ပင်လယ်ပေါ်တက်၍ လရောင်ကို ခူးဆွတ်ချင်တယ်

၁။

 

“ကဲ…… ရော့

မင်းအတွက်ကမာ္ဘကြီးကို ဂတ်စ်ထည့်ပြီး ညှိထားတဲ့ စီးကရက်တစ်လိပ်”

“အို…. ရှင်ကျွန်မကိုယ်တိုင် လောင်ကြွမ်းနေတာ မသိဘူးလား”

“လာပါ … ကိုယ်တို့ကမ်းစပ်ဘက်သွားရအောင် … လာ”

သူမက ကျွန်တော်တည်ဆောက်ထားတဲ့ကမ်းစပ်အတုကို မျှော်လင့်တကြီး လှမ်းကြည့်လိုက်တယ်။ အိပ်မက်။ ခင်ဗျားတို့သိလိုက်လား။ခံစားလိုက်ရလား။ အဲဒီကမ်းစပ်က တိုက်တဲ့ လေတွေထဲမှာ သူမအတွက် မျှော်လင့်ခြင်း အိပ်မက်တွေပါတယ်။ ပါတာမှ အများကြီးပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော် မသိပါဘူး။ မရှိပါဘူး။ လုပ်ချင်တာတွေများလာတယ်။ ရူးသွပ်ခြင်းထက်မက ရူးသွပ်တယ်။ တိမ်တွေထဲက လျှပ်စီးတွေနဲ့ သူမကို ထွန်းလင်းပေးခဲ့ချင်တယ်။မီးညှိထားတဲ့ စီးကရက်တစ်လိပ်ကို သူမ တစ်ရှိုက် ဖွာလိုက်တယ်။ မီးခိုးတွေက အချစ်ကို စာတန်းထိုးကြလိမ့်မယ်။အဲလိုလည်း မထင်နဲ့။ လူ့ဘဝဆိုတာ ဘယ်လိုတီးတီး အသံမထွက်တော့တဲ့ တူရိယာတစ်ခုပဲ။ ခု ကျွန်တော်သူမကို ခြောက်ကြိုးမစုံဘဲ ချစ်မိခဲ့တယ်။ ကျွန်တော့် ရစ်သမ်တွေ မမှန်တော့ဘူ။

 

၂။

 

“ကျွန်မကိုအဲဒီ ဓါးပေး”

“ဘာလုပ်ဖို့လဲ”

“ပေးသာ ပေးစမ်းပါ… ရှင်ကလည်း …”

သူမ………….။ကျွန်တော် ပေးတဲ့ ဓါးကို ယူပြီး သူမမျက်လုံးထဲ ထိုးသွင်းလိုက်တယ်။ တစ်ဖက်ပြီးတော့ နောက်တစ်ဖက်။ပြီးတော့ သူမ တဟားဟား ရယ်မောလိုက်တယ်။ တိမ်တွေ ဝါရီစွေနေတဲ့ နေ့တစ်နေ့ပါပဲ။ ပင်လယ်ပြင်ကြီးထဲလှေငယ်လေးတစ်စင်း ဘယ်သွားနေလဲ။ ဟုတ်တယ်။ ခုဘယ်သွားနေတာလဲ မိန်းခလေး။ ငါတို့တွေ ဘယ်ကလာတာလဲ။ ကိုယ်တို့ ဘဝတူတွေ ဖြစ်ခွင့် ရပြီလား။

“အို… ရှင်… ဖန်တီးထားတဲ့ ပင်လယ်အတုကြီးက လှလိုက်တာ”

“…………………………”

သူမ မျက်ရည်တွေကအနီရောင်တွေ။ ချစ်တယ်။ ဘာတွေကို ဘာတွေနဲ့ ရင်းနှီးမှ ဘာတွေ ဖြစ်လာမှာလဲ မိန်းခလေး။ခင်ဗျားစဉ်းစားကြည့်။ အဲဒါတွေဟာ တစ်နေ့တော့ အခွံထဲ ပြန်ဝင်သွားတဲ့ လိပ်တစ်ကောင်လိုလား။ဘာမှ မရှိဘူး။ ဘာမှလည်း မသိဘူး။ ဖြစ်ချင်တာတွေ များလာတယ်။

 

၃။

 

ပင်လယ်အတုထဲကငှက်အတုတစ်ကောင်ကို သူမကြည့်နေတယ်။ ဟိုးအဝေးကြီးက တောင်တန်းတွေလား၊ ကျွန်းတွေလား။ ဒါမှမဟုတ် မီးပြတိုက်လား။ ဒါမှမဟုတ် …. ထောင်ချောက်တစ်ခုပဲလား။ မသေချာဘူး။ နေလုံးကြီးကအတုကြီး။ ဒီတော့ ဟောဒီ နေဝင်ဆည်းဆာတစ်ခုလုံးဟာလည်း အတုကြီး ဖြစ်မှာပေါ့ မိန်းခလေးရယ်။လာပါ။ ငါတို့ အတူတူ ရယ်မောရအောင်။ လူ့ဘဝဟာ ဘာမှ မမြင်ရတဲ့ အတုသဘာဝကြီး တစ်ခုပေါ့။ မီးလုံးတွေ…မီးလုံးတွေ …။ တွေ့လိုက်လား ခင်ဗျား..။ တစ်စုံတစ်ခု ဖြစ်နိုင်တယ်။ အဲဒီ တစ်စုံတစ်ခုဟာလည်းအတုအယောင်တစ်ခု ဖြစ်နိုင်တယ်။ ဘာမှ မသိဘူး။ ဘာမှ မရှိဘူး။ ဖြစ်ချင်တာတွေ များလာတယ်။

“ရှင် ကျွန်မကိုနမ်းစမ်းပါ ….

တတ်နိုင်သလောက်နမ်းစမ်းပါ”

“ဟောဒီမှာပင်လယ်ထဲမှာ ပွင့်နေတဲ့ နှင်းဆီပန်းတစ်ပွင့်….. တွေ့လား”

“အင်း… ဒီတော့”

……………………………………………………………………

ကျွန်တော်သူမကို နမ်းလိုက်ပါတယ်။ တကယ်ပဲ တတ်နိုင်သလောက် နမ်းခဲ့တာပါ။

 

 

၄။

 

ခင်ဗျား သိလား။အဲဒီ့ အဖြေတွေဟာ မေးခွန်းတွေကို သတ်ပစ်ခဲ့တယ်။ ဟောဒီ ပင်လယ်၊ တောင်တန်း၊ ကျွန်း၊ ကမ်းစပ်၊စင်ရော်တွေ၊ ငှက်တွေ၊ ငါးတွေ၊ ပြီးတော့ … ပြီးတော့ မီးပြတိုက်တစ်ခုရယ်။ ကျွန်တော်တို့အားလုံးအတူတူ သေပစ်ခဲ့ကြတယ်။ အဲလိုပါပဲ။ ပြီးတော့လည်း ကျွန်တော်က လက်ဖဝါးထဲက နှင်းဆီဝါကိုမီးရှို့လိုက်ပြီး တဟားဟား ရယ်မောပစ်လိုက်တယ်။ သူမကလည်း ကျွန်တော့်ရယ်မောခြင်းနဲ့ ထပ်တူငိုကြွေးတယ်။ ကျွန်တော်တို့နှစ်ယောက် ပင်လယ်ထဲမှာ မျှော … မျှောပါလို့။

“အဲဒါ ဘာကိုတိုင်းတဲ့ပေတံလဲ”

“ရှင် မသိချင်ပါနဲ့”

“သိချင်တယ်..အဲဒါ ဘာကိုတိုင်းမလို့ ယူလာတာလဲ”

“ယူလာတာမဟုတ်ဘူး..ဒါက ပေတံအတုလေ…

သူ့ဘာသာ ဖြစ်လာတဲ့ပေတံအတု

လူတိုင်းမှာတစ်ခုခုကို တိုင်းနေတဲ့ ပေတံအတုတွေ ရှိတတ်ပါတယ်

ရှင့်မှာရော………..”

“ကိုယ့်မှာ………..”

မိုးကောင်းကင်ကြီးတစ်ခုလုံးက အတုအယောင်အဖြစ် မှောင်မဲလာတယ်။ မကြာခင် ငါတို့ရဲ့ အတုတွေကို မုန်တိုင်းအတုတစ်ခုကဖျက်ဆီးပစ်တော့မယ် မိန်းခလေးရဲ့။ ငါ့မှာ ဘာပေတံမှ မလိုပါဘူး။ ရှိလည်း မရှိဘူး။ သိလည်းမသိဘူး။ ဖြစ်ချင်တာတွေက များလာတယ်။

 

၅။

 

လှေပေါ်မှာကျွန်တော် သူမကို ချစ်ခဲ့တယ်။ ပြီးတော့ ပင်လယ်ပေါ်မှာ ကျွန်တော် သူမကို ချစ်ခဲ့မိတယ်။ ပြီးတော့ လရောင်အောက်မှာ ကျွန်တော် သူမကို ချစ်ချင်သေးတယ်။ ခင်ဗျားသိလိုက်လား။ သိလိုက်မလားတော့ မသိဘူးပေါ့။ ဒါဟာ အတိတ်နဲ့ အနာဂတ်နဲ့ မဆိုင်တဲ့အချိန်ကာလတစ်ခုထဲမှာ အတုတွေ ဖြစ်လာခဲ့တာပဲ။ အချိန်တွေဟာ အတိတ်ဘက်ကို ပြန်နောက်ဆုတ်သွားသလိုမျိုးလား။ပင်လယ် အတုကြီးက မုန်တိုင်းအတုကြီးကို သယ်လာပြီ။ ချစ်ခြင်း၊ မုန်းခြင်းနှစ်လုံးနဲ့မပတ်သက်တဲ့ ချစ်ခြင်းမျိုး ဘယ်နတ်ဘုရားတွေမှာ ငါလိုက်ရှာရမလဲ မိန်းခလေး။ ရှေ့ဆီမှာမုန်တိုင်းအတုတစ်ခုကြီး နီးလာပြီ။

 

“ရှင် ကျွန်မကို

ဒီထက်ပို တင်းတင်းကြပ်ကြပ် ဖက်ထားစမ်းပါ

ကျွန်မ…

ကျွန်မ…

ဘာကိုမှ မကြောက်ဘူး…

ရှင်နဲ့ ဝေးရမှာကြောက်တယ်”

 

 

၆။

 

ခင်ဗျားသိလိုက်လား။မုန်တိုင်းတစ်ခုက ကျွန်တော်တို့ နှစ်ဦးရဲ့ လှေကလေးကို တစ်စစီ ဆုတ်ဖြဲပစ်လိုက်တယ်။ကျွန်တော်တို့ ဘာမှ မရှိတော့ဘူး။ တစ်စ ….. စီ…. လွှင့်………….ထွက်… လို့။

 

 

“ရှင်ကြားရလား”

“အင်း………………..…”

“တကယ် ..တကယ်ကြားရတာလား…”

သေခြင်းတရားကိုနားစွင့်ရင်း သူမလက်ဖဝါးကို ကျွန်တော် ဆုတ်ကိုင်ထားမိခဲ့တယ်။

 

 

– ရင်နင့်အောင် –

4 comments

  • အလင်းဆက်

    May 7, 2013 at 8:00 pm

    ခေါင်းစဉ် စာသားလေးတွေ..က လှလွန်းလို ့..
    ဝင်ကြည့်မိတယ် ။
    အထဲက စာသား လှလှလေးတွေကလည်း…
    ပန်းချီလှလှလေးတွေ ရေးဆွဲ ထားသလို…..
    ………………..

    —————-
    ကျွန်တော်ကတော့..
    ဘာကိုမှ မကြောက်ဘူး..
    အကြောက်တရားတွေ ဝင်လာမှာကို
    ကြောက်တယ် ။

    🙂

  • မကြည်ပြာ

    May 8, 2013 at 9:48 am

    လူ့ဘဝဟာ ဘာမှ မမြင်ရတဲ့ အတုသဘာဝကြီး တစ်ခုပေါ့။

    :byae:

  • သူကလေး

    May 8, 2013 at 10:11 am

    အဲလိုမျိုးစတိုင်လ်တွေမရေးတတ်ပေမယ့် ဖတ်ရတာကိုအရမ်းသဘောကျတယ်
    လူ့ဘဝထဲက အကြောင်းအရာတွေကို အတုလို့ယူဆထားတာလေးလည်းကြိုက်တယ် …
    မိုက်ပါအိ

  • မောင် ပေ

    May 9, 2013 at 9:11 pm

    ကျုပ်လဲ အိုမင်းရင့်ရော်မယ့်နေ ့ရက်များကို ချစ်သူနဲ ့အတူတူ ဖြတ်သန်းသွားချင်တယ်

Leave a Reply