လျှပ်စီးတစ်ခုကို ခံစားရယူခြင်း
မှောင်မိုက်တဲ့လမ်းတစ်ကွေ့မှာ မိုးချိန်းသံတွေကြားနေရတယ်
မိုးတွေ ရွာနေတဲ့ အချိန်မှာပေါ့
နှလုံးသားတွေလည်း တဆတ်ဆတ် တုန်လို့
နားခိုရာမဲ့နေတဲ့ ငှက်ကလေးတွေကို ကြည့်ရင်း
ချမ်းအေးနေတဲ့ ရာသီစက်ဝန်းထဲမှာ
ငါဟာ နားခိုရာမဲ့ လူသားတစ်ဦး။
စာရွက်ထုတ်ပြီး ဘောပင်လေးနဲ့ ချရေးမိတယ်
ဘဝရဲ့ အဓိပ္ပါယ်ဟာ ဘာလဲ?
အကြိမ်ကြိမ်ရေးနေခဲ့မိ ။
မိုးရေတွေရဲ့ စိုရွဲမှုအောက်
ငါ့ရဲ့ ကြိုးစားမှုတွေ ပျောက်ကုန်တယ်
ငါကပဲ ပိန်းနေတာလား
ကံကြမ္မာကပဲ ယိမ်းနေတာလား ။
ခြေလှမ်းကျဲကျဲနဲ့ လျှောက်လှမ်းနေပေမယ့်
သိုင်းကွက်နင်းနေတဲ့ ငါ့အားအင်တွေ
ငါ့ ခြေထောက်ငါတောင် တည့်တည့် မကြည့်နိုင်သေးဘူး ။
ဪ လောကကြီးရယ်
ငါ့ အတွက်ဘာရယ်လို့ သီးသန့်မရှိခဲ့ဘူးနော်
မရှိခဲ့ခြင်းတွေသာ ငါ ပိုင်ဆိုင်တယ်ဆိုရင်
လောကကြီးရယ် ငါ သေပျော်ပါပြီ… ။
ဂျိမ်း…..ဒလိမ်း……..ဂျိန်း……..
အလင်းတန်း တစ်ခု ဖြတ်သန်းသွားတယ်
လှပပြီး သိပ်ကို ဆန်းကြယ်တာပေါ့
အဲဒါလေးကြောင့် ငါ ပျော်ရွှင်ခဲ့ရမယ်
အဲဒါလေးကို ငါပိုင်ဆိုင်တယ်လို့ ဆိုခဲ့ရင်
လောကကြီး ငါ ကျေနပ်တယ်။
ဒါပေမယ့်
ငါ အနီးကပ်မြင်လိုက်ရတဲ့အချိန်
ငါ့ ဆီကို ရောက်လာတဲ့အချိန်
ငါ ဟာ ထာဝရငြိမ်းချမ်းသွားခဲ့တယ် ။