ကျွန်မနဲ့ တနင်္ဂနွေအလွမ်းများ
ကလင်းးးးးးးးးးးးးးးးးကလင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
နှိုးစက်ကထွက်လာတဲ့အသံ။ ဖွင့်မရတဲ့မျက်လုံးအစုံကိုမဖွင့်ဘဲ လက်နဲ့စမ်းကာပိတ်လိုက်တယ်။ ကျွန်မသိနေ တယ်။ ဒီနေ့ ကျွန်မနောက်မကျဘူး။ ဒီနေ့တနင်္ဂနွေနေ့လေ အလောတကြီး ကမန်းကတန်း ပြေးလွှားရုံးကန်ရတဲ့ ရသတ္တပတ်အားလုံးရဲ့ ပင်ပန်းသမျှအချိန်တွေ သည်မနက်လေးတင်ပဲ အားယူရတာ မဟုတ်လား။ မြန်မာနိုင်ငံက ပုပ္ပလိဂ ဝန်းထမ်းတွေအတွက်တော့ တနင်္ဂနွေဆိုတာ ရသတ္တပတ်အားလုံးရဲ့ အပန်းဖြေရက်လည်းဟုတ်သလို နေ့တိုင်းလိုလို အလျှင်စလိုချက်ပြုတ်ကာ ရုံးအမီပြေးရတဲ့နေ့တွေကြောင့် ကိုယ်စားချင်တာလေး ချတ်ပြုတ်စားရတဲ့ နေဆိုလည်းမမှား ဘူးလေ။ ကျွန်မတို့လို တစ်ကိုယ်တည်းသမားတွေအတွက်တော့ နံနက်လင်းဝေလီဝေလင်းလေးဟာ ပင်ပန်းသမျှတွေရဲ့ အကောင်းဆုံးအနားယူချိန်မဟုတ်လား။ နှိုးစက်ကိုပိတ် ခေါင်းအုံးပေါ်ကို ဆက်လက်ထိုးအိပ်လိုက်တာပါပဲ။ ဒီနေ့က တနင်္ဂနွေနေ့လေ။
ဗိုက်ကတစ်ချက်ဆန္ဒပြလာတာနဲ့ နာရီလှမ်းကြည့်မိတော့ (၁၀)နာရီခွဲ။ သွားတိုက်၊ မျက်နှာသစ် ဆံပင်ကိုဖြီးလိမ်း ပြီးမနက်စာဗိုက်ဖြည့်ဖို့ အပြင်ကိုခြေလှမ်းဦးတည်ပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် တနင်္ဂနွေနေ့ မေမေရှိစဉ် ဒီလိုမနက်မျိုးဆို တိုရှည်ပဲဟင်းအနံ့က မွှေးကြိုင်နေပြီ။ အပြင်မှာကောင်းကောင်းဝယ်စားဖို့ မရှိတော့တဲ့ မေမေ့ရဲ့ တိုရှည်လုပ်ပုံကတော့ ချီးကျူးစရာ။ ဗမာပေမယ့် ငယ်ငယ်ကတည်းက မုန့်မျိုးစုံလုပ်ရောင်းဖူးသတဲ့။ မေမေခဏခဏပြောနေတာ ကျွန်မကြားမိ ပါရဲ့။ နေမြင့်လာရဲ့ထင်ပါရဲ့ မနက်စာဗိုက်ဖြည့်ဖို့ ဆိုင်ရှာတုန်း ကျွန်မအတွေးက အရင်က တနင်္ဂနွေမနက်ခင်းကို ရောက်ရှိသွားတယ်။
“ဆုကေ ပဲမှုန့်ကို အချိုမှုန့်နဲ့လား ၊ အစပ်မှုန့်နဲ့လား ၊ ညည်းဦးလေးလာရင် ပဲဟင်းနဲ့ တိုရှည်ချပေးလိုက်နော်”
တနင်္ဂနွေနေ့မနက် မုန့်လုပ်စားတိုင်း မေမေ့မုန့်တွေကြိုက်တတ်တဲ့ မေမေ့မောင်(ကျွန်မဦးလေး)ကို ခေါ်ကျွေးကြပဲလေ။ ခုခေတ် တိုရှည်ဆို ကုလားပဲအဖြူဟင်းရယ် ၊ အားလူးဟင်းရယ် ၊ ပူစီနံကျပ်သနီ ရယ်ဆိုတာ ဆိုင်ကောင်းကောင်းမှာသာ ရတော့တဲ့အစားအစာမျိုး။ မေမေကျွေးတဲ့တိုရှည်မှာပါတဲ့ ပဲမှုန့်ဆိုတာ ကုလားပဲကိုလှော် ပြီးရင်ထောင်း အစပ်မှုန့်လုပ်မယ်ဆို ကြက်သွန်ဖြူရယ်ဆားရယ်ငရုတ်သီးအလှောင်တောင့်ရယ်ရောထောင်းပြီး ကုလားပဲကိုလှော်ပြီးထောင်းထားတဲ့အမှုန့်နဲ့သမလိုက်ရင် အဲဒါက ပဲမှုန့်အစပ်မှုန့်။ တိုရှည်အဝိုင်းပေါ်မှာ ဖြူးပြီးစားရင် ပဲစစ်စစ်စိမ့်စိမ့်နဲ့ကြက်သွန်ဖြူနံမွှေးမွှေးမှာ စပ်စပ်ကလေးက စားလို့ကောင်းမှကောင်းပဲ။
အချိုမှုန့်မှာဆို ထန်းလျက်ခဲကို ချေပြီးပဲမှုန့်နဲ့ရောရုံပဲ။ ချိုစိမ့်ကြိုက်တဲ့သူတွေ အတွက်ပေါ့။ မေမေပြောဖူးတဲ့ အထဲမှာ တိုရှည်ရဲ့အဓိက ပဲဟင်းပဲတဲ့။ ပဲဟင်းကိုလည်း မီးနဲ့တည်တာမဟုတ်ဘူးဆိုတာသိတော့ ကျွန်မအံ့ဩခဲ့ရတယ်။ ရေကျက်အေးနဲ့ ကုလားပဲကိုလှော်ပြီး ထောင်းထားတဲ့အမှုန့်ကိုဖျော်ပြီးရင် ပျဉ်းတော်သိမ်ရွက်ရယ်၊ ဘိန်းစေ့ရယ်၊ ငရုတ်သီးအနီတောင့်ရယ်ကို မွှေးနေအောင်ဆီသတ်ပြီး ဖျော်ထားတဲ့ပဲရည်ထဲ ထည့်လိုက်ရင် အဲ့ဒါတိုရှည်ပဲဟင်းပဲတဲ့။ မေမေပြောပြတာတွေမှတ်မိနေတဲ့ကျွန်မ တစ်ကိုယ်တည်းနေတဲ့အခါမှာ တစ်ခါမှကိုယ်တိုင်ချက်မစားဖူးတာတော့ အမှန်ပါပဲ စဉ်းစားရင် တကြုတ်ကြုတ်မြည်တဲ့ဗိုက်ကို ဖြေဖျောက်ဖို့ လက်သုတ်စုံဆိုင်ကို ကျွန်မရောက်ခဲ့မိပါရဲ့။
*********************************************
“အန်တီ ခေါက်ဆွဲနဲ့ကြာဇံအရောကို ချဉ် ငံ စပ် သုတ်ပေးပါနော်….”
ကျွန်မရှေ့ရောက်လာတဲ့ အသုတ်ကို မြင်လိုက်မိမိချင်းပဲ အမေ့ကိုသတိရသွားပြန်တယ်။ အသုတ်ပန်းကန်ရဲ့ ရှေ့မှာ ကြာရိုးဟင်းခါးတစ်ခွက်ကို ကျွန်မသောက်ကြည့်မိလိုက်တယ်။ ဟုတ်တယ် ဒါဟင်းခါးအစစ်ပဲ။ ဟင်းခါးတောင်မှ အတုနဲ့အစစ်ခွဲမိတဲ့ ကျွန်မကို ရှင်တို့ရူးနေတယ်လို့ ထင်ချင်ထင်လိမ့်မယ်။ တကယ့်ဟင်းခါးဆိုတာ ဘယ်လိုမျိုးလဲဆိုတာ သိချင်ကြတယ်မဟုတ်လား။
“မေမေ သမီးဟင်းချိုသောက်ချင်တယ်..”
“ရော့ရော့…သမီးအတွက် ဂေါ်ဖီဟင်းချို….”
“ဟင်……..မေမေ ဒါဟင်းချိုမှမဟုတ်တာ….. ငရုတ်ကောင်းတို့….ကြက်သွန်ဖြူတို့လည်းမပါဘူး..”
“အော်..သမီးရယ် သမီးကဟင်းချိုနဲ့ ဟင်းခါးမှ မခွဲတတ်ဘဲကိုး…။ ဟင်းချိုဆိုတာ ငရုတ်ကောင်းကြက်သွန်ဖြူမပါဘူး ကွဲ့ သူ့ဆီမှာ ထည့်ချက်တဲ့ အသီးအရွက်ရဲ့ အရသာ ချိုမြမြသာ ရှိရမယ်။ ဟင်းခါးဆိုတာကတော့ ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူကိုရောထောင်း ပုစွန်ခြောက်ေးလပါပါတာပေါ့….. ပြီး ပွက်ပွက်ဆူအောင်တည် ငရုတ်ကောင်းနဲ့ငံပြာရည်နံ့ မွှေးမွှေးနဲ့ အရည်ကို ဟင်းခါးလို့ခေါ်သတဲ့..။ ပူစပ်စပ်နဲ့သောက်ရင် ငရုတ်ကောင်းနဲ့ ကြက်သွန်ဖြူတို့ ရောထားတဲ့ အရသာက ခါးမြမြလေးပါနေလိမ့်မယ်….”
ငယ်ငယ်တုန်းက အရှည်ကြီးရှင်းပြတဲ့ အမေ့စကားတွေဟာ ကျွန်မနားထဲအခုထိစွဲနေတုန်း။ အသုတ်ကလည်း ချဉ်ချဉ်ငံငံစပ်စပ်နဲ့ ဟင်းခါးလေးကိုသောက်ရင်း မေမေ့ကိုသတိရမိပြန်ရော။
အဲသည်အချိန်တုန်းက အဲသည်ဟင်းခါးကို ကျွန်မမသောက်ရဲတာအမှန်ပါ။ ကျွန်မတို့အိမ်နောက်ဖေးမှာ ပေါက်နေတဲ့ ပိန်းပင်အကြီးအကြီးတွေကို ဒါးတစ်ချောင်းနဲ့မေမေက ဆင်းခူးနေလေရဲ့။ မေမေလုပ်သမျှမျက်လုံး အဝိုင်းသားနဲ့ကျွန်မ ကြည့်သာကြည့်နေရတယ်။ ပိန်းပင်ဆိုတာ အစေးကလေးထိရုံနဲ့ယားတဲ့အပင်။ ဒီအပင်ကို ဟင်းခါးချက်ကျွေးမယ်ဆိုတော့ ကျွန်မဖြင့်အံ့ဩလို့ကိုမဆုံးဘူး။ ခူးလာတဲ့ပိန်းရိုးတွေကို အရွက်တွေဖြတ် ရေးဆေးပြီး ပိန်းရိုးရဲ့အကြောကိုနွှာတယ်။ အားလုံးပြီးတော့ အိမ်နံရံမှာထောင်ထားလိုက်တယ်။ အစေးတွေကျအောင်လို့တဲ့။ နောက်သုံးရက်နေရင် စားလို့ရပြီဆိုပဲ။ နောက်သုံးရက်နေတော့ ထောင်ထားတဲ့ပန်းရိုးတွေရေးဆေး နှစ်လက်မအရွယ် အပိုင်းလေးတွေဖြတ် ပုစွန်ခြောက်ရယ်၊ ကြက်သွန်ဖြူရယ်၊ ငရုတ်ကောင်းရယ် ဟင်းချိုမှုန့်ရယ် ဆားရယ်အားလုံးပေါင်းပြီး ဟင်းခါးချက်လိုက်တယ်။ ပိန်းရိုးလေးတွေများစိမ်းလို့ ကြေက်တတ်တဲ့ကျွန်မ အနံ့ကြောင့်မနေနိုင်ပါဘူး ခပ်သောက်ကြည့် မိလိုက်တယ်။ ချိုမြတဲ့ပိန်းရိုးရဲ့အရသာ ကျွန်မတစ်သတ်မမေ့ပါဘူး။ ခုတော့ အသုတ်ဆိုင်က ကြာရိုးဟင်းခါးလောက်သာ ကျွန်မသောက်နိုင်တော့တယ်။
**********************************************
အသုတ်ဆိုင်ကသာ ထလာရတယ် မေမေချက်ကျွေးတဲ့ ပိန်ရိုးဟင်းခါးကို သတိရနေတုန်း။ ဟင်းခါးနဲ့ပတ်သက် လာရင် ပြောမဆုံးပေါ တောသုံးထောင်ပေါ့။ တနင်္ဂနွေပိတ်ရက်ဆို တစ်ယောက်တည်း လျှောက်သွားနေတတ်တာ ကျွန်မ အကျင့်ဖြစ်နေပြီ။ ခပ်ပျင်းပျင်းနဲ့ အိမ်မပြန်သေးဘဲ မြို့ထဲခဏသွား အခန့်သင့်ရင် ရုပ်ရှင်ဝင်ကြည့်ဖို့ ထွက်ခဲ့လိုက်တယ်။ ကျွန်မအကျီ င်္ လား အကျီ င်္ အသစ်နဲ့မှ မြို့ထဲသွားရမယ်လို့ ဘယ်သူကန့်သတ်ထားလို့လဲရှင်။ ကျွန်မဝတ်ထားတဲ့ အကျီ င်္နဲ့လုံချည်ကလည်း အသင့်အတင့်ပါပဲ လုံခြုံတယ် အိန္ဒြေရတယ်။ ဒီလောက်ဆို တော်လောက်ပြီလေ။ မိန်းကလေး တစ်ယောက်မှာ အဓိကလုံလုံခြုံခြုံရှိဖို့ပဲမဟုတ်လား။ နေ့လည်ပိုင်းမို့လား ရုံးပိတ်ရက်မို့လား ဘတ်စ်ကားကတော့ ချောင်နေတယ်။ ဟိုတွေးဒီတွေးနဲ့ တွေးလာရင်း မေမေ့ကိုသတိရမိပြန်ရော။ ငယ်ငယ်ကကျောင်းပိတ်ရက် နေ့လည်ပိုင်း အချိန်တွေဆို မုန့်ဟင်းခါးရည်ကျဲလေးချက်ကျွေးတတ်တဲ့မေမေ။ အခုကျွန်မတို့စားနေတဲ့ ဟင်းချိုမှုန့်များများ မုန့်ဟင်းခါး တွေက မမီဘူး။ ငါးအသားစမွမွလေးတွေ နဲ့ ငှက်ပျောအူဖက်ကိုမှ ငှက်ပျောခေါင်းအဖက်တွေနဲ့ မုန့်ဟင်းခါးဆန်ဆန် မုန့်ဟင်းခါးကို စားခဲ့ရတဲ့ကျွန်မ ဘတ်စ်ကားပေါ်ထိုင်ရင်း မေမေ့ကိုမုန့်ဟင်းခါးကို တဖန်ပြန်တမ်းတမိပါရဲ့။
နွေအစ ရန်ကုန်မြို့လယ်ခင်းက ပူလောင်တောက်ပနေလေရဲ့။ နေရောင်အောက်က ရှုပ်ယှက်ခက်နေတဲ့ လူတွေကို ကျွန်မကြည့်မိတယ်။ အားလုံးရဲ့မျက်နှာပေါ်မှာ ဇောတစ်ခုစီကို တွေ့လိုက်ရတယ်။ သက်ပြင်းတစ်ချက်ချရင်း မေမေတောင်ကျွန်မတို့ကို ခေါင်းရွက်ဗျက်ထိုး ဈေးသည်အနေနဲ့ ရှာဖွေကျွေးမွေးခဲ့တာပဲ။ ပလက်ဖောင်းပေါ်လျှောက်ရင်း ကျွန်မနှခေါင်းထဲ အနံ့တစ်ခုဝင်လာတယ်။ ကျွန်မသိပ်ကြိုက်ခဲ့ရတဲ့ အစားအစာ ခေါက်မုန့်လို့ခေါ်တဲ့မုန့်ပေါ့။ ထန်းလျက်ရည်နဲ့ရှိတယ်။ အုန်းသီးနဲ့အဖြူလည်းရှိတယ်။ ခရမ်းချဉ်သီး၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် ၊ ငရုတ်သီးစိမ်းနဲ့လည်းစား လို့ရတယ်။ အချို့ကတော့ ကီးမားတဲ့ ဒါပေမယ့် ခေါက်မုန့်ဆိုတဲ့မုန့်ကလည်း သက်သက်ရှိတယ်။ အနံ့ရရာကြည့်လိုက် တော့ ခေါက်မုန့်ဆိုင်တစ်ဆိုင်။ ခေါက်မုန့်တစ်ခုသုံးရာတဲ့ ကျွန်မကိုင်ကြည့်လိုက်တယ် ထန်းလျက်နဲ့လုပ်ထားတဲ့ ခေါက်မုန့် ပျော့နေပြီ။ နေ့လည်မေမေလုပ်ကျွေးတဲ့မုန့်တွေထဲမှာ တစ်ခုအပါအဝင်ပေါ့။
“ခေါက်မုန့်က ဆန်နဲ့ဆိုပေမယ့် သူ့ကိုအကြာကြီးကျွတ်နေအောင် မုန့်ကြိတ်တဲ့အခါ ကောက်ညှင်းဆန် အနည်းငယ်တော့ ထည့်ရတယ်သမီးရဲ့….။ နောက်မုန့်က စားလိုက်ရင် ကျွတ်ရွနေအောင် ရွှေကြည်မုန့်ရယ် ထမင်းခဲရယ်ထည့်ပေးရတယ် အဲဒါမှမုန့်သားကောင်းတာ သမီးရဲ့”
ကိုင်ပြီးသားမုန့်ကို ပြန်ချလိုက်တယ်။ ကျွန်မစိတ်ကူးထဲ မေမေ့ရဲ့ခေါက်မုန့်ကိုမြင်ယောင်လို့။ ရုပ်ရှင်ရုံရှေ့ ရောက်တော့ ကျွန်မခေါင်းပေါ်က မွန်းတည့်နေက မွန်းလွဲဖက်ကိုရောက်နေပြီ။ ရုပ်ရှင်ရုံရှေ့မှာ လူငယ်တွေ လူကြီးတွေ ချစ်သူစုံတွဲတွေစုံလို့။ မှောင်ခိုရောင်းတဲ့ လူတစ်ယောက်က ကျွန်မကိုလက်မှတ်လာရောင်းတယ်။ ၁၀၀ဝကျပ်တန်းကို ၂၀၀ဝတဲ့။ လက်မှတ်ရောင်းတဲ့ကောင်တာကို ကျွန်မသွားတော့ လက်မှတ်ကကုန်နေပြီ။ အခြေအနေနဲ့ အချိန်အခါလို့ပဲ ပြောပြော သာမာန်ဈေးကိုပဲ ပိုမပေးဘဲကြည့်ချင်တာတော့အမှန်ပါ။ တနင်္ဂနွေလိုပိတ်ရက်မှ ကျွန်မတို့လို့ အားတဲ့သူတွေ သာမန်အခြေခံလူတန်းစားဘဝတွေ ဘယ်လိုနေမလဲလို့ ကျွန်မစဉ်းစားကြည့်ပါရဲ့။ ရုပ်ရှင်ရုံကအထွက် Trader Hotel ကြီးကိုကြည့်မိတော့ နေဝင်မယ့်အလင်းရောင် အချို့က ကျွန်မမျက်နှာပေါ်လာကျတယ်။ သက်ပြင်းတစ်ချက်ချရင်း ဘဝဆိုတာ တစ်ချိန်တော့နေဝင်ရမှာပဲမဟုတ်လားလို့ မဆီမဆိုတွေးမိပြန်ပါရဲ့။ မေမေရှိစဉ်က တီဗွီတစ်လုံးတောင် မပိုင်ဆိုင်တဲ့ ကျွန်မတို့ဘဝမှာ နေပျော်ခဲ့တာစဉ်းစားရင်း အခုရုပ်ရှင်မကြည့်ရတော့လည်း ဘာဖြစ်မှာမို့လို့လဲ ဆိုတာကို တွေးရင်းပြုံးမိပါရဲ့။ အချိန်တန်ရင်အိမ်ပြန်ရမှာမို့ ဆူးလေကားဂိတ်မသွားဘဲ ရှေ့ဆောင်ရုပ်ရှင်ရုံရှေ့လမ်းမပေါ်က ဖြတ်သွားတဲ့ ဘီအမ်ကားတစ်စီးကို လက်တားရင်း ပြေးကာကျွန်မတက်လိုက်မိတယ်။
******************************************************
အရှိန်နဲ့ဆောင့်ဆောင့်ထွက်တဲ့ ဘတ်စ်ကားကြောင့် လက်ရမ်းကို လက်ဖဝါးတွေရဲနေတဲ့အထိ ကျွန်မဆုပ်ကိုင် ထားမိနေရဲ့။ ကံကောင်းစွာနဲ့ ကျွန်မရပ်နေတဲ့ ဘေးကလူတစ်ယောက် မှတ်တိုင်ရောက်လို့ဆင်းသွားတော့ အသက်တစ်ချက်ရှူ ကျွန်မထိုင်ချလိုက်တော့တယ်။ တစ်နေ့လုံး သွားလာရလို့ထင်ပါရဲ့ မိနစ်အနည်းငယ်အတွင်းမှာ ကျွန်မမျက်လုံးတွေမထိန်းနိုင်တော့ဘူး။ ရုတ်တရက် ကျွန်မနဖူးပေါ်အေးစက်စက် အရာတစ်ခုထိမှ ကျွန်မကြည့်မိလိုက်တဲ့ အချိန်မှာ အသီးအရွက်တွေထည့်ထားတဲ့ အိတ်တစ်ခုနဲ့ ကျွန်မအမေအရွယ် အဖွားအိုတစ်ဦး။ ကျွန်မကို ပြုံးပြီးကြည့်နေရဲ့။ ကျွန်မလည်း သူမကို အပြုံးနဲ့တုံ့ပြန်လိုက်မိတယ်။ အဖွားအိုဆွဲထားတဲ့ အထုပ်ကိုကျွန်မကြည့်ရင်း။
“အဖွား သမီးခုံမှာထိုင်ပါ…”
အဖွားဟာ ကျွန်မကိုတစ်ချက်ကြည့် သူ့နှုတ်ကလည်း တစ်ဖွဖွပြောပါတယ်။ အဖွားပြောတဲ့အထဲမှာ ကျန်းမာပါစေ ၊ ချမ်းသာပါစေတဲ့။ ဒါပေမယ့် ကျွန်မကြားမိတာကတော့ ချမ်းသာပါစေက ပိုကျယ်နေသလားလို့။ ဘတ်စ်ကားစီးရင်း အဖွားအိုရဲ့အိတ်ထဲဘာတွေ ဝယ်လာသလဲ ကျွန်မစပ်စုမိပါရဲ့။ အသီးအရွက်အစုံအလင်ကို ကျွန်မတွေ့ရတယ်။ ကျွန်မ စပ်စုနေတာကြည့်နေတဲ့ အဖွားက ကျွန်မကို တစ်ချက်ကြည့်ရင်း ပြုံးလိုက်တယ်။
“အိမ်က သားနှစ်ယောက်အတွက်လေ သမီးရဲ့။ သရက်သီးလေးတွေနဲ့ ငံပြာရည်ဖျော်မယ် ၊ ဘူးသီးနဲ့ ပဒတ်စာလေးကို ဟင်းခါးချက်မယ်။ ဝက်သားသုံးထပ်သားလေးကို ကြက်သွန်နီနဲ့ပေါင်းမယ်။ ရုံးပိတ်ရက်ကလေး အိမ်ထမင်းစားချင်တယ် ဆိုလို့ အဖွားမှာဈေးဝယ်ပြီးပြန်လာတာ သမီးရေ…..”
အဖွားအပြောကြောင့် ကျွန်မရင်ထဲတစ်ချက်နင့်သွားမိပါရဲ့။ ကျွန်မမှာ မေမေသာရှိရင်ဆိုတဲ့အတွေးနဲ့ပေါ့။ ရှေ့မှတ်တိုင် ကျွန်မဆင်းရတော့မှာမို့ အဖွားကိုနှုတ်ဆက်ပြီး ကားပေါ်ကဆင်းလိုက်တယ်။ ကားမှတ်တိုင်က ညနေဈေးတန်းလေးတောင် စည်ကားနေပြီးပဲ မစဉ်းစားဘဲ ဈေးတန်းကိုခြေထောက်က လျှောက်သွားမိလေရဲ့။ ဟင်းရွက်သည်ဆီက ဘူးသီးတစ်စိပ် ပဒတ်စာတစ်ရာဖိုးနဲ့ သရက်သီးတစ်လုံး ဝယ်ပြီး။ ဝက်သားတစ်ဆယ်သား ကျွန်မဝယ်လိုက်တယ်။ မေမေချက်ကျွေးခဲ့တဲ့ဟင်းတွေ မုန့်တွေ ကျွန်မအကုန်မှတ်မိနေတာပဲ နှုတ်ဆက်မယ့် တနင်္ဂနွေအချိန်လေးမှာ မေမေ့လောက်ကောင်းမှာမဟုတ်ပေမယ့် မေမေ့လောက်ကောင်းအောင် ချက်ကြည့်ဖို့ မေမေ့အလွမ်းပြေဈေးတွေ ကျွန်မဝယ်လိုက်တယ်။
မေမေ့ရဲ့အမွေအနှစ်တွေ ကျွန်မမှာရှိနေပြီးသားပဲ။ သူများ ready made တွေ ကျွန်မအောင့်အည်းမစားချင် တော့ဘူး။ ဒီနေ့ကစပြီး ကျွန်မကိုယ်တိုင်ချက်စားကြည့်လိုက်မယ်။ နေပူပူ ဘတ်စ်ကားအဝှေ့မှာ တိုက်လာတဲ့လေက မေမေ့ရဲ့ ဟင်းအနဲ့လေးတွေပါလို့ ကျွန်မလေကို တစ်ဝကြီး ရှူပစ်လိုက်တယ်။ ဖုန်ငွေ့လေးတွေတော့ အရောအနှော ပါမှာပေါ့။ တစ်နေ့တော့ သန့်စင်တဲ့လေကို ကျွန်မတစ်ဝကြီးရှူနိုင်မှာပါ။
********************************************
ရင်နှင့်ရင်း၍
အောင်မိုးသူ
၁၃ရက် မတ်လ ၂၀၁၃ခုနှစ်
ဗုဒ္ဓဟူးနေ့
ညနေ ၅နာရီ ၁၂မိနစ်
29 comments
ခိုင်ဇာ
March 13, 2013 at 5:51 pm
ဟမ်မလေးလေး။
ဆရာ အောင်မိုးသူတို့ ရေးတတ်ချက်ကတော့
အမေကိုသတိရပြီး ငိုချင်သွားသလိုလို၊
အစားအသောက်တွေ သတိရလာပြီး ဗိုက်ဆာလာသလိုလို၊
လယ်ဒီမိတ်နဲ့ ၂ ပါးသွားနေရတဲ့ ဘဝကို စိတ်နာလာသလိုလို၊
ကျုပ်ကတော့ ရ နေ့ အလွမ်းများ လွမ်းတယ်တော့.။
:byae: :byae: :byae:
aung moethu
March 13, 2013 at 5:54 pm
ကျတော်ဆို ကိုယ်တိုင်ချက်ပြုတ်မှ ပိုသဘောကျတာလေ….။ အဲဒါကြောင့်ပါ ဒီဝတ္တုလေး ရေးဖြစ်သွားတာ။ း))))))
လုံမလေးမွန်မွန်
March 13, 2013 at 5:59 pm
အစ်ကိုရေးသမျှကတော့ အကုန်ကောင်းနေရောပဲ…
ဗိုက်ကတစ်ချက်ဆန္ဒပြလာတာနဲ့ နာရီလှမ်းကြည့်မိတော့ (၁၀)နာရီခွဲ။
အမွန်နဲ့ နည်းနည်းတူတယ်… 🙂
တနင်္ဂနွေဆိုရင် နောက်ကျမှအိပ်ယာထ၊ ဈေးသွား၊ ထမင်းဟင်းချက်၊ စားသောက်၊ အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေးလုပ်…ဒီလိုနဲ့ ညနေ (၄) နာရီလောက် ဖြစ်သွားရော… အပြင်ထွက်ဖို့ နေနေသာ… နားနားနေနေ စာဖတ်ဖို့တောင် အချိန်မရှိ.. 🙁
ဘာပဲပြောပြော ခေါက်မုန့်စားချင်တယ်.. ဝယ်ကျွေး..
aung moethu
March 13, 2013 at 6:00 pm
ခေါက်မုန့်တို့ ကီးမားတို့ဆိုတာ ကျတော်ကိုယ်တိုင် လုပ်ပီးရောင်းစားခဲ့တာ အားတဲ့ရက် လုပ်ကျွေးမယ်…. တကယ်…။
nozomi
March 13, 2013 at 6:34 pm
ဒေါ်မွန်မွန် ပဲလား ခင်ဗျ
ကျွန်တော်တို့လဲ ဖိတ်ရင် လာမှာနော
aung moethu
March 14, 2013 at 9:21 am
ကျွေးပါတယ်ခင်ဗျာ ကျတော့်ရုုံးမှာဆို လုပ်ကျွေးနေကျလေ… း)))
MaMa
March 14, 2013 at 5:16 pm
ဒါဆိုရင် စာရင်းပေးသွားပါတယ်။ :kwi:
ဦးဖွတ်ကျား
March 14, 2013 at 7:37 am
ရပ်ဝေးမြေခြား မြန်မာများအတွက်ကတော့ ပြောင်းလေရာ ဒေသမှာ ယိုးဒယား ဟင်းလျှာ
အမယ်တွေ ရောင်းတဲ့ဆိုင် ရှာထား တွေ့ထားမှ တန်ကာကျမယ်ဗျို့ .. ဘာကြောင့်လည်းဆိုတော့
ဗမာပါးစပ်နဲ့ အတူဆုံးချက်နိုင်မယ့် အမယ်တွေကို ဒင်းတို့ တိုင်းပြည်က ကမာ္ဘကို ဖြန့်တာကိုး
ကမာ္ဘမှာ ယိုးဒယားစာ ပေါက်တာကိုပဲ ကြံဖန်ကျေးဇူးတင်ရမလို..။
အစားအသောက်နဲ့ ပတ်သတ်ပြီးလည်း နှံ့စပ် ကျွမ်းကျင်မှု တွေ့ရလို့ ..လေးစားတယ်ဆိုတာလေး
မှတ်မှတ်ရရ ပြောသွားခဲ့ပါရဲ့ဗျား။။
ခင်တဲ့
:kwi:
ခိုင်ဇာ
March 14, 2013 at 8:49 am
ဆြာဂီ ပြောတာ ကို သဘူတောပါဒယ်။
:harr:
ဒါကြောင့် စားသောက်တန်းက ..
ယိုးဒယားစာရောင်းတဲ့ လူကြီးဆီကို ..
သွားပြီး
ဖျာရောင်း လိုက်ပါဦးမယ်။
:kwi:
aung moethu
March 14, 2013 at 9:24 am
မြန်မာအစားအစာတွေလည်း နိုင်ငံရပ်ခြားတွေမှာရှိတာ ကျတော်ကြားဖူးပါတယ် သို့ပေမယ့် မုန့်ဟင်းခါးဆို ငှက်ပျော်အူမပါတာတို့….။ အရသာမကောင်းတာတို့ကြောင့် စိတ်တိုင်းမကျဘူး ဆိုပဲ…..။
ခိုင်ဇာ
March 14, 2013 at 9:34 am
ရှိပါတယ်။
နေရာတိုင်းတော့ မဟုတ်ဘူး။
ရှိတဲ့ နေရာက ဝေးရင်သွားပျင်းလို့ မသွားစားဖြစ်ဘူး။
သွားဖြစ် စားဖြစ်ရင်လည်း ဘာက မတူမှန်းမသိ စားရတာ အရသာရှိဘူး။
မြန်မာစာကို မြန်မာပြည်မှာ စားရတာပဲ ကြိုက်တယ်ရယ်။
လက်သုတ်စုံနဲ့ ဟင်းခါးကို ခုံပုလေးမှာ ထိုင်စားချင်တယ်။ :byae:
မုန့်ဟင်းခါးကို အသည်ကြီးနားထိုင်ပြီး ဟင်းရည်ခဏ ခဏ တောင်းပြီး သောက်ချင်တယ်။ :byae:
ခေါက်မုန့်သည်နားသွား ဟိုဟာမပါနဲ့ ဒီဟာမကြိုက်ဘူးနဲ့ ပြောပြီး မှာစားချင်တယ်။ :byae:
ကျန်တဲ့ အိမ်က ဟင်းစပ်လေးတွေ တော့ ဆက်မတွေးပါရစေနဲ့တော့။ :byae:
ဦး ကျောက်ခဲ
March 14, 2013 at 10:01 am
ကိုရင်ရေးလိုက်မှ ပဒတ်စာဟင်းခါးသောက်ချင်လာပြီ…
ဒီမှာဝယ်လို့ကလည်းမရ… လျှာအလိုလိုက်ချင်မိတဲ့ဒုက္ခ…
တောက်စ်… ဆိတ်ကီးမားလည်း တွယ်လိုက်ချင်သေး… ဟီး ဟီး
:harr:
သျှားသက်မာန်
March 14, 2013 at 10:24 am
ကောင်းပါတယ်…ဆက်ရေးပါ….
ဦးကြောင်ကြီး
March 14, 2013 at 10:25 am
တနင်္ဂနွေအလွမ်း
လင်းမြွေဖမ်း
ထင်းခွေတထမ်း
အင်းလှေဆန်း
ဟင်းခြွေဂဏန်း
ခွင်းဖွေကျွမ်း
ဆင်းဖြေစခန်း
နင်းခြေမြန်း..။
ကြည်ဆောင်း
March 14, 2013 at 11:28 am
ဒီလို အမေမျိုးကတော့ တနင်္ဂနွေ လွမ်းရုံတင်မက နောက်ဘဝအထိတောင်လွမ်းလောက်ပါရဲ့…
ဖတ်နေရင်းနဲ့ တိုရှည်ကို အချိုရော ..အစပ်ရော..ပဲဟင်းနဲ့ပါစားချင်လာလို့ …..
aung moethu
March 14, 2013 at 1:02 pm
ရွာထဲက လူတွေ စုံတဲ့တစ်နေ့ ကျတော်လုပ်ကျွေးချင်ပါရဲ့ဗျာ။။။ အမေ့ အမွေ အပြည့်ရထားတာဆိုတော့။ း)))))))))))
ရဲစည်
March 14, 2013 at 12:42 pm
အီး .. ဟီး
ငိုချင်ရဲ့လက်တို့ …
မနက်ခေါက်ဆွဲ .. ညခေါက်ဆွဲ သမားတွေရဲ့ ဘွ …
ဒါမျိုးတွေ ဖတ်ရရင် … မခံစားနိူင်ဘူးဗျာ
ကိုပေါက်(မန္တလေး)
March 14, 2013 at 1:40 pm
အရင်က ဆိုရင် မနက်မိုးလင်းတာနဲ့ အိမ်မှာ လုပ်ထားတဲ့မုန့်ကိုဘဲစားခဲ့ကြရတာ။
အလုပ်ပိတ်ရက်ဆိုပြန်ရင်လဲ မုန့်တီတို့ခေါက်ဆွဲတို့ မိသားစုလိုက်ကြီးထမင်းလွတ်စားခဲ့ကြတာ။.
အခုခေတ်မှာတော့ မနက်ကစ ညအိပ်ချိန်ထိ
ဝယ်စား
ဝယ်စား
နဲ့ဘဲ နှစ်ပါးသွားခဲ့ကြရတာကြာပေါ့။
လွမ်းစရာဗျာ။
စကားမစပ်ဒီပိုစ်လေး ဘယ်များထည့်ထားသေးသတုံး သိချင်လို့ပါ။
aung moethu
March 14, 2013 at 2:38 pm
ကိုပေါက်ရေ မနေ့ကမှ ရေးပြီးတဲ့ စာမူအသစ်စက်စက်လေးပါ….။ ဘယ်မှာမှ မထည့်ရသေးပါဘူး(အဲ့ဒါမေးတာလားမသိ ဖြေလိုက်တယ်နော် ဟီးး)
kyeemite
March 14, 2013 at 1:42 pm
ကိုအောင်မိုးသူ ကစာရေးကောင်းရုံသာမဟုတ်
အစားကောင်းအသောက်ကောင်းတွေလည်းချက်ပြုတ်လုပ်ကိုင်တတ်သကိုးဗျ…
ကျန်တာတွေမအံ့ဩပေမဲ့ ကုလားတွေမှလုပ်ရောင်းလေ့ရှိတဲ့ “တိုရှည်”လိုမုန့်မျိုး
နဲ့ သူနဲ့တွဲစားရတဲ့ ပဲရည်လုပ်နည်းတွေပါ အသေးစိတ်သိတာတော့ အံ့ဩမိပါတယ်…
ဗဟုသုတလည်းရ..အိမ်မှာလုပ်စားချင်သူများအတွက်ပါ အဆင်ပြေတာပေါ့… :hee:
aung moethu
March 14, 2013 at 2:39 pm
အိမ်ကအမေက ငယ်ငယ်ကတည်းက ဈေးရောင်းခဲ့တော့ ခုအခါ အိမ်မှာ လုပ်ကျွေးတာတွေ အလွတ်ရနေတာဗျ။ ဒါတောင်များကြီးကျန်သေးတယ်။
Ma Ei
March 14, 2013 at 1:51 pm
ထန်းညက်ရည် နဲ့ ခေါက်မုန့်လေး
အုန်းသီးနိုင်နိုင်ဖြူးလို့ စားချင်လိုက်တာ…
ရုံးနားမှာ ဆိုင်ရှိပေမယ့် ကုလားမကြီးရောင်းနေလို့ စားချင်ဘူးရယ်…
koaung
March 14, 2013 at 2:47 pm
ငယ်ငယ်ကကျနော်လည်း ဈေးရောင်းရသဗျ အိမ်ကစီးပွါးရေးလုဎ်တတ်အောင်သင်ပေးတာနေမှာ ငယ်ဘဝနဲ့ထပ်တူထပ်မျှ ခံစားသွားပါကြောင်း
aung moethu
March 14, 2013 at 2:51 pm
ဆယ်တန်းအောင်လောက်တုန်းကတော့ ကီးမားရောင်းစားခဲ့ဖူးတယ်။ ခုတော့လည်း ကိုယ်ဝါသနာပါရာပေါ့ း)))))))
မောင် ပေ
March 14, 2013 at 7:49 pm
တနင်္ဂနွေအလွမ်း
အပျင်းပြေအနမ်း
အတင်းမွှေအခန်း
ပုလင်းရှည်မခမ်း
padonmar
March 14, 2013 at 8:35 pm
ဘကြီးအောင်ရေ
မညာနဲ့နော်။
တကယ်စားချင်တာ၊
ရွှေမြို့တော် ချစ်တီးဆိုင်ထိုင်ရင် တိုရှည်စားနေကျ၊
ဘကြီးအောင် တိုရှည်ပဲဟင်းက ပိုကောင်းမယ့်ပုံ။
ခေါက်မုန့်လည်းကြိုက်တယ်။အချိုတစ်ချပ်၊ကီးမားတစ်ချပ် စာရင်းပေးထားတယ်နော်။
ရင် နင့် အောင်
March 15, 2013 at 3:59 pm
ကောင်းချက်ဟယ်။။ နီးချက်တဲ့ ဟင်းတွေကို ခုဝတ္ထုထက် ပိုကြိုက်တယ်။ ခစ်ခစ် း)
မဟာရာဇာ အံစာတုံး
March 15, 2013 at 5:30 pm
ရုပ်ရှင်ရုံကအထွက် Trader Hotel ကြီးကိုကြည့်မိတော့ နေဝင်မယ့်အလင်းရောင် အချို့က ကျွန်မမျက်နှာပေါ်လာကျတယ်။
သေချာတယ် …..။
နေပြည်တော် ရုပ်ရှင်ရုံ သွားတာပဲ ….။
+++++++++++
ကိုအောင်မိုးသူရေ …
ရေးထားတာလေး ကောင်းတယ်ဗျာ ….
ကျနော်လည်း အမေ့ကို ပြန်လွမ်းမိတယ် …….
အမေ့ရဲ့ လက်ရာ ပဲဟင်းချိုလေးကို လွမ်းမိတယ် ….
ဖြစ်နိုင်ရင် အမေချက်တဲ့ လက်ရာဟင်းလျာတွေနဲ့ပဲ နေ့တိုင်း ထမင်းစားချင်မိတယ် ….
တကယ် …. တကယ် …..
အားပေးသွားပါတယ်ဗျာ ………။
အလင်းဆက်
March 15, 2013 at 9:46 pm
ရသ အရေးကောင်းလိုက်တာ..ဗျာ ။
နေရာပြောင်းရေးထားတာတောင်…ဖတ်ရတာ…မျောသွားတယ် ။