ရှိုက်၍ရှိုက်၍ငိုတတ်နေသောပုဂံမြေ (ပုဂံကိုဖျက်စီးကြသူများ)

Yin Nyine NwayJuly 26, 20101min52

ရှိုက်၍ရှိုက်၍ငိုတတ်နေသောပုဂံေြ

မ(သို့မဟုတ်) ကမာ္ဘ့ရှေးဟောင်းအမွေအနှစ်တွင်ပုဂံမပါ

ယခုကျမ နည်းနည်းတွေးတတ်လာပါပြီ။ယခင်ငယ်ငယ်ကသိခဲ့ဖူးသောအသိက ပုဂံ လောက် မည်သည့်နိုင်ငံမှာမှ ရှေးဟောင်းလက်ရာမရှိခဲ့ဘူး ဆိုသည့်အသိမျှသာ။

ယခုကျမနိုင်ငံတကာမှသူငယ်ချင်းများနှင့်ပေါင်းသင်းဆက်ဆံလာရပြီ။သူတိုနိုင်ငံက ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေအကြောင်း presentation လုပ်ရင်းသိခဲ့ရသည်။ကျမတို့နိုင်ငံထက်နိမ့်ကျ သည်လည်းရှိသည်။အဆင့်အတန်းမြင့်မားတာတွေလည်းတွေ့ခဲ့ရသည်။ကျမလည်းကိုယ့်နိုင်ငံအကြောင်း ပြောရမည်ဆိုလျင် ပုဂံမပါလျင်မပြီး။ မှတ်သားဖူးသမျှ ဖတ်ခဲ့ဖူးသမျှတွေကိ ဓါတ်ပုံနှင့်တကွ
presentation လုပ်ခဲ့ပါသည်။ Internet, Web site များထဲမှကောင်းနိုးရာရာဓါတ်ပုံတွေကို
ရှာဖွေအသုံးပြုခဲ့ပါသည်။ကျမမှတ်မိပါသေး၏။ပုဂံဆိုလျင်ကျမတို့မြန်မာများအားလုံးရောက်ဖူးချင်သောနေ ရာလေးဖြစ်၏။မြန်မာ့ရှေးဟောင်းအမွေအနှစ်များစုစည်းမှုရှိရာနေရာလေးဟုပြောလျင်လည်းမမှားနိုင်ပေ။ ကမာ္ဘ့ခရီးသွားဧည့်သည်များအတွက်Targetထားရှိရာနေရာဟုလည်းပြောနိုင်ပါသည်။ကျမယခုပညာသင် နေစဉ်ပေါင်းသင်းနေရတဲ့
International သူငယ်ချင်းများကို ပုဂံမြေဟာမြန်မာ့ရှေးဟောင်း အမွေ အနှစ်သာမက ကမာ္ဘ့ရှေးဟောင်းအမွေအနှစ်ပါဆိုပြီးခပ်တည်တည်နဲ့ကြွားခဲ့ရ
ပါသည်။

ကျမအထက်တန်းကျောင်းသူဘဝက ပုဂံရောက်ဖူးချင်ခဲ့တာ အရူးအမူးပါပဲ။ ကျမ ဘဝမှာ ပထမဆုံးရောက်ဖူးချင်တဲ့နေရာလေးကိုခြေချမိအောင်ဦးဆောင်ပေးသူကတော့ဘာသာပြန်စာရေးဆရာ မောင်သက်ပန်(ယခုကွယ်လွန်)၏ကျေးဇူးကြောင့်ဆိုလျင်မမှားပါ။သူငယ်ချင်း ၆ ယောက်နဲ ့ဆရာအတူ တူ သွားခဲ့ကြတုန်းက အတိုင်းမသိကြည်နူး ဝမ်းသာစရာပါ။ အဲဒီအချိန်က ရင်ထဲခံစားမိခဲ့တာက ကမာ္ဘပေါ်မှာရှေးဟောင်းအဆောက်အဦးတွေအများဆုံးရှိတာပုဂံမြေ၊နှစ်တစ်ထောင်မပြည့်သေးတဲ့သမိုင်းကို
နှစ်နှစ်ထောင်နီးပါးလောက်အချီးမွမ်းခံ ခဲ့ရတဲ့ပုဂံမြေ။

သို ့သော် ကမာ္ဘပေါ်ရှိသမိုင်းဝင်နေရာမရရှိခဲ့တာ ကြာခဲ့ပြီပေါ့။……………….

ကျမတက္ကသိုလ်ကျောင်းသူဘဝရောက်တော့ဒုတိယအကြိမ်ပုဂံကိုexcursionအဖြစ်ရောက်ခဲ့ရပြန်သည်။ အနည်းငယ်သစ်လွင်နေတာကိုတော့သတိထားမိခဲ့သည်။သို့သော်ထိုအချင်းအရာကိုသေချာနားမလည် ခဲ့သေးချေ။ယခုကျမတတိယအကြိမ်မရောက်ရှိနိုင်သေးပေမယ့်ကျမကိုယ့်နိုင်ငံအကြောင်းကို presentation လုပ်ရတဲ့အခါတတိယအကြိမ်အနေနဲ့အင်တာနက်ကနေပုဂံမြေရဲပုံရိပ်တွေကိုရှာဖွေနေ ရပြီ။နိုင်ငံခြားသားများကမြန်မာဟုပြောလျင် ပုဂံကိုတော့သိကြသည်။ ရှင်းပြရတော့မည်။ ဒီတော့လည်း အင်တာနက်ထဲ ဝင်ရောက်မွှေနှောက်ရှာဖွေရပြီပေါ့။တွေ ့လိုက်ရသည်က သစ်လွင်တောက်ပနေသော ပုဂံမြေ။ ………..

ထို ့ကြောင့် ယခုကမာ္ဘမပြောနှင့် အရှေ ့တောင်အာရှနိုင်ငံများနှင့်ယှဉ်လျင် ပုဂံသည် ကမော္ဘဒီယားက အန်ကောဝပ်လောက်တောင် မခမ်းနားတော့ချေ။ယိုဒယားကအယုဒ္ဒယမြို့ ့ ဟောင်းလောက်တောင်ယူနက်စ်ကိုစာရင်းထဲမှာနေရာပေးမခံရတော့ချေ။အဘယ်ကြောင့် နည်း။

၁၉၇၅ ခုနှစ် ငလျင်လှုပ်ခဲ့စဉ်က ပုဂံမြေသည် အသည်းဆတ်ဆတ်နာအောင် ငိုကြွေးခဲ့ရ ဘူးသည်။ယခုလည်းပုဂံသည်ငိုကြွေးဆဲ။အဘယ်ကြောင့်နည်း။

ပုဂံအပါအဝင်မန္တလေး၊အင်းဝမြို့ဟောင်းမှရှေးဟောင်းလက်ရာအဆောက်အဦးတွေကို ယူနက်စ်ကိုလက်အောက်ကကမာ္ဘ့ရှေးဟောင်းအမွေအနှစ်စာရင်းထဲရောက်အောင်ကြိုးပမ်းခဲ့သည်။ ယူနက်စ်ကိုကWorld Heritageစာရင်းဝင်ရှေးဟောင်းအဆောက်အဦးများအတွက်ဒေါ်လာသန်းနှင့်ချီပြီး နိုင်ငံတကာကို ထောက်ပံ့ပေးနေကြသည်။ရှေးဟောင်းလက်ရာ များကို မပျောက်မပျက်အောင် ယူနက်စ်ကိုကဒေသခံအစိုးရနှင့်ပူးပေါင်းပြီး
ထိန်းသိမ်းစောင့် ရှောက်ကြ၏။ World Heritage စာရင်းဝင်နေရာမှန်သမျှကမာ္ဘလှည့်ခရီးသည်များကိုလာရောက်လည်ပတ်နိုင်အောင်ဆွဲဆောင်နိုင်ကြ၏။ နိုင်ငံအသီးသီးက ဤနေရာ ဤဒေသ ဤအ ဆောက်အဦးသည်ကမာ္ဘ
့ရှေးဟောင်းအမွေအနှစ်ဟုဆိုကာ လက်ညှိုုုးထိုးပြပြီး နိုင်ငံခြားဝင် ငွေတိုးပွားအောင်ဆောင်ရွက်နိုင်ကြ၏။ထို
့ကြောင့်မြန်မာအစိုးရသည် ၁၉၉၆ ခုနှစ်တွင် ပုဂံ အပါအဝင် မြန်မာနိုင်ငံအရပ်ရပ်မှ ရှေးဟောင်းနေရာများကို
World Heritage စာရင်းဝင်ဖို ့ လျှောက်လွှာ တင်ခဲ့သည်။တင်ခဲ့သည့်စာရင်းများမှာ-

-Ancient cities of Upper Myanmar- Innwa, Amarapura, Sagaing, Mingun, Mandalay (04/10/1996)

-Badah-lin and associated caves (04/10/1996)

-Bagan Archaeological Area and Monuments (04/10/1996)

-Inle Lake (04/10/1996(

-Mon cities- Bago, Hanthawaddy (04/10/1996)

-Myauk-U Archaeological Area and Monuments (04/10/1996)

-Pyu cities- Beikthano-Myo, Hanlin, Tharay-Khittaya (Sri Ksetra) (04/10/1996)

-Wooden Monasteries of Konbaung Period- Ohn Don, Sala, Pakhangyi, Pakhannge, Legaing, Sagu, Shwe-Kyaung (Mandalay) (04/10/1996)

ရှေးဟောင်းလက်ရာများထိန်းသိမ်းဖို ့နိုင်ငံတကာစံညွှန်းနဲ ့အညီပူးပေါင်းဆောင်ရွက် ခြင်းဟာအရေးပါတဲ့အချက်တစ်ခုဖြစ်၏်။ရှေးဟောင်းလက်ရာဟုပြောနိုင်သော်လည်းယူနက်စ်ကိုကချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ပေသည်။အယုဒ္ဒယ မြို ့ဟောင်းသည် ယခင်နှင့်ယခုကွာခြားခြင်းမရှိ။အတူတူသာဖြစ်၏။ပြုပြင်ထားခြင်းမဟုတ်။ထိန်းသိမ်းစောင့်ရှောက်ထားခြင်း သာဖြစ်၏။ထို ့ကြောင် ့World Heritage စာရင်းဝင်ခဲ့ခြင်းဖြစ်
ချေမည်။

ရှေးဟောင်းလက်ရာထိန်းသိမ်းခြင်းဆိုသည်မှာမူလရှိနေပြီးသောအချင်းအရာကိုအ ကောင်းပကတိဖြစ်သွားအောင်၊အသစ်ဖြစ်လာအောင်ပြုပြင်ရခြင်းမဟုတ်။အဟောင်းအတိုင်းရှိနေပြီးသော အမွေအနှစ်လက်ရာများ၊အဆောက်အဦးများကိုပိုမို၍မပျက်စီးသွားအောင်၊မပပျောက်သွားအောင်စနစ်တ ကျထိန်သိမ်းစောင့်ရှောက်ရခြင်းဟုနားလည်မိပါသည်။ယခုပုဂံသည် ထိုသို့ထိုသို ထိန်းသိမ်းစောင့်ရှောက် ထားခြင်းဟုတ်၏လော။မဟုတ်၏လော။အဘယ် ကြောင့်နည်း။

ပုဂံရာဇဝင်လေးတစ်ခု မှတ်သားဖူးတာလေး ပြောပြချင်ပါသည်။ပုဂံသည်တရုတ်ပြေး မင်းလက်ထက်မှာ စေတီကြီးငယ်အဆူဆူတို ့တရုတ်ရန်ကိုကာကွယ်ဖို ့ရန်စစ်မြေဂတုတ်ဖြစ် ခဲ့ရသည်။ဒုတိယကမာ္ဘစစ်မှာလည်း မည်သူထွင်လိုက်မှန်းမသိရတဲ့ မြတ်စွာဘုရားဆင်းတု တော်မှန်လျင် လက်ချောင်းတွေအရှည်အတိုညီရမယ်ဆိုသည့်မူကြောင့်
ပုဂံရှိဘုရားဆင်းတု တော်များအားလုံး လက်ချောင်းများအဖြတ်ခံခဲ့ရပြီး လက်ချောင်းများအားလုံးအညီဖြစ်ခဲ့ရ
သည်။ဒါကြောင့်ပင် ပုဂံလက်သစ်ဟုဆို၍ ပျက်ရယ်ပြုခြင်း ခံခဲ့ရသည်။ ယခုလည်းပုဂံသည်
World Heritage ဝင်ခါနီးမှ သီသီကလေးကပ်လွတ်ခဲ့ရပြန်သည်။

အုတ်ပုံဘဝကနေ ဘုရားတစ်ဆူဖြစ်လာခဲ့ပြီ။ပုဂံမြို ့ဟောင်းတွင် ဘုရားအသစ်များ တစ်ဆူပြီးတစ်ဆူပေါ်လာနေပြီ။ဝမ်းသာရမည်လား။ဝမ်းနည်းရမည်လား။အဘယ်ကြောင့်နည်း။ပုဂံခေတ်က ဗြတ်ကျယ်ကျယ်ခပ်ပါးပါးအုတ်တွေနေရာတွင် ယခုခေတ်အုတ်နီညိုခပ်ထူထူ တွေကိုအစားထိုးလို ့မြင်တွေ ့နေရပြီ။ပုဂံခေတ်အနုပညာလက်ရာတွေကို
ကျမများစွာလေ့ လာခဲ့ဖူး၏။ပုဂံနံရံပန်းချီများမှာ ကျမအနှစ်သက်ဆုံးဖြစ်ခဲ့၏။ ရေးလည်းရေးဆွဲခဲ့ဖူး၏။
ပုဂံ ခေတ်က မှိန်ပျပျနံရံပန်းချီတွေနေရာမှာ သစ်လွင်နေတဲ့ထုံးဖြူဖြူဖွေးဖွေးကနေရာယူလို့တွေ့နေရပြီ။ဝမ်းနည်းရမည်လား။ဝမ်းသာရမည်လား။ အဘယ်ကြောင့်နည်း။

ပုဂံခေတ်လက်ရာအစစ်အမှန်များမှာယခုခေတ်စေတီပုထိုးများကဲ့သိုထီးတော်မပါ။အထွတ်သာလျင်ပါ၏။ ယခုမြင်တွေ့နေရသည်က အထွတ်နေရာများတွင် ခေတ်သစ်ထီးတော်များမှာ တောက်ပလျက်ရှိနေ ပေသည်။စွယ်တော်လေးဆူပင်လျင်ပုဂံခေတ်ကရွှေရောင်များနှင့်မတူကြည်ညိုဖွယ်ကောင်းလျက်ရှိ၏။ မြန်မာတို ့၏ သဒ္ဒါတရားထက်သန်မှုကြောင့်ပင် လော။ထိုသဒ္ဒါတရားကပဲ ပုဂံကိုသတ်လိုက်သည်လော။ အသစ်မြင်တွေ ့ရသည့်ဂေါက်ကွင်း တစ်ခု၊မျှော်စင်တစ်ခုက ထိုးထိုးထောင်ထောင်၊ပြုပြင်ထားသည် ့နန်းတော်။ထိုသို
့ဤသို ့ပြု ပြင်ပြောင်းလဲပစ်ခဲ့ခြင်းသည် ပုဂံကို World Heritage စာရင်းဝင်ခါနီးမှ ဝေးသွားအောင်မောင်း
ထုတ်ခဲ့ခြင်းပင်လော။

ကျမမြန်မာပြည်သို ့ပြန်ရောက်လျင်ရောက်ချင်းသွားမည်ဟု စိတ်ကူးထားမိသည်က ပုဂံမြေ။ကျမငယ်စဉ်ကရောက်ခဲ့ဖူးသော ပုဂံမြေနှင့် ယခုပုဂံမြေ မည်မျှကွာခြားနေပြီလဲ။လက် တွေ ့ကျကျ သိချင်သွားချင်မိသည်က ဝမ်းနည်းလွန်း၍ဖြစ်ပါသည်။သေချာတာတစ်ခုကတော့ ပုဂံမြေသည်
ဟိုးရှေးအတိတ်ကိုပြန်ခေါ်သွားနိုင်စွမ်းမရှိတော့ဘူးဟု ခံစားမိပါသည်။

ပုဂံမြေ၏ တိတ်တိတ်ကလေးရှိုက်၍ရှိုက်၍ငိုကြွေးနေသောအသံကို ကျမကြားမိ၏။ ကျမသာပုဂံမြေဖြစ်ခဲ့မည်ဆိုလျင် ကျမကိုမမှတ်မိနိုင်ကြတော့တဲ့ ပုဂံမြေရင်သွေးလေးတွေ ကြောင့် ကျမလွင်ထီးခေါင်ပြင်မှာအော်ဟစ်နေမိမှာအမှန်ပင်။ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့နီညိုရောင်သွေးစက် တွေကိုဧရာဝတီမြစ်ရေနဲ့ဆေးကြောပစ်ဖို့မရနိုင်တော့ဘူးဆိုတာကျမသိနေတော့လည်းတိတ်တိတ်ကလေး ရှိုက်ငိုနေရုံကလွဲလို့ကျမဘာများတတ်နိုင်အုံးမှာလဲရှင်။World Heritageကလည်းကျမကိုလက်ခံနိုင်တော့ မှာမဟုတ်။……..erHH

…………………………………ဤသို ့ဤသို ့မေးချင်ပါသည်။ပုဂံမြေကိုချစ်သောမြန်မာများ။

ကျမတို့ပုဂံမြေအတွက်ဘယ်လိုစောင့်ရှောက်ကြမလဲ………………………………………………………………..

ယခုတော့ ………………

တိတ်တိတ်ကလေး ရှိုက်၍ရှိုက်၍ ငိုတတ်နေသောပုဂံမြေ………….

ပုဂံမြေရဲ ့ရင်သွေးလေးတွေကမမှတ်မိနိုင်တော့တဲ့မိခင်ကြီးပုဂံမြေ………

ခန္ဓာကိုယ်ထဲဝင်ရောက်နေတဲ့နီညိုရောင်သွေးစက်တွေနဲ ့ပုဂံမြေ……………….

ဧရာဝတီမြစ်ရေနဲ ့ဆေးကြောပစ်လို ့မရနိုင်တော့တဲ့ပုဂံမြေ………………….

…………………………………………………………………………………………………………………………………

ကျမ မြန်မာနိုင်ငံအကြောင်း Kobe University တွင် presentation လုပ်စဉ်က International ကျောင်းသား သူငယ်ချင်း များကမေးခဲ့တဲ့မေးခွန်း Why wasn’t
Bagan a member of World Heritage by UNESCO? ကြောင့် ပုဂံမြေနဲ ့ပါတ်သက်ပြီး ကျမခံစားခဲ့ရတာတွေကို
အခြေခံလို ့ ဒီဆောင်းပါးလေး ရေးဖြစ် သွားတာပါ။

အားလုံးကိုခင်မင်လေးစားလျက်

(မည်သည့်အကြောင်းအရာကိုမျှ မရည်ရွယ်ပါ။ကြုံတွေ့ခံစားရမှုကို

ရေးသားဖေါ်ပြထားခြင်းသာ။)

Sakura ရဲ့ ရှိုက်၍ ရှိုက်၍ ငိုတတ်နေသော ပုဂံမြေ ဆိုတဲ့ ဘလော့ဂ် လေးကို ဖတ်ပြီး အရင်ဖတ်ဖူးထားတာလေး တစ်ခုကို သတိရတာနဲ့ ပြန်ရှာပြီး မျှဝေပေးလိုက်ပါတယ်။ ရှေးမြန်မာ ဆိုတဲ့ ဆိုက်လေးဟာလည်း သမိုင်းဝါသနာရှင် တွေအတွက် လေ့လာသင့်တဲ့ ဆိုက်လေးတစ်ခုဖြစ်ကြောင်း လမ်းညွှန်လိုက်ပါတယ်။

ပုဂံကိုပျက်စီးကြသူများ

ဒေါက်တာသန်းထွန်း ပြုစုတဲ့ ပုဂံကိုပျက်စီးကြတဲ့ လူ/စာရင်း က ၂၅ မတ်လ ၁၂၁၂ ကနေစပြီး ၅ ဇူလိုင် ၁၉၇၉ အထိပါ။ ၁၉၇၉ နောက်ပိုင်း စာရင်းကိုလည်း ပြုစုခဲ့မယ်လို့ ယုံကြည်ပါတယ်။

အကြောင်းကြောင်း ကြောင့်မထုတ်ဖြစ်တာဘဲဖြစ်ပါလိမ့်မယ်။ ၁၉၈ဝ နောက်ပိုင်းကနေ ကနေ့အထိ စာရင်းကို လုပ်ဖို့ကျွန်တော်တို့ မျိုးဆက်သစ်တွေ တာဝန်ရှိပါတယ်။

ဒေါက်တာသန်းထွန်းဟာ ပညာရှင် စစ်စစ်ဖြစ်လို့ ဘယ်သူတွေက အဓိကတာဝန်ရှိသူ ရယ်လို့ အဆင့်သတ်မှတ်ချက်(Ranking) မလုပ်ပါဘူး။

ကျွန်တော် (Ranking) လုပ်ထားတာရှိပါတယ်။ မှန်ချင်မှမှန်ပါလိမ့်မယ်။ ပုဂံတင် မဟုတ်ပါဘူး မြန်မာနိုင်ငံအနှံ့အပြားက ဘုရား၊ ပုထိုး သာသနိက အဆောက်ဦး၊ ရှေးဟောင်းအဆောက်ဦးအားလုံးပါပါတယ်။

၁။ မင်း (အုပ်ချုပ်သူ)
၂။ သဘာဝဘေးဒဏ်
၃။ ဘုရား ဂေါပက
၄။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ
၅။ သိုက်သမား
၆။ ရှေးဟောင်းသုတေသနသမား
၇။ အလုပ်လုပ်သူ လုပ်သား

၁။ မင်း (အုပ်ချုပ်သူ)

ကျန်စစ်သားဟာ မွန်ဒေသမှာရှိတဲ့ ဘုရားပုထိုး တချို့ကို ပြင်ဆင်မွမ်းမံပြီးနောက် ရှေးကထက်ပိုကောင်းတယ် လို့ကျောက်စာရေးထားခဲ့တာရှိပါတယ်။

ပုဂံနောင်းပိုင်းက တရုတ်ပြေးမင်း ဟာ ဘုရားပုထိုးတွေကို ဖျက်ပြီး မြို့ရိုးတည်ဆောက်ပါတယ်။ အဲဒီကစ လာလိုက်တာ ကုန်းဘောင် ခေတ်မှာ ပိုဆိုးပါတယ်။ ပုဂံပြည်မှာရှိသမျှဘုရား၊ ဆင်းတု၊ နံရံဆေးရေး ၊ အလှဆင် ကြွေပြား အပါဝင် ရှိရှိသမျှ အကုန်ပြင်ပါတယ်။ ပြင်ပြီးတိုင်းလည်းဘဲ ရှေးကထက်သာလွန်တယ်လို့ပြောပါတယ်။
ဘိုးတော်ဘုရားလက်ထက်မှာ ပုဂံအပါဝင် မြန်မာတပြည်လုံးမှာရှိတဲ့ ကျောက်စာတွေကို အမရပူရ ရွှေ့စေတဲ့အခါ အဆိုးဝါးဆုံး အမှားတခုကို ကျုးလွန်လိုက်တာပါဘဲ။

မူရင်းဒေသမသိတဲ့ ကျောက်စာတွေပေါ်လာတယ်၊၊ ဆင့်ထိုး၊ စပ်ထိုးကျောက်စာ တွေရေးစေပြီး သမိုင်းမှတ်တမ်းတွေကို လွန်လွန်ကျုးကျုး ဖျက်စီးတယ်။

ထီးတင်၊ ထီးပြင် ရင်း ဘုရားဌာပနာတိုက် ဖောက်တာမျိုးကို ကုန်းဘောင်မင်းဆက်တွေကစပြီး လုပ်လာတာကြာနေပါပြီ။

၁၉၈၈ နောက်ပိုင်း ပုဂံအဝင်အပါ မြန်မာနိုင်ငံအနှံ့အပြားက ဘုရား၊ ပုထိုး သာသနိက အဆောက်ဦးတွေကို ထိပါးတဲ့အခါမှာတော့ အပြောဆိုတစ်မျိုးပြောင်းလာပါပြီ။

ရှေးမူမပျက်၊ရှေးလက်ရာမပျက်လို့ ပြောပါတယ်။ ဒါပေမယ့် အပြောနှင့် အလုပ်မညီပါ။ ပုဂံက ဘုရားပုထိုးတွေကို မပြင်မနေရ စီမံကိန်းနှင့် ပြင်စေတဲ့အခါမှာ ဘာမှနားမလည်နိုင်အောင်ဖြစ်ရပါတယ်။
၂၀၀၈ မှာသတင်းတပုဒ်ဖတ်လိုက်ရပါတယ်။ ကျောက်စာတွေကို နေရာထပ်ပြောင်းမယ်တဲ့။

ရှေးဟောင်းဘုရာတွေကို မပြင်ဘဲပစ်ထားပါလို့ဆိုလိုတာမဟုတ်ပါ။
မပျောက်ဆုံးအောင် ထိန်းသိမ်း ( Conservation ) တာရယ်၊ ဆက်ပြီး မပြိုမပျက်အောင် ကာကွယ်
( Preservation )တာရယ်၊ မူရင်းပုံစံမပျက် ပြန်တည်ဆောက် ( Restoration) လုပ်ရမှာပါ။

တချို့ကစေတနာ တကယ်ကောင်းတယ်၊ ကြိုးစားတယ်။ ဒါပေသိ ဘုရား၊ ပုထိုး သာသနိက အဆောက်ဦးတွေကို ပြင်ဆင်တဲ့ အခါ ရှေးဟောင်းသုတေသနသမား စစ်စစ်၊ သမိုင်းပညာရှင်စစ်စစ် တွေရဲ့အကြံပေးမှုတွေကို ယူဖို့လိုပါတယ်။

ဒါတင်မကပါ။ ဗိသုကာ ( Architectural) ၊ ကိုယ်ထယ် ( Structural ) အပါဝင် တကယ်ကျွမ်းကျင်တဲ့ သက်ဆိုင်ရာ အင်ဂျင်နီယာတွေရဲ့ တွက်ချက်စီစစ် ကြီးကျပ်မှုတွေ လိုတယ်။

ဒါတွေမပါဘဲ သာမန် ပန်းရံဆရား ၊ ပန်းချီဆရာတွေ နှင့်သာ ပြင်ပြီး ရှေးလက်ရာမပျက်လို့ ပြောတဲ့အခါ စိတ်မကောင်းယုံက လွဲပြီးဘာမှမတတ်နိုင်ပါ။

၂။ သဘာဝဘေးဒဏ်
သဘာဝဘေးဒဏ်လို့ ပြောတဲ့အခါမှာ မီး၊ ရေ၊ လေ ၊ငလျင် လို့အဆင့်ခွဲလို့ရတယ်။ မီးကြီးလောင်တာမျိုးကတော့ ကျန်စစ်သားလက်ထက်ကတည်းက။

ယနေ့အထိ မီးလောင်ရင်ဘာတွေ လုပ်မလဲ( Fire Safety ) ဘယ်လိုပြင်ဆင်ထားရလဲဆိုတာ လုံးဝမရှိပါ။

ခေတ်အဆက်ဆက် ရေတိုက်စားလို့ ပါသွားတဲ့ ဘုရား ပုထိုးတွေ ထောင်ချီနေပါပြီ။ ပုဂံပြည်ရဲ့ သုံးပုံ တစ်ပုံ ရေထဲပါသွားပါပြီ။ ရေတိုက်စားမှုဒဏ်ကာကွယ်ဖို့ ယနေ့အထိဘာမှမလုပ်ထားပါ။ ကမ်းပြိုကျတာကို ကိုယ်တိုင် ကြည့်ဖူးပါတယ်။

ခေတ်အဆက်ဆက် ရေတိုက်စားလို့ ဘုရားပြိုတော့မယ်ဆိုရင် ရွာသားတွေက ဌာပနာတိုက်ဖောက်ဖို့သာ အားသန်နေကြပါတယ်။ ဘုရားဘေးနားတင် ကပ်နေတဲ့ ကျောက်စာကိုတော့ သတိမရပါ။

ခေတ်အဆက်ဆက် ရေထဲပါသွားတဲ့ ဘုရားဆင်းတု၊ ကျောက်စာ အပါဝင် ပစ္စည်းအတော်များများ ဧရာဝတီ မြစ်ထဲမှာ ရှိနေနိုင်ပါတယ်။ ခေတ်မှီနည်းပညာ၊ စစ်ပစ္စည်းတွေနှင့် မြစ်ကြောင်းတလျှောက်လိုက်ရှာရင် တွေ့ရမှာမလွဲပါ။

လေ ၊ငလျင် ကတော့ အများသိတဲ့အတိုင်း ဘာဆိုဘာမှပြင်ဆင်ထားတာမရှိ။

၃။ ဘုရား ဂေါပက
အလုပ် မလုပ်တာမဟုတ်။ မဟုတ်တာကိုသာလုပ်တယ်။
အလှူခံကောင်းလို့ ရတဲ့ဟာကို ဘုရားပြင်၊ စေတီ နှင့် ရုပ်ပွါးတော်ကို ရွှေချ၊ အာရုံခံတန်ဆောင်းအသစ်ဆောက် ၊ စောင်းတန်းအသစ်သွယ်၊ ရင်ပြင်တော်ကို ကျောက်ပြားခင်း။

သူတို့ တစ်ချက် လှူပ်လိုက်တိုင်း လက်ရာဟောင်းတွေပျက်စီးရတယ်။ ရှေးဟောင်းသုတေသီတွေက လက်ရာမပျက်ပြင်ပါလို့ ဆိုပေမယ့် နားမထောင်။ သူတို့အမြင် ခိုင်ခိုင် ခန့်ခန့်ရှိအောင်ဆိုပြီး အလှအပတွေနှင့်အစားထိုးတယ်။

နှစ်စဉ်ဘုရား ပွဲတွေကျင်းပဖြစ်အောင် အားစိုက်တယ်။ ပိုဆိုးတာက ဗုဒ္ဓဘာသာစစ်စစ် နှင့်မဆိုင်တဲ့ တချို့ အရုပ် အသစ်တွေကို အခိုင်အခန့်နေရာပေးေဆောက်လုပ်လာတယ်။

ဘာအလုပ်မှမရှိတဲ့ အခါ ဘုရားနံရံက ရှေးဟောင်းဆေး ပန်းချီတွေကို နေ့စားအလုပ်သမားခေါ်ပြီး ” ထုံး ပွတ်” ခိုင်းပါတယ်။ ကျွန်တော် ပုဂံသွားတဲ့ အခေါက်တိုင်း တွေ့ရပါတယ်။

သဗ္ဗညု ဘုရား အတွင်းက နံရံကို ” ထုံး ပွတ်” တဲ့ အလုပ်သမားတစ်ယောက်နှင့် လူတွေ့မေးမြန်းခဲ့ပါတယ်။

” ဂေါပက” ရဲ့အနက်က စောင့်ရှောက်သူ။ သူတို့စောင့်ရှောက်တဲ့အထဲမှာ ရှေးပန်းချီ၊ ပန်းပု၊ ရုပ်ပွါးတော်၊ အဆောက်ဦးမပါ ” သရီရဓာတု” ဓာတ်တော်သာဖြစ်တယ်။

၄။ သဒ္ဒါ တရားထက်သန်သူ ရဟန်း/လူ

ဒေါက်တာသန်းထွန်း ပြုစုတဲ့ စာတမ်းအရ ခေတ်အဆက်ဆက် ရှေးပန်းချီ၊ ပန်းပု၊ ရုပ်ပွါးတော်၊ အဆောက်ဦးတွေကို မွမ်းမံတယ်ဆိုပြီး ပြင်ဆင်ရင်း ဖျက်မိရက်သား ဖြစ်တဲ့အထဲမှာ ရဟန်တွေအများကြီးပါတာတွေ့ရပါတယ်။

ဥပမာပြောရရင် ပုဂံခေတ် ဘုရားဆင်းတုတွေဟာ ခါးသိမ်ပါတယ်။ ဒါကို ကုန်းဘောင်းခေတ်ရဟန်းက အမြင်မသာ၊ အမျိုးသမီး ခါးနှင့်တူတယ် ဆိုပြီး အဲဒိခါး နေရာကို ရွှေချ ဒါမှမဟုတ် မံ ပြီးပြင်ပါတယ်။ ပျက်ရော။

ဟိုတချိန် နိုင်ငံခြားသား ရှေးဟောင်းသုတေသန အရာရှိတစ်ယောက်ရဲ့ မှတ်ချက် မှာ ” ထိုကိုယ်တော် ဆန္ဒရှိသလောက်ပြင်ပြီးရင် ရှေးလက်ရာ တစ်ကွက်မှ ကျန်တော့မှာ မဟုတ်” တဲ့။

ဘုရားပြင်တဲ့ ရဟန်းနှင့် လူ လက်ရာတူပါတယ်။

နောက်တစ်ခု လူက ဘာသာသွားလဲဆိုတော့ ရေတိုက်စားလို့ ဘုရားပြိုတော့မယ်ဆိုရင် ဌာပနာတိုက်ဖောက်တယ်။ ရေတိုက်မစားဘဲလည်း ဖောက်တယ်။ ဘုရားဝင်းထဲ၊ ဒါမှမဟုတ် စေတီနားကပ်လျက်ရှိနေတဲ့ အလှူရှင်ရဲ့ ကျောက်စာတွေကို လူတချို့က ဘာရေးထားတယ်ဆိုတာသိတယ်။

အလှူစာရင်းထဲက အဖိုးတန် ရွှေ၊ ရတနာတွေနှင့် လုပ်ထားတဲ့ ဆင်းတု၊ ပစ္စည်းစာရင်းကို သိပြီး လောဘဇောနှင့် ဖောက်ယူပါတယ်။ ကျောက်စာအဆုံးမှာ ရေးထားတဲ့ “ကျိန်စာ” ကိုမဖတ်ပါ။ ဖတ်လဲ မကြောက်ပါ။

နောက်တစ်ခု ထပ်ပြောချင်တာက ‘ ပုဂံ’ ဟာ အန်ကောဝတ် ကျောင်းတော်လို နှစ်ရာပေါင်းများစွာ လူမနေ၊ လူမသိ ပျောက်နေပြီး ပြန်ပေါ်လာတာမျိုးမဟုတ်။ သမိုင်း အကြိုကာလ ကတည်းက ယနေ့အထိ လူသားမျိုးဆက်ပေါင်းများစွာ နေလာခဲ့တဲ့နေရာပါ။ အဲဒိလူတွေရဲ့ စားဝတ်နေရေးကြောင့်လည်း ပုဂံဟာ ပျက်ရတယ်။

၅။ သိုက်သမား
အမှတ်မထင် တွေ့ရတာက သိုက်သမားတွေဟာ တချို့ ရှေးဟောင်းသုတေသနသမားတွေထက် ပိုကြိုးစားပြီး အလုပ်လုပ်တယ်။ ရှေးဟောင်း မြို့တော်၊ နေရာ၊ ဘုရားတွေ မှာ ရှေးဟောင်းသုတေသနသမားတွေ တူးတိုင်းထင်သလောက် ဘာမှမတွေ့။

ရှေ့က သိုက်သမားတွေမလိုချင်လို့ ပစ်ထားတာတွေကို လိုက်ကောက်ရသလိုပါ။ အဲဒိသိုက်သမားတွေထဲမှာ ပညာတတ်တွေလည်းပါတယ်။

တချို့ လူတွေ…… လူတွေ…..ပါတယ်။ သူတို့ရောင်းလိုက်တဲ့ အတွက်ကြောင့် ရှေးပစ္စည်းတွေ မြန်မာနိုင်ငံတွင်းမှာထက် နိုင်ငံရပ်ခြားမှာ ပိုများလာတယ်။

၆။ ရှေးဟောင်းသုတေသနသမား

ပုဂံအနုပညာတန်ဖိုး ထိန်းသိမ်းရန် စာတမ်းမှာ ဒေါက်တာသန်းထွန်းပြောထားတာရှိတယ်။ ” တချို့ ရှေးဟောင်းသုတေသနသမား (Archaeologist)ဟာ ရှေးပစ္စည်း (အဆောက်အအုံ) ကိုမူလအတိုင်းရှိအောင် (Preservation) လုပ်ဖို့ သူ့မှာတာဝန်ရှိပေမယ့် ဘာကြောင့်ရယ်လို့ မပြောဘဲ အဲဒီတာဝန်ကို လေးလေးနက်နက် မဆောင်ရွက်ရင် ကျွန်တော်တို့မှာ အံ့ဩတာက လွဲလို့ ဘာမျှမလုပ်နိုင်တော့ပါ” တဲ့။

ထိန်းသိမ်းရန် အပါဝင်၊ တူးဖော်ရန်ဆို တာလည်းပါပါသေးတယ်။ တူးပြီးတိုင်းလည်း အများသိအောင် အစီရင်ခံစာထုတ်ဖို့လိုပါတယ်။

ဦးအောင်သော်ပြီးနောက် လူသိများထင်ရှားတဲ့ တူးဖော်မှုမျိုး နောက်ထပ်လုပ်ရပါမယ်။ အစီရင်ခံစာတင်တဲ့အခါမှာလည်း အရှိကို အရှိ၊ အမှန်ကို အမှန်အတိုင်း ဖြစ်ဖို့လိုပါတယ်။ တူးဖော်တဲ့အခါမှာ ပါဝင်ကြတဲ့ အလုပ်သမားတွေကိုလည်း မပြတ်ကြီးကြပ်ဖို့လိုပါတယ်။

သူတို့ပေါ့ဆမှုကြောင့် တူးဖော်ရင်းဖျက်စီးမိရက်သားဖြစ်တတ်တဲ့ သာတကတွေ အများကြီးရှိပါတယ်။
အသုံးပြုတဲ့ ပစ္စည်း၊ ဓာတုဗေဒ ပစ္စည်းတွေရဲ့ အချိန်အဆ၊ အတိုင်းအဆ ကိုသေသေချာချာသိထားဖို့လိုပါတယ်။ ယူနစ်စကို ရဲ့လမ်းညွန်မှုကို ယူရပါမယ်။

ယူနစ်စကိုစာရင်းဝင် ကမ္ဗောဒီးယားတို့ ၊ ထိုင်း အယုန္ဒယ တို့ကိုလေ့လာဖို့လိုပါတယ်။ ဟိုအရင် ကိုလိုနီခေတ်တုန်းကလောက် အလုပ်လုပ်ဖို့လိုပါတယ်။

၇။ အလုပ်လုပ်သူ လုပ်သား
သူတို့ပေါ့ဆမှုကြောင့် တူးဖော်ရင်းဖျက်စီးမိရက်သားဖြစ်တတ်တဲ့ သာတကတွေ အများကြီးရှိပါတယ်။ အခြေခံအသိ ပညာပေးဖို့လိုပါတယ်။

2 comments

  • True Faith

    July 26, 2010 at 11:56 am

    အော် နှမြောစရာ့ ပုဂံမြေပါလား။ တန်ရာ တန်ဖိုးကို အရှိအတိုင်း နားလည်ကြပါစေ။

  • petitelapine

    July 27, 2010 at 5:41 am

    ဒီအကြောင်းအရာက တော်တော်ကို ပြောသင့်တယ့် အကြောင်းအရာပါ ကိုယ်လည်း ဧည့်သည်တွေနဲ့ သွားတဲ့အခါ ခဏခဏပြောရပါတယ် မြန်မာတွေရဲ့ သဒ္ဒါ တရားးထက်သန်တာကိုလေ..ဒါပေမယ့် ပညာမတတ်တဲ့ စစ်အစိုးရကိုယ်တိုင်ကိုက မျှော်စင်ဆောက်၊ ဘုရားတွေကို အသစ်တွေ ပြင်နဲ့ဆိုတော့ ပုဂံရေ ရင်ထုပြီးသာ ငိုလိုက်ပါတော့ လို့ပဲ

Leave a Reply