“ဤမှန်သော ချစ်ခြင်းမေတ္တာကြောင့်…”
(၁)
“ဘေးဖယ်… ဘေးဖယ်၊ ဒီစက်ဘီးက ဘရိတ်မမိတော့ဘူး၊ ဟင်… ဟောတော့…”
“ဝုန်း… အား…”
စာကြည့်တိုက်ထဲက ထွက်ထွက်ချင်း မောင်မိုးတစ်ယောက် အီစလံဝေသွားတယ်။ မဝေခံနိုင်ရိုးလား။ ပေါင်ကြားတည့်တည့်ကိုမှ အိစံရဲ့စက်ဘီးက ဝင်တိုက်တာလေ။
မောင်မိုးခမြာ မျက်နှာကြီး ရှုံမဲ့ရင်း…
“အားလား…လား၊ ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲ၊ ကျွန်တော့်ကို လူဖြစ်ရှုံးအောင်လို့ တမင်သက်သက်များ ကြံစည်လိုက်တာလား”
“မဟုတ်ပါဘူးရှင်၊ အိစံ တောင်းပန်ပါတယ်၊ အိစံ တမင်သက်သက်လုပ်တာ မဟုတ်ရပါဘူး၊ ဟိုလေ… ဟို ရှင် ဘာဖြစ်သွားသေးလဲ”
“အင်း… ဟိုဟာ၊ အာ… ဘယ်လိုပြောရမလဲ၊ တော်ပြီဗျာ၊ ခင်ဗျား ဘာတွေ မေးနေမှန်း မသိဘူး၊ သွားတော့မယ်”
မောင်မိုး ရှက်ရှက်နဲ့ မျက်နှာကြီးနီပြီး သူရပ်ထားတဲ့ စက်ဘီးရှိရာကို ပြေးသွားတယ်။ အဲ့ဒီကို ရောက်တောင်မရောက်သေးဘူး။ နောက်က ကောင်မလေးရဲ့ တခစ်ခစ်ရယ်သံကို ကြားရတယ်။ ဒါနဲ့မောင်မိုး ကိုယ့်ကိုယ်ကိုယ် မသင်္ကာလို့ ငုံကြည့်မိတော့ ပုဆိုးက စက်ဘီးကြောင့် ပေါင်ကားသလိုဖြစ်သွားချိန်မှာ တုပ်ပြီး ပြဲသွားတယ် ထင်ရဲ့။ ဒူးခေါင်းလောက်အထိ တောက်လျှောက်ကြီး ဟက်တပ်ကွဲနေတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မောင်မိုး ခေါင်းတွေကုတ်ပြီး ကြံရာမရဖြစ်နေပြီ။ စိတ်ထဲမှာလည်း “တော်တော်ဂြိုလ်မွှေတဲ့ မိန်းကလေးလို့” ကျိန်းနေမိရဲ့။ ကျိန်းတာလည်း မောင်မိုး အလွန် မဟုတ်ပါဘူး။ ဒီကွဲနေတဲ့ ပုဆိုးချည်းနဲ့သာ မောင်မိုး အိမ်ကို စက်ဘီးနင်ပြန်လို့ကတော့ အရှက်တွေ စံချိန်တင်လောက်အောင်ကို ဗြန်းဗြန်းကွဲမှာ။ အဲ့ဒါနဲ့ မောင်မိုး ကွဲနေတဲ့ပုဆိုး နှစ်စကို ဆွဲစေ့ပြီး ထိုင်ငိုင်နေမိတယ်။
(၂)
မောင်မိုးတစ်ယောက် ဘာလုပ်ရမှန်း၊ ဘာကိုင်ရမှန်းမသိ အကြပ်ရိုက်နေတာ တော်တော်ကြာသွားတယ် ထင်ရဲ့။
“ရော… အင့်”
ထိုအချိန် အိစံက မောင်မိုးလက်ထဲကို ပုဆိုးအသစ်တစ်ထည် လှမ်းပစ်ပေးလိုက်တယ်။ ရုတ်တရက်ကြီးဆိုတော့ မောင်မိုးလည်း လန့်သွားတာပေါ့။
“အောင်မလေး… မြတ်စွာဘုရား၊ ဟင် ဘကြီးလဲ၊ ဟာ… ပုဆိုးအသစ်တစ်ထည်ပါလား”
“ဟို… ဟို ရှင်လန့်သွားတာလားဟင်၊ အိစံခေါ်နေတာကြာပြီ၊ ရှင်မကြားလို့၊ အဲ့ဒါနဲ့…”
“တော်ပြီ၊ ငါသိပြီ ဂြိုလ်မလေး၊ ဒါနဲ့ ဒီပုဆိုးကို ဘယ်က ဘယ်လိုရလာတာလဲ”
“အိစံ ခုနကပဲ သွားဝယ်လိုက်တာလေ၊ အိစံကြောင့်ဖြစ်တာမို့ အိစံမှာ တာဝန်ရှိတယ်မဟုတ်လား၊ အဲ့ဒါကြောင့်မို့…”
“ဟာ… မဟုတ်တာ၊ အိစံကြောင့်ချည်းပဲလည်း မဟုတ်ပါဘူး၊ ကျွန်တော်ကိုယ်တိုင်ကလည်း စက်ဘီးဝင်လာတာကို သတိမထားမိတာ ပါပါတယ်”
ကိုမိုးလည်း ပုဆိုးအသစ်မျက်နှာနဲ့ အိစံကို ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံလာပါပြီ။ ဒါတင်ပဲလားတော့ မဟုတ်ဘူး။ အိစံရဲ့ သဘာဝအလှနဲ့ သူမရဲ့ ချိုမြတဲ့အသံကြောင့်လည်း ပါတယ်။
ကိုမိုး စာကြည့်တိုက်ရဲ့ အိမ်သာကနေ ပုဆိုးလဲဝတ်ပြီး ပြန်ထွက်လာတော့ အိစံကို မတွေ့တော့ဘူး။ ကိုမိုး ဟိုဒီ ရှာကြည့်ပါသေးတယ်။ နောက်ဆုံးတော့ အိစံပြန်သွားတာ လက်ခံလိုက်ရတယ်။ စိတ်ထဲကလည်း ကိုမိုး သူ့နာမည်တောင် မပြောဖြစ်လိုက်တာ ဝမ်းနည်းနေမိတယ်။ ပုဆိုးကိစ္စကြောင့် နှုတ်တောင် မဆက်ဖြစ်သေးတာမို့ မောင်မိုး တာက်တခေါက်ခေါက်နဲ့။
(((ဂြိုလ်မလေးရယ်…
နင်ဆွဲဖွင့်လိုက်တဲ့
အံဝှက်ထဲက နှလုံးသားဟာ ငါပေါ့
ခုတော့ တဒုတ်ဒုတ်နဲ့ အသက်ဝင်လာခဲပြီ)))
(၃)
ကိုမိုး နေ့တိုင်း စာကြည့်တိုက်ရှေ့မှာ အိစံ(ခေါ်)ဂြိုလ်မလေးကို တွေ့ချင်စိတ်နဲ့ ထိုင်စောင့်နေမိတယ်။ နေ့ထွက်နေဝင်မပြတ် စာကြည့်တိုက်ရှေ့က ခုံတန်းလေးမှာ သူဘယ်လိုပဲ ထိုင်စောင့်စောင့် ဂြိုလ်မလေးကတော့ ပေါ်မလာခဲ့ပါဘူး။ ကိုမိုးခမြာ ပထဆုံးအချစ်လို့ သတိထားမိလိုက်ချိန်မှာပဲ ပထမဆုံးအလွမ်းနဲ့ စတင်မိတ်ဆက်ခဲ့ရတယ်။
(((ဂြိုလ်မလေးရယ်…
မင်းမသိဘဲ ချည်ခဲ့တဲ့အချစ်ကြိုး
အလွမ်းထုံးကြီးကြီးပဲ ဖြစ်ပါစေ…
“ငါ” ပြန်မဖြည်တော့ဘူး)))
ဒီလိုနဲ့ တတိယနှစ်ကျောင်းသားကြီး ကိုမိုးတစ်ယောက် ကျောင်းပြီးခဲ့ပါပြီ။ ဒီအချိန်မှာပဲ ကိုမိုးအဖေ ရုတ်တရက်ကြီး နှလုံးအမောဖောက်ကာ ဆုံးပါးသွားခဲ့တယ်။ ကိုမိုး အမေကတော့ သူ့ကိုမွေးစတည်းက မီးတွင်းထဲမှာ ဆုံးပါခဲ့တာကြာပါပြီ။ အရင် သာအဖနှစ်ယောက်သာရှိတဲ့ ပျော်ရွှင်ဖွယ်အိမ်ကလေးဟာ ခုတော့ ကိုမိုးတစ်ယောက်တည်းပေါ့။ အထီးကျန်နေရပြီ။
အိမ်မှာ ဘယ်သူ့မှမရှိတော့ ကိုမိုး ဘယ်ပျော်တော့မလဲ။ အဲ့ဒါနဲ့ ဒီအိမ်လေးကို ရောင်းပြီး ကိုမိုး ရန်ကုန်တက်ကာ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဂြိုလ်မလေးကိုလည်း အဲ့ဒီနယ်မှာ တွေ့လိုတွေ့ငြား ရှာပုံတောင်ဖွင့်ရင်းပေါ့။
(၄)
ကိုမိုးလက်ထဲမှာရှိတဲ့ အန်တီကြီးရဲ့လိပ်စာကို ဖြန့်ကြည့်လိုက်တယ်။ အန်တီကြီးဆိုလို့ ပြောရအုံးမယ်။ အန်တီကြီးဆိုတာ သူအသက်ကယ်ခဲ့ဘူးတဲ့ ဒေါ်ပိုးဖြူပေါ့။
အကြောင်းစုံကို ပြန်နွေးရရင် ကိုမိုးတို့ သူငယ်ချင်းတွေ ပထမနှစ်ဝက် စာမေးပွဲတွေဖြေပြီးချိန် ချောင်းသာကို အပန်းဖြေခရီးထွက်ကြတယ်။ အဲ့ဒီမှာ ဟိုဘက်ကမ်းဘက်မှာရှိတဲ့ စေတီကို ပို့ပေးတဲ့ ကူတို့လှေလေးတစ်စင်းနစ်သွားတယ်။ ကိုမိုးလည်း အဲ့ဒါကို မြင်လိုက်တော့ ပြေးဆယ်တာ ကံကောင်းထောက်မစွာနဲ့ အန်တီကြီးကို ဆယ်လိုက်နိုင်တယ်။ ကူတိုးသမားကတော့ တော်တော်အားကိုးရတယ်။ ကိုမိုး အန်တီကြီးကို ဆယ်ပြီးပြန်လာတော့ ကူးတို့သမားက ကမ်းစပ်ကို ပြန်ရောက်နေပြီလေ။ ကမ်းစပ်မှာကျန်ခဲ့တဲ့ သူ့ယောက်ျားကလည်း ကိုမိုးကို ကျေးဇူးတွေတင်၊ အန်တီကြီးကဆို သူ့ကို သားသား သားနဲ့ ပါးစပ်ဖျားကကို မချတော့ဘူး။ အတော့်ကို ကျေးဇူးတွေတင်နေကြတယ်။
ပြီးတော့ ကိုမိုးကို သူတို့မပြန်ခင် ကျောင်းပြီးရင် အလုပ်လာလုပ်ဖို့ လိပ်စာလည်း ပေးသွားကြတယ်။ ကိုမိုးကို ကျေးဇူးဆပ်ငွေအဖြစ် မုန့်ဖိုးပေးတာကိုရော လက်မခံတာလည်း ပါမယ်ထင်ရဲ့။ တော်တော့်ကို အဲ့ဒီလင်မယားက သဘောကျနေကြတယ်။
(၅)
လိပ်စာအတိုင်း ကိုမိုး ထိုလင်မယားဆီသို့ ရောက်ရှိခဲ့ပါပြီ။ ထိုလင်မယားက ကိုမိုးကို နွေးနွေးထွေးထွေးကြိုဆိုကြတယ်။ ကိုမိုးကို သူတို့အိမ်မှာတောင် ခေါ်ထားမလို့ဆိုပဲ။ အဲ့ဒါကိုတော့ ကိုမိုးက ငြင်းတယ်။ သူအဆောင်မှာ ငှားထားပြီးတဲ့အကြောင်းပါ ထည့်ပြောလိုက်ရတယ်။ အလုပ်လည်းခန့်အုံးမယ်၊ နေဖို့လည်း ပေးအုံးမယ်ဆိုတော့ ကိုမိုး အားနာတာလည်းပါတယ်။
ကိုမိုးကို သူတို့ကုမ္ပဏီရဲ့ လက်ထောက်မန်နေဂျာဘဝကို တန်းခန့်လိုက်တယ်။ သူထက်အရင် ရောက်နေတဲ့ မန်နေဂျာဦးလေးဆီက ပညာတွေ ယူခိုင်းတယ်။ တက်သင့်တဲ့ သင်တန်းတွေလည်း တက်ခိုင်းတယ်။ လခလည်း အဆင်ပြေပါတယ်။ ဒီကြားထဲ ဘောနပ်စ်ကလည်း ရသေးဆိုတော့ ကိုမိုးအတွက် ရေကန်အသင့် ကြာအသင့်ပဲ။ ဒါပေမယ့် ကိုမိုး မပျော်ပါဘူး။ သူရှာနေတဲ့ ဂြိုလ်မလေးကို အရိပ်အယောင်တောင် မတွေ့ရလို့ပဲ။
(((ဂြိုလ်မလေးရယ်…
ကမ္ဘာကြီးက ရွာတဲ့
နင်နဲ့ငါ့အတွက်တော့…
စကြာဝဠာကြီးလို ဝေးကွာလွန်းတယ်)))
(၆)
မောင်မိုး ကုမ္ပဏီမှာ အလုပ်ဝင်ခဲ့တာ သုံးနှစ်တင်းတင်းပြည့်ခဲ့ပြီ။ မန်နေဂျာဦးလေးကြီးအလုပ်ထွက်သွားတော့ သူလည်း မန်နေဂျာဘဝကို ရာထူးတိုးခဲ့တယ်။ ကုမ္ပဏီမှာလည်း သူဟာ အရေးပါအရာရောက်တဲ့ လူငယ်တစ်ယောက်ဖြစ်နေပါပြီ။
ဒီနေ့ မောင်မိုးကို ကုမ္ပဏီသူဌေးလင်မယားက သူတို့ သမီးလေး နိုင်ငံခြားက ပညာသင်ပြီး ပြန်လာတာကို သွားကြိုခိုင်းတယ်။ သူတို့ရဲ့သမီးကို မောင်မိုးနဲ့ သဘောတူကြောင်း ပြောထားတာလည်း ကြာပြီ။ မောင်မိုးက အိစံကို မေ့လို့မရလို့ အမြဲငြင်းခဲ့တာချည်း။
သူတို့ရဲ့ သမီးနာမည်ကလည်း အိစံနဲ့ နာမည်ဆင်တင်တင်ပါ။ ဘာတဲ့ ပိုးအိအိစံဆိုလား။ မောင်မိုး တစ်ခါမှတော့ မမြင်ဖူးဘူး။ သူဌေးလင်မယားက သူတို့သမီးကို ပဟေဋ္ဌိလုပ်ပြီး မောင်မိုးစိတ်ဝင်စားအောင် လုပ်ထားပုံရတယ်။ မောင်မိုးကတော့ စိတ်မဝင်စားပါဘူး။ သူ့အတွက်တော့ အိစံမှ အိစံပဲ။ အားလုံးကို ဖွဲနဲ့ဆန်ကွဲဆိုတာချည်း။ အခုလည်း သူဌေးလင်မယားကြိုခိုင်းလို့သာ ကြိုရတယ်။ မောင်မိုး သိပ်စိတ်မပါဘူး။
(၇)
လေယာဉ်ကွင်းရှိ ခရီးသည်ကြိုရန် နေရာမှာ မောင်မိုး နာမည်ဘုတ်ကြီး ကိုင်ပြီး စောင့်နေလိုက်တယ်။ ပြည့်ကျပ်နေတဲ့ လူထုကြီးကြည့်ငေးကြည့်နေတုန်းမှာ မောင်မိုး အံဩသွားတယ်။ အံဩမှာပေါ့။ သူရှာနေခဲ့တဲ့ အိစံ(ခေါ်)ဂြိုလ်မလေးကို အရှင်လတ်လတ် လူအုပ်ကြားထဲ တွေ့လိုက်ရတာကိုး။ ဟော သူဆီကို တဖြည်းဖြည်းလာနေပြီ။ ပြီးတော့ ဂြိုလ်မလေးက သူ့ကို လက်ညှိုးထိုးပြီး…
“အော်… ဖေဖေတို့ လွှတ်လိုက်တဲ့ မန်နေဂျာဆိုတာ လက်စသတ်တော့ ဂွပြဲ အဲ ဟုတ်ပါဘူး၊ ရှင်ကိုး”
“အာ… အိစံကလည်း ဂွပြဲလို့ ကိုယ့်ကိုယ်မခေါ်ပါနဲ့၊ အဲ့ဒါက ဟိုတစ်ခါတုန်းကပါ၊ အခု ဂွမပြဲတော့ဘူး၊ ကြည့်ပါလား ဘောင်းဘီဝတ်ထားတယ်လေ၊ ကိုယ့်နာမည်ကိုတော့ အိစံကို မိဘတွေပြောပြီးလို့ သိပြီးလာက်ပြီထင်ပါတယ်”
“အဟီး၊ အိစံက ကိုမိုးကို ခင်လို့နာက်တာပါ၊ ပြီးတော့ ကိုမိုးကို ဟိုတစ်ခါတုန်းက ကိစ္စတောင်းပန်စရာရှိသေးတယ်၊ အဲ့ဒီတုန်းက အိစံ ရန်ကုန်ပြန်ဖို့ရှိတာနဲ့ ကိုမိုးကိုတောင် မနှုတ်ဆက်ဖြစ်ဘူး၊ လောလော လောလောနဲ့ ပြန်သွားရတာမို့လို့”
“အိစံက ကိုမိုးကို ခင်ရုံပဲလား၊ ကိုမိုးကတော့ အဲ့ဒီအချိန်းတည်းကစပြီး အိစံကို တစ်ဘဝလုံးစာ ချစ်သွားခဲ့တာ”
“သွား… လူလည်ကြီး၊ အခုတွေ့တာမှ မကြာသေးဘူး၊ ရည်စားစကား ချက်ချင်းပြောကုန်ပြီ”
“ဟုတ်တယ် ကိုမိုး အရမ်းကြောက်နေမိတယ်၊ ဟိုတစ်ခါလို နှုတ်မဆက်ရဘဲ အိစံကို ထပ်ပြီးလွမ်းရမှာစိုးလို့၊ အခုလည်း တစ်ခါတည်း ရင်ဖွင့်ထားတာ၊ ပြီးရင်တော့ အိစံကို ဘယ်ကိုမှ ထပ်ပေးမသွားတော့ဘူး၊ ကိုမိုးရဲ့ ရင်ခွင်ထဲမှာပဲ တစ်သက်လုံးကို ဖွက်ထားလိုက်တော့မယ်”
ပြောပြောဆိုဆို လက်သွက်တဲ့ ကိုမိုးက အိစံကို ရင်ခွင်ထဲ ထွေးပွေ့ပစ်လိုက်တယ်။ အိစံက မရုန်းကန်ဘဲ အလိုက်သင့်ရှက်ပြုံးလေးနဲ့ ကိုမိုးရင်ထဲ ခိုဝင်နေပါတယ်။ ပြီးတော့ တိုးတိုးလေး အိစံက နှစ်ကိုယ်ကြား ပြောလိုက်သေးတယ်။“အိစံကလည်း ကိုမိုးကို အဲ့ဒီကတည်းက ချစ်နေခဲ့တာပါ” တဲ့။
တကယ်ပါ။ အခုဆို လေယာဉ်ကွင်းထဲမှာ စစ်မှန်သောမေတ္တာနဲ့ သစ္စာရှိရှိ ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ဟာ နောက်ဆုံးတော့ အပြုံးတွေနဲ့အတူ ပြန်လည်ဆုံဆည်းခွင့်ရခဲ့တယ်။ နောက်ဆို သူတို့ရဲ့ ဘဝခရီးလမ်းဟာ နှစ်ကိုယ့်တစ်စိတ် အချစ်တွေနဲ့အတူ ပျှော်ရွှင်နိုင်မယ်ဆိုတာ ယုံကြည်ရင်း…။ ။
(((ကောင်းကင်ကြီးထွေးပွေ့လိုက်တာ
ကြယ်လေးတွေတောင် ရှက်သွေးဖြာလို့
အချစ်နဲ့ဆုံဆည်းတဲ့ည
အမှောင်ကြီးစိုးတောင် လှပနေတာချည်း)))
ခင်မင်လေးစားစွာဖြင့်
စေပိုင်ထွဋ်(ပုသိမ်)
2 comments
လုံမလေးမွန်မွန်
March 11, 2013 at 1:59 pm
မြန်လိုက်တာတော့.. တွေ့တွေ့ချင်းပဲ…
ဒါနဲ့ အဲ့ဒါ လေဆိပ်ထဲမှာတင်လားဟင်..
(ခင်လို့ နောက်ပါသည်..)
rain pricess
May 7, 2013 at 3:06 pm
ချစ်စရာကောင်းတဲ့…ဝတ္တုလေးပါ…
အကို.ရဲ. (စားနေကျ အက်ဒ်မင် ကြောင်ဖားကြီး) ဆိုတဲ.
စာစုလေးကလဲ အရမ်းကို စွဲဆောင်မှုရှိပါတယ်ရှင်.
ဖတ်ရင်းနဲ.ကို တော်တော် သဘောကျပါတယ်…
အဲ.ဒီလို …စာတွေရေးပါဦး…..