ဆုတောင်းခဲ့ဖူးပါသည်… (၁)
အခန်း (၁)
“ခင်လေး သူ့ကို သိပ်ချစ်တယ် အစ်မ…. အစ်မ သိတယ်မို့လားဟင်…”
ကြည်နူးစွာပြောလိုက်သည့် ခင်လေးကို မမနွေးက ပြုံးပြီးကြည့်လိုက်ပါသည်။
“အစ်မ သိတာပေါ့ ညီမလေးရယ်… သူ့အကြောင်းပြောရင် ညီမလေးပြုံးနေတာ… အချိန်ပြည့် သူနဲ့ တွေ့ချင်နေတာ… ဖုန်းတွေပြောချင်တာ… သူနဲ့စရင် ရှက်ကိုးရှက်ကန်းဖြစ်နေတာ… အစ်မ ရိပ်မိပါတယ်… နောက်ဆုံးတော့ အစ်မကို ပြောပြပြီပေါ့…”
“ခင်လေး သူ့ကို ချစ်တယ်ဆိုတာ ဘယ်သူ့ကိုမဆို ပြောပြရဲပါတယ်… ချစ်တယ်ဆိုတာ ရှက်စရာလို့လည်း ဘယ်တော့မှ မတွေးခဲ့မိပါဘူး… တစ်ခုပဲ… ဒါကို သူရိပ်မိတယ်ဆိုရင်တောင် တရားဝင်မသိစေချင်ဘူး… သူ့ကို တရားဝင်သွားပြောမယ့်သူတွေကိုတော့ မပြောဖြစ်ပါဘူး…”
“သူသိတော့ ပိုမကောင်းဘူးလား ညီမလေးရယ်…”
“ခင်လေး ကြောက်တယ် အစ်မရယ်… ခင်လေး ကြုံဖူးခဲ့ပါတယ်… သူ့ကို စချစ်မိတဲ့ အချိန်တုန်းကပေါ့…”
***
အခန်း (၂)
အထက်တန်းကျောင်းသားဘဝတွင် ခင်လေး အထိနာခဲ့ဖူးပါသည်။ စာတော်သည့် သူ့ကို၊ အနေအေးသည့် သူ့ကို ပြိုင်ဘက်စာရင်းထဲ ထည့်ထားခဲ့သော်လည်း တစ်ဖက်ကတော့ အထင်ကြီးခဲ့မိသည်။ ထိုမှတစ်ဆင့် ထူးချွန်စာမေးပွဲများတွင် ကျောင်းကိုယ်စားပြုပြီး သွားဖြေဖို့အတွက် စာအတူတူကျက်ကြရင်းနှင့် အခင်ဆုံးသူငယ်ချင်း ဖြစ်ခဲ့ကြသည်။
“နင် မိန်းကလေးတွေထဲမှာ ဘယ်သူ့ကိုအခင်ဆုံးလဲ…”
“နင့်ကိုပေါ့ဟ…”
ထိုစကားတစ်ခွန်း၏အောက်တွင် ခင်လေး ပျော်ဝင်ခဲ့ပါသည်။ နောက်တော့ မည်သူ့ကိုမျှမပြိုင်ဘဲ သူ့တာဝန်သူကျေပြီး စာကြိုးစားသော ကိုဖြိုးကို ခင်လေး၏ ပြိုင်ဘက်စာရင်းကနေ ဖယ်ထုတ်ခဲ့သည်။ ခင်မင်မှုတွေ ကြီးမားလာရင်း၊ အထင်ကြီးမှုတွေ နေရာယူလာရင်းဖြင့် ခင်လေးကိုယ်တိုင်ပင် သတိမထားမိလိုက်ပါဘဲ သူ့ကို ချစ်မိသွားခဲ့ပါသည်။
သို့ပေမယ့် ခင်လေး ကံဆိုးခဲ့သည်။ သူငယ်ချင်းရှားပါးလှသည့် ခင်လေးက ခံစားချက်တွေကို မျိုသိပ်ရင်းနှင့် တစ်ရက်သောနေ့တွင်တော့ အတူတူတွဲဖြစ်နေသော နေခြည့်ကို ရင်ဖွင့်ခဲ့မိ၏။ ယုံကြည်စွာရင်ဖွင့်ခဲ့ရသည့် နေခြည်က သူနှင့် ကျူရှင်အတူတူတက်နေသော ကိုဖြိုးကို အမှန်အကန်ပင် ပြောပြခဲ့ပါသည်တဲ့။ ရလာဒ်အနေဖြင့် အနေအေးသည့် ကိုဖြိုးက “မနေတတ်လို့ပါ” ဟူသော အကြောင်းပြချက်ဖြင့် ခင်လေးကို ရှောင်သွားခဲ့သည်။ မာနကြီးလှသော၊ သူတစ်ပါးအကျောကို ဘယ်တော့မှ မခံခဲ့သော ခင်လေး.. အချစ်ဆိုသည့် ခေါင်းစဉ်အောက်မှာ ကျရှုံးခဲ့ဖူးပါသည်။ “သူကများ ငါ့ကို..” ဆိုပြီး ဒေါသတွေထွက်၊ မောဟတွေနှင့် ပူလောင်နေသည့်ကြားက ကိုဖြိုးနှင့်ဝေးခဲ့ရသည့် နာကျင်မှုကလည်း နှလုံးသားကို ကွဲကျေမတတ်ပင် ဖြစ်ခဲ့ရသည်။
အချစ်နှင့် မာန လွန်ဆွဲကြရင်းဖြင့် အချစ်က အနိုင်ယူသွားသောနေ့တွင် ခင်လေးက ကိုဖြိုးကို စတင်ပြီး စကားပြောခဲ့ပါသည်။ ထိုနေ့က ခင်လေး၏ မွေးနေ့ပါ။ ကိုဖြိုးကို မုန့်သွားပေးရင်းနှင့် အကြောင်းမရှိအကြောင်းရှာ စကားပြောလိုက်ပါသည်။
“စာတွေရနေပြီလား…”
အလွန်ပင် ရူးနှမ်းသောစကား ဖြစ်ခဲ့ပါသည်။ စိတ်လှုပ်ရှားနေသော ခင်လေး.. သည့်ထက်ပိုကောင်းမည့်စကားကို မရှာဖွေတတ်ခဲ့ပါ။ ရှက်ကိုးရှက်ကန်းဖြစ်နေသော ကိုဖြိုး၏ ပုံစံကလည်း တစ်မျိုးချစ်ဖို့ကောင်းနေပြန်သည်။
“အေး..ဒီလိုပါပဲ…နင်ရော..”
“ကျက်တုန်းပါပဲ… ဒီနေ့ ငါ့မွေးနေ့လေ… မုန့်စားလိုက်ဦးနော်…”
မည်သို့ပင်ဆိုစေ ထိုနေ့မှစ၍ မေးထူးခေါ်ပြော ဟူသော ဆက်ဆံရေးလေးကို ပြန်လည်တည်ဆောက်နိုင်ခဲ့ပါသည်။
“နင်ပြန်ချစ်ဖို့ကို ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး ကိုဖြိုးရယ်… နင်နဲ့ စကားပြောနေရရင်…နင့်မျက်နှာကိုမြင်နေရရင်… နင့်သူငယ်ချင်းဖြစ်နေရရင်ကို ငါကျေနပ်ပါတယ်… … … ”
******
မမျှော်လင့်သော စကားတို့ကို ခင်လေးပြန်ကြားရစဉ် အခိုက်အတန့် ထိုနေရာတွင်ပင် သေဆုံးသွားချင်ခဲ့ပါသည်။ ဆယ်တန်းဖြေပြီး ကျောင်းပိတ်ရက်များတွင် ကိုဖြိုးနှင့် အင်္ဂလိပ်စာသင်တန်းအတူတူတက်နေသော နေခြည်က ထိုစကားများကို သယ်ဆောင်လာခဲ့ပါသည်။
“ငါ့ကို ကွယ်ရာမှာ အဲ့ဒီလို ပြောခဲ့တယ်တဲ့လား.. နေခြည်ရယ်…. သူ့ကိုပဲ ငါက အတင်းလာကပ်နေတယ်တဲ့လား… ငါ့ပုံစံက အဲ့ဒီလောက်တောင် ဆိုးခဲ့လားဟင်… ငါ အထင်ကြီးရတဲ့ သူ့ပါးစပ်က ငါ့ကို အဲ့ဒီလို ပြောခဲ့တယ်တဲ့လား..”
“နင် သိတဲ့အတိုင်းလေ..သူက အဲ့လိုမျိုးတွေဆို မနေတတ်ဘူး… နင်က စာလာမေးလိုက်… စာတွေလာတိုက်လိုက်ဆိုတော့… သူက အဲဒီလို ထင်တာပေါ့..”
“အဲဒါ ငါတို့ရဲ့ အရင်တုန်းက ပုံစံလေ… ထူးချွန်စာမေးပွဲဖြေခဲ့တဲ့တစ်လျှောက်လုံး သူနဲ့ငါ ဒီလိုပဲ စာတွေတိုက်လာခဲ့တာ… င့ါစိတ်ထဲမှာ သူနဲ့ငါက အရင်လိုပဲလို့ ထင်ထားခဲ့ရုံပါပဲဟာ… ”
ခင်လေး အတော်ပင် နာကျည်းခဲ့ပါသည်။ ခင်လေး၏ သိက္ခာကို စော်ကားခဲ့သော၊ ခင်လေး၏ မာနကို ချနင်းခဲ့သော ဖြိုးစည်သူ ဟူသည့် ယောက်ျားကို ခင်လေး တကယ်ပင် မုန်းချင်ခဲ့ပါသည်။
*****
ဆယ်တန်းအောင်စာရင်းများထွက်ချိန်သို့ ရောက်လာခဲ့သည်။ ဇွန်လ၏ တစ်ခုသော ထိုမနက်က မိုးတွေရွာနေပါသည်။ (၅) နာရီဆိုသည့်အချိန်၊ မှောင်ရီဝိုးတဝါးအလင်းရောင်အောက်တွင် သူငယ်ချင်းများနှင့်အတူ မိုးရေရွှဲနေသည့်သူ့ကို မြင်လိုက်ရခိုက် အောင်စာရင်းနှင့်အပြိုင် ခင်လေး ရင်တွေခုန်နေခဲ့ပါသည်။
ကျောင်းတံခါးဝနားတွင် အောင်စာရင်းကို ရင်ခုန်စွာစောင့်နေသော ခင်လေးဆီသို့ သူရောက်လာခဲ့ပါသည်။
“ဟဲ့..ခင်လေး… နင် (၅) ဘာသာဆို..”
“ကြားတာပဲ… နင်လည်း (၄) ဘာသာဆို..”
“အေး..ငါလည်း ကြားတာပဲ… ကျောင်းတံခါးလည်း မဖွင့်သေးဘူး”
“အထဲမှာ ဆရာမတွေရှိတယ်..သူများတွေ ကျောင်းနံရံကိုကျော်ပြီး အထဲကို ဝင်မေးကြတယ်… နင်တု့ိလည်း ဝင်မေးကြည့်ပါလား..”
ပြောစကားပင် မဆုံးသေး။ သူတို့ (၃) ယောက်လောက်က ကျောင်းနံရံကို မည်သို့ကျော်သွားကြမှန်းမသိဘဲ အထဲရောက်သွားကြသည်။ မကြာမီပင် ခင်လေးအတွက် ဝမ်းသာစရာသတင်းကို သူက ယူလာပေးခဲ့ပါသည်။
“ခင်လေး..နင် (၅) ဘာသာဆိုတာ သေချာတယ်… ငါလည်း (၄) ဘာသာ… အတန်းပိုင်ဆရာမကိုယ်တိုင်ပြောလိုက်တာ… နင်ဝမ်းသာတော့..”
ထိုနေ့ကအဖြစ်အပျက်များကို ခင်လေးနှလုံးသားထဲတွင် ထာဝရသိမ်းထားခဲ့ပါသည်။ သူ့မျက်နှာကိုမြင်လိုက်ရုံနှင့် ကာလကြာရှည်စွာ ခင်လေးတင်းထားခဲ့သမျှ မာနတရားတွေ အကုန်ပျောက်ကွယ်ကုန်သည်။ အောင်စာရင်းဂုဏ်ပြုပွဲများတွင် သူငယ်ချင်းများကြား ခင်လေးတို့နှစ်ယောက်လည်း ပြန်ခင်ခဲ့ကြပါသည်။ ဆုပေးပွဲများတွင် အတူတူဆုတက်ယူရင်း၊ ဆုပေးပွဲကအပြန်တွင် ကိုဖြိုးစက်ဘီးနောက်က ထိုင်လိုက်ရင်း၊ မိုးရွာထဲတွင် နှစ်ယောက်အတူတူ ထီးဆောင်းရင်း၊ ဆုရသည့်ငွေနှင့် အတူတူမုန့်သွားစားရင်း … ထိုအချိန်တွေကလည်း ခင်လေးအတွက် ဘယ်တော့မှမမေ့နိုင်သည့် ပျော်စရာအခိုက်အတန့်တွေ ဖြစ်ခဲ့ပါသည်။
****
“ခင်လေး..နင်ရယ်..ငါရယ်.. ကိုဖြိုးရယ်.. ဝဏ္ဏရယ်..အချစ်ဆုံးသူငယ်ချင်းတွေ လုပ်ရအောင်…”
တစ်ဦးတည်းသောသမီး နေခြည်က ခင်လေးကို ပြောလာခဲ့သည်။
“ငါက ဖြစ်ပါတယ်.. အဓိကက ကိုဖြိုးပဲ… သူက ငါ့ကို တစ်မျိုးထင်နေရင် ဘယ်လိုလုပ်မလဲ… သူ့ကိုပြောလိုက်ပါဦး.. ငါက သူ့အပေါ်မှာ ဘာစိတ်မှမရှိတော့ဘူးလို့… သူငယ်ချင်းလိုပဲ ခင်တော့တယ်လို့….”
“အေးပါ..သူလည်း သိပါတယ်… အဲဒါကြောင့် နင့်ကို သူပြန်ခေါ်တာပေါ့… ဒါဆို ငါပြောလိုက်တော့မယ်နော်…”
ထိုနေ့ကစ ခင်လေးတို့ (၄)ယောက်သား တပူးတွဲတွဲဖြင့် အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လာခဲ့ပါသည်။ ရေကြောင်းတက္ကသိုလ်တက်သော ကိုဖြိုး၊ နိုင်ငံခြားဘာသာတက္ကသိုလ်တက်သော ခင်လေး၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တက်သော နေခြည်နှင့်ဝဏ္ဏ။ ကျောင်းဖွင့်ရက် ခွဲခွာချိန်များတွင် စာတွေအပြန်အလှန်ရေးကြ၊ ကျောင်းပိတ်ရက် ပြန်လာချိန်များတွင် မျက်စိနောက်အောင် တွဲလိုက်ကြနှင့် ပျော်ရွှင်ဖွယ်အချိန်များကို ဖြတ်သန်းခဲ့ပါသည်။
ကျောင်းပြီး၍ အလုပ်ကိုယ်စီလုပ်ကြချိန်တွင် ခင်လေးက အလုပ်တစ်ဖက်နှင့် အပိုဝင်ငွေရအောင် ဆယ်တန်းကျောင်းသားတစ်ယောက်ကို စာပြသည်။ ခင်လေး စာသင်သည့်အိမ်က ကိုဖြိုးနေသည့်တိုက်နှင့် သုံးအိမ်လောက်သာခြားသည်။ ထို့ကြောင့် ခင်လေးစာသင်ပြီးချိန်တိုင်း ကိုဖြိုးက ကားဂိတ်သို့ လိုက်ပို့နေကျ။ တစ်ခါတစ်ရံ အချိန်စောသေးလျှင် မုန့်စားရင်း စကားထိုင်ပြော။ အရမ်းနောက်ကျလျှင် ခင်လေးနှင့်အတူတူ ကားစီးပြီး အိမ်အထိပြန်လိုက်ပို့သည်။ ခင်လေး ဝန်ခံပါသည်။ တစ်ခါတစ်လေတော့ ကိုဖြိုးဆီက အချစ်ကို မျှော်လင့်မိသည်။ သို့သော် မထုံတတ်တေးစရိုက်နှင့် သူတစ်ပါးခံစားချက်ကို မမြင်ဘဲ လျစ်လျူရှုတတ်သော၊ ဆုံးဖြတ်ချက်ကို ဘယ်တော့မှ မပြင်တတ်သော ကိုဖြိုးအကြောင်းကို ပြန်တွေးလိုက်မိလျှင်တော့ ခင်လေး၏ မျှော်လင့်ချက်တို့ အမြဲတမ်းပျောက်ကွယ်သွားတတ်သည်။
********
အခန်း (၃)
ခင်လေး၏ စကားအဆုံးမှာ မမနွေးက ခင်လေးလက်ကို ဖွဖွဆုပ်ကိုင်လိုက်သည်။ ခင်လေးသိပါသည်။
“ဟင့်အင်း..ခင်လေးကို မသနားပါနဲ့..အစ်မ.. ခင်လေး အသားကျနေပါပြီ…သူ့သူငယ်ချင်းအဖြစ်ရှိနေရတာနဲ့တင် ခင်လေး ကျေနပ်ပါတယ်… ခင်လေးရဲ့ အချစ်တွေကို ဖုံးကွယ်ထားရတာ နည်းနည်းတော့ ပင်ပန်းတာပေါ့…ဒါပေမယ့် အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောင်မှာ ခင်လေးသံယောဇဉ်တွေကို ပြခွင့်ရနေတာနဲ့တင် ခင်လေး ကံကောင်းလှပါပြီ..”
“အစ်မ ဘာကူညီပေးရမလဲဟင်..ညီမလေး.. အစ်မသူ့ကို အကဲခတ်ပေးရမလား..”
“နေပါစေ အစ်မ.. ခင်လေး သူ့ကို မလိုချင်ပါဘူး.. ခင်လေး သူ့ကို ချစ်ရုံပဲချစ်တာ.. ခင်လေး စိတ်မပြတ်သေးလို့ ချစ်နေတာ… သူရဲ့ အေးစက်စက်စိတ်ဓာတ်ကို ခင်လေးကြောက်တယ်..ခင်လေး လိုချင်တာ သူ့လိုလူမဟုတ်ဘူး..”
“ဘာပဲဖြစ်ဖြစ် ညီမလေးကို သူသံယောဇဉ်ရှိပါတယ်.. အားမလျှော့ပါနဲ့ ညီမလေးရယ်.. မေတ္တာမှန်ရင် တုံ့ပြန်မှာပါ…”
“(၈) နှစ်တောင် ရှိခဲ့ပါပြီ အစ်မရယ်… ခင်လေး ဒီထက် ထပ်ပြီး မျှော်လင့်ရဦးမှာလားဟင်..”
မမနွေး၏ ကရုဏာအကြည့်များအောက်မှ ခင်လေး ရုန်းထွက်ခဲ့ပါသည်။
(အပိုင်း (၂) ဆက်ပါဦးမည်…။)
34 comments
ခင်ခ
April 2, 2013 at 10:23 am
မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် ဗားရှင်းအသစ်တော့ ဟုတ်လောက်ပါဘူးနော်။
အခန်းဆက်များ ဆက်လက်မျှော်ကာ ဖတ်ကြည့်အုံးမည်။
GaviaGirl
April 2, 2013 at 10:21 pm
ဗားရှင်းတော့ ဗားရှင်းအသစ်ပဲ လေးလေး.. မောဟမျဉ်းပြိုင်တော့ မဟုတ်ဘူး.. တင်ပြီးသားတစ်ပုဒ်ရဲ့ ဗားရှင်းအသစ်… 🙂
မဟာရာဇာ အံစာတုံး
April 2, 2013 at 10:39 am
အဟမ်းးး
ဘယ်လို ပြောရမလဲ …
ဒီလိုပို့စ်မှာ ပြောင်ချော်ချော် မန့်လို့ကလည်း မကောင်းတတ်ပါဘူး ..
သို့ကြောင့် .. သို့ကြောင့် …
အတည်လေး နည်းနည်း မန့်ခဲ့ပါမယ်နော့ ……။
အပိုင်း (၂) ကို စောင့်မျှော်လျက်ပါလို့ …. ဟီးးးးး
GaviaGirl
April 2, 2013 at 10:25 pm
အားပေးတာ ရှဲ့ရှဲ့ပါ… အတည်မန့်လို့ ထီတောင်ထိုးရင်ကောင်းမလားလို့..
ဒါနဲ့.. စကားမစပ်.. နာဂ အခန်းဆက်ရေးမယ်ဆိုရင် (၁) လို့ တပ်ပြီးရေးတယ်နော်… သူများတွေကို ဆက်တငံ့ငံ့မလုပ်ဝူး..အိုက်ဒါလေး..အိုက်ဒါလေး.. :kwi:
မဟာရာဇာ အံစာတုံး
April 2, 2013 at 10:33 pm
အောင်မာကွာ …
မန့်လည်း မန့်ရသေးတယ် ..
လူကိုလည်း လျှာထုတ်ပြသွားသေးတယ် ..
တေမယ် .. တေမယ် ..
နောက်ခါ အတည်မန့်ဘူးကွာ …
ကျေနပ်ရင်လည်း ကျေနပ် ..
မကျေနပ်ရင်လည်း အသေသာ သတ်သွားကွာ ..
ရော့ .. အင့် .. ဓါး …..
KZ
April 2, 2013 at 11:16 am
အင်း။
အပိုင်း (၂) ကို မျှော်နေမယ်နော်။
ဒီလို ခံစားချက်မျိုးကို ခပ်ရေးရေး သဘောပေါက်လာပါပြီ။ 🙁
ဖတ်ရင်း မောလာလို့။
GaviaGirl
April 2, 2013 at 10:26 pm
အမ်..ဘာလို့မောတာလဲ.. အိုက်အကြောင်းလေးပြောပြ…နော်… 🙂
weiwei
April 2, 2013 at 12:06 pm
Once upon a time တုန်းကတော့ အဲဒီထက်တောင် ပိုမလားမသိအောင် ခံစားခဲ့ဖူးပါတယ် … အခုပြန်စဉ်းစားလိုက်တော့ ရယ်ပဲရယ်ချင်တော့တယ် … ဆိုတော့ …
အချစ်ဆိုတာ … အခုအချိန်မှာ ဘာသာပြန်ရရင် ရယ်စရာကြီး … :kwi:
မဟာရာဇာ အံစာတုံး
April 2, 2013 at 12:09 pm
ဂျီးဒေါ်တို့က အဲ့ဒါတွေ မမိုက်တာ …
ဒီအကြောင်းတွေ နောက်ပေါက်တွေ သိရအောင်လို့
အခု ဂျီးဒေါ်တို့ ဖြစ်နေတဲ့ ပုံစံနဲ့
အရင်က ဖြစ်ခဲ့ဖူးတဲ့ (နှလုံးသားရေးရာပေါ့ဗျာ) ခံစားချက်တွေကို
မြင်မိပုံတွေကို ရေးဘာအုံးလားဂျ …
အိုက်ဒါဆို ကျုပ်ဒို့လည်း ဒါဂဒေါ့ ဂလို ဖစ်တတ်ဒယ် ဘာညာ သာရကာ ဆိုပြီး သိနိုင်၊ ခန့်မှန်းနိုင်မှာပေါ့ဂျ .. နော့ ….
GaviaGirl
April 2, 2013 at 10:27 pm
ဟုတ်တယ်.. တီဝေ.. သိချင်တယ်.. လက်ဆင့်ကမ်းပါဦးနော်…
ဖားသက်ပြင်း
April 2, 2013 at 12:20 pm
ဟယ်လို တက်စတင်
:harr:
မဟာရာဇာ အံစာတုံး
April 2, 2013 at 12:22 pm
၁၅ ကျပ် …
၁၅ ကျပ် ……..
((လူနောက်ဂျီး))
:harr:
GaviaGirl
April 2, 2013 at 10:30 pm
အနောင်ဇာ တိုက်တိုက်နေရာကို မလုနဲ့နော်.. အူးဂီ… သူက မိုက်စမ်းနေကျ..ပိုကျွမ်းတယ်… ဟဲလို တက်စတင်… :kwi:
ကြောင်ဝတုတ်
April 2, 2013 at 1:58 pm
ဆုတောင်းပါညီမလေးရယ်… ဒါပေမယ့် ဆုတောင်းတော့မမှားစေနဲ့… 😛
မမှားသင့်တာမမှားရအောင်ပြောတာပါ… တမျိုးမတွေးကြပါနဲ့နော်…ဟိဟိ
ခင်မင်လျက်-
ဖက်ဖက်ကက်
GaviaGirl
April 2, 2013 at 10:33 pm
ဆုတောင်းမှားခဲ့လေသလား.. သူ့အကြောင်းတရားနဲ့သူပါ.. (ဟီး..သီချင်းဆိုကြည့်တာ..)
ကိုယ်လိုချင်တာကိုတော့တောင်းခဲ့လိုက်တာပဲ.. မှားမမှားတော့မသိတော့ဝူး…
kyeemite
April 2, 2013 at 3:16 pm
ဆုတောင်းတိုင်းသာ…ပြည့်စေချင်ပါသည် :hee:
GaviaGirl
April 2, 2013 at 10:37 pm
သမီးလည်း ပြည့်ချင်ပါတယ် အူးမိုက်ရေ… 🙂
ဗုံ ဗုံ
April 2, 2013 at 3:52 pm
ဟူးးးးးးးးးးးးးးးးး မွန်လေးရယ် (လောကဓံကြုံ မဖြုံတမ်းပေါ့… မတုန်စမ်းနဲ့ စိတ်ခိုင်စေ..) ဆိုင်သလားမဆိုင်သလား မသိပေမယ့် ……..ဒီလိုမန့်ခဲ့ပါတယ်ကွယ်
GaviaGirl
April 2, 2013 at 10:38 pm
ကျေးကျေးပါ မမဗုံး..အဲ.. မမဗုံ… တကယ်တော့ စိတ်က မခိုင်ဝူး..ယိုင်ချင်နေတာ.. :kwi:
MaMa
April 2, 2013 at 5:29 pm
မြန်မာစာကျွမ်းလို့ထင့် အရေးညက်ပြီး အတွေးသွက်တယ်။
တမူထူးခြားတဲ့ ခံစားချက်လေးမို့ စိတ်ဝင်စားတယ်။
:hee:
GaviaGirl
April 2, 2013 at 10:42 pm
အသည်းကွဲခံစားချက်နဲ့ ရေးထားတာ..ဟင့်.. စောင့်ဖတ်ပေးဦးနော်.. လွမ်းခန်းတွေလာမယ်.. 🙂
အရီးခင်လတ်
April 2, 2013 at 11:37 pm
အရင် မှတ်ချက် တွေ မှာ ဒီလေသံလေးကို ကြားဖူးနေကျပါလို့ သတိထားမိနေတာ။
လက်စသတ်တော့ အရီး ရဲ့ လုံမ ကိုး။
ဒါနဲ့ Happy Ending လုပ်မပြစ်လိုက်ပါနဲ့။ 😛
GaviaGirl
April 3, 2013 at 9:08 pm
အသည်းကွဲ ending ပါ အရီးရေ.. ဟင့်.. နိုချင်လာပီ… 🙁
လူကလေး
April 3, 2013 at 9:56 am
တေမယ် တေမယ် ..
ဒီတဖက်သတ်စိတ်တွေကို ဖျောက် ပြီး…. ပျော်ပျော်နေစမ်းပါ. . ငါ့လိုပေါ့ .. ဟဲဟဲ
အပိုင်း၂ မြန်မြန်ရေး.. စောင့်ရတဲ့အလုပ်မကြိုက်ပါဘူးဆိုမှ ပဲ..
GaviaGirl
April 3, 2013 at 9:14 pm
အေးပါ..အေးပါ… ပို့စ်ကို ပို့စ်လိုပဲ ဖတ်ပါ…
အပိုင်း (၂) တင်ပြီးပြီ..မြန်မြန်ဖတ်ပြီးမန့်ပေး..ဒါဘဲ..
ဦးကြောင်ကြီး
April 3, 2013 at 10:42 am
ခြစ်ဆုံးသငယ်ချင်း
လစ်တုံးရှယ်ကမြင်း
အစ်ပြုံးကြယ်စင်း
ဗျစ်ပုံးတကယ်သင်း
ညစ်လုံးအမယ်မင်း
ထစ်ချုန်းဖွယ်သတင်း
ဝဋ်ဆုံးလွယ်ပုလင်း
ခေတ်ဖုံးဝယ်ဆင်းမ်း(ကတ်)..
GaviaGirl
April 3, 2013 at 9:16 pm
အူးကြောင်..
ဗျစ်ပုံးက တကယ်သင်းတယ်ဆိုတော့ အူးလေးကိုယ်တိုင် စမ်းသပ်ကြည့်ခဲ့တာလား..
Thu Thu Htet
April 3, 2013 at 12:40 pm
ရေးထားတာလေးသဘောကျ….. 🙂
GaviaGirl
April 3, 2013 at 9:19 pm
ကျေးဇူးပါ သယ်ရင်းလေး… 🙂
Mr. MarGa
April 3, 2013 at 7:33 pm
ဖတ်ပြီးတော့ အရင်ဆုံး ပြုံးမိတယ်။ (နှစ်သက်သောကြောင့် ပြုံးခြင်း)
ပြီးတော့ အတွေးလေးတွေ ဝင်လာတယ်။
အရေးအသားကို ပြောစရာမလိုလို့ (ဝေလဲ ဝေဖန်နိုင်တဲ့ အဆင့်မရှိလို့) မပြောတော့ဘူး
အကြောင်းအရာလေးကို ဖတ်ပြီးတော့ ခံစားချက်လေး ဝင်လာတဲ့အထိ ရေးနိုင်တယ်။
ကိုယ်တိုင်ပဲ အဖြစ်တူလို့လားတော့ မသိဘူးပေါ့
ဒီလိုဇာတ်လမ်းလေးတွေ ကြားမိ သိမိတာလဲ ရှိနေတာမို့လေ။
အချစ်အကြောင်းဟာ
ဆွတ်ပျံ့ လွမ်းမောဖွယ်…………………….
ရင်နာ ကြေကွဲဖွယ်…………………
အပျော်နဲ့ လဲ အဆုံးသတ်တတ်တယ်။
အမုန်းနဲ့လဲ လမ်းခွဲတတ်ပြန်ရော……………..
အပြုံးလေးနဲ့ ဆက်သွားတာလဲ ရှိသလို
ရှေ့ဆက်မတိုးဘဲ ဒီအတိုင်းလေး နေကြတာလဲ တစ်ပုံကြီး……………..
အချစ်ရဲ့ အဆုံးသတ်ကို မှန်းရခက်သမို့
နောက် ဆက်လာမယ့် အပိုင်းကို သာ စောင့်မျှော်မယ်ကွယ်။
GaviaGirl
April 3, 2013 at 9:21 pm
wah… သဂျားက အချစ်အကြောင်းတွေပြောနေပါလား..မရိုးတော့ဝူးထင်ဒယ်… ဟေ့ကောင်လေး..စာမွဲကောင်းကောင်းဖြေနော်.. မမလည်း အပိုင်း (၂) တင်ပြီးပြီ…
မဟာရာဇာ အံစာတုံး
April 4, 2013 at 8:10 pm
အအေးဆိုင် ..
ထိုင်ဂျင်ဒယ် ..
အအေးဆိုင် ..
ထိုင်ဂျင်ဒယ် …
မထိုင်ရ နေနိုင်ဝူးးကွယ် .. ဟီဟိ ..
ရာမည
April 4, 2013 at 2:01 pm
တစ်ခုလောက်ပြောခွင့်ပြုပါဗျာ
ကျွန်တော်လည်း ရေးတာရှည်သွားရင်အခန်းဆက်အဖြစ်တင်ဖူးပါတယ်
ဒါပေသိ ရေးလို ့မပြီးခင်တင်မိရင် ဖတ်သူရောရေးသူပါဒုက္ခရောက်ပါတယ် ။ကျွန်တော်စဉ်းစားမိတာကနောက်ဆို အားလုံးရေးပြီးမှဘဲ
အပိုင်းခွဲပြီးတင်တော ့မယ်လို ့
GaviaGirl
April 4, 2013 at 6:49 pm
ရေးပြီးရင် တင်ချင်တာ ရောဂါတစ်မျိုးလို ဖြစ်နေတာခက်တယ်…
ရေးပြီးသလောက်လေးကို ဘယ်သူတွေက ဘယ်လိုကွန်မန့်ပေးမလဲဆိုတာလည်း အရမ်းသိချင်တယ်…
ကိုရာမညပြောတာမှန်ပါတယ်… မပြီးသေးဘဲတင်ရတာ တာဝန်ကြီးပါတယ်.. ဒါပေမယ့် တစ်ခုကောင်းသွားတာကျတော့ အပျင်းမတစ်တော့ဘဲ ပြီးအောင်ရေးဖြစ်သွားတယ်.. နို့မို့သာဆို စာက စက်ထဲမှာ တိုးလို့တန်းလန်းဖြစ်နေဦးမှာ.. :kwi: