“ဝါကျသစ်ပင်၌ ခပ်နက်နက်စိုက်ဝင်နေသော ငါ၏သစ္စာမြား”

(၁)

ငါ့ကိုယ်ငါ လောင်ကျွမ်းလိုက်သည်။ ပြာဖြစ်ပြီးနောက် နိဗ္ဗာန်ဘုံ ပေါက်လာ၏။ သင်တို့ နေထိုင်နိုင်သည်။ ငါပစ်လွှတ်လိုက်သော ဓားပျံများသည် ဝေ့ကာဝိုက်ကာဖြင့် သင့်နှလုံးသားပေါ် တေးသီချင်းများ သီဆိုကြလိမ့်မည်။ မကြောက်ပါနှင့်။ ကဗျာဟု ငယ်သံပါအောင် ငါအော်ဟစ်ခြင်းသည် ငါ၏ မွေးရာပါ ရောဂါတစ်ခုပင်။

စွန့်လွှတ်ခြင်းသည် ပိုင်ဆိုင်ခြင်းမည်၏ဟု ပညာရှိအချို့က ဆိုကြသည်။ ထို့ကြောင့် ငါသည် အနုပညာကိုစွန့်၏။ အနုပညာက ငါ့ကို ပိုင်ဆိုင်သွားသည်။

လက်ညှိုးထိုးတိုက်ပွဲကြီး ခေတ်အဆက်ဆက် တည်တံ့ခဲ့သည်မှာ အဘယ်ကြောင့်နည်း။ သူငယ်ချင်းတစ်ယောက်၏ ထိုအမေးကို ငါ သူ့ကို ပြန်ပြီ လက်ညှိုးထိုးချလိုက်သည်။ သူ အဖြေသိသွားသည်။

“မာယာချင်းပြိုင် ဘယ်သူနိုင်” အစီအစဉ်ကို နေ့စဉ်တီဗွီ၌ လွှင့်၏။ ဂျာနယ်၌လည်း ပါ၏။ ထို့ပြင် ဝက်ဆိုဒ်တွင်လည်း တင်လိုက်သေးသည်။ “ရှူးပျံဖမ်းမယ်၊ ဂေါ်ဇီလာဖမ်းမယ်”ဟု ကြွေးကြော်သံများ ပိုကျယ်လောင်လာကြသည်။ ခက်သည်က သူ့တို၏ လိပ်ပြာကိုပင် သူ့တိုမိအောင် မဖမ်းနိုင်ကြချေ။ ကြားရသော သတင်းအရ ယင်းလိပ်ပြာများသည် ကျိန်စာအတိုက်ခံရ၍ မိစ္ဆာဆိုးများ ဖြစ်ကုန်ကြ၏။

အခုတည်းက ရှင်းပစ်ရခက်သော ဇီးမြစ်ကို အားထုတ်တူးဆွ နှုတ်ပစ်သင့်၏။ အပင်ကြီးလာမှဆိုပါက သင့်ကို ဆူးစူးစေလိမ့်မည်။ ဒဿဂီရီဖြစ်သော ငါသည် ကဗျာကို ရာမထက်ပိုချစ်ခဲ့၏။

ပုရွက်ဆိတ်လောက်သာ မကောင်းမှုပြုဖူးသူသည် သေသော် အနံ့မထွက်။ ဝေလငါးလောက် မကောင်းမှုပြုဖူးပါက မသေခင် အနံ့ထွက်လိမ့်မည်။ ဘာသာစကားမည်သို့ပင်ခြားခြား သူတို့၏နှလုံးသားကို ငါတို့၏ နှလုံးသားဖြင့် တိုက်ရိုက်ခံစားနိုင်၏။ “ဘိုင့်ဘိုင်”ဟု ပြောပြော၊ “တာ့တာ”ဟု ဆိုဆို လက်ပြခြင်းသည် နှုတ်ဆက်ခြင်း သင်္ကေတတစ်ခုပင်။

မှားခဲ့ပြီးသောမည်သည့်အရာမဆို အရင်အတိုင်း ပြန်ပြင်လို့ ရမည်မဟုတ်ချေ။ အကယ်၍ ပြန်ပြင်လို့ရမည်ဆိုပါက မီးကျွမ်းသွားသော အကျီင်္တစ်ထည်အား ပကတိပြန်ဖြစ်အောင် ပြုလုပ်စေချင်သည်။

(၂)

ကလေးများက အသက်မြန်မြန် ကြီးချင်ကြသည်။ လူကြီးများက အသက်ပြန်ပြန် ငယ်ချင်ကြသည်။ မည်သို့ပင်ဆိုစေ နာရီကတော့ လက်ယာရစ်လည်မြဲတည်း။

ဘဝကို သင်မည်ကဲ့သို့ တံဆိပ်ကပ်မည်နည်း။ ဆရာဦးအောင်သင်းကတော့ အချိန်ဟု ဆိုခဲ့ဖူးသည်။ သို့သော တချို့က အနုပညာ၊ တချို့က ငွေကြေး၊ တချို့က ဂုဏ်သိက္ခာ၊ တချို့က….စသည်ဖြင့်။ နောက်ဆုံးတော့ ဘဝဟူသည် ပြဇာတ်မျိုးစုံကခဲ့ဖူးသော ဇာတ်စင်တစ်ခုဟု ကောက်ချက်ချရပေလိမ့်မည်။

နွားနို့စစ်စစ်ဟုဆိုသော ရေရောနွားနို့များအား လူတိုင်းသောက်သုံးဖူးကြမည်။ သဘာဝသီးနှံအစစ်ဟု ဈေးသည်ပြောသော်လည်း ကိုယ်တိုင်စားကြည့်မှ သိနိုင်ပေလိမ့်မည်။ အတု၊ အစစ်၊ အရောအနှောဟူသော အရာသုံးမျိုးသည် မည်သည့်နယ်ပယ်မဆို ခြေကုပ်နေရာယူလျှက်ရှိ၏။ ထို့ကြောင့် ငါတို့သာ ပညာမျက်စိကန်းနေမည်ဆိုပါက……။

တရားနာဖူးသူတိုင်း တရားရလိမ့်မည်ဟု ငါမထင်ခဲ့ချေ။ တရားတကယ်နာတတ်မှသာ တရားရနိုင်ပေလိမ့်မည်။ မဟုတ်ပါက အသောကမင်းကြီးလို တရားနာဖူးသော်လည်း နှလုံးသားအထိ မရောက်သဖြင့် မြွေဖြစ်ခဲ့ရသည်။ ထို့ကြောင့် တရားပွဲပြီးတိုင်း သင်တို့ ကျန်ခဲ့/ချန်ခဲ့သည့်အမှိုက်များအား တစ်ပါးသူ ရှင်းလင်းရမည့်အဖြစ်မျိုး မရှိစေသင့်။

ပေါ်ပင်မြစ်ထဲ ယောင်စီးဆင်းမည့်ရေများ များများလာပါသည်။ တစ်ကောင်အူတိုင်း ရောယောင်လိုက်အူကြခြင်းသည် လူမဟုတ်ချေ။ ကိုယ်က တီထွင်သူဖြစ်မှသာ ခေါင်းဆောင်ဖြစ်နိုင်၏။ သို့မဟုတ်ပါကား….။

အမှန်တရားဟူသည် မနှစ်သက်သူအတွက် နားထဲကို ဘလက်ခ်ကော်ဖီမစ် လောင်းထည့်လိုက်ခြင်းပင်။ မှန်တာပြော ရွာပြင်ထုတ်ခံရမည်ဟု မည်သည့်ဘုရားမှ မဟောခဲ့။ ထို့ကြောင့် လူသားတို့ စောင့်ထိန်းအပ်သော ကံငါးပါးတွင် မုသာဝါဒကံလည်း အဓိကပါဝင်လာခြင်းဖြစ်၏။

“တစ်ကောင်တည်း ခြသေ့င်္” ဟူသော စကားပုံကို “တစ်ယောက်ဆို သေလူ”ဟူသည့် စကားပုံက လှောင်၏။ အချစ်သီချင်းတစ်ပုဒ်က ပေးဆပ်ခြင်း စာသားများနှင့် မွန်းမံထားသည်။ နောက်သီချင်းတစ်ပုဒ်မှာကား ရယူခြင်းစာသားများနှင့် တည်ဆောက်ထားပေ၏။ ထို့ကြောင့် ငါတို့ရင်ဆိုင်ရသော လောကဓံသည် မျက်နှာနှစ်ဘက်ရှိသော သက်ရှိတစ်ကောင်ဖြစ်ခြင်းပင်။

(၃)

လာမည့် ၂၀၁၅ရွေးကောက်ပွဲတွင် ငါသည် မဲတစ်မဲဖြစ်လိမ့်မည်။ (+)(-)ကို ချိန်ပြီး တစ်ခုခုကို ငါတို့ ထုံးသုတ်ရလိမ့်မည်။ သို့မှသာ ငါတို့သုတ်ခဲ့သော အဖြူရောင်(ထုံး)သည် ထိုသူ၏နှလုံးသားထဲအထိ အရောင်စွဲသွားပေလိမ့်မည်။

ယခုအခါ နွေစတင် ဝင်ရောက်လာပါပြီ။ ဥဩအသံများ မကြားရ။ သို့သော် အိမ်သုံး/ဆိုင်သုံး မီးစက်များ စတင် အသက်ဝင်လာကြ၏။ ထို့ကြောင့် ဖယောင်းတိုင်များ ဈေးတက်သွားသည်။ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဘာဆီ ညာဆီတို့သည် လည်းကောင်း……။

လူမှန်သမျှ အမှားမကင်းနိုင်ဟု ကြားခဲ့ဖူး၏။ ရုံးမှန်သမျှတော့ လာဘ်ဖိုး(မုန့်ဖိုး) ကင်းစေချင်သည်။ ရွှေပြည်တော် မျှော်တိုင်းဝေးတော့ မဖြစ်သင့်။ တို့မျှော်ပြီး မျှားသောငါး ခပ်ကြီးကြီးသာ မိစေချင်သည်။

ကြည်ကြည် ငရဲက လွတ်မြောက်လာပါပြီ။ ထို့နောက် တရုတ်ကို “တစ်အားယုတ်”၊ ထိုင်းကို “မိုင်း”ဟု ခေါ်တတ်သွားသည်။ နောက်ပေါက်ကြည်ကြည်များသည်လည်း ထို့နည်းလည်းကောင်း။ လူလူချည်း ကျွန်ပြုစနစ် ပျက်သုဉ်းပါစေသတည်း။

သားရဲအုပ်သည် ကြောက်စိတ်ကြောင့် မုဆိုးကို အရှုံးပေးရ၏။ ထို့ကြောင့် အခါခါလည်း သေပွဲဝင်ရသည်။ သူတို့သာ စည်းလုံးပြီး အသေခံ တိုက်ခိုက်မည်ဆိုပါက မုဆိုးလည်း ပြေးရမည်သာတည်း။

တချို့စိတ္တဇလူသတ်သမားများက လက်နက်ဖြင့် လူကို သတ်၏။ တချို့မှာမူ လက်နက်မပါလည်း လူကို သတ်နိုင်၏။ ဘယ်အမျိုးအစားက ကြောက်ဖို့အကောင်းဆုံးဟု သင်ထင်သနည်း။

မှောင်နေသာမြို့က အလင်းကို မျှော်ကိုးမည်။ သို့သော် တစ်မြို့လုံးလောင်ပြီးမှ လင်းသော အလင်းမျိုးကား မဟုတ်ချေ။ လမင်းလို အေးမြသော အလင်းမျိုးကိုသာ အလိုရှိ၏။

အကောင်းပကတိ မွေးဖွားသော လူသားများက ကိုယ့်ကိုယ်ကိုယ် သတ်သေကြသည်။ ချို့ယွင်းချက်ဖြင့် ဒုက္ခိတသမားများက ကြယ်များကို ဆွတ်ယူသွားကြသည်။ သေတ္တာထဲ၌ အောင်မြင်မှု ကျိန်းသေရှိ၏။ မဖွင့်တတ်သူမှာကား…..။

သတိက အတော်ဆုံး စစ်သူကြီး ဖြစ်၏။ ယင်းက စိတ်လို မကောင်းဆိုးဝါးကိုပင် ငြိမ်အောင်ထိန်းနိုင်၏။ စစ်သူကြီးကို ပိုင်ဆိုဖို့မှု သင်ဘုရင်ဖြစ်ရပေလိမ့်မည်။

(၄)

စစ်က ခေတ်အဆက်ဆက်သီဆိုရသော နာမည်ကြီး တေးသီချင်းပင်။ အာလုံးမျက်ရည်ဝဲစွာ သီဆိုကြရသည်။ ငြိမ်းချမ်းရေးက ဟိုကန်ဒီကန်ခံရသော ဘောလုံး။ ထို့ကြောင့် ယင်းခေါင်းစဉ်အောက်၌ ငါတို့ နှလုံးသွေးတွေ ညှစ်ထုတ်ခဲ့ဖူး၏။ အနီရောင်မြစ်ကြီးတစ်စင်း ဖြစ်တည်လာပါသည်။ သင်ခပ်သောက်ချင်သည် ဆိုပါက…

“ကွဲသွားတဲ့ဖန်ခွက် ဆက်မဲ့သူမရှိ ကြေမွနေ

မျက်လှည့်ဆရာရဲ့ အကောင်းဆုံးပြကွက် သူ့ကိုယ်သူ ဖျောက်ပစ်လိုက်တယ်

ဘယ်တော့ပေါ်လာမှာလဲ… ငြိမ်းချမ်းရေးငုပ်ကောင်

Doorပိတ်ထားသော ပန်းငုံလို ညှော်မိပြီး အိပ်နေပုံ

လူစားဝင် လူဝင်စားတွေက ဟစ်တလာတွေ ထပ်မွေးတယ် အပြွတ်လိုက်

စတာလင်တွေ ထပ်မွေးတယ် အခိုင်လိုက် အို…ဘုရားသခင်

ဦးချိုယား ဆိတ်လိုလူတွေများ မည်းမည်းမြင်ရာ ခွေ့ ခွင့်ပြုလေသလား

စပေါက်စ မြက်ပင်တွေခမျာ အမြစ်ပါမကျန် အနှုတ်ခံခဲ့ရ

ပြော… စိုက်မဲ့လက်ကျ နှေးနေ/လေးနေတာ ဘာကြောင့်လဲ

ငါတို့ မျှော်နေကြပါတယ်… သံလွင်ခက်ကိုက်ဂျိုးဖြူရယ်…

သင်လာရင် အဝေးက ရေတွင်း မပြနဲ့ အနီးကပ် ရေခပ်တိုက်ပါ

မျက်ရည်မြစ်ကိုချုံ့ ပါ ပဋိပက္ခကိုဖြုတ်ပါ

ငါတို့ အသက်လုပြီး တူပုန်းတမ်း မကစားချင်တော့ဘူး

အနိဋ္ဌာရုံတွေ မီးငြိမ်း လက်နက်ကြီး/သေး အ,နေကြပါစေ

သို့။။။

ကမ္ဘာကြီးရယ်… ငါတို့ လောဘကြီးတယ်ပဲ ဆိုပါစို့

ခွက်အပြည့် ငြိမ်းချမ်းရေးကို အလျှံပယ်လိုချင်လှပြီ

“အမြန်ပေးပါ… အမြန်ပေးပါတော့…”

ငါတို့ စုပ်ဝဲတွေလို အတွင်းလှိုက်ပြီး ဆာလောင်နေကြတယ်”

သို့ဖြစ်၍ ယုန်ဖြူများ စိမ်းစိမ်းစိုစို မြက်ခင်းကိုသာ အလိုရှိသလို၊ ငါတို့လည်း လှပသော သက်တန့်ကိုသာ ပိုင်ဆိုင်ချင်ကြ၏။ ဖြစ်နိုင်လျှင် ကမ္ဘာပေါ်ရှိလူအားလုံး မေတ္တာပန်းပင်ချည်း စိုက်ပျိုးစေချင်သည်။ တစ်ဦးတစ်ယောက်မျှ မကျန်စေသင့်။ ထိုပန်းသည်သာ စကြာဝဠာလျှံအောင် အဆုံးမရှိတန်ခိုးဖြင့် ဖူးပွင့်ဝေဆာလာမည်ဆိုပါက…..။ ။

စေပိုင်ထွဋ်(ပုသိမ်)

2 comments

  • မောင် ပေ

    March 10, 2013 at 1:15 pm

    သစ္စာမြား
    စစ်ဟာခါး
    လစ်မှာဖား
    ယစ်လာနား
    ချစ်ပါများ
    မေတ္တာထွား

  • kai

    March 10, 2013 at 2:59 pm

    ဆန်းတယ်ဆိုတဲ့အကောင်က.. အတွေးရောထားတဲ့..အရေးတွေကို.. မိတ်ဆွေဖွဲ့တယ်..။
    ကဗျာတွေအများကြီးကို.. ရေနွေမကျက်တကျက်နဲ့ မျောသောက်လိုက်ရသလိုလို..
    အော်..
    ရေနွေးပွက်ပွက်တွေကို.. ကဗျာခတ်ပြီးသောက်လိုက်သလိုလို..
    ပါးစပ်နဲ့မဟုတ်..နားနဲ့သောက်ခဲ့…။
    ဒါပေမယ့်..
    ချိုမြိန်အရသာခံရတာကတော့.. မျက်လုံးက..။

Leave a Reply