လေးစားပါတယ်လူငယ်များ(MYiA)

အမှိုက်ကိစ္စ ခရေဇီဖြစ်တဲ့ ကျမကို M-လုလင် က အမှိုက်နဲ့လူနေမှုဘဝ ဓာတ်ပုံပြပွဲအကြောင်း ဒီလိုသတင်းပေးလာပါတယ်။
Mလုလင် says: (Edit)
“အမှိုက်များနှင့် လူနေမှုဘဝ ဓါတ်ပုံပြပွဲအတွက် ပုံများပေးပို့နိုင်ပါသည်”
Myanmar Youths In Action မှ ကျင်းပပြုလုပ်မည့် “ အမှိုက်များနှင့် လူနေမှုဘဝ “ အမည်ရှိ ဓာတ်ပုံ ပြပွဲကို မတ်လ (၁၇) ရက်နေ့ ၊ နေ့လည် (၂းဝ၀) မှ (၅းဝ၀) အထိ ပြည်သူ့ရင်ပြင်(Natural World) ရှိ မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။
လူသားများ၏ နေ့စဉ်ဘဝတွင် အမှိုက်ဆိုသော အရာများသည် တဖြည်းဖြည်းဖြင့် အန္တရာယ်ရှိသော အရာများ အဖြစ် ဖြစ်ထွန်း လာနေပါသည်။ လူသားများသည် နေ့စဉ်နဲ့ အမျှ အမှိုက်များ စနစ်တကျ စွန့်ပစ်ခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာသည့် ပြဿနာများနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီး ဆုံးရှုံးမှုများအား လူအများ သိရှိ စေရန် ရည်ရွယ်၍ ကျင်းပ ပြုလုပ်သည့်ပွဲ တစ်ခုဖြစ်ပါသည်။
အဆိုပါ ပြဿနာများအား လူအများ စိတ်ဝင်စားမှု ရှိလာစေရန်နှင့် အသိပညာ ပေးရန် အတွက် ဓာတ်ပုံများအား ခင်းကျင်း ပြသပေးမည် ဖြစ်သည့် အတွက် ပါဝင်ပြသလိုသည့် ဝါသနာရှင်များသည် မိမိတို့၏ ဓါတ်ပုံများအား မတ်လ (7) ရက်နေ့ နောက်ဆုံးထား၍ အောက်ဖော်ပြပါ Email များ ၊ ဖုန်းနံပတ်များသို့ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ ရွေးချယ်ခံရသော ပုံများကို ပြန်လည်အကြောင်းကြားပြီး မူရင်းများကို ထပ်မံတောင်းယူမည် ဖြစ်ပါသည်။
khingsoe.aung7@gmail.com
khaingwuthyee@gmail.com
myia.asia@gmail.com ပေးပို့နိုင်ပါသည်။
ကျမလည်း ကိုယ်ရိုက်ထားတဲ့ အမှိုက်ဓာတ်ပုံလေးတွေ ပို့ပေးပြီး အဲဒီ ဓာတ်ပုံပြပွဲလေးကို သွားလေ့လာခဲ့ပါတယ်။
MYiA (Myanmar Youths In Action) ဆိုတာ ပရဟိတလုပ်ငန်းတွေ ဝါသနာပါတဲ့ လူငယ်တွေ စုစည်းထားတဲ့ အဖွဲ့လေးပါ။
လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက စတင် ဖွဲ့စည်းခဲ့ကြပါတယ်။
သူတို့ ရဲ့ လှုပ်ရှားမှုလေးတွေကို http://www.facebook.com/myanmaryouths မှာ ကြည့်နိုင်ပါတယ်။

ကမ္ဘာမြေစိမ်းလန်းဖို့ သစ်ပင်စိုက်တဲ့ လှုပ်ရှားမှုတွေလည်း လုပ်ပါတယ်။
လူအများစုဝေးတဲ့ Barcamp ၊ ဘောလုံးပွဲ ကျင်းပရာ သုဝဏ္ဏအားကစားကွင်း၊ ဘုရားရင်ပြင်တွေမှာ အမှိုက်ကောက်အမှိုက်သိမ်းတဲ့ လှုပ်ရှားမှုတွေ လုပ်ပြီး ပညာပေးကြပါတယ်။
မိဘမဲ့ကလေးကျောင်းတွေမှာလည်း ကလေးတွေကို ကစားနည်းလေးတွေနဲ့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်တတ်ဖို့ သင်ပေးကြပါတယ်။
တစ်လတစ်ကြိမ်လောက် လှုပ်ရှားမှုလေးတွေကို member fees ကနေရတဲ့ fund နဲ့ တစ်နိုင်လုပ်နေကြတဲ့ လူငယ်လေးတွေပါ။
ပညာပေးပွဲ တစ်ခု စီစဉ်ဖို့ ဆိုတာလည်း ငွေရေးကြေးရေးမှအစ စီမံခန့်ခွဲမှုအထိ မလွယ်ပေမယ့် စေတနာ၊ဝါသနာ၊အနစ်နာနဲ့
တကယ့် ပရဟိတစိတ်ရှိလို့သာ လုပ်နိုင်ကြတာပါ။
ဒီပွဲကိုတော့ Natural World က နေရာ အခမဲ့ပေးပြီး ကျန်တဲ့ ကုန်ကျစားရိတ် ခန့်မှန်း နှစ်သိန်းခွဲလောက်ကို
ဧရာဝတီဖောင်ဒေးရှင်းက စပွန်ဆာလုပ်ပေးတာကြောင့် ကျင်းပနိုင်သွားတယ်လို့ သိရပါတယ်။
သူတို့လေးတွေကို အားပေးကူညီကြဖို့လည်း တိုက်တွန်းချင်ပါတယ်။

တနင်္ဂနွေနေ့ဖြစ်တာကြောင့် ပြည်သူ့ဥယျာဉ်တွင်း အပန်းဖြေလာကြသူတွေ များတဲ့နေ့ ဖြစ်ပါတယ်။
ဒီလိုနေ့မျိုးကို အခွင့်ကောင်းယူပြီး သူတို့လေးတွေ အများသူငါ လူငယ်တွေလို အပန်းမဖြေနိုင်ပဲ ပညာပေးပွဲလေး တစ်ခု ဝိုင်းဝန်းကျင်းပကြပါတယ်။
အပျော်လာကြတဲ့ထဲက အမှိုက်နဲ့ ပတ်သက်ပြီး ခေါင်းထဲကို တစ်စ ဝင်သွားရင်လည်း အမြတ်ပါပဲ။

ဒီပွဲမှာ Professional photographer တစ်ဦးဖြစ်တဲ့ ရဲအောင်သူရဲ့ Photo Essay လေးက စိတ်ဝင်စားစရာကောင်းလှပါတယ်။
အမှိုက်ပုံထဲမှာမွေး၊
အမှိုက်ပုံထဲမှာ ကြီးပြင်း၊
အမှိုက်တွေထဲမှာစား၊
အမှိုက်တွေထဲမှာအိပ်၊
အမှိုက်ကလွဲရင် စာသင်ခွင့်တောင်မရ၊
ဒီကြားထဲ စည်ပင်က အမှိုက်ပုံချဲ့လို့ ဘုံပျောက်ရတော့မယ့်
ကလေးငယ်လေးရဲ့ ဘဝကို ပရိုလက်ရာ ဓာတ်ပုံတွေနဲ့ ဝေဝေဆာဆာပြထားပါတယ်။
ကျမရဲ့ ကဘောက်တိကဘောက်ချာ ဓာတ်ပုံတွေနဲ့ အားဖြည့်ပေးလို့ သူတို့လေးတွေက ကျမကို ဂုဏ်ပြုလက်မှတ်ပေးလိုက်ပါသေးတယ်။

ဒီလို လူငယ်လေးတွေကိုမြင်လိုက်ရတာ ကျမတော့ အလွန်အားရမိပါတယ်။
မှန်တာပြောရရင် ကျမ သူတို့တွေ အရွယ်က သူတို့လောက် အသိအမြင် ဗဟုသုတ အမြော်အမြင်မရှိခဲ့ပါဘူး။
ခုထိလည်း ပရဟိတအလုပ်ကို သူတို့လေးတွေလောက် မလုပ်နိုင်သေးပါဘူး။
ဒီလို လူငယ်လေးတွေသာ ကျမတို့ တိုင်းပြည်မှာ တစ်စထက်တစ်စ များလာအောင် စည်းရုံးနိုင်မယ်ဆိုရင်
ရွှေပြည်တော် မျှော်တိုင်းမဝေးလောက်ပါဘူးလို့ ပြောချင်ပါတယ်။
16 comments
MaMa
March 17, 2013 at 7:53 pm
ကောင်းလိုက်တဲ့ လုပ်ဆောင်ချက်လေးတွေပါပဲ။
လူငယ်တွေရဲ့ အသိအမြင်အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်ကို လေးစားမိပါတယ်။
တစ်ယောက်တစ်လက် တတတ်တအား ဝိုင်းဝန်းလုပ်ဆောင်ကြခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်ဘဝကြီးဆီသို့ ချီတက်ကြပါစို့။
ကွန်ဂရက်ကျူလေးရှင်းးးးးးးးးးးးး ပဒုမ္မာ :hee:
padonmar
March 17, 2013 at 11:51 pm
ဟုတ်တယ် ချစ်မရေ
လူငယ်တွေက ဒို့ထက်သာတယ်။
ဒါကြောင့် လေးစားပါတယ်လို့ ပြောရတာ။
သိုင်းခရု။
koaung
March 17, 2013 at 8:04 pm
အသင်းတည်ထောင်ကြတဲ့ လူငယ်များနဲ့ ဆရာမပဒုံမာတို့အားလေးစားအားကျမိပါကြောင်း ကောင်းသောအလေ့အကျင့်တွေပါဗျာ လူကြီးတွေကလည်း နားလည်မှူအပြည့်နဲ့ဝိုင်းဝန်းအားပေးသင့်ပါတယ်ဗျာ
garuda
March 17, 2013 at 8:04 pm
Way to go…!
padonmar
March 17, 2013 at 11:54 pm
ကိုအောင်နဲ့ ဂဠုနရာဇာဆရာစံရေ
ကျမက ဒီကိစ္စမှာ အာကလံပါကလံ ပါ။
လူငယ်လေးတွေရဲ့ မျက်နှာ စာအုပ်မှာ သွားကြည့်ရင် ပိုပြီး အားကျဖွယ်တွေ့ရပါလိမ့်မယ်။
သူတို့ကို ဆက်သွယ်ပြီး လိုအပ်တာတွေ လှူလို့လည်းရပါတယ်။
ကျမကတော့ ကိုယ်နိုင်တဲ့ ဖက်က ကူညီအားပေးသွားပါမယ်။
မောင် ပေ
March 17, 2013 at 9:01 pm
ကောင်းလေစွ ပါတကား
padonmar
March 17, 2013 at 11:56 pm
မောင်ပေရေ
မန်းလေးမှာလည်း ဒီလို လှုပ်ရှားမှုမျိုး မောင်ပေတို့ ဦးဆောင်လှုပ်ရှားလို့ ရပါတယ်နော်။
အားပေးပါရစေ။
weiwei
March 17, 2013 at 10:13 pm
လေးစားစရာ လူငယ်များပါပဲ …
အန်တီပဒုမ္မာကိုလဲ ချီးကျူးပါတယ် … လူငယ်များကို တစ်ဖက်တစ်လမ်းက ကူညီအားပေးခဲ့တာ လေးစားစရာပါ ..
ကွန်ဂရက်ကျူလေးရှင်းပါနော် ….
padonmar
March 18, 2013 at 12:00 am
ဝေဝေရေ
ချီးကျူးချင်ရင် အီးဇီးကွတ်ကျွေးပါ။
အရီးခင်လတ်
March 17, 2013 at 10:46 pm
ပွဲ သတင်းလေး အတွက် ကျေးဇူးပါ အစ်မရေ။
ပွဲကျင်းပပေးတဲ့ ကလေးတွေရော၊ တစ်တပ်တစ်အား အားဖြည့်ပေးခဲ့တဲ့ အစ်မကိုရော လေးစားပါတယ်။
တစ်ယောက်တစ်လက် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြရင် ကျွန်မတို့ နှစ် ၁၀၀ဝ ကျိန်စာ က လွတ်ပြီး အစ်မပြောသလို “ရွှေပြည်တော် မျှော်တိုင်းမဝေးလောက်ပါဘူး”။
သတိတရားလေးတွေ နဲ့ ဘဝ မှာ အကျိုးရှိရှိ နေသွားနိုင်ရင် နေရသမျှ အမြတ်ပါဘဲ။
padonmar
March 18, 2013 at 12:15 am
မလတ်ရေ
မအားတဲ့ ကြားက လာအားပေးတာ ကျေးကျေးပါ။
လူငယ်လေးတွေက အများအကျိုးအတွက် လုပ်တတ်လာသလို
ကျမတို့ လူကြီးတွေကလည်း သူတို့ရဲ့ မှန်ကန်တဲ့ လုပ်ရပ်ကို အားပေးသင့်ပါတယ်။
ဒီကနေ့ ပြည်သူ့ဥယျာဉ်ကြီးထဲ ရောက်နေတဲ့ လူငယ်လူရွယ်တွေ ကျမစိတ်ထင် သုံးလေးရာလောက်ရှိမယ်ထင်ပါတယ်။
အဲဒီထဲမှာမှ ဒီလို အသိတရားရှိတဲ့ လူငယ်တွေက ဆယ်ဂဏန်း သေးသေးလေးပဲ ရှိပါသေးတယ်။
ဒီထက် ပိုပြီး ရေလှိုင်း ဂယက်လို ပြန့်သွားဖို့က ကျမတို့မှာလည်း တာဝန်ရှိတယ်လို့ ခံယူပါတယ်။
သူတို့ ဖေ့ဘွတ်ကြည့်မိတော့ ဒီလို သူများစွန့်တဲ့ အမှိုက်တွေ
လိုက်ကောက်ပေးဖို့ သင့်ရဲ့လားလို့ ဝေဖန်ကြတာတွေကို သူတို့ ဘယ်လိုတုန့်ပြန်လဲ ဖတ်ကြည့်ကြစေချင်ပါတယ်။
ဦးဦးပါလေရာ
March 18, 2013 at 12:17 am
တိုင်းပြည်နဲ့လူမျိုးအကျိုးကို လက်တွေ့လုပ်နေတဲ့ လူတော်တွေပဲ…..။
ပါးစပ်နဲ့လဲ အရင် ချီးကျူးဂုဏ်ပြုနှင့်ပါတယ်…
လက်တွေ့ ပူးပေါင်းကူညီနိုင်အောင်လဲ ကြိုးစားမယ်ဖြစ်ကြောင်း….။
padonmar
March 18, 2013 at 12:27 am
ငှက်ကထကြီးရေ
ညကြီး သန်းခေါင် မအိပ်ပဲ အားပေးလို့ ကျေးကျေး။
သူတို့ နောက်ပွဲလုပ်ရင် အကြောင်းကြားမယ်တဲ့။
အားပေးကြရအောင်.
kai
March 18, 2013 at 1:11 am
လူငယ်တို့ရေ..
ရွာလူကြီးတွေသန်းခေါင်ကျော်ထိ.. ညမအိပ်ပဲ..ရွာအကျိုးလုပ်နေကြတယ်..
တရက် (ညအိပ်နောက်ကျတဲ့)၁နာရီအမြတ်ထွက်လာ.. ဘဝတသက်တာ..ပေါင်းရင်.. နည်းလား..
နော..။ :harr:
kyeemite
March 18, 2013 at 11:10 am
လူငယ်တွေရဲ့ အသိအမြင်အတွေးအခေါ်နဲ့ လုပ်ဆောင်ချက်ကို လေးစားမိပါတယ်။
တစ်ခါတလေ အလုပ်လက်မဲ့ နဲ့လူငယ်တွေ အားအားယားယား လဘက်ရည်ဆိုင်တွေ
ဘီယာဆိုင်တွေမှာ အချိန်ဖြုံးနေကြတာတွေ့ရင် တော်တော်စိတ်မကောင်းဖြစ်မိတာ…
အခုလိုလူငယ်မျိုးလေးတွေ တွေ့ရပြန်တော့ အားတက်မိပြန်ရော…
တတ်တအားပါဝင်နွဲခဲ့တဲ့ ဥက္ကဋ္ဌ ကြီးကိုလည်း ဗရာဗိုပါလို့..:hee:
Mလုလင်
March 18, 2013 at 11:28 pm
သတင်းပေးရတာ တန်သွားပါပြီ . . အန်တီ ရေ . . . . ကျွန်တော် လဲ ဝင်ပြ ဖို့ စိတ်ကူး တော်တော်ကြီးကြီး ရှိပါတယ် . . ရိုက်ထားနှက်ထား တာတွေလဲရှိပါတယ် . . . . ဒါပေမယ့် . . ခုတလော ဘယ်လို ဖြစ်တယ် မသိဘူး . . ရိုက်ထားသမျှ . . ရိုက်ထားခဲ့သမျှ တွေ ပြန်ကြည့်ပြီး . . ဘယ်ပုံ ကိုမှ စိတ်တိုင်း မကျတော့လို့ . . . . ဘယ်သူ့ကိုမှ မပြ ဖြစ်သလို . . ဘယ် ပုံကို မှ မတင်ဖြစ်တော့ဘူး . . ဟိုး တနေ့ ကတော့ ဆြာအုပ် နဲ့ တွေ့ပြီး Street Photographer လုပ်ဖြစ်ကြသေး . .အဲ့ဒါ . . လေးတော့ ပိုစ့် တင်ဦးမယ် စိတ်ကူးပါတယ် . .။
ဆိုတော့ . . . . နောက်လဲ သတင်း ပေးဦးမယ်နော် . . .