ဇေယျာကမ်းက “တောက်”ခေါက်သံ
ဇေယျာကမ်းက “တောက်”ခေါက်သံ
စစ်ကိုင်းမြို့ ရဲ့ တစ်ခုသောညနေခင်းမှာ ကျွန်တော် စိတ်ညစ်ညစ်ရှိတာနဲ့ ကမ်းနားလမ်းဘက်ကို ဆိုင်ကယ်စီး၍ ထွက်လာခဲ့သည်။ နန္ဒဝန်တာရိုးကြီး လမ်းကနေ တောင်ဘက်အလာ ပညာရေးကောလိပ်ရှေ့ရောက်တော့ ကျောင်းသူအချို့ကိုတွေ့ရသည် ကျောင်းပြင်မှာ မုန့်စားသူကစား၊ တချို့နယ်ကနေမိဘတွေက လာတွေ့သူတွေ့ပေါ့။ အော် ဒီနေ့ တနင်္ဂနွေ နေ့ပါလား…။ ကျွန်တော် ကမ်းနားလမ်းဘက် ဆက်မောင်းလာခဲ့တယ်။ စိတ်ကလဲ နဲနဲညစ်နေတာနဲ့ မဉ္ဖူရိပ် စားသောက်ဆိုင်မှာ ဝင်ပြီးဝီစကီ တပြားနဲ့ အမြီးအချို့ မှာပြီးထိုင်နေမိတယ်။
ဒီနေ့ ကျွန်တော်တော်တော်လေး စိတ်တိုနေမိသည်။ ပြန်စဉ်းစားရင် ဒေါသထွက်မိသည်။ ကျွန်တော်နဲ့ ငယ်စဉ်တောင်ကြေး ကလေးဘဝကတည်းက ကျောင်းအတူတူတက် စာအတူတူကျက်ခဲ့တဲ့ သူငယ်ချင်း၊ (၁၀)တန်းအောင်ပြီး တက္ကသိုလ်တက်တော့လဲ ဆိုးတူကောင်းဘက် တစ်ကျောင်းထဲအတူ တက်ခဲ့ကြသည်။ တကယ်ဆို ကျွန်တော်က ဝိဇ္ဖာသိပ္ပံဘက်ဝါသနာ မပါလှ။ ဂျီတီအိုင် တက်ချင်သည်။ ဒါပေမယ့် ငယ်ငယ်တုန်းကဆိုတဲ့ သံယောဇဉ်လေး ရှိနေတော့ သူ့ကို အလိုလိုက်မိသည်။ (၄)တန်းတုန်းကလဲမှတ်မိသေးသည် ကျွန်တော်တို့ရွာမှာ အလယ်တန်းကျောင်းရှိရက်နဲ့ မြို့ပေါ်ကျောင်းကို တက်ချင်သည်ဟုဆိုကာ ကျွန်တော်ပါ မြို့ပေါ်က အထက(၁)သို့ ကျောင်းအတူလိုက်တက်ခဲ့ရသည်။ သူက ဖြစ်ချင်တာဆို ဇွတ်လုပ်တတ်သည်။ ကျွန်တော်ကပဲ အမြဲတမ်းအလျော့ပေးရသည်။ သူ့ကို ကျွန်တော်သံယောဇဉ်ရှိသည်။ ဒါပေမယ့် ခုချိန်ထိ သူနဲ့ကျွန်တော် သူငယ်ချင်း သံယောဇဉ်ထက် မပိုသေး။ သူနဲ့ကျွန်တော် သဘောတူထားတာတစ်ခုတော့ရှိသည်။ ရည်စားထားချင်လျှင် တဦးကိုတစ်ဦး အသိပေးပြီးမှ ထားရမည်ဟု သဘောတူထားသည်။ ကန့်သတ်ချုပ်ခြယ်ခြင်း မဟုတ်ပါ။ သူငယ်ချင်းနှစ်ယောက် တိုင်တိုင်ပင်ပင်ဖြစ်သည်။ သူဆိုတာ ကျွန်တော်နဲ့ သူငယ်တန်းကတည်းက အတူတူတက်ခဲ့တဲ့ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းလေး ဝါဝါခိုင် တဲ့။ ကျွန်တော်တို့နှစ်ယောက် ရတနာပုံတက္ကသိုလ် တက်တော့လဲအတူတူပါပဲ။ ဆိုင်ကယ်(၁)စီးနဲ့ နှစ်ယောက်တူတူ ကျောင်းတက်ကြတယ်။ ကျောင်းသွားတူတူ၊ ကျောင်းပြန်တူတူ၊ ကျောင်းလစ်တူတူပေါ့။ တခါတလေ သူငယ်ချင်းတွေ စုံပြီဆိုရင် ဝင်းလိုက်ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားကြည့်ဖြစ်ကြအမြဲတမ်း အတူတူပေါ့။ သူငယ်ချင်းတွေကတော့ ကျွန်တော်တို့က မောင်နှမလို့ ပြောထားတော့ ဘာမှ မပြောကြဖူးပေါ့။ ကျွန်တော်တို့နှစ်ယောက်ရဲ့ မိဘတွေကလဲ သိတယ်လေ။ လူကြီးတွေကဘယ်လို သဘောလဲတော့ မသိဘူး။ ဘာမှမပြောကြဘူး ကျေကျေနပ်နပ်ပါပဲ။ သူ့အိမ်ကိုယ့်အိမ် ဝင်ထွက်သွားလာနေကြပေါ့။ ရတနာပုံ(E)မေဂျာ မှာ (၃)နှစ်တက်ပြီးတော့ ကျွန်တော်တို့(၂)ယောက် ကျောင်းနားလိုက်တယ်။ မဟာတန်းကိုကျွန်တော်က မတက်ချင်တော့ဘူးလို့ ပြောတော့ သူကလဲ အဲဒါဆိုလည်းဆက်မတက်တော့ဘူးတဲ့။ သူကျွန်တော့် အလိုလိုက်တာ ဒီတစ်ခါပဲရှိသေးတယ်။
သူကတော့ သင်တန်းတွေဆက်တက်တာပေါ့ စုံနေတာပါပဲ၊ Speaking, Computer, Accounting စုံလို့။ ကျွန်တော်ကတော့ ကျောင်းတက်တုန်းက လေ့လာထားတဲ့ ကျွန်ပျူတာပညာရပ်ကိုပဲ ဆက်လေ့လာပြီး စစ်ကိုင်းမြို့ ရုံးကြီးနားမှာ ကွန်ပျူတာဆိုင်လေးတစ်ဆိုင် ဖွင့်ပြီးစီးပွားရေးလုပ်ကိုင်ခဲ့တယ်။ သူနဲ့ကတော့ တရွာထဲဆိုတော့ နေ့တိုင်းတွေ့ဖြစ်တာပေါ့။
တနေ့သူ သင်တန်းက အပြန် ကျွန်တော့ဆိုင်ဝင်လာတယ်။ အအေးဆိုင်သွားရအောင် ဆိုတော့ ကျွန်တော်နဲ့သူနဲ့ ထိုင်နေကျ ဘူတာနားက မွှေးကြူ အအေးဆိုင်ကိုထွက်ခဲ့တယ်။ အဲဒီရောက်တော့မှ ဇာတ်လမ်းကစတာပဲ။
“ကိုလင်း ငါ နိုင်ငံခြားထွက်မလို့”
“ဘာ…. ပြန်ပြောစမ်း ဝါဝါ”
“နင်ကလဲ ဘာဖြစ်တာတုန်း ငါနိုင်ငံခြားထွက်မလို့လို့ ပြောတာလေ”
“အေး နင့်ကိုယ်နင် ဘာများမှတ်နေတုန်း နိုင်ငံခြားဆိုတာ ငါတို့ဆီနဲ့ တူတာမဟုတ်ဘူး၊ ကိုယ့်မြို့မှာကိုယ် အေးအေးချမ်းချမ်း အလုပ်တစ်ခု လုပ်စမ်းပါဟာ အလုပ်ပေါပါတယ်”
“ဒီက အလုပ်တွေ ငါမလုပ်ချင်ဘူးဟာ စိတ်မဝင်စားဘူး”
“ဟ ဒီမှာလဲ အလုပ်ပဲ၊ ဟိုမှာလဲ အလုပ်ပဲ နင်က ဘာကို စိတ်မဝင်စားတာလဲ နင်တို့အိမ်လဲ လယ်နဲ့ခြံနဲ့အဆင်ပြေနေတာကို ငါကတော့ နင့်ကို မသွားခိုင်းဘူး”
“ဒီက အလုပ်က လစာနဲတယ်ဟ၊ ဟိုမှာက လစာတလကို(၁၀)သိန်းလောက် ရတယ်၊ အဲဒီမှာ ငါတို့တူတူကျောင်းပြီးတဲ့ ဥမ္မာတောင် တလကို(၁၅)သိန်းလောက် ရတာတဲ့ အဲဒါ ငါသွားမလို့ နင့်ကို အသိပေးတာ”
“အေး နင်က အသိပေးတာဆိုလဲ ပြီးတာပဲ နင်နဲ့ငါ ဒီခါ အပြတ်ပဲ နောက်တစ်ခါ ငါ့ကို မခေါ်နဲ့ဟာ”
ကျွန်တော် တော်တော်စိတ်တိုသွားသည် အအေးမသောက်ပဲ ထွက်လာခဲ့သည်။ ဘယ်နှယ်ဗျာ ကိုယ့်နိုင်ငံမှာ ဒီလောက်အလုပ်တွေရှိရက်သားနဲ့ လစာများတဲ့ဆီကို သွားလုပ်ချင်ရတယ်လို့ ကျွန်တော့်ညီမသာဆို နားရင်းပစ်တီးမှာ သေချာတယ်။ ဪ သူငယ်ချင်းသံယောဇဉ်………… ကြောင့်ပေါ့………..
ကျွန်တော့်စိတ်ထဲတွင် မကျေနပ် ထိုနေ့ညက အိပ်မပျော်ခဲ့ သူ့အကြောင်း စဉ်းစားရင်း သက်ပြင်းအကြိမ်ကြိမ်ချမိသည်။ “ငါဘာလို့ စဉ်းစားနေပါလိမ့်” ကိုယ့်ကိုကိုယ် ပြန်စဉ်းစားကြည့်တော့လည်း အဖြေကထွက်မလာ။ တကယ်တော့ သံယောဇဉ်ဆိုတာ အဖြတ်ရခက်ပါလား။
x x x x x
“တောက်”
“ဆရာ ဘာလိုလို့လဲဆရာ”
ဝိတ်တာလေး ရောက်လာမှ သတိထားမိသည်။ ဝီစကီသောက်ရင်း သူ့အကြောင်းများကို စဉ်းစားနေမိသည် ကို သတိပြုမိသည်။
“ဘာမှ မလိုပါဘူးကွာ၊ ကျေးဇူးပါ”
ကျွန်တော် ဝီစကီဆက်သောက်ရင်း စစ်ကိုင်းတံတားကြီးဆီသို့ လှမ်းမျှော် ကြည့်နေမိသည်။ စစ်ကိုင်းတံတားကြီး တည်ဆောက်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း(၁၀၀) ကျော်ခဲ့ပြီ။ စစ်ကိုင်းတံတားကြီးဟိုဘက်ကမ်းမှာ သပြေတန်းခံတပ်ကို မြင်တွေ့ရသည်။ အရင်တုန်းက မြန်မာတွေ သူ့ကျွန်ဘဝမရောက်ဖို့အရေး သပြေတန်းခံတပ်မှ ရွပ်ရွပ်ချွံချွံ ခုခံရန် တည်ဆောက်ခဲ့သည်။ သို့သော်လည်း လက်နက်အင်အား လူအင်အား မမျှတမှုကြောင့် မင်းနေပြည်တော်ကြီး 1885 ခုနှစ်မှာ အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့ရသည်။ လွတ်လပ်ရေးရအောင် မနဲပြန်ပြီး ကြိုးစားယူခဲ့ရသည်။ သူ့ကျွန်ဘဝကို (၆၃)နှစ်လောက် ရောက်ခဲ့ရသည်။
ဪ ဒါတောင်မှ တို့မြန်မာတွေ တိုင်းတပါးကို အထင်ကြီးကြသည်။ နိုင်ငံခြားသွားပြီး အလုပ်လုပ်မှ ငွေရတယ်ထင်ကြသည်။ ငွေနောက်လိုက်နေကြသည်။ ကျွန်တော် သိတာက ငွေဆိုတာ တစုံတခုသော အတိုင်းအတာလောက်ထိသာ အသုံးဝင်သည်။ နေရာတိုင်း ငွေပေးဝယ်လို့မရ။ ဘာလို့ငွေနောက် လိုက်နေကြပါသနည်း။ ဘာလို့ နိုင်ငံခြားထွက်ပြီးမှ အလုပ်လုပ်ချင်ကြပါသနည်း။ ကျွန်တော့်ရင်ထဲမှာ မေးခွန်းပေါင်းများစွာနှင့်….။
ညနေ မှောင်ရည်ပျိုးတော့မည် ဆိုင်ထဲတွင်လည်း ဧည့်သည်များ တစတစ ပြည့်လုနီးပါးဖြစ်လာသည်။ ဆိုင်ထဲမှာ အကဲခတ်ကြည့်တော့ ဝိုင်းတချို့မှာ မိန်းကလေး တယောက်စ၊ နှစ်ယောက်စ တွေ့ရသည်။ ကျွန်တော့်နားဝိုင်းတွင်လည်း မိန်းကလေးတစ်ယောက်နှင့် ယောက်ျားလေးသုံးယောက် ထိုင်၍ မှာနေကြသည်။ ဘီယာ(၄)ခွက်ပေးပါ ဟု ပြောလိုက်သောကြောင့် ကျွန်တော်မျက်လုံးပြူးသွားသည်။ စားပွဲထိုးက ဘီယာလာချတော့ ထိုမိန်းကလေးက (၁)ခွက်သောက်သည်။ ဪ ခေတ်ပျက်ကြီးပါလား။ မိန်းကလေးတွေလည်း ဘီယာသောက်တတ်နေကြပြီ။ သူငယ်ချင်းတွေလား ဘာလားတော့ မသိဘူး ဘီယာသောက်ရင်း စကားတွေ ဖောင်ဖွဲ့နေအောင် ပြောကြသည်။ ကျွန်တော်လဲ အာရုံနောက်တာနဲ့ ငွေရှင်းပြီး ဆိုင်ပြင်သို့ ထွက်ခဲ့သည်။ အင်း ဆက်သွယ်ရေးရုံးရှေ့ ထိုင်ခုံတွေ ရှိသားပဲ သွားထိုင်ဦးမှ ဟု စိတ်ကူးကာ ဆိုင်ကယ်စီးပြီး ကမ်းနားလမ်းအတိုင်း အရှေ့ဘက်သို့ ထွက်လာခဲ့သည်။
“ဟိုက် ဗုဒ္ဓေါ”
လမ်းမှာ စုံတွဲတတွဲ တွေ့ရသည်။ လမ်းမပလက်ဖောင်းပေါ်မှာ ပွေ့ဖက်နမ်းရှုံ့နေကြသည်။ သူတို့မှာ ဟီရိဩတပ္ပတရား ရောရှိကြသေးရဲ့လားမသိ။ ကြည့်လိုက်တော့ အသက်က (၁၈) (၂၀) ဝန်းကျင်တွေ အချိန်ကလဲ (၇)နာရီထိုးပြီးနေပြီ။ ဪ လောကကြီးက တော်တော်ပျက်စီးနေပါလား။ ကျွန်တော် သံဝေဂရမိသည်။ တကယ်လို့ ကျွန်တော် မိန်းမရပြီး သားသမီးတွေခေတ်ရောက်ရင် ဘယ်လိုဖြစ်ကုန်မယ်မသိ။ ဝတ်လစ်စလစ်တွေခေတ်များ ရောက်သွားမလား မသိဘူး။ ခက်ပါတယ် မိဘတွေကလဲ နေရာတကာ လိုက်မကြည့်နိုင်ကြ။ စီးပွားရေးက လုပ်ရသေးသည်မဟုတ်လား။ တချို့နယ်မှ ကျောင်းလာတက်ကြသည် မိဘအုပ်ထိန်းမှု မရှိကြ။ မိဘတွေမျက်ကွယ်မှာ ဖြစ်ချင်တာဖြစ်ကြသည်။ သူတို့ကို ဆုံးမကြည့်ရင် သူတို့သာသိ သူတို့သာတတ်၊ အင်း… ပြောရရင် ငဩတို့ လွန်ရာကျတော့မည်။
“တောက်”
ဒီနေ့အဆင်မှုတွေအတော်များသား။ သူငယ်ချင်းကလဲ ဒီနေ့လေယဉ်နဲ့ နိုင်ငံခြားကို ထွက်သွားပြီ။ သူငယ်ချင်းသံယောဇဉ်လေးရှိလို့ လေဆိပ်ထိတော့ လိုက်ပို့ခဲ့သည်။
ကမ်းနားလမ်းအတိုင်း ဆက်ပြီးဆိုင်ကယ်မောင်းလာခဲ့သည်။ ဪ ဘာတွေများ အမြင်မတော်စရာတွေ တွေ့ရဦးမှာလဲ။ “တောက်” ပေါင်းများစွာ ခေါက်ရဦးမည်သာ ………………..
ကိုလင်း(စစ်ကိုင်း)
5 comments
lady mobile
May 1, 2013 at 10:08 am
နိုင်ငံခြားကို တချို့ကအထင်ကြီးပြီးသွားကြသလို
တချို့က မိသားစုအဆင်မပြေလို့ နယ်တွေမှာဆို
တစ်နေကုန်နေပူထဲမှာလုပ်ရပြီး တစ်ရက်မှ(၁၅၀၀)လောက်ပဲရတာလေ
ဘန်ကောက်မှာဆို စာမတတ်လည်း အလုပ်သမားက တစ်ရက်ကို (၉၀၀၀) လောက်ရတယ်
မြန်မာနိုင်ငံဘွဲ့ရပြီးလူတစ်ယောက် speaking /computer တွေမတတ်ဘူးဆိုရင်
တစ်လမှ ၅၀၀၀၀-၆၀၀၀ဝ ပဲရတာ
မိသားစုစားဝတ်နေရေးဘယ်လိုဖြေရှင်းနိုင်မလဲ
အဲဒီတော့ အရဲစွန့်ပြီးသွားကြတာပေါ့…..
kai
May 1, 2013 at 2:58 pm
နိုင်ငံခြားထွက်အလုပ်လုပ်တာတို့.. အမျိုးသမီးဘီယာသောက်တာတို့.. စုံတွဲနမ်းရှုံ့ကြတာတို့က.. ဘာတွေများဖြစ်သလည်းကွယ်..
သူ့လွတ်လပ်မှုနဲ့သူ… ဘယ်သူ့မှထိခိုက်နှောက်ယှက်တာမဟုတ်..
ဟောဟိုမှာကြည့်..
အဲဒါတိုင်းပြည်ဖျက်နေသူတွေ…။
သူတို့ကမှ.. :harr:
uncle gyi
May 1, 2013 at 10:49 pm
ဒီခေတ်ထဲတောက်ခေါက်နေရင်တော့
ုနောက်ဆုံးမောပြီးအသံပျောက်သွားလိမ့်မနော်
စိတ်လျော့စိတ်လျော့
kyeemite
May 2, 2013 at 10:03 am
ဖတ်လို့ကောင်းကောင်းနဲ့ဖတ်သွားပါတယ်ဗျ..
ရွှေတိုက်စိုး
May 2, 2013 at 1:40 pm
အော် သူလဲ ကိုလင်းလို. စစ်ကိုင်းလမ်းမှာ တောက်ပေါင်းများစွာခေါက်နေရမစိုးလို. နိုင်ငံခြားထွက်အလုပ်လုပ် တာနေမှာပေါ့ဗျာ…….
ကျုပ်တို.တော့ တောက်ခေါက်လာတာရိုးနေပေါ့..
မီးပျက်လိုက် တောက်………..
ရေမလာလိုက် တောက်………..
မီးအားနည်းလိုက် တောက်…….
ဖုန်းဘေလ်ဆောင်လိုက် တောက်………..
အင်တာနက် နှေးလို. တောက်………
တောက်တောက် တောက် နဲ. ခေါက်လွန်းလို. ကြာတော့ သစ်တောက်ငှက်ကြီးကို ဖြစ်လို…….ဟဟဟဟဟဟဟဟဟဟဟဟဟ