နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၇)
နေသာသောနေ့တစ်နေ့ ဖြစ်လိုက်ချင်သည် အပိုင်း (၆)
အခန်း (၉)
အိမ်ပြန်ရောက်တော့ ဘာမှရေရေရာရာလုပ်စရာမရှိတာမို့ အိပ်ခန်းထဲဝင်ကာကိုကို့အကြောင်းတွေစဉ်းစားနေမိသည်။
တကယ်တော့ ကိုကိုဟာထူးခြားဆိုတဲ့ နာမည်နဲ့မှမလိုက်မဖက် ဘာမှမထူးခြားပါဘဲ ကျွန်မစိတ်ဝင်စားနေခဲ့မိတာ။
အဲဒီမှာမှ စပြီးထူးခြားသွားတော့တာပဲ။ တွေးရင်းနဲ့ ကျွန်မပြုံးလိုက်မိသေးသည်။ ဘာကိုမှန်းမသိအသည်းယားသလိုဖြစ်လာတာမို့ နံဘေးမှာရှိတဲ့ ဗိုလ်ပေးတဲ့
popeyeအရုပ်လေးကိုတစ်ချက်ညှစ်လိုက်မိသည်။ အရုပ်ကတကယ့်ကိုသေးသေးလေးရယ်ပါ။ မနက်ကပြန်ကာခါနီးမှ
ဗိုလ်ကကားထဲကအဲဒီအရုပ်လေးကိုထုတ်လာခဲ့ပြီး ကျွန်မကိုလက်ဆောင်ပေးခဲ့တာ။ သူပြောတဲ့စကားလေးကတကယ့်ကိုချစ်စရာလေးပါ
“ဗိုလ်ကဟန်နီ့ကိုကိုထက်စာရင် ဟန်နီ့ရင်ထဲမှာနေရာပိစိလေးပဲရထားတာဆိုတော့ ဒီအရုပ်ပိစိလေးကဗိုလ့်ကိုကိုယ်စားပြုမှာပါ”
တတ်လည်းတတ်တဲ့ ဗိုလ်။ ဒါနဲ့များတောင် သူကကျွန်မကိုလည်လိုက်တာတဲ့။ သူကမှ ငလည်ကြီးဆိုတာသူသိရဲ့လားမသိ။ ဟုတ်တယ်။ ကိုကိုနဲ့ယှဉ်ရင်တော့ နင်ကငလည်လေးပါ ဗိုလ်ရယ်။ အခြေအနေနဲ့အချိန်အခါကိုလိုက်ပြီးလှုပ်ရှားတတ်တယ်။ ပြောတတ်ဆိုတတ်တယ်။ အဲဒီအပြင် ငါ့ရင်ထဲပါ ဝင်ပြီးနင်ကသိတတ်နေလိုက်တာ။ ငါချစ်တဲ့ကိုကိုနဲ့တော့ကွာပါ့။ ကိုကိုဆိုဘယ်တော့မှမိန်းကလေးတွေရဲ့အကြိုက်ကိုမပြောတတ်။ သူနေတတ်သလိုသာနေပြီးစိတ်ထဲရှိတာကို ရိုး၂သား၂နဲ့ပြောတတ်တဲ့အကျင့်လေ။ တကယ်ဆိုကိုကိုသာသိတတ်နားလည်မယ်ဆိုဟန်နီဘယ်လောက်ထိပင်ပန်းနေပြီဆိုတာသိသင့်ပါတယ်။
ဘယ်လိုတန်ခိုးတွေနဲ့ ဟန်နီ့ကိုဖမ်းစားထားလဲဟင်။
“ဆည်းလည်းသံတွေလို .. အိုမင်းစကားပြောရင် …”
ဟယ်….ကိုကို့ဆီကဖုန်းပါလား။
“ ဟလိုကိုကို ’’
“ ညီမလေးတစ်မနက်လုံးလည်းဖုန်းမဆက်ပဲဘာတွေလုပ်နေတာလဲ”
“ အံမယ် သူကပဲပြောရသေးတယ် ကိုကိုကကောညီမလေးကိုဖုန်းဆက်လို့ရတာပဲကိုဘာလို့မဆက်တာလဲဘာလဲဟိုဖြိုးဆိုတဲ့တစ်ယောက်ကိုလွမ်းနေရလို့လား”
“ဟာာာ .. ကောင်မလေးဘယ်ကဘယ်လိုဖြိုးကပါလာရပြန်တာတုန်းမဆိုင်ပါဘူးကွာ”
မဆိုင်ပါဘူးကွာ .. လို့ပြောတဲ့ ကိုကို့လေသံကဆွေးရိပ်သန်းနေတာကို ကျွန်မသတိထားလိုက်မိတယ်။ ဘယ်လိုလဲကိုကိုရယ် ကျွန်မရင်မောရပါလား .. တကယ်ပဲဒီတစ်ခါတော့ ကျန်ရစ်ဖြစ်ရတော့မှာလား…
“ထားပါတော့လေ .. မငြင်းတော့ပါဘူးကိုကိုစိတ်ပင်ပန်းနေမှာစိုးလို့”
“ငါ့ညီမလေးသိပ်ကိုလိမ်မာနေပါလားမုန့်စားချင်ပြီနဲ့တူတယ်”
“မတောင်းဆိုတော့ပါဘူးနော် ကိုကိုကညီမလေးကိုအပြင်မှလိုက်မပို့ပေးချင်ဘဲ”
“မဟုတ်ရပါဘူးကွာ .. ကဲဘယ်လိုသွားချင်လဲဒီညနေလိုက်ပို့ပေးမယ် ”
“ဟယ် ကိုကိုတကယ်ပြောတာလား”
“ရော် ခက်တာပဲကိုကိုဘယ်တုန်းကလိမ်ဖူးလို့လဲဟ .. မုန့်စားမှာလားဒါမှမဟုတ် ဈေးသွားမှာလားတစ်ခုရွေး”
“တစ်ခုတည်းလားဟင် နှစ်ခုရွေးလို့ရဘူးလားဟီးဟီး”
“မရဘူးကောင်မလေးကိုယ်အလုပ်တွေရှိသေးတယ် ကိုယ်တို့အခုကမ်းလှမ်းဖို့လုပ်နေတဲ့ project တစ်ခုအတွက် နောက်ဆုံးအဆင့်ရောက်နေပြီအဲဒါကြောင့် ကိုကိုရန်ကုန်လာနေရတာအခုအချိန်ကအရေးကြီးနေတယ် အဲဒါသာအောင်မြင်သွားမယ်ဆိုရင်တော့ နောက်ဆိုကိုကိုရန်ကုန်ခဏခဏလာရတော့မှာပါ”
“အဲဒါကိုစောစောကမပြောဘူးညီမလေးလည်းကူညီမှာပေါ့ ဘာကူညီရမလဲသာပြောအဲ .. ဘာprojectလုပ်နေတာလဲဟင်”
“ဒါ ကလေးတွေသိစရာလားကွ ကလေးကကလေးလိုမနေဘူး”
“ကိုကိုနော် သိချင်လို့ဟာကိုပြောပြ”
“constructionပိုင်းနဲ့ပက်သက်တဲ့ကိစ္စတွေပါ ကလေးရယ် ကွယ် .. ဒါတွေပဲမေးမနေနဲ့ .. ဘယ်သွားမှာလဲဘာလုပ်မှာလဲကိုသာပြောကိုကိုလုပ်စရာရှိတဲ့အလုပ်တွေလတ်စသတ်ရအုံးမှာ”
“အင်းဒါဆို junction square သွားမယ် ဟိုမှကြေးအိုးသောက်မယ် ပြီးတော့ ရေခဲမုန့်စားမယ် ပြီးတော့ ညီမလေးလိုချင်တာကိုကိုကိုဝယ်ပေးရမယ် ”
“အမိန့်တော်မြတ်အတိုင်းပါ ဒါဆို ၆ ခွဲလောက်လာကြိုမယ်နော် ready လုပ်ထား”
“yes sir”
ကိုကိုနဲ့ဖုန်းေြ့ပာပြီးတာနဲ့ ပြေးပြီးဘီဒိုကိုဖွင့်ရတော့တာပဲ။ ကိုကိုနဲ့သွားရင် လှတပတလေးဖြစ်နေဖို့ကအရေးကြီးတယ်လေ။ အဲဒါမှ ဒုက္ခ။ ဘယ်တုန်းကမှ လှလှပပဝတ်စရာတွေမဝယ်ထားမိတာနဲ့တော့ ပြဿနာပါပဲ။ လှန်လှောရှာဖွေရင်းရှာတွေ့တဲ့ ချည်သားပန်းနုရောင် ဂါဝန်ကားကားလေးကိုတွေ့တော့ သဘောတွေ့သွားရသည်။ facebookထဲမှာတွေ့တွေ့နေတဲ့ ကောင်မလေးတွေလို “ခရု” ဖြစ်အောင်ပြင်သွားရမယ်လေ။
ဒါမှ ကိုကိုက “so cute” ဆိုပြီးသဘောတွေကျနေမှာဟိဟိ။ ဘယ်နှစ်နာရီထိုးပြီလဲလို့ နာရီကိုလှမ်းကြည့်တော့ အခုမှ ၂နာရီခွဲ။ ကိုကိုလာကြိုဖို့ ၄ နာရီတောင်လိုသေးတာပဲ။ အဲဒါနဲ့ပဲမျက်နှာကို peel off mask တွေကပ်၊ ဆံပင်ကိုအိမ်မှာရှိတဲ့ အဒေါ်ရဲ့USHEIDO ပေါင်းဆေးတွေယူပြီးပေါင်း၊ တစ်ကိုယ်ရေလှဖို့အရေး … ပိုးစိုးပက်စက်အချိန်ယူပြီး ပြင်ဆင်ပစ်လိုက်သည်။ ဪ ငါ့နှယ် ဒီယောကျာ်းနဲ့တွေ့မှပဲအရူးလိုအပေါလိုတစ်ယောက်တည်းပျာယာတွေခတ်နေရတော့တယ်။
ဝဋ်ကြွေး။
အလှတွေအကုန်ပြင်ပြီးထိုင်စောင့်နေတာ ၅နာရီခွဲတည်းက။ ကိုကိုက ၆နာရီစွန်းစွန်းလေးမှာရောက်လာလို့သာတော်တော့တယ်။ မဟုတ်ရင် ပြင်ထားတဲ့အလှတွေတောင် ပျက်သွားနိုင်တယ်မဟုတ်လား။ ကိုကိုကထုံးစံအတိုင်းရိုးရှင်းလှပါသည်။ ရှပ်အကျီအပြာနုနုတစ်ထည်ကိုစတိုင်လ်ပန်အမည်းနှင့် တွဲဖက်ဝတ်ဆင်ထားပုံမှာဘာမှသိပ်မထူးခြားလှပါ။ ဒါပေမယ့် ကျွန်မအတွက်တော့ မင်းသားတစ်ပါးပါပဲ။ Junction Square ရဲ့ညနေခင်းဟာ လိပ်ပြာများလိုကူးခတ်သွားလာနေတဲ့အရွယ်စုံလူတွေကြားမားမားရပ်နေတဲ့သစ်ပင်အလားခန့်ညားနေပါတယ်။ ကိုကို့နားကိုကပ်ခါ ကပ်ခါ တွတ်တီးတွတ်တာနဲ့သွားနေရတဲ့အချိန်လေးတွေ ဘယ်တော့မှကုန်မသွားပါစေနဲ့လို့ ဆုတောင်းနေမိတယ်။ ကိုကို့ပုံစံကလည်း ကျွန်မလိုချင်တာအားလုံးဖြည့်ဆည်းပေးမယ့် အကိုကြီးတစ်ယောက်လိုအလိုလိုက်အကြိုက်ဆောင်နေသလိုပါ။
“ကြေးအိုးသောက်မယ် ရေခဲမုန့်စားမယ်ဆိုကောင်မလေးဟိုလျှောက်ဒီလျှောက်ပဲလုပ်နေတော့မှာလား ကိုကိုခြေထောက်ညောင်းနေပြီကွ”
“ဟယ် ကိုကိုဗိုက်ဆာနေပြီလားဆော်ရီးဆော်ရီးညီမလေးကအဲလိုသွားနေရရင်ကိုပျော်နေတာ ..
လာကြေးအိုးအရင်သွားသောက်မယ် YKKO မှာ”
“ ok”
YKKO မှာကြေးအိုးသောက်တော့ ခါတိုင်းကြေးအိုးတစ်ပွဲဖျတ်ခနဲစားပစ်လိုက်တဲ့ကျွန်မခုကိုကို့မျက်နှာကိုမော့မော့ကြည့်နေရတာနဲ့ စားလို့ကိုမကုန်နိုင်။ ကျွန်မငရုတ်သီးတွေထည့်စားတာများလို့ စပ်နေရင် ကိုကိုကအလိုက်တသိရေခွက်ကိုဖျတ်ခနဲလှမ်းပေးသေးတယ်။ ဒီအကြင်နာတွေ တစ်သက်လုံးပိုင်ဆိုင်ပါရစေလားနော်။
“ ညီမလေးမကုန်ဘူးဆိုလည်းထားလိုက်တော့လေ .. ညီမလေးကိုကြည့်ရတာအရမ်းစပ်လာပြီထင်တယ် လာရေခဲမုန့်သွားစားကြမယ်”
“ ဟုတ် Scoop ကဟိုဘက်ကိုပြန်သွားရမှာ”
အဲလိုနဲ့ကိုကိုနဲ့ကျွန်မ Scoop မှာထိုင်ပြီးရေခဲမုန့်စားကြပြန်သည်။ ခါတိုင်းဒိန်ချဉ်အရသာလေးကို ကျွန်မစားတတ်ပေမယ့် ဒီတစ်ခါတော့ ဒိန်ချဉ်မစားတော့။ ချိုသာနေတဲ့ဒီအချိန်လေးမှာအချဉ်တွေရောက်လာမှာစိုးတယ်ကွယ်။ ကျွန်မကချောကလက်ရေခဲမုန့်ပဲစားပြီးကိုကိုကပိန်းဥအရသာကိုစားသည်။ ပိန်းဥရေခဲမုန့်ကိုကိုကိုကအရမ်းကြိုက်တယ်တဲ့။ အစားအစာအကြောင်းလေးတွေပြောရင်းကိုကိုနဲ့ကျွန်မ ကြည်နူးနေတဲ့အချိန်မှာပဲကောင်းခန်းရောက်မှဖြတ်ဆိုသလိုအရှေ့မှာ မြင်လိုက်ရတဲ့သူတစ်ယောက်ကြောင့် ကိုကို့မျက်နှာပျက်သွားတာကို ကျွန်မအတိအကျတွေ့လိုက်ရတော့တယ်။
—————————————–
အခန်း (၁၀)
ထိုသူမှာ တခြားသူတော့မဟုတ်။ ဖြိုးဆိုသော ကိုကိုရဲ့တစ်ယောက်သောသူဖြစ်နေခဲ့ပါတယ်။
ဒီနေ့လည်း သူမဝတ်စားလာပုံမှာ မြန်မာဆန်လှပါသည်။ ကျွန်မနဲ့သူမရဲ့ အဓိကကွာခြားချက်က အဲဒီမှာတင်စတာပဲလို့တွေးမိတော့နည်းနည်းဖြုံချင်သွားရသည်။
သူမကလမ်းလျှောက်လာရင်း ကိုကို့ကိုတွေ့သွားတော့ မျက်နှာပေါ်မှာအပြုံးတစ်ခုဖန်ဆင်းပြီး ကျွန်မတို့ထိုင်နေရာနေရာကိုလှမ်းလျှောက်လာတော့တယ်။
လှလိုက်တဲ့အပြုံးလေးပါလားလို့ ကျွန်မသိစိတ်ကရော သိစိတ်ကပါ လက်ခံလိုက်မိတယ်။
ထိုမျှရိုးရှင်းသောအပြုံးမျိုး ကျွန်မပြုံးခဲ့ဖူးပါရဲ့လား။
“ တွေ့ကြပြန်ပြီနော်”
ထိုစကားလေး ဖြိုးဆိုတဲ့ကောင်မလေးဆီကထွက်လာတဲ့အခိုက် ကိုကို့မျက်နှာပေါ်ဖြစ်သွားတဲ့လျှပ်တပြက်အပြောင်းအလဲကို ကျွန်မအမိအရဖမ်းဆုပ်လိုက်နိုင်ခဲ့တယ်။
ထိတ်လန့်သွားခြင်းလား။ ယူကြုံးမရဖြစ်ခြင်းလား ကျွန်မအသေအချာမခွဲခြားတတ်ပါ။
ကိုကိုကထိုအချိန်ခဏမှာ အာစေးမိနေသူလို ဘာမှပြန်မဖြေနိုင်။
ဒီအခြေအနေကိုထိန်းဖို့အတွက် ကျွန်မကပဲ ကြားထဲကဝင်ပြောလိုက်ရတယ်။
“ဟုတ်တယ်မရဲ့ ကိုကို့ကို အတင်းပူဆာပြီး မုန့်လိုက်ကျွေးခိုင်းတာလေ” လို့ပြန်ပြောလိုက်ရတယ်။
ဖြိုးဆိုတဲ့ကောင်မလေးက ထပ်ပြုံးပါတယ်။ ဒီအပြုံးနဲ့ပဲ ကိုကိုသူမကိုရူးသွပ်ခဲ့လား မပြောတတ်ပါ။
အားကျခြင်း၊ မနာလိုခြင်းတွေနဲ့ ကျွန်မရင်ထဲခံစားမှုတွေရှုပ်ထွေးကုန်တယ်။
“ဒါနဲ့ပဲကိုကိုနဲ့ညီမလေး shopping ထွက်လာကြတယ်ပေါ့ ကောင်းလိုက်တာနော် အဲဒီလိုအကိုမျိုးဖြိုးလည်းရချင်လိုက်တာ”
ဟု သူမပြောလာတော့ကိုကို့မျက်နှာထပ်ပျက်သွားပြန်တယ်။ ကျွန်မပြောတဲ့စကားမှားသွားပြန်ပြီထင်တယ်။
“မဟုတ်ပါဘူးကွာ ဟိုမှာနေတည်းကရန်ကုန်ပြန်လာရင်မုန့်ကျွေးမယ်ပြောထားလို့လေ .. အဲဒါနဲ့လာကျွေးရတာ ထူးတို့အခုပဲပြန်တော့မလို့ ဖြိုးရောဘာလာလုပ်တာလဲ”
ဘုရားရေ … အခုပဲပြန်တော့မလို့ဆိုပါလား .. ဖြိုးဆိုတဲ့တစ်ယောက်နဲ့တွေ့တာနဲ့တင် သူကပြန်တော့မယ်တဲ့။
ဘယ်လိုလဲ ကိုကိုရယ် .ကျာင်းတော်ကဇာတ်လမ်းဟောင်းကိုတောင် ဟန်နီကအရှုံးပေးရတော့မှာတဲ့လား။
မဖြစ်ဘူးနော် ကိုကို။ ဟန်နီဘဝမှာ ဘယ်တုန်းကမှရုှံးတယ်ဆိုတာမရှိဘူး။
“ဖြိုးကသူငယ်ချင်းတစ်ယောက်နဲ့ချိန်းထားလို့လာတာ…ကျောင်းတုန်းကသူငယ်ချင်းလေ မေချို့ကိုသိတယ်မဟုတ်လာ။
မေချိုလည်း ဒူဘိုင်းကဟိုတယ်တစ်ခုမှာအလုပ်ဝင်နေတာ
အဲဒါသူရန်ကုန်ရောက်တုန်းတွေ့ရအောင်ဆိုပြီးတော့ ချိန်းလို့ဒီကိုလာခဲ့တာ”
“အော် သိတယ် .. အဲဒီတစ်ယောက်ကကျောင်းတုန်းတည်းက hotelier ရူးရူးနေတာမှတ်လား”
“ဟုတ်ပါ့ ဟုတ်ပါ့ ဟိုတယ်ချစ်သူကားတည်းက အွန်စောကိုရူးပြီးတော့လေ .. ဟော ဟိုမှာအသက်ရှည်အုံးမယ် မမလာပါပြီ”
ဖြိုးဆိုတစ်ယောက်မေးငေ့ါပြရာကို ကျွန်မအသာလေးပဲလိုက်ကြည့်မိသည်။ သူတို့ပြောနေတဲ့စကားဝိုင်းထဲကျွန်မဝင်မပါမိချေ။
“ဟဲ့ ဖြိုး .. ပြောတော့တစ်ယောက်တည်းပါဆို ခုတော့ထူးခြားနဲ့နှစ်ယောက်တွဲလို့ပါလား နှစ်ယောက်သားပြန်အဆင်ပြေနေပြီပေါ့လေ ဝမ်းသာပါတယ်
နင်တို့ကကျောင်းမှာတည်းက perfect couple တွေဆိုပြီးနာမည်ကြီးခဲ့တဲ့ဟာ မိန်းမ လျှိထားတာလုံးဝမကျေနပ်ဘူးနော်”
အနားရောက်လာတဲ့ကိုကိုတို့သူငယ်ချင်းပြောတဲ့စကားတွေနားထောင်ရင်း ကျွန်မမျက်လုံးပြုးသွားမိသည်။
သေချာပါပြီ။ သူတို့ကကျောင်းတုန်းကအရမ်းချစ်တဲ့ချစ်သူတွေဖြစ်ခဲ့ပုံရသည်။ ဘယ်လိုတွေကြောင့်ကွဲသွားလဲတော့မပြောတတ်ချေ။
ဖြိုးက သူ့သူငယ်ချင်းလက်ကိုအသာဆိတ်လျက်
“ ဟဲ့ မေချို နင်တော့ရှေ့မကြည့်နောက်မကြည့်လျှောက်ပြောနေတော့တာပဲ ထူးခြားနဲ့ငါက အခုမှဒီမှာတွေ့လို့နှုတ်ဆက်နေတာ
နောက်မှာ သူ့ရဲ့ညီမလေးပါတယ် … ညီမလေး ဒါမမတို့ကျောင်းတုန်းကသူငယ်ချင်းလေ .. မေချိုတဲ့ .. ဟဲ့ မေချို ဒါထူးခြားရဲ့ …… နာမည်က ဟန်နီတဲ့”
သူမက ကိုယ့်ကိုစကားဝိုင်းထဲအတင်းသွင်းလာတော့လည်း မတတ်သာပဲဝင်ပြောရတော့သည်။
“ ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် ဟန်နီပါရှင့်”
“ဒီကလည်းဝမ်းသာပါတယ်ညီမလေးရယ် မခုနကမသိလို့ပြောမိတာဆော်ရီးပါ ဟဲ့ထူးခြား နင့်ကောင်မလေးကချစ်စရာလေးနော် ဘယ်လိုရှာထားတာလဲ”
“ဟာမေချိုရာ .. ဖြိုးလျှောက်ကြပ်တိုင်းယုံမနေနဲ့ ဒါငါ့ညီမလေးပါဟ .. ကဲ ညီမလေးသွားရအောင်”
ဟု ကိုကိုကပြောကာ .. စက်လှေကားရှိရာဘက်ကို ခပ်မြန်မြန်လျှောက်သွားတော့သည်။
အဲဒါနဲ့ ကျွန်မလည်း မဖြိုးတို့ကို နှုတ်ဆက်အကြည့်နဲ့ကြည့်ကာ ကိုကို့နောက်အပြေးလေးလိုက်လာခဲ့ရသည်။
ကားပေါ်ရောက်ပြီး စက်နှိုးတဲ့အထိ ကိုကိုကစကားတစ်ခွန်းမှမဟချေ။ မျက်နှာကလည်း တစ်ခုခုကိုမကျေနပ်နေသလိုပဲ။
လိုက်မမှီတော့ဘူး ကိုကိုရယ်။ ကိုကိုဘာဖြစ်နေတာလဲလို့ ကျွန်မသိချင်နေမိတာမို့ ခပ်တိုးတိုးပဲစကားစလိုက်ရသည်။
“ ကိုကို .. စကားလည်းမပြောဘူး ဘာဖြစ်နေတာလဲဟင်”
“ဘာမှမဖြစ်ပါဘူး ပုံမှန်ပါပဲ”
“မညာပါနဲ့ ကိုကိုတစ်ခုခုဖြစ်နေတာညီမလေးသိတယ် ညီမလေးကိုစိတ်ဆိုးနေတာလားဟင်”
“စိတ်ဆိုးရအောင် ညီမလေးကဘာမှမှမလုပ်တာစိတ်မဆိုးပါဘူး”
“ခုနကသူငယ်ချင်းကပြောလိုက်တာကို စိတ်တိုနေတာလား”
“စိတ်တိုတယ်တော့လည်းမဟုတ်ပါဘူး ဘာမှမသိဘဲနဲ့ ဇွတ်တရွတ်ပြောတော့ နည်းနည်းတော့စိတ်အနှေင့်အယှက်ဖြစ်တာပေါ့”
“မသိလို့ပြောတာဘဲ ကိုကိုရယ်”
“အင်းပါလေ .. နောက်ဆို ကိုကိုနဲ့ညီမလေးအသွားအလာဆင်ခြင်မှဖြစ်မယ်”
“ ရှင် ”
ရက်စက်လိုက်တာ ကိုကိုရယ်။ ဒီလောက်လေးအစခံရတာနဲ့ကို ဒီလိုစကားမျိုး ကိုကိုမို့ပြောထွက်တယ်နော်။
ကိုကိုနဲ့ညီမလေးကြားကသံယောဇဉ်က နှစ်ပေါင်းများစွာကွဲကွာနေပြီး
ခုမှပြန်တွေ့တဲ့ ငယ်ချစ်ဦးစကားတစ်ခွန်းနဲ့ပြောပျက်သွားရတော့မယ်တဲ့လား။ တကယ်ကိုထင်မထားမိတာပါ။ ကျွန်မဘာဆက်ပြောရမယ်မှန်းမသိတော့ပါဘူးရှင်။
“ဟိုလေ ကိုကိုကမတွေ့ဘူးပြောတာမဟုတ်ပါဘူး ညီမလေးကို ကိုကိုကကိုယ့်ညီမလေးလို ဘယ်လောက်ပဲသံယောဇဉ်ရှိရှိ တကယ်တမ်းကသူစိမ်းတွေဆိုတော့လူမြင်မတင့်တယ်မှာစိုးရိမ်လို့ပါ”
“ ဒီမှာကိုကို လူမြင်မတင့်တယ်ရအောင် ကိုကိုနဲ့ညီမလေးက ဘာတွေလုပ်နေလို့လဲ
ကိုကို့ကိုညီမလေးကရိုးသားစွာခင်တွယ်တာအပြစ်တဲ့လား
ကိုကို့ရဲ့ရည်းစားဟောင်းအထင်လွဲတာနဲ့ပဲ ညီမလေးတို့ခင်မင်မှုကိုဖျက်ဆီးပစ်လိုက်ရမှာလား”
“မဆိုင်တာတွေထည့်မပြောနဲ့ညီမလေးခုကိုကိုကညီမလေးကိုအပြစ်တင်နေတာမဟုတ်ဖူး
နောက်ကိုဒီလိုမဖြစ်အောင်သတိထားဖို့ပြောတာ”
“အဲဒီအပြစ်မတင်ဘူးဆိုတဲ့လေသံက တစ်စိတ်လောက်တင်းမာနေတယ်လို့မထင်မိဘူးလားကိုကို”
“ဆော်ရီးကွာ ကိုကိုနည်းနည်းစိတ်ရှုပ်သွားတာ နောက်မှပဲဒါတွေပြောရအောင်”
ကိုကိုက သက်ပြင်းချပြီးစကားကိုရပ်ပစ်လိုက်သည်။ ထို့နောက်ဘာစကားမှထပ်မပြောတော့ချေ။
ကျွန်မအိမ်ရှေ့မှာကားရပ်ပြီးတော့ ကျွန်မကားပေါ်ကဆင်းသွားတဲ့ထိလည်းဘာမှမပြောချေ။
ကျွန်မကားပေါ်ကဆင်းပြီး ကားမောင်တဲ့ကိုကို့ဘက်ခြမ်းကိုလျှောက်သွားပြီးမတ်တပ်သွားရပ်နေတော့မှ
“စောစောအိပ်နော် ညီမလေး ကိုကိုသွားပြီ”
ဟုပြောကာကားကိုမောင်းထွက်သွားတော့သည်။
ကိုကို့ကားထွက်သွားတာကိုကြည့်ပြီး ကျွန်မမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာရတော့သည်။ဘာလဲကွာ။ ဘာတွေလဲ။
တကယ်ပဲ ဒါဟာကျွန်မအတွက်ကျဆုံးခန်းလား။ ဟင့်အင်း မဖြစ်ရဘူး။ ဗိုလ်ရေ။ ရှင်ဘယ်ရောက်နေသလဲဟင်။
ကျွန်မအခုရှင့်ကိုလိုအပ်နေတယ်။ အိမ်ကအဒေါ်တရားစခန်းဝင်နေတာမို့လို့ အိမ်သော့ကိုဖွင့်ရင်း တစ်ယောက်တည်းဖိနပ်ချွတ်တဲ့ခြေရင်းလေးမှာ ထိုင်နေမိသည်။
စိတ်ချင်းဆက်နေသည့်အလား ထိုစဉ်မှာပဲ ကျွန်မဆီ message လေးတစ်စောင်ဝင်လာခဲ့တယ်။
“where r u?” တဲ့။ ဗိုလ်ကပို့လိုက်တာပဲဖြစ်သည်။
ကျွန်မလည်းလက်တွေကိုအလျင်အမြန်လှုပ်ရှားကာ reply လုပ်လိုက်မိတယ်။
“i am at home, i need u now”
“i m coming” ဟူသော message လေးချက်ချင်းပင်ပြန်ဝင်လာတော့ ကျွန်မမျက်ရည်ကြားက ခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသည်။
ကျေးဇူးပါ ဗိုလ်။
9 comments
မဟာရာဇာ အံစာတုံး
April 24, 2013 at 4:59 pm
ဇာတ်လမ်းက မသန်း ပဲ ..
ဟဲဟဲဟဲ …
ဒီတစ်ခါဒေါ့ ဘာမှ မပြောချင်တော့တဲ့အတွက်
အထွေအထူး ဘာမှ ပြောမသွားတော့ပါဘူး …
ဖန်သားပြင်မှာ အမျိုးမျိုး ပြောင်းလဲ ပေါ်ပေါက်နေတဲ့
ဇာတ်ကားတစ်ကားကို ကြည့်သလိုပဲ
ရိုးရိုးလေးပဲ ကြည့်သွားပါတယ် …
သူကလေး
April 24, 2013 at 5:09 pm
တိုတိုအံဆီက ပထမဆုံးမန့်တာလေးဆိုပြီးဝင်ဖတ်လိုက်တာ …
ဘာမှလဲပြောမသွားဘူးရော် … ဟတ်ကော့ကြီး …
ဝမ်းနည်းထှာာာာာ
မဟာရာဇာ အံစာတုံး
April 24, 2013 at 8:00 pm
ကိုင်းပါကွယ် …
ကျုပ် ပေါကျိမယ် …
သူဂလေး ဝမ်းမနည်းနဲ့ဒေါ့ .. ဟုတ်ပလား …
သူဂလေး မျက်နှာ တစ်ချက် ညှိုးရင် ..
ဟောဒီက ကိုကိုအံ ရင်မှာလေ …
မီးတွေ .. မီးတွေ .. တိုးဝင်နေသလိုပဲ …
တအား ပူရလို့ပါကွယ် …
ဘဝ ဆိုတာ ခဏလေးတာ … တဲ့ ….
အမြဲ ပြုံးပျော်ပြီး နေနိုင်အောင်ပဲ ကြိုးစားနော့ ….
+++++++++++++++++++
ဝမ်းနည်းနေချိန်မှာ ဖေးမကူညီ နှစ်သိမ့်လာတဲ့ လူအပေါ်မှာ
ချစ်ခင်တတ်ကြတာဟာ ဖြစ်တတ်တဲ့ သဘောတရား တစ်ခုပေါ့ဗျာ …
အခုလည်း ဒီလိုပဲ …
ချစ်ပါပြီ ဆိုတဲ့ လူတစ်ယောက်ရဲ့ ဖယ်ကြဉ်သလို အမူအယာ အပြုအမှုကြောင့်
ဝမ်းနည်း ပူဆွေးနေတဲ့ ကောင်မလေး တစ်ယောက် …
အဲ့ဒီ ကောင်မလေး ဝမ်းနည်းနေချိန်မှာ ..
အာကာဗိုလ် ဆိုတဲ့ လူက ကွက်တိ အံကိုက် ရောက်လာတယ် …
နှစ်သိမ့်မှုတွေ ပေးလိမ့်မယ် … ((အကွက်နဲ့လား၊ တကယ်လားတော့ မသိဘူးပေါ့))
ကောင်မလေးရဲ့ စိတ်တွေဟာလည်း ကောင်လေးအပေါ်မှာ
ယိုင်နဲ့ လာလိမ့်မယ် …
ဒါ ……. အချစ်လား ????????
(( ဒါကတော့ဖြင့် …
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို၊
သတ်မှတ်ချက် များလည်း ကွဲပြားနိုင်တယ် …..။ ))
ခုလည်း …. ဒီကောင်မလေး တစ်ယောက် အာကာဗိုလ်နဲ့ ပတ်သက်မှုကို ဘယ်လို သတ်မှတ်လာမလဲ ????
အာကာဗိုလ် က နောက်ပိုင်းမှာ ကောင်မလေးကို ချစ်ရေး ဆိုလာမလား ????
ဟိုလူ ကရော ညီမ တစ်ယောက်လိုပဲလား ????
သူတို့ရဲ့ ဇာတ်လမ်း ဘယ်လို ရှေ့ဆက်ကြမလဲ ????
ဒီအကြောင်းအရာတွေကပဲ ဒီဇာတ်ကို ရင်ခုန်စွာနဲ့ မျှော်လင့်မိအောင် ဆွဲခေါ်လို့ထားတယ် ….
အဲ .. အဲ …
ပေါတော့ ပေါလိုက်ဒါဗျဲ … ဘာဒွေ ပေါလိုက်တုန်း သိဒေါ့ဝူးးး
စာဒေါ့ အရှည်ဂျီး ဖစ်တွားဒယ် …. ဟီးးးးး
GaviaGirl
April 24, 2013 at 5:23 pm
ဟင်းး.. ငါ မောတယ်နော်.. ငါမောတယ်… ဒါပဲ ပြောချင်တယ် ဟန်နီရယ်….
Mr. MarGa
April 24, 2013 at 5:25 pm
ဒါပါပဲကွယ်
အပြိုင်အဆိုင်ရှိရင် မသိမသာ လိုက်လို့ ယှဉ်မိတတ်တယ်
နောက် ပိုလို့လဲ ပိုပိုသာသာ လုပ်ပြန်ရော
ဒါတွေဟာ ကိုယ့်ဘက်က တစ်ပန်းရှုံးတာကွယ့်
ဒီကလေးမတော့ ရှေ့ဆက်လွဲဦးမယ်
နောက်ပြီးတော့
ဟိုဘက်ကနေ တွေးပြန်တော့
ဟုတ်တာပေါ့လေ သူ့မလဲ သံယောဇဉ်လေးတွေ ကျန်ကောင်းကျန်ရာ ကျန်ဦးမကိုး
အသွားအလာ ဆင်ခြင်သင့်တာပေါ့
ပတ်ဝန်းကျင်ဆိုတာ သတိထားသင့်တဲ့အထဲမှာ ရှိသေးတယ်လေ
ဆိုတော့
ယောက်ျားလေးဘက်က ထည့်ထားတဲ့ အဆင့်အတန်းအရ အဲဒီလုပ်ရပ်ဟာ မှန်တယ်လို့ ပြောချင်တယ်
နောက်
စိတ်ထွက်ပေါက် ရှာဖို့ အဆင်သင့်ရှိနေတာကြောင့် ဟန်နီတစ်ယောက်တော့ နှစ်ဖက်နင်းလုလု ဖြစ်နေပြီလို့ပဲ ဆိုရမလား……… :kwi:
မောင် ပေ
April 24, 2013 at 7:18 pm
ဟိုက်
တစ်ယောက်ထဲ ရှိနေတဲ့ အိမ်ကို
ဗိုလ် လာတော့မယ်
အဲဒါမှ တစ်ကယ့် ရင်ခုန်စရာ အခန်းပဲ
ဆက်ဖတ်နေမယ်ဗျို ့
KZ
April 25, 2013 at 10:07 am
ကြေးအိုး…. 🙁
ရေခဲမုန့်… 🙁
စားချင်လာလို့ပါ။
ဒီမယ် ဟန်နီကလေး။
ကိုယ်က နိုင်ချင်ရင် ဘယ်သူ့ကိုမှ ပြိုင်ဘက်လို့ မတွေးပါနဲ့။
ကိုယ့် ကိုယ် ကို ဘယ်သူနဲ့မှ ယှဉ်စရာမလိုဘူးလို့ပဲ စိတ်ထဲ ရှင်းထားပြီးမှ လှုပ်ရှားပါ။
အချစ်ရေးမှာပြောပါတယ်။
:kwi:
ချင့် ယုံ နော်။
lady mobile
April 26, 2013 at 11:22 am
သူကလေးရေးထားတဲ့
မုန့်တွေပဲစားချင်တယ်…
သူကလေး
April 26, 2013 at 11:33 am
သူကလေးရေးထားတဲ့မုန့်တွေစားချင်ကြတယ်လား းးးးးးးး
ဟိဟိ .. တကယ်တော့ သူကလေးလည်း စားချင်လို့ရေးထားတာလေ ..
လာဖတ်သွားတဲ့အတွက် အားလုံးကိုကျေးဇူးပါ