောက်ခဲ့ဘူးကြတဲ့ မိသားစုများကလဲ
မီးလောင်လို့ဖြစ်ဖြစ် အသစ်ပြန်ဆောက်လို့ဖြစ်ဖြစ်ပျက်သွားမှာကိုတွေ့ စိုးတထိတ်ထိတ်နဲ့ကြောက်ရွှံနေကြတာကို
မိုးပြိုမှာကြောက် နေတယ်လို့ မဆိုရက်တာတော့ အမှန်ပါဘဲ။
ကြောက်လဲကြောက်စရာကောင်းတဲ့အတွေ့အကြုံဆိုးတွေကို ဘဝတွေနဲ့လဲယူထားကြရတာကိုး။
အခုတော့ နွေဦးပေါက်ရာသီလဲရောက်လို့လာပါပြီ။
စာရင်းတွေ ပိတ်ကြတော့မယ့် အချိန်လဲ နီးကပ်လာပါပြီ။
ရာသီကလဲ တစထက်တစ ပူပြင်းလို့လာပါပြီ။
နွေဦးကိုနှစ်စဉ်ကြိုဆိုနေကြ ဥဩ (မီးသတ်ကားအချက်ပေးသံ)ကလဲ မကြာခဏကြားနေရပါပြီ။
အဲတော့
ကျနော်တို့အားလုံးရဲ့ စိတ်ထဲမှာလဲ ဘယ်ဈေးများ မီးလောင်အုံးမလဲလို့ တွေးလို့
ကြောက်နေကြပါသည်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(16-2-2013)
(ဒီအကြောင်းတွေပြောပြတဲ့ သူငယ်ချင်း ကိုကျော်ကို ကျေးဇူးတင်ပါ၏)
27 comments
ကထူးဆန်း
March 2, 2013 at 11:01 am
လေးပေါက်ရေ .
ကျွန်တော် နားမလည်နိုင်တဲ့ အထဲမှာလည်းအဲ့ဒီ့ မီးဘေးကြိုတင်ကာကွယ်ရေးတွေပါတယ် ။ အသစ်ပြန်ဆောက်ကြပြီးဘာလို့ မီးဘေးကာကွယ်ရေး ၊ အရေးပေါ် ထွက်ပေါက်တွေ Direction Exit Sign တွေ မပါလဲ မတပ်ခိုင်းလဲလို့ …
တွေးကြည့်ရင်တော့ အိပ်တောင် ပျော်မှာ မဟုတ် ။
ကိုပေါက်(မန္တလေး)
March 2, 2013 at 2:29 pm
ကျနော်တို့ဆီက အဆောက်အဦတွေဆောက်တဲ့အခါမှာ တစ်ခါတစ်ရံ အဂျင်္င်နီယာဆိုသဟာက နံမယ်ခံရုံလောက်ဘဲ ပါတာမျိုးလဲရှိပါတယ်။
ကန်ထရိုက်နဲ့ပေးဆောက်လိုက်တဲ့အခါမှာ ကုန်ကျစရိတ်သက်သာအောင် အကြံအဖန်လုပ်သွားတာလဲရှိပါတယ်။
ကျနော်နေတဲ့တိုက်ခန်း က သုံးထပ် ဆယ်ခန်းတွဲ။
ကျနော်နောက်ဖေးမှာရေကန်ပါတယ် မီးသတ်ရေကန်တဲ့။
ဒါပေမယ့် အဲဒီရေကန်ကို သွားဘို့ နောက်ဖေးမှာအပေါက်မပါဘူး။
အမှန်က တစ်ခန်းစာ ချွေသွားတာ။
တကယ်လို့ရေကန်မပါရင် သုံးထပ်စာအတွက် အုတ်နံရံတက်ပေးရတော့မှာလေ။
အဲလို ပညာသားပါတာပါဗျာ။
ခိုင်ဇာ
March 2, 2013 at 11:38 am
အရင်က ကြားဖူးတာ တစ်ခုရှိတယ်။
ရန်ကုန် ယင်အုံ
မန်းလေး ပြာပုံ တဲ့။
:byae:
ကိုပေါက်(မန္တလေး)
March 2, 2013 at 2:32 pm
မန်းလေးက ပြာပုံဖြစ်ပေါင်းများပါပြီအေ
တစ်နေရာထဲကို နှစ်ကြိမ်သုံးကြိမ်လောင်တဲ့နေရာတွေလဲအများကြီးပါ။
kai
March 2, 2013 at 5:24 pm
အဲဒီခေတ်ကအုပ်တချပ်.. အမှတ်အသားပါတဲ့.. သံတိုတစက.. ဒေါ်လာ ရာချီတန်မယ်ထင်မိတယ်..
တချို့အပိုင်းတွေများ.. ထောင်..သောင်းချီနိုင်တာ…
ပြောရရင်.. ရန်ကုန်သံဈေးကိုဆောက်တဲ့သူ..အင်ဂျင်နီယာက.. စင်္ကာပူမှာလည်း.. ဆောက်တယ်..
စင်္ကာပူက..ထိမ်းသိမ်းထားပြီး.. တိုးရစ်ဇင်နဲ့ပြစားတယ်..။
အင်း..
တွေးစရာတွေ..
မြန်မာပြည်မယ်.. သမိုင်းတရားခံတွေ.. တယ်များသကိုး.. :kwi:
ကိုပေါက်(မန္တလေး)
March 2, 2013 at 9:43 pm
ကိုခိုင်ရေ
ကျနော်တို့ဆီမှာက ရှေးဟောင်းပစ္စည်းကိုပြစားရမယ်ဆိုတာ နားမလည်သေးဘူးဗျ။
ဥပမာ နန်းတွင်းကိုဝင်တဲ့ တံတားတွေထဲမှာ
စက်ရှင်တံတား(ခ)စည်ရှည်တံတား ကျနော်တို့ငယ်ငယ်ကတည်းက တံတားကအပျက်။
အမင်္ဂလာတံတားလို့သတ်မှတ်ထားတဲ့တံတားပေါ့။
နောက်တစ်ချက် ရှေးဘုရင်များလက်ထက်ကတဲက ကျန်ခဲ့တာ။
ကျန်တဲ့တံတားလေးစင်းက ပြန်ဆောက်ထားတာပြောပါတယ်။
သိပ်မကြာသေးခင်နှစ်ကမှ ဖျက်လိုက်တယ် အမှန်ဆိုရင် တိုးရစ်တွေကို ဒီတံတားပြပြီး
စိတ်ဝင်စားအောင် သမိုင်းချီပြီးပြောရင်ရတယ်။
အခု ဘာမှ မကျန်ခဲ့ဘူး။
နန်းတွင်းထဲမယ်ပြန်ဆောက်ထားတဲ့နန်းတော်ကြိးသာလှည့်ပြီး ပြနေတယ်။
သူ့အရှေ့ဘက်က မင်းတုန်းမင်း အုတ်ဂူပြစားရကောင်းမှန်းမသိ။
ရှေးဟောင်းတွေကိုဖျက်ပြီးအသစ်နဲ့အစားထိုးဘို့ဘဲကြံစည်နေတာကိုးဗျ။
ဘုတ်တလုပ်ကန်ပြစားရကောင်းမှန်းမသိ။
တကယ်ပြောရရင်တော့ရှေးဟောင်းပစ္စည်းနဲ့လုပ်စားလို့ရတဲ့ နေရာတွေအများကြီးရှိပါရဲ့။
Foreign Resident
March 2, 2013 at 6:45 pm
အဘ ရဲ့ ပုဂ္ဂလိက အမြင် ပေါ့နော် ။
စီးပွားရေး လုပ်ငန်းတိုင်းဟာ အလုံးစုံ အာမခံ အကာအကွယ် ထားရမယ် ။
မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်လို့ မြတ်တဲ့သူ အများစုက ၊
တကယ်မြတ်နေတာ မဟုတ်ဘူး ။
နိုင်ဂျံဂါး မှာက စီးပွားရေး လုပ်ငန်းတွေက ၊
ကျန်းမာရေး အလုပ်သမား လျော်ကြေး ရေ မီး အလုံးစုံ အာမခံတွေထား ၊
အဲဒီ အာမခံကြေး ပရီမီယံတွေ ပေးပြီးတော့မှ ၊
ကျန်တဲ့ / မြတ်တဲ့ အမြတ်ကိုမှ အမြတ်လို့ ခေါ်တာလေ ။
အဲဒါမျိုးဆို ရတနာပုံ ဈေးသစ်ကြီး မီးလောင်နေရင်လဲ ၊
ဈေးဆိုင်ရှင်တွေက လေချွန်တောင် ပျက်မှာ မဟုတ်ဘူး ။
ကိုယ့် ရဲ့ ရပိုင်ခွင့်တွေကို ဘယ်လောက်တောင် ကာကွယ်ထားသလဲ ဆိုရင် ၊
ဘယ်လောက်အထိ အာမခံထားကြ သလဲဆိုရင် ၊
ဝင်ငွေ အာမခံ ပါထားကြတယ် ။
အဘ မိန်းမ ဟာ Income Protection ဝင်ငွေ အာမခံ ၊
တစ်လ ကို ဒေါ်လာ တစ်သောင်း လုပ်ထားတယ် ။
အကြောင်းကြောင်း ကြောင့် ( ဥပမာ ။ ။ နေမကောင်း လို့ )
သူ့ရဲ့ ဝင်ငွေ ဟာ တစ်လ ကို ဒေါ်လာ တစ်သောင်း အောက် ရောက်သွားရင် ၊
အာမခံ ကုမ္ပဏီက ဒေါ်လာ တစ်သောင်း ပြည့်အောင် စိုက်ပေးပေတော့ပဲ ။
အခုဆိုရင် ၊ အဘ မိန်းမ က သူ့ကားကို တစ်ယောက်ယောက် လာခိုးပါစေတောင် မျှော်လင့်နေတာ ၊
ဒါမှ လျှော်ကြေး ရပြီး သူ ကား အသစ်တစ်စီး ထပ်ဝယ်လို့ ရမှာလေ ။
ဇနပုဒ် Resident
March 2, 2013 at 6:56 pm
လာခိုးမယ်ဗျာ
ကား ကို
ကိုပေါက်(မန္တလေး)
March 2, 2013 at 9:52 pm
ုနိင်ငံခြားမှာက အာမခံထားတဲ့စံနစ်က ခိုင်မာတဲ့လုပ်ငန်းတစ်ရပ်ဖြစ်နေပါတယ်။
ကျနော်ရွှေလီရောက်တုန်းက ကားနှစ်စင်းတို်က်တာတွေ့တယ်။
ဖုန်းဆက်ပြီးထားသွားတာဘဲ။
အာမခံစံနစ်က စံနစ်တကျဖြစ်ထွန်းနေတာကိုး။
ဒီမှာတော့ အာမခံထားတယ်ဆိုတာ အာပလာ။
အာမခံတော့ထားပါတယ် အလျော်က တော်တော်နဲ့မရ။
နောက်တစ်ခုက ကျနော်တို့မြန်မာနိုင်ငံမှာက ဘာမှမဖြစ်ဘဲ အာမခံပေးနေရရင် မတန်ဘူး
ထင်ကြတာကိုးဗျ။.
နောက်မြန်မာပြည်မှာအာမခံစံနစ်လုပ်ရင်လဲ အတော်လေးကို အုံးစားရမယ်။
ကျနော်တို့ဆီက လူများက ဥပဒေလက်တစ်လုံးခြား ဉာဏ်နီဉာဏ်နက် က
တယ်ပြေးတာကိုး။
သဘောပေါက်
kai
March 4, 2013 at 4:41 pm
ကိုကြီးပေါက်.. အခုရွာထဲရေးနေတဲ့..စာတွေ.ကျုပ်ဆီအာမခံထားလေ…
တလ ပွိုင့်၅၀၀ဝ ကျမယ်..
မတော်လို့.. စာတွေပျက်(ဆာဗာရပ်) သွားရင်.. ပျက်တဲ့နေ့မှာ…. ကျပ် ၁သိန်းလျှော်မယ်.. :kwi:
မိုက်ကယ်ဂျော်နီအောင်ပု
March 4, 2013 at 6:20 pm
သဘောထားတွေ ပီပျင်လာဘီ
ကိုပေါက်(မန္တလေး)
March 4, 2013 at 6:43 pm
ကောင်းပြိ ကိုခိုင် ညကျမှ အကြံထုတ်လိုက်အုံးမယ်
ဘယ်လိုလက်တစ်လုံးခြားလှည့်ရမယ်ဆိုတာကို
Mr. MarGa
March 2, 2013 at 8:06 pm
မန္တလေးမြို့က မီးကိစ္စနဲ့ ပတ်သက်လို့ကတော့ ပြောစရာ အတော်များပါတယ်။
မီးကြောင့် ပြာပုံဘဝကနေ ကုန်းရုန်းထခဲ့ရတာတွေလဲ မနည်းပါဘူး။
မန်းသူမန်းသားတွေက မီးဘေးအန္တရာယ်ကို ပိုလို့ သတိထားကြသလိုလို
ဒါပေမင့် တကယ်တန်း လောင်ပဟေ့ ဆိုရင်လဲ ကြိုးစားပမ်းစား ငြိမ်းသတ်ရပါတယ်
အခု နွေပေါက်လာပြီ
နွေထက်အရင် သတိပေးလာတာက မီးသတ်ကား ဥဩသံ
နွေရောက်မယ်မှ မကြံသေးဘူး လောင်တာက အရင်
အခုအချိန်ထိ မန်းမှာ ခေတ်မီ မီးသတ်ကားက နည်းနေသေးသလို
အဲဒါလေးတော့ တွေးမိသွားပါကြောင်း
နောက်ပြီးတော့ အပေါ်က အဘဖော ပြောထားတဲ့ အာမခံ ကိစ္စ
မြန်မာအများစုက အဲဒါတွေကို သိပ်ပြီးတော့ စိတ်မဝင်စားသလိုပဲ
တွေးမိတာ ပြောပြတာပါဗျာ
နေဝန်းနီ
March 2, 2013 at 9:10 pm
အာမခံ ကိစ္စ
မြန်မာအများစုက အဲဒါတွေကို သိပ်ပြီးတော့ စိတ်မဝင်စားသလိုပဲ
တွေးမိတာ ပြောပြတာပါဗျာ
သိပ်တွေးမနေပါနဲ့ ကိုမာဃ ရယ် ခံရတာတွေများလှပြီ စိတ်မဝင်စားတာမဟုတ်ဘူးဗျ …။ သူတို့နဲ့ပါတ်သက်ရင်အယုံအကြည့်ကို မရှိတော့တာ
ကိုပေါက်(မန္တလေး)
March 2, 2013 at 9:56 pm
နောက်တစ်ခု ဆိုးတာ က မီးလောင်တယ်ဆိုရင်
ဆိုင်ကယ်တွေ ကားတွေက မီးသတ်ကားနောက်ဇွတ်လိုက်။
မီးလောင်တဲ့နေရာမှာ မီးငြိမ်းပေးတာမဟုတ်ဘဲနဲ့လိုက်ကြည့်။
သူုတို့ကြောင့်လမ်းတွေပိတ်။.
အဲတော့အချိန်မကြာသင့်ဘဲကြာ
အတော်ကိုစိတ်ပျက်စရာပါ။
မောင် ပေ
March 2, 2013 at 8:54 pm
အခု ကွန်မင့် မန် ့နေတဲ့အချိန်မှာကို မီးလောင်နေပါတယ် ခင်ဗျ
ဘယ်မှာလဲတော့ မသိရသေး
မန်းတလေးမြို ့ကလဲ နွေတောင်ရောက်မယ် မရှိသေးဘူး
လောင်လိုက်တဲ့ မီးဗျာ
စီးပွားရေးသမားကြီးတွေများ လူမိုက်ငှါး ရှို ့ခိုင်းနေလား အောက်မေ့ရတယ်
နေဝန်းနီ
March 2, 2013 at 10:10 pm
ကပေရေ ဘယ်မှာလောင်တာတဲ့လဲ အိပ်မပျော်အောင်တော့လုပ်လိုက်ပြန်ပြီ
မောင် ပေ
March 3, 2013 at 8:26 pm
စနေ နေ ့ည က ဗျ
မန်းတလေး စံပြလမ်း နားမှာ မီးလန် ့တာတဲ့
မီးသတ်ကားတွေ သွားကြတော့ ကိုယ့်မှာလဲ ရင်တထိတ်ထိတ်ပေါ့
ကိုပေါက်(မန္တလေး)
March 2, 2013 at 9:58 pm
နွေရောက်ပြီ။
မီးသတိပြုကြပါ.။
လောင်လျင်ပြောင်ပြီ သာမှတ်။
ဓါတ်ဆီဆိုင်များ မြို့လည်ခေါင်တွင်ရှိနေပါသည်။
ယခုအချိန်ထိ တရားမဝင်ဓါတ်ဆီဆိုင်များကလည်း ရပ်ကွက်ထဲတွင်ရှိနေပါသည်။
ဖြေရှင်းပေးမည့်သူက မလားသေး။
ဆန္ဒဖော်ထုတ်ရန် စောင့်ဆိုင်းနေကြပါသည်။
padonmar
March 3, 2013 at 12:38 am
ကိုပေါက်ရေ
ကောင်းလိုက်တဲ့ ပို့စ်။
ဒါကြောင့် အဘဖေါက ဖွဘုတ်က စာကို တင်ပေးပါ တောင်းဆိုတာကိုး။
………
အခု အလုပ်တွေလုပ်နေကြတာ သူ့ထက်ငါ အပြိုင်အဆို်င် ဈေးပိုပေးဝယ်တယ်၊ဈေးလျှော့ရောင်းတယ်။
နာမည်ကြီးလာရင် ကြွေးယူတယ်။
မဆပ်နိုင်တော့ရင် ပြေးမယ်။
အာမခံတွေ၊အခွန်တွေ၊ဝန်ထမ်းစားရိတ်တွေ တွက်နေတဲ့လူတွေက လူအတွေတဲ့ ကိုပေါက်ရေ။
စိတ်နာတယ်။
ကိုပေါက်(မန္တလေး)
March 3, 2013 at 1:50 pm
အင်း မမာပြောမှ အကြွေးယူဆိုင်ဖွင့် တောင်းရင်မကြိုက် ပိုစ်လေးရေးဘို့သတိရသွားပြီ။
ဦးဦးပါလေရာ
March 3, 2013 at 2:14 am
ကိုယ်က ဈေးနားနေပါတယ်ဆိုမှ-
ကိုပေါက်ပို့စ်ဖတ်ပြီး အိပ်တောင်ပျော်ပါ့မလားမသိ..။
:kwi:
ကိုပေါက်(မန္တလေး)
March 3, 2013 at 1:52 pm
ပျော်အောင်အိပ်ပါ ကိုကိုပါ။
လူ့ဘဝအကြောင်းတရား
ကောင်းမလား ဆိုးမလား
စဉ်းစားမနေတော့ပါဘူး
သူ့အလိုအတိုင်းရှိစေ……………………..
uncle gyi
March 4, 2013 at 12:10 am
နွေရောက်ပြီ
ဈေးဝယ်များပြီးပြန်မဆောက်ရသေးတဲ့ဈေးဟောင်းများသတိထားပါ
ဟောင်းပြီဆိုတော့အသစ်လောက်မကောင်းနိုင်ပါ
သူတို့ပဲအသစ်ကလေးအသစ်ကလေးနဲ့
အခုတော့တမျိုးပြောပြန်ပြီ
မိုက်ကယ်ဂျော်နီအောင်ပု
March 4, 2013 at 6:18 pm
ဟုတ်တော့လည်းဟုတ်တယ်ဗျ မြန်မာပြည်မှာဖြစ်ပုံတွေက ပြောရလည်းအခက်ဘဲ
အခြေခံဖြစ်လာတဲ့ပြဿနာလို့ဆိုရမလား
ဥပမာ ဈေးအဟောင်းတစ်ခုကို အသစ်ဆောက်ဘို့ အစီစဉ်ဆွဲလိုက်ပြီဆိုပါတော့
လက်ရှိဆိုင်ပိုင်ရှင်တွေက သူတို့ဆိုင်ခန်းနေရာတွေကို အသစ်ပြန်ဝယ်ရသလိုဖြစ်သွားတယ်
ဆိုခြင်တာက ဈေးအသစ်ကိုဆောက်မဲ့သတ္တဝါတွေက အပီဝါးဘို့ဘဲတွေးတာ
သဘောအရ ဈေးအသစ်ဆိုတာကိုဆောက်တော့မယ်ဆိုကတည်းက
မူရင်းဆိုင်ခန်းပိုင်ရှင်တွေကိုတော့ တစ်ခန်းစီပြန်ပေးသင့်တာပေါ့
နေရာကိုတော့ မဲဖေါက်ပြီးဖြစ်စေ ကြေးထပ်ပြီးဖြစ်စေပေါ့
ခုက အဲ့လိုမဟုတ်ဘူး နွားတွေက
ဈေးဟောင်းကိုဈေးသစ်ဆောက်မယ် အခန်းတွေတိုးချဲ့မယ်
ဆိုင်ရှင်ဟောင်းတွေကို အခန်းဦးစားပေးမယ် ဒါပေမယ့် သူများဈေးဘဲ
အဲ့သည်အခါကြတော့ ဈေးခန်းပိုင်ရှင်တွေက ဈေးသစ်အစီစဉ်ကို လက်မခံကြတော့ဘူး
လက်မခံတော့ မီးရှို့ရော
မီးရှို့တော့ ဘဝပျက်ရော
ကျုပ်လည်းအခု ဒဘဲ့တွေမွေးနေတယ်
အဲ့သည်မီးလောင်တဲ့ဈေးကိုအသစ်ပြန်ဆောက်တဲ့ ကန်ထရိုက်တွေ နဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို
စနိုက်ပါနဲ့ချောင်းပြစ်ဘို့
လောလောဆယ်တော့ ပြေးဘီ
ဂိန်ဂိန်ဂိန်
ကိုပေါက်(မန္တလေး)
March 4, 2013 at 10:39 pm
ကိုခိုင်
အာမခံထားဘို့စဉ်းစားလိုက်တော့
တစ်လငါးထောင် တစ်နစ်ခြောက်သောင်း။
ကိုခိုင်ပေးမှာနဲ့ဆိုလတိုင်း အနုတ်ပြပြီးအကြွေးတင်လိမ့်မယ်။
အခုတောင် နေ့တိုင်းနီးပါးလောက်ပိုစ်တင်တာတောင် သုံးလရှိပြိ အမှတ်က 9000စွန်းစွန်း။
ကြွေးတင် ကျွန်ဖြစ်တဲ့။
တော်ပြီ
တစ်လ တစ်ထောင်ဆိုအာမခံထားမယ်ဗျို့.
ငါးထောင်များတယ်။
darlimayaye
March 4, 2013 at 11:37 pm
ကိုပေါက်ရေ
သတိထားစရာပါဘဲ။
မီးတကာ့မီးကြံရာမရတဲ့ရှို ့မီးမဖြစ်စေဘို ့ဆုတောင်းရမှာပါဘဲ။
အားလုံးဒုက္ခရောက်ကြရလို ့ပါဘဲ။။။