ဖတ်ကြည့်ကြပါ သနားဖို ့လဲကောင်းတယ်
ဒီဇာတ်လမ်းမှာ ဇာတ်ကောင်ရဲ့ နာမည်ကို ပေးစရာမလိုဘူး၊ လိုလည်း
မလိုအပ်ဘူးလို့ ကျုပ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီထဲမှာရှိနေတဲ့
လူတွေကို ကျုပ်တို့က နာမည်အစား ကိုယ်ပိုင်နံပါတ်နဲ့ခေါ်လို့ပါပဲ ။
“ငိုက်မနေနဲ့ကွာ အကြောင်းကြားတဲ့လူတွေ လာနေပြီ”
ဘေးက လုပ်ဖော်ကိုင်ဖက်က ကျုပ်ပုခုံးကို ခပ်ကြမ်းကြမ်းလေး ပုတ်လိုက်မှ
မှေးနေတဲ့ ကျုပ်မျက်လုံးတွေ ဖွင့်လိုက်မိတယ်။ တစ်နေ့လုံး ဒီထဲမှာပဲ
တာဝန်ကျနေတဲ့အတွက် လူကလည်း နှုံးချိပင်ပန်းနေတယ်။ ကျုပ်
ပျင်းကြောတစ်ချက်ဆန့်ပြီး တံခါးဘက်ဆီကို လျောက်သွားလိုက်တယ်။
ဒီနေ့ ထောင်သားအသစ်တစ်ဦး ထပ်ရောက်လာပါတယ်။ နာမည်စာရင်းထဲက တရားခံရဲ့
ကိုယ်ရေးမှတ် တမ်း အကျဉ်းကို တစ်ချက် လှန်ကြည့်လိုက်တော့ ကျုပ်
မှင်သက်သွားမိတယ်။ ကိုယ်ပိုင် နံပါတ်အောက် မှာ ထင်ရှားပြတ်သားအောင်
ရေးထားတဲ့ စာလုံးက နှစ်လုံးထဲ “သေဒဏ်”တဲ့။ ကျုပ်ပိုအံဩသွားတာက တရားခံ ဟာ
အသက်(၁၇)နှစ်ပဲ ရှိသေးလို့ပဲ။ အင်မတန်မှ ဖြစ်ခဲတဲ့ ကိစ္စတစ်ခုပါ။
ကျုပ်တာဝန်ထမ်းဆောင်လာတဲ့ သက် တမ်းတစ်လျောက် တစ်ကြိမ် တစ်ခါမှ
မကြုံခဲ့ဖူးဘူး။ ရဲသားနှစ်ယောက် ကြားက အချုပ်ခံပြီး ဝင်လာတဲ့ ငယ်ရွယ်
နုနုယ်တဲ့ မျက်နှာနဲ့ သူ့ကို ကျုပ်မြင်လိုက်ပါတယ်။
“ဒါ (၅၂၀၇)လားဟေ့”
“ဟုတ်ပါတယ်။ ဆရာတို့လက်ထဲ ကျွန်တော်တို့ အပ်ပါတယ်”
လွှတ်နေတဲ့အခန်းထဲ တရားခံကိုထားဖို့ ကျုပ်က ဦးဆောင်ပြီး သွားလိုက်တယ်။
တိတ်ဆိတ်အိပ်မောကျနေတဲ့ နံနက်ခင်းမှာ ကြမ်းပြင်ပေါ်ကို ရှပ်တိုက်သွားတဲ့
တရားခံရဲ့ ခြေထိပ်သံက နားထဲကို စူးပြီးတိုးဝင်လာတယ်။ ကျုပ် မ
ယုံနိုင်အောင်ဘဲ မှတ်တမ်းစာအုပ်ကို ပြန်ကြည့် လိုက်မိတယ်။ အသက်(၁၇)နှစ်သာ
ရှိပြီး ကြီးလေးတဲ့ အပြစ်ဒဏ်ကို ခံရတဲ့သူရဲ့နောက်ကြောင်း ရာဇဝင်ကို
ကျုပ်စိတ်ဝင်စားသွားမိတယ်။
“နံပါတ်(၅၂၀၇) မှတ်တမ်းမှာ ခင်ဗျားရဲ့ အသက်က (၁၇)နှစ်ပဲ ရှိသေးတယ်ဆိုတာ တကယ်လား”
“သေဒဏ်ဆိုမှတော့ အသက်က အတုဖြစ်ရဦးမလား”
သူ ကျုပ်ကို ဘုကြည့်ကြည့်ပြီး ဖြေလိုက်တယ်။ သူ့ရဲ့မျက်လုံးက ကျုပ်ကို
တုံးအတဲ့မေးခွန်းကို မေးနေသလားလို့ လှောင်ပြောင်နေသလိုပဲ။
“ကျုပ်က ဒီထောင်ရဲ့ လက်ထောက်ထောင်မှုးပါ။ ဒီနေရာကို ရောက်လာကြတဲ့
တရားခံတွေရဲ့ နောက်ကြောင်းရာဇဝင် ရင်ဖွင့်တာကို ကျုပ်အမြဲနားထောင်တယ်။
ခင်ဗျားရော ခင်ဗျားရဲ့ နောက်ကြောင်းတွေ ကျုပ်ကို ပြောမပြချင်ဘူးလား”
သတိလေးနဲ့ ကျုပ် သူ့ကို မေးလိုက်တယ်။ အရမ်း စိတ်ထိခိုက်ဝမ်းနည်းတဲ့
ဇာတ်လမ်းတွေလည်း ဒီနေရာမှာပဲ ကျုပ် နားထောင်ခဲ့ဖူးတယ်လေ။
“ဟင်း……….” ပြင်းသက်တစ်ချက်ကို သူလေးတွဲ့စွာ ချရင်း စကားဆက်ပါတယ်။
“ကောင်းပြီလေ.. ဘယ်လိုပဲပြောပြော သေဒဏ်က သေဒဏ်ပါပဲ။ မသေခင် ကျွန်တော့်
ပုံပြင်လေးကို ချန်ထားခဲ့ရ လည်း မဆိုးပါဘူး”
ကျုပ်စားပွဲရှေ့က ထိုင်ခုံမှာ သူ့ကို ထိုင်ခိုင်းလိုက်တယ်။ လင်းထိန်နေတဲ့
အခန်းရဲ့ မီးရောင်အောက်မှာ သူ့မျက်နှာကို ထင်ထင်ရှားရှား
ကျုပ်တွေ့လိုက်ရတယ်။ ရှင်းသန့်ပြီး ရည်မွန်နေတဲ့ သူရုပ်ရည်ဟာ
ဒီလိုနေရာနဲ့ နည်းနည်းမှ မဟပ်စပ်ဘူး။ ဒီလိုနေရာဟာ ရုပ်ရည်ကြမ်းတမ်းပြီး
လူဆိုးရုပ် ပေါက်နေတဲ့လူတွေသာ အလာများတဲ့ နေရာပါ။ သူ့လို လိမ္မာရေး
ခြားရှိမဲ့ လူတစ်ယောက်ဟာ ဒီလိုနေရာကို ရောက်လာတဲ့အတွက် သူ့နောက်ကြောင်း
ရာဇဝင်က ကျုပ်ရဲ့သိလိုစိတ်ကို ပိုပြင်းပြစေခဲ့တယ်။ ကျုပ်ရှေ့မှာ သူဟာ
တရိုတသေထိုင်ရင်း သူ့ဇာတ်လမ်းလေးကို ပြောပြပါတော့တယ်။
၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅ ၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅၅
“ကျွန်တော်ကို ပညာတတ် အဆင့်အတန်းရှိတဲ့ မိသားစုက မွေးဖွားလာခဲ့တာပါ။
ကျွန်တော့်မှာ ညီတစ်ယောက်ရှိပါတယ်။ အဲဒီလို မိသားစုက
ပေါက်ဖွားလာလို့ပဲလား မသိဘူး။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ဟာ
ငယ်ငယ်လေးကတည်းက စည်းစနစ်ကြားမှာ ကြီးပြင်းလာခဲ့တယ်။ မိဘတွေက
ကျွန်တော်တို့ကို လူတော်လူကောင်းတွေဖြစ်အောင ် သွန်သင်ဆုံးမခဲ့တယ်။
ပညာတတ်ကြီး ဖြစ်အောင် အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့
သူတို့ရဲ့ ဆိုဆုံးမမှုက ကျွန်တော့်အပေါ်မှာပဲ အကျုံးဝင်ခဲ့တယ်။
ကျွန်တော့်ညီလေးအတွက် နည်းနည်းမှ အသုံးမဝင်ခဲ့ဘူး။ ညီလေးဟာ တစ်ခြားလူနဲ့
ရန်ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း ပြဿနာအမျိုးမျိုး ဖြစ်အောင်လုပ်ခဲ့တယ်။
မိဘတွေက သူ့အတွက် ဦးနှောက် တော်တော်ခြောက်ခဲ့ရတယ်။ ကျွန်တော်ကတော့
ညီလေးနဲ့ ဆန့်ကျင်ဘက်ပါ။ ကျွန်တော်ကြီးပြင်းလာတဲ့ တစ်လျှောက်မှာ
မိဘစကားကို မြေဝယ်မကျ နားထောင်ခဲ့တယ်။ အတန်းထဲမှာလည်း အမြဲတမ်း အဆင့်တစ်
နေရာမှာ မြဲခဲ့တယ်။ ပြိုင်ပွဲတိုင်းမှာလည်း ဆုတံဆိပ်တွေ အမြဲ
ဆွတ်ခူးနိုင်ခဲ့တယ်။
ဒါကြောင့်လည်း ဖေဖေ မေမေတို့ရဲ့ အချစ်နဲ့ အလိုလိုက်မှုကို ညီလေးထက်
ပိုရခဲ့တယ်။ ညီလေးကတော့ သူ့ရဲ့ ဆိုးသွမ်းမှုတွေကြောင့် မိဘတွေရဲ့
ဥပက္ခာပြုတာကို ခံခဲ့ရတယ်။ သူတို့ရဲ့ အချစ်ဟာ ညီလေးအပေါ်မှာ အေးစက်ခဲ့တယ်။
ကျွန်တော်နဲ့ ညီလေးကြားမှာလည်း ဆက်ဆံမှုဆိုတာ မရှိသလောက်ဘဲ။ ဆက်ဆံမှုတွေက
သုညလို့ ဆိုနိုင်တယ်။ ကျွန်တော် အနားယူ အိပ်စက်တဲ့အချိန်ဟာ ညီလေးအတွက်
ပျော်ပါးဆိုးသွမ်းဖို့ စတင်တဲ့ အချိန်ဖြစ်တယ်။ ဒါကြောင့် သူနဲ့
မျက်နှာချင်းဆိုင်တဲ့ အချိန်တွေ မရှိသလောက်ဘဲ။ မျက်နှာချင်းဆိုင်
မိရင်လည်း တစ်နေ့ကို စကား(၁၀)ခွန်း ပြည့်အောင် မပြောဖြစ်ကြဘူး။
ကျွန်တော်တို့ဟာ သွေးသားတူစပ်တဲ့ ညီအစ်ကို အရင်းခေါက်ခေါက်တွေပါ။ ဒါပေမဲ့
သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက သူစိမ်းတွေထက်တောင် ပိုသူစိမ်းဆန်ခဲ့ကြတယ်။
ကျွန်တော် ကျောင်းတက်လာတဲ့ ကာလတစ်လျှောက် စာတွေနဲ့ ပတ်သက်ပြီး
ကျွန်တော့်အတွက် ဘာအခက်အခဲမှ မရှိခဲ့ဖူးဘူး။ ဒီလိုနဲ့ တက္ကသိုလ်ဝင်ခွင့်
စာမေးပွဲဖြေဖို့ အချိန်တွေ တဖြေးဖြေး နီးကပ်လာခဲ့တယ်။ အကောင်းဆုံး
နာမည်ကြီး တက္ကသိုလ်ကို တက်ဖို့ ကျွန်တော် မျှော်လင့်ခဲ့တယ်။
ကျွန်တော့်အရည်အချင်းနဲ့ ကျွန်တော် လုပ်နိုင်မယ်လို့လည်း ယုံကြည်ခဲ့တယ်။
သန်းခေါင်ယံ ညနက်အထိ ကျွန်တော် ကြိုတင်ပြင်ဆင်ခဲ့တယ်။ ကြိုးစားခဲ့တယ်။
ဒီလိုနဲ့ စာမေးပွဲ စဖြေမဲ့နေ့ မတိုင်ခင် ညမှာ အိပ်ရာ စောစောဝင်ဖို့
ကျွန်တော် စိတ်ကူးလိုက်တယ်။ အခန်းမီးကိုပိတ်ပြီး ကျွန်တော်အိပ်မလို
ပြင်ဆင်နေတဲ့ အချိန်မှာ တံခါးခေါက်သံ တိုးတိုးလေးကို ကျွန်တော်
ကြားလိုက်မိတယ်။ စာမေးပွဲ ဖြေနိုင်ဖို့အတွက် ဖေဖေနဲ့မေမေ ကျွန်တော့်ကို
လာအားပေးတယ်လို့ စိတ်ထဲ ထင်လိုက်မိတယ်။ တံခါးဖွင့်လိုက်တော့ တံခါးဝမှာ
ရပ်နေတဲ့ ညီလေးကို မမျှော်လင့်ဘဲ တွေ့လိုက်တဲ့အတွက် ကျွန်တော်
ထိတ်လန့်သွားမိတယ်။
“ဟာ.. ညီ မအိပ်သေးဘူးလား မေမေထင်နေတာ”
ကျွန်တော် တအံ့တဩနဲ့ မေးတော့ “ဒါ မင်းအတွက်” ဆိုပြီး ကျွန်တော်ကို
နွားနို့တစ်ခွက် ကမ်းပေးတယ်။ အရင်က သူစိမ်းလို့ ဆက်ဆံခဲ့တဲ့ ညီလေးရဲ့
အပြုအမှုကြောင့် ကျွန်တော် မအံဩဘဲ မနေနိုင်ဘူး။
“နို့ပူပူလေး သောက်ပြီး စောစောအိပ်လိုက်.. ငါလည်း အိပ်တော့မယ်”
လှည့်ထွက်သွားတဲ့ ညီလေးရဲ့ ကျောပြင်ကို ကြည့်ပြီး ကျွန်တော်
မယုံကြည်နိုင်အောင် အံ့ဩဝမ်းသာမိတယ်။ နို့ပူပူလေးကို တစ်ချက်ထဲနဲ့
ကုန်အောင် ကျွန်တော် သောက်လိုက်မိတယ်။ အိပ်ရာပေါ်လဲရင်း
ကျွန်တော်တို့ကြားမှာ အခေါ်အပြော နည်းခဲ့တဲ့ ညီလေးရဲ့ အပြုအမှုနဲ့
ဂရုစိုက်တတ်မှုကို တွေးမိပြီး ကျွန်တော် အရမ်းကြည်နူးမိတယ်။ ဘာပဲဖြစ်ဖြစ်
အရေးကြုံရင် သွေးက စကားပြောတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။
နောက်တစ်နေ့မှာ သူတို့ရဲ့ အားပေးမှုတွေနဲ့ စာမေးပွဲခန်းထဲကို ကျွန်တော်
ရဲရဲဝံ့ဝံ့ ဝင်ခဲ့တယ်။ ပထမ တစ်ဘာသာကို ကျွန်တော်ကောင်းကောင်း
ဖြေနိုင်ခဲ့တယ်။ ဒုတိယ ဖြေရမှာက ကျွန်တော်အကြိုက်ဆုံး သချာင်္ပါ။ စဖြေဖို့
ခေါင်းလောင်သံကြားတာနဲ့ ကျွန်တော်ဟာ တစ်ပုဒ်ပြီး တစ်ပုဒ်
ဖြေဆိုနိုင်ခဲ့တယ်။ ဖြေနေတုန်း အချိန်တစ်ဝက်ရောက်တော့ ဗိုက်က နာလာခဲ့တယ်။
စိတ်လှုပ်ရှားလို့ နာတာဖြစ်မယ်လို့ ကျွန်တော်ထင်လိုက်တယ်။ ဒါပေမဲ့ ဗိုက်က
မခံမရပ်နိုင်အောင် နာလာတယ်။ မခံနိုင်တဲ့အဆုံး ဆရာ့ဆီ ခွင့်တောင်းပြီး
အိမ်သာဘက်ကို ကျွန်တော် ထွက်လာခဲ့တယ်။ နာကျင်တဲ့ ဝေဒနာနဲ့ အိမ်သာမှာ
ကျွန်တော် ဘယ်လောက်ကြာသွားလဲ မသိဘူး။ ဖြေတဲ့အခန်းကို ပြန်ရောက်တော့
တစ်ဝက်သာ ဖြေရသေးတဲ့ ကျွန်တော့် အဖြေလွာကို ဆရာက သိမ်းသွားလိုက်ပြီ။
ဘာလို့ ဒီလိုအချိန်မှာမှ ဗိုက်က နာရသလဲလို့ ကျွန်တော်ကိုယ့်ကို
အပြစ်တင်မိတယ်။
အောင်မှတ်သာသာပဲ ဖြေဆိုခဲ့ရတဲ့အတွက် ကျွန်တော် ဝမ်းနည်းမိတယ်။
စိတ်အနှောင့်အယှက် ဖြစ်မိတယ်။ အဲဒီစိတ်နဲ့ပဲ နောက်ဘာသာတွေလည်း
အောင်မှတ်လောက်ပဲ ကျွန်တော် ဖြေနိုင်ခဲ့တယ်။ အောင်စာရင်းထွက်တော့
နာမည်မကြီးတဲ့ တက္ကသိုလ် တစ်ခုမှာ ရိုးရိုးမေဂျာပဲ ကျွန်တော် ရခဲ့တယ်။
ကျွန်တော့်မျှော်လင့်ချက်ေ တွ ကမ်းကုန် ပျောက်ဆုံးသွားခဲ့တယ်။ မိဘတွေက
ကျွန်တော့်ကို အပြစ်မတင်ပေမဲ့ သူတို့လည်း စိတ်မကောင်းဖြစ်ခဲ့တယ်။
ကျွန်တော့်ကို သူတို့ အရမ်း မျှော်လင့်ခဲ့တယ်လေ…
အဖြစ်အပျက်တစ်ခုက မယုံကြည်နိုင်လောက်အောင် ပြောင်းလဲခဲ့တယ်။ ကျွန်တော်ထက်
တစ်နှစ်ငယ်တဲ့ ကျွန်တော့်ညီက အကောင်းဆုံး၊ နာမည်အကြီးဆုံးဆိုတဲ့
တက္ကသိုလ်ရဲ့ ကျောင်းသားတစ်ဦးဖြစ်ခဲ့တယ ်။ သူ့ အရည်အချင်းနဲ့ ဒါဟာ
မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက ညီလေးဟာ စာမကြိုးစားခဲ့ဘူး။ ဒါပေမဲ့
ကျောင်းသားတွေကို အနိုင်ကျင့် ဗိုလ်ကျတဲ့ နေရာမှာ သရဖူဆောင်းခဲ့တယ်။
ဒီစာမေးပွဲ ဖြေတဲ့ အချိန်မှာလည်း ခိုးချရာမှာ ကူညီပေးဖို့
ကျောင်းသားတွေကို ခြိမ်းခြောက်ခဲ့ပုံရတယ်။
ဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲက ကျွန်တော့်မိဘရဲ့ အမြင်ကို
ပြောင်းလဲစေခဲ့တယ်။ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ ဂရုစိုက်မှုတွေက
ကျွန်တော်အပေါ် ပြောင်းလဲလာခဲ့တယ်။ ဒါပေမဲ့ သူတို့အပေါ် ကျွန်တော်
အပြစ်မမြင်ရက်ခဲ့ပါဘူး။ အရင်တုန်းက မိဘတွေရဲ့ လျှစ်လျှူရှူခံခဲ့ရတဲ့
ညီလေးနေရာမှာ ကျွန်တော် အစားဝင် ခံစားကြည့်ပြီး ကိုယ်ချင်းစာမိတယ်။
အကောင်းဆုံး နေရာကို မရောက်ခဲ့လည်း ရောက်တဲ့နေရာကနေ အကောင်းဆုံး
ဖြစ်အောင် ကျွန်တော် ကြိုးစားလို့ ရပါသေးတယ်။ အားလုံးကို ကျွန်တော်
နားလည်ခဲ့ပါတယ်။
အချိန်တွေ တစ်ရွေ့ရွေ့ ကုန်ခဲ့တယ်။ တစ်နေ့မှာ ကျွန်တော်ကျောင်းက
စောစောပြန်လာခဲ့တယ်။ ညီလေးလည်း အိမ်မှာရှိနေတယ်။
“ညီ နေမကောင်းဘူးလား။ ဒီအချိန်က ကျောင်းတက်တဲ့အချိန်ပဲ
ကျောင်းမသွားဘူးလား” ကျွန်တော် စိုးရိမ်စိတ်နဲ့ မေးလိုက်မိတယ်။
“ငါ့ဘာသာ တက်ချင်တက်မယ်။ မတက်ချင် မတက်ဘူး။ ဒါ ငါ့လွတ်လပ်ခွင့်ပဲ
မင်းမေးစရာမလိုဘူး”
“ဘာလို့ ဒီလို ပြောရတာလဲ ညီ… မင်းအခု တက်နေတဲ့ကျောင်းက
နာမည်ကြီးကျောင်း၊ အရည်အချင်းရှိတဲ့ လူတွေမှ တက်လို့ရတာ။ အဲဒီကျောင်းကို
တက်ရတယ်ဆိုတာ နည်းတဲ့အခွင့်အရေး မဟုတ်ဘူး။ ဒီအခွင့်အရေးကို မင်း
တန်ဖိုးထားသင့်တယ်”
“အော်… မင်းရည်မှန်းခဲ့ဖူးတဲ့ အဲဒီကျောင်းက နာမည်ကြီးတဲ့လား..
ကောင်းသတင်းတော့ မဖြစ်နိုင်ဘူး။ ဆိုးသတင်းပဲ ဖြစ်ရမယ်။ မင်းလူပြိန်းပဲ…
အဲဒီကျောင်းက ကျောင်းသားတွေ ရန်ဖြစ်တာ၊ ဖဲချတာ၊ အရက်သောက်တာ မင်းမှ
မမြင်ဖူးတာ.. ငါ့အတွက်တော့ အဲဒီကျောင်းက ခွေးချီးပဲ”
“စကားကို ကြည့်ပြော ညီ… ကိုယ်တက်တဲ့ ကျောင်းကို မင်းဘာလို့ အဲလို အပုပ်ချရသလဲ”
“သွားစမ်းပါ… အရည်အချင်းရှိရင် မင်းလာတက်လေ… စာမေးပွဲ ဖြေနေတုန်း
မင်း ဗိုက်နာခဲ့တာ ကံကောင်းတယ် မှတ်ပါ”
“ဒါ ကံတရားပဲလေ… စိတ်လှုပ်ရှားတိုင်း ငါက ဗိုက်နာတတ်တာကိုး.. မတတ်နိုင်ဘူး”
“အဲဒီ ဗိုက်နာတုန်းက မင်းစိတ်လှုပ်ရှားလို့ နာတယ် ထင်နေတာလား… စာမေးပွဲ
မဖြေခင်ညက နွားနို့တစ်ခွက်ကို မင်းမှတ်မိသေးလား…။ နွားနို့ထဲ
ငါဝမ်းနှုတ်ဆေး ထည့်လိုက်တာ ဟား….ဟား… မင်း တော်တော် အတဲ့ကောင် ဟား…
ဟား… ဟား…”
“ဘာ… ဘာပြောတယ် ညီ… မင်းဘာလို့ အဲလို ယုတ်မာရသလဲ”
ညီလေးရဲ့ စကားအဆုံးမှာ ကျွန်တော်ဟာ ကိုယ့်နားကို မယုံနိုင်အောင်
ဖြစ်မိတယ်။ ဒေါသကြောင့် သွေးတွေ နားထင်းကို ထောင်းခနဲ ရောက်လာတယ်။
” ဘာဖြစ်လို့လဲ သိလား… ငယ်ရာကနေ ကြီးလာတဲ့အထိ အမေတို့က မင်းကိုပဲ
ပိုချစ်ခဲ့တယ်။ ပိုဂရုစိုက်ခဲ့ကြတယ်။ ငါ့ကို ဖုတ်လေတဲ့ ငပိ
ရှိတယ်လို့တောင် မထင်ကြဘူး။ ငါဘယ်လို ခံစားခဲ့ရမလဲ
ကိုယ်ချင်းစာကြည့်စမ်းပါ။ အဲဒီ အငြိုးတွေနဲ့ မင်းကို ဗိုက်ပဲနာစေခဲ့တာ
ကံကောင်းတယ် မှတ်ပါ။ ခုတော့ မင်းဟာ ငါ့ရဲ့ ခြေဖဝါးအောက်ကပါပဲ.. ဟား..ဟား”
အဲဒီ စကားတွေ ကြားတော့ ကျွန်တော့်စိတ်ကို လုံးဝ မထိန်းနိုင်တော့ဘူး။
ကျွန်တော့်အိပ်မက်၊ ကျွန်တော့်ဘဝ တစ်ခုလုံးကို ဗြောင်းဆန်အောင်
လုပ်ပစ်တဲ့ ညီလေးကို ကျွန်တော် မကြည့်ချင်တော့ဘူး။ ကျွန်တော် ဘာကိုမှ
စဉ်းစားမနေတော့ဘူး။ နံရံဘေးမှာ ထောင်ထားတဲ့ ဘေ့စ်ဘောတုတ်ကို ယူပြီး
မဲမဲမြင်သမျှ ကျွန်တော် ရိုက်ချလိုက်တယ်။ ကျွန်တော်ရှေ့က ညီလေးအပါအဝင်
အရာအားလုံး ပျောက်ကွယ်သွားအောင် မျက်စိစုံ မှိတ်ပြီး အားနဲ့ ကျွန်တော်
လွဲရမ်းလိုက်တယ်။
“ဒုတ်…”
တစ်ခုခုကို ရိုက်မိသွားတဲ့ အထိအတွေ့နဲ့အတူ အရိုးအက်သွားတဲ့
အသံတိုးတိုးလေးကို ကျွန်တော် ကြားလိုက်မိတယ်။ အဲဒီအရာကိုပဲ ကျွန်တော်
ဆင့်ကာဆင့်ကာ ရိုက်ချလိုက်မိတယ်။
“ရပ်လိုက်.. အဲဒါ ဖေဖေ.. ဖေဖေကို ရိုက်မိပြီ.. တော်တော့”
တုတ်ကို ဝင်ဆွဲပြီး အော်လိုက်တဲ့ ညီလေးရဲ့ အသံကြားမှ ကျွန်တော်
သတိဝင်လာတယ်။ အိမ်ထဲကို လှမ်းဝင်လာတဲ့ ဖေဖေ့ဦးခေါင်းကို
ကျွန်တော်ရိုက်လိုက်မိတယ်။ ဆေးရုံကို ချက်ချင်းပို့ခဲ့ပေမဲ့ ဦးခေါင်းခွံ
ကွဲအက်သွားတဲ့အတွက် ဖေဖေအသက်ကို မကယ်နိုင်ခဲ့ဘူး။ ဖေဖေ မဆုံးခင်မှာ
ကျွန်တော်နဲ့ ညီလေးရဲ့ လက်ကိုကိုင်ပြီး…
“ဖေဖေ ဘယ်သူ့ကိုမှ အပြစ်မယူပါဘူး သားရယ်.. ဒါတွေ အားလုံးဟာ ဖေဖေတို့
ဖန်တီးခဲ့လို့ ခုလိုဖြစ်ရတာ။ တော်တဲ့လူကို ချီးကျူးပြီး မတော်တဲ့လူကို
လျှစ်လျှူရှူမိတဲ့ ဖေဖေတို့ရဲ့ အမှားပါ။ ပညာဆိုတဲ့ အရာနဲ့ သားတို့ရဲ့
စာရိတ္တကို တိုင်းတာခဲ့ကြတယ်။ သားတို့ရှိထားတဲ့ ကိုယ်ပိုင်
အရည်အချင်းတွေကို ပုံစံပြောင်းခဲ့မိကြတယ်။ ဖေဖေ မရှိတော့ရင်
ချစ်ချစ်ခင်ခင် နေကြပါနော်။ မေမေကိုလည်း ဂရုစိုက်ကြပါ” လို့ ပြောခဲ့တယ်။
ဒေါသပို မထိန်းချုပ်နိုင်ခဲ့တဲ့ ကျွန်တော်လည်း နောက်ဆုံးတော့
အဖေ့သတ်မှုနဲ့ လူငယ် ထိန်းသိမ်းရေး စခန်းကို ရောက်ခဲ့တယ်။
နောက်ဆုံးချမှတ်လိုက်တဲ့ သေဒဏ်ဆိုတဲ့ အမိန့်နဲ့ ကျွန်တော် ဒီကို
ရောက်လာခဲ့တာပဲ”
၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂ ၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂၂
“ကျွန်တော်ရဲ့ ပုံပြင်ကတော့ ဒါပါပဲ”
သူ့စကားအဆုံးမှာ ကျုပ်ရင်မှာ အမည်မသိ ဝေဒနာတစ်ခုကို ခံစားမိတယ်။ သူ့ညီရဲ့
လုပ်ရပ်တွေကိုလည်း မယုံကြည်နိုင်အောင် အံ့ဩမိတယ်။
“မင်းရဲ့ ပုံပြင်ကို နားထောင်ရတာ အရမ်းတန်းဖိုရှိတယ်။ မင်းညီကို မင်းမုန်းလား”
“အစကတော့ ကျွန်တော် မုန်းမိတယ်။ ဒါပေမဲ့ အခုတော့ ဘာမှ မခံစားမိတော့ဘူး။
ဖြစ်လာခဲ့ ပြီးပြီပဲ။ ဖြစ်လာသမျှကို ရဲရဲ ရင်ဆိုင်ရုံပါပဲ။ အပြစ်တင်
မုန်းနေလို့လည်း အရာအားလုံးက ပြန်ကောင်းသွားမှာမှ မဟုတ်တာ”
ကျုပ် အားရင် အားသလို သူနဲ့ စကားတွေ ပြောဖြစ်ခဲ့တယ်။ စာနာသနားစိတ်နဲ့
သူ့အပေါ် ကျွန်တော် သံယောဇဉ်ဖြစ်မိတယ်။ သံယောဇဉ်ဆိုတဲ့ ကြိုးတစ်ချောင်းနဲ့
ကျုပ် ထောင်စည်းကမ်းတွေကို ဖောက်ဖျက်မိနေပြီလား မပြောတတ်ဘူး။
သန်ဘက်ခါဆိုရင် (၅၂၀၇)ကို စီရင်ချက် ချမဲ့နေ့ဖြစ်တယ်။ သူ့ကို ကြည့်ရတာ
တည်ငြိမ်ပြီး ထိတ်လန့်တဲ့ပုံ မပြခဲ့ဘူး။ သေဒဏ်ချခံရတဲ့ တရားခံတွေက
သေမိန့်နီးလာရင် စိတ်ချောက်ချားပြီး ငိုလိုက်ရီလိုက် အော်နေတတ်တယ်။
တကယ့်ဆိုး တကယ့်ပေတဲ့ လူဆိုးတွေတောင် သေမှာကြောက်ကြတယ်။
“သဘက်ခါဆို စီရင်ချက်ချတော့မယ်။ မင်း မကြောက်ဘူးလား”
“ကြောက်ရင်လည်း သေရမယ်။ မကြောက်ရင်လည်း သေရမဲ့အတူတူ ကြောက်စိတ်ကို
ချွေတာလိုက်တာ ပိုမကောင်းဘူးလား”
သူ့အသက်အရွယ်နဲ့ ဒီစကားကို တည်တည်ငြိမ်ငြိမ် ပြောလိုက်တယ်။
“မင်း မသေခင် ဘာများ မှာခဲ့ချင်သလဲ.. ဥပမာ မင်းကို သပ်သပ်ရပ်ရပ်
သင်္ဂြိုလ်ပေးရလား.. ဒါမှမဟုတ်… ”
“အင်း.. ကူညီနိုင်မယ်ဆိုရင် ကျွန်တော် တစ်ခုတောင်းဆိုချင်တယ်။
မသေခင်လေးမှာ ကျွန်တော် အရမ်းတက်ချင်ခဲ့တဲ့ ကျောင်းက ထုတ်တဲ့ ဝတ်စုံနဲ့
လွယ်အိတ်လေးကို ကျွန်တော် ဝတ်ခဲ့ဖူးချင်တယ်။ ကူညီနိုင်မလား”
“ဒါ မခက်ခဲပါဘူး။ ကျုပ်ကူညီမယ်”
အလုပ်ဆင်းတာနဲ့ ချက်ချင်းပဲ သူ့ညီလေးဆီက ကျောင်းဝတ်စုံနဲ့ လွယ်အိတ်ကို
တောင်းပြီး သူ့ကို ပေးလိုက်တယ်။
“ကျေးဇူးတင်ပါတယ်ဗျာ။ အခုဆိုရင် ကျွန်တော့်မှာ တမ်းတစရာ ဘာမှ ကျန်မနေခဲ့တော့ပါဘူး”
မနက် ၃နာရီ ၂၅ မိနစ်
ဝရန်တာက ခြေသံအချို့ကို ကျုပ်ကြားလိုက်မိတယ်။ (၅၂၀၇)ကို လာခေါ်တဲ့လူတွေ
ဖြစ်မယ်။ ကျုပ်ဆီမှာ လူတောင်းဖို့ ရောက်လာကြပြီ။ ကျုပ် စိတ်မသက်မသာနဲ့
(၅၂၀၇)ရဲ့ အခန်းရှေ့ကို ဦးဆောင် ခေါ်သွားလိုက်တယ်။
“၅၂၀ရ အမိန့်နာခံဖို့ ထွက်လာခဲ့ပါ”
တံခါးကို ဖွင့်ရင်း ကျုပ်အော်လိုက်တယ်။ အခန်းထဲမှာ ဘာတုန့်ပြန်သံမှ
မကြားလိုက်ဘူး။ မှောင်နေတဲ့ အခန်းထောင့် တစ်နေရာမှာ ခေါင်းငိုက်စိုက်ပြီး
ထိုင်နေတဲ့ သူဟာ တုတ်တုတ်မှ မလှုပ်ဘူး။
“မင်းပြောတော့ သေမှာ မကြောက်ဘူးဆို…ရောက်လာမဲ့ရက်လ ည်း ရောက်လာခဲ့ပြီ။
ထွက်လာခဲ့ပါ ၅၂၀၇”
“ကြာတယ်ကွာ ဝင်ဖမ်းမယ်”
ရဲသားတစ်ဦးက စိတ်မရှည်စွာ ပြောပြီး အချုပ်ခန်းထဲ ဝင်ဆွဲဖို့
ဝင်လိုက်တယ်။ အခန်းထောင့်မှာ ထိုင်နေတဲ့ သူ့ကိုယ်ပေါ်ကို
လက်နိုပ်ဓာတ်မီးရောင် ဖြာအကျမှာ…
“ဟာ.. မြန်မြန်.. မြန်မြန် ကယ်ပါ..”
ရဲသားရဲ့ အထိတ်တလန့် အော်သံကို ကျုပ်ကြားလိုက်တယ်။ အခန်းထဲကို
ကျုပ်တဟုန်ထိုး ပြေးဝင်သွားမိတယ်။
“မရတော့ဘူး.. ဆုံးသွားပြီ”
ရဲသားတစ်ယောက်ရဲ့ အသံအဆုံး ကျုပ်သူ့ကို စိတ်မကောင်းစွာ ကြည့်လိုက်မိတယ်။
ကျုပ်ယူပေးခဲ့တဲ့ ကျောင်းဝတ်စုံကို သူ့ကိုယ်ပေါ်မှာ ဝတ်ဆင်ထားတယ်။
အခန်းရဲ့ လေဝင်ပေါက်က သံတိုင်တွေနဲ့ လွယ်အိတ်ကြိုးကို အသုံးပြုပြီး သူဟာ
ကိုယ့်ကိုယ် အဆုံးစီရင်လိုက်တယ်။ သေဆုံးသွားတဲ့ သူ့မျက်နှာပေါ်က အပြုံးဟာ
အားရကျေနပ်ကြောင်း ကျုပ်ကို ပြောနေသလိုပါပဲ။
၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇ရ ၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇၇ရ ၇
ကျုပ်တို့ တွေ့ကြပြန်ပြီနော် ၅၂၀၇.. ဒါဟာ ၃နှစ်မြောက် ခင်ဗျားကို
ကျုပ်လာကြည့်တာပဲ။ ကြည့်စမ်း… မင်းရဲ့ ဘေးမှာ မြက်ရိုင်းတွေ
ပေါက်လာပြန်ပြီ။ မြက်ရိုင်းတွေကို ကျုပ်ရှင်းခဲ့ရဦးမယ်။ အခုတစ်လော
ကျုပ်လည်း အလုပ်များနေတယ်။ ဟိုတစ်ခေါက်က ကိစ္စ၊ ခင်ဗျားကို
ကျုပ်ကျောင်းဝတ်စုံ ယူပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်လည်း တာဝန်က
ရပ်နားခံလိုက်ရတယ်။ ကောင်းပါတယ်လေ.. ကျုပ်လည်း အဲအလုပ်မှာ
ငြီးငွေ့နေပါပြီ။ အခု ကုမ္ပဏီတစ်ခုမှာ လုပ်ရတာ ကျုပ်နေပျော်ပါတယ်။
ဟိုတစ်လောက ခင်ဗျားအိမ်ကို ကျုပ်ရောက်ခဲ့သေးတယ်။ ခင်ဗျားညီလည်း
လူပြောင်းသွားသလိုပဲ တော်တော် လိမ္မာလာတယ်။ ခင်ဗျားအမေရဲ့ စီးပွားရေးမှာ
ကူလုပ်နေတယ်။
ကောင်းပြီလေ.. နောက်နှစ်ကျရင် ကျုပ်လာခဲ့ဦးမယ်။ ကျုပ်နာမည်ကို မှတ်ပြီး
ခင်ဗျား ထွက်သွားခဲ့ပြီ။ ကျုပ်ကတော့ ခင်ဗျားရဲ့ နံပါတ်ကိုပဲ
မှတ်ထားခဲ့တယ် ကိုယ်ပိုင်နံပါတ် ၅၂၀ရ ရေ…
အမည်မသိ အွန်လိုင်းစာဆို
မှတ်ချက်……………..ယခုစာ ကို မည်သူရေးသည်ကို
ကျွှန်တော်ကိုယ်တိုင်လည်းမသ ိပါ ။ အွန်လို်င်းမှ သူငယ်ချင်း အချင်းချင်း
ပို့နေရင်းမှ ကျွှန်တော့်ထံကို ရောက်ရှိလာပါတယ် ။
အလွန်လက်ရာမြောက်သည်ထင်သဖြ င့် သူငယ်ချင်းများပြန်လည် ဖတ်ရှုနိုင်ရန်
တင်လိုက်ရပါသည်