ပွဲတော်
ညနေစောင်းပြီ။ မှော်ဆရာ လေချွန်နေသည်။ ဆက်ရေးမှ ရမည့် ဝါကျတစ်ကြောင်းအတွက် ကောင်းထက် စဉ်းစားမရ။ တွေဝေနေ၏။ သက်လုံကောင်းဖို့ လိုပါသည်။ ကလေးတစ်ယောက် ချော်လဲကျသွားသည်။ ကောင်းထက် ချော်လဲလို့ မရတော့။ သူ့အသက် သုံးဆယ့်တစ်နှစ်။ မိုးချုပ်ပြီ။ မှော်ဆရာ လေချွန်နေတုန်း။ အပြန်လမ်းသည် နေဝင်ရာဘက်ကို ဖြစ်သည်။ ကောင်းထက် စားပွဲခုံကို လက်သီးဖြင့် ထုလိုက်သည်။ ကြောင်တစ်ကောင် လန့်ပြေးလေ၏။ လူတွေ အများကြီး လမ်းလျှောက်ကြသည့်နေရာသည် ပွဲဈေးတန်းဖြစ်သည်။ ပွဲဈေးတန်းသည် ပွဲတော်တွင် ရှိသည်။ ပွဲတော်တွင် မိုးပျံပူပေါင်းသယ် တစ်ဦးရှိသည်။ ဆူညံနေ၏။ ဇာတ်ပွဲရှိနိုင်သည်။ အငြိမ့်မင်းသမီး အလှပြင်လို့ ပြီးပြီ။ ပွဲစတော့မည်။ ဆယ့်ငါးမိနစ်စာ အမောခံနိုင်ရမည်။ မင်းသားနှင့် တွဲကမည်။ ဖရဲသီးနီနီများ ရောင်းနေပြီ။ မုန့်လင်မယားကို လူလင်မယားများ လာရောက် စားသုံးနိုင်သည်။ အရုပ်တစ်ရုပ်လဲကျပါက ချိုချဉ်ရမည်။ သားရေကွင်း သုံးကွင်း တစ်ရာကျပ်။ အလကားမရ။ ပေသီးများ သံချောင်းများကြား ဘယ်ညာကွေ့လျက် အောက်ကျသွားသည်။ ဘောလုံးကန်သည့်ကွင်းမှာ သစ်သားချောင်းများ ရှိ၏။ မှော်ဆရာ လေချွန်နေသည်။ ကောင်းထက် ဘောပင်ကို လက်ညှိုးနှင့် လက်ခလယ်ကြားထား၍ လှည့်လိုက်သည်။ ကလေးများ ပျောက်တတ်၏။ မီးခိုးများ ထွက်လာသည်။ ပွဲတော်သည် လှုပ်လှုပ်ရှားရှား ဖြစ်လွန်း၏။ ဘောလုံးတစ်လုံး ကားတာယာထဲ ဝင်သွားပြီ။ ဆပ်ပြာပူပေါင်းများ ပေါက်ကုန်သည်။ လူတွေ အဝိုင်းလိုက် လှည့်သော ချားရဟတ်ထဲ ကောင်းထက်နှင့် မသိသူများ ပါသည်။ လမင်းကို တိမ်မည်းမည်းများ ခဏ ဖုံးလိုက်သည်။ လေနှစ်ချက်တိတိ တိုက်၏။ အငြိမ့်ပွဲတွင် လူရွှင်တော်များရှိသည်။ လူတွေ ရယ်ကြတော့မည်။ မှော်ဆရာသည် လေမချွန်ဘဲ နှဲမှုတ်တော့မည်။ ကောင်းထက် စာရွက်တွေ လေမတိုက်အောင် ဖိထားသည်။ ပေတံတစ်ချောင်း နှစ်ရာကျပ်။ ယိုးဒယားဖိနပ်တစ်စုံ ခြောက်ထောင်။ မိန်းမဝဝကြီးတစ်ယောက် တဟားဟားရယ်နေသည်။ ပွဲတော်သည် အညိုရင့်ရောင် ခြောက်သွေ့လာသည်။ ညိုမွဲနေသော တိမ်များကြားက လမင်း ရုန်းထွက်လာနိုင်၏။ စုံဂဏန်း။ မြှားသည် မဂဏန်းပေါ်ကျသွားသည်။ ခြင်းလုံးသည် ဒူးခေါင်းပေါ်တွင် ခဏငြိမ်ပြီး ရပ်သွားသည်။ ကောင်းထက် ထ၍ ရေသောက်သည်။ တစ်ငုံတည်း။ ထက်ထက်မိုးဦး ပိုစတာထဲတွင် ပြုံးနေသည်။ စက်ဘီးနှစ်စင်း ရှေ့နောက် နင်းနေ၏။ ဘီးလုံးများ လည်နေသည်။ ရွာလူကြီးရှိသလား။ အမိုက်များ တဖြည်းဖြည်း များလာသည်။ ဦးထုပ်အနက်နှင့် လူသည် မျက်လှည့်ဆရာ ဖြစ်သည်။ မြွေတစ်ကောင် သူ့သေတ္တာထဲ အိပ်နေ၏။ မှော်ဆရာသည် နှဲကို ရှည်လျားစွာ မှုတ်လိုက်သည်။ လေနှစ်ချက် ထပ်တိုက်ပြီ။ ချွေးပြန်နေသူများ စိမ်ခနဲ အေးသွား၏။ ပါလာတာ အကုန်ထုတ်။ ဓါးပြတိုက်ပြီ။ ပွဲတော်သည် ရုတ်ချင်း ဆူညံသွားသည်။ ကောင်းထက် ဇောချွေးများ ပြန်လာသည်။ ကျုပ်ပြောနေတယ် ပါလာတာအကုန်ထုတ်။ ဓါးတစ်ချောင်းသည် ရင်ဘတ်တစ်ခုထံ ဝင်စိုက်သွားသည်။ လမင်းကို တိမ်မည်းတို့ ပြန်ဖုုံးလိုက်သည်။ မည်သူ မည်ဝါမသိ။ တစ်ယောက်ယောက် မီးစက်ကို ပိတ်လိုက်သည်။ မုန့်လင်မယားသယ် ထွက်ပြေးပြီ။ သေနတ်ပြောင်းဝတွင် ယမ်းငွေ့များ လွန့်လူးနေသည်။ သေနတ်သံသည် ကျယ်လောင်သည်။ လူရွှင်တော်များ ဒူးတုပ်လျက်။ မင်းသမီးငိုသည်။ မင်းသမီးအမေငိုသည်။ ပြီးတော့ ဆိုင်းတီးသူ ခုံအောက်ထဲ ဝင်ပုန်းနေသည်။ ကောင်းထက် စာရွက်တွေကို မလှန်ရဲတော့။ မြှားသမားက သူ့မြှားဖြင့် ပေါက်သည်။ ပစ်။ သွေးများ ရင်ဘတ်က စီးကျလျက် သေသွားသည်။ သေသူ လက်ထဲတွင် မြှားတစ်စင်း ကျန်ခဲ့သည်။ ပွဲတော်သည် ညိုညစ်လျက်က မှိုင်းမှောင်လာပြီ။ လူတွေ အများကြီး ငိုသံများ နည်းနည်းကြားရသည်။ မှော်ဆရာသည် နှဲကို သေချာကြည့်နေသည်။ ကောင်းထက် ခဏငြိမ်သက်နေမိသည်။ အသက်ခိုးရှူနေသော ခြင်းခပ်ဆရာက ခေါင်းနှင့် မြေကြီး တစ်သားတည်း။ ပွဲတော်သည် ငြိမ်သက်လာသည်။ ခြေထောက်နှင့် ဖုံးထားသော လက်စွပ်ကို ဓါးပြက မြင်သွား၏။ ပေါင်ကို ဓါးဖြင့် ထိုးလိုက်သည်။ လေမတိုက်တော့။ မျက်လှည့်ဆရာက သေတ္တာထဲက မြွေကို ခိုးထုတ်လိုက်သည်။ မြွေသည် သေတ္တာထဲမှ ပွဲတော်ထဲသို့ ထွက်သည်။ လူတွေ လန့်အော်ကြသည်။ အော်ဟစ်သူကို သေနတ်နှင့် ပစ်သတ်သည်။ လူတွေ မအော်ရဲတော့။ မြွေသည် မိုးပျံပူပေါင်းသယ် ခေါင်းပေါ်တက်လာသည်။ ကောင်းထက် သက်ပြင်းချသည်။ မှော်ဆရာက လေချွန်နေပြန်သည်။ ကြောင်တစ်ကောင် စားပွဲအောက် ပြန်ရောက်လာသည်ကို ကောင်းထက် မသိလိုက်။ မြွေသည် မိုးပျံပူပေါင်းသယ် လည်ပင်းကို ပတ်လိုက်သည်။ ပြီးတော့ ခေါင်းပေါ်ပြန်တက်သည်။ မြွေကို ဓါးပြက တဟားဟားရယ်မောလျက် သေနတ်နှင့် ချိန်တွယ် ပစ်လိုက်သည်။ ဒိုင်း…..။ လမင်းက တိမ်မည်းကြားထဲက တစ်ခြမ်းသာ ထွက်နိုင်၏။ မိုးပျံပူပေါင်းသယ်ခေါင်းသည် ပွင့်ထွက်ကာ မြွေသည် ခေါင်းပေါ်တွင် သေသွားသည်။ မြင်းတစ်ကောင်က ထအော်သည်။ ခွေးဟောင်သံများကြားရ၏။ ရှေ့သို့ တစ်ယောက်ချင်း ရွှေဆွဲကြိုးများ၊ ငွေများ ထုတ်ပေးရသည်။ မိန်းမဝဝကြီးက အကျယ်ကြီး ရယ်လိုက်သည်။ ထိုအရာသည် ပွဲတော်၏ အငြိမ့်ပြကွက်တစ်ကွက်ဟု ထင်သွားသည်။ လူရွှင်တော်များ ဓါးပြတိုက်နေသည်။ မင်းသမီးများ မြွှေများ အဖြစ် ပြောင်းလဲသွားသည်။ မိုးပျံပူပေါင်းများသည် သေနတ်များ ဖြစ်သွားသည်။ မုန့်လင်မယားများက ဓါးပြတွေကို စားလိုက်သည်။ စက်ဘီးနှစ်စင်း ရဟတ်ထဲပါသွားသည်။ လေတွေ ပြန်တိုက်လာသည်။ မြှားပစ်ဆရာက ပြန်ထလာသည်။ မိုးပျံပူပေါင်းသယ်၏ ခေါင်းမှာ ပြန်ပိတ်သွားသည်။ ကောင်းထက် စားပွဲခုံကို လက်သီးနှင့် ထုလိုက်သည်။ ကြောင်မှာ အိမ်အပြင် ပြန်ထွက်ပြေးသွား၏။ ကလေးများ ပြန်ဆော့ကြသည်။ လမင်းကို မီးပိတ်ထားသော တိမ်မည်းကြီးက ပိတ်ကားဖြစ်၏။ ဆိုင်းဆရာက သေနတ်သံများ တီးလိုက်သည်။ မီးစက်ကို သစ်ပင်များ ပြန်ဖွင့်လိုက်သည်။ ပွဲတော်သည် အဝါရောင် ပြောင်းသွားသည်။ ဆိုင်းဆရာ၏ သေနတ်သံကြားမှာ ပုံလျက်သေဆုံးသွားသူမှာ တဟားဟားရယ်မောနေသော မိန်းမဝဝကြီးဖြစ်၏။ သူသည် လောကကို ပွဲတော်သဖွယ် ကြည့်ရှုသူ ဖြစ်လေသည်။
ဗိုလ်နင့်
5 comments
kyeemite
May 2, 2013 at 2:36 pm
ကောင်းလည်းကောင်းတယ်
အေးလည်းအေးတယ်….ဒါပေမဲ့……..
ဦး ကျောက်ခဲ
May 2, 2013 at 2:51 pm
မြင့်တယ်ဆရာ…
နိမိတ်ပြအဖွဲ့အနွဲ့တွေကို အရိပ်ဖမ်းမိဖို့…
ငါးခါတိတိ ဖတ်လိုက်ရပါကြောင်း… ဒါတောင်..
:harr:
TNA
May 2, 2013 at 5:29 pm
မော်ဒန်ပေါ့နော်။ မူးတွားဘီ။
မောင် ပေ
May 3, 2013 at 7:59 pm
ပွဲတော်
ဝဲကျော်
နွှဲပျော်
ရဲဘော်
သဲကော်
ဆဲလျော်
အလင်းဆက်
May 5, 2013 at 11:12 am
ပွဲ တော်မှာ ငါ ရှုံးခဲ့တယ်
ငါကမှ ဖွက်ထားတဲ့လမင်းကို ထုတ်မပြခဲ့ပဲ
လှေကို မ လှော်ဘူး
ပင် လယ်ကို လှော်မယ်
. . . . .
ဘာရယ်မဟုတ်ပါဘူး
ပွဲတော်ဆိုတဲ့ စကားလုံးလေး မြင် လိုက် ရုံ နဲ့
တာရာမင်းဝေ ရဲ့ ကဗျားလေး
တစ်ပိုင်း တစ်စ ရွတ်ချင် လာလို့
🙂
ခံစား လိုက်ပါတယ်ဗျာ