အချစ်နဲ့ သေခြင်းတရား…။
ဟဲဟဲ …
သိတ်ပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား အတွေးအခေါ်တွေ တင်ပြတော့မှာပဲရယ်လို့ တွေးလိုက်တယ်ဆိုရင်တော့…
ဟိုး ဆရာ ဟိုး…။
ဒီလိုဗျ…။
အခုတလော ကျွန်တော်တို့ ရွာရဲ့ အထင်ကရပုဂ္ဂိုလ်အကျော်အမော်ကြီး၂ ဦး ရန်ကုန်မြို့ကို အလည်အပတ်
ရောက်ရှိနေလေရဲ့ဗျာ…။
ပထမ ရောက်ရှိလာသူကြီးက အဘဆွေ လို့ ရွာသူားတွေ ချစ်စနိုး ခေါ်ကြတဲ့
ဘိလပ်ပြန် ကိုဆွေ ခင်ဗျ…။
အဘဆွေလို့သာ ခေါ်နေကြတာပါဗျာ…။
အသက်က ၄ဝ ဝန်းကျင်နဲ့ လူကအရွယ်တင်နုပျိုနေလေတော့
၃ဝ ကျော်လောက်လို့ ထင်ရတဲ့ ဥပဓိပိုင်ရှင်ပါ…။ အသားက ဖြူဖြူ၊ ဝတ်တာစားတာနေတာထိုင်တာပြောတာဆိုတာ ကလည်း
အင်မတန် နူးညံ့သိမ်မွေ့ပါတယ်…။
သူကိုယ်တိုင် ဂုဏ်ယူဝင့်ကြွားစွာပြောတတ်တဲ့ စကားတစ်ခွန်းကတော့
ကျွန်တော်က လူပျို ၆ ခါလောက်ဖြစ်ခဲ့ဘူး ပါတယ် တဲ့…။
ဒုတိယ ရောက်ရှိလာသူကြီးကတော့ ကိုကျောက်လို့ ကျွန်တော်တို့ ချစ်စနိုး ခေါ်ကြတဲ့ ဟောင်ကောင်ပြန် ဦးကျောက်ခဲ ခင်ဗျ…။
သူကတော့ အင်မတန်ခန့်ညားထည်ဝါတဲ့ အသားအရောင်ပိုင်ရှင်ပါ…။
ရုပ်ရည်ရော…အသားအရောင်ရော…ရွာထဲက ဘလက်ချောဆိုတဲ့လူနဲ့ အတော်တူတာပါ…။
အသက်က ဘလက်ချောထက် ၁ဝ လ ငယ်ပါတယ်…။
သိသာထင်ရှားတဲ့ အရည်အချင်းတစ်ခုက အနက်နုရောင်အသားအရေပိုင်ရှင်တွေရဲ့ထုံးစံအတိုင်း ဘလက်ချောလိုပဲ ဆော်ကြည်တယ်ပေါ့ဗျာ…။ ဟေးဟေး…။
အောင်မယ် ပုဂ္ဂိုလ်က ဆော်ကြည်တာလည်း မပြောနဲ့ဗျ…။
တစ်သက်လုံး သောက်လာခဲ့တဲ့ အရက်ကိုတောင် ချစ်သူအတွက် တိကနဲ ဖြတ်မလို့တဲ့…။
ရုပ်အတည်ကြီးနဲ့ အဟုတ်အတည်ကြီး ကို ပြောထည့်လိုက်တာနော်…။
ချင့်ယုံကြပါ ညီမလေးတို့…။ အာဟီး…။
အဲဒီလိုနဲ့ ရန်ကုန်မြို့ကို အလည်အပတ်ရောက်လာတဲ့ အဲဒီပုဂ္ဂိုလ် ၂ ယောက်နဲ့ ကျွန်တော်တို့ စံနစ်တကျ ပျော်ဝင်နေတုန်းမှာ ပဲ ဗြုန်းဆို နောက်ထပ် ရွာသားတစ်ယောက် အလည်အပတ် ရောက်လာပါလေရောခင်ဗျာ…။
အရှေ့ကျွန်းက ဂီဂီ ခင်ဗျ…။
ဂီဂီ့ အကြောင်းကတော့ အထူးတလည် ရေးပြစရာမလိုတော့ဘူးလို့ ထင်ပါတယ်…။
အင်မတန်ငယ်ရွယ်သေးတဲ့ အချိန်မှာ အင်မတန်လေးနက်တဲ့ အကြောင်းအရာတွေကို အင်မတန်ပေါ့ပါးတဲ့ ရေးဟန်တွေနဲ့ ပို့စ်တွေ ကွန်းမန့်တွေ ရေးနေတဲ့သူရယ်လို့
ကျွန်တော်က တင်စားချင်ပါတယ်…။
ပြောရရင်တော့ဗျာ… အဲဒီ ဂီဂီ က တွေ့တွေ့ချင်း ဆောက်နဲ့ထွင်း ဆိုသလို ရွာထဲမှာ ပို့စ်မတင်တာ ကြာပြီဖြစ်တဲ့ ကျွန်တော့်ကို ရာဇသံပေးပါတယ်…။
ကျွန်တော်ကလည်း ဘဝအရေးကြောင့် အွန်လိုင်းပေါ်မတက်နိုင်ဘူး ဆိုတာကို အကိုးအကားနဲ့ ဖြေရှင်းပါသေးတယ်…။
သို့ပေသော်လည်း ဂျပန်က တစ်နှစ်နေမှ တစ်ခါလောက် ပြန်လာနိုင်တဲ့ ညီငယ်လေးရဲ့ စိတ်ညိုညင်မှုကိုလည်း ရင်မဆိုင်ချင်တာကြောင့် ဒီပို့စ်ကို ညတွင်းချင်း ရေးနေရတဲ့ ဘဝကို ရောက်ရပါရောလား ဗျာ…။
ဟုတ်ပါတယ်…။
ဒီပို့စ်က အဲဒီ ဂီဂီ ဆိုတဲ့ ညီငယ်လေးရဲ့ ခြိမ်းချောက်မှုကြောင့် ရေးဖြစ်သွားတယ်ဆိုတာလေး ကြိုတင်
ဝန်ခံထားချင်ပါတယ်…။
အချစ် နဲ့ သေခြင်းတရား ဘက် လှည့်လိုက်ကြဦးစို့ရဲ့…။
ဒေါက်တာ စိုင်းခမ်းလိတ် ကြီးက ကိုထီးဆိုဖို့ သီချင်းတစ်ပုဒ်ထဲမှာ ဒီလို ရေးခဲ့ပါတယ် ကျောင်းဒကာ…။
သေခြင်းမှာ လူဟာ တစ်ခါသာ သေရ၏…
ချစ်ခြင်းမှာ လူဟာ အခါခါ သေရ၏
တဲ့…။
ကျုပ်တို့ မိတ်ဆွေကြီး ဘိလပ်ပြန် ကိုဘဆွေတစ်ယောက်ကတော့ လူပျို ၆ ခါ တိတိ ဖြစ်ခဲ့ဖူးပါသတဲ့…။
ချစ်ခြင်းမှာ အခါခါ သေခဲ့ဘူးတယ် ဆိုတဲ့ သဘောပေါ့ဗျာ…။
ဒီလောက် ချစ်ခဲ့ဘူးမှတော့ အသည်းမှာလည်း ဒဏ်ရာတွေက ဗရပွဖြစ်နေတော့မှာပေါ့
ကိုဆွေရယ် လို့ ဘလက်ကြီးက စကားနာထိုးတော့
ကချင်ပြည်နယ် စစ်မြေပြင်က မသေပဲပြန်ရောက်လာတဲ့ ရဲဘော်တစ်ယောက်ရဲ့ မျက်နှာမျိုးနဲ့
ခတ်ကျွဲမှန်ရင် ချိုချက်ဘယ်ကင်းပါ့မလဲ ကိုချောရယ် လို့ ပြုံးပြုံးကြီး ဆိုပါတယ်…။
တစ်ခါသာ သေရတဲ့ သေခြင်းကလည်း ချက်ခြင်းကြီးရောက်လာတတ်တာ သတိထားပါ ကိုဘဆွေ…။
အေးလေ…။
၆ ခါလောက် သေခဲ့ဘူးပြီဖြစ်တဲ့ ချစ်ခြင်းအတွက် တစ်ခါသာရောက်လာမယ့် သေခြင်းကိုလည်း
ရင်ဆိုင်ရဲရမှာပေါ့ ကိုကိုဆွေရယ် နော့်…။
ကိုကျောက် ကတော့ တစ်မျိုးဗျ…။
သူက စကားတွေ အထွေအထူး ပြောမနေတော့ပဲ သီချင်းလေးတစ်ပုဒ် ညည်းပြပါတယ်…။
အဲဒါလည်း ဒေါက်တာစိုင်းခမ်းလိတ်ရဲ့ သီချင်းပဲခင်ဗျ…။
ဂစ်တာအိုတောင် ပျိုရွယ်နေဆဲ တေးသံနဲ့ သီချင်းအသစ်ဖြစ်သေးရင်
အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ ပြီးသင့်သလား…
ဆိုပဲ…။
ဂွတော့ အတော်ကျတာပဲ ကျောင်းဒကာတို့…။
ဂစ်တာအိုကြီးတောင် ပျိုရွယ်နေတဲ့ တေးသံနဲ့ သီချင်းအသစ် ရေးနိုင်တယ်ဆိုရင်…
လူအိုကြီး ကိုကျောက်လည်း ပျိုရွယ်နေတဲ့ ချစ်သူလေးနဲ့ ဘဝအသစ်တစ်ခု တည်ဆောက်နိုင်ရမယ်လို့ ဆိုလိုတာများလား…။
အေးလေ တီးလို့ကောင်းနေတုန်း ကြိုးပြတ်သွားတတ်တာလေးလည်း သတိထားဦးကိုကျောက်ရေ…။
အပျော်ပါဗျာ…။
ချစ်လို့ခင်လို့ စတာနောက်တာ စိတ်မဆိုးဖို့ တောင်းပန်ချင်ပါတယ် ကိုဆွေနဲ့ ကိုကျောက်ရေ…။
ဒီလိုဗျ…။
ဘလက်ချော ဆိုတဲ့ အသားမည်းကောင်ဟာ တစ်တစ်ခွခွ အချစ်ဇာတ်လမ်းတွေကိုမှ စိတ်ဝင်စားတော်မူနေသတဲ့…။
ဆိုကြပါစို့…။
ဆက်စီဖြစ်တယ်ဆိုတဲ့ မင်းသမီးတွေ သရုပ်ဆောင်တဲ့ အချစ်ဇာတ်လမ်းလေးတွေကိုမှ
ဘလက်ကြီးက ရှာဖွေကြည့်ရှုတတ်တာ ဝါသနာကြီးတစ်ခုလို ဖြစ်နေပါသတဲ့…။
(သောက်ကျင့်ကိုက အဲဒီလိုဗျ)
မြန်မာမင်းသမီးတွေ အဆိုကျော်မလေးတွေရဲ့
ရဲ့ တက်ကြွလန်းဆန်း ဖလန်းဖလန်း ဖြစ်နေတဲ့ နိုင်ငံတကာ စံချိန်မီ မြန်မာကျော် အချစ်ဗီဒီယို ဇာတ်ကားတွေကို ကြည့်ကြည့်ပြီး…ကလေးမလေးတွေ ကို သနားညှာတာစိတ်တွေဖြစ်နေမိသတဲ့….။
(ကျွတ်…ကျွတ်…ကျွတ်…)
သမီး မိန်းကလေး မွေးထားတဲ့ ကိုကြီးမိုက်ကြီးကတော့ တက်တစ်ခေါက်ခေါက်နဲ့ ပေါ့…။
မိုက်ရိုင်းလိုက်တဲ့ ကောင်တွေ… နှမသားချင်း မစာမနာ ဗျာ…
ဆိုတဲ့ အဓိပ္ပါယ်နဲ့ တက်ခေါက်တာလား … (ဒါမှမဟုတ်)…
ကွယ်… ကောင်လေးနေရာမှာ ငါသာ ဖြစ်လိုက်ရင်တော့… ဆိုတဲ့ အဓိပ္ပါယ်နဲ့ တက်ခေါက်တာလားဆိုတာကတော့…
အပြင်မှာတွေ့မှ မေးသာကြည့်ကြပေတော့ ကျောင်းဒကာကြီးတို့ရေ…။ (ဟေးဟေး)
ထုုံးစံအတိုင်း ဘလက်ကြီးက ကိုကြီးမိုက် ကြီးကို တရားချရပါတယ်…။
စိတ်လျှော့ပါ ကိုမိုက်ရေ…။
ဒီလို ကိစ္စတွေဟာ ဒီလိုအချိန်မှာမှ ဖြစ်ခဲ့တာမဟုတ်ပေဘူးဗျ…။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ချီ ကတည်းက ဖြစ်ခဲ့ဘူးတယ်ဗျာ…။
ဦးကုလားဆိုတဲ့ ပုဂ္ဂိုလ်အကျော်အမော်ကြီးက မဟာရာဇဝင်ကြီးထဲမှာ အခုလို ထည့်ရေးသွားခဲ့ပါရောလား…။
နတ်မြင်းသည် ၄-ယောက်တို့လည်း မဏိစန္ဒာမင်းသမီး ကို အလှည့်လှည့်အလဲလဲ ဆောင်ယူခဲ့ကုန်၏။
တစ်နေ့သ၌ ကျန်စစ်သား စောင့်လှည့်တွင် မင်းသမီးနှင့် သံဝါသ ဖြစ်ဘိ၏။
ထိုသို့ သံဝါသ ဖြစ်လေသော် မင်းသမီးကို ချိန်သော ခြင်္သေ့ရုပ်အလေးသည် ပေါ့၍ မင်းသမီး ကိုယ်တော် လေးဘိ၏။
ကောင်းလိုက်တဲ့မြန်မာစာပေအရေးအသား…။
ကွက်ကွက်ကွင်းကွင်းကို ပေါ်အောင်ရေးတတ်ပါပေတယ်…။
ဒါကြောင့်လည်း ဆရာကြီး ဖေမောင်တင်က
ဦးကုလား၏ ရာဇဝင်တွင် မှတ်တမ်းတင်လောက်သည့် အချက်ကား ပြေပြစ်ကောင်းမွန်လှသော ဝါကျအသုံးအနှုန်း၊ စကားလုံးအထားအသိုများပင်ဖြစ်သည်။ စကားပြေဆရာကြီးများသည် ဦးကုလား၏ စကားပြေများကို စံတင်ထားကြရသည်။ ဦးကုလား၏ စကားပြေသည် ရိုးရိုးနှင့် က္ကုန္ဒြေရ၏
ရယ်လို့ ချီးမွမ်းခဲ့ပေတာကိုး ခင်ဗျ…။
ရိုးရိုးနှင့် က္ကုန္ဒြေရတယ်ဆိုတာ ဒါမျိုးဗျ…ဟေးဟေး…။
သံဝါသ ဇာတ်လမ်းဘက် ပြန်လှည့်လိုက်ရအောင်ဗျာ…။
ကျန်စစ်သားတို့ခေတ်ကလည်း အခုခေတ်လိုများ ဖုန်းတွေရှိခဲ့ရင် သမိုင်းအထောက်အထားကောင်းတွေ ရခဲ့မှာ အမှန်ပဲဗျ..။
မဏိစန္ဒာ ဘော်ဒီလိုးရှင်းလူး တာလေးတွေလည်း ကျန်စစ်သားကြီးက ဖုန်းကင်မရာလေးနဲ့ မှတ်တမ်း
တင်ကောင်းတင်ခဲ့နိုင်မှာပဲ ခင်ဗျ…။
မဏိစန္ဒာ မင်းသမီးလေး နဲ့ ကျန်စစ်သားတို့ရဲ့ တစ်တစ်ခွခွ ချစ်ကြပုံတွေကိုလည်း နောင်လာနောက်သားတွေ
လေ့လာနိုင်မှာပါပဲ…။
ဘလက်ကြီး ဉာဏ်မမီတာက
ထိုသို့ သံဝါသ ဖြစ်လေသော် မင်းသမီးကို ချိန်သော ခြင်္သေ့ရုပ်အလေးသည် ပေါ့၍ မင်းသမီး ကိုယ်တော် လေးဘိ၏။
ဆိုတာကိုပါ…။
ဘယ်လိုအကြောင်းကြောင့် မင်းသမီးကိုယ်တော်က ခြသေ့င်္ရုပ်အလေးထက် ပိုလေးတော်မူသွားရတာတဲ့လဲ…။
ဒါမျိုးကိစ္စကျတော့ ကျွန်တော်တို့ရဲ့ ကိုဆာမိ က ကျွမ်းတယ်…။ သူ့ သာ မေးကြည့်ကြပေတော့ဗျို့…။
ထားလိုက်ပါဗျာ…။
ကျန်စစ်သားလို ဘုရားဒကာ မင်းကောင်းမင်းမြတ်ကြီးတစ်ပါးတောင် နုစဉ်အခါမှာ အတွေ့ကို မရှောင်နိုင်ခဲ့လေတော့
ဒီနေ့ခေတ် လူငယ်တွေ အချစ်နယ်ကျွံကြတယ်ဆိုတာ ဘာများဆန်းကြယ်နေပါသလဲ…။
ထုံးစံအတိုင်း ကိုနိုဇိုးမိကြီးကို လည်း ကျွန်တော်က အင်တာဗျူးလုပ်ပါတယ်…။
ခင်ဗျားကြီးကရော ချစ်ခြင်း မှာ ဘယ်နှစ်ခါသေခဲ့ဘူးပါသလဲ…ဆိုတော့…။
ဟိုကြည့် ဒီကြည့် နဲ့
ပို့စ် ထဲထည့်ရေးရင်တော့ တစ်ခါပဲ ချစ်ခဲ့ဘူးတယ်လို့ ရေးပေးပါဗျာတဲ့…။
တကယ့် အဖြစ်မှန်ကျတော့ရော ဆိုတော့…။
SEXY ဖြစ်တဲ့ မိန်းကလေးတွေမြင်ရင် ကျွန်တော်က အကုန်ချစ်တာဗျ…တဲ့…။
အခါခါ သေမယ့် ချစ်ခြင်းတွေကို မြွေမကြောက်ကင်းမကြောက် ဝင်တိုးရဲကြသလို…
တစ်ခါသာ သေမယ့် သေခြင်းတရားအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့…
နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ် ရွာသူားအပေါင်းတို့…။
ကြိုတင် သတိပေးချက်…။ ။
ဘလက်ချောကြီး…
ခင်ဗျားကြီးရော ချစ်ခြင်းမှာ ဘယ်နှခါလောက်သေခဲ့ဘူးသလဲဆိုတဲ့ မေးခွန်းအား မေးမြန်းခြင်းသည်းခံပါ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
51 comments
ကီလိုဇူးလူးဝီစကီ
April 7, 2013 at 12:46 pm
လွမ်းလွန်းလို့ ပထမနေရာ အရင်လာယူရတာပါဗျ။
ကော်မန့်သွားရေးလိုက်ဦးမယ်။
ခုမှ နိုးလို့ ဖတ်လိုက်ရတဲ့ ပို့(စ) က ချစ်ခြင်းတရား အကြောင်းလေးဆိုတော့ လန်းလန်းဆန်ဆန်းဖြစ်သွားရဲ့။
:harr: :harr: :harr:
ကီလိုဇူးလူးဝီစကီ
April 7, 2013 at 12:58 pm
ဒီလိုပြောမယ်ဗျာ။။
ချစ်ခြင်းမှာ အခါခါ သေဆုံးတယ်လို့ မပြောပဲ။
ကျနော်ကတော့ အချစ်က အမြဲတစေ ပြန်လည်ရှင်သန်တယ်လို့ပဲ ပြောမယ်။
အချစ်အကြောင်း ဆွေးနွေးရရင် အမြဲတက်ကြွနေတတ်နေသောငြားလည်း……
ကျန်တဲ့ ခံယူချက်တွေတော့ သူများရိုက်ပေါက်ဖြစ်မဆိုးလို့မပြောတော့ပါဘူးရယ်။။
ဒါကြောင့် အစားနဲ့ ဆိုင်တာလေးတွေ သုတပိုင်းလေးတွေပဲ လူသိရှင်ကြားဆွေးနွေးပါရစေ။ ခွိခွိခွိ။
:kwi:
ကျနော့ ခန္ဒာကိုယ်မှာ ကျနော် အသက်ရှင်နေသ၍ အလုပ် အလုပ်ဆုံးဖြစ်နေမည့် အရာသုံးမျိုးသည် ဦးနှောက်၊ အစာအိမ်နဲ့ နှလုံးသားဖြစ်ပေသည်။
:harr:
(လွမ်းတာချင်းတူရင် ကျနော်က ပိုတော့မပေါ့ ကိုဘလက်ရယ်။
ကျနော် ဘယ်သူဆိုတာ သိလောက်မယ် မျှော်လင့်ပါတယ်။)
:hee:
blackchaw
April 7, 2013 at 11:00 pm
ပထမဆုံး တက်လာတဲ့ ကွန်းမန့်လေး ဖတ်လိုက်တော့
ဘယ်သူများလဲပေါ့…။
နောက်ကွန်းမန့်တစ်ခုတက်လာတော့မှ…
အထာပေါက်သွားပါတယ် ဒေါ်ခိုင်ဇာရေ…။
ကျွန်တော့်ကို အမောပြေစေသော ကွန်းမန့် တွေပါလို့…
ရိုးသားစွာ ဝန်ခံပါတယ်ဗျာ…။
လေးစားခင်မင်တဲ့…
ကိုဘလက်…။
Foreign Resident
April 7, 2013 at 1:00 pm
” လွမ်းလွန်း လို့ ”
ဘယ်သူ့ကို လွမ်းနေတာတုံး ။
ဦး ဘလက် ရဲ့ စာတွေကိုမှ ဟုတ်ရဲ့လား ။
ဟဲ ဟဲ ။
ကီလိုဇူးလူးဝီစကီ
April 7, 2013 at 1:05 pm
စာတွေရော
အရေးအသားတွေရော
သေချာပြန်တဲ့ ကိုဘလက် ကော်မန့်တွေရောပါ ဘဖောရယ်။
ဟဲ ဟဲ။ (စီဒီ: : ဘဖော)
:harr:
Foreign Resident
April 7, 2013 at 1:02 pm
ဦးဆွေ ၊ ဦးကျောက် ၊ ဂီဂီ တို့က ၊
ဘယ်နေ့အထိ ရန်ကုန်မှာ ရှိကြမှာတုန်း ဦးဘလက် ရဲ့ ။
blackchaw
April 7, 2013 at 1:20 pm
ကိုဆွေနဲ့ ကိုကျောက်က ဒီည ၁၂ နာရီ ဖလိုက်…။
ဂီဂီက သင်္ကြန် အကြတ်နေ့လောက်ပြန်မယ်ဆိုလား…။
ရန်ကုန်ရောက်ရင် သံချောင်း ခေါက်ပါဦး ဗျာ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
surmi
April 7, 2013 at 1:39 pm
မင်္ဂလာပါကိုဘလက်ရေ……
ခုလို လက်ရာလေးတွေတွေ ့ရတော ့ ပိုတောင်မှလွမ်းမိသေးဗျာ
မမြင်ရတာကြာလို ့ အားပါးတရဖတ်ပြီး ရင်ထဲမှာကျန်ခဲ ့တာတော ့ မဏိစန္ဒာ လေဗျာ
ကျနော်တို ့ ကိုဘလက်တို ့ ကိုကျောက်တို ့အဘဆွေတို ့ ကိုနိုဇိုတို ့
ရင်ခုန်တတ်စလောက်မှာပဲ ဖတ်ခဲ ့ရတဲ ့ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ ့
အရိန္ဒမာ သိပါတယ် ဆိုတဲ ့ ဝတ္တုလေးလေဗျာ ။
အဲဒီ ဝတ္တုရဲ ့ဇတ်ဝင် ကဗျာလေးက ခုထိ ရင်ထဲစွဲနေတုန်းဘဲဗျို ့
တိုက်ဆိုင်တုန်းလေး လွမ်းလိုက်ဦးမယ် … ဘာတဲ ့ ….
မြင်ကတဲ
ရင်ထဲစွဲခဲ ့တယ် မဏိစန္ဒာ ……။
ဘုရင် ့ဘဏ္ဍာမတော်မတရားနဲ ့
အရှင် ့အာဏာ စော်ကားမိသူမို ့
ဓား ထိကာအသေသတ်ရင်လည်း
ကျေနပ် မှာပါ …..။ တဲ ့
ကဲ ကြည် ့ဗျာ ။ဘယ်လောက်ချစ်တတ်သလဲဆိုတာ
ဒီနေရာမှာ ကျန်စစ်မင်းရဲ ့ ချစ်ခြင်းမေတ္တာကို အပြစ်မဆိုသာပေဘူးဗျ ။
ဥဿာရွှေမြို ့တော်ကနေ ပုဂါရာမ ကိုသွားတဲ ့လမ်းခရီးဟာပဲခူးရိုးမကြောကိုဖြတ်သွားရတာဆိုတော ့
ဆိတ်ငြိမ်လှတဲ ့ တောအလှတောသဘာဝမှာ စီးမျောနေတုန်း….
ဗြုန်း ဆို …. ကြာခြည်ခုနှစ်ထပ် လေအဟတ်မှာ ဖြတ်ကနဲ တွေ့လိုက်ရတာကတော ့ ……
အိုဘယ် ့ အလှတစ်ပါး ….. နတ်များဧကရီ
မဏိစန္ဒာ ဒေဝီ ဆိုပါတော ့ …..
ဒီမှာဘဲ စစ်ပွဲအတွင်းက လူကြမ်းကြီးကျန်စစ်မင်းဟာ “မင်းမှားတဲ ့ အခါ ၊ ကြံရာပါမိ ” ဆိုသလို
သေမှာ မကြောက်ရဲရဲတောက်ပြီး အချစ်မီးတွေ လောင်မြိုက်ခဲ ့မယ်ထင့် ………။
ဟုတ်ပါပြီလေ …စိုင်းထီးဆိုင်သချင်းကိုပြန်ကောက်ရရင်
” ရင်မှာ မပြေနိုင်တဲ ့အရသာ…… ဒီဘဝ ချစ်ရမှနေပျော်မှာ …” ဆိုတော ့ ….
သူတို ့တွေ ချစ်တာ သဘာဝဟာ သဘာဝပါပေါ့ဗျာ နော …..
အဲ အဲ မဏိစန္ဒာ အလေးချိန်တိုးလာတာကတော ့
1 – ရှေး ခေတ်အခါက အလေး ချိန်ခွင် တင်းတောင်းသည် မတိကျသေး၍သော်လည်းကောင်း
2- ဥဿာပဲခူးတွင်ချိန်စဉ်ကာလက မဏိစန္ဒာသည် ရှူရှူး ပေါက်ပြီးခါစ ဖြစ်ပြီး
ပုဂါရာမ တွင်ချိန်သောအခါ ရှူရှူး ပေါက်ချင်စိတ်ကိုအောင့်ထားသဖြင့်လည်းကောင်း
ထို ထို သောအကြောင်းများကြောင့် ပင်ဖြစ်နိုင်ပါသည် …..ဟု
လေးစားလျှက်
မောင်ဆာမိ
blackchaw
April 7, 2013 at 11:04 pm
ကိုဆာမိရေ…။
စကားအပိုတွေ ပြောရင် ပေါ့သွားမှာစိုးပါတယ်…။
အချိန်မရတဲ့ကြားက ဝင်ပေးသွားတဲ့ ကွန်းမန့်လေးအတွက်လည်း ကျေနပ်ပါတယ်…။
မဏိစန္ဒာ အလေးချိန်တိုးတဲ့ ကိစ္စကို ဝင်ဖြေရှင်းပေးသွားတာအတွက်လည်း ကျေးဇူးတင်ပါတယ်…။
ဘီစီရွေးခွင့်ပြုပါ ကိုဆာမိရေ…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။
ကိုရင်စည်သူ
April 7, 2013 at 4:26 pm
ရွာတံခါးမှူးကြီးရဲ့ ဟာသနှောတဲ့ အသော့အရေးအသားတွေကို
လွမ်းလို့ မျှော်နေတာ.. ဂျီပွန်စစ်တားကြီး တွန်းမှပဲ ဖတ်ရတော့တယ်။
ကိုနိုကို ဗျူးတဲ့ စကားတွေ ရေလည်ခိုက်သွားပါတယ်…
လူပျိုကြီးများကို အားကျမိတဲ့… 😳
blackchaw
April 7, 2013 at 11:13 pm
ဂီဂီ့ ကိုတွေ့တော့ နင့်ကို သတိရမိတယ် စည်သူရေ…။
ဒုက္ခဆိုတာ နောင်တချိန်မှာ ဟာသပဲရယ်လို့ မှတ်သားဘူးပါတယ်…။
ဟိုတစ်ချိန်က ဖြစ်ခဲ့တာတွေက ဟာသတွေပေါ့ ညီလေးရေ…။
ကွန်းမန့်လေးအတွက် ကျေးဇူးပါ ဗျာ…။
TNA
April 7, 2013 at 4:47 pm
အူးဗလက် စာကိုရိုမန်းတစ်လေးနဲ့စဉ်းစားနေတုန်း ဖျတ်ဆို ကိုဆာမိကြီးက အဖြေဝင်ပေးတွားဒေါ့ ခံစားနေတဲ့ ခံစားချက်လေး ဂွပ်ဆို ဘယ်ရောက်တွားလဲမတိ။ ဇဂါး မစပ်မေးပါရစေအူးအူးဘလက်ရှင့် ချစ်ချင်းမှာဘယ်နှစ်ခါသေဖူးသလဲ မမေးကြပါနဲ့ဆိုလို့ အူးအူးဗလက်ကော ချစ်ချင်းမှာ ဘယ်နှစ်ခါများ စတင်ရှင်သန်ဖူးပါသလဲ။
blackchaw
April 7, 2013 at 11:21 pm
@ TNA ;
ကွန်းမန့်လေးအတွက် ကျေးဇူးပါ မသည်းနုအေးရေ…။
ဝင်းမင်းထွေးကြီးရေးတဲ့ သီချင်းတစ်ပုဒ် ချစ်ကောင်း ကြီး ဆိုခဲ့ဘူးတာ မှတ်မိမှာပေါ့…။
ချစ်ဖူးတယ်…ချစ်ဖူးတယ်…အိုမလွယ်ဘူး ရူးနိုင်တယ်…တဲ့…။
တွေးကြည့်ပေါ့ဗျာ…။
TNA
April 8, 2013 at 12:32 pm
အိ အဲဒါဆို အချစ်ဒွေနဲမှမနဲဘဲ။ အခါခါရူးရပါတီပေါ့။ အိုက်လိုလား။
Mr. MarGa
April 7, 2013 at 7:39 pm
ဘဘ ဘလက်
ပျောက်နေတာ ကြာပေါ့
ပေါ်လာလို့ အရင်ဆုံး ကြိုဆိုပါသဗျ။
မမေးရဘူးဆိုရင်ကို ပို သိချင်သဗျ
ဒါပေမင့် လိုက်နာတဲ့အနေနဲ့ အဲဒါတော့မေးဘူး
ကျန်တာမေးမယ်
ဘဘဘလက် အချစ်နဲ့ သေခြင်းတရားဆို ဘယ်ဘက်ကို ရွေးမလဲ :kwi:
အချစ်ကိုပဲ စွန့်မလား
အချစ်နဲ့ပဲ နေမလားဟင် :kwi:
blackchaw
April 7, 2013 at 11:26 pm
@ Mr. MarGa ;
ကျေးဇူးပါ ကိုမာဃရေ…။
သေခြင်းတရားဆိုတာ ရှောင်လို့ရနိုင်တာမျိုးမဟုတ်ပါဘူးဗျာ…။
ဒီအရွယ်ကြီးကျမှ အချစ်အကြောင်း အတည်ပေါက် ဆွေးနွေးဖို့လည်း
မရဲတော့ပါဘူးဗျာ…။
ခွင့်လွှတ်ပါ…။
အရီးခင်လတ်
April 7, 2013 at 8:29 pm
အပျော်ရေး Post မဟုတ်ပေါင် ကဘချောရာ။
တွန်းအားပေး Post ပါ။
အချစ်နဲ့သေခြင်းတရားတော့ မသိဘူး။ “အချစ် နဲ့ သူ၏ကိုကို” ကိုတော့ အင်မတန်ကြိုက်ခဲ့တယ်။
တစ်ခါသာ သေမယ့် သေခြင်းတရားအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြဖို့… သတိပေးစာလေး အတွက် ကျေးဇူးတင်ပါတယ်။
ကိုအဘဆွေ တစ်ယောက်တော့ 40C to -2C ဖြစ်တော့မယ်။
ဒီမှာ ညဆို minus ကနေ မတက်။
ဒါတောင် ဒီရက် နေ့ပိုင်းမှာ နဲနဲနွေးလာတာတောင် 10 အထက်မရောက်သေးဘူး။
တစ်ခါထဲ အဖော်လေးခေါ်ခဲ့ဖို့ကောင်းတာ။
မောင်ဂီ တစ်ယောက် ပျောက်သွားတာ ဒင်းက အဲဒီရောက်သွားတာကိုး။
ချယ်ရီ ကနေ ပိတောက်တွေရိုက်ဖို့ အခွင့်ရခဲ့ပါစေ ဆုတောင်းပါတယ်။
ကိုကျောက် ကတော့ ဒီလောက် သွားလိုက်ပြန်လိုက် တဒီးဒီး ဖြစ်နေမှတော့ တစ်ခုခုတော့ တစ်ခုခုဘဲ။
😛
ပြောထားတဲ့ သီချင်း
{ဂစ်တာအိုတောင် ပျိုရွယ်နေဆဲ တေးသံနဲ့ သီချင်းအသစ်ဖြစ်သေးရင် အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ ပြီးသင့်သလား… }
အဲဒါကတော့ သေချာပါတယ်။
မင်းကိုမှမရရင် သေပါမယ် ပြောလဲ အပြောနောက်မှာ နောက်တစ်ယောက် ကို မကြာခင် ရှာကြတာမို့
ခလေးမ တို့ ရေ ငိုပြတိုင်း သိပ်မယုံကြ နဲ့လို့ အရီးမှ သတိပေးနှိုးဆော်လိုက်ရပါကြောင်း။
blackchaw
April 7, 2013 at 11:34 pm
@ အရီးခင်လတ် ;
မမြင်ရတာ အတော်တောင်ကြာပြီနော်…
ဆိုတဲ့ ကိုင်ဇာ့သီချင်းလေးတောင် သတိရမိပါတယ် အစ်မရေ…။
ဘာပဲ ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဗျာ…။
အချစ် နှင့် သူ၏ ကိုကို ဆိုလို့ သုမောင် ဝတ္ထုကို ကြိုက်တာလား…။
ဒါရိုက်တာကြီးမြင့် ရိုက်ပြီး သုမောင်နဲ့ ခင်သီတာထွန်း သရုပ်ဆောင်တဲ့
ရုပ်ရှင်ကို ကြိုက်တာလား မေးကြည့်ချင်ပါတယ် အစ်မရေ…။
ကျွန်တော်ကတော့ ဝတ္ထုကိုရော ရုပ်ရှင်ကိုပါ ကြိုက်ခဲ့တာပါဗျာ…။
လေးစားခင်မင်တဲ့…
ကဘချော…။
Ma Ei
April 8, 2013 at 2:17 pm
ကျမတော့ သုမောင်နဲ့ ခင်သီတာထွန်း သရုပ်ဆောင်တဲ့
အချစ် နှင့် သူ၏ ကိုကို ရုပ်ရှင်ကိုပိုကြိုက်ခဲ့ပါတယ်…
ငယ်တုံးက ခင်သီတာထွန်း ကို အရမ်းကိုကြိုက်ခဲ့တာ
ခုခေတ် ခင်သီတာထွန်းကတော့ နဲနဲအိုဗာဖြစ်နေသလား ထင်မိတယ်…
ကိုဘလက်ရေးတဲ့… … နှစ်ခုလုံးကိုတော့ မေ့ထားတယ်…
:hee:
blackchaw
April 8, 2013 at 2:45 pm
@ Ma Ei ;
ရုပ်ရှင် က ရန်ကုန်ပြည်လမ်းတစ်လျှောက်ရိုက်သွားတာဗျ…။
ကျွန်တော်တို့နေတဲ့ အင်းမမြို့နားက ကားတွေ ရပ်လေ့ရှိတဲ့
ရေပြာ တောင် ပါသေးတယ်…။
ဒီဘက်ခေတ်ကျတော့ လွင်မိုးနဲ့ ထက်ထက်မိုးဦးနဲ့ ပြန်ရိုက်ပါသေးတယ်…။
၂ ခုလုံးကို မေ့ထားတာ စိတ်သက်သာရာရတာပေါ့…နော့်…။
GaviaGirl
April 7, 2013 at 10:24 pm
အွန်.. မမေးရဘူးတဲ့.. သူ့ဘက်ကို လုံအောင်ပိတ်ထားတယ်တော့.. မမေးဆိုလည်း မမေးဝူးဗျာ…
🙂
အူးလေးဖြူကြမ်းရေ..
အူးလေးရေးတဲ့စာတွေကို လွမ်းနေတာကြာပေါ့.. အခုလိုပြန်ဖတ်ရလို့ အူးလေးကိုရော.. ဟိုအူးလေး ဂီ ကိုပါ ကျေးဇူးပါလို့…
အချစ်အကြောင်းပြောရရင်တော့ တစ်ခုပဲပြောချင်တယ်..
စချစ်မိသူက အရှုံးပဲ.. အချစ်ကြောင့် ရှင်သန်နိုင်သလို..အချစ်ကြောင့်လည်း သေဆုံးနိုင်တယ်.. သမီးကတော့ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်.. ဟီး…
**ဦးလေးဖြူကြမ်းလု့ိခေါ်မှတော့ သမီးဘယ်သူလဲဆိုတာ သိမှာပါနော်.. 🙂
blackchaw
April 7, 2013 at 11:38 pm
@ လုံမလေးမွန်မွန် ;
ဦးလေးဖြူကြမ်း လို့ ခေါ်မှတော့ လုံမလေး မွန်မွန် ပဲ ပေါ့ဗျာ…။
ဦးလေးကတော့ ဒီအရွယ်ကြီးနဲ့ အချစ်အကြောင်းမဆွေးနွေးချင်တော့တာကို
နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်…။
မဟာရာဇာ အံစာတုံး
April 7, 2013 at 11:45 pm
သန်တုန်း မြန်တုန်း
ချောတုန်း ခန့်တုန်ကြီးရယ်ပါ ..
ဟိုလူဂျီးနဲ့ ယှဉ်ရင် အပုံဂျီး သာဘာဒေးဒယ်ဂျာ …
နောက် .. အနည်းဆုံး ၁ဝ ယောက်လောက်တော့ အသာလေးဘဲ …
ဟဲဟဲ …
မဟာရာဇာ အံစာတုံး
April 7, 2013 at 10:46 pm
အချစ်နဲ့ သေခြင်းတရား … ဆိုထားပါလားဂျ …
အချစ်တွေကို ခင်းပြတယ် …
သေခြင်းတရား ကို အချစ်ဆိုတာနဲ့ တွဲဖက်ပြတယ် …
ဟာသနှောလေးနဲ့ အရေးကောင်းပါတဲ့ ..
အိုဘယ့် … ဘဘ ဘလက်ဂျီးရယ် …
ခညားဂ ခညားအကျောင်းဒေါ့ ပေါဘူးရယ် …
ပေါရင်လည်း တီတီဘလက်နဲ့ တိုင်မယ့်လူဒွေ တန်းစီနေလောက်ဒယ် …
စကားမစပ် …
အထက်မှာ ဥဆာ ပြောသွားလို့
မင်းဒမီး လေးဒါ သိတွားဒယ် …
နောက်ခါ တောင်မလေးကို ပွေ့ချီတော့မယ်ဆို
ရှူးရှူးအောင့်ထားလားလို့ အရင်မေးရမယ် …
blackchaw
April 7, 2013 at 11:41 pm
@ အံစာတုုံး ;
ဘဘ ဘလက် မှာ ပြောရလောက်တဲ့…
ခမ်းနားတဲ့ ဇာတ်လမ်းတွေ မရှိခဲ့ပါဘူး ညီလေးရေ…။
ဘာပဲ ဖြစ်ဖြစ် ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးခဲ့တာ ကျေးဇူးပါ ဗျာ…။
ဦးဦးပါလေရာ
April 8, 2013 at 12:04 am
သူ့ခေါင်းစဉ်ဖတ်ရကတည်းက-
ကိုယ်နဲ့ဆိုင်တော့တာက တစ်ခြမ်းပဲ ဆိုင်တော့တာ
အဲဒီ တစ်ခြမ်းကလဲ မသိချင်ယောင် အတင်းဆောင်နေရတာဆိုတော့ ….
:harr:
blackchaw
April 8, 2013 at 2:08 pm
@ ဦးဦး ပါလေရာ ;
တစ်ခြမ်းပဲ ဆိုင်တယ်ဆိုလို့ ကွက်ရှင်ရှု လိုက်ပါရစေ ကိုပါရေ…။
ဘယ်တစ်ခြမ်းကို ပြောတာလဲ ဟင်င်င်င် ???
သေခြင်းတရား ဆိုတဲ့အခြမ်းကတော့ လူတိုင်းပြေးလို့မလွတ်တဲ့အရာမို့ ထားလိုက်ပါတော့…။
အချစ် ဆိုတဲ့ အခြမ်း များ ဖြစ်နေမလား ???
ရွှေတိုက်စိုး
April 8, 2013 at 9:14 am
အော် ဦးဘလက် ဦးဘလက် … မတွေ.ရတာကြာတော့..
အမဲရောင်ဖျော့ဖျော့နဲ. ဦးလေးကြီးဖြစ်နေပါလား…………
ဒါနဲ. ကောလဟာလတွေ ပြန်.နေတယ် ဦးဘလက် ဘလက်မသောက်တော့ဘူးဆို ဟုတ်သလား.. ခိခိခိ
blackchaw
April 8, 2013 at 2:40 pm
@ ရွှေတိုက်စိုး ;
အနက်ဖျော့ဖျော့ အသားအရေပိုင်ရှင် ဦးလေးကြီး ပါဟ…။
ကဗျာဆန်ဆန်ပြောစမ်းပါ…။
ကောလဟာလ ဆိုတာ တစ်ခါတစ်လေ မှန်တတ်တယ်ဆိုပေမယ့်…
တစ်ခါတစ်လေလည်း အလွဲကြီးလွဲတတ်ပါတယ်ဗျာ…။
ဦးဘလက်ကတော့ သောက်ချင်တဲ့ အချိန်သောက်နေတာပါပဲ…။
နင့် ဥ ပေါက်ရင် ဖုန်းဆက်ပါဦး…။
nozomi
April 8, 2013 at 10:55 am
ကိုချောကြီး ပို့စ် လေးတွေ ပြန်ရေးတာအတွက်တော့ ကျေးဇူးပါ
တစ်ခုတော့ ရှိတယ် ကိုယ့်ဘဝ နဲ့ သူ့ဘဝ မတူတာကို တော့ အားကျမနေပါ နဲ့ ဗျာ
စေတနာနဲ့ သတိပေးတာ
အသက်ဘယ်လောက် ရှိရှိ သူက လူပြို သူ့ဘာသာ ရည်းစား ဘယ်နှစ်ယောက်ထားထား အကြောင်း မဟုတ်ဘူး ဗျ ကိုယ်လဲ အားကျရင် အရင်ကတဲက မ ယူပဲ နေခဲ့ပါလား
အခုမှ အိမ်က ဟာ ကြီး လွှင့်ပစ်ချင်တာလိုလို လှည်းတန်းက ကောင်မလေးနဲ့ ဟိုတယ်ရောက်နေတုန်း မိန်းမက ဖုံးဆက် ခေါ်လို့ တင်းတာလိုလို နဲ့
ချစ်တုန်းကတော့ ဘာ လုပ်လုပ် သဘောကျနေပြီး အခုကျမှ နာမည်ကြီးကလဲ ဂျူး ဝတ္ထုထဲက နာမည်ကြီး ကျုပ်က မပြောရဲလို့သာ ကြည့်နေရတာ သိပ်ကြိုက်တာ မဟုတ်ဘူး ဆိုတော့ …
ရွာထဲ ကောင်းတဲ့ သတင်းတွေပဲ ကြားချင်ပါတယ်
မိန်းမ က နှင်ချ လို့ သွားစရာ မရှိ စားစရာ မရှိတဲ့ သတင်းကြီး မကြားချင်ပါဘူး
blackchaw
April 8, 2013 at 2:49 pm
@ nozomi ;
ပြောချင်ရာသာ ပြောဗျာ…။
ခင်ဗျားကြီးကို လွတ်လပ်စွာ ပြောဆိုခွင့်ပေးထားတယ်…။
ကိုယ်ကလည်း ပို့စ်ထဲထည့်ပြီး ရေးချင်ရာရေးတာဆိုတော့ နာ မနေတော့ပါဘူး…။
Moe Z
April 8, 2013 at 11:45 am
ဘဘ ဘလက်ရေ ..လောင်းတိုင်းနိုးစီး
အူးနိုပြောသလို လိမ်လိမ်မာမာနေပါဗျာ
သများကတော့ သေရမှာကြောက်လို့ ဘယ်သူ့မှမချစ်ဘူး
မချစ်တာ အိမ်ထောင်မပြုဘူးလို့ပြောတာဟုတ်ဘူးနော် .. သေလောက်အောင်မချစ်ဘူးလို့ပြောတာ
တော်ကြာ လူသားသမိုင်းပေးတာဝန်မကျေဘူးအပြောခံရမှာစိုးလို့ 😆
blackchaw
April 8, 2013 at 2:57 pm
@ Moe Z ;
ညည်း နာမည်နဲ့ အဆိုတော်တွေ ပေါ်နေတာ သတိထားမိရဲ့လား…။
သေလောက်အောင် ချစ်တဲ့လူတော့ တွေ့ဘူးသေးဘူးဗျ…။
သေတာက သေတာပဲ … ချစ်တာက ချစ်တာပဲ…။
ဘယ့်နှယ့် ၂ ခုကို ဆွဲစိနေရပြန်တာလဲ…။
အိမ်ထောင်ပြုမယ်ဆိုရင်တော့ အချစ်ကို မဖြတ်သန်းလို့ မရနိုင်ပါဘူး
ဒေါ်မိုးဇက်ရယ်…။
Moe Z
April 8, 2013 at 3:22 pm
ဟိဟိ.. သူငယ်ချင်းတစ်ယောက်နဲ့ပြောနေရင်း ဝင်ရေးလိုက်တာ
သူ့စတေတပ်စ်မှာ သေလောက်အောင်ချစ်တယ်ဆိုလို့ 😆
အဆိုတော်ရှိတယ်ကြားတာပဲ ယောက်ျားလေးတဲ့
နေရင်းထိုင်ရင်းတောင် ကိုတပ်ခေါ်ခံနေရတဲ့ကြားထဲ
နာမည်ပြောင်းရတော့မလားမသိ ..
ဦး ကျောက်ခဲ
April 8, 2013 at 11:47 am
ကိုရင်ဘလက်ရယ်…
မောင်ကျောက်က အချစ်မှာ အကြိမ်ကြိမ် ကျရှုံးဖူးသူပါ…
ခုတော့ အရွယ်လွန်အချစ်မှာ မသေဆုံးချင်တာမို့…
ခွက်ပုန်းပဲ မော့တော့မယ်ဗျာ…
အဲ မဏိစန္ဒာ ကိစ္စကတော့ ဉာဏ်မမှီလို့ ချစ်ချစ်ကို ခုထဲကပေါင်ချိန်ခိုင်းထားရမယ်…
တောက်စ်… အဲသည့်မင်းသမီး ညံပါ့ဗျာ… အဝစားပြီး ဝိတ်ရှော့လိုက်တာမဟုတ်ဘူး…
:harr:
blackchaw
April 8, 2013 at 3:01 pm
@ ကိုကျောက်ခဲ ;
ဒီဇာတ်လမ်း မှာ ခင်ဗျား က မင်းသားဆိုတော့
ပြောချင်ရာ ပြောခွင့်ရှိပါတယ် ကိုကျောက်ရယ်…။
ခွက်ပုန်းမော့ရင်လည်း သတိထားဦးဗျ…။
ကလေးမလေးရဲ့ ဂုဏ်သိက္ခာကို စော်ကားသလိုများ ဖြစ်နေရင်
မကောင်းပါဘူးဗျာ…။
အရက်ကိုဖြတ်ပါ ကိုကျောက်ရေ…။
kyeemite
April 8, 2013 at 1:00 pm
ကိုယ်ကလည်းစာရေးဖို့ အမြဲတိုက်တွန်းခဲ့ပြီးတော့
ဝင်ဖတ်ဖို့တော့ နောက်ကျနေတာ ခွင့်လွှတ်ပါ ရဲဘော်ဘလက်ရေ…
ကျုပ်ကတော့ အချစ်အကြောင်းမဆွေးနွေးတတ်ပါဘူးဗျာ..
အချစ်အကြောင်းက လေ့လာနေဆဲမို့ပါ.. :harr:
စိတ်ကိုလည်းလျှော့ထားပါတယ်ဗျာ…ကျုပ်ကတော့
“ကိုယ့်အချစ်နဲ့ အရာရာကို အကောင်းအတိုင်းဖြစ်စေမယ်..”ဆိုတာလေးပိုသဘောကျတယ်ဗျို့
မယ်ဘုတ်
April 8, 2013 at 2:43 pm
အဲ ဦးမိုက်တို့အရွယ်က အချစ်ကို လေ့လာနေဆဲ ဆိုတော့ ..
အနော်တို့ အရွယ် ဘယ်နှယ့်လုပ်မလဲ ဗျို့ … :kwi:
blackchaw
April 8, 2013 at 3:07 pm
@ မယ်ဘုတ် ;
မယ်ဘုတ်ရေ…ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူး အထူးပါဗျာ…။
နောက်လည်း ဝင်ရင် ကြုံသွားပါဦး…။
blackchaw
April 8, 2013 at 3:05 pm
@ kyeemite ;
ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
အချစ်အကြောင်း မဆွေးနွေးတတ်ရင် မဆွေးနွေးပါနဲ့ဦးဗျာ…။
အိုးနင်းခွက်နင်း နဲ့ ဘရုတ်သုက္ခတွေ ဖြစ်နေပါဦးမယ်…။
အချစ်နဲ့ နည်းနည်း ဝေးတာကိုး…နော့…။
သေခြင်းတရား အကြောင်း သာ ဆွေးနွေးပါ ကိုကို…။
kai
April 8, 2013 at 2:56 pm
ကျန်စစ်သားလည်းလူပျို.. မဏိစန္ဒာလည်းအပျို.. လူပျိုအပျို ..၂ဦးသဘောတူရင်.. တရားတယ်.. ဆိုတဲ့ဇတ်မှာ.. ဘာမှန်းမသိ.. အာဏာရှင်လက်မဲကြီးနဲ့ဝင်နှိုက်တဲ့.. အနော်ရထာကို.. မတရားသူလို့..ခေါ်မယ်..
ဆိုတော့..
လောလောဆယ်.. ကိုရင်ဘလက်ကို.. ကြိုဆိုတဲ့အနေနဲ့.. စတစ်ကီအဖြစ် ကပ်ထားလိုက်ကြောင်း..။ :kwi:
blackchaw
April 8, 2013 at 3:18 pm
@ kai ;
ကျွန်တော် သိရသလောက် ကျန်စစ်သားကလည်း…
ကျွန်တော်တို့ ကိုကျောက်ခဲတို့လို အသား ညိုရင့်ရင့်တဲ့ ခင်ဗျ…။
ကိုရင်ဘလက် ကို ကြိုဆိုစရာမလိုပါဘူးဗျာ…။
ကိုရင်ဘလက်က ရွာအနားမှာ အမြဲရှိနေပါတယ်…။
ကွန်းမန့်လေးအတွက် ကျေးဇူးပါဗျာ…။
လေးစားချစ်ခင်တဲ့…
ဘလက်ချော…။
kai
April 8, 2013 at 11:20 pm
ကုလားတွေလိုအမဲခံမဟုတ်ပဲ…. အညိုပေါ်အရင့်တင်ထားတဲ့ အသားအရေက အရှားသားလား..။ ဂျပန်မှာဆို.. အဲလိုအသားရေရှင်မြန်မာတွေ စန်းပွင့်ကြောင်း..။ :kwi:
အလင်းဆက်
April 8, 2013 at 7:06 pm
မေမြို့မိုး သီချင်း စာသားတွေက တော့
ခံစားလို့ကောင်း နေမြဲ
လေးလေးရဲ့
အ တွေး စာစဉ်လေးကလည်း
စီးမျော လို့ ကောင်း နေဆဲ
Fall Guy
April 9, 2013 at 12:34 am
ကိုဘလက်ရဲ့စာကိုဖတ်ပြီး မှ ပေါ့ပါးလန်းဆန်းသွား တယ်….။
ဒါထက် ကျန်စစ်သား ပဲခူး ရိုးမဖြတ်တုန်းက မိုးတွင်းကြီးလားမသိ…..။ ပြန်မြင်ယောင်တိုင်း ရင်နာနေမှာ
“မေမြို့မိုး” ကိုဆက်တွေးမိလို့…..
panpan
April 9, 2013 at 8:30 am
ဖတ်လို့ကောင်းလိုက်တာအူးချောရယ်
ဒါနဲ့ကျန်စစ်သားကြီးလည်း အချစ်မှာအခါခါသေမသေတော့မသိ
အချစ်တွေတော့အတော်ပေါတယ်နော် 😆
သမ္ဘူလလည်းသမ္လူလမို့၊ အပါယ်ရတနာလည်း အပါယ်ရတနာမို့
ချစ်လည်းချစ်တတ်တဲ့လူကြီး
ဒါနဲ့…ဟိုးသရေခတ္တရာခောတ်က ဗိဿနိုးမြို့ ပန်ထွာမင်းသမီးလေးရဲ့အချစ်ဇာတ်လမ်းလေးအခွင့်သင့်ရင်လုပ်ပါဦးဗျို့
ကျောင်းတက်ချိန်တုန်းကတော့ ကိုလုင်ဆီကစာအုပ်ငှားပြီးဖတ်ဖူးပါရဲ့
ခုတော့ ဇာတ်လမ်းကျောရိုးပဲမှတ်မိတော့တယ်
ဖတ်ရတာသိပ်အရသာရှိတာပဲ
panpan
April 9, 2013 at 12:02 pm
ပန်ထွာမင်းသမီးမှုတ်ဘူး
ပန်ထွာဘုရင်မ
မှားသွားလို့
ဖော့(စ)ထရော့ချာလီ
April 9, 2013 at 11:49 am
ဦးဘလက်ရေ…
ညီလေးချာလီနောက်ကျတာကို ခွင့်လွှတ်စေချင်ပါတယ်…
အားလုံးဖတ်ပြီး…
အားလုံးရဲ့ကော်မန့်တွေကလဲ ပြည့်စုံနေလေတော့…
ကျွန်တော်တစ်ခုပဲပြောစရာကျန်ပါတော့တယ်…
ဒီလိုဗျာ…
သေဆုံးခြင်းနဲ့ အချစ်ဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ မလွဲမသွေကြုံရမယ့်အရာတွေပါ…
တစ်သက်တစ်ခါ သေရမယ်… သေကိုသေဆုံးရမယ်…
အဲဒီလိုပဲ… အချစ်ဆိုတာကို တစ်သက်မှာ တစ်ခါတွေ့ရမယ့်အရာပါ… အဲ…ဒါပေမယ့် သူကျတော့ခဏခဏလဲတွေ့တတ်သေးတယ်ဗျ…
ဘယ်လိုပဲဖြစ်ဖြစ်…
အချစ်နဲ့ပဲတွေ့တွေ့… သေဆုံးခြင်းနဲ့ပဲတွေ့တွေ့…
ခံနိုင်ရည်ရှိဖို့… ပြုံးပြုံးလေးနဲ့ရင်ဆိုင်နိုင်ဖို့ပဲ အဓိကလိုကြောင်း….
ခင်မင်လျက်-
ဖက်ဖက်ကက်
uncle gyi
April 9, 2013 at 10:10 pm
ကိုဘလက်ရေ
အချစ်ကအခါခါသေတယ်ဆိုတာခံစားသူစိတ်ပါဗျာ
အချစ်ကဘယ်တော့မှမသေလို့လည်းပြောတာကြားဖူးတယ်နော်
ဘယ်သူဘာပြောပြော
အချစ်နဲ့သေခြင်းကိုထပ်သွားတာတော့ကြိုက်တယ်ဗျာ
ကိုပေါက်(မန္တလေး)
April 9, 2013 at 11:19 pm
ဒီပိုစ်ဖတ်မိတော့
ဆရာမြသန်းတင့်ဘာသာပြန်တဲ့ ရွှေပြည်တော်မျျော်တိုင်းဝေးကို လဲ သတိရမိတယ်။
မှတ်မှတ်ရရ ဒီစာအုပ်ကို သင်္ကြန်တွင်းကြီးမှာ အပြီးဖတ်မိတာကိုး။
နောက်ရုပ်ရှင်လဲကြည့်ဖြတ်တယ်.။
ဘာလို့သတိရလဲဆိုတော့ ဒီဇာတ်လမ်းထဲမှာကလဲ ကျန်စစ် အနော်ရထာနဲ မဏိစန္ဒာလိုဇာတ်လမ်းလေးပါတာကိုး။
အချစ်မှာ ဆိုတာ အကြိမ်ကြိမ်ပေါက်ဖွားတတ်တဲ့အရာဆိုတာကတော့ အပြောရခက်ပါတယ်။.
လူ့အသက်ကတော့ သေပြီးရှင်တော့ ပြန်မရှင်တာအမှန်ပါဘဲ။
သတိထားသင့်တာ တစ်ခုကတော့ လူမသေခင် နာမယ်သေမသွားဘို့တော့ ပိုဂရုစိုက်ရမယ်ထင်မိပါတယ်။
blackchaw
April 10, 2013 at 12:17 am
@ အလင်းဆက် ;
@ Fall Guy ;
@ panpan ;
@ ဖက်ဖက်ကက် ;
@ uncle gyi ;
@ ကိုပေါက် (မန္တလေး) ;
တစ်ယောက်ချင်းစီရဲ့ ကွန်းမန့်လေးတွေအတွက် အထူးကျေးဇူးပါဗျာ…။
တစ်ယောက်ချင်းစီအတွက် ကွန်းမန့်လေးတွေကို Reply လုပ်ဖို့…
အချိန်ရှားပါးနေတဲ့အတွက် ခွင့်လွှတ်ပေးကြဖို့လည်း အနူးအညွတ်တောင်းပန်ပါတယ်…။
ချစ်ခင်လေးစားတဲ့…
ဘလက်ချော…။