လွမ်းရပါ့ မန်းက အဆွေ….
အခုတလော ရွှေမန်းမြို့က ကျုပ်မိတ်ဆွေကြီးကို အတော်လေး သတိရနေမိတယ်။ အခုတလော သတိရတယ်ဆိုလို့ အရင်တုန်းကတော့ သတိမရဘူးလို့ မဆိုလိုပါ။ အခု သင်းကို ပိုပြီးတော့ ထပ်ကာ ထပ်ကာ သတိရနေမိတာက ပူလွန်းလို့ပါ။
ပူတယ်ဆိုတာ ဘာပူသလဲ မမေးနဲ့။ ဓာတ်ကြီးလေးပါးလုံးကိုက ပူနေတာ။ ရန်ကုန် နေမင်းကြီး ကျွတ်ကျွတ်ညံအောင်ပူလေ၊ သင်းကို သတိရလေ။ ဆိုလိုတာက တို့ရန်ကုန်တောင် အဲလောက် ပူလှတာ ။ သင်းတို့ မန္တလေးဆို အရိုးခြောက်အောင် ပူမှာပေါ့ ဆိုတဲ့ အတွေးတစ်ခုလေး၊ စာနာစိတ်ကလေး တစ်ခုတည်းနဲ့တင် သတိရတာမဟုတ်ဘူးဆိုတာကို ဝန်ခံပါ၏ ရဲဘော်အဆွေ။ အခုတလော
ရန်ကုန်နေ၊ ရန်ကုန်နွေက ပိုပြီး ပူလာတော့ ပေါင်ဖြူ၊ ပေါင်တို၊ ပေါင်ညို၊ ပေါင်မည်း၊ ပေါင်ဝဲထူ၊ ပေါင်ဂျွတ်တက်တွေကိုလည်း ပိုပြီး တွေ့တွေ့လာရတယ်။ ဆိုလေ သင်းကို သတိရလေပါပဲ။ လူတွေကလည်း ခက်တယ်။ ထစ်ကနဲရှိ ကိုရီးယား ဆိုတဲ့ နိုင်ငံကိုပဲ မျက်စောင်း ပြေးပြေးထိုးကြတယ်။ မိန်းကလေးတွေ ပေါင်တိုလာပြန်တော့လည်း ကိုရီးယားကြောင့် ဖြစ်ရပြန်တာ။ ဘာဇာ ကြောင့် ဟုတ်ရမှာလဲ ဗျာရယ်။ ကိုရီးယားက မာတုဂါမလေးတွေ တိုတာကမှ ရာသီဥတုကို ဖီလာကန့်လန့်လုပ်တာဗျ။ တို့ဆီက ဟာလေး၊ ဟာဂျီး၊ ဟာလတ်တွေ တိုလာက
ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော မျှအောင်အတတ်နိုင်ဆုံး လိုက်လျော့ညီထွေ နေထိုင်ဝတ်စားတတ်ကြတာ ကျုပ်ဖြင့် လွှတ်တောင် သဘောကျသေး။ ရှင်းရှင်းပြောရရင် ပေါင်တိုရတာ နေပူလွန်းလို့ပ။ ဒါကြောင့် သင့်ကို သတိရတာပါ။ ဟင်..ပူတာနဲ့ သင်းကို သတိရတာနဲ့ ဘာဆိုင်လို့လဲ ဆိုပြီးတော့ လောပြီး မစောကြောနဲ့ဦး အဆွေချစ်လှစွာသော စာရှုသူငဲ့။
……..
သင်းနဲ့ ကျုပ်ကြားမှာက ခါတစ်ရံ ဆိုသလို စာအုပ်လက်ဆောင် အပြန်အလှန်ပေးကြတာမျိုးတွေရှိတယ်။ ဆိုတော့ ကျုပ်လည်း အခုနေခါ အပူလုံးကြီး ပိနေတာနဲ့ ဘူ ပြီးတော့ အိမ်ရှိရှိသမျှ စာအုပ်တွေ လှိမ့်ဖတ်နေရာက ဖတ်စရာတွေ ကုန်လာတော့ သင်း လက်ဆောင် ပေးထားတဲ့စာအုပ်တွေဖက် တစ်လှည့်ပြန်ရောက်သွားတယ်။ အဲဒီ စာအုပ်တွေက အရင်ကလည်းဖတ်ပြီးသား။ စာအုပ်ဆိုတဲ့ အမျိုးကလည်း မဖတ်ဘဲ နည်းနည်းကြာသွားလို့ ပြန်ဖတ်ပြန်ရင် အသစ်အဆိုင်းမဟုတ်တောင် အတွေးသစ်တစ်ခု၊ အမြင်သစ်တစ်ခု၊ အရသာ သစ်တစ်ခု ရတတ်၊ ခံစားရတတ်လေ့ရှိတဲ့ ထုံးစံအတိုင်းပေါ့ဗျာ။ ဒီတော့ သင်းလက်ဆောင် ပေးထား တဲ့ စာအုပ်တွေကို ကျူပ်လည်း အကြိမ်ကြိမ်အပြန်ပြန် ပြန်လည်ဖတ်ရှုမိပြန်တာပေါ့။ ဒါကြောင့် သင်းကို ပိုသတိရမိတာ။ သင်း လက်ဆောင်ပေးတဲ့ စာအုပ်တွေထဲက အမေလူထု ဒေါ်အမာ ရေးတဲ့ “မန္တလေးသူ မန္တလေးသားများ” ဆိုတဲ့ ဘုတ်အုပ်ကို ကျုပ်အတော်လေး သဘောကျမိတယ်။ အဲဒီ ဘုတ်အုပ်ထဲကမှ “လူသာဓုခေါ် နတ်သာဓုခေါ် ပုဂ္ဂိုလ်ကြီး” ဆိုတဲ့ သူတော်စင်ကြီးတစ်ယောက်အကြောင်း ရေးထားတာကို ကျုပ်အခု အကြိမ်ကြိမ်ပြန်ဖတ်နေမိရဲ့ ရဲဘော်အဆွေငဲ့။
……
အဲဒီ ပုဂ္ဂိုလ်ကြီးအကြောင်း ရေးထားတဲ့ထဲက အကျဉ်းပြန်ပြောရရင် …
၁၉၄၁ ဒုတိယကမ္ဘာစစ်မီးကြီးလောင်တဲ့အခါ ဂျပန်တွေ စီးထားတဲ့ မန်းရွှေမြို့တော်ကို အင်္ဂလိပ်နဲ့ အမေရိကန်တို့က မီးလောင်ဗုံးကြီးတွေနဲ့ ဗုံးမိုးကြီးရွာချ ဖျက်ဆီးပစ်ကြတယ်။ အကြိမ်ကြိမ် ဗုံးကြဲဖျက်ဆီး ခံရတဲ့မြို့ကြီးဟာ အရိုးပြိုင်းပြိုင်း၊ မည်းမည်းပြာပြာ မီးလောင်ပြင်ကြီးဖြစ်သွားတယ်။ အဲဒီ စစ်ဒဏ်ပိ တစပြင် မန်းမြို့ကြီးကို ပြန်လည်ထူထောင်ကြတဲ့အခါ တိုက်တာ အိုးအိမ်တွေနဲ့အတူ အရိပ်အာဝါသ ပေးမယ့် သစ်ပင်တွေကိုပါ စိုက်ပျိုးထူထောင်ကြပါသတဲ့။ သစ်ပင်ကြီးတွေ မရှိတော့လို့ အပူဒဏ်ကို မခံနိုင်ကြတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေဟာ အရွယ်မရောက်ဘဲ အသက်ဆုံးပါးခဲ့ကြရတာ အများအပြားပါလို့ ဆိုတယ်။
……
အဲဒီမှာ စိတ်စေတနာ ကောင်းမြတ်လှတဲ့ သူတော်စင်ကြီးတစ်ယောက်က ဘယ်သူကမှ မခိုင်းရဘဲ ကိုယ့်အသိစိတ်ဓာတ်၊ ကိုယ့်မေတ္တာ စေတနာ လှုံ့ဆော်စိတ်နဲ့အတူ မန္တလေးတစ်မြို့လုံးကို လှည့်ပတ်ပြီး သစ်ပင်တွေ စိုက်ပါသတဲ့။ အဲဒီ သူတော်ကောင်းကြီး နာမည်က ဦးငွေကိုင်။ ဦးငွေဟာ သမီး (၇)ယောက်တို့ရဲ့ ဖခင်ဖြစ်သလို ဆိုက္ကား နင်းစားရရှာတဲ့ သူဆင်းရဲ တစ်ယောက်သာဖြစ်တယ်။ သူတော်ကောင်းကြီး ဦးငွေဟာ သစ်ပင်တွေကို ကိုယ်တိုင်ပျိုး၊ ကိုယ်တိုင်မြေတူးပြီး ပျိုးပင်ကို ချစိုက်၊ မရှင်မချင်း နေ့တိုင်းရေလောင်းပေါင်းသင်ပြီး စိုက်သွားခဲ့တဲ့ ညောင်၊ ကုက္ကို၊ စိန်ပန်း အစရှိတဲ့ အပင်ပေါင်း (၅၀၀)ကျော်ကို စိုက်ပျိုးခဲ့ပါသတဲ့။ သစ်ပင် (၅၀၀) ဆိုတဲ့အား နည်းသလားဗျာ။ မန်းမြို့အနှံ့၊ လမ်းအနှံ့မှာ ဘယ်သူကမှ မခိုင်းရပါဘဲ မနက် (၃)နာရီခွဲ (၄)နာရီလောက်ဆိုရင် အိပ်ရာကထ၊ ကြိုး၊ ရေပုံး၊ တူရွင်း၊ ပေါက်ပြား၊ တောင်းတစ်လုံးနဲ့ အိမ်ကထွက်ပြီး
သူ့သစ်ပင်တွေကို ရေလိုက်လောင်းတယ်။ တစ်ခါ ရှင်သန်ကြီးထွားလာတဲ့ သစ်ပင်တွေကို ခုတ်သင့်တဲ့အကိုင်းကို ခုတ်၊ ပယ်သင့် တဲ့အကိုင်းကိုပယ်ဖို့အတွက် သူ့ ဆိုက္ကားမှာလှေကားတစ်စင်းလည်းပါတယ်။ မလိုတဲ့အကိုင်းတွေကို ခုတ်ရက ရလာတဲ့သစ်သားတွေ သစ်ကိုင်းတွေကိုလည်း လူတွေ အရိပ်အာဝါသခိုလှုံတဲ့အခါ နားနေဖို့အတွက် ထိုင်ခုံတွေ ကွပ်ပျစ်တွေ ဆောက်လုပ်ပြန်တယ်။ အခုလို ဦးငွေ သစ်ပင်စိုက်နေတာကို လူတချိုု့က ငွေကြေးချို့တဲတဲ့လူ၊ ဆိုက္ကားနင်းမှ စားရတဲ့သူမှန်းသိလို့ ပိုက်ဆံလာလှူပြန်ရင်လည်း အလှူရှင်ကို “ကျွန်တော် ဒီပိုက်ဆံကို မစားဘဲ ကျွန်တော့်သစ်ပင်စိုက်ရာမှာ သုံးပါရစေ၊ ခွင့်ပြုပါ” လို့ မေတ္တာရပ်ခံပြီး ပျိုးအိုးဝယ်ရာမှာ ရေပုံးကြီးတွေ ဝယ်ရာမှာ ပြန်သုံးပါသတဲ့။
……..
နွယ်မြက်သစ်ပင် ဆေးဘက်ဝင်၏ လို့ ဆိုကြသမို့လား။ အိုဘယ့် သူတော်ကောင်းကြီး ဦးငွေပါပေ။ ကျူပ်အခု နေစရာမရှိ ထိုင်စရာမရှိ ပူလေ။ ဟိုနှစ်ပေါင်းများစွာက စာထဲကဖတ်ရတဲ့ ပုဂ္ဂိုလ်ကြီးကို ကြည်ညိုလေ။ ဦးငွေရဲ့ နှစ်ပေါင်းများစွာက မေတ္တာတရားကို ပြန်လည်တူးဖော်ခံစားမိလေ။ ဘယ်လောက်ပူပူ ကျုပ်ရင်အတွင်း ငြိမ်းချမ်းမှု ပြန်ဖြစ်ရလေပေါ့လေ။ ထိုသို့အခါ စာအုပ်ကလေး တခုတ်တရ လက်ဆောင်ပေးလေသူ မိတ်ဆွေကြီးကို သတိရမိသည်မှာ မဆန်းဘူးစွ အဆွေရို့ငဲ့လေ။ ….
…….
ကနေ့ အဖြစ်တစ်ခုကြောင့် ကျုပ်မိတ်ဆွေကြီးကို တိုးပြီး သတိရကာ မန်းမြို့ကိုလာရောက်ပြီး ဘီယာတောင်တိုက်ခိုင်းချင်စိတ် ပေါက်သွားတယ်။ လူအချို့ အပြင်မထွက်နိုင်ကြတဲ့အချိန်မှာ အပြင်ထွက်ရတဲ့ ကျုပ်အတွက် ဒီနေ့လည်း နေပူကြီးထဲ လိုင်းကားတိုးစီးပြီးလိုရာခရီးကိုသွားရပါတယ်။ ကျူပ်သွားတဲ့အချိန် အပူဆုံး ၁၂ ထိုးခါနီးဆိုတော့ အလျှံတညီးညီးတောက်လောင်နေတဲ့ ကတ္တရာလမ်းပေါ် ကားမောင်းသွားတဲ့အခါ တာယာနဲ့ လမ်းနဲ့ ထိပြီး ဗျတ် ဗျတ် ဆိုတဲ့ အသံဟာ ကျုပ်ခန္ထာကို လာလောင်သလားတောင်မှတ်ရတယ်။ လမ်းမပေါ်မှာ ကားတာယာအစင်းကြောင်းကြီးတွေ ကျန်ခဲ့နဲ့။ တာယာမပြောနဲ့ လမ်းလျှောက်ရင်တောင် တချို့နေရာမှာ ဖိနပ်က ကပ်နေလို့ မနည်းခွာရတာ။ ကားပေါ်မှာကျတော့ ကျုပ်တို့ အတ္တဘောကြီး၊ ဘောသေး၊ ဘောလတ်တွေကို အသီးသီး ပိုင်ဆိုင်ကြတဲ့ ကျုပ်တို့လူသားတွေဟာ တဏှာမပြောနဲ့ အရာရာကို ရွှံရှာစိတ်ကုန်နေကြတဲ့ အခါသမယပါပေ။ ချွေးစင်းကြောင်းကြီးတွေ အသီးသီးကျလို့။ ချိုင်းနံ့အောက်သိုးသိုးကြီးတွေ နံလို့။ တစ်ယောက်တင်ပါးနဲ့ တစ်ယောက် မထိချင်ဘဲ ထိရ၊ မကပ်ချင်ဘဲ ကပ်ရတဲ့ မလူးသာမလွန့်သာအခြေအနေကိုးဗျ။ မြင်မြင်သမျှ လောင်စာတွေကလည်း မီးထ တောက်မတတ်ဖြစ်နေတဲ့ ကာလမျိုးမှာပေါ့ဗျာရယ်။ ဘုန်းကြီးတစ်ပါး တက်လာတဲ့အတွက် သံဃာ်တော်နေရာမှာ ထိုင်နေမိတဲ့ ကျုပ် အလျှင်အမြန်ထပေးရတာပါ့အဆွေ။ ဘာခက်တာမှတ်လို့။ ဘုရားနဲ့ တစ်ဂိုးဏ်တည်း။ ဘုရားသားတော်မင့်ဥစ္စာကိုလေ။ ကျုပ် ပီတိတောင်ဖြစ်မိသေး။ သို့ပေမဲ့ အနှီဘုန်းကြီးဟာ နေရာမှာလည်းထိုင်ရော…စီးကရက်တစ်လိပ်ထုတ်ပြီး ကျကျ နန သောက်ပါလေရောဗျာ။ ကျုပ်တို့ စီးလာတဲ့ ကားက စီအင်ဂျီ ကားကြီးနော့။ ဟိုတစ်ခါကလည်း ၄၅ ဘတ်စ်ကား တစ်စီး လှည်းတန်းမီးပွိုင့်နားမှာ မီးလောင်လို့။ မှော်ဘီတိုက်ကြီး ဟိုင်းလပ် ဂက်စ် ကားလေး တစ်စီးလည်း ဟိုတစ်ခါ မီးလောင်ပေါက်ကွဲတာ ကိုကြားဖူးတဲ့ ကျုပ် အခုလို နေအပူဆုံးအချိန်မှာ ရင်ထိတ်သွားတာပါ့ အဆွေ။ ခနော်နီ ခနော်နဲ့ ဂက်စ်ကားဆိုတော့ ဘယ်အချိန် ထပေါက်မီးလောင်မလဲ ပူရ၊ ဆေးလိပ်ငွေ့ကြောင်း အသက်ရှူကျပ်ပြီး ကလေး တစ်ယောက်က အော်ငို။ ဘေးနားက အဘွားကြီး တစ်ယောက်က ချောင်းတဟွတ်ဟွတ်ဆိုး။ အိုဘယ့် ဘုန်းကြီးနှယ် ပတ်ဝန်းကျင်ကို ရှိတယ်လို့တောင်မမှတ်ပါ ဗျာတို့ရယ်။ ဘုန်းကြီး ဥပတိရုပ်ကလည်း ထန်ထန် မိန့်မိန့် ဆိုတော့ ဘယ်သူကမှလည်း မပြောရဲကြဘူး။ ဒီတော့ကျုပ်လည်း မနေနိုင်လို့ ဝင်ပြောရတော့တယ်။
……….
“အရှင်ဘုရား အများသူငါ စီးနင်းတဲ့ လိုင်းကားပေါ်မှာ ဆေးလိပ်မသောက်ရပါဘူး ဘုရား၊ ပြီးတော့ ဓာတ်ငွေ့ကား ဘုရား၊ အပူချိန်ကလည်း ပြင်းလို့ပါ”
……..
ဂလိုပြောတော့ ဘုန်းကြီးက ကျုပ်ကို ငါးစင်ရိုင်းပြုံးလေးပြုံးရင်း
“ငါ့ဘာသာ သောက်တာ ဘာဖြစ်လဲကွ.”
ဆိုပြီး ပြန်ဟောက်ပါတယ်။
“ဒါဆို ..ကျုပ်ကလည်း ရိုက်တယ်ဗျာ…”
…….
………
……..
ဆိုပြီး
ဟဲဟဲ …
ရိုက်လာလိုက်တာ ဖုန်းကလည်း အစုတ်
အပေါစားဟမ်းဆက် ဖြစ်တာရယ်
ဘုန်းကြီး ထထိုးမှာလည်း လန့်တာရယ်
ကားကလည်းမောင်းနေတာရယ်
လူတွေ အကုန်လုံးကလည်း ဝိုင်းကြည့်နေတာရယ်နဲ့ဆိုတော့
လက်တုန်ခြေတုန်ဖြစ်ပြီး..
ရိုက်လာခဲ့တဲ့ ဓာတ်ပုံ (၂) ပုံလုံး
ရဲရဲကြီးနဲ့ ဝါးဝါးကြီးသာ ဖြစ်နေလို့
ပုံကို မတင်ပေးတော့ပါဘူးနော့…
…….။
ခိခိ….။
…….
မန်းမိတ်ဆွေအားသတိရခြင်းအမှတ်တရ….
သောကြာညို…
ရန်ကုန်…
21-4-2013
15 comments
မောင် ပေ
April 21, 2013 at 9:29 pm
ကြည်ညိုဖွယ်ရာ အကျင့်စာဂများကို လူသူရှေ ့မှာ ဥပဓိပြသော ကိုယ်တော်နဲ ့ တိုးခဲ့သော ညိုကြီးပါကလား
marblecommet
April 22, 2013 at 11:59 am
ကံမကောင်းခြင်းတွေက
အဖော်အပေါင်းနဲ့လာတတ်တယ်လို့
အနောက်ဘက်က လူတွေ ပြောကြသလိုပေါ့ ရဲဘော်ရာ…
….
ဘူ ကောင်ဆီ ဘူ ဇယားတွေ
လာကပ်တဲ့သဘောပေါ့….
…….
ဦးကြောင်ကြီး
April 22, 2013 at 5:05 am
သောကြာညို
ဟောက်စာဆို
လျောက်ပါဗျို
အောက်ရွာကို
ဒေါက်တာခို
မောက်နှာဗိုလ်
တောက်ဖြာချို
ဂေါက်လာအို..။
marblecommet
April 22, 2013 at 12:08 pm
ကြောင်ရေငုပ်…
ပေါင်လယ်မြုပ်
တောင်လေမှုတ်
အောင်သေတုတ်
KZ
April 22, 2013 at 8:07 am
ဘုန်းကြီး ကိစ္စကိုတော့ အန်တီလေး မပြောတော့ဘူးကွယ်။
သစ်ပင်စိုက်တာလေးပဲပြောသွားမယ်။
အညာမြေရဲ့ အပူကို ကာကွယ်နိုင်တာလည်း မန်ကျည်းရိပ်၊ ထနောင်းရိပ်၊ ကုက္ကိုရိပ်တွေပဲ ရှိတာ။
တရုတ်က အမွှေးတိုင်တုတ် လုပ်ချင်လို့ မန်ကျည်းသားတွေဝယ်တော့ ခုတ်ရောင်းလိုက်ကြတာ မုံရွာ၊ပုလဲ၊ဂန့်ဂေါဖက် မန်ကျည်းပင်တွေ ကုန်ပါရောလား။ နှစ်ချို့ပင် အကြီးကြီးတွေ။ 🙁
ရန်ကုန်မှာလည်း နာဂစ်မှာ သစ်ပင်တွေ ကုန်ပြီးကတည်းက ပိုပူလာထင်တာပဲ။
စိုက်မဲ့သူမရှိ၊ ခုတ်မဲ့သူသာ ရှိ၏ ဆိုသလိုဖြစ်နေပြီ။
:eee:
လူတစ်ယောက် အနေနဲ့ စဉ်းစားကြည့်ရင် ကိုယ့် တစ်သက်မှာ သစ်တစ်ပင်စိုက်ဖို့ မလွယ်ဘူးဗျ။
“သစ်ပင်စိုက်တာများကွာ လွယ်လွယ်လေးပါ။ မြေလေးတူး၊ အပင်လေးချ၊ ရေလေးလောင်း၊ ဒါပါပဲ” လို့ အပြောလောက်ကို လုံးဝမလွယ်တာအမှန်။
ဒီလို မြို့ပတ် သစ်ပင်စိုက်ဖို့ဆိုတာ သာမလွယ်သေး။ သစ်ပင်တစ်ပင်ရှင်အောင် စိုက်ဖို့ ပျိုးဖို့ ဆိုတာ တော်ရုံ ဇွဲ၊ စေတနာနဲ့မရဘူး ဆိုတာ စိုက်ဖူးမှသိတာကလား။
ကျုပ်ဖြင့် ချစ်သူတွေပေးဖို့ ဘွန်ဇိုင်း အပင်လေး ရှင်အောင်မွေးဖို့တောင် အဖြစ်မရှိဘူး။
လက်ဆိတ်မရှိပုံများလည်း စိုက်သမျှအပင် သေတာပဲ။ စိတ်လည်း မရှည်ဘူးလေ၊။
အဲ့ဒီအခါမှ သိသွားတယ်။
ဘာလို့ ပန်းပင် လို့ခေါ်တာတုန်းဆို စိုက်ရ ပျိုးရတာ ပင်ပန်း သကိုး။
တစ်သက်လုံး ပျော်ချင် သစ်ပင်စိုက်ဆိုတဲ့ စကားအရဆို……
ကိုယ်တိုင် တစ်သက်လုံးပျော်ဖို့ ကံ မပါဘူးထင်ပါရဲ့။
marblecommet
April 22, 2013 at 12:16 pm
ငယ်တုန်းကတော့ နယ်မှာ
ကားလမ်းဘေးက ကိုယ့်ခြံစွယ်မှာ
ညီအစ်ကိုနှစ်ယောက်
ကိုယ့်သဘောနဲ့ကိုယ် စိုက်ခဲ့ကြတဲ့
ပင်လယ်ကဗွီးပင်တွေ
အခု ဟီးထနေတယ်ကြားရတယ်
အကိုင်းတွေတောင် ချိုင်ပေးနေရတယ်
လမ်းသွားလမ်းလာလည်း အရိပ်ရတယ်လို့
အိမ်က အကြောင်းကြားတာ
ဝမ်းသာမိပါရဲ့.
……..
ဟဲဟဲ….
ဒီမှာတော့ ပန်းပင်လေး တွေ စိုက်ကြည့်ပါတယ်
အန်တီလေး ပြောသလို ပင်ပန်းလို့မဟုတ်ပေမဲ့
တစ်ပတ် နှစ်ရက်လောက်ပဲ အိမ်မှာနေရလေတော့
တစ်ပတ်မှာ ငါးရက်လောက်စီ ရေငတ်တဲ့
ပန်းပင်လေးတွေခမြာလည်း
ဘဝတစ်ပါးကို မြန်မြန်ပြောင်းသွားတာချည်းပဲ
ဒါမဲ့ အန်တီလေးထက် သာသွားတာတစ်ချက်က
အဲဒီ ပန်းပင်လေးတွေ ထားတဲ့ ပန်းအိုးလေးထဲမှာ
အစားထိုး မီးဖိုချောင်ပင်တစ်ပင် တောထနေပီ အန်တီလေးရေ့
အဲဒါက သား ဟင်းချက်ဖို့ ဝယ်ထားတဲ့ ကြက်သွန်နီတွေ
အပင်ပေါက်လာလို့ ပန်းအိုးထဲ
ပစ်ထည့်ထားတာ အခု ဒူးခေါင်းလောက်ရှည်နေပါပကော
ကျန်း …..တီလေးထက် လက်ဆိပ် ကောင်းတယ်ဟုတ်…..
…….
KZ
April 22, 2013 at 12:25 pm
အဲ။ ဟုတ်တယ်။ ခု အိုင်ဒီယာ ရပြီ။
ပန်းအိုးလေးတွေ ပိုနေတာ။ အဲလိုလေးလုပ်ထားဦးမှပဲ…
:harr: :harr: :harr:
kyeemite
April 22, 2013 at 9:43 am
ကိုကမ်း ရဲ့စာတွေမဖတ်ရတာတောင် တော်တော်ကြာပေါ့..
ရေးမဲ့ရေးတော့လည်း အတော်အရသာရှိ။
သစ်ပင်တွေ စိုက်ပျိုးသွားတဲ့ သူတော်ကောင်းကြီး ဦးငွေအကြောင်း
ပြန်ဖေါ်ချီးကျူးတာ ကောင်းပါလေ့ဗျာ…
marblecommet
April 22, 2013 at 12:17 pm
ကိုကြီးမိုက်
လွမ်းရတဲ့သူတွေ ထဲမှာ
အစ်ကိုတို့လည်း ပါသနော်…ဗျ……
Mr. MarGa
April 22, 2013 at 12:34 pm
အသေအချာ ဖတ်ခဲ့ဖူးပါရဲ့
အဲဒီ ပုဂ္ဂိုလ်ကြီးအကြောင်း
အခုထိလဲ ကျေးဇူးတင်မိဆဲ
(ဘာလို့လဲဆိုတော့ သူစိုက်တဲ့အပင်တွေက အခုထိ ကျန်ကောင်းကျန်ရာတွေ ရှိသေးသကိုးဗျ) :hee:
kai
April 22, 2013 at 3:37 pm
မန္တလေးကကိုရင်မောင်ပေ လူကြုံနဲ့ပို့လိုက်တဲ့.. အဲဒီစာအုပ်..(အမေလူထု ဒေါ်အမာ ရေးတဲ့ “မန္တလေးသူ မန္တလေးသားများ” ) လက်ခံရရှိထားပါကြောင်း..
အကြောင်းပြန်နောက်ကျတာခွင့်လွတ်ပါ..
ကျေးကျေးအထူးတင်ပါတယ်လို့..
ကျုပ်ကမန္တလေးသားတော့မဟုတ်..
ဒါပေမယ့်.. အဖေက..မုံရွာသား…။ :528:
marblecommet
April 22, 2013 at 7:59 pm
သကြီးတို့ အမျိုးစပ်ချက်
အဖျားခတ်တာတောင်
လှမ်း…တွတ်လိုက်သေးတယ်..
ဟီဟိ…
ရဲစည်
April 22, 2013 at 4:30 pm
သောကြာညိုကြီးရေ … ခင်ဗျားကလဲ လွမ်း
ကျနော်ကလဲ လွမ်းသဗျို့ …
ဘီအီး ၈ပိုင်း တန်ခိုးသိုင်းချက်က .. အိမ်ပြန်ရောက်တော့ ဖုန်းမပါလာတော့ဘူး ..
အီးဟီး .. လွမ်းတယ် … ဘာမှ မဆိုင်ဘူး
ဒါပေမဲ့ လွမ်းတယ်ဗျာ … အကုန်ကုန်ပီ
————————————————————————————-။
မန်းလေးကို ကျုပ်လဲ အကြွေးရှိလို့ လွမ်းပါတယ်ဗျာ
တူနှစ်ကိုယ် မျက်နှာချင်းဆိုင် ထိုင်ပီး သူတပြန် ကိုတပြန် လွေးခဲ့တာတွေ လွမ်းသပေါ့
တမျိုးမထင်နဲ့ ဘိုပေနဲ့ ထမင်းသွားစားတာ ပြောတာ …. အဟတ်
:harr:
marblecommet
April 22, 2013 at 7:56 pm
နောက်နေ့မနက်
ခင်ဗျားရဲ့ နောင်တော်ကြီး သတင်းပို့လို့
အဲဒီသတင်း စိတ်မချမ်းသာဖွယ်ရာ ကြားရပါသော်ကောဗျာ
ကျုပ် မျှော်လင့်သေးတာက
အဲ ကားသမား သဘောကောင်းရင်တော့ ခင်ဗျားအခန်း ကြိုးဆွဲပီး
လာပေးမလားပေါ့
ကျုပ်ကလည်း အိမ်အထိ ကားကို မမောင်းခိုင်းဘဲ
လမ်းထိပ်ဆင်းနေခဲ့တာဆိုတော့
လာချင်းလာ ခင်ဗျားဆီကို လာမယ်ပေါ့လေ
ဒါပေသိ အခုတော့ မထင်ရေးချ မထင်တော့ပါဘူး
ကိုကို အဗဒူလာကြီးရာ…
မဟာရာဇာ အံစာတုံး
April 23, 2013 at 2:52 pm
စာရေးဆရာ ပီသဘာဘေဘယ် …
ဘယ့်နှယ်ဗျာ …
ဘုန်းကြီး ကို ရိုက်တယ် .. ဆိုဒေါ့ ..
စာဖတ်သူ ကျုပ် ခညာမှာ ..
ညက်လုံးတွေ ဘာဒွေဘာ ပျူးတွားဒါ …
ဒဂယ် .. ဒဂယ် ..
တော်ဒေးဒယ် … သူရိုက်တာ ကင်မလာနဲ့မို့ …