သင်္ကြန်ဈေး
“သင်္ကြန်ဈေး……………………..”
မတ်လရောက်ပြီဆိုတာနဲ့ အချဉ်ပေါင်းသယ် ထီသယ်တွေဆီက သင်္ကြင်္န်သီချင်းတွေစကြားရပါပြီ။
အေပရယ်လ်လဆန်းပြီဆိုတာနဲ့ သင်္ကြန်အထူးလျော့ဈေးဆိုင်တွေအလျိုလျိုပေါ်လာကြပါပြီ။
အဲဒါကျနော်တို့ရဲ့မန္တလေးမြို့ရဲ့ထုံးတမ်းစဉ်လာဆိုရင်လဲမမှားပါဘူး။
ကျနော်ညနေအလုပ်ကအပြန်ဆိုရင် ၈၄ လမ်းအတိုင်းပြန်လေ့ရှိပါတယ်။
၃၉လမ်း ကျော်ပြီဆိုတာနဲ့လမ်းတစ်ဖက်တစ်ချက်မှာ”သင်္ကြန်အထူးလျှော့ဈေး”ဆိုတဲ့ အထည်ဆိုင်ကလေးတွေကိုစတွေ့ရပါတော့တယ်။
အရှေ့ဘက်ခြမ်းမှာတော့ အိမ်ထဲမှာအကျအနကိုဖွင့်ထားပြီးအနောက်ဘက်ခြမ်းကတော့
ယာယီဝါးတဲလေးတွေနဲ့ ဆိုင်ဖွင့်ကြတာပါ။
လမ်း၄ဝနဲ့၄၂လမ်းကြားမှာတော့ လမ်းအနောက်ဘက်ခြမ်းမှာ” မိုးနတ်မယ်”
ကသူ့ခြံဝန်းကြီးထဲမှာ အတန်းလိုက်ကြီးခင်းထားလိုက်တာများအားရပါးရ။
သူ့နံဘေးမှာလဲ ဆိုင်ကလေးတွေ ရှိနေသလို
လမ်းအရှေ့ဘက်တန်းမှာလဲဆို်င်တွေကတန်းစီလို့။
ဝယ်သူတွေကလဲရှိသမျှဆိုင်တိုင်းမှာအုုန်းအုန်းထလို့။
လမ်းဘေးမှာ ကားထိုးရပ်ပြီးရောင်းတဲ့အထည်ဆိုင်၊
ယာယီစင်လေးထိုးပြီးရောင်းတဲ့ဆိုင်
ခုံကလေးချပြီးရောင်းတဲ့ဆိုင် ဘယ်ဆိုင်မဆိုရောင်းရတာပါဘဲ။
ဆို်င်တိုင်းမှာ ဝယ်သူတွေအပြည့်နဲ့ပါဘဲ။
ကျနော်တို့ မန္တလေးမှာတော့ သင်္ကြန်ဆိုတာနဲ့ရင်ထဲကိုအပျော်တွေကူးစက်လာသလိုပါဘဲ။
နောက်ဒီလိုသင်္ကြန်ရောက်ခါနီးပြီဆိုတာနဲ့ သင်္ကြန်တွင်းမှာ ဝတ်ဘို့စားဘို့လည်ဘို့အတွက်
လုံးပန်းရသလို နှစ်ဆန်းတစ်ရက်နေ့မှာဝတ်ဘို့အတွက်ပါ အဝတ်အစားအသစ်တွေဝယ်ကြပါတယ်။
နောက်ကျနော်တို့မန္တလေးက ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဆို်င်တွေများတော့
အဲဒီဆိုင်တွေမှာအလုပ်လုပ်တဲ့သူတွေလဲများပါတယ်။
ဒီလိုသင်္ကြန်နားနီးရင် ဆိုင်ရှင်တွေက သူတို့ဆိုင်မှာအလုပ်လုပ်တဲ့သူတွေကို
သင်္ကြန်မုန့်ဘိုးဆိုပြီး တခုတ်တရပေးလေ့ရှိပါတယ်။
နောက်သူတို့လေးတွေက အလုပ်ရှင် တို့ဆရာတို့ကိုလဲ သင်္ကြန်ရေကန့်တော့လေ့ရှိပါတယ်။
အဲလိုကန့်တော့တယ်ဆိုရင် မုန့်ဘိုးပြန်ပေးကြတာလဲရှိပါတယ်။
ဘယ်လိုဘဲပြောပြော သင်္ကြန်နားနီးရင်း မန္တလေးက လူတွေရဲ့လက်ထဲမှာငွေရွှင်နေတာများပါတယ်။
အဲလိုဝင်ငွေမရှိသူကတော့ ကြိုသုံးထုတ်ပြီးသုံးတာပေါ့။
အရေးကြီးတာက သင်္ကြန်မှာပျော်ရဘို့ဘဲ။
ဒီလိုသင်္ကြန် တစ်ထက်တစ်နီးကပ်လာတာနဲ့မန္တလေးတမြို့လုံးကလဲ ပုရွက်အုံတုတ်နဲ့ထိုးသလို
အုံကြွလို့နေပါတယ်။
ဈေးမှန်သမျှမှလဲဝယ်ကြခြမ်းကြနဲ့ စည်ကားလို့နေတတ်ပါတယ်။
အဲတော့လဲဟိုအရင်ကကြုံခဲ့တဲ့ သင်္ကြန်ဈေးသည်လေးဘဝကိုပြန်ပြီးသတိရမိပါသေးတယ်။
&&&&&&&&&&&&&&&&&&&& &&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
********************** ******************** ************************
လွန်ခဲ့တဲ့ဆယ်စုနှစ် (၂)ခု ကျော်လောက်က ကျနော်ကိုယ်တိုင်ဈေးရောင်းခဲ့ဘူးတဲ့သင်္ကြန်ဈေးလေးကို သတိရမိပါတယ်။
အစိုးရ ဝန်ထမ်းဘဝကနေ စတိုးဆိုင်မှာအရောင်းသမားအဖြစ် ရောက်သွားတဲ့ကာလလေးပေါ့။
အတိအကျပြောရရင်တော့ ၁၉၉ဝ ခုနှစ်လွန်ကာလများလို့ိုဆိုနိုင်ပါတယ်။
အဲဒီအချိန်တွေတုံးက ရယ်ဒီမိတ်အဝတ်အစားတွေဘောင်းဘီတွေက ထိုင်းတို့စင်္ကာပူတို့ဘက်နေအောက်လမ်းက
ရန်ကုန်ရောက် အဲဒီကမှတစ်ဆင့် ကျနော်တို့မန္တလေးဘက်ကိုလာပါတယ်။
တောင်ကြီးဘက်ကတစ်ဆင့် ယိုးဒယားဖြစ်တွေဝင်ပေမယ့် အရေအတွက်နည်းပါတယ်။
တရုပ်ပြည်ဘက်ကလဲ အဝတ်အထည်တွေ ဝင်ပေမယ့် အခုခေတ်လောက်မများသေးပါဘူး။
ဖေဖော်ဝါရီလဆန်းရောက်ပြီဆိုတာနဲ့ သင်္ကြန်ရောင်းဘို့အတွက် အထည်ကြိုတင်လို့စုရပါတော့တယ်။
ရန်ကုန်ကိုဆင်း တည်းခိုးခန်းမှာရက်ရှည်နေ။
ဗိုလ်ချုပ်ဈေးထဲမှာ နေ့စဉ် ဝင်သမျှ အထည်တွေထဲက သင်္ကြန်နဲ့လိုက်ဖက်မယ့် ကြောင်ကြားကြား
ဒီဇိုင်းအဆန်းတွေကိုစောင့်ဝယ်။
အထူးသဖြင့် တီရှပ်ဒီဇိုင်းတွေက တစ်နေ့နဲ့တစ်နေ့မရိုးအောင်ရောက်တော့ အဝယ်တော်လုပ်သူက
ရန်ကုန်မှာအမြဲနေမှဘဲ ဒီဇိုင်းအသစ်အဆန်းကိုရပါတယ်။
နောက်လူငယ်တွေအဝတ်များတဲ့ အရိုးခေါင်းတို့ ဂျာမဏီကထုတ်တဲ့ ဗင်တီရှပ် ဒီဇိုင်းကိုအတုလုပ်ထားတာတွေကိုရွေးဝယ်ရပါတယ်။
အဲလိုဝယ်တဲ့အခါမှာ အဝယ်တော်က လူငယ်အကြိုက်ကို ရွေးတတ် မြင်တတ်ဘို့လိုပါတယ်။
နို့မဟုတ်ရင် ဒီဇိုင်း မလှလို့ မရောင်းရဘဲ ဆိုင်ကပ်သွားရင်အရှုံးပေါ်တာပါဘဲ။
ဝယ်တဲ့အခါမှာလည်း ဒီဇိုင်းတစ်မျိုးထဲကိုအများကြီးမဝယ်ဘဲ နည်းနည်းစီစမ်းဝယ်ပြီးမန်းလေးကိုပြန်ပို့။
အဲဒီတုံးက အထည်တွေကို မီးရထားကယ်ရီနဲ့ဘဲပို့ကြရတာပါ။
ရန်ကုန်ဘူတာကြီးမှာပစ္စည်းအပ်။
အဲဒီကယ်ရီအဖွဲ့က မန်းလေးဆိုင်အရောက်လာပို့ပေးပါတယ်။
ပို့လိုက်တဲ့ဒီဇိုင်းထဲက မှ လူကြိုက်များတဲ့ ဒီဇိုင်းကို များများထပ်မှာရတာပါ။
ဂျင်း ဘောင်းဘီ ဆိုရင် Levis ,Puma ,Lee , Loisတို့နာမယ်ကြီးနေတဲ့အချိန်။
ဟိုအရင်က ဂျင်းဘောင်ဘီဆိုရင် အပြာရင့်ရင့် အပြာနုနုဘဲရှိတာကနေ
အဖြူ အနီ သုံးဘီးကားရောင် အစိမ်းရောင်အဝါရောင် ရောင်စုံထွက်လာပါတယ်။
စတိုင်ဘောင်းဘီဆိုရင် AA ၊ဝက်ဝံ၊ S farrisသက္ကလပ်ဘောင်းဘီ၊
ခါးပတ်ဆိုရင် ဂျက်ကော့ ၊ပြည်တွင်းဖြစ်သားရေခါးပါတ်ကို ခါးပါတ်ခေါင်း အကြီးကြီးတွေနဲ့ တွဲလို့ဝတ်
ရူးဖိနပ်ဆိုရင် ကင်ဂရူး ၊ကက်ကလုပ်တူးဝေး ၊ အောလ်စတား၊ဟာရာ၊
စပို့ရှပ်ဆိုရင် ဂျီကြူတို့ ကလပ်ဆဲဗင်း အစင်း။ဘယ်လာမီ၊
ရှပ်အကျင်္ ီဆိုရင် ရှိုးဒေါင်းဖြတ်ဆက်၊ ခရမ်းသီးကွေး၊
ဇော်ဝင်းထွဋ်ပုလဲသီးအကွက် ၊ဗဒင်အကွက် ၊ခရမ်းသီးကွေး၊ခိုင်ထူးကွက် ပိုလိုကွက်၊
တီရှပ်ဆိုရင် ဒယ်လကိုဗြောင် ၊ Face-It ၊ Shiref၊ Ven ၊No problem တီရှပ်တွေခေတ်စားခဲ့တာပေါ့။
ဂျေမောင်မောင် အင်္ကျ ီလက်တိုကို ခေါက်ဝတ်တာကိုလူကြိုက်များခဲ့၊
ခိုင်ထူးဝတ်တဲ့ရှပ်အင်္ကျီအကွက်တွေကို လိုက်ဝတ်ကြတဲ့ အချိန်၊
ပင့်ဖလွိုက်တီရှပ်ဒီဇိုင်းတု့ိ့၊ ဟာလီဒက်ဗဆင်အရိုးခေါင်းပုံ သိန်းငှက်ပုံတီရှပ်တွေ သဲသဲမဲမဲ ဝတ်တဲ့ကာလ
စိုးသူဆောင်းတဲ့ စတီးပြားကွပ်ထားတဲ့ မီးတောက်ဦးထုပ်တွေခေတ်စားခဲ့တဲ့ကာလပေါ့။
ဘာဘဲပြောပြော အဝတ်အစားဆိုတာ အမြဲပြောင်းလဲနေတဲ့ခေတ်ရေစီးတစ်ခုပါဘဲ။
*******************************************************************
သင်္ကြန်မပြီးမချင်းကတော့ စည်ပင်သာယာနဲ့ကျနော်တို့ အထည်သယ်ကတော့ပြေးတမ်းလိုက်တမ်းပါဘဲ။
စည်ပင်သာယာကလဲ ပလက်ဖောင်းလူသွားလမ်းမှာ အထည်မရောင်းဘို့တားပါတယ်။
ကျနော်တို့ကလဲ ဆိုင်ခန်းကျဉ်းကျဉ်းလေးမှာ ဘယ်လိုမှရောင်းလို့အဆင်မပြေပါဘူး။
အဲတော့ စည်ပင်ကားမလှည့်သေးတဲ့အချိန် ထိတော့အောင့်အီးလို့နေပါသေးတယ်။
စည်းမဲ့ကမ်းမဲ့ဈေးသည်တွေကိုလိုက်ဖမ်းတဲ့ကားဖြတ်သွားပြီဆိုတာနဲ့ ကျနော်တို့လဲပလက်ဖောင်းပေါ်
ချခင်းတော့တာပေါ့။
သူတို့ကလည်း လူလည်တွေပါဘဲ။
ကျနော်တို့ခင်းပြီးပြီဆိုမှ ကားတစ်ပါတ်ပြန်လှည့်လာပြီး တန်းမှာချိန်ထားတဲ့အထည်တွေလာဖြုတ်ပါတယ်။
နောက်ရက်မှာတော့ စည်ပင်သာယာရုံးကို သွားပြီး ဒဏ်ကြေးဆောင်ပြန်ရွေးပေါ့။
အဲဒီမှာဘာပြဿနာတက်လဲဆိုတော့ သူတို့သိမ်းသွားတဲ့ အကျီအသစ်တွေကို ထိုးကျိတ်ပြီး ထည့်သွားတော့
ပေပွညစ်ပတ်ပြီး ပြန်ရောင်းလို့မရတော့ပါဘူး။
အဲတော့ မြန်မာပီပီ လက်တစ်လုံးခြားဉာဏ်သုံးရပါတော့တယ်။
ပေါက်ပြဲနေတဲ့ အင်္ကျ ီ သုံးလေးငါးထည်ကို ကျွတ်ကျွတ်အိတ်ထဲမှာထည့်ပြီး အဆင်သင့်ထုပ်ထားလိုက်ပါတယ်။
စည်ပင်သာယာအဖမ်းကားလာပြီဆိုတာနဲ့အဲဒီအထုပ်ကို တင်ပေးလိုက်ပါတော့တယ်။
အဲလိုအထုပ်ကြီးကြီး ဖမ်းသွားတော့သူတို့ကလဲကျေနပ်ပါတယ်။
လူကြီးရှေ့မှာ အများကြီးဖမ်းထည့်လိုက်တာဆိုပြီး ပြလို့ရတာကိုး။
သင်္ကြန်မတိုင်ခင်ကတည်းက သင်္ကြန်တွင်းရောင်းဘို့ အကျီဘောင်းဘီတွေကို ရွေးရပါတော့တယ်။
ဆိုင်က ရောင်းမထွက်ဘဲကပ်နေတဲ့ အကျီတွေတီရှပ်တွေကို အုပ်စုတစ်ခုခွဲ။
တန်ဘိုးကြီးတဲ့ အမှန်အကန်တွေကိုတစ်အုပ်စု၊
နည်းနည်းလေးပေါက်နေတာတို့ အနာအဆာနည်းနည်းပါတာတို့ကို အုပ်စုတစ်စုခွဲ
ပြီး ပုံရပါတယ်။
နောက်တော့မှ
ဆိုင်ထဲက မှန်ကောင်တာမှာ ဆိုင်နံရံက တန်းတွေမှာ တန်ဘိုးကြီးတာတွေချိတ်ထားပါတယ်။
ဆိုင်ရှေ့မျက်နှာစာမှာလည ်း တန်ဘိုးကြီးတဲ့ ကောင်းပေ့ဆိုတာတွေကို ချိတ်။
ပြီးပြီဆိုမှ ဆိုင်ရှေ့ပလက်ဖောင်းမှာ ထိုးထားတဲ့ တန်းတွေပေါ်မှာ ဈေးပေါတာတို့
အနာအဆာပါတာတို့ အရောင်းမသွက်တဲ့ ဒီဇိုင်းတွေကို လှတပတဖြစ်အောင်တန်းစီပြီးချိတ်ရပါတယ်။
အဲဒါတွေပြီးမှာ သင်္ကြန်အထူးလျော့ဈေးဆိုတဲ့ ဆိုင်းဘုတ်ကြီးကိုချိတ်။
လက်ခုပ်တွေတီး “လာနော်………လာနော်…………..”အော်ပြီး သင်္ကြန်ဈေးရောင်းပွဲကြီးကျင်းပပါတယ်။
ရှေးတန်းမှာချိတ်ထားတာတွေက အထူးလျော့ဈေး။
အထူးလျော့ဈေးဆိုတာ လဲ တကယ်ပါ။
ပုံမှန်ရောင်းနေကျဈေးထက်အများကြီးခွာရောင်းထားတာပါ။
ဒီတော့ဈေးဆစ်စရာမလို၊
အားလုံးဈေးနူန်းတန်းတူ။
လဲစရာအပိုလဲမရှိ ချိတ်ထားတာကို ကြိုက်တယ်ဆိုဝယ်လိုက်ရုံဘဲ။
ဆိုင်အတွင်း ထဲမှာချိတ်ထားတာတွေက ကျနော်တို့အခေါ် အော်တွေ အမှန်အကန်တွေပေါ့။
ဆစ်မယ်ဆိုရင်တော့ နည်းနည်းပါးပါး ရမယ်။
အဲလိုမှခွဲမထားဘူးဆိုရင် ရောင်းတဲ့သူက ခံရတာများပါတယ်။
ကျနော်တို့ရဲ့သင်္ကေတက အကျီကော်လာအောက်မှာရှိပါတယ်။
တန်းမှာချိတ်ထားတဲ့ အကျီတွေက ဘာအမှတ်အသားမှ မပါ ပါဘူး။
တန်ဘိုးကြီးတဲ့ အထည်တွေရဲ့ ကော်လာအောက်မှာ ဘောင်းဘီအတွင်းအိတ်ထဲမှာဈေးနူန်းစာရွက်လေးကပ်ထားပါတယ်။
သူ့ဘာသာသူ ဘယ်နားက ဖြုတ်လာလာ ကျနော်တို့ရဲ့အမှတ်အသားလေးကို စမ်းလိုက်ရင် အဖြေပေါ်တာပါဘဲ။
ဒီအချိန်ဈေးလာဝယ်တဲ့သူများကလဲ လူလည်တွေချည်းပါဘဲ။
ရှေ့တန်းကချိတ်ထားတာဖြုတ်ပြခိုင်းလိုက် ဆိုင်နံရံကဟာဖြုတ်ပြခိုင်းလိုက်နဲ့မျက်စေ့တွေလည်အောင်လုပ်တတ်ပါတယ်။
သူဘယ်နားက ဖြုတ်ခိုင်းဖြုတ်ခို်င်း ကိုယ့်သင်္ကေတလေးနဲ့ကိုယ်ပါဘဲ။
အဲတော့ လွယ်လွယ်ကူကူတော့ အချောင် ပါမသွားဘူးလို့ဆိုနိုင်ပေမယ့်ကျနော်တို့ဆိုင်က
ရောင်းတဲ့ကောင်မအူမလည်နဲ့ကျနော်တို့ဆိုင်အထာကို သိထားတဲ့ ခပ်လည်လည်ဈေးဝယ်ကောင်နဲ့
တွေ့သွားရင်တော့ ကျနော်တို့ခံလိုက်ရတာပေါ့။
**************************************************************
နောက်ကျနော်တို့ ဆိုင်ကလူတွေအားလုံးက ဘန်းစကားသင်ထားရပါတယ်။
ကျနော်တို့သုံးတဲ့ဘန်းစကားက အများအားဖြင့်မန်းလေးက အခြောက်တွေပြောတဲ့ စကားမျိုးပါဘဲ။
အခြောက်စကားက စကားလိမ်တွေကိုသုံးတာပါ။
သူတို့ပြောတဲ့စကားလိမ်က သုံးလေးမျိုးလောက်ရှိပါတယ်။
သူ့တို့အများအားဖြင့်ပြောကြတာတော့ ပြောချင်တဲ့စကားရှေ့မှာ
စကားလိမ်ထည့်ပြောလိုက်တာပါဘဲ။
ဥပမာ အချစ်ရေ လို့ခေါ်ရင် အချော်ရကစ်ရော်ရကေ
စားမလား ဆိုရင် စော်ရကား မလော်ရကား
မစားဘူး လို့ပြန်ဖြေရင် မစော်ရကား ဘူး
ဒါမှမဟုတ် စားမယ်ဆိုရင်လဲ စော်ရကားမယ်ပေါ့
လိုက်မှာလား ဆိုရင ်လော်ရကိုက်မှာလား
မပြောဘူး ဆိုရင် မပျော်ရကောဘော်ရကူး ပေါ့။
ချစ်လားမေးရင် ချော်ရကစ်လော်ရကားပေါ့။
မချစ်ဘူးဆို မချော်ရကစ် ဘော်ရကူးပေါ့။
မသိဘူးဆိုရင် မသော်ရကိဘော်ရကူး လို့ ပြောကြတာပါ။
ကျနော်တို့ဆိုင်မှာသုံးတဲ့စကားကို ဆန်စကားလို့လဲခေါ်ပါတယ်။
ပြောချင်တဲ့ စကားရှေ့မှာ ဆန် ထည့်ပြီး အဲဒီစာလုံးတွဲကြီးကို ပြောင်းပြန်လှန်လိုက်တာပါဘဲ။
ချစ်လားလို့မေးရင် ဆန်ချစ် ကိုပြောင်းပြန်လှန်လိုက်တော့ ဆစ်ချန် ဆန်လား ကိုပြောင်းပြန်လှန်တော့ ဆားလန်
အဲတော့ ဆစ်ချစ် ဆားလန်ပေါ့။
မချစ်ဘူးဆိုရင်တော့ ဆစ်မချန်ဘူးပေါ့ ။
ဥပမာ ပြောရရင် ဈေးဝယ်တစ်ယောက်က ဈေးဆစ်နေတဲ့ ပစ္စည်းတစ်ခုကို ရောင်းလို့ရမ မရ အချင်းချင်းမေးချင်တယ်ဆိုပါတော့။
“ဆောင်းရန်ုလို့ ဆရန်လား”လို့မေးတတ်ပါတယ်။
မရဘူးဆိုရင်တော့ “ဆမရန် ဘူး “ ပေါ့။
ရောင်းလို့ရ ရင်တော့ “ဆရန်တယ်”ပေါ့။
တစ်ခါတစ်လေတော့ လည်း ဈေးဝယ်ထဲမှာလဲ ကျနော်တို့ပြောတဲ့ဘန်းစကားတတ်သူပါလာတတ်ပါတယ်။
အဲဒီအခါမျိုးမှာတော့ ဘန်းစကား နှစ်မျိုးကို တစ်ခါထဲရောပြောရတာပါဘဲ။
သူခိုးရောက်နေတယ်ဆိုတာကို “ဆိုးသခန် ရခေါက်နေတယ် “ဆိုပြီး
ဘန်းစကားနှစ်မျိုးကိုတွဲသုံးတတ်ပြန်ပါတယ်။
တစ်ခါတစ်ရံမှာ ဈေးဝယ်က တကယ်လဲမဝယ်ဘဲ ဟိုဟာပြခိုင်းဒီဟာပြခိုင်းနဲ့ရစ်နေရင်
“ဆူသန် ဆွယ်မဝန်ဘဲ ရခစ်နေပြီ”လို့ အချက်ပေးတတ်ပါတယ်။
ဒါမှမဟုတ် “ ဆွယ်မဝန်ဘဲ ဆစ်ရန်နေတယ်”လို့အချင်းချင်းအချက်ပေးကြပါတယ်။
ဘန်းစကားသုံးရတဲ့အဓိကအချက်ကတော့ ဈေးဝယ်မသိစေချင်တဲ့ ဝယ်ထားတဲ့ဈေးနူန်းပြောတာမျိုး
ဈေးဝယ်ရှေ့မှာမပြောချင်တဲ့ အချင်းချင်း သတိပေးတာမျိုး အတွက် ပြောရတာပါဘဲ။
တကယ်တမ်းပြောရင်တော့ လူတစ်ယောက်ရှေ့မှာအခြားတစ်ယောက်ကို သူမသိတဲ့စကားနဲ့
ပြောတာ က ကောင်းတဲ့အလုပ်လို့တော့ မဆိုနိုင်ပါဘူး။
ဒါပေမယ့်လည်း ဒီလိုမှ မပြောရင် မဖြစ်တော့ပြောရတာပါဘဲ။
*******************************************************
ကျနော်တို့ ဆိုင်တွေမျိုးက သူခိုးမျက်စေ့ကျတတ်တဲ့ဆိုင်မျိုးပေါ့။
သင်္ကြန်တွင်း လူရှုပ်ရှုပ်မှာ ခိုးဘို့ချောင်းနေတဲ့ကောင်တွေကလဲ တစ်ပုံကြီး.။
အဲလိုခိုးတတ်တဲ့ကောင်ဆိုရင် လဲ တတ်နိုင်သလောက်မှတ်ထားရပါတယ်။
တကယ်လို့များဆိုင်ထဲမှာ သူခိုးရောက်လာတယ်ဆိုရင်။
သူခိုးရောက်နေတယ်လို့ တည့်တည့်ကြီးပြောလို့ဘယ်ဖြစ်မလဲပေါ့။
အဲဒီအခါမျုးိမှာတော့ သူခိုးရောက်နေတယ် ကြည့်ထား ဆိုတာကို
“ဆိုးသခန်ဆောက်ရန်နေတယ် ဆိကျန်ထား” လို့ ပြောပြီး အချင်းချင်း အချက်ပေးလေ့ရှိပါတယ်။
ဒီလိုအရောင်းအဝယ်များနေတဲ့အချိန်မှာ သူခိုးမှန်းသိပေမယ့် ပြဿနာရှာလို့မရ။
ရန်ဖြစ်လို့မရပါဘူူး။
ရန်ဖြစ်လိုက်တယ် ရုတ်ရုတ် ရုတ်ရုတ်ဖြစ်တယ်ဆိုရင် အရောင်းအဝယ်ပျက်သွားနိုင်ပါတယ်။
ခိုးတာကို မိနေတောင်မှာ လူမသိအောင်အသာလေးကျိတ်ပြီး ဟန်မပျက်တောင်းရပါတယ်။
ဒီတော့ အဲလိုခိုးတတ်တဲ့ကောင်ဝင်လာတာသိရင် သူ့နောက်ကို တစ်ယောက်သီးသန့်ထားပြီးကြည့်ရတော့တာပါဘဲ။
မှတ်မှတ်ရရ တစ်နှစ်က မန်းလေးမှာ သင်္ကြန်ဝတ်ဘို့ ဆိုပြီး အသားကပ်ဘောင်းဘီ အတိုအရှည်တွေခေတ်စားလိုက်တဲ့နှစ်ကပေါ့။
ဘောင်းဘီအသားကပ်လေးက အရောင်စုံ ဒီဇိုင်းစုံအတော်လေးလဲလှသလို
အသစ်အဆန်းဖြစ်နေတော့ ကျနော်တို့လိုရောင်းတဲ့ လူအတွက်လဲ အမြတ်ကျန်ပါတယ်။
အဲဒီဘောင်းဘီက တစ်ကယ့်ကို ပါးပါးလေး လက်ထဲဆုပ်ထားရင်ပျောက်သွားလောက်အောင်ကိုပါးတာပါ။
တစ်ရက် ကောင်လေးသုံးယောက်ဝင်လာပါတယ်။
ဟိုဟာကြည့်မယ် ဒီဟာကြည့်မယ်ဆိုပြီး ရစ်တော့တာပါဘဲ။
အဲဒီမှာ ကျနော်တို့ ကလဲ သိပ်မူမမှန်ဘူးဆိုပြီး လိုက်ကြည့်နေရတာပေါ့။
တစ်ယောက်က ဂျင်းဘောင်းဘီ ဝတ်ကြည့်ချင်တယ်ဆိုလာပါတယ်။
အဲဒါနဲ့ အဲဒီကောင်လေးက အဝတ်လဲခန်းထဲမှာ ဝတ်ဘို့ဝင်သွားပါတယ်။
သူလဲဝင်သွားရော ကျနော်တို့အထဲက စောင့်ကြည့်နေတဲ့တစ်ယောက်က
အဲဒီကောင်လက်ထဲ ကို အသားကပ်ဘောင်းဘီ ပါသွားပြီဆိုတာကို စကားလိမ်နဲ့လှမ်းပြောတော့တာပါဘဲ။
“ဆားအသန်ဆပ်ကပ် ဆူရန်သွားတယ်နော်”
ကျနော်တို့က ဆိုင်အတွင်းအဝင်ဝမှာရော ဆိုင်အထဲက နံရံတွေမှာရော မှန်အကြီးကြီးတွေချိတ်ထားပါတယ်။
အဲဒီမှန်တွေက သူခိုးဖမ်းတဲ့မှန်တွေပါဘဲ။
မှန်တစ်ခုနဲ့တစ်ခုရော တစ်ခုချင်းစီကိုပါ ဒေါင့်ပေါင်းစုံကနေကြည့်လို့ရအောင် ချိန်ကိုက်ပြီးချိတ်ထားတာပါ။
အဲဒီခေတ်က အခုခေတ်လို စီစီတီဗွီတွေဘာတွေလဲမပေါ်သေးတော့ ကိုယ့်နည်းကိုယ်ဟန်နဲ့ကာကွယ်ရတာပါဘဲ။
အဲတော့သူလဲထွက်လာရော မသိမသာဝိုင်းထားလိုက်ရပါတယ်။
ကြိုက်လားမေးတော့ မကြိုက်ဘူး နည်းနည်းကျပ်တယ် မယူတော့ဘူးလို့ အပြောမှာ
သူ့အနားကို အသာလေးကပ်ပြီး မင်းယူထားတဲ့ အသားကပ်ဘောင်းဘီ ပြန်ထားခဲ့လို့ပြောလိုက်ရတာပေါ့။
ဒါတောင်ငြင်းချင်သေးတာ ရတယ် ရဲခေါ်လိုက်ရုံဘဲဆိုပြီး ပြောရင်း တစ်ယောက်က တယ်လီဖုန်း
ကောက်လှည့်မယ်လုပ်တော့ မှ ချွတ်ထားခဲ့တာပါ။
သူတို့က လူလည် အသားကပ်ဘောင်းဘီကို လုံးဝလှည့်မကြည့်ဘဲ လက်နောက်ပြန်ဆွဲယူတာကိုမှန်ထဲကနေမြင်လိုက်လို့
ပြန်ရတာပါ။
**************************************************************
တစ်ခါကတော့ တစ်ဆိုင်လုံးကို ကြည့်နေရင်းခံလိုက်တာလေးကလဲအမှတ်တရ။
နေ့လည်တစ်နာရီလောက်ပေါ့။
အဲဒီအချိန်က လူလည်းနည်းနည်းလေးပါးတဲ့အချိန်။
ရုပ်ကလဲ ခပ်သန့်သန့် ဆိုင်ကယ်ထိုးရပ်ရင်း ဆိုင်က ကလေးတစ်ယောက်ကိုလှမ်းခေါ်ပါတယ်။
အကျီဝယ်မလို့ သူ့ အိတ်မဖြုတ်ချင်ဘူး ပိုက်ဆံတွေပါတယ် ကြည့်ထားဆိုပြီးခိုင်းပါတယ်။
နောက်တော့ ဆိုင်ထဲဝင်လာပြီး သူ့မျက်မှန်ကိုချွတ်ပြီး ကောင်တာပေါ်တင်။
ပြီးတာနဲ့ အဝတ်အစားတွေ တစ်ခုပြီး တစ်ခု ပြခိုင်းပါတယ်။
သူကြည့်တာတွေအားလုံးက အဖိုးတန် ကွာလတီတွေချည်းပါဘဲ။
အခုမှ မိုးကုတ်က ဆင်းလာတာ.။
မင်္ဂလာဆောင်ဝင်စရာရှိလို့ တစ်ခါထဲဝင်ဝယ်တာ ပြောပါတယ်။
ဆိုင်ကလူတွေကလဲ အတော်များများ ဝယ်ထားတော့ ရွှန်းရွှန်းဝေနေအောင်ဝိုင်းရောင်းကြတာပေါ့။
အဲဒီလူကလဲအပြောကောင်း ။
ကျနော်တို့ကလဲ လူတစ်ယောက်ထဲအများကြီးရောင်းရတော့ ပျော်တာပေါ့။
အဝတ်အစားတွေလဲရွေးပြီးရော တစ်ခါထဲဝတ်ချင်တယ် မျက်နှာလဲသစ်ချင်တယ်ပြောရင်းက
ဆိုင်ရှေ့ထွက်ပြီး ကောင်လေးကို အိတ်သေချာကြည့်ထားနော်လို့မှာရင်း
အဲဒီအိတ်က သူချမ်းသာသမျှ အကုန်ဘဲလို့ ရီကျဲကျဲနဲ့ပြောပါသေးတယ်။
နောက်တော့ ရေချိုးခန်းထဲဝင် မျက်နှာသစ်ခြေလက်ဆေး ပြီး အဝတ်အစားအသစ်တွေလဲ။
မှန်တွေကြည့် ပြီး မိုက်လား မိုက်လားတောင်မေးနေပါသေးတယ်။
သူ့အဝတ်ဟောင်းတွေကို ကျွတ်ကျွတ်အိပ်နဲ့ထုတ်ခိုင်းပါတယ်။
နောက်တော့ဘယ်လောက်ကျလဲတွက်ခိုင်းပါတယ်။့ ဒယ်လကိုတီရှပ်ဗြောင်နှစ်ထည် ကို
ညဝတ်အိပ်ဖို့ိုဆို ထပ်ထည့်ခိုင်းပါတယ်။
ပြီးတာနဲ့ ပိုက်ဆံယူအုံးမယ်ဆိုပြီး ဆိုင်အပြင်ထွက် ။
ဝယ်ထားတဲ့ အိတ်တွေကိုချိတ်။
သူအိတ်ကို ချပြီးဖွင့်။
ပြီးတော့မှ သူု့ဆိုင်ကယ်စောင်နေ့တဲ့ကောင်လေးကို ကောင်တာပေါ်ချွတ်ထားတဲ့ ပါဝါမျက်မှန်ကိုယူခိုင်းပါတယ်။
ကောင်လေးကလ ဆိုင်ထဲဝင်ပြီး သူ့မျက်မှန်သွားယူနေတုန်း ဆိုင်ကယ်ပေါ်တက်ခွပြီးမောင်းပြေးပါတော့တယ်။
ကျနော်တို့လဲ အစက ကြောင်ကြည့် နေကြ သတိရတော့မှလိုက်တော့ မမှီတော့ပါဘူး။
သူချန်ထားခဲ့တဲ့အိတ်ကြည့်လိုက်တော့ သတင်းစာစက္ကူတွေအပြည့်အသိပ်။
လက်ဖက်ရည်တစ်ခွက်တစ်ကျပ်ခေတ်က သုံးထောင်ဘိုးလောက်ပါသွားတာပါ။
အဲဒီနေ့ညနေက ကျနော်တို့တစ်ဆိုင်လုံး ထမင်းတောင်စားမဝင်။
ဈေးရောင်းရတာလဲစိတ်မပါ။
အားလုံးလဲ တောက်တခေါက်ခေါက်နဲ့။
အဲဒီကစပြီး တစ်ခါထဲဝတ်သွားမယ်ဆိုရင် ဆိုင်အပြင်အထွက်မခံတော့ပါဘူး။
************************************************************************
ဒီလိုသင်္ကြန်ကာလကတော့ ဈေးရောင်းတော့ပျော်ရ ပေမယ့် တစ်နေကုန်နီးပါးလောက် မတ်တတ်ရပ်နေရတာများပါတယ်။
ဈေးဝယ်ကလဲ မနက်ပိုင်းတစ်ခါစည်ပါတယ်။
နေ့လည်ပိုင်းတော့ ဖြိုးတိုးဖျောက်တောက် ဝင်လိုက်ထွက်လိုက်။
ဒါပေမယ့် ညနေစောင်းပြီဆိုတာနဲ့ မနားရတော့ပါဘူး။
ဒါက သင်္ကြန်မတိုင်ခင်ခပ်စောစောရက်တွေပါ။
သင်္ကြန်ရောက်ဘို့ နှစ်ရက်သုံးရက်အလိုမှာတော့ အရမ်းရောင်းကောင်းပါတယ်။
ပျော်လဲပျော်ပါတယ်။
အဲလိုနေ့မျိုးမှာ ခါတိုင်းလို ထမင်းစုမစားနိုင်သလို ထမင်းတွေဟင်းတွေနဲ့လဲခင်းပြီးစားလို့အဆင်မပြေ။
ဒီတော့ ထမင်း ဆီဆမ်းလို ထမင်းသုတ်လို လုပ်ထားတာကို အသားကြော်တို့ ကြက်ဥကြော်တိုနဲ့စားရပါတယ်။
စားတာကလဲ ထိုင်မစားနိုင်ပါဘူး။
ဇလုံကြီးထဲမှာ ထမင်းတွေထည့်ထား ဈေးရောင်းလိုက် ထမင်းတစ်လုပ်စားလိုက်နဲ့ဘဲ မနက်စာညစာပြီးရတာပါဘဲ။
သင်္ကြန်ရက်ဈေးရောင်းတဲ့အခါတော့ နှစ်ယောက်လောက်က ဈေးမရောင်းဘဲ လွယ်အိတ်တစ်လုံးနဲ့ ဆိုင်ထဲမှာလမ်းလျောက်ပြီး ပိုက်ဆံသိမ်းရပါတယ်။
အရောင်းအဝယ်တည့်ပြီဆိုတာနဲ့ ပိုက်ဆံသိမ်းရအောင် အဆင့်သင့်ဖြစ်နေအောင်လို့ပါဘဲ။
သင်္ကြန်တွင်းဈေးရောင်းပြီဆိုရင် ဈေးနူန်းဖွင့်တာဂရိုစိုက်ရပါတယ်။
အဲဒီခေတ်က တော့ တစ်ကျပ်လဲသုံးလို့ရတဲ့ခေတ်ကိုး။
အစွန်းထွက်တွေဖျောက်ပြီး သုံးဆယ် လေးဆယ် ငါးဆယ် တစ်ရာ နှစ်ရာ သုံးရာ အဲလိုဈေးနူန်းဖွင့်ထားပါတယ်။
အားလုံးဆယ်ဂဏန်းကွက်တိတွေဘဲထားတော့ ပိုက်ဆံအမ်းရတဲ့ ပြဿနာ မရှိတော့ပါဘူး။
အဲလိုမ ဟုတ်ရင် အမ်းစရာ ငါးကျပ်တန် မရှိတာနဲ့ဘဲ ဈေးဝယ်တစ်ယောက်အတွက်အချိန်အများကြီးပေးရ
အမ်းဘို့ အနုတ်လိုက်ရှာရနဲ့ ကျန်တဲ့ဈေးဝယ်ကို လွတ်သွားတတ်ပါတယ်။
ဆယ်ဂဏန်းကွက်တိထားလိုက်တော့ ပေးပိုက်ဆံ ရော့ အကျီ ခဏလေးနဲ့ဇာတ်လမ်းပြီးသွားပါတယ်။
မနက်ပိုင်း ရှစ်နာရီကျော်ကျော်လောက်က ဆိုင်စဖွင့်ပြီး တစ်နေကုန်ရောင်းကြတာ
ညဆယ်နာရီ ဆယ့်တစ်နာရီမှာဆိုင်သိမ်းရပါတယ်။
ညပိုင်း ရနာရီနဲ့ကိုးနာရီကြားကတော့ အစည်ဆုံးလို့ပြောနိုင်ပါတယ်။
အဲလိုရက်များကတော့ အလစ်သုတ်ခံရတာလဲအများကြီး။
ရောင်းတာဝယ်တာ အုံးအုံးထနေတော့ အမှတ်တမဲ့ အလစ်သုတ်ပြီးခိုးသွားလဲ မမြင်မိပါဘူး။
နောက်တစ်ခုက ဈေးဝယ်တွေသိပ်စည်ကားနေတယ်ဆိုရင်လဲ အလစ်သုတ်တာမြင်ပေမယ့်
မသိချင်ယောင်ဆောင်လိုက်ရတာမျိုးလဲ ရှိနေပြန်ပါတယ်။
ညဆိုင်သိမ်းပြီဆိုရင်တော့ တစ်နေ့တာရောင်းကြေးတွေကို ဂျဒ်ပုံးကြီးထဲ ထည့်
ဆယ်လူတိတ်တွေနဲ့ပိတ်ပြီး ဆိုင်ပိုင်ရှင်ကားပေါ်ကိုတင်ပေးလိုက်ရတာ ညတိုင်းပါဘဲ.။
ဒီလိုသင်္ကြန်ရက်ကတော့ အထည်ရောင်းရတာ ရက်ရက်စက်စက်ရောင်းရပါတယ်။
သင်္ကြန်လည်ရင်ဝတ်ဘို့၊နှစ်ဆန်းတစ်ရက်မှာဝတ်ဘို့ ၊လူကြီးသူမကို ဂါ ဘို့
အိမ်ကတူလေးဘို့ ၊ကိုယ့်အလုပ်ဆိုင်က ကလေးတွေကို လက်ဆောင်ပေးဘို့
စတဲ့ ဘို့ပေါင်းများစွာနဲ့ဝယ်ကြတော့ အရမ်းရောင်းကောင်းတယ်ဆိုရမှာပါဘဲ။
နောက်ဆုံးသင်္ကြန်အကြိုနေ့ထိ ဆိုင်ဖွင့်လို့ရောင်းကြပါတယ်။
ဒီအချိန်မှာက ဆိုင်ကပ်နေတာတွေကို အစွံထုတ်လို့ကောင်းတဲ့အချိန်ကိုးဗျ။
အခုလိုသင်္ကြန်မတိုင်ခင်ရက်မှာ အားစိုက်ပြီးရောင်းထားရပါတယ်။
ဘာလို့လဲဆိုတော့ သင်္ကြန်ပြီးသွားရင်တစ်လလောက်ထိက အဝတ်အထည်က
မရောင်းရသလောက်ပါဘဲ.။
သင်္ကြန်မှာမီးကုန်ယမ်းကုန် သုံးထားကြတော့ အရှိန်ကုန်သွားလို့ပါဘဲ။
ကျနော်တို့မန်းလေးသူမန်းလေးသားတွေ သင်္ကြန်နားနီးရင် အဝတ်အစား
ဝယ်ကြတာကတော့ ရှေးရှေးက အတိုင်းပါဘဲ။
အော်….ရှေးဟောင်းနှောင်းဖြစ် တွေးရင်းမေ့သွားလိုက်တာ။
သင်္ကြန်မဏ္ဍပ်ထို်င်တဲ့အခါ ဝတ်ဘို့ ပါတိတ်ဆင်ကြောင်ကြားကြားလေးတစ်ထည်လောက်တော့
ဝယ်သွားအုံးမှပါဘဲ။
ကျုပ်တို့လို လူကြီးတွေကလဲ ဒီလိုသင်္ကြန်ရောက်မှဘဲ ကြောင်ကြားကြားလေးတွေဝတ်ရတာကိုးဗျ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
26-3-2013
17 comments
မဟာရာဇာ အံစာတုံး
March 30, 2013 at 9:34 am
ဖူးရေ ပူးရောက် ဂျီး
ဒူးရီ နျူးရစ် ဒဂျူးရန် မှာ
မကူးရဲ နူးရဲ့ …
ဘူးရုန်း ကျူးရီး ဝူးရစ် …
ကိုပေါက်(မန္တလေး)
March 30, 2013 at 12:39 pm
အော်ရကန်စော်ရကာ တော်ရကုန်းရေ
ဒိုက်ဒီနိုက်ရစ် သော်ရကင်း ကျော်ရကန်မှာ
လော်ရကယ် မှာလား
ဗုံဗုံ
March 30, 2013 at 10:58 am
ရိပ်သာဝင်ရမယ်တဲ့ ဝမ်းနည်းဝမ်းသာကြီးပါလားဖေပေါက်ရယ်……. ရိပ်သာမဝင်ဖြစ်ရင် သမီးတို့ဈေးရောင်းရအောင်ဖေပေါက် ဘာရောင်းရရင် ကောင်းမတုံးးး
ကိုပေါက်(မန္တလေး)
March 30, 2013 at 12:50 pm
သင်္ကြန်မှာရောင်းအကောင်းဆုံးက ဘီယာနဲ့ ကြာဆံကြော် ကြိုက်တာရွေးထားအေ့
KZ
March 30, 2013 at 11:44 am
လေးပေါက်ရေ။
ဒါ နောက်တစ်ပေါင် ထောင်းတာလားဟင်။
ဘာပဲပြောပြေားကိုယ့် ဒေသက မကြားဖူးတဲ့၊ မမှီလိုက်တဲ့ တစ်ခေတ်ကို ဖတ်သွားပါကြောင်းးးးးးး
ကိုပေါက်(မန္တလေး)
March 30, 2013 at 12:47 pm
ဟုတ်ပါဘူး ကိုယ်သိလိုက်မှီလိုက်တာလေးကို မသိသေးတဲ့သူတွေကို ပွားကြည့်တာပါ
P chogyi
March 30, 2013 at 11:44 am
ကိုပေါက် ထူးထူးဆန်းဆန်း ဒီတစ်ခါ ဓာတ်ပုံတစ်ပုံမှမပါဘူး။
ကိုပေါက်(မန္တလေး)
March 30, 2013 at 12:45 pm
ကိုချိုရေ ဒါကဆောင်းပါးသက်သက် ဆိုတော့ ပုံမပါဘူး။
မြနန္ဒာဂျာနယ်မှာ ပုံနှိပ်ဖြစ်မယ်ထင်တယ်။
Mr. MarGa
March 30, 2013 at 2:06 pm
လေးပေါက်က အစဖော်ပြန်တော့
အရင်တုန်းက မြင်ကွင်းလေးတွေ ပြန်မြင်ယောင်လာပြန်ရော………
အခုမှ အဲဒီလမ်းက ပြန်လာတာဗျ။
မောင် ပေ
March 30, 2013 at 7:46 pm
သင်္ကြန်ဈေး
အမှန်လေး
တစ်ရံရွေး
ပန်းကန်သေး
မဟန်ပြေး
MaMa
March 30, 2013 at 9:57 pm
အချောင်သမားလက် ပါသွားတာတွေလည်း နည်းမယ် မထင်ဘူးနော်။
အဲဒီလိုတွေကြောင့် ရန်ကုန်မှာ City Mart စဖွင့်ကာစက အောင်မြင်မယ်လို့ မထင်မိဘူး။
ပြောရရင်………
ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျှက် ပစ္စည်းခိုးတာ အကုသိုလ်အလုပ်ပဲဆိုပြီး ရှောင်ရှားရကောင်းမှန်းမသိကြဘူး။ :eee:
ကိုပေါက်(မန္တလေး)
March 30, 2013 at 10:07 pm
ဟုတ်တယ် မမရေ
စတိုးဆိုင်လို မျိုးဖွင့်ထားရင် အလစ်သမားရန်က မသေးဘူး။
အခုခေတ်က တော့ စီစီတီဗွီတပ်ထားလို့ရတော့ အဆင်ပြေတယ်။
ရန်ကုန်က မတ် တစ်ခုမှာ ဒီလိုသူခိုးတွေကြောင့် စည်းကမ်းချက်တွေထုတ်ထားလို့
ရိုးရိုးအအ လူတစ်ယောက်ပြဿနာတက်တဲ့အကြောင်းလေး သတိရသွားပြီ။
အားရင်ရေးပါအုံးမယ်။
တစ်ခါတစ်ရံမှာ စည်းကမ်းသတ်မှတ်တာမှန်ပေမယ့် လုပ်ငန်းလုပ်ဆောင်တဲ့နေရာမှာ
အနွဲ့အပြောင်းလေးရှိဘိုု့လိုတဲ့အကြောင်းပေါ့။.
ကိုပေါက်(မန္တလေး)
March 30, 2013 at 10:01 pm
ပြေးတော့ မဟန်ရင်
ဆေးပေါ့ ပန်းကန် စားပြီးရင်
ရွေးတော့ တစ်ရံ လမ်းသွားရင်းဖိနပ်ပြတ်သွားရင်
အလေးကတော့ အမှန်စေချင်
ဈေးက တော့ သင်္ကြန်မှာဝယ်ရင်သက်သာတယ်
uncle gyi
March 30, 2013 at 10:56 pm
မြန်မာကပစ္စည်းအမည်ပေးတော့ထိပ်တန်းထင်တာပဲဗျကိုပေါက်ရဲ့
ဟိုးတုန်းကတည်းကစည်ပင်နဲ့လမ်းဘေးဈေးသည်အမြဲစိမ်ပြေးတန်းကစားနေတာ
အခုထိလမ်းဘေးဈေးသည်ကိုစည်ပင်ကနိုင်အောင်မလုပ်နိုင်ဖူး
လမ်းဘေးဈေးသည်ကစည်ပင်ထက်အမြဲခေါင်းတလုံးမြင့်နေတယ်
ဆိုင်ကယ်ခွပြေးသွားတဲ့ကောင်ကနေအေးရဲ့မြေးအဆင့်ရှိသေး
နေအေးကိုယ်တိုင်မလာသေးဖူး
ရိုးနေတဲ့နည်းတွေပါကိုပေါက်ရယ်
ကိုပေါက်(မန္တလေး)
March 31, 2013 at 9:13 am
အီးကယ်ဂျန်ရေ ကျနော်တို့ခင်ဗျားတို့ နေအေးလောက်မလှတဲ့အကွက်နဲ့
ရိုးရိုးလေး လိမ်သွားတာ ခံခဲ့ရတာကြာပေါ့
ဦးဦးပါလေရာ
March 31, 2013 at 1:26 am
ကိုပေါက်ရေ
ကျွန်တော်လဲ တပိုင်တနိုင် အထည်ဆိုင်ကလေး သုံးနှစ်လောက်ရောင်းဖူးတယ်
ကျွန်တော်က ကိုယ့်ပစ္စည်းရဲ့ အပြစ်အနာအဆာကို ဖုံးကွယ်လိမ်ညာပြီးမရောင်းချင်ဘူးဆိုတော့
သင်္ကြန်ကို မျှော်ရတယ်..
သင်္ကြန်အကြိုနေ့ဆို ကျန်တဲ့ဆိုင်တွေ အကုန်ပိတ်တဲ့ရက်မှာ ကျွန်တော့်ဆိုင်သွားဖွင့်ပြီး အပေါက်အပြဲအနာအဆာပါတဲ့ အထည်လေးတွေ ချိတ်ရောင်းတယ်။
အဲဒါ လာဝယ်ကြရင်
အကိုရေ ဒီနားလေးတော့ နဲနဲပေါက်နေတယ်… ဆိုလဲ ရတယ် ရတယ် ဆိုပြီး
ညီလေးရေ ချုပ်ရိုးလေးကဒီနားနဲနဲ… ဆိုလဲ ကိစ္စမရှိဘူး ဆိုပြီး ဝယ်သွားကြတော့တာပဲ…။
ကျွန်တော်ကလဲ ဈေးလေးတွေ သင့်အောင်လျှော့ပေးထားတယ်ပေါ့…။
ဒီနည်းနဲ့ လိမ်လဲမရောင်း ပစ္စည်းဟောင်းလဲမကျန် အလုပ်ကိုဖြစ်နေတာပဲ…။
ကိုပေါက်(မန္တလေး)
March 31, 2013 at 9:15 am
ဟုတ်ပါတယ် ကိုပါရေ
ဒီ သင်္ကြန်ဈေးဆိုတာ စတိုးဆိုင်များရဲ့ မိုက်ထုတ်တဲ့ကာလလေးပါဘဲ။
ရောင်းသူကလဲ အနာပါတဲ့ ဆိုင်မှာကပ်နေတဲ့ ပစ္စည်းကို အရင်းအောက်ရောက်တဲ့ဈေးနဲ့ချရောင်းပေးပါတယ်။.
ဝယ်သူကလဲ အရင်က ဒီဈေးနဲ့မရနိုင်တဲ့ ပစ္စည်းကို ဘာလို့အောက်ဈေးနဲ့ချရောင်းတယ်ဆိုတာ သဘော
ပေါက်ပြီးသားပါ။
နှစ်ဖက်ကြိုက်ဝယ်ကြိုက်ရောင်းပါဘဲ။