တရားစခန်းသို့ တစ်ခေါက် (၃ – နောက်ဆုံးပိုင်း)
ဒီအပိုင်းမှာတော့ ကြုံခဲ့ရတဲ့ လူတွေအကြောင်းကို ပြောပြပါမယ်။ သူများအကြောင်းတွေပြောမယ်ဆိုတော့ အတင်းလိုမျိုးများ ဖြစ်မလားလို့ တွေးမိပါသေးတယ်။ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပြန်ရင်လည်း ပြီးပြည့်စုံနေတဲ့လူတစ်ယောက်တော့ မဟုတ်ပါဘူး။ အထူးသဖြင့် သီလစောင့်ထိန်းတဲ့အချိန်တစ်လျှောက်လုံး ကျွန်မတို့သူငယ်ချင်းတွေစုပြီး စကားပြောကြတဲ့အတွက် သီလတစ်ပါးကျိုးတယ်လို့များ ပြောလို့ရမလားတော့ မသိပါဘူး။ မျက်စိရှေ့မြင်နေတာတွေကိုတော့ ကြည့်ပြီး ပြောဖြစ်ခဲ့ကြတာ အမှန်ပါပဲ။ ဒီတော့ ဒါလေးတွေကိုပဲ ပြန်ပြီး ဖောက်သည်ချပါရစေ။
ပထမဆုံးကတော့ လူငယ်တွေများတဲ့အလျောက် စကားတွေအသားကုန်ပြောကြတာပါ။ လူများတဲ့အတွက် အသံတွေက ဆူနေပါတော့တယ်။ ကျွန်မတို့လည်း စကားပြောတဲ့အထဲမှာ ပါပါတယ်။ နာရီဝက်နားချိန်ပေးရင် စင်္ကြံမလျှောက်ဖြစ်ပါဘူး။ အစကတော့ လျှောက်မလို့ ကြိုးစားကြည့်ပါသေးတယ်။ ပတ်ဝန်းကျင်က လှုပ်လှုပ်ရွရွ၊ စကားသံတွေကကြားနေရဆိုတော့ အမှတ်မကပ်နိုင်တာနဲ့ပဲ မလျှောက်ဖြစ်တော့ပါဘူး။ လူငယ်များတယ်ဆိုတဲ့နေရာမှာ ယောက်ျားလေးက (၁၀၀)ကျော်လောက်ရှိပါတယ်။ အက်ဆစ်သံကြားလို့ အိမ်ကအတင်းပို့တာကြောင့် ရောက်လာကြပုံပါပဲ။ ဘာလို့လဲဆိုတော့ တစ်ရက်နှစ်ရက်အတွင်းမှာ တဖွဲဖွဲပြန်သွားကြလို့ပါ။
ပထမဆုံးဝင်တဲ့နေ့မှာ ဆရာတော်ဩဝါဒပေးတဲ့အကြောင်း ပြောပြီးပါပြီ။ ဆရာတော်ရော တာဝန်ခံဆရာတော်ရောက လူများတဲ့အတွက် သည်းခံကြဖို့၊ တရားစခန်းဆိုတာ ကိုယ့်အိမ်ကိုယ့်ယာလိုတော့ သက်တောင့်သက်တာဖြစ်နေမှာမဟုတ်တဲ့အတွက် တရားလိုချင်လို့လာတဲ့နေရာမှာ အဆင်ပြေအောင်နေကြဖို့၊ ညသန်းခေါင်သန်းလွဲ ရေထမချိုးကြဖို့၊ ဖုန်းတွေပိတ်ထားကြဖို့ (တရားထိုင်ရာနေရာမှာ ဖုန်းတွေ့ရင် သိမ်းပြီး ဖျက်ဆီးပစ်ပါမယ်တဲ့)၊ အထူးသဖြင့် ယောက်ျားလေးတွေ ကွမ်းမစား၊ ဆေးလိပ်မသောက်ကြဖို့၊ ရှေ့မှာထိုင်ကြမှာဖြစ်တဲ့အတွက် အချိန်နည်းနည်းလောက် စောလာခဲ့ကြဖို့၊ နောက်ဆုံး အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဘယ်လိုပဲရောက်လာရောက်လာ တရားစခန်းကိုရောက်လာရင်တော့ စည်းကမ်းအတိုင်း သည်းခံပြီးနေပေးကြဖို့ ဩဝါဒပေးပါတယ်။
ပထမဆုံးနေ့ရဲ့ ညနေ (၅) နာရီလောက် တရားစခန်းမစခင်က ဩဝါဒပေးလိုက်တာ နောက်တစ်နေ့ မနက်မှာ ဇာတ်လမ်းက စပါလေရော။ (ကိုးဘွဲ့ရဆရာတော်က နယ်က တရားစခန်းတစ်ခုမှာ တာဝန်ယူပေးနေရလို့ ခဏလောက်ပဲ ပြန်လာနိုင်ပါတယ်။ တာဝန်ခံဆရာတော်နဲ့ တရားပြဆရာတွေကပဲ ကြီးကြပ်တာပါ။) မနက်မိုးလင်းတော့ တာဝန်ခံဆရာတော်က ပြောပါတယ်။ ညက ယောက်ျားလေးတွေ ဆေးလိပ်တွေသောက်တယ်၊ မဟုတ်တာတွေလုပ်တယ်၊ အကုန်သိတယ်၊ မဖမ်းအားသေးလို့ မဖမ်းသေးတာ၊ မိလို့ကတော့ အိမ်တွေကို ဖုန်းဆက်ပြောပြီး ပြန်ပို့ပစ်မယ်တဲ့။ ဒီရက်လေးကို မလုပ်ပါနဲ့လို့ပြောတာ လုပ်ဖြစ်အောင်လုပ်ကြတယ် ဘာညာနဲ့ ဆူပါတယ်။ ကျွန်မတို့လည်း မဟုတ်တာဆိုတာ ဘာပါလိမ့်လို့ သိချင်ကြတာပေါ့။ မကြာပါဘူး။ သီလပေးချိန်ရောက်တော့ ဆရာတော်က မေးပါတယ်။ (IT ခေတ်ဖြစ်တဲ့အတွက် ဆရာတော်က ဖုန်းထဲကနေ သီလပေးပါတယ်။)
“နေပါဦး… မေးစရာရှိသေးတယ်…ယောက်ျားလေးယောဂီများ..”
“ဘုရား…”
“ညက ဖဲရိုက်ကြတယ်ဆို… အဲ့ဒါ ဟုတ်သလား…”
ဘုရား… ကျွန်မတို့ တကယ်ကို မျက်လုံးပြူးသွားကြပါတယ်။ တရားစခန်းမှာ ဖဲရိုက်တယ်တဲ့။ အကြံအစည်ရှိရှိနဲ့ ဖဲထုပ်ယူလာကြပုံပါပဲ။ “မဟုတ်ပါဘူး ဘုရား” ဆိုတဲ့ အသံလေးတစ်သံနှစ်သံတော့ ထွက်လာကြရဲ့။ အတော်များများကတော့ ငြိမ်နေကြပါတယ်။ မနက်ကပြောတဲ့ မဟုတ်တာလုပ်တယ်ဆိုတာ အခုမှ သဘောပေါက်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ယနေ့ခေတ်လူငယ်တွေရဲ့ ပျက်စီးနေတဲ့စိတ်ဓာတ်ကိုလည်း ထိတ်လန့်တကြားတွေ့လိုက်ရသလိုပါပဲ။ ထပ်ပြောရရင် “ပညာ” ပေါ့နော်။ ပညာဆိုတာ “အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် ကို ဝေဖန်ပိုင်းခြားသိတဲ့ဉာဏ်” ဖြစ်ပါတယ်။ ဒီလိုအချိန်၊ ဒီလိုနေရာမှာ ဒါလုပ်သင့်၏၊ မလုပ်သင့်၏ ဆိုတာကို မဆင်ခြင်နိုင်ကြတဲ့၊ ပညာမဲ့တဲ့ လူငယ်တွေများ ဖြစ်နေကြပြီလားလို့ တွေးမိပါတယ်။ ဒီလိုစိတ်ဓာတ်တွေ ဘယ်အချိန်ကတည်းက ရှိနေကြတာပါလိမ့်။ နောက်နေ့မှာတော့ ဖဲရိုက်တဲ့အသံ မကြားရတော့ပါဘူး။
ဒါပေမယ့်.. အဲဒီ ဒါပေမယ့်ကလည်း ဆိုးပါတယ်။ ဆေးလိပ်သောက်တာကတော့ နှစ်ရက်လောက်အထိ ကြားနေရပါသေးတယ်။ နောက် tablet တွေနဲ့ ဂိမ်းဆော့နေတာတွေလည်း ကြားရတယ်။ နောက်တစ်ခုကတော့ တစ်ချို့တွေက စုံတွဲလိုက်၊ ယောက်ျားလေးမိန်းကလေး သူငယ်ချင်းအဖွဲ့လိုက် တရားစခန်းဝင်လာကြတာပါ။ ဆိုတော့ နားချိန်မှာ သူတို့တွေက အချင်းချင်းတွေ့ကြ၊ စကားပြောကြပေါ့။ အတွဲလေးတွေ ထိုင်ပြီး ပြောနေကြတာ တွေ့ရသလို၊ အဖွဲ့လိုက် စကားတွေထိုင်ပြောနေတာလဲ တွေ့ရပါတယ်။ ကျွန်မကတော့ ဒီလိုနေရာမှာ ယောက်ျားလေး၊ မိန်းကလေး တွဲမနေသင့်ဘူးလို့ ထင်ပါတယ်။ ဒီတော့ ဆရာတော်တွေ စည်းကမ်းမတင်းကျပ်ဘူးလို့ အပြစ်ဆိုကြမလားမသိဘူး။ ကျွန်မကတော့ လူတွေကိုပဲ အသိရှိစေချင်ပါတယ်။ တရားစခန်းဝင်ယောဂီအချင်းချင်း စကားပြောတာထက် ဆိုးတာကတော့ အပြင်က ဧည့်သည်လာတွေ့တာပါပဲ။ တစ်နေ့သားတော့ နားချိန်မှာ ကျောင်းဝန်းထဲက မြက်ခင်းပြင်မှာ ထိုင်နေကြတုန်း ရှေ့ကအဝိုင်းလိုမျိုးလုပ်ထားတဲ့ အုတ်ပေါင်ပေါ်မှာ မိန်းကလေးယောဂီနဲ့ ဧည့်တွေ့လာတဲ့ကောင်လေးတို့ စကားပြောနေကြပါတယ်။ ကောင်လေးက မူးနေတာမှ တော်တော်လေးကို မူးနေတာပါ။ ဆိုတော့ ဒီလိုနေရာမှာ ဒီလိုတွေ့ရတာ အတော်လေးရုပ်ဆိုးပါတယ်။ ကောင်မလေးကလည်း ပြန်ခိုင်းမယ့်ပုံမပေါ်ပါဘူး။ ကျွန်မတို့ကလည်း စာဖတ်လိုက်၊ စကားပြောလိုက်ဆိုတော့ သူတို့ကို ကျောခိုင်းနေလိုက်ပါတော့တယ်။
ကြားထဲမှာ စိတ်မကောင်းစရာ သတင်းတစ်ခုကလည်း ကြားရပါသေးတယ်။ တရားစခန်းလာဝင်တဲ့ မိသားစု(၃)ယောက် ချက်ချင်းပြန်သွားကြပါတယ်။ သူတို့သားက ဆိုင်ကယ်မှောက်လု့ိ ပွဲချင်းပြီးဆုံးသွားပါတယ်တဲ့။ အဲဒီလို ကိစ္စရှိလို့ ပြန်ကြတဲ့သူတွေရှိသလို အိမ်က လာခေါ်တာတွေ၊ ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားကြတာတွေ အများကြီးပါပဲ။ တာဝန်ခံဆရာတော်ကတော့ စိတ်မကောင်းဖြစ်ပုံရပါတယ်။ ဘာပဲဖြစ်ဖြစ် လူငယ်တွေကို တရားစခန်းပြီးတဲ့အထိ နေစေချင်ပုံပါပဲ။ သူတို့ဆန္ဒမရှိမှတော့ ကိုယ်တွေလည်း ဘာမှ မတတ်နိုင်ပါဘူး။
ဝေယျာဝစ္စအကြောင်းနဲ့ ပတ်သက်ရင်တော့ ဝေယျာဝစ္စလုပ်တဲ့လူငယ်က ခန့်မှန်းခြေ (၂၀) ကျော်လောက်တော့ ရှိမယ်ထင်ပါတယ်။ လူ (၁၀၀၀) ကျော်အတွက် ဝေယျာဝစ္စ (၂၀) ဆိုတာ တကယ်တော့ နည်းပါတယ်။ ချက်ပြုတ်ရေး၊ ကျွေးမွေးရေး၊ သန့်ရှင်းရေး အစစအရာရာ သူတို့တွေလုပ်ရတာ အရမ်းပင်ပန်းပါတယ်။ ယောဂီတွေပင်ပန်းတယ်ဆိုတာ သူတို့နဲ့ယှဉ်ရင် အများကြီး သက်သာပါတယ်။ ဆိုတော့ သူတို့တွေ ပင်ပင်ပန်းပန်းလုပ်ပေးတာ၊ အလှူရှင်တွေလှူကြတာ ယောဂီတွေရဲ့ သီလ၊ တရားအပေါ်မှာ သဒ္ဓါစိတ်ရှိကြလို့ပါ။ ဝေယျာဝစ္စက ဝေယျာဝစ္စတာဝန်ကို ကျေရင် ယောဂီတွေဘက်ကလည်း ယောဂီတာဝန်ကို အကုန်လုံးမကျေနိုင်ရင်တောင် တတ်နိုင်သလောက်တော့ စောင့်ထိန်းဖို့လိုတယ်ထင်ပါတယ်။ တွေ့ရပါတယ်.. အလှပြင်တဲ့ယောဂီတွေ၊ ညနေဘက်ဗိုက်ဆာလို့ မုန့်စားရင်တောင် ကိုယ့်နေရာမှာကိုယ်မစားဘဲ ကျောင်းဝန်းထဲမှာ၊ ခန်းမထဲမှာ ပေါ်တင်စားကြတာတွေ .. အများကြီးပါပဲ။
ဒါက လူငယ်တွေအကြောင်းပါ။ လူကြီးတွေအကြောင်းကတော့ သူတို့နဲ့တွေ့ချိန်ကနည်းတော့ သိပ်တော့မသိခဲ့ပါဘူး။ သိသမျှလေးပဲ ဖောက်သည်ချပါမယ်။ နေရာလုရတဲ့အကြောင်းကတော့ အပိုင်း (၁) မှာ ပြောပြီးပါပြီ။ နောက်ကြုံရတာကလည်း အဲဒီလိုဆန်ဆန်ပါပဲ။ အိမ်သာဝင်ဖို့ တန်းစီစောင့်ပြီး ကိုယ့်အလှည့်ရောက်ရင် အနောက်ကနေ တံခါးကိုဆွဲပြီး အရင်ဝင်ပါရစေလို့ ပြောတတ်တဲ့သူတစ်ချို့ရယ်၊ နားချိန်မှာ ကိုယ့်နေရာကိုယ်ပြန်ကြလို့ လှေကားမှာ လူကျပ်နေရင် လက်နဲ့အတင်းဖယ်ပြီး ရှေ့ကို အတင်းတိုးတတ်တဲ့သူတစ်ချို့ရယ်၊ လူငယ်တွေက တတ်နိုင်သလောက် ဝေယျာဝစ္စလုပ်နေရင် ဝင်မလုပ်ဘဲ ဟိုလိုလုပ်ရတယ်၊ ဒီလိုလုပ်ရတယ် ပြောတတ်တဲ့သူတစ်ယောက်စနှစ်ယောက်စရယ်။
နောက်ဆုံးပြောချင်တာကတော့ ထမင်းစားကြတဲ့အကြောင်းပါပဲ။ ထမင်းစားရင် အမှတ်နဲ့လည်းမစားနိုင်ပါဘူး။ အလှည့်ကျနဲ့စားရတဲ့အတွက် မြန်မြန်ဆန်ဆန်မလုပ်ရင်တောင် ဖြည်းဖြည်းလုပ်နေလို့ မရပါဘူး။ ပြီးတော့ ခုံတန်းရှည်ကြီးတွေချထားပြီး တစ်ဖက်တစ်ချက်မှာ ထိုင်စားရတာပါ။ တစ်ခြမ်းပြည့်မှ နောက်တစ်ခြမ်းကို လူဝင်ရတယ်ပေါ့။ စားရတာကတော့ ပုံစံခွက်လို ပန်းကန်လေးတွေနဲ့ပါ။ ထမင်းနဲ့ ဟင်းနဲ့ကိုတော့ ထည့်ပေးထားပါတယ်။ ထမင်းကိုတော့ ဝေယျာဝစ္စတွေက လိုက်ပေးပါတယ်။ ဟင်းကတော့ ထပ်မရပါဘူး။ ဟင်းချိုရယ်၊ ငါးပိရည်ရယ်၊ တို့စရာရယ်ကိုတော့ ငါးယောက်တစ်ပန်းကန်လိုမျိုး လုပ်ပေးထားပါတယ်။ အဲဒီမှာ ရှိသမျှ တို့စရာကို ပန်းကန်ထဲ အကုန်ထည့်ထားတတ်တဲ့သူတွေ၊ ဟင်းချိုထဲက အဖတ်တွေအကုန်ကို ကိုယ့်ပန်းကန်ထဲ ဆယ်ထည့်ထားတဲ့သူတွေ၊ တစ်ခါတစ်လေ ကိုယ်တင်မက ကိုယ့်ဘေးကအဖော်ကိုပါ ထည့်ပေးတတ်တဲ့သူတွေ… တွေ့ခဲ့ရပါတယ်။ တွေ့သမျှကလည်း လူကြီးတွေပါ။ လူငယ်တွေက အချင်းချင်းညှာညှာတာတာနဲ့ ကြည့်ပြီးစားကြပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်မတို့တွေကတော့ အဲဒီလိုလူတွေကိုတွေ့ရလေ အော်… ဆိုပြီး အံ့ဩကြလေပါပဲ။ တကယ်ပါ။ လူထောင်ကျော်ရဲ့ မတူညီတဲ့စရိုက်တွေကို ဒီလိုတွေ့ခွင့်ရတာ အတွေ့အကြုံတစ်ခုလို့ သတ်မှတ်မိပါတယ်။ လေးလေးပါပြောသလို အမှန်တရားတစ်ခုပေါ့။ အနည်းဆုံးတော့ ငါ့အလှည့်မှာ ဒီလိုမဖြစ်အောင်ဆင်ခြင်မှ ဆိုတဲ့ အသိကလေးရလာပါတယ်။ လူဆိုတာ ကိုယ်လုပ်ရင်တော့ မကောင်းမှန်းမသိဘူး။ သူများလုပ်တာမြင်မှ မကောင်းမှန်းသိကြတာတွေလည်း ရှိပါတယ်။ ကျွန်မလည်း အဲဒီလိုလူမျိုးထဲမှာပါတယ် ထင်ပါတယ်။ ကိုယ့်အတွက်ကတော့ ဘာမဟုတ်တာလေးကို အမှတ်တမဲ့လုပ်မိလိုက်တာဖြစ်ပေမယ့် အများအမြင်မှာ၊ လူ့ပတ်ဝန်းကျင်မှာ မသင့်တော်တာ ဖြစ်သွားတတ်ပါတယ်။ ဒါတွေကို သတိထားရမယ်ဆိုတာလေးကို နှလုံးသွင်းမိပါတယ်။
ကျွန်မသွားခဲ့တဲ့ တရားစခန်းက တိတ်ဆိတ်ငြိမ်သက်နေတဲ့နေရာတစ်ခု မဟုတ်ခဲ့သလို သက်တောင့်သက်သာရှိတဲ့ နေရာလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဆရာတော်ရဲ့ မေတ္တာရိပ်အောက်မှာ အရာရာကို သည်းခံပြီး ပျော်ရွှင်ခဲ့ကြပါတယ်။ တရားပြဆရာတွေရဲ့ ကျေးဇူးကြောင့် မသိတာတွေကို သိလာခဲ့ရပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာကို နည်းနည်းလေး ပိုသိလာပါတယ်။ မတွေ့ဖူးတဲ့လူတွေကိုလည်း တွေ့လာခဲ့ရပါတယ်။ အခုချိန်ထိ အဲဒီအချိန်တွေကိုပြန်တွေးရင် ကြည်နူးမိတုန်းပါပဲ။ ကျွန်မသူငယ်ချင်းတွေလည်း ဒီလိုပါပဲ။ ဒါကြောင့် မိုးတွင်းမှာ တရားစခန်းဖွင့်လို့ ကိုယ်တိုင်မဝင်ဖြစ်ရင်တောင် အားတဲ့အချိန်လေးမှာ ဝေယျာဝစ္စလုုပ်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။ နောက်နှစ်တွေမှာ အကြောင်းတိုက်ဆိုင်ရင်လည်း အဲဒီမှာပဲ တရားစခန်းပြန်ဝင်ချင်ပါသေးတယ်။ ကျွန်မရဲ့စာကို စောင့်ဖတ်ပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင်။
ခင်တဲ့
လုံမလေးမွန်မွန်
30 comments
Mr. MarGa
April 26, 2013 at 6:41 pm
အဟမ်း…………
ဒါဆိုရင် တရားတော့ ရလာပုံပဲ
ယောက်ျားလေးတွေ မဟုတ်တာလုပ်တာကိုတော့ ခွင့်လွှတ်လိုက်ပါကွယ်
သူတို့လဲ ပုထုဇဉ်ပေကိုး :hee:
ဒါပေမယ့် ကိုယ်ပိုင်အသိစိတ်နဲ့ ရှောင်ရှားသင့်သပေါ့
လူကြီးတွေလဲ လူကြီးတွေအလျောက်
လူငယ်တွေလဲ လူငယ်တွေအလျောက်
အသိလေးနဲ့ ထိန်းသင့်တာပေါ့ကွယ်
ဒီပို့စ်ကို ဖတ်ပြီးမှ ဦးမာဃ တရားစခန်းဝင်ပုံလေး သွားသတိရတယ်
ဒါပေမင့် မရေးတော့ပါဘူးလေကွယ်…………….
GaviaGirl
April 30, 2013 at 10:35 am
ပထမဆုံးပြောချင်တာကတော့ ရွာထဲကို ဝင်ရတာ အဆင်မပြေလို့ ကွန်မန့်တွေကို အကုန်မပြန်ဖြစ်တာဆိုတာပါပဲ… 🙂
ပြောပါတယ်…တရားနည်းနည်းရလာပါတယ်လို့…
ဦးမာဃရဲ့ အတွေ့အကြုံလေးလည်း ရေးပါဦး… သိချင်လို့ပါရှင့်…
မဟာရာဇာ အံစာတုံး
April 26, 2013 at 7:35 pm
ဘာပဲပြောပြော …
လူငယ်တွေကို တရားနဲ့ အတန်အသင့် ရင်းနှီးမှု ရှိလာအောင်
ကြိုးစား အားထုတ်ပြီး တရားစခန်း ဖွင့်ပေးတဲ့
ဆရာတော်ရဲ့ လုပ်ရပ်ကိုတော့ ချီးကျူးပါတယ် …
အနာဂါတ် သာသနာကို ပုခုံးပြောင်း တာဝန် ယူကြမယ့် လူငယ်တွေအတွက်
အခြေခံ အဆင့်အနေနဲ့ တင်းကြပ်မှု မရှိဘဲ တရားနဲ့ နည်းနည်းလေး ရင်းနှီး သွားခဲ့ရင်လည်း တန်ပါတယ်လေ …
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီတစ်ရားစခန်းကို ဖွင့်လှစ်တာလို့ မြင်မိပါတယ် …
ကျန်တာကတော့ မပြောတတ်ပါဘူး …
ဒီတော့ .. ဒါပါပဲလို့ …
Crystalline
April 26, 2013 at 8:21 pm
နောင်နှစ်တရားစခန်းဝင်ရင်..ဟိုအဒေါ်ကြီးနဲ ့နေရာလုတဲ့နေရာသွားပြန်ထိုင်..ပြီးရင် မနှစ်ကတည်းက ကျမထိုင်ခဲ့တဲ့နေရာလို ့ပြောပလိုက်.. :harr:
လုံမလေးရေ..ငယ်ငယ်ရွယ်ရွယ်နဲ ့စိတ်ပါဝင်စားစွာလုပ်နိုင်ခဲ့တာ ပြန်ဝေငှနိုင်တာချီးကျူးပါတယ်..
အရှင် သခင် ဆရာ ကိုယ်တော် mobile
April 26, 2013 at 8:46 pm
တရားစခန်းမှာ ဖဲဝိုင်းလဲရှိဆိုပါလား…….
tablet နဲ့ဂိမ်းဆော့သူလည်းရှိဆိုတော့…..
ဖဲဒိုင်လုပ်မယ် ပြီးရင် ပိုက်ဆံကြေးဂိမ်းဆော့မယ်……
မဆိုးဘူးပဲ…ကြုံကြိုက်ပါက အဲ့ဒီတရားစခန်းကို ဝင်ချင်ပါတယ်…..
စဂါးမစပ်….
ဟိုတစ်နေ့ည လုံဂလေးပြောတဲ့ ဘိုင်ယံက ၄-ဝ တဲ့ဗျ….
မဆိုးဘူးနော် ကျုပ်နဲ့ လုံဂလေးနဲ့ အတူတကွပေါင်းသင်းပြီး…..(အလုပ်သဘောအရ ဆိုလိုပါ၏)
လောင်းဂစားလုပ်ရင် အိုစခေနိုင်တယ်…..
ခင်ခ
April 26, 2013 at 8:56 pm
တရားစခန်းအကြောင်းပြည့်ပြည်စုံစုံ ရေးပေးသွားလို့ကျေးဇူးပါ
တရားစခန်းသို့လေ့လာရေးသွားခဲ့ကြတာပေါ့နော်။
မိုက်ကယ်ဂျော်နီအောင်ပု
April 27, 2013 at 1:08 am
ဘာဘဲဖြစ်ဖြစ်ပါ ဒီပိုစ့်ဟာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ အကြောင်းတစ်ခုလို့ ယုံကြည်မိပါပြီး
စာရေးသူအနေနှင့် အဂတိကင်းစွာ ရေးခဲ့တယ်လို့လည်းမှတ်ယူပါတယ်
အကြောင်းရာတစ်ခုခြင်းကို သေခြာသုံးသပ်ပြီး တွေးကြည့်ပါဦးမည်
အထူးသဖြင့် တရားစခန်း နေရာဌာန ကို အတိလင်းဖေါ်ပြထားတဲ့အတွက်
စာဖတ်သူများအနေနှင့် တရားစခန်းနှင့် တာဝန်ရှိသူများအပေါ်မှာ သဘောထားမတိမ်းစောင်းကြဘို့
အထူးတိုက်တွန်းပါပြီး
သက်ဆိုင်ရာ တရားစခန်းတာဝန်ရှိသူ ပုဂ္ဂိုလ်များဟာ လူငယ်များကို တရားအလုပ် လုပ်ကြစေဘို့
လိုက်လျှောထားပုံရပါတယ်
ဒီအကြောင်းဟာ အတော်ပြောရခက်ပါတယ်
( အဆိုပါ တရားစခန်း တာဝန်ရှိသူများဟာ အတွေ့ကြုံရင့်ကြပ်ပုံရတယ်လို့ မှတ်ချက်ချမိပါတယ် )
မဟာရာဇာ အံစာတုံး
April 27, 2013 at 5:39 am
ကျော်လည်း အဲ့ဒါကို တွေးပူမိတာပဲ
တစ်ခါမှ မတွေ့ဖူးသူတွေ အနေနဲ့
တရားရိပ်သာ ဆိုတာ ဒီလိုမျိုးကြီးလား ဆိုပြီး မှတ်ထင်သွားမှာ စိုးမိတယ် …
တစ်နေရာမှာ တွေ့ဖူးပြီးသား လူတွေ အနေနဲ့
အော် .. ဒီကျောင်းက ဒီလိုမျိုးကြီးပဲ ဆိုပြီး ဆရာတော်နဲ့ ကျောင်းကို အထင်စမောသွားမှာ စိုးမိတယ် …
တကယ်ဒေါ့ ..
အထက်က ဆာယေးချရာဂျီး ကိုမိုက်ကယ်ဂျော်နီ အောင်ဘု ပေါဒလိုဘာဗျဲ ..
စာဖတ်သူများအနေနှင့် တရားစခန်းနှင့် တာဝန်ရှိသူများအပေါ်မှာ သဘောထားမတိမ်းစောင်းကြဘို့
အထူးတိုက်တွန်းပါပြီး
သက်ဆိုင်ရာ တရားစခန်းတာဝန်ရှိသူ ပုဂ္ဂိုလ်များဟာ လူငယ်များကို တရားအလုပ် လုပ်ကြစေဘို့
လိုက်လျှောထားပုံရပါတယ်
ဒီအကြောင်းဟာ အတော်ပြောရခက်ပါတယ် …..
ဒါဂို သေဂျာ ဆင်ခြင်ဂျစေဂျင်ဘာဒယ် …
kyeemite
April 27, 2013 at 9:11 am
အတွေ့အကြုံကို အသေးစိတ်ရေးပြနိုင်တာ ချီးကျူးပါတယ် မွန်မလေးလုံလုံရေ…
အဲဒီလိုလူ့သဘာဝစရိုက်မျိုးစုံတွေနဲ့ တွေ့ထိမိလာတာကိုက တရားရတာဖြစ်ပါဂျောင်းးး
ဖော့(စ)ထရော့ချာလီ
April 27, 2013 at 10:07 am
ရေလုံပြုတ်မွန်မွန်ရေ…
ညီမလေးရဲ့ တရားစခန်းတွေ့အကြုံတွေကိုဖတ်ပြီးတော့ အတွေးတစ်ခုပေါက်မိတယ်…
တရားစခန်းဝင်တဲ့လူတိုင်းတော့မဆိုလိုပါဘူးဗျာ…
တချို့တချို့သောသူများကတော့ တရားစခန်းဝင်တယ်ဆိုတာ လူကြားကောင်းအောင်…
For Show လုပ်ပြနေကြတာလို့ပဲမြင်ပါတယ်…
တရားစခန်းခဏခဏသွားတယ်… လောဘတွေလဲလျော့မလာဘူး…
ဒေါသတွေလဲ ကင်းမလာဘူး…
လူရှေ့သူရှေ့ကျရင်… တရားအကြောင်းတွေဖောင်လောက်ဖွဲ့ ပြောကြနဲ့…
တကယ်တန်းကျတော့ ဘာမှမထူးပါဘူး…
အဲဒီတော့ညီမရေ…
တရားစခန်းဝင်ခြင်း မဝင်ခြင်းထက်… မိမိကိုယ်ကိုကောင်းအောင်ကြိုးစားခြင်းက
ပိုပြီးတော့အဓိကကျလိမ့်မယ်လို့ မြင်မိကြောင်းပါ…
ခင်မင်လျက်-
ဖက်ဖက်ကက်
ကထူးဆန်း
April 27, 2013 at 12:09 pm
မှန်တယ် .. ထောက်ခံတယ် .. အဲ့ဒါ ကို ဘဲ အကြောင်းပြပြပြီး တရားစခန်း ဘုန်းကြီးကျောင်း မဝင်ရအောင် ရှောင်နေတာ ကြာပါ့ … :harr:
မောင် ပေ
April 27, 2013 at 11:23 am
မွန်လေးရေ သင်္ကြန်ရက် တရားစခန်းဆိုတာမျိုးကတော့
တစ်ကယ် တရားလိုချင် လို ့လာဝင်တဲ့လူ
နိုင်ငံရေးအခြေအနေ ကို ကြောက်လို ့ တရားစခန်းမှာ လာနေတဲ့လူ
ကိုယ့်အိမ်မှာကိုယ်နေရင် ပူလို ့ ၊ တရားရိပ်မှာ အေးအေးလူလူ လာနေတဲ့လူ
အို စုံနေမှာပါပဲ
ဒီတော့ နောက်နှစ် စခန်းဝင်ဖြစ်ခဲ့မယ်ဆိုရင်
ဒီနှစ် မွန်လေး တွေ ့ခဲ့တဲ့ လူမျိုးတွေနဲ ့များ ပြန်တွေ ့ခဲ့ရင် ၊ ဥပစ်ခါ ရှုပြီး တရားထူးရတဲ့အထိ အားထုတ်ကျင့်ကြံ နိုင်ပါစေကွယ်
kai
April 27, 2013 at 4:07 pm
လူငယ်ဖြစ်ပြီး.. တရားစခန်းဝင်တာကိုက.. မှားနေတာလို့..ထင်မိတယ်..
အဲလိုစခန်းသွင်းကျင့်တာ.. ဗုဒ္ဓဘာသာထဲ.. ဘုရားလက်ထက်မှာလည်းမရှိ.. ရှေးမြန်မာခေတ်ကလည်းမရှိ..
ဆိုတော့..
ဒီခေတ်ဖက်ရှင်ကို.. ခေတ်နဲ့မှီအောင်လိုက်တယ်ပဲ.. မှတ်ပါတယ်.. :harr:
ကဲ..
ထုံးစံအတိုင်း..
သခင်မျိုးဟေ့.. ဒို့ဘားမန်င်း…
အရိပ်စစ်
April 27, 2013 at 9:35 pm
တိမီးဝင်တုန်းက တွေ့ခဲ့တဲ့ လူကြီးသူမတွေကတော့လေ အသက်ငယ်ငယ်နဲ့သန်တုန်းမြန်တုန်းအရွယ်မှာ
တရားစခန်းဝင်ပီး အားထုတ်လေ့ကျင့်တာ အသက်ကြီးတဲ့ အချိန်ရောက်ရင် လွယ်ကူတယ်တဲ့
MaMa
April 27, 2013 at 10:29 pm
သဂျီးရေ-
(လူငယ်ဖြစ်ပြီး.. တရားစခန်းဝင်တာကိုက.. မှားနေတာလို့..ထင်မိတယ်…)
ဆိုတော့ကာ…….
ငယ်ရွယ်တုန်း မသေဘူးလို့ ဘယ်သူကများ အာမခံချက်ပေးထားနိုင်လို့လဲ မသိဘူး။ :byae:
S@i S@i Fin K@i
April 28, 2013 at 12:36 am
သဂျီး ပါဠိလိုဟောတာ မြင်မိသလိုပဲ.
သို့သော် ဒါးသိုင်းကနေပါတယ် ဆိုတာ သိလျက်နဲ့တော့ ရွှေရိုး
ဝင်မဒွန့်လိုပါဘု. အာဟိ
တကယ်ဆိုရင် တခုပဲလိုတယ်
ဘာကြောင့် Mgmt: မဖတ်သလရကွယ်
ဒက်ဂလောက် ဒက်ဂလောက်.
kai
April 28, 2013 at 3:20 am
ဟုတ်သားပဲ..
နည်းနည်းမှားသွားတယ်..
ပြင်လိုက်မယ်နော….
ဗုဒ္ဓဘာသာဝင်လူငယ်ဖြစ်ပြီး.. တရားစခန်းဝင်တာကိုက.. မှားနေပါတယ်လို့..။
ဂေါတမဘုရားသက်တော်ထင်ရှားရှိစဉ်က..တရားစခန်းတွေရှိခဲ့ဖူးတာပဲ..
ဂေါတမဗုဒ္ဓကိုယ်တော်တိုင်တောင်.. ဘုရားမဖြစ်ခင်က.. တရားရှာရင်း.. တရားစခန်းဝင်လေ့ကျင့်ခဲ့ဖူးသေးတယ်..။ အမှတ်မမှားရင်.. စခန်းကြီး၃ခုပဲ..။
ပြီးတော့.. အဲဒီနည်းတွေနဲ့.. ဒုက္ခရစရိယာကျင့်..
နောက်တော့.. မှားမှန်းသိတော်မူခဲ့တာ..။ :kwi:
အရီးခင်လတ်
April 29, 2013 at 1:38 am
ဒါဟာ အဓိက အချက်ဘဲ လေသူကြီး။
စစ်တုရင်ကစားနေတာဆိုရင် Check လို့ အော်ပါတယ်။ 😉
ငါတစ်ကိုယ်လွတ်ပြီးရော စိတ်နဲ့ မဟုတ်ဘဲ လေးသချေင်္ ကမ္ဘာ တစ်သိန်းကြာ ပါရမီမေတ္တာ အနန္တနဲ့ သတ္တဝါတွေ သံသရာက ကျွတ်တန်းဝင်နိုင်ဖို့ ကျင့်ကြံခဲ့ပြီး နည်းလမ်းထားခဲ့တာ ဗုဒ္ဓ မဟုတ်လား။
သတ္တဝါတွေ မှာလဲ သူ့လောက်ပြင်းပြင်းထန်ထန် ကျင့်ကြံစရာမလိုဘဲ ဖြတ်လမ်း ရခဲ့တာမို့ ဗုဒ္ဓ ကဟောကြားနည်းပြသည်ကို လိုက်နာသူများအား ဗုဒ္ဓဘာသာဝင်လို့ ခေါ်ကြတာမဟုတ်လား။
တရားစခန်းတိုင်းဟာ ဗုဒ္ဓဟောခဲ့သလို နည်းမှန်တယ်လို့ မပြောနိုင်ပေမဲ့ အခြေခံလောက်တော့ ယူတတ်ရင်ရကြမှာပါ။
အနည်းဆုံးတော့ ခေါင်းအရမ်းကိုက်ချိန် သောက်စရာဆေးမရှိခဲ့ချိန် ဒီလိုဝေဒနာမျိုးကိုတော့ ဖြစ်ပျက်မှတ်ပြီး ဖယ်ထုတ်နိုင်ရင် တော်ရုံကို အမေ အဘ တနေစရာ မလို တော့ဘူးပေါ့။
သံသရာက မကျွတ်နိုင်ရင်တောင် ထွက်သက်မရပ်ခင်မှာ ဘယ်လိုဝေဒနာမျိုးကမှ ကိုယ့်ကို အနိုင်ယူမသွားနိုင်တော့ဘူးပေါ့။
kai
April 29, 2013 at 3:17 pm
အိန္ဒိယပြည်ရဲ့.. ကျောက်နံရံဂူတွေမှာ.. သိဒ္ဒတ္တမင်းသားလို့..ယူဆရတဲ့.. ကလေးပုံနဲ့.. တရားစခန်း( အဲဒီခေတ်က တရားစခန်းသွင်းကျင့်တာ.. ဟိန္ဒူဘာသာနဲ့.. ဂေါတမဗုဒ္ဓထက်နည်းနည်းစောတဲ့ဂျိန်းဘာသာ မှာပဲရှိတယ်..) ဝင်.. လေ့ကျင့်နေပုံတွေရှိတယ်လို့.. စာအုပ်ထဲမြင်ဖူးတယ်..
( ထုံးစံအတိုင်း မြန်မာစာအုပ်မဟုတ်ပါ)
ဟိန္ဒူသာသနာအရ.. တရားထိုင်.. ကသိုဏ်းရှု.. တောအရပ်ခို.. တဦးတည်းတောထွက်.. တရားစခန်းဂိုဏ်းဖွဲ့ကျင့်ကြတာ.. အဆန်းမဟုတ်ပါ…။
ဂေါတမဗုဒ္ဓမပွင့်ခင်.. ရှေးကလည်းလုပ်.. အခုထိလည်းလုပ်နေကြတာပါ..
ဆိုတော့..
အဲဒါလေး.. သတိပြုမိကြဖို့ပါပဲ..
အဲ..ကျန်လို့..
(ကျုပ်အယုံအကြည်မရှိတော့တဲ့)လောကနိတိထဲက.. :kwi:
လောကနီတိ ၁၁
ပထမအရွယ်ပညာရှာ၊
ဒုတိယအရွယ် ဥစ္စာရှာ၊
တတိယအရွယ် တရားရှာ။
Pursue education in early age.
Pursue wealth in middle age.
Purse Dhamma in old age.
အရီးခင်လတ်
May 1, 2013 at 5:31 pm
လောကနီတိကြီးကို နယ်ရုပ်လို သဘောထားပြီး ထိုးကျွေး နေပါရော့လား။
:harr:
အခုတော့ သူကြီးရေ
ပထမ အရွယ်မှာ ပညာရှာ
ဒုတိယ အရွယ်မှာ ပညာရှာ
တတိယ အရွယ်မှာလဲ အရွယ်မှာ ပညာရှာ နေရဦးမှာဘဲ ထင်ရဲ့။
San Hla Gyi
April 28, 2013 at 9:23 am
ဟုတ်ကဲ့ ဒီစကားလေးလဲ မှားနေပါတယ် ခင်ဗျာ။ ဒါကတော့ နာမည်ကျော် မိုးပြာဂိုဏ်းချုပ်ကြီးရဲ့ မိုးပြာလက်ဝါးသိုင်း ၁၈ကွက်ထဲက အကွက်တွေပါ အဲလေ ယောင်လို့။
အဲဒီတုန်းက ဂေါတမ မြတ်စွာဘုရားရှင် ဘုရားမဖြစ်သေးပဲ ဒုက္ကရစရိယာ ကျင့်တော်မူတာက အစားအစာ အာဟာရကို လုံးဝနီးပါး မစားတော့ပဲ ဝီရိယလွန်ကဲတဲ့အတွက် ဗုဒ္ဓမဖြစ်သေးပဲ ပင်ပန်းတော် မူခဲ့တာပါ။ နောက်မှ အစားအစာကို သင့်တင့်အောင် စားပြီး ဝီရိယနဲ့ သတိကို မျှပြီး ကျင့်တော်မူလို့ ဗုဒ္ဓဖြစ်ခဲ့တာပါ။ တရားစခန်းကြောင့် မဟုတ်ပါဘူး။ ဒုက္ကရစရိယာ မကျင့်တော့လည်း ဘုရားဖြစ်တော်မူတော့ အာနာပါနရှုပြီးပဲ ဘုရားဖြစ်တော်မူတာပါ။ တရားမရှုပဲနဲ့ သူ့အလိုလို ဗုဒ္ဓဖြစ်တာမဟုတ်ပါဘူး။
San Hla Gyi
April 27, 2013 at 5:00 pm
စိတ်ပူလိုက်ရတာ ဒီစကား ကြားမှကြားရပါ့မလားလို့။
လုံမလေးမွန်မွန်ရေ သုံးခုစလုံးကို ဆက်ပြီးဖတ်လိုက်တယ်။ တရားစခန်းဝင်ဖို့ စိတ်ကူးရှိပြီး ဝင်နိုင်တာကိုပဲ တော်တော် ချီးကျူးပါတယ်။ တချို့တော့ စည်းကမ်းတကျ လုပ်တဲ့ ရိပ်သာတွေတော့ ရှိတယ် ကြားဖူးပါရဲ့။ ကြားဖူးပါရဲ့လို့ ပြောရတာက ကိုယ်တိုင် တခါမှ မသွားဖူးလို့ပါ။ အဲဒါကြောင့်လည်း လုံမလေးမွန်မွန်ကို ချီးကျူးတာပါ။
တကယ် ကြိုးစားချင်ရင်တော့ သင့်လျော်တဲ့ ရိပ်သာမှာ ဆက်ပြီး လုပ်ကြည့်ပေါ့။ ဘယ်သူပြောပြော နားမယောင်ပါနဲ့။
ဒီနေ့ခေတ် နာမည်ကြီး မိုးပြာဂိုဏ်းဆရာတွေဆို ဘုရားလက်ထက်တုန်းက တရားစခန်း မရှိဘူးလို့ အမြဲတမ်းပြောတယ်။ နားမယောင်ပါနဲ့။ ဘုရားလက်ထက်တုန်းက တရာစခန်းလုပ်ဖို့ မလိုပဲ လူတွေက ညနေတိုင်း ဘုရားကျောင်းတော်ကို သွားပြီး အမြဲတမ်းလိုလို တရားသွားနာနေကြတာ။ အဲဒါကြောင့် မလိုတာပါ။ နောက်ပြီး မြတ်စွာဘုရားရှင် သက်တော် ထင်ရှားရှိသေးတယ်။ ဖူးခွင့်ရတဲ့ လူတွေရဲ့ ပါရမီကိုက မသေးပါဘူး။
ဒီနေ့ခေတ်မှာက အဲဒီလိုမှ သွားပြီး မလုပ်ဘူးဆို ဘယ်တော့မှ လုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် တရားထိုင်ဖို့ စဉ်းစားရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါလည်း သိပ်မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တယ် မဟုတ်လား။
ရှေးမြန်မာတွေ ခေတ်ကို မပြောနဲ့။ ကျနော့် အဘိုးအဘွားတွေ အချိန်တုန်းကတောင် အခါကြီးရက်ကြီးဆို ဆွမ်းအုပ်ကြီးတွေနဲ့ ဘုန်းကြီးကျောင်းတွေသွားပြီး သီလယူ တရားထိုင်ကြတာ လူတွေ အများကြီးပဲ။ ဒါပေမယ့် ကိုယ့်မိဘတွေခေတ်မှာ အဲဒါမျိုး သိပ်မလုပ်နိုင်ကြတော့ဘူး။ အချိန်မပေးနိုင်တာကော။ စီးပွားရေးရော အာရုံတွေကလည်း အများကြီးကိုး။ အင်တာနက် ဗီဒီယို ဒီဗီဒီစုံလို့ပဲ။
အဲဒါကြောင့် တမင် အချိန်လေးသီးသန့်ပေးပြီး သွားဖို့လိုပါတယ်။ ငါလူငယ်လေး ဖြစ်ပြီး တရားအားထုတ်နေလို့ နိုင်ငံ တိုးတတ်ပါ့မလားတို့ ဘာတို့ စိတ်မပူပါနဲ့။ တရားစခန်းဝင်တယ် ဆိုတဲ့ လူအရေအတွက်က တကယ့် နိုင်ငံရဲ့ လူဦးရေနဲ့ ယှဉ်ရင် တကယ့်ကို မဖြစ်စလောက်လေးပါ။ တကယ်တော့ နိုင်ငံ မတိုးတတ်တာ လူတွေ အများစု ပညာမတတ်ကြတာနဲ့ အခြားအခြေအနေတွေကြောင့်ပါ။
အဲဒီတော့ ကုသိုလ်လုပ်ဖို့ တကယ် စိတ်ပါရင်တော့ ဆက်ပြီး ကြိုးစားပါလို့ တိုက်တွန်းပါတယ်။
အော်မေ့လို့ သုသာန်တော့ သွားပြီး တရားမထိုင်ပါနဲ့ဦး။ ဘာလို့လည်းဆိုတော့ လူတယောက်နဲ့ တယောက်က စိတ်အား သတ္တိအား မတူလို့ပါ။ လုပ်လိမ့်မယ်လို့တော့ မထင်ပါဘူး။
အရီးခင်လတ်
April 27, 2013 at 7:30 pm
ကိုစံလှကြီး ရယ် လာမှလာပါ့မလားလို့။
ဒီမှာ စစ်ကူဗျို့။ 😉
သူကြီးပြောတဲ့
{လူငယ်ဖြစ်ပြီး.. တရားစခန်းဝင်တာကိုက.. မှားနေတာလို့..ထင်မိတယ်..}
ဆိုတာနဲ့ပါတ်သက်ပြီး ပြောရရင်တော့ သူကြီး ဒီလိုပြောတာလဲ မှားတယ်လို့ ထင်မိပါတယ်။
တရားကျင့်ကြံတာ နည်းမှန်သိမှ လမ်းမှန်ကိုရောက်တာ ရိုးရိုးလေးမဟုတ်လား။
ဘယ်သူကမှမှ နည်းမှန် လမ်းမှန် ပြနိုင်တယ်လို့တော့ မပြောလိုပါ။
ဒါကတော့ ကိုယ့် အသိုင်းအဝိုင်း ဆက်နွယ်ရာ တင်မက ကိုယ့်ရဲ့ ပါရမီ ဆင်ခြင်ဉာဏ် နဲ့ ဆိုင်ပါမယ်။
ဒါပေမဲ့ ငယ်တုန်းမှာ နည်းမှန်ရဖို့ မလုပ်နိုင်ခဲ့ရင် အရွယ်လတ်ပိုင်း လူမှုရေးရာ မိသားစု အတွက် ဦးဆောင်ရချိန်မှာ တော့ တော်ရုံမလုပ်နိုင်ကြတော့ပါဘူး။
အဲဒီအရွယ်လတ်ပိုင်းလွန်လို့ သက်ကြီးပိုင်းလဲရောက်ရော ခန္တာ့ဒုက္ခကြီးက ပညာပြလာတော့မှာမို့ အချိန်နှောင်းသွားနိုင်ပါတယ်။
ဒီတော့ အရွယ်ငယ်ချိန် လူမှုရေး မိသားစုရေးတွေ နဲ့ အလုပ်မများခင်အချိန် မှာ တရားနည်းလမ်းမှန်လေးရအောင် ကြိုးစားထားသင့်ကြပါတယ်။
အဲဒီမှာ မှန်ကန်တဲ့ အကျင့်အကြံ ကိုရခဲ့ရင် ဘဝ တစ်လျှောက်လုံး မှာ တန်ဖိုးရှိလူတစ်ယောက်၊ အသိဉာဏ်မြင့်တဲ့ လူတစ်ယောက် အနေနဲ့ လောကမှာ တင့်တယ်သွားနိုင်မယ်လို့လဲ ထင်တာမို့
လူငယ်ဖြစ်တာမို့ ပိုပြီး တရားစခန်းဝင်သင့်ပါကြောင်း ထပ်လောင်းနှိုးဆော်လိုက်ရပါတယ်။
အခုဘဲကြည့်ပေါ့။
တရားစခန်းမှာ တွေ့ရတဲ့ လူ့အမူအကျင့် တွေကနေ လုံမ တို့ သင်ခန်းစာရပြီး အဲဒီလို မောဟမကင်းနိုင်ရင်တောင်မှ အသိနဲ့ ထိန်းနိုင်ခဲ့တာ တွေ့ရတာဘဲ။
ဒီတော့ သူတို့တွေဟာ အသက်ကြီးလေ အသိဉာဏ်မြင့်လေဖြစ်မှာ သေချာပါတယ်။
ရတဲ့ သင်ခန်းစာ အပေါ် ပညာမယူတဲ့ သူလဲရှိနိုင်မှာပါ။
ဒါပေမဲ့ ဆင်ခြင်ဉာဏ်ဆိုတာ ဒီလိုဘဲ တဖြေးဖြေး မွေးယူရတာပါဘဲ။
😛
GaviaGirl
April 28, 2013 at 8:48 pm
အရီးပြောသလိုပါပဲ သဂျီး… (သဂျီးမှ ဝင်ပြောပါ့မလားလို့.. 🙂 ) နည်းသိမှ ကျင့်ကြံလို့ရမှာပါ… အဲဒီလိုနည်းသိပြီး ကျင့်ကြံဖို့ဆိုတာကလည်း မှတ်ဉာဏ်အားကောင်းနေတဲ့.. ခွန်အားပြည့်ဝနေတဲ့… လူငယ်ဘဝက မှတ်ဉာဏ်ယုတ်လျော့လာတဲ့..ခွန်အားကုန်ဆုံးလာတဲ့ လူကြီးဘဝထက် တရားအားထုတ်ဖို့… တရားအလုပ်လုပ်ဖို့..တရားကိုသိဖို့ ပိုပြီးသင့်လျော်ပါတယ်… အရွယ်သုံးပါးမရွေး သေကံရောက်နေတဲ့ခေတ်မှာ အသက်ကြီးမှ တရားအားထုတ်ဖို့ဆိုတာ ဘယ်လိုမှ မသေချာပါဘူး… ရတဲ့အချိန်လေးမှာ မသေခင် တရားအသိလေးနည်းနည်းဖြစ်ဖြစ် သိသွားသင့်တယ်လို့ ထင်ပါတယ်… ဓမ္မက လက်တွေ့ဘဝရဲ့ နေနည်းတွေကိုလည်း သင်ကြားပေးပါတယ်… အသိမှန်အကျင့်မှန်တွေကို စောစောစီးစီးသိရတဲ့အတွက် အရမ်းလည်းပျော်ပါတယ်… (အဓမ္မဝါဒတွေကိုတော့ ရှောင်ရတာပေါ့နော်..) ဒါကြောင့် လူငယ်တွေ တရားစခန်း ဝင်သင့်ပါတယ်လို့…
ရာမည
April 30, 2013 at 11:23 am
ပို ့စ်ပိုင်ရှင်မလုံမခင်ဗျာ
ဒီပို ့စ်ကိုရင်တထိတ်ထိတ်နဲ့ဖတ်နေရပါတယ် ။
မိုးပြာဆရာများဝင်လာဦးမလားထင်မသလို အဓိပ္ပါယ်ကောက်လွဲပြီး တရားအားထုတ်မှုအပေါ် ငြိုငြင်မိရင် ကန် ့ကွက်မိရင် ရှုံ ့ချသောသဘောဆောင်မိရင်
ဓမ္မအန္တရယ် ဖြစ်စေတတ်ပါတယ် ။
ယခုတော ့ ဓမ္မအကြောင်းနားလည်ရှင်းပြနိုင်သောလူကြီးများပါဝင်လာပြီဖြစ်လို ့ စိတ်အေးရပါပြီ ။
soe myint su kyi
April 27, 2013 at 5:27 pm
ဟုတ်ပါတယ် တို ့လည်းတရားစခန်းကိုနှစ်တိုင်း ဝင်ဖြစ်ပါတယ်။
စစဝင်ချင်းတုန်းကတော့ အဲ့လိုပါပဲ တွေ ့သမျှမြင်သမျှက စိတ်ထဲမှာ ဘဝင်မကျစရာတွေကြီးပါပဲ။
နောက်ပိုင်းဝင်တာကြာလာတော့လဲ မဆန်းတော့ပါဘူး။
အဓိက ကတော့ကိုယ်က ကောင်းမှုကုသိုလ်လိုချင်လို ့လာတာပဲလေ အဲ့တော့ကိုယ်က သူများမကောင်းတာတွေကိုယ်ကြီးပဲ လိုက်ကြည့်ပြီးတော့ အားကုသိုလ်မဖြစ်နေဖို ့လိုတာပေါ့ သူများအမှတ်ပါတာ မပါတာက ကိုယ်နဲ ့မဆိုင်ဘူးလေ။ ကိုယ်အမှတ်မလွတ်ဖို ့ပဲ လိုတယ်လို ့တွေးပြီးနေလိုက်တော့ ခုနကလိုမျိုး စိတ်ထဲဘဝင်မကျတာတွေ မရှိလာတော့ပါဘူး။
တို ့လည်းအစတုန်းကတော့ အဲ့လိုပါပဲ စိတ်ထဲဘဝင်မကျတာတွေ အများကြီးပါပဲ နောက်ပိုင်းကျတော့လည်း ကိုယ်လုပ်တဲ့ကောင်းမှုမကောင်းမှုက ကိုယ့်နောက်ကိုပဲ လိုက်လာမှာဆိုတော့ ကိုယ့်ဘာသာပဲ ကောင်းအောင်နေလိုက်ပါတယ်။
ဦးကြောင်ကြီး
April 28, 2013 at 9:54 am
လူငယ်တွေ တရားစခန်းဝင်တာ ကျုပ်တော့ သဘောတူတယ်… ဒါန၊ သီလ၊ ဘာဝနာ သုံးမျိုး လက်တွေ့ အချိန်တခုပေး လုပ်ဖူးမှ ဗုဒ္ဓဘာသာအကြောင်း အခြေခံကျကျ သိကောင်းပါမယ်။ အဓိကပိုင်း သီလနဲ့ ဘာဝနာပေါ့ဗျာ..။ အနည်းဆုံးတော့ စောင့်ထိန်းမှု ပညတ်သဘော နီးစပ်ခွင့် ရသွားတာပေါ့..။ အဲဒါ မလုပ်မဖြစ် လုပ်သင့်တဲ့ ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေး ဖြစ်ပါတယ်။ အဲလိုလုပ်လို့ တကယ်သိသွားတယ် မဆိုလိုဘူးနော် သို့သော် စာအုပ်ဖတ်၊ သူများပြောနားထောင်တာတွေထက်စာရင် ကိုယ်တိုင်လုပ်တာမို့ မိမိက မလုပ်နိုင်လည်း လုပ်တဲ့သူ လုပ်နိုင်သူတွေကို ကြည်ညိုရကောင်းမှန်းသိမယ်။ အဲဒီထက်မြင့်တဲ့ စင်ကြယ်ဖို့ကတော့ သူ့ပါရမီနဲ့ သူပေါ့ဗျာ…။ အဲဒီမှာ ပြသနာက အုတ်ရောရော ကျောက်ရောရော ဖြစ်ကုန်တာ။ လူငယ်တွေအတွက် စည်းကမ်းပိုင်း လျှော့ပေးတဲ့အခါ အခွင့်အရေးကုန်ကြပြီး တရားလည်းမရ စည်းကမ်းလည်းပျက် ရိပ်သာလည်း မကောင်းဖြစ်ရတယ်။ အရည်အတွက်များရင် အရည်အချင်းကျတာ ဓမ္မတာပဲ၊ ဘယ်လိုမှ ထိန်းလို့မရဘူး…။ ကျနော့်ကိုယ်ပိုင် အမြင်အရတော့ အခါကြီးရက်ကြီးမှာ အကျင့်မရှိသူများအတွက် တရားထိုင်ချိန် လျှော့ပေး၊ သက်တောင့်သက်သာ နေခွင့်ပေးတာ လက်ခံပေမဲ့ အပျော်အပါး၊ အပြောအဆို၊ အနေအထိုင် စတာတွေကိုတော့ တပြေးညီမဟုတ်တောင် ကမ္မဌာန်းရိပ်သာစံနဲ့ ကိုက်ညီတဲ့ အနိမ့်ဆုံး သတ်မှတ်ချက် တင်းတင်းကျပ်ကျပ် ထားပေးရမယ်။ အဲလိုဆိုဗျံတော့ သာမန်ထက် လူလေးငါးဆ များလာတဲ့ တရားစခန်းပတ်မှာ ကိုယ့်ရှိတဲ့အင်အားနဲ့ ဘယ်လိုသွားထိန်းမလဲ ဖြစ်ပျံရော… သဟာကြောင့် ပြောပါတယ် တခုလိုချင် တခုပေးဆပ်ရမယ်လို့….. ရိပ်သာ အပျော်ဝင် စမ်းသပ်ဝင် ရံဖန်ရံခါ ဝင်သူများ သတိပြုရမှာ ကိုယ့်ကြောင့် ပုံမှန်ယောဂီများ၊ လေးလေးနက်နက် အားထုတ်သူများ အနှောက်အယှက် မဖြစ်စေဖို့ပါ။ ဖြစ်တော့ သူလည်းတရားပျက် ကိုယ်လည်းတရားပျက်… အပျက်ခြင်းအတူတူ ကမ္မနိယာမသဘောအရ ဘယ်သူပိုနစ်နာမယ် ထင်သလဲ…. ပေါ့စေလို ဆေးမှင်ကြောင်ထိုး ဆေးအတွက်နဲ့လေး မဖြစ်ကြပါစေနဲ့ဗျာ….။
KZ
April 29, 2013 at 12:13 pm
ဟုတ်တယ်။
အောင်ကြူးနောက်က လိုက်မယ်။ (ကော်မန့် အရပြောပါတယ်။)
သူနဲ့ နီးစပ်လို့ (ကော်မန့်တွေ ဖတ်ပီး ပြောချင်တွေက)
ကျုပ်ကိုယ်တိုင်တော့ ဘာလုပ်နေတုန်း သိလား။
စိတ်ထဲမှာ ဘုရားရှိ၊ ရင်ထဲမှာ တရားသိ ပြီးရောဆိုပြီး နေလာလိုက်တာ ဒီ ပို့(စ) လေးဖတ်ပြီးမှ သတိထားမိတယ်။
ဘုရားမရှိခိုးဖြစ်တာ ကြာပြီ။
:byae:
ဆူး
April 29, 2013 at 5:01 pm
အိုးမဖုတ်ခင် အိုးလုပ်စဉ် က ဘာသာ တံဆိပ် ရိုက်နိပ်သင့်တယ် ဆိုတဲ့ စကားအတိုင်းပါပဲ..
မိရိုးဖလာ ကိုးကွယ်လို့ ဗုဒ္ဓဘာသာဖြစ်ပေမဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်အရသာ ဆိုတာ ဘာမှန်း မသိပဲ ကြီးလာတဲ့ လူတွေ အများကြီး ရှိပါတယ်။ အဲ့လို လူမျိုးတွေက တခြား ဘာသာဝင်တွေ နဲ့ ဆွေးနွေးပြောဆိုတဲ့ အခါ ကိုယ့်ဘက်က ဘာပြောရမှန်း မသိပဲ ကောင်းနိုးနိုး နဲ့ သူများ ဆွယ်တဲ့ နောက်ပါသွားတတ်ပါတယ်။ ဘာသာပြောင်းတဲ့ လူတွေ အများစုက ဘာသာ အကြောင်း သေချာ အတွင်းကျကျ မသိတဲ့လူတွေ နဲ့ ဖိအားပေးလို့ ပြောင်းရတာတွေ စသဖြင့် အမျိုးမျိုး ရှိပါတယ်။
ဘာပဲ ဖြစ်ဖြစ်.. ကိုယ်ခံအားမရှိတဲ့ လူ အတွက်ကတော့ ဘယ်လို အတိုက်အခိုက် ကိုမှ မခံနိုင်ပါဘူး.. လွယ်လွယ် လဲကျနိုင်သလိုပါပဲ..
ကလေး သူငယ်နှင့် လူငယ်တွေ က အဓိ က ဘာသာရေးနဲ့ ပတ်သတ်လို့ သင်တန်းတွေ စခန်းသွင်းလေ့ကျင့်ပေးတဲ့ နေရာတွေ ရှိကို ရှိသင့်ပါတယ်။
လူတွေ ရဲ့ မှတ်ဉာဏ်က အသက် ၅နှစ်လောက်က သင်ခဲ့တာတွေ တဘဝလုံးစာ အတွက် စွဲမြဲစွာ မှတ်သားနိုင်စွမ်း ရှိပါတယ်။ ဒီထက် အသက်ကြီးမှ သင်တာတွေတော့ မေ့ကောင်း မေ့ပါလိမ့်မယ်..
ဥပမာ အားဖြင့်.. သူငယ်တန်း ဖတ်စာ ထဲက ညအခါ လသာသာ ဆိုတဲ့ စာသားလေး ကိုတော့ တော်တော် များများ မှတ်မိကြပါလိမ့်မယ်။ လူတယောက် အတွက် တသက်လုံးစာ အတွက် စွဲမြဲတဲ့ မှတ်ဉာဏ် ဖြစ်စေတဲ့ အရွယ်မှာ ကောင်းတာ ပဲ လုပ်ပါ.. မကောင်းလာ မလုပ်နဲ့ မှန်တာပြောပါ.. မမှန်တာ မပြောနဲ့ ရိုင်းစိုင်းတာ မပြောနဲ့.. ယဉ်ကျေးတဲ့ စကားကိုပြော.. စသဖြင့်.. သူ့ ကို သင်ပေးရင် အဲ့ဒီ ကလေး လူကြီး ဖြစ်လာရင် အလိုလို ယဉ်ကျေးလိမ်မာပြီး လူတော် လူကောင်းဖြစ်လာပါလိမ့်မယ်။ လူချမ်းသာ မဖြစ်ရင်တောင် စာရိတ္တ ကောင်းတဲ့ လူတယောက် ဖြစ်လာပါလိမ့်မယ်။
လူချမ်းသာတိုင်း စိတ်ဓါတ်ကောင်းတာတော့ မဟုတ်ပါဘူး..
ထိုကဲ့သို့ပါပဲ.. မှတ်ဉာဏ်ထဲမှာ အသိတခု စွဲမြဲဖို့ အိုးမလုပ်ခင် အိုးဖုတ်စဉ်က ဘာသာ တံဆိပ်ရိုက်နိပ် ဆိုတဲ့ အတိုင်း ဖြစ်သွားပါလိမ့်မယ်။ အိုးတံဆိပ် ကို အိုးမဖုတ်ခင် ရိုက်ထားရင် အိုးသာ ကွဲသွားမယ်.. တံဆိပ်ကတော့ ဘယ်တော့မှ ပျက်မှာ မဟုတ်တော့ပါဘူး။
ကလေး တရားပွဲတွေ ကလေး တရားစခန်းတွေ ရှိကို ရှိသင့်ပါတယ်။
လူငယ်တွေ နဲ့ ပတ်သတ်လို့လည်း နောက်ထပ် တခု ဥပမာလေး နဲ့ ပြောပြချင်ပါသေးတယ်။
တလောတုန်းက မြန်မာ့ရုပ်မြင်သံကြားမှာ အစီအစဉ် လာပါတယ်.. တရုတ်ပြည်မှာ တယောက်တည်း မွေးပြီး ယောကျားလေးတွေ မိန်းကလေးတွေ အလိုလိုက်ပြီး အရမ်းဆိုးသွမ်းတဲ့ လူငယ်တွေ အတွက် လေ့ကျင့်ပေးတဲ့ ကျောင်းတခု အကြောင်း ရိုက်ကူးထားတာပါ။
မိဘ အလိုလိုက်လွန်းလို့ ဆိုးသွားတဲ့ အပြင် မိဘ ကိုယ်တိုင် က သွန်သင်လို့ ကို မရတော့ပဲ စာသင်ကျောင်းတွေကလည်း ဆိုးသွမ်းကလေးများ ကျောင်းထုတ်လိုက်ပါတယ်.. အဲ့ဒီ အချိန်ရောက်မှ မိဘတွေ နောင်တ အကြီးအကျယ်ရပြီး ဆိုးသွမ်း ကလေးများ ထိန်းသိမ်းလေ့ကျင့်ပေးတဲ့ ကျောင်းမှာ သီးသန့် သွားအပ်ကြပါတယ်.. ပုံမှန် အတန်းကျောင်း ထက် ကျောင်းလခ ၄ဆ ပိုပေးပြီး ကျောင်းထားရပါတယ်။ ကျောင်းအိပ်ကျောင်းစား ၁နှစ်ကနေပြီး ၃နှစ်လောက် ထားလိုက်တဲ့ အခါ အလွန်လိမ္မာရေးခြား ရှိပြီး မိဘ ကျေးဇူးကို နားလည်လာအောင် ထိန်းကျောင်း မောင်းနှင်ပေးလိုက်ပါတယ်။
ကျောင်းကို အုပ်ချုပ် သင်ကြားတဲ့ ဆရာတွေက စစ်တပ် က အငြိမ်းစား ယူထားတဲ့ ဆရာတွေ ဖြစ်ပြီးတော့.. ဆရာတွေဆီမှာ ကလေး ကို ဘာလုပ်လုပ် ကျေနပ်ပါမယ် ဆိုတဲ့ အကြောင်းနဲ့ ကလေး ကို ၁နှစ် အတွင်းလုံးဝ လာ မတွေ့ပါဘူး ဆိုပြီး ကတိ ခံဝန် လက်မှတ် ထိုးပေးပြီး ထားခဲ့ရတာပါ။ သင်ကြားတာတွေကတော့.. စစ်တပ်လို အချိန်မှန် ထ အချိန်မှန် စာကျက်.. အချိန်မှန် လေ့ကျင့်ခန်းလုပ်.. ကျက်ခိုင်းတဲ့ စာတွေ မေးတဲ့အခါ မရရင် ပြင်းထန်တဲ့ ဒဏ်ကို ပေးတာမျိုးတွေ.. မိဘတွေ ဘယ်လောက် ချစ်ပြီး အလိုလိုက်လဲ ဆိုတာ.. ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တဲ့ ဆရာနဲ့ တွေ့တော့မှ သဘောပေါက်ပြီး လိမ်မာ သွားကြတဲ့ အကြောင်းပါပဲ..
ရိပ်သာ တရားစခန်း နဲ့ ပတ်သတ်တာ ဆက်လက် ပြောပါမည်။
စည်းကမ်း စနစ် တကျ နေဖူးတဲ့ လူမှ စည်းကမ်း အကြောင်း နားလည်မှာပါ.. ရိပ်သာမှာတော့ မနက် ပုံမှန် အချိန် အိပ်ယာထ ရမယ်.. အများနဲ့ တူတူ ဆွမ်းစားဖို့ ထွက်ရပါမယ်။ စနစ်တကျ လုပ်ဆောင်ခြင်းကလည်း အများနဲ့ လိုက်ရောညီထွေ နေထိုင်တတ်လာမယ်။
တရားအားထုတ်ခြင်းဖြင့် စိတ်တွေ တည်ငြိမ်လာပါတယ်။ လူငယ်တွေ အနေနဲ့ မှတ်ဉာဏ်တွေ ပိုကောင်းတယ်။ မှတ်သားထားတာတွေ မမေ့မလျော့ ပြန်မှတ်မိတာမျိုးတွေ ရှိလာတာမျိုးတွေ စသဖြင့် တရားအားထုတ်တဲ့ ကောင်းကျိုးအကြောင်း စစ်တမ်းတွေ အများကြီး ရှိပါတယ်။
တရားစခန်း ဝင်တာ မကောင်းတာ ဘာများ ရှိမလဲ..
GaviaGirl
May 6, 2013 at 5:25 pm
ပထမဆုံးအနေနဲ့ ဒီပို့စ်ကို ပစ်ထားသလိုဖြစ်နေတဲ့အတွက် အားလုံးကို တောင်းပန်ချင်ပါတယ်… ကော်နက်ရှင်မကောင်းတာရော.. မအားလပ်တာရောကြောင့် ကွန်မန့်တွေကို မပြန်ဖြစ်တာကိုခွင့်လွှတ်ပေးကြပါလို့..
ဖတ်ပေးကြတဲ့သူတွေရော.. သေသေချာချာ ကွန်မန့်ရေးပြီး ဆွေးနွေးပေးကြသူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်…
ဘပုတို့.. မဟာရာဇာတို့.. ကိုရာမညတို့ ပြောသလိုပဲ ဒီပို့စ်ကို ရေးရတာ အရမ်းသတိထားပြီး ရေးခဲ့ရတာပါ… စကားလုံးအသုံးအနှုန်း၊ စာထဲက လေသံအကုန်လုံးကိုပါပဲ.. မတော်.. ဘုန်းကြီးကျောင်းကို အပြစ်မြင်သွားမှ ဒုက္ခပဲဆိုပြီး စိုးရိမ်ခဲ့ရတာပါ… ကွန်မန့်တွေတက်လာမှပဲ စိတ်အေးသွားရတော့တယ်.. အားလုံးကို တကယ်..တကယ်..ကျေးဇူးတင်ပါတယ်..
ခင်တဲ့
လုံမလေး