“အသီးမှာ…………….သို့.တမ်းချင်း ”
“အသီးမှာ…………….သို့.တမ်းချင်း ”
ဒီအချိန်ကတော့ အသီးမှာသရက်လို့ အတင်စားခံထားရတဲ့ သရက်သီးတွေပေါ်ချိန်ပါဘဲ။
ပြီးခဲ့တဲ့လေးငါးရက်လောက်က ပေါ်ဦးပေါ်ဖျားဆိုပြီး သရက်သီးတွေဝယ်လာခဲ့ပါတယ်။
စိန်တစ်လုံး သရက်သီးတွေပါ။
ဈေးကတော့ တစ်လုံး ၃၅ဝ အလုံးကလဲ လှမှလှ။
အဲဒီနေ့ညနေစာ ထမင်းစားတော့ သရက်သီးနဲ့စားမယ်ဆိုပြီး ဟင်းတောင်ထပ်မချက်။
တကယ်စားကြည့်တဲ့အခါ စားနေကျ စိန်တစ်လုံးအရသာမျိုး ရမလာပါဘူး။
အချဉ်ဓါတ် နည်းနည်း ကဲနေပါတယ်။
အသီးအနေအထား ပုံစံကလဲ စိန်တစ်လုံးအစစ်။
ဝယ်လာတဲ့ဆိုင်ကလဲ အမြဲဝယ်နေကြဖောက်သည်။
သရက်သီးရဲ့အသားကလဲ စိန်တစ်လုံးအသားလိုနူးနူးညံ့ညံ့။
ဒါပေမယ့်လည်း စားရတာ အရသာမရှိတာတော့အမှန်။
အဲတော့ ဒီတစ်ခါပိတ်ရက်ရောက်ရင် မနှစ်ကလို စိန်တစ်လုံးထွက်တဲ့ခြံမှာသွား
ဝယ်မယ်လို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
အမှတ်ရစရာလေး စမြုံ့ပြန်ရရင်မနှစ်က သရက်သီးတုံးခါနီးအချိန်ရောက်မှ စိန်တစ်လုံး သရက်သီးစားချင်စိတ်ပေါက်လာပါတယ်။
အဲဒါနဲ့ စိန်တစ်လုံးသရက်တွေပေါတဲ့ ပေါ်တော်မူဘက်မှတော့ “ပင်ချန်သီး”
လေးရှိနို်င်တယ်ဆိုပြီးသွားခဲ့ကြတာပေါ့။
အဲဒီရောက်တော့ ဟိုခြံဝင်လဲမရှိ ဒီခြံဝင်လဲကုန်ပြီဆိုတော့အတော်လေးစိတ်ဓါတ်ကျသွားပါတယ်။
ဟိုဝင်ဒီထွက် ဒီမေးဟိုမေးနဲ့ နောက်ဆုံး ပေါ်တော်မူ ဘုရားနဲ့သိပ်မဝေးတဲ့ခြံတစ်ခြံရောက်တော့
ပင်ချန်သီးတွေရှိတယ်လို့ သတင်းရတော့ အတော်လေးဝမ်းသာသွားပါတယ်။
သရက်ခြံရောက်တော့ “ဂျွန်”ရောင်းမယ် တစ်လုံးသုံးရာ လို့ပြောပါတယ်။
ဂျွန်ရောင်းတယ်ဆိုတာ အကြီးအသေးမရွေးဘဲရှိသမျှ အသီးအားလုံးကို တစ်တန်းတစ်စားထဲထားရောင်းမယ် လို့ ပြောတာပါ.။
အဲဒါနဲ့ ရှိသလောက်ယူမယ် အသီးတွေကို ခြံထဲမှာ ကိုယ့်ဖာသာကိုခူးချင်တယ်ပြောတော့
ခြံရှင်က”ရတယ်”ဆိုပြီး သရက်သီးထည့်ဘို့ ထန်းခေါက်တောင်းတွေ တံချုတွေနဲ့အတူ
သရက်ပင်တွေကို လိုက်ပြပြီး ကူး ခူးပေးမယ့် ကလေးတစ်ယောက် ထည့်ပေးလိုက်ပါတယ်။
ကျနော်တို့အုပ်စုကလဲ သရက်ခြံကြီးထဲကို ဝင်ခဲ့ကြတာပေါ့။
ခြံကြီးကလဲအကျယ်ကြီး သရက်ပင်တွေကလဲများမှများ။
ဒါပေမယ့် သရက်တုံးချိန်ဆိုတော့အပင်ပေါ်မှာသရက်သီးကတော့ မရှိသလောက်။
သရက်ပင်အများကြီးထဲကနေုခူးတုံးကမမြင်လို့ ကပ်ကျန်နေတဲ့
အသီးလေးတွေကို လိုက်ရှာပြီးခူးကြတော့တာပေါ့။
အပင်ပေါ်မှာ သရက်သီးရှိမရှိ ဟိုပြေးဒီပြေးနဲ့ အပင်ကိုပါတ်ချာလည်အောင်ဝိုင်းကြည့်ကြ။
တွေ့ပြီဆိုရင် ဝက်ဝက်ကွဲဆူညံနေအောင်အော်လိုက်ကြနဲ့ ကလေးတွေမှာလဲ ပျော်လိုက်ကြတာ။
ကျုပ်တို့လူကြီးတွေကလဲ ဟိုအပင်နားသွားချောင်း ဒီအပင်နားလှည့်ပါတ်ကြည့် ဆိုတော့
ကျန်းမာရေးလေ့ကျင့်ခန်းဆင်းသလို ချွေးတွေကိုပြန်လို့။
အားလုံးပေါင်းလိုက်တော့ အလုံး ခြောက်ဆယ် ကျော်ကျော်လောက်တော့ရလိုက်ပါတယ်။
လိုချင်တာလဲရ ပျော်စရာလဲကောင်း အပင်ကနေကိုယ့်ဘာသာကိုယ်ခူးရတာဆိုတော့
စိတ်အပြောင်းအလဲ လဲဖြစ်တော့ ကျေနပ်တာပေါ့။
ငွေနှစ်သောင်းနီးပါးလောက်ကုန်သွားပေမယ့် စိတ်ချမ်းသာခဲ့ရတဲ့ နေ့တစ်နေ့ပါဘဲ။
အိမ်ပြန်ရောက်လို့ ဝယ်လာတဲ့ သရက်သီးတွေခွဲစားကြတော့ အရသာရှိချက်ကတော့
ပါးစပ်က ပြန်ပြောမထွက်နိုင်လောက်အောင်ကို ကောင်းပါရဲ့။
**************************************************************
ကျုပ်တို့ဗမာလူမျိုးတွေအတွက်ကတော့ သရက်သီးဆိုတာ မစားရရင်မနေနိုင်တဲ့ရာသီစာပါဘဲ။
စာဆိုတောင်ရှိသေးတယ် အရွက်မှာ လက်ဘက် အသီးမှာ သရက် ပါတဲ့။
သရက်သီးဆိုတာ ကျုပ်တို့ငယ်စဉ်ကျောင်းသားဘဝကဆိုရင် အကောင်းဆုံးသော
အလကားရတဲ့ စားစရာပါဘဲ။
သရက်သီးချိန်ဆိုတာကလဲ ကျုပ်တို့နွေရာသီကျောင်းပိတ်ရက်နဲ့ အံကျကိုးဗျ။
အဲတော့ကျုပ်တို့ကိုးကုန်းကိုးကျင်းလျောက်သွား။
ဆော့ချင်တိုင်းဆော့ ကစားချင်တိုင်းကစား ။
မောရင်ဆာရင် ဘုန်းကြီးကျောင်းထဲဝင် တွဲလောင်းကျနေတဲ့သရက်သီးတွေကိုခဲနဲ့ထုချ။
ရလာရင် ရေတောင်မဆေးဘူး ဒီအတိုင်းတဂျွမ်းဂျွမ်းကိုက်စားခဲ့ကြတာပေါ့။
ငယ်တုန်းကမို့လားတော့ မသိဘူး သရက်စေးလောင်တာတို့ အာပူလောင်တာတို့လဲမရှိပေါင်။
အဲ ကျုပ်တို့ အဖွဲ့ထဲကို မိန်းကလေးတွေပါလာရင်တော့ နည်းနည်းဇာချဲ့ပြီ။
သရက်သီး ကို ကျုုပ်တို့စားသလိုပြီးစလွယ်စားတာမဟုတ်ဘူး။
ဆားယူခဲ့ သကြားယူခဲ့။
ငရုတ်သီးယူခဲ့ ငပိယူခဲ့ နဲ့ ဇာတ်လမ်းတွေကို ရှုပ်လို့။
အဲသူတို့ သရက်သီးသုတ်ပြီးရင်တော့ စားလို့ အတော်ကိုကောင်း။
ချဉ်ချဉ်စပ်စပ် သရက်သီးသုတ် လေးကိုစား ပြီး ရေသောက်လိုက်တာနဲ့ပါးစပ်ထဲကို
ချု ိဆင်းသွားတော့အမှန်။
နည်းနည်းလေးကြီးလာလို့ ကောင်မလေးတွေနဲ့ မကစားတော့တဲ့အချိန်မှာတော့
ဗန်းနဲ့လည်ရောင်းတဲ့ ဈေးသယ်ဆီက သရက်ကင်က ကျုပ်တို့အတွက်မက်စရာ။
စိမ်းစားသရက်သီးကို ထက်ခြမ်း ခြမ်း ပြီးလေးပိုင်းပိုင်း။
ပြီးရင် သကြားဆီရယ် ငရုတ်သီးမူန့်ရယ် ဆားရယ်အရေဖျော်ထားတာနဲ့နယ်။
ပြီးရင် သရက်သီးဖတ်လေးတွေကို တုတ်နဲ့ထိုး။
တကင်မှာသုံးဖတ်ပါတယ်။
အဲဒါကို စားလိုက်ရင်တော့အရသာကိုရှိုလို့။
သရက်သီးဖတ်လေးကို ငရုတ်ရေထည်းနှစ် နှစ်ပြီး ကိုက်စားရတာကိုးကအတော်ကောင်းတာကိုး။
%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%
ကလေးတုံးကတော့ သရက်အကြမ်းတွေအချောတွေ သိပ်လဲမသိပါဘူူး။
အမှည့်ဆိုရင်ပြီးတာပါဘဲ။
တောသရက်ဆိုတာလဲ ခူးစားတာပါဘဲ။
သူ့ဘာသူအသားကြမ်းကြမ်း အနံ့ဆိုးဆိုး စားရဘိုု့လိုရင်း။
ကလေးကိုးဗျ။
ငယ်ငယ်တုန်းကတော့ မှတ်မိသလောက်ကတော့
ဆင်ပေါင် တို့ သုံးလုံးတစ်တောင် တို့လိုသရက်သီးဆိုသိပ်ကြိုက်။
တစ်လုံးတစ်လုံးဆိုနည်းတာကြီးမဟုတ်ဘူး အဝစားဘဲ။
အဲဒီသရက်သီးတွေက အလုံးကြီးသလို အမျှင်လဲထူပါတယ်။
နောက်နည်းနည်းကြီးလာလို့ခွဲခြားတတ်တဲ့အရွယ်ရောက်တော့
ဒီအတိုင်းစားဘို့ဆိုရင် စိမ်းစားသရက်၊
မှည့်မှ စားမယ်ဆိုရင် မချစ်စု အောင်ဒင် ရင်ကွဲ ပန်းဆွဲ ဘင်္ဂလား ဝါဆိုသရက်တို့ ဘာတို့ ဆိုတာကိုခွဲတတ်လာတယ်။
အရင်ကတော့ မချစ်စု အောင်ဒင် ရင်ကွဲကတော့ ထိပ်တန်းသရက်ပေါ့။
ရှေးစာဆိုတဲ့မှာပါတဲ့ ဗန္တရ သရက်ဆိုတာမျိုးက ကြားသာကြားဘူးတာ မြင်လဲ မမြင်စားလဲမစားဘူးပါဘူး။
အခုခေတ်မှာသာ ပိုက်ဆံရှိရင် ကိုယ်ကြိုက်တဲ့ သရက်သီး ဝယ်စားလို့ရတာ။
ရှေးပဒေသရာဇ်ခေတ်များကတော့ ဘုရင်ကို ဆက်ရတဲ့ အပင်က သရက်ဆိုရင် သာမန်လူစားခွင့်
မရှိဘူးလို့ကြားဘူး ဖတ်ဘူးပါတယ်။
ခုနောက်ပိုင်းမှာ သူထက်သူ လူစွမ်းကောင်း စိန်တစ်လုံးပေါ်လာပါတယ်။
အဲဒီစိန်တစ်လုံးတော့ အမျှင်မထူ အသားညှက်ညှက် အနံ့မွှေးမွှေး အရသာအချိုလေးလေး။
နာမယ်ကြိးမယ်ဆိုလဲ ကြီးထိုက်ပါတယ်။
အတော်လေးလူကြိုက်များ တဲ့သရက်သီးဆိုရင်လဲမမှားပါဘူး။
ခုဒီဘက်ခေတ်မှာ ထပ်ပေါ်တာတော့ ပတ္တမြားငမောက်ပါတဲ့။
အသီးလုံးက ခပ်ကြိးကြီး အသားကတော့ နည်းနည်းထူတယ်။
ကျုပ်ကတော့ စိန်တစ်လုံးလောက်မကြိုက်ပါဘူး။
ရှေးခေတ်က စကားပုံလိုပါဘဲ အိုးသည် အိုးကောင်းမသုံးရဆိုတာလိုပါဘဲ။
ကျုပ်တို့ပြည်က ထွက်တဲ့သရက်သီး အလုံးလှလှ ကျုပ်တို့မစားရပါဘူး။
သရက်သီးလှပေ့ချောပေ့ဆိုတာတွေက တရုပ်ပြည်ဘက်ကိုပို့ရတာကိုး.။
အဲဒီဘက်ပို့တာကလဲ ဈေးကောင်းရတယ်လေ။
ဒီတော့ ကျုပ်တို့က သူများဆီ ပို့ပြီးလို့ကျန်တဲ့ရွေးကျကို စားပေါ့ဗျာ။
ခုခေတ်မှာတော့သရက်သီးတစ်လုံး လေးငါးရာ ဝယ်စားကြတာပါဘဲ။
ဈေးကြီးလို့ဝယ်မစားရင်လဲငတ်ပေါ့။
စိတ်ညစ်စရာကောင်းတာက ကျုပ်တို့ငယ်ငယ်က သရက်သီးဆိုတာ
ကြမ်းကြမ်းချောချော ဆေးမကူဘာမကူတဲ့ပင်မှည့်စစ်စစ်ကိုစားကြရတာ။
အခုခေတ်ကတော့ အပင်ကြီးအောင်ဆေးထည့်။
အလုံးလှအောင်ဆေးထည့်။
အထွက်ကောင်းအောင်ဆေးထည့်။
အရောင်လှအောင်ဆေးဆိုး ဆိုတော့ သဘာဝဆိုတာတွေပျောက်ကုန်ပါတယ်။
အပေါ်အယံအမြင်ကောင်းပြီး အတွင်းကအနှစ်သာရမရှိပေါ့။
***********************************************************
အလုပ်ပိတ်တဲ့ရက်ရောက်တော့ မနက် စောစော ထ ။
မုန့်စောစောစား ။
သရက်သီးထည့်ဘို့ ခြင်းတောင်းတစ်လုံးယူ ပြီး ပေါ်တော်မူသရက်ခြံတွေသွားဘို့ ပြင်ပါတယ်။
“ပေါ်တော်မူ” ဆိုတာမန်းလေးမြို့တောင်ဘက်မှာရှိတာပါ။
အရင်ကတော့ ပေါ်တော်မူကိုသွားဘို့ဆိုတာ တကူးတက။
လမ်းက ကျဉ်းတဲ့အပြင် ဆိုးကဆိုးသေး။
အခုတော့လမ်းမကြီးတွေက ဖြောင့်တန်းညီညာ။
မောင်းလို့ကောင်းပါတယ်။
ပေါ်တော်မူသွာမယ်ဆိုရင်ရန်ကုန်မန်းလေးလမ်းမကြီးအတိုင်းတောင်ဘက်ကိုလာ။
မြစ်ငယ်တံတားကိုကျော်လာခဲ့။
မြွေဘုရားသွားတဲ့လမ်းကိုကျော်လာရင် ပုလိပ်ကိုရောက်ပါမယ်။
ပုလိပ်ရောက်တဲ့အခါ လမ်းဟောင်းအတို်င်းမလိုက်ဘဲလမ်းသစ်အတိုင်းလာခဲ့ပါ။
ဒီဘုရားက စဉ့်ကို်င်နဲ့ပုလိပ်ကြားမှာရှိတာပါ။
ခန့်မန်းခြေ နှစ်မိုင်သုံးမိုင်ကျော်ကျော်လောက်ရောက်ရင်လမ်းအရှေ့ဘက်ခြမ်း(ဘယ်ဘက်)
ခြမ်းမှာပေါ်တော်မူဘုရား အဝင်မုဒ်ဦးကြီးကိုတွေ့ရပါလိမ့်မယ်။
အဲဒီမုဒ်ဦးထဲကိုဝင်လိုက်တာနဲ့ သရက်ပင်တွေတန်းစီနေတာကို မြင်ရပါမယ်။
မြင်သမျှ အပင်တွေမှာလဲ သရက်သီးလေးတွေတွဲလောင်းတွဲလောင်းနဲ့ ခူးချင်စရာ။
မနက်၈း၃ဝလောက်က ထွက်လာလိုက်တာ ကိုးနာရီခွဲကျော်ကျော်လောက်မှာ
အဲဒီကိုရောက်ပါတယ်။
မုဒ်ဦးကနေကျောက်လမ်းလေးအတိုင်းဝင်လာလို့လမ်းဆုံးရင်ပေါ်တော်မူဘုရားရောက်ပါတယ်။
ဘုရားက ဒုဌဝတီမြစ်ကမ်းနံဘေးမှာတည်ထားတာပါ။
အေးချမ်းသာယာတဲ့နေရာလေးဖြစ်ပြီး အနားယူစရာ ဇရပ်တွေလဲရှိပါတယ်။
အရင်ကတော့ မြစ်ကမ်းနံဘေးမှာ အဆောက်အဦမရှိ။
သစ်ပင်ကြီးကိုပါတ်ပြီးထိုင်ခုံရိုက်ထားပါတယ်။
အခုတော့ အဲဒီနေရာမှာ ဇရပ်နှစ်ဆောင်ဆောက်ထားပါတယ်။
ထိုင်စရာခုံတန်းလေးတွေလဲရှိ။
ဖျာခင်းထိုင်ချင်ရင်လဲရ။
မြစ်တစ်ဘက်ကမ်းမှာတော့ မရမ်းခြံတွေနဲ့အုပ်အုပ်ဆိုင်းဆိုင်း။
မြစ်ဟိုဘက်ဒီဘက်ကို ကူးချင်ရင် လဲ လွယ်ပါတယ်။
စက်တပ်လှေကလေးတွေရှိပါတယ်။
လူတွေ ဆိုင်ကယ်တွေ တင်တင်ပြီး ဟိုဘက်ဒီဘက်ကူးကြတာ ငါးမိနစ်တောင်မကြာ။
စိမ်းစို အေးချမ်းပြီး စိတ်ကြည်နူးစရာကောင်းတဲ့နေရာလေးပါဘဲ။
ဒီပေါ်တော်မူက တော့ လူတစ်ယောက်ရဲ့အိမ်မက်အရ ခြံကြီးကိုရှင်းရင်းတွေ့ခဲ့တဲ့ ရှေးဘုရားလို့သိရပါတယ်။
ဟုူိးရှေးရှေးကတော့ ဒီနေရာတွေက ခြံနွယ်ပိတ်ပေါင်းတွေနဲ့ တောကြီးမျက်မဲ။
နောက်တော့ တဖြည်းဖြည်း နဲ့လူသိများလာခဲ့ပါတယ်။
ဒါပေမယ့် လမ်းကကတ္တရာလမ်းပေမယ့် ခပ်ကျဉ်းကျဉ်း။
၂၀၀ဝခုနှစ်များ မတိုင်မီကတော့ ဒီနေရာကတော့ အသွားခက်ပါတယ်။
နောက်တော့ ပုလိပ်မြို့အဝင်မှာလမ်းသစ်ဖောက်လိုက်တော့သွားလို့လာလို့လွယ်သွားပါတယ်။
အခုတော့ အထဲကိုဝင်တဲ့ တဲ့လမ်းကလဲကောင်းနေပါပြီ။
ရောက်တာနဲ့ အရင်ဆုံးဘုရားဝင်ဖူး။
ဒုဌဝတီမြစ်ကမ်းနံဘေးမှာထိုင်ပြီး အေးဆေးနား။
အခါကြီးရက်ကြီးဆိုရင်ဘုရားတောင်ဘက်မှာ နတ်ကနားပေးတဲ့ နေရာက ဆိုင်းသံဗုံသံတွေနဲ့ဆူဆူညံ။
နံဘေးမှာ နန်းမြင့်မျှော်စင်လဲရှိ။
သရက်ပြင်ပေါ်ချိန်ဆို ဈေးသည်တွေနဲ့စည်ကား။
အထွက်နားမှာတော့ နဂါးရုံဘုရားက ရေထဲမှာရှိပါတယ်။
အဲဒီနားမှာတော့မိသားစုတွေထမင်းဝိုင်းဖွဲ့စားစရာနေရာလဲကျယ်ပြန့်ပါတယ်။
ထိုင်လို့ဝမှ မနှစ်က ဝယ်ခဲ့တဲ့ သရက်ခြံကိုသွားကြပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ဟိုရောက်တော့ သရက်သီးရောင်းစရာမရှိဘူးတဲ့။
ခြံပြတ်ရောင်းလိုက်တာတဲ့။
ဒါပေမယ့် သူတို့က မျက်စောင်းထိုးမှာရှိတဲ့ခြံလေးကိုညွှန်လိုက်ပါတယ်။
သူတို့အဒေါ်ခြံပါတဲ့။
ခြံထဲရောက်တော့ မြေကြီးမှာပုံထားတဲ့သရက်သီးတွေက အများကြီး။
အဲဒီသရက်တွေက သရက်ကြမ်းတွေပါတဲ့။
အစိမ်းကတော့ မှောင်မှောင်သည်တွေကိုလဲရောင်းရင်ရ ၊သရက်ပေါင်းလုပ်ရင်လဲရသလို
သရက်သီးပိုးတီချဉ်စိမ်လို့လဲရပါတဲ့။
မှည့်တာကတော့ သရက်ပြင်လုပ်မယ်တဲ့။
ခြံထဲရောက်တော့ မဒမ်ပေါက်တို့ကတော့ သရက်သီးတွေရွေးဈေးဆစ်လုပ်နေပါတယ်။
ကျနော်ကတော့ခြံထဲလှည့်ပါတ်ပြီး ဘာမှ ပြန်မပြောတဲ့ မော်ဒယ်မ သရက်ပင်တွေကို လက်ဆော့ပေါ့.
နောက်တော့ တစ်လုံး သုံးရာနဲ့ သရက်သီးတွေဝယ်လာကြ။
ခြံရှင်ကခွဲကျွေးတဲ့ သရက်သီးတွေကိုစားကြ။
အဲဒီကထွက်လာတော့ ခြံရှေ့မှာ ခုံတွေချပြီးသရက်သီးတွေရောင်းနေတာတွေ့ရပြန်ပါတယ်။
သရက်သီး သင်္ဘောသီးတွေ အလုံးလှလှ။
ဥသျှစ်သီးတောင်ပါလိုက်ပါသေးတယ်။
ဒါနဲ့ဘဲ ဆိုင်ကယ်ရပ် ဝင်မေး ။
ဈေးကတော့သိပ်မကွာ အလုံးလှတာနဲ့ထပ်ဝယ်။
အဲဒီဆို်င်ကနေထွက်လာတော့ မုဒ်ဦးနားမရောက်ခင်တစ်ဆိုင်တွေ့တော့ထပ်ဝင်.။
ဆင်းမေး။
သူကတော့များများယူရင်နှစ်ရာ့ငါးဆယ်နဲ့ပေးမယ်ပြောပါတယ်။
အဲဒါနဲ့သရက်သီးတွေထပ်ရွေး။
ကိုယ်အတွက်တင်မက မိတ်ဆွေတွေပါပြန်မျှဘို့ဝယ်တော့တာပါ.။
ခုံပေါ်ချထားတဲ့အထဲက အလုံးကြီးကြိး တစ်လုံးမြင်လို့မေးတော့
ပတ္တမြားငမောက်ပါတဲ့။
အခုရှိတဲ့အလုံးက လေးရာတဲ့။
ဝယ်မယ်ဆိုတော့ ရောင်းတဲ့ကောင်လေးက မယူနဲ့တဲ့။
ပထမဆုံးစဆွတ်တဲ့အသီးတွေက အချိုဓါတ်နည်းတတ်ပါသတဲ့။
ပညာတစ်ခုတိုးပြန်ပါတယ်။
ပတ္တမြားငမောက်သီး က တကယ်ကြီးပြီဆိုရင် သင်္ဘောသီးလောက်ရှိပါသတဲ့။
အဲလောက်ဆို တစ်လုံး 700-800ရောင်းပါသတဲ့။
အဲဒါနဲ့သူတို့ရွေးနေတုံးဆိုင်ကကောင်လေးက အိပ်တွေစွတ်ထားတဲ့အပင်ကိုလက်ညှိုးထိုးပြ
ပြီး အဲဒါ ပတ္တမြားငမောက်တွေ ငှက်စာဆော်မှာစိုးလို့အိတ်စွတ်ထားတယ်ပြောပါတယ်။
ဝယ်လို့ခြမ်းလို့ပြီးတော့ ပြန်လာကြပါတယ်။
ဆဆိုင်ကယ်လက်ကိုင်နှစ်ဖက်မှာရော ဆိုင်ကယ်ဂွကြားမှာပါ သရက်သီးတွေချိတ်ပြီး
ပြန်လာခဲ့ကြပါတယ်။
လူဝိတ်ရော သရက်သီး ဝိတ်ကြောင့်ဆိုင်ကယ်မောင်းရတာ လက်မောင်းတွေတောင်အောင့်လို့။
မန်းလေးနဲ့ပေါ်တော်မူ ခန့်မှန်းခြေ ဆယ်မိုင်လောက်တော့ဝေးမယ်ထင်ပါတယ်။
ဆိုင်ကယ်မောင်းနေတုန်းသာညောင်းတာပါ စိတ်ထဲမှာတော့ အိမ်ရောက်ရင်
သရက်သီး ကောင်းကောင်း အရသာရှိရှိတဝကြီး စားရတော့မယ်ဆိုတဲ့အတွေးနဲ့ပျော်နေမိပါရဲ့။
ကိုပေါက်(မန ္တလေး)
ကိုပေါက်လမ်းသလားနေသည်
5-5-2013
ကိုကြီးမိုက်နဲ့ မစားလိုက်ရတဲ့ရွာသူားများအတွက် သရက်သီးတွေထပ်ပို့ပေးလိုက်ပါတယ်.
24 comments
ကထူးဆန်း
May 6, 2013 at 9:24 am
ပတ္တမြား ငမောက်တော့ မစားဘူးသေးဘူး ..
စိန်တစ်လုံးလဲ ကြိုက်တယ် ။နောက် ပြည်ဘက် က အထွက်များတဲ့ မြကျောက်လည်းကြိုက်တယ် ။
ငယ်ငယ်က အချစ်ဟောင်း မချစ်စုကိုလဲ လွမ်းတယ် ။ အိမ် မှာရှိခဲဘူးတဲ့ စိုင်သီးလည်း သတိရတယ် ။ အခုတော့ အိမ်မှာစိမ်းစား သရက်ဆိုတာ တို့စားလို့ ကောင်းဆိုလို့ ဝယ်စိုက်ထားတာ ။ အင်းနောက် သုံးနှစ်လောက်ဆိုရင်တော့ မြည်းကြည့်နိုင်မယ်ထင်ပါ့ ..
ကိုပေါက်(မန္တလေး)
May 6, 2013 at 12:24 pm
ကထူးဆန်းရေ
ကျနော်ကလဲ မြကျောက်မစားဘူးသေး ဘူးဗျ။
Foreign Resident
May 6, 2013 at 6:31 pm
အိမ်မှာ လက်ရှိ စိန်တစ်လုံး တစ်ပင် နှင့် မြကျောက် တစ်ပင် ရှိတယ် ။
မြကျောက် က ပိုမွှေးတယ် ကိုပေါက်ရဲ့ ။
စိန်တစ်လုံး က တစ်ပင်ဆို တော်တော် သီးတာပဲ ။
စိန်တစ်လုံး အရသာကိုလည်း ကြိုက်တယ် ။
ဒါပေမယ့် စိန်တစ်လုံး က အရွယ် သိပ် မကြီးဘူးနော် ။
ပတ္တမြား ငမောက် တော့ တစ်ခါမှ မစားဘူးသေးဘူး ။
အရသာ ဘယ်လိုနေလဲ ၊ ကိုပေါက် ။
weiwei
May 6, 2013 at 9:39 am
သရက်သီးတွေမြင်တော့ ဝင်ကြွားချင်စိတ်ပေါက်လာတယ် … ဒါပေမယ့် သိပ်လဲမကြွားရဲဘူး .. :kwi:
ကျွန်မအိမ် (သန်လျင်)မှာ မြကျောက်သရက်ပင် အများကြီးရှိတယ် .. မြကျောက်သရက်သီးကို စားပြီးသွားရင် ကျန်တဲ့သရက်သီးတွေ မတိုးတော့ဘူး … အရမ်းချိုပြီး နူးညံ့တယ် … မယုံဘူးဆိုရင်တော့ သန်လျင်ကို လာခဲ့ပါ … အခု သရက်သီးတွေမှည့်ချိန်မို့လို့ သက်သေပြလို့ရသေးတယ် …
ကိုပေါက်(မန္တလေး)
May 6, 2013 at 12:25 pm
မြကျောက် သရက် မမြင်ဘူးသေးလို့တင်ပေးပါနော်။
ကောင်းမကောင်း သိရအောင် ပါဆယ် ဆွဲလိုက်ရင်ပိုအဆင်ပြေမယ်ထင်တာပါဘဲ။
ကထူးဆန်း
May 6, 2013 at 3:09 pm
မယုံဘူးဆိုပြီး သွားစားမှ … ရှလွတ် ..
ဦး ကျောက်ခဲ
May 6, 2013 at 9:44 am
သရက်သီးမျိုးစိတ်ကိုစုံလို့….
မောင်ကျောက်သိတာ မချစ်စုနဲ့ ရင်ကွဲပဲရှိတယ်… ဟီး ဟီး
ဆြာပေါက် ပုံတွေကြည့်ပြီး သရက်သီးခံတွင်းတောင်းလို့ ဝယ်မိတာ…
ဘာသီးလည်းတော့မသိ ပိန်တိန်လိန်တိန် မော်ဒယ်သီးကို ၁ဝဒေါ်လာတဲ့ဗျာ…
စားကြည့်တော့လည်း ချဉ်ဖြုံးဖြုံးနဲ့…
ဪ… ရွှေပြည်ကြီးကိုလွမ်းပါ၏
ကိုပေါက်(မန္တလေး)
May 6, 2013 at 12:27 pm
ဒီမှာကောင်းတာက အသီးအနှံလတ်လတ်ဆတ်ဆတ်စားခွင့်ရတာပါဘဲ။
ဓါတ်မြေဩဇာ ပါ မပါတော့ မသိဘူးနော်။
KZ
May 6, 2013 at 12:32 pm
လေးပေါက်။
အနော် အကြိုက်ဆုံးအသီးပဲ။
ငယ်ချစ်လဲ ငယ်ချစ်။
မြင်ရတာ ရင်ခုန်လိုက်တာ။ :528:
တာမီးက အောင်ဒင် မှ အောင်ဒင်ပဲ။
ဟီး။ ကန့်ဘလူဘက်က သကြားသရက်ရော စားဖူးလား။
ဆွေမျိုးမေ့။
:harr:
ကိုပေါက်(မန္တလေး)
May 6, 2013 at 4:45 pm
ညည်းအတွက်ပါ ပိုစားလိုက်ပါမယ်အေ့
ငါတို့လင်မယားကတော့ စိန်တစ်လုံးမှစိန်တစ်လုံး။
အောင်ဒင်က အလုံးသေးတော့ မဝဘူး။
သကြားသရက်ကတော့ အခုမှကြားဘူးတာအေ့
ဖိုးထောင်
May 6, 2013 at 5:08 pm
ဘုရားလေးဖူးလိုက် သရက်သီးလေးစားလိုက် စာလေးဖတ်လိုက်နဲ့ ရသတော်တော်စုံတဲ့ပို့စ်ဗျာ ဒါပေမယ့် သရက်သီးမိသားစု 9 ပုံမှာ တစ်လုံးက ရှုံ့နေလို့ ဦးပေါက် ပြေးသတိရမိသေး ညွှတ် ညွှတ် ညွှတ်
ကိုပေါက်(မန္တလေး)
May 6, 2013 at 9:55 pm
အင်း………..သရက်သီးလေးစားလိုက်ရေလေးသောက်လိုက်ဆိုလို့ကတော့
MaMa
May 6, 2013 at 7:37 pm
ခုခေတ်မှာတော့ သရက်သီးက စိန်တလုံးက နိုင်ငံကျော်ဖြစ်နေတယ်။
ငယ်ငယ်တုန်းကတော့ သရက်သီးက သူ့ဒေသနဲ့သူ နာမည်ကြီးတာ ရှိတယ်။
ကိုယ်သိသလောက်ဆိုရင် ….
ဓနုဖြူက မသီ၊
ညောင်တုန်းက နို့ဆီ၊
ပန်းတနော်က ဆိုရင် သနပ်ဖက်၊
အဲဒီခေတ်နောက်ပိုင်းကျတော့ ပြည်က မြကျောက်။
သရက်သီးသွားခူးကြတာကို ရေးထားတာဖတ်ပြီး ….
အဲလို သွားဝယ်ချင်မိတယ်။
အလွယ်ဆုံးနဲ့ ဖြစ်နိုင်မယ့်နည်းလမ်းကို စဉ်းစားလိုက်တော့ သံလျှင်ဘက်ကို သွားမှပါပဲလေ။ :harr:
Foreign Resident
May 6, 2013 at 7:47 pm
သံလျှင်ဘက်ကို သွားရင် ၊ အဘ လဲ လိုက်ချင်တယ် ။ ဟီ ဟိ ။
မြကျောက် သရက်သီး ကို ထမင်း နှင့် စားပစ်လိုက်မယ် ။ ဟီ ဟိ ။
ကိုပေါက်(မန္တလေး)
May 6, 2013 at 10:08 pm
မြကျောက်ကတော့ မစားဘူး သေးဘူး ဗျ။
မမရေ
တကယ်လို့များ သံလျင် ရောက်ရင် ကျနော့်အတွက် ပါ ပိုစားခဲ့နော်
မောင် ပေ
May 6, 2013 at 8:57 pm
နောက်ဆုံးက ပုံကို နာမည် ပေး ပေးပါဆိုလို ့
ဒီလိုလေး ပေးချင်မိတယ်
““ ဖင်ကြီးမ သရက် ””
ဟီဟိ
ကိုပေါက်(မန္တလေး)
May 6, 2013 at 10:15 pm
ကပေ ကတော့ ဖင်ကြီးတာမြင်တယ်
ဖိုးထောင်ကတော့ ဖင်ရှုံ့တာမြင်တယ်
မိုက်သကွာ
အလင်းဆက်
May 7, 2013 at 7:20 am
အလက်ဆင်း ဆိုတဲ့ ငတိက
သရက်သီး မှည့်ဆို သိပ် သိပ်ကြိ ုက်
ရွာမှာ နေတုန်းက
သရက်ပင် ပေါ် ကုတ်ကပ် တက်ပြီး
သောင်းကျန်းခဲ့ တာ လေးတွေ
ပြန် သတိရ ရင်း
လေးပေါက် ရဲ့ သရက်သီး ရသ ကို ဖတ် ပြီး
သွားရည် ကျ သွားပါဒယ်
🙂
ကိုပေါက်(မန္တလေး)
May 7, 2013 at 12:22 pm
သရက်သီးကြိုက်ရင်မန်းလေးလာခဲ့ကွာ
Ma Ei
May 7, 2013 at 11:08 am
တစ်ကယ်ကို အသီးသရက် တမ်းချင်းပါဘဲ…
ဖတ်ရင်းနဲ့များ သရက်သီးစားချင်စိတ်တွေကိုဖြစ်လို့…
ရန်ကုန်မှာတော့ သရက်သီးတွေရနေပေမယ့်
နေပူလွန်းလို့ မစားရဲသေးဘူး…
နဲနဲအေးမှ စာပြန်ဖတ်ပြီး စားပလိုက်ဦးမယ်….
ကိုပေါက်(မန္တလေး)
May 7, 2013 at 12:19 pm
အစက ပေါ်တော်မူဘုရားဖူးသွားတာရေးမလို့။
နောက်တော့လဲ ကျနော်ထုံးစံအတိုင်း သရက်သီးပါ နွယ်ပြီး ပိုစ်အရှည်ကြီးဖြစ်သွားပြန်ရော.
kyeemite
May 7, 2013 at 4:14 pm
နောက်ကျသွားလို့ သရက်သီးတောင်နဲနဲပဲကျန်တော့တယ်…
စားချင်စဖွယ်တွေပါပဲဗျာ…
ဒီကွန်ညံ့ညံ့ကြားထဲက ဇွဲနဘဲနဲ့ ကိုပေါက်တို့ ပုံတွေတင်တာချီကျူးပါရဲ့… :hee:
ကိုပေါက်(မန္တလေး)
May 7, 2013 at 4:39 pm
ရတယ် ကိုမိုက် အားမငယ်နဲ့ အိမ်မှာချန်ထားတာ ထပ်ပို့ပေးလိုက်မယ်။
ကိုပေါက်(မန္တလေး)
May 7, 2013 at 4:57 pm
မလောက်မှာစိုးလို့သရက်သီးတွေ ထပ်ပို့လိုက်ပါတယ်။