ပညာ ပေးမှာလား၊ ပညာ စမ်းမှာလား

manawphyulayMarch 17, 20131min1903

ပညာဆိုတာ လူတိုင်းနဲ့ နေ့စဓူဝ တွေ့ကြုံနေရတဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ လူလောကကို ရောက်ရှိ လာကတည်းက မွေးဖွားပြီး ၃ နှစ်၊ ၄ နှစ်မှ စတင်ပြီး မူကြိုလို့ခေါ်တဲ့ ကျောင်းပညာရေးနဲ့ ထိတွေ့လာရပါတော့တယ်။ ဒါကနေတစ်ဆင့် သူငယ်တန်းမှ မသေခင်စပ်ကြားထိ ပညာဆိုတာတွေ လေ့လာ သင်ယူမှုတွေနဲ့ လူတိုင်း အစပျိုးလာရမှာပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဉ်စတက်ကတည်းက ကျောင်းပညာရေးဟာ လူ့ဘဝတစ်သက်တာမှာ အရေးကြီးဆုံးပါပဲ။ ကလေးတစ်ယောက်ရဲ့ ဘဝလမ်းကြောင်း အစကောင်းမှသာ အနှောင်းသေချာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ လက်ဦးဆရာဟာ မိဘတွေဖြစ်သလို ဒုတိယကတော့ ကျောင်းနေတဲ့အရွယ်ကစပြီး ပညာသင်ကြားပေးတဲ့ ဆရာ၊ ဆရာမတွေပဲ ဖြစ်ပါတယ်။ ဆရာတွေ ဆရာမတွေ မကောင်းခဲ့ရင်တော့ ဒီကလေးရဲ့ဘဝလမ်းကြောင်းဟာ အရာအားလုံး ကျွမ်းထိုး မှောက်ခုံဖြစ်သွားမှာ အမှန်ပဲဖြစ်ပါတယ်။ ပြောကြတာ သင်လည်း ကြားဖူးမှာ ဖြစ်ပါတယ်။ တပည့် မကောင်း ဆရာ့ခေါင်းဆိုတဲ့ လူတွေရဲ့ပုံသေနည်းတွေလည်း သိမယ်လို့ ထင်မြင်မိပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ လမ်းကြောင်း မှန်ကန်ဖို့ ဆရာတွေ၊ ဆရာမတွေသာ အခရာပင် ဖြစ်ပါတယ်။

ပညာဆိုတဲ့ မြန်မာဝေါဟာရအဓိပ္ပာယ်ကို လေ့လာသုံးသပ်ကြည့်မိတယ်။ ပညာဆိုတာ ပါဠိကလာတဲ့ မြန်မာစကား တစ်လုံးပါပဲ။ ပညာကို မြန်မာအဘိဓာန်မှာ အခြေခံအဓိပ္ပာယ် နှစ်မျိုး ပေးတယ်။

(၁) အသိဉာဏ်။ ခွဲခြားဝေဖန်နိုင်သော အသိဉာဏ်။

(၂) အတတ်

ဒါကြောင့် ပညာသင်တယ်ဆိုတာ အတတ်ပညာ ဆည်းပူးလေ့လာတာ ဖြစ်သလို၊ အသိဉာဏ် မြင့်မားအောင် အားထုတ်လေ့ကျင့်တဲ့ သဘောလည်း ပါဝင်ပါတယ်။ ပညာရှိနှင့် ပညာတတ်ဆိုတာ ပညာရဲ့ အဲဒီအဓိပ္ပာယ်နှစ်မျိုးကို အခြေခံပြီး ခွဲခြားပြောဆိုကြတဲ့ သဘောပဲ။ ပညာရှိဆိုတာက အကြားအမြင် ဗဟုသုတနှင့်ပြည့်စုံပြီး အကောင်းအဆိုး ဝေဖန်ခွဲခြားနိုင်တဲ့ ပုဂိ္ဂုလ်ကို ဆိုလိုတာ။ ပညာတတ်ဆိုတာက အသိပညာတွေ၊ အတတ်ပညာတွေ လေ့လာသင်ယူတတ်မြောက်ထားတဲ ပုဂ္ဂိုလ်လို့ ခွဲခြားသတ်မှတ်ထားလို့ ရပါတယ်။ သို့သော် ပညာရှိလောက်တော့ မရင့်ကျက်၊ မပြည့်ဝ၊ မမြင့်မားဘူးပေါ့။ မြန်မာမှာ ပညာနဲ့တွဲစပ်ပြီး သုံးတဲ့စကားလုံးတွေ အများကြီး ရှိသေးတာကို လေ့လာမှတ်သား ရပါတယ်။ ဥပမာ – ပညာ ပြတယ်။ ပညာ ပေးတယ်။ ပညာ စမ်းတယ်။ ပညာ ပြတယ်ဆိုတာ ညစ်တဲ့သဘော၊ ပညာပေးတယ်ဆိုတာ ဆုံးမတာ၊ ပညာ စမ်းတာက ကျွမ်းကျင်မှုအရည်အသွေးကို စမ်းသပ်တာပဲ ဖြစ်ပါတယ်။ ဒါတွေနှင့် ဆက်စပ်လာတဲ့အခါကျတော့ ပညာရဲ့အဓိပ္ပာယ်တွေက ပိုမို ကျယ်ပြန့်နက်ရှိုင်းလာတာကို တွေ့ရှိရပါတယ်။

မြန်မာ – အင်္ဂလိပ် အဘိဓာန်မှာ ပညာကို အင်္ဂလိပ်ဘာသာနှင့် ဖွင့်တဲ့အခါ စကားလုံးခြောက်လုံးကို လေ့လာသုံးသပ်မိပါတယ်။

(၁) Knowledge, Learning, Education, Schooling

(၂) Skill, Craft

ဆိုတဲ့ စကားလုံးခြောက်လုံးကို တွေ့ရှိရပါတယ်။

အဲဒီထဲကမှ Learning ဆိုတဲ့အပိုင်းလေး အဓိကထားပြောချင်မိပါတယ်။ ဒီလိုမပြောခင် Learn ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်တာကတော့ သင်အံလေ့ကျင့်သည်။ သင်ကြားသည်။ လေ့လာတတ်မြောက်သည်။ အာဂုံဆောင်သည်ဆိုတာတွေပေါ့။ ဒီတော့ ပြောချင်တာက ဆရာဆိုတာ တပည့်များကို သင်ကြားပြသတဲ့အခါ နာသုံးနာဆိုတာကို အဓိက ထားရမှာပဲဖြစ်ပါတယ်။ စေတနာ၊ ဝါသနာ၊ အနစ်နာဆိုတာနဲ့ ဖန်တီးထားတဲ့ ကိုယ့်ရဲ့တပည့်တွေကို ကျောသားရင်သားမခွဲခြားပဲ ဆရာဆိုတဲ့ဂုဏ်နဲ့ လိုက်လျောညီထွေစွာ နေထိုင်ကျင့်ကြံ နိုင်ဖို့ အလွန်တရာမှ အရေးကြီးလှပါတယ်။ ကိုယ်မသိတာ၊ မတတ်တာကို သင်ကြားညွှန်ပြတဲ့သူတွေကိုလည်း ဆရာအရာ အလေးထားကြတဲ့ မြန်မာလူမျိုးတွေရဲ့ အကျင့်လက္ခဏာဟာဆိုရင်ဖြင့် အတုယူစရာ ကောင်းလှပါတယ်။ ဆရာတွေကလည်း ကိုယ်သိတာ တတ်တာကို ဖြန့်ဝေပေးပြီး ဆရာစားမချန် သွန်သင် လေ့ကျင့်ပျိုးထောင်သင့်ပါတယ်။ ဒါမှသာ ဆရာကောင်းပီသမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြောချင်တာက ယနေ့ခေတ်ကျောင်းပညာရေးမှာ ကျောင်းသားကျောင်းသူတွေကို ဘယ်လိုသင်နေတာလဲဆိုတာ မိဘတိုင်းက စောင့်ကြည့်နေကြတယ်ဆိုတာပါပဲ။ ကျွန်မတို့ခေတ်တုန်းကတော့ ကျောင်းပညာပဲ အားထားရတယ်။ ကျူရှင်တို့၊ ဂိုက်တို့၊ စာကျက်ဝိုင်းတို့ဆိုတာ ဝေလာဝေးပဲ။ ကျောင်းစာကို ကျောင်းမှာပဲ အပြီး ဆရာတွေ ဆရာမတွေက အားကြိုးမာန်တက် သင်ကြားပြသကြတယ်။ မုန့်စား ဆင်းချိန်တောင် မသိတဲ့စာ လာမေး၊ ရှုပ်တယ်လို့ မတွေးတဲ့ အလွန်တရာ ချစ်ဖွယ်ကောင်းတဲ့ နာသုံးနာနဲ့ ပြည့်စုံတဲ့ ဆရာတွေ ဆရာမတွေပါပဲ။ လေးစားဖို့လည်း အလွန်ကောင်းလှပါတယ်။

ဒီတော့ ကိုယ်က ဘယ်လောက်ပေးနိုင်သလဲ။ ပညာဆိုတာ ပေးတိုင်းလည်း မယူတတ်သူတွေ တစ်ပုံကြီးရှိပါတယ်။ ဒီလိုကျရင် ယူတတ်အောင် သင်ကြားပြသရမှာက ဆရာတွေရဲ့ စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။ အဲ ယူချင်တာတောင် မပေးတတ်ဘူးဆိုရင်တော့ ဆရာဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်လားဆိုတာ စဉ်းစားဖို့ လိုလာပြီ ဖြစ်ပါတယ်။ ငယ်တုန်းအရွယ် ကလေးတွေကို ပြုပြင်ရတာဟာ အမှန်တကယ်တော့ ထည့်တဲ့ခွက်ထဲ ပုံစံတစ်ကျ ဝင်ဖို့ အလွန်ပဲ ကောင်းလှပါတယ်။ ထည့်တတ်ဖို့လည်း လိုပါတယ်။ ကလေးတွေရဲ့ စိတ်ဟာ အန်မတန်မှ နူးညံ့လှတဲ့အတွက် ဘဝတစ်လျှောက် အစွန်းအထင်း မပါသွားဖို့ အရေးကြီးဆုံးပါပဲ။ ဒါတွေ ဘာကြောင့် ပြောနေရသလဲဆိုတော့ ဆရာဆိုတာ ငါပြောသလိုလုပ် ငါ လုပ်သလိုမလုပ်နဲ့ဆိုတဲ့ လွှဲမှားစွာ ကျင့်သုံးနေကြသူတွေ အများအပြား တွေ့ရှိနေရလို့ပါပဲ။ နောက်တစ်ချက်က ကျောင်းတွေမှာ ကလေးတွေ ပညာရေးမပြိုင်ဆိုင်ပဲ သူ့ထက်ငါ ပိုတတ်အောင် ပိုတော်အောင် သင်ပေးမယ်ဆိုတဲ့စိတ်ထားတွေ မထားရှိကြပဲ ကျောင်းစိမ်းဝတ်စုံတောင် အပြိုင်အဆိုင် ဒီဇိုင်းတွေ လုပ်လားလုပ်ရဲ့၊ နောက် အိမ်မှာ ရှိသမျှ လက်ဝတ်ရတနာများ အပြိုင်အဆိုင် ထုတ်ဆွဲလား ထုတ်ဆွဲနဲ့ နောက် ကလေးတွေ ထမင်းဗူး ဘာတွေပါလဲ၊ လာ တစ်ယောက် တစ်မျိုး ယူလာခဲ့လို့ ဆိုသူကလည်း ရှိသေးတာကို လေ့လာတွေ့ရှိမိတော့ ကလေးတွေရဲ့ နောင်အနာဂတ်ပညာရေးကို အတော်ရင်လေးဖွယ် ဖြစ်မိပါတယ်။

ဟော ခုနောက်ပိုင်းလည်း ရောက်ရော ဘာတဲ့ ကျောင်းမှာ စာကို သေချာမသင်တော့ပဲ အိမ်မှာခေါ်သင်တဲ့ ကျူရှင်တွေ၊ စာကျက်ဝိုင်းတွေ၊ ဂိုက်တွေ မှိုလိုပေါက်လာတော့တာပါပဲ။ ဒီလို အနေအထားဖြစ်ပေါ်လာတာဟာ နောင်အနာဂတ် မျိုးဆက်တွေအတွက် တစ်နည်းကောင်းသလို မိဘတွေအတွက်တော့ အင်း အများအားဖြင့် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ မိဘတွေအတွက်တော့ အလွန်တရာ ရင်လေးဖွယ်ပါပဲ။ ဘာကြောင့် ဒါကို ပြောရသလဲဆိုရင် မိသားစုတစ်စုမှာ သားသမီး ငါးယောက် ရှိတယ်ဆိုပါစို့။ မိဘက လက်လုပ်လက်စားဘဝဖြစ်ပြီး သားသမီးတွေက ကျောင်းနေတုန်းအရွယ်ဆိုရင် သားသမီး ငါးယောက်ရဲ့ ခုခေတ်ကျောင်းစရိတ်တွေ ဘယ်လောက်လဲဆိုတာ သင်ပဲ စဉ်းစား မြင်ယောင် ကြည့်လိုက်လေ။ ဘယ်လောက်တောင် ကသီလင်တ နိုင်မယ့် ဘဝအခြေအနေလဲဆိုတာကိုပေါ့။ ဒါကို ဆရာတွေ ဆရာမတွေက နားလည်မှုမပေးနိုင်ပဲ။ ငါ့ကျောင်းသားက ငါ့ကျူရှင်တက်ရမယ်ဆိုတဲ့ (ကိုယ့်ဘာသာ ထုတ်တဲ့) ဥပဒေတစ်ရပ်က ထုတ်ထားပြန်တော့ တကယ်မလွယ်တဲ့ဘဝတွေကို ရင်ဆိုင်ရမှာ အမှန်ပဲ မဟုတ်ပါလား။ ဒီတော့ ဘာတွေဖြစ်လာသလဲဆိုတော့ ကျူရှင်မယူနိုင်တဲ့ကလေးက ကျောင်းမှာ မျက်နှာကောင်းမရတဲ့ဘဝကို အလိုလိုရောက်ပြီး ကျောင်းမတက်ချင်တဲ့ရောဂါတစ်ခု စွဲကပ်အမြစ်တွယ်လာ ပါတော့တယ်။ ဒီကြားထဲ ဘာတွေသင်လဲဆိုတော့ ကျောင်းမှာ ကိုယ်သင် ကိုယ်ထုတ် မေးခွန်းစနစ်က ကြီးစိုးနေတော့ ဒါသင် ဒါကျက် ဒါဖြေဆိုတဲ့ ပုံသေကားချပ်လည်း ချထားလေရဲ့။ ဒီတော့ ကလေးတွေရဲ့စိတ်မှာ ဒီထက်ပိုပြီး တွေးခေါ်တတ်တဲ့စိတ်ဓာတ်တွေ ပျောက်ဆုံးကုန်တယ်။ တဖြည်းဖြည်း အရွယ်ရောက်လာတဲ့ ကလေးတွေမှာ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ စွမ်းအားမရှိတော့ပဲ သူများကိုပဲ အားကိုးလိုတဲ့စိတ်တွေ ကိန်းအောင်း နေတဲ့သူတွေ ဖြစ်လာတော့မှာပေါ့။

ဒါနဲ့ ဟိုတစ်နေ့က အလုပ်ကပြန်တော့ ကျောင်းသားတစ်ယောက်ရဲ့ မိခင်က ရင်ဖွင့်ရှာတယ်။ သူ့ရဲ့သားက ယခု သုံးတန်းတက်နေပါတယ်တဲ့။ အရင်ကတော့ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ထားတယ် ပေါ့လေ။ နောက် အတန်းပိုင်ဆရာမက ကလေးမီးဖွားတော့ စာမသင်နိုင်တော့ မိဘတွေရဲ့ ကိုယ့်သားသမီးပေါ် ထားတဲ့ မေတ္တာတရားက အလွန်ကြီးမားတယ်ဆိုတာ ယုံကြည်မိပါတယ်။ သားကလေးရဲ့ ပညာရေး နှောင့်နှေးမှာ စိုးလို့ အတန်းပိုင်ဆရာမက စာမသင်နိုင်တော့ အတန်းငယ်တုန်းက ထားတဲ့ဆရာမဆီမှာ ကျူရှင်ပြောင်းထားလိုက်တယ်။ ဒါနဲ့ အတန်းပိုင်ဆရာမက ကလေးမွေးဖွားပြီး ကျောင်းပြန်တက်တော့ ကလေးက ဟိုပြောင်းဒီပြောင်း ပြောင်းနေရမှာစိုးလို့ မိဘက မပြောင်းပဲ ဒီတိုင်းပဲ ကျူရှင်ကို ထားလိုက်တော့ တယ်။ ကျောင်းသားဆိုတာ ဘယ်မှာထားထား ကလေးစာတတ်ဖို့ပဲ မဟုတ်ဘူးလား။ အဲဒီလို မဟုတ်ပဲနဲ့ တစ်ရက်တော့ အတန်းပိုင်ဆရာမက ကလေးကို ခေါ်ပြီး ကျူရှင် ဘယ်မှာတက်နေတယ်မလားလို့ မေးပါတယ်။ ကလေးဆိုတာ အပြစ်ကင်းတဲ့အရွယ်လေ။ သူက မလိမ်ညာပဲ ဟုတ်ပါတယ်လို့ ပြောလိုက်တော့ ကလေးကို ကျူရှင်စာအုပ်သွားယူခိုင်းပါတယ်။ ကလေးက သွားယူပေးတော့ သူက သင်ပုံသင်နည်းတွေ ကြည့်ပြီး ကျောင်းမှာ ကလေးရဲ့ ကျူရှင်စာအုပ်ထဲက ပုံစံအတိုင်း သင်ကြားပါတော့တယ်။ တစ်မျိုးပဲနော်။ ပြောပြတုန်းက မယုံကြည်ဘူး။ ဆရာမဆိုတာ ပညာရည်ပြည့်ဝလို့ နိုင်ငံတော်က ကလေးတွေရဲ့ဘဝအတွက် ဝကွက်ရွေးချယ်ပြီး အပ်ထားတာ မဟုတ်ဘူးလား။ ခုတော့ ကိုယ်ပိုင်အတွေးအခေါ်မရှိ၊ အိုင်ဒီယာမထုတ် ကိုယ့်ပညာနဲ့မသင်ပဲ ဘာလို့ သူများသင်တာကို လိုက်အတုခိုးပြီး သင်တာပါလိမ့်ပေါ့။ ပညာရေးခေတ်ကြီးက ဒါကြောင့် ဆုတ်ယုတ်ကုန်တာပါလားလို့လည်း တွေးမိတယ်။ ဒါနဲ့ ကလေးက တစ်ရက်တော့ ကျူရှင်စာအုပ်မယူသွားမိဘူး။ ဆရာမက ယူလာခိုင်းတော့ ကလေးက မပါဘူးပြောတာ သူ့ကို လိမ်တယ် ညာတယ်လို့ ကလေးကို ပြောပါလေရော။ အတန်းထဲမှာလည်း ကလေးကို အကြောင်းမရှိ အကြောင်းရှာ ရိုက်လာပါတယ်။ ဒီလိုဖြစ်လာတော့ မိဘအနေနဲ့ကလည်း သွားပြောလည်း အခက် မပြောလည်း ကိုယ့်သားသမီးက တဖြည်းဖြည်း ကျောင်းကြောက်တဲ့သူဖြစ်လို့လာနေတယ်။ သွားပြောပြန်ရင်လည်း ကိုယ့်သားသမီးကို မဲပြီး ဆူမှာလည်း စိုးနေပြန်တော့ သင်လည်း မိဘနေရာကနေ ဝင်ပြီး ခံစားကြည့်စေ ချင်တယ်။ ဒီဆရာမကလည်း မကြာသေးခင်က သားသမီးမွေးထားတာပဲ ကိုယ်ချင်းစာတရားထားပြီး ဆရာဆိုတဲ့ ဂုဏ်ကို ထိန်းသိမ်းသင့်တာပေါ့။ ခုတော့ ဘယ်လိုလူမျိုးတွေကို ဆရာမ ခန့်ထားသလဲဆိုတာတောင် စဉ်းစားမရဘူးဖြစ်နေတယ်။

ဒါနဲ့ ဟောပြောပွဲတစ်ခုမှာ ဆရာ အော်ပီကျယ်ပြောတဲ့ စကားတွေကို ကြားယောင်မိသေးတယ်။ ပညာရေးစနစ်ရဲ့ ပြယုဂ်ပေါ့လေ။ သူအိမ်မှာရှိတုန်း သူ့ရဲ့သားက စာအော်ကျက်နေတယ်တဲ့။ ကျက်တဲ့စာက ဘာစာလည်းဆိုတော့ စာစီစာကုံးပါတဲ့။ ဟင် ကိုယ်တွေလက်ထက်ကတော့ စာစီစာကုံးက ကိုယ့်စိတ်မှာ ရှိတာကို ချရေးရတာပဲ ကျက်ရတဲ့စာမှ မဟုတ်တာပေါ့။ ဒါနဲ့ ဘာအကြောင်းလဲဆိုတော့ ကျွန်ုပ်၏အကြောင်းတဲ့ ကလေးက အော်ဆိုနေတာက “ကျွန်တော်၏အဖေသည် ဦးဘဖြစ်ပါသည်” ဆိုပြီး ထပ်ကာ ထပ်ကာဆိုနေတော့ အဖေဖြစ်တဲ့သူက မိန်းမကို လှည့်မေးပါတော့တယ်။ “မိန်းမရေ… အိမ်ကို ဘယ်သူလာသေးလဲတဲ့” မိန်းမဖြစ်သူက “ဘယ်သူမှ မလာပါဘူးတော်။ ဘာဖြစ်လို့လဲ” ဆိုပြီး မေးတော့ “မသိဘူးလေကွာ။ မင်းသားက ဆိုနေတာ သူ့အဖေက ဦးဘတဲ့” နောက်ပြီး မေးလိုက်ပါတယ်။ ဒါနဲ့ သူ့သားဖြေပုံကြောင့် ဆရာ အော်ပီကျယ်လည်း ကိုယ့်နဖူးကိုယ်သာရိုက်လိုက်ပါတော့တယ်။ သားဖြေပုံက “အဖေကလည်း ဘာသိလဲ။ သားသူငယ်ချင်းရဲ့အဖေလည်း ဦးဘပဲ”တဲ့လေ။ ကဲ ကောင်းကြရောပဲ။ စာစီစာကုံးတောင် ကိုယ့်အကြောင်း အရာကို ဘယ်လိုလမ်းကြောင်းနဲ့ ဘယ်လိုရေးရတယ်မပြောပြပဲ ကျက်ဖြေဘဝတွေ ရောက်လို့နေတဲ့ ပညာရေး ခေတ်ကြီး ဖြစ်လို့နေပါတော့တယ်။ ပညာရေးစနစ်ကို ဒီလိုသာ လုပ်နေမယ်ဆိုရင်တော့ နောင်အနာဂတ် သားကောင်းများ ဘယ်လိုဘဝမှာ ဖြတ်သန်းကြရမလဲဆိုတာ စဉ်းစားမိတာကြောင့် အပြုသဘောဖြင့် ရေးသားတင်ပြလိုက်ရခြင်းပင် ဖြစ်ပါတော့တယ်။

မနောဖြူလေး

3 comments

  • kyeemite

    March 18, 2013 at 9:25 am

    အကျိုးပြုပို့စ်လေး ကို ဖတ်ရှု့အားပေးသွားပါတယ်ဗျာ..

  • KZ

    March 18, 2013 at 9:46 am

    မနောဖြူလေး ပြောသလောက် ပညာရေးလောက က လူတွေသိနိုင်ရင်တော့ အကောင်းသားကလား။ :mrgreen:

    ပညာရေး၊ ပညာရေး။။။။။။။

    ဝန်ကြီး တစ်ယောက်ပြောင်းရင် ပုံစံ တစ်မျိုးပြောင်း၊
    အိမ်နီးချင်းနိုင်ငံတွေနဲ့ တည့်ရင်တည့်သလို၊ မကြည်ရင် မကြည်သလို သင်ရိုးပြောင်း၊
    မ အ အောင် သင်ပါတယ်ဆိုတဲ့ သမိုင်းကို ဖြတ်၊ ညှပ်၊ ကပ်၊

    အစမ်းသပ်ခံ ပညာရေး ဆိုတော့ ပညာစမ်းတယ်ပဲ ပြောရမှာပေါ့နော်။ :mrgreen:

    “အစမ်းသပ်ခံ အသည်းနှလုံး၊ သဘောထားအကြီးဆုံး”

    :harr:

  • awra-cho

    March 18, 2013 at 12:37 pm

    လွှတ်တော်မှာ မေးကြည့်ပါလား တကမာ္ဘလုံး အကောင်းဆုံးလို့ထင်ရလောက် အောင် ပြောပြပါလိမ့်မယ်၊ အသိခေါက်ခက် အဝင်နက်လို့ ပြောရမှာလား၊ သိသိနဲ့လုပ်တာလား၊ မလုပ်တတ်တာလား၊ မှားနေမှန်းကို မသိတာလား။ သိတော့ဘူးဗျာ။

Leave a Reply