အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ကြမယ် ဆိုရင် ဖြင့်

မိုခ်ိဳMay 21, 20131min41632

ကျမ ရွာထဲ မှာ ပိုစ့် မတင် တာ ကြာ ပါပြီ။ မြန်မာပြည် ပြန် နေ လို့ ပါ ။ တွေ့ကြုံ ခဲ့ ရတဲ့ ကျမ တို့ ရပ်ကွက် ထဲက မိသားစု ၂ စု ရဲ့ အကြောင်းလေး ရေး ပါ မယ် ။

ကျမ တို့ ဒီရပ်ကွက် ထဲကို ပြောင်း လာလာ ၁ဝ နှစ် ကျော် ပါပြီ ။ အဲ ဒီ အချိန် ကတည်း က လမ်း ထဲ မှာ မှတ်မှတ် ရရ သတိ ထား မိ တဲ့ မိသားစု ၂ စုရှိ ပါတယ်။ မျက်နှာချင်း ဆိုင် အိမ် က မူဆလင် မိသားစု နဲ့ ကျမ တို့ ကို အိမ်လိုက် ပြ ပေးတဲ့ ပွဲစားအမျိုး သမီး ဗုဒ္ဓ ဘာသာ ဗမာ မိသားစု တို့ ပါပဲ။ ၂ စု လုံး မှာ ဖခင် မရှိ ပဲ မုဆိုး မ မိခင် နဲ့ သား သမီး ၃ ယောက် အသီး သီး ရှိ ကြတဲ့ အတွက် ကျမတို့ ငယ်ဘဝ နဲ့ တူ လို့ သတိ ထား မိ တာ ပါ။ ၂ စု လုံး ရဲ့ မောင်နှ မ ၃ ယောက် ကလည်း အသီးသီး အရွယ် တူ ကြ ပါတယ်။ ကုလား မိသားစု မှာ အကြီး ၂ ယောက် က မိန်း ကလေး တွေ ဖြစ်ပြီး အငယ်ဆုံး က ယောက်ျားလေး ၊ ဗမာ မိသားစု မှာတော့ ၃ ယောက် လုံး မိန်း ကလေး တွေ ပါ။

ဗမာ မိသားစု မှာ အမေ က ပွဲ စား လုပ် ပါတယ် ။ ရတဲ့ အခါ ရ ၊ မရ တဲ့ အခါ မရ ပေါ့ ။ ကုလား မကြီး ( ကျမ တို့ အိမ် မှာ ခေါ် နေကြ အတိုင်း ရေးပါတယ်) ကတော့ အိမ်တွေ မှာ အဝတ်လိုက် လျှော်၊ ဗာရီဟ လုပ် ပေါ့ လေ။ ပြောရရင် ၂ မိသား စု လုံး ရရ စားစား ပိန် မသာ လိမ်မသာ ပါ ။ ကု လား မကြီး ဆီ ကိုတော့ သူ့ ဆွေ မျိုး၊ ယောက်ျား ဘက် ကဆွေ မျိုး တွေ မကြာ ခဏ လာတတ် ကြ ပြီး ကလေးတွေ အတွက် မုန့်ဖိုးပဲ ဖိုး ၊ ကျောင်း လ ခ ၊ အဝတ် အစား စတာ တွေ ပေး သွား တတ် တာ သတိ ထား မိ ပါတယ်။ ပွဲစား မိန်း မ အိမ် ကို တော့ ဆွေ မျိုး သား ချင်း တွေ လာတာ မတွေ့ ဖူး သလို ၊ ဒန် အိုးက အစခြင်ထောင် အဆုံး အပေါင် ဆိုင် ကို မကြာခဏ ပို့ လေ့ရှိ တာ တွေ့ နေရ ပါတယ်။ နောက်ပိုင်း ကျမ နဲ့ ရင်း နှီး သွားေတော့ ကလေး တွေ ကို အဝတ် အစား တွေ ၊ ဗလာစာအုပ် ၊ ဘောပင် စတာလေးတွေ ဝယ် ပေး ရင်း ဆွေ မျိုး သား ချင်း မရှိ ဘူး လား လို့ စပ်စု ကြည့် တော့ ကျမ တို့ က ဆင်း ရဲတော့ ပေးရကမ်းရ မှာ စိုး လို့ ဘယ်ဆွေ မျိုးသားချင်း ကမှ အဖက် မလုပ် ကြပါဘူး ။ အဆင် မပြေ လွန်း လို့ သွား တောင်း ရင် လည်း ရ တာနဲ့ ပြောလွှတ် တာနဲ့ မကာမိ လို့ ကျမလည်း မသွားတော့ ဘူး လို့ ဆိုပါတယ်။

သိပ် မကြာ ခင် မှာ ပဲ သူတို့ တွေ ရဲ့ ၁၄/ ၅ နှစ် အရွယ် သမီး အကြီး လေး တွေ က ကျောင်း ထွက် ပြီး အလုပ် လုပ် ကြတယ်။ ကုလား မလေး က ကုလား အလုပ်ရှင် ဆီ မှာ ၊ ဗမာ မလေး ကလည်း ဗမာ အလုပ်ရှင် ဆီ မှာ ၊ စားသောက်ကုန် လုပ် တဲ့ လုပ်ငန်း လေးတွေ မှာ ပစ္စည်း ထုတ် ပိုး ရတဲ့ နေ့ စား အလုပ် သမ အဖြစ် နဲ့ ပါ။ ဘာသာတူ အလုပ်ရှင် ဆီ မှာ လုပ်တဲ့ ကုလား မလေး က နေ့ စား ခ ထိုက်တန်တန် ရ သလို နေ မကောင်း လို့ အလုပ် မဆင်း နိုင် ရင် တောင် နေ့ တွက် တစ်ဝက် ရ ပါသတဲ့ ။ သူတို့ ရဲ့ ပွဲ တော် ချိန် တွေ ကျရင် လည်း အဝတ် အစား ၊ မုန့် ဖိုး ကောင်း ကောင်း ပေး ပါသေး တယ်။ ဘာသာ တူ ချင်းချင်း နိမ့် ပါး တဲ့ သူ ကို စောင့် ရှောက် တဲ့ သဘောပေါ့။ အဲ ဒီ အချိန် မှာ ပွဲစား မ ရဲ့ သမီးလေး လုပ်နေတဲ့ ဗမာအလုပ် ရှင် ကတော့ ထုံး စံ အတိုင်း အနည်း ဆုံး လုပ်အား ခနဲ့ အများ ဆုံး လုပ်အား ကို ပြန်ယူ ချင် တယ်။ ဒီ တစ်ယောက် မလုပ်ချင် လည်း အလုပ် လိုချင်တဲ့ ကလေး တွေ တန်း စီ နေတဲ့ အတွက် ကျေနပ်ရင် လုပ်၊ မကျေနပ်ရင် မလုပ် နဲ့ ဆိုတဲ့ ထဲ ကပါပဲ။ အဲဒီ မိန်း ခလေး ခမျာ ပညာဗဟုသုတ နိမ့်ကျ ရတဲ့ အထဲ ရ တဲ့ အလုပ် လေး လုပ် ပြန်တော့ လုပ်ခ က နည်းပါး လွန်းတော့ သိပ် မကြာခင် မှာ သူများ မဲ ဆွယ် တဲ့ အတိုင်း ယိုးဒယား ဘက် ကို အလုပ် လုပ်ဖို့ ပါသွား လေရဲ့။ စာမလာ ၊ သတင်း မကြား၊ အမေ နဲ့ ညီ မတွေ ဆီ ငွေ လေး အနည်းအကျဉ်း ပို့ တလှည့် ၊ မပို့ တလှည့် ၊ ဘာ အလုပ် လုပ် မှန်း လည်း မအေ ကိုယ်တိုင်တောင် မသိပါဘူး။

ဒီလိုနဲ့ ပွဲစား မိန်း မလည်း ၊အကာအရံ မလုံ ခြုံ ၊ အိမ် လို့ ပြော ရ ရုံ တဲ အိမ် လေး ထဲ မှာ ကျန်တဲ့ သမီး ၂ ယောက် ကို အုပ်ထိန်း သူ မရှိ ပဲ ထား ခဲ့ ပြီး ရပ်ကွက် တကာ ခြေ တို အောင် လျှောက် သွား လို့ စား ဖို့ ရှာနေ ရတယ်ပေါ့။ သူ့ ရဲ့ ဒုတိ ယ သမီးလေး က ပေါ တောတော လေး နဲ့ ညာဏ် ရည် လည်း မပြည့် ရှာပါဘူး။ အဲ ဒီမိန်း ကလေး ကို ရပ်ကွက် ထဲက နှမချင်း မစာနာ၊ လူစိတ် ပျောက်၊ ခွေး စိတ် ပေါက်နေတဲ့ လူ ငယ် အချို့ က မုန့် ဖိုး သာသာ ငွေကြေး လည်း နည်းနည်း ပါးပါး ပေး ပြီး ခွေး ကျင့် ခွေး ကြံ ကြံ ကြ ပါ တယ်။” ပေါ ပေါ ပဲပဲ နဲ့ နုနုထွတ်ထွတ် လေး  စား လို့ ရတဲ့ နေရာ ရှိ တယ် ကွ ”  လို့ ကောင်လေး တွေ အချင်းချင်း ပြောနေ ကြတာ ကို အပေါင်း အသင်း စုံ ပြီး ဆိုင်တကာ ထိုင် လေ့ ရှိတဲ့ အိမ်က အငယ် ကောင် ကြား တော့ ဒေါ သထွက် ပေမယ့်စိတ် ကို ထိန်း ပြီး  “ညီလေး တို့ ရာ ကိုယ့် တစ် ရပ် ကွက် သား ချင်း အဲလို လုပ်တာ မကောင်း ပါဘူး ၊ ကိုယ် ကတောင် စောင့် ရှောက် ရ အုံး မှာ” လို့ တရား ချခဲ့ ပါတယ် တဲ့ ။ ကျမ တို့ ကို မောင်လေး ပြန် ပြော ပြ တော့ ကိုယ် တွေ လည်း မနေသာ ပဲ ပွဲစား မိန်းမ ကို ပြောပြ ရ ပါတယ်။ သူဖြေရှင်း လိုက်တာလည်း ကြည့် ပါ အုံး ၊ သူ့ သမီး အကြီးမ ဆီ ကို လူကြုံ နဲ့ ထည့် ပေး လိုက်ပါ သတဲ့ ။ ခုတော့ ညီ အမ ၂ ယောက် လုံး ယိုး ဒယား ဘက် မှာ၊  စက်ရုံ အလုပ် ရုံ တွေ မှာ ပဲ လုပ်အား ကို ရင်း ပြီး လုပ်နေသလား၊ ကိုယ် ကို ပဲ ရင်း နှီး ပြီး လုပ် နေ သလား ဆို တာ ကတော့ သူတို့ ကိုယ် တိုင် ပဲ သိ မှာ ပါ။ နောက် တော့ ပွဲစား အမျိုးသမီးလည်း ကျောင်း မနေတော့ တဲ့ သမီး ငယ် လေး ကို သွား လေရာ လက် ဆွဲ လို့ ခေါ် သွား ရ ပါတယ် ။ အဲဒီ မိန်း ကလေး ကို ကျောင်း ဆက် တတ်ရင် ကူညီ ပေး ဖို့ ကျမ ပြော ခဲ့ ပေမယ့် ကလေး ကိုယ် တိုင်က စာကို စိတ် မဝင်စား လို့ ကျောင်း ထွက် လိုက်ပါတယ်။ ကျမ ဒီ တခေါက် ပြန်တော့ အဲဒီ ကလေး က အပျို ပေါက် လေး ဖြစ် နေပါပြီ။ သူ ကလေး ရဲ့ အနာဂတ် က လည်း မရေ ရာ လှ ပါဘူး။

၁ဝ နှစ် အတော အတွင်း ဒီ မိသား စု ဖရို ဖရဲ အနာဂတ် မဲ့ နေတဲ့ အချိန် မှာ ကုလား မကြီး မိသားစု ဘက် ကို ကြည့် ပါအုံး။ သမီး အကြီး လေး ကို ဆွေ မျိုးတွေ ရဲ့ အဆက်အသွယ် နဲ့ သူ တို့ မျိုး နွယ်တူ၊ ဘာသာတူ ကောင်လေး တစ် ယောက် နဲ့လက်ထပ်ပေး ပြီး ဆွေ မျိုးတွေ အထောက်အပံ့ နဲ့ ပဲ ၊ ချို ချဉ် ၊ ကွမ်းယာ ဆိုင်လေး တစ်ဆိုင် မြိ့ ထဲ မှာ ဖွင့် ပေး ထားတယ်။ ဒုတိယ သမီး က လည်း သူ့ အမ လုပ်တဲ့ အလုပ် မှာ ပဲ ဝင်လုပ်လို့မိသားစု စားဝတ် နေရေး ချောင်လည် လာတော့ ကုလားမကြီး လည်း ဘာမှ လုပ်စရာ မလို တော့ ပဲ သမီး ကြီး ကမွေးတဲ့ သူတို့ အမျိုး ဘာသာ ကို အမွေ ဆက်ခံ မဲ့မျိုး ဆက် သစ် လေးတွေ ထိမ်း ကျောင်းရင်း ပျော် ရွှင် စရာ အဖွား ဘဝ ကို ဖြတ်သန်း နေတယ်။ အငယ် ဆုံး သားလေး က ဒီ နှစ် ၁ဝ တန်း ရောက်ပါပြီ။ ဂျီတီစီ ဝင်အောင် ကြိုး စား မယ် ဆိုတဲ့ ကောင်လေး က ကျမ ပြန်တဲ့ အချိန် မှာ စာတွေ စ ကျက် နေပါပြီ။

အမျိုး အဆွေ ကြောင့် ပြောင်း လဲ လာ ရတဲ့ ဘဝ ၂ ခု ကို ယှဉ် ရေး ပြ ထား တာပါ။

နောက် အကြောင်း အရာ တစ်ခု ဆက် ရေး ပါအုံး  မယ်။ ကျမ ဝန်ထမ်း အဖြစ် အလုပ်စ ဝင်တော့ ရုံး မှာ မိန်း မချောလေး တစ်ယောက် ကို သတိ ထား မိပါတယ်။ မိန်း မချင်း သတိ ထား မိ ရ လောက် အောင် မြန် မာ ဆန်ဆန် လေး ချောပြီး အပြော အဆို အမူ အယာ က အစ ယဉ် ကျေး သိမ် မွေ့ ပါတယ်။ သူ့ ကို ကျမ တို့ အလုပ်အတူဝင် သူငယ်ချင်း တစ်စု က ကွမ်းတောင်ကိုင်လေး လို့ နာမည် ဝှက် ပေး ထား ပါတယ်။ အလုပ် ဝင် ပြီး နည်း နည်း ကြာ လာတော့ တခြား သူတွေ ဆီ ကနေ ကွမ်းတောင်ကိုင်လေး အကြောင်း မေးရင်း သိလာ ရတာ သူက မူဆလင် မလေး ဖြစ်နေတယ်။ သူ့ ရုပ်လေး က ဗမာ ဆန် လွန်း တော့ သူများတွေ ပြောတာ မယုံ ချင် ပေမယ့် ညနေ ဖယ်ရီ ပေါ် လူ မစုံ သေး လို့ စောင့် နေ ရတဲ့ အချိန် တွေ မှာပဝါလေး ခေါင်း မှာ ပတ် လို့ သူတို့ ဘာသာ အရ အာရုံ ပြု နေတတ် တာ ရယ် ၊ စိတ် ပုတီး အကြည် ရောင်လေး တကိုင် ကိုင် လုပ် နေတာ မြင်ရတော့ မယုံ လို့ မရ တော့ ဘူး။ နောက် ပိုင်း သူ နဲ့ ခင် သွား ပြိးတော့ မှ သူ့ အကြောင်း သေချာ သိလာရတယ်။

သူ က ကျမ မျှော်လင့် ထား တဲ့ အတိုင်း ဗုဒ္ဓ ဘာသာ မိသားစု က ဆင်း သက် လာတာပါပဲ။ သူတို့ ညီ အမ ကိုယ့် ခြေထောက် ပေါ် ကိုယ် မရပ် နိုင်သေးတဲ့ လူ မမယ် အရွယ် မှာ မိဘ နှစ်ပါး ရှေ့ ဆင့် နောက် ဆင့် ကွယ်လွန် သွားပါတယ်။ သူတို့ ညီ အမ ကို ဘယ် ဆွေမျိုး သားချင်း ကမှ တာဝန် ယူ စောင့် ရှောက် မှု မပြု ကြ ပါဘူး။ ဆွေ မျိုး တွေ ထဲ မှာ ချမ်း သာ တဲ့ သူတွေ လည်း ရှိ ပါတယ် တဲ့။ သူတို့ အဒေါ် တစ်ယောက် ကတော့ အိမ် မှာ ဝိုင်း လုပ် ဝိုင်းစား ပြီး လာ နေ ၊ ကျောင်း တော့ မထား ပေး နိုင် ဘူး လို့ ဆို ပါတယ်။ အဲ ဒီ အချိန် မှာ သူ့ မိဘတွေရဲ့ မိတ်ဆွေ မူဆလင် အမျိုး သမီး ကြီး က သူတို့ ညီ အမ ကို မွေးစား လိုက်ပါတယ်။ ကျောင်း လည်း ဆက် ထား ပေးတဲ့ အပြင် သားသမီး အရင်း နဲ့ မခြား၊ ပြုစု စောင့် ရှောက် ပြီး အခုလို ဘွဲ့ ရ ပညာ တတ် ၊ အငယ်တန်း အရာ ရှိ ဖြစ်တဲ့ အထိ မြေ တောင်မြှောက် ပေး ပါတယ်။ သူတို့ ညီ အမလည်း ဆွေ မျိုးတွေ အပေါ် စိတ် နာ တာရော ၊ မွေး စား အမေ ကို ကျေး ဇူး ဆပ် ချင် တာကြောင့် ရော မွေးစား အမေ ရဲ့ ဘာ သာ ကို ပြောင်း လိုက်ကြ ပါတယ် တဲ့။ ဘယ် လောက် ရင်နာ စ ရာကောင်း တဲ့ အဖြစ် ပါလဲ။ ကျမ ကတော့ စိတ် ကူး ယဉ်တတ်သူ ပီပီ ဒီ မိန်း ကလေး ကို အမျိုးကောင်း သား ဗုဒ္ဓ ဘာသာ ကောင်လေး တစ်ယောက် က ချစ် ခင် မြတ် နိုး လက် ထပ် ပြီး မျိုး ရိုး အစဉ်ဆက် ဗုဒ္ဓ ဘာသာ ထဲ ပြန်ရောက် လာ အောင် စည်း ရုံး သိမ်း သွင်း နိုင် ရင် လယ်လောက် ကောင်း လိုက် မလဲ လို့ မျှော် လင့် မိပါတယ်။

 

ဒီ အဖြစ် အပျက် တွေ ကို ကြည့် ခြင်း အား ဖြင့် ကျမ တို့ ဗုဒ္ဓ ဘာသာ မြန် မာ လူ မျိုး တွေ ဟာ အလှူ အတန်း တွေ ရက် ရော သလောက် ၊ ပျော် ပျော် ပါး ပါး ကြီး လှူ ကြ သလောက် ၊   ( ဘယ်လောက် ပျော်ပျော် ကြီး လှူ ကြသလဲ ဆိုရင် ကျောင်း ရေ စက်ချ ၊ သိမ် ရေ စက်ချ၊ သိက္ခာ ရှိ ပြီး သား ဆရာတော် ကြီးတွေ ကို သိက္ခာ တွေ အတင်း ထပ်၊ ရဟန်း သာ မဏေ သိက္ခာ ပုဒ် ဆိုတာ ဘာ မှန်း မသိ ပဲ သာသနာ့ ဘောင် မှာ ၃ရက် ကနေ ၁ ပတ် လောက် အုပ်စု လိုက် ပျော် ပျော် ကြီး နေကြ တဲ့ ရှင် အပါး ရာနဲ့ ချီ တဲ့ ရှင်ပြု ပွဲ စတဲ့ အလှူ တွေ လုပ် ကြ ပြီ ဆိုရင် ( နစ္စ၊ ဂီ တ ကို ဝေရာမဏိ ရ မဲ့ အစား ) စတိတ် ရှိုးတွေ ၊ အငြိမ့်တွေ ၊ လူ ရွှင် တော် တွေ မှ မပါ ရင် အလှူ မမြောက် တော့ မယ့် အတိုင်း ပါ ပဲ ။ အဲဒီ လူ ရွှင်တော် တွေ ကလည်း ပွဲ လုပ်နေ တဲ့ ဘုန်း ကြီး ကျောင်း ဝင်း တွေ မှ အား မနာ ပြတ် လုံး တွေ က ခါး အောက် ပိုင်း က မတတ်။ …အဲ…ပြော ရင်း ဘေး ချော် ကုန် ပြီ။)      မြတ် စွာ ဘုရား ဟော ခဲ့ တဲ့ မင်္ဂလာ တရား တော် အတိုင်း အဆွေ အမျိုး တွေ ကို ချီး မြှင့် ပေး ကမ်း ဖို့ ကျတော့ နောက်တွန့် ဝန်လေး တတ် ကြတယ်။ စေတနာ သန့် သန့် နဲ့ စောင့် ရှောက် မြေ တောင် မြှောက် ပေး ရ မဲ့ အစား ထမင်း စား ကျွန် ခံ သာသာ လောက် ထား ပြီး ကျေး ဇူး ရှင် အဖြစ် ကမ္ပည်း တပ်ချင် ကြတယ်။ မျိုး ချစ်စိတ် ပြင်း ထန် ပါတယ် ဆိုတဲ့ ကျမ တို့ ဘာ သာ ဝင် တွေ ဟာ ကိုယ့် အမျိုး အရင်း ခေါက် ခေါက် တွေ ကို တော့ ချစ် ဖို့ မေ့ နေ ကြ ပါတယ်။ မြတ် စွာ ဘုရား က သတ္တဝါ တွေ အပေါ် ရင် က ဖြစ်တဲ့ တစ်ဦး တည်း သော သား ကို မေတ္တာ ထား သလို ထား ရ မယ် လို့ မေတ္တာ သုတ်တော် မှာ ဟော ကြား ခဲ့ ပေ မယ့် ကျမ တို့ ဗုဒ္ဓ ဘာသာဝင် အချို့ ဟာ တစိမ်း မပြောနဲ့ နိမ့် ပါးတဲ့ ဆွေ မျိုး သား ချင်း တွေ နဲ့ ကိုယ့် အကျိုး စီး ပွား ဆောင် ပေး နေတဲ့ အလုပ် သမား လေးတွေ အပေါ် သား သမီး ချင်း ကိုယ် ချင်း စာစိတ် လေး တစ် ဖဲ့ တောင် မထား တတ် ကြ ပါ ဘူး။

 

ဆိုတော့ အမျိုး ဘာသာ သာသနာကို စောင့်ရှောက်ကြမယ် ဆိုရင် ဖြင့် အဝေး ကြီး ကို လှမ်း မယ့် အစား ၊ ( ဖွဘုတ် က ဆရာ တို့ ကလည်း သူများ မြှောက် ပေး တိုင်း အကုသိုလ် ယူ ဆဲ ဆို နေကြမဲ့ အစား ) လက်တွေ့ ကျကျ ကိုယ့် ဆွေ မျိုး သား ချင်း ထဲ မှာ နွမ်း ပါး သူ တွေ ရှိ ရင် လျစ်လျူ ရှု မ ထား ပဲ ကူညီ စောင့် ရှောက် ပေး ကြပါ။ ကိုယ့် ရပ်ကွက် ထဲ လမ်း ထဲ က နွမ်း ပါး ချို့ တဲ့ သူ တွေ ကို ကူ ညီ ပါ။ အသိပညာ ၊ ငွေကြေး နိမ့် ပါး တဲ့ မိန်း ကလေး တွေကို အခွင့် ရေး မယူ ပဲ နှမ ချင်း စာနာ စောင့်ရှောက်ကြ ပါ။ လုပ်ငန်း ကြီး ၊ ငယ် ၊ လတ် ပိုင် ရှင် များ နဲ့ လယ်ရှင် ယာရှင် များ က လည်း မိမိ တို့ ဝန်ထမ်း ၊ အလုပ် သမား ၊ သူရင်း ငှား တွေ အပေါ် မှာ စေတနာ ထား လို့ ထိုက်တန် တဲ့ လုပ်ခ လစာ တွေ ပေး ကြပါ။ သူတို့ မိသားစု ရဲ့ အခက် အခဲ တွေ တတ် နိုင် သလောက် မျှ ဝေ ကူညီပေး ပါ။ ယုံ ကြည် မှု ကြောင့် မဟုတ် ပဲ နွမ်းပါး ချို့ တဲ့ ၊ ခိုကိုး ရာ မဲ့ မှု ကြောင့် ဘာသာ ကူးပြောင်း သွား ကြ တာတွေ လောက် နှမြော စရာ ကောင်း တာ မရှိပါဘူး။ ။ မိမိ ရဲ့ ကိုယ် ပိုင် ယုံ ကြည် မှု ကြောင့် ဘာ သာ ကူးပြောင်း ကြတာ ကို တော့ လူ တစ်ယောက်ရဲ့ ကိုယ် ပိုင် လွက် လပ် ခွင့် ဖြစ်တဲ့ အတွက် မပြောလိုပါ ။ ကျ မ ဒီ စာ ကို ရေး ရ တာ ကိုယ့် ပေါင် ကို လှမ်း ထောင်း သလို ဖြစ် နေ ပေမယ့် ဆန်ရင်း နာနာ ဖွပ် ဆို သလို ကိုယ့် ဘာ သာ ဝင် တွေ ရဲ့ အား နည်း ချက် တွေ ကို ထောက်ပြ ဖို့ လို တယ် ထင်လို့ အများ အကြိုက် မဖြစ် ပေမဲ့ ရေး လိုက် ရ ပါတယ်။

32 comments

  • ပျောက်နေဒယ် ….
    ပျောက်နေဒယ်လို့ အောက်မေ့နေဒါ
    အမမိုချိုက ပြန်တော်ပြန်နေဒါဂိုး ခည ….။
    အခု လာပြီး ဝင်နှုတ်ဆက်တာ …
    ပြီးမှ ထပ်လာဂဲ့ဘာဒယ် …
    အိပ်ချင်နေလို့ ကော်ကော် သောက်လိုက်ဘာအုံးမယ် … ဂလု .. ဂလု …

  • kai

    May 21, 2013 at 2:11 pm

    – စနစ်ကြောင့်မဟုတ်… စနစ်ကြောင့်မဟုတ်..
    – နှစ်၁၀၀ဝ ကျိန်စာ
    – တို့ရွာတို့မြေ တို့ရွာမြေဝယ်
    စေတီစပါး များလည်းများ၏
    များပါလေလည်း တမွဲမွဲနှင့်
    ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
    တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
    ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
    မစားလေရ ဝမ်းမဝ၍…

  • KZ

    May 21, 2013 at 2:18 pm

    အမ မိုချို ။
    မတွေ့တာကြာပြီ လို့ တွေးနေတာ။
    ဖတ်သွားတယ်။
    ပြောချင်တာတွေလည်း အများကြီးမို့ အေးဆေးကျမှ ပြန်လာလာကြည့်မယ်နော်။
    :hee:

  • ဦးဦးပါလေရာ

    May 21, 2013 at 2:34 pm

    ဒီကိစ္စက အခြားအမြင်အမျိုးမျိုးလဲ ရှိနိုင်သေးလို့ နေရာဦးပြီးပဲ ခဏစောင့်ပါဦးမယ်။
    🙂

  • အရီးခင်လတ်

    May 21, 2013 at 2:37 pm

    လောကမှာ လူတွေ မငြိမ်းချမ်းနိုင်ကြတာ
    ဘာသာကြောင့် မဟုတ်။
    လူတွေရဲ့ မပြည့်ဝတဲ့ စိတ်ဓာတ်အခံတွေကြောင့်။
    ကိုယ်မပြည့်ဝတာ မရင့်ကျက်တာတွေကို မသိတာတွေကြောင့်။
    ကိုယ်ဟာကိုယ် အဟုတ်အမှန် ထင်နေတာတွေကြောင့်။
    ပြီးတော့ အများ ကိုပါ အမှား အယူအဝါဒ တွေ ဝေနေတာကြောင့်။
    အများကလဲ ကိုယ့်အသိနဲ့ မစဉ်းစားဘဲ အလွယ်ပါနေကြတာကြောင့်။

  • Ma Ei

    May 21, 2013 at 3:09 pm

    ကိုယ့်ဘာသာဝင်တွေကလည်း အမျိုးအဆွေကိုစောင့်ရှောက်မှုအပိုင်းမှာ
    တစ်ကယ်အားနည်းခဲ့ကြတာဘဲကိုး…
    ဒါပေသိ အညာသူ အညာသားများတော့ ပါမထင် မိုချိုရေ…
    အညာသားတစ်ယောက်ရန်ကုန်ရောက်လို့ အဆင်ပြေနေရင်
    ရွာကလူ တစ်ယောက်ပြီးတစ်ယောက် အလုပ်ခေါ်ပေးကြပါတယ်…
    ရွာပြန်လှူဒါန်းကြပါတယ်…အတော်သိတတ်ကြတာပါ…
    လုပ်ငန်းကြီးများလုပ်နေလို့ကတော့ အလုပ်သမားအကုန် အညာကချည်းဘဲ…
    အခန်းတစ်ခန်းစုငှားနေပြီး ဈေးရောင်းကြတဲ့ အညာသူတွေလဲ ရန်ကုန်မယ်ရှိကြတယ်…
    အချင်းချင်း ကူညီစောင့်ရှောက်ကြတာတွေ့ရပါတယ်…
    မိုချို တစ်ယောက်ပျောက်နေရာက ဒီလိုစာကောင်းလေးနဲ့ ပြန်လာတာကို
    ဝမ်းသာအားရ ကြိုဆိုလိုက်ပါတယ်…

    • ပန်း စံပါယ်

      May 21, 2013 at 3:51 pm

      Ma Ei ပြောတာ ထောက်ခံတယ်။ ကိုယ်က အညာသူမို့ ထောက်ခံမိတာလားတော့ မသိဘူးပေါ့.. ဟီး။

  • Mon Kit

    May 21, 2013 at 3:43 pm

    မမိုချို…
    ဖတ်ရှု အားပေးသွားတယ်နော်… ဘာသာမတူ မိသားစု နှစ်ခု ကို နှိုင်းယှဉ်ပြီး ရေးသားထားတာ ဖတ်လို့ အင်မတန်ကောင်းပါတယ်… အတွေးလေးတွေ ..အသိလေးတွေ ကျန်ခဲ့အောင်ပါဘဲ..
    အရီးခင်လတ် ပြောသလိုဘဲ.. ဘာသာကြောင့် မဟုတ်။
    လူတွေရဲ့ မပြည့်ဝတဲ့ စိတ်ဓာတ်အခံတွေကြောင့် ဆိုတာလဲ ထောက်ခံမိပါတယ်… နောက်လဲ အဲဒီလို စာကောင်းပေမွန်လေးတွေ ဆက်ရေးပေးပါအုံးနော်…

  • ပန်း စံပါယ်

    May 21, 2013 at 3:45 pm

    မမိုချိုရေ အခုလို ထောက်ပြပြီးရေးပေးတာ အလွန်ကျေးဇူးတင်ပါတယ်။ ကျမတို့ကတော့ ကိုယ့်စိတ်ကူးထဲမှာပဲရှိတတ်ပြီး သူများတွေသိအောင် ဖတ်ကောင်းအောင် စာစီပြီးမရေးတတ်တော့ ရေးတတ်တဲ့သူတွေကိုပဲ အားပေးရင်း ကျေးဇူးတင်ရမှာပါပဲ။ ဖေဖေကလည်း အကြောင်းတိုက်ဆိုင်တိုင်း ဒီလို ပြောတတ်တယ်။
    လူတွေက လူသိတဲ့ နာမည်ကျော်တဲ့ ပကာသနအလှူတွေပဲလုပ်နေကြတဲ့အကြောင်း။ လူသိများတဲ့ မလိုအပ်တဲ့နေရာတွေမှာ သိန်းဂဏန်း၊ သိန်း ဆယ်ဂဏန်း ရာဂဏန်း ထောင်ဂဏန်းထိအကုန်ခံပြီး လှူဖို့ ဝန်မလေးတတ်ကြပေမယ့် ကိုယ်လှူတာကို လူသိနည်းတဲ့ တစ်ကယ်လိုအပ်တဲ့နေရာတွေ တစ်ကယ်လိုအပ်တဲ့ လူတွေအတွက် ပေးလှူဖို့၊ ကိုယ့်ဆွေမျိုးသားချင်းကို သောင်းဂဏန်း ပေးကမ်းထောက်ပံ့ဖို့၊ အရင်းနှီးစိုက်ထုတ် စီးပွားရေးထူထောင်ပေးပြီး ကြီးပွားလာအောင်ဆွဲခေါ်ဖို့ကိုတော့ အလွန်တွန့်တိုတတ်ကြတဲ့အကြောင်း။ ပေးကမ်းထောက်ပံ့ပြန်တော့လည်း သူတစ်ဖက်သား အဆင်ပြေစေဖို့ဆိုတဲ့ စိတ်သန့်သန့်နဲ့မဟုတ်ပဲ ကိုယ့်မိသားစုဝင်(ဇနီး၊ ခင်ပွန်း၊ သားသမီး၊ မြေး စသည်) တွေရဲ့ရံရွေတော်ဖြစ်စေဖို့၊ ကိုယ်ထားရာနေ ကိုယ်စေရာသွားစေဖို့အတွက် မငတ်ရုံပေးကမ်းထောက်ပံ့တတ်ကြတဲ့အကြောင်း။
    ကိုယ့်မိသားစုအတွက် ရံရွေတော်မဖြစ်တော့ပဲ၊ ကိုယ်ထားရာမနေ ကိုယ်စေရာမသွားတော့ပဲ အစာဝတော့ ဌာနပြန်ချင်တယ်ဆိုသလို အဆင်ပြေသွားတော့ ကိုယ့်ကိုပြန်ကန်သွားမှာမျိုး၊ ကိုယ်နဲ့တန်းတူအပြိုင်ဖြစ်လာမှာမျိုး၊ ကိုယ်ထက်သာသွားမှာမျိုးကို မလိုလားလို့ အများကြီး ပေးကမ်းထောက်ပံ့တာမျိုး မလုပ်ကြတာဖြစ်တဲ့အကြောင်း။ အဲဒါမျိုးတွေဟာ မှားတဲ့အကြောင်း။
    ကျမကတော့ အလှူအတန်းဆိုတဲ့အသံကြားရင် လှူချင်စိတ်ဖြစ်ပါတယ်။ လှူမယ်လို့စိတ်ကူးလိုက်တဲ့အခါ ကိုယ်က သူများတွေလို အများကြီး မလှူနိုင်တော့ မလှူရဲတာလည်း ပါတယ်။ နောက်ပြီး ကိုယ့်ထက် ချို့တဲ့ တဲ့ ဆွေမျိုးနဲ့ အိမ်နီးနားချင်းကို သွားပြီး သတိရမိတယ်။ မိမိကိုယ်မိမိ ပြန်ပြီး သုံးသပ်တယ်။ ငါ အဆင်မပြေတဲ့ ကိုယ့်ဆွေမျိုး၊ အိမ်နီးနားချင်းကို မထောက်ပံ့ပဲ သူတို့ကိုကျော်ပြီး အဝေးကိုပေးကမ်းထောက်ပံ့တာ မှန်ရောမှန်ရဲ့လားလို့ သုံးသပ်မိတယ်။ အဲဒီလို သုံးသပ်ပြီး အရင်ဆုံး ကိုယ့်ဆွေမျိုး၊ အိမ်နီးနားချင်းကို ထောက်ပံ့တာအဖြစ်သင့်ဆုံးလို့ယူဆပြီး သူတို့ကို ကိုယ်တတ်နိုင်သလောက် ထောက်ပံ့မိတယ်။ အဲဒါ မှန်လား မှားလားတော့ မပြောတတ်ဘူး။ တစ်ချို့ကတော့ ဒါကို အတ္တကြီးတယ်လို့ ယူဆမလားတော့ မသိဘူးပေါ့။ ရေးတာလည်း များသွားပြီး။
    ကျေးဇူးများစွာဖြင့်….။

  • Mobile13

    May 21, 2013 at 4:16 pm

    ဒီအရေးတွေကို ကျုပ်လည်းစိတ်ဝင်စားလို့ လောလောဆယ် အဆင်ပြေသလောက်လေ့လာနေပါတယ်။ ရေးထားတာလေးကို နှစ်သက်လှတယ်။ ဘာပြောရမလလဲဆိုရင် ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး။
    မိမိတို့ရဲ့အားနည်းချက် တပါးသူများရဲ့အားသာချက်ကို မြင်အောင်မကြည့် လက်တွေ့မကျင့်ကြံ။ သူများအပြစ်ကိုရှာကြံများများပြော မိမိအပြစ်ကိုယ်ကျတော့ မသိချင်ယောင်ဆောင် ဘာတွေမှန်းကိုမသိ ဒဂယ်မှာက ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလို မိမိတို့ရဲ့အားနည်းချက်လေးတွေကို ပို့စ်ထဲမှာဆိုခဲ့သည့်အတိုင်း ပြင်ဆင်ကြဖို့ အရေးကြီးမယ်လို့ ထင်ပါသည်။

  • မိုချို

    May 21, 2013 at 4:29 pm

    ကျမရဲ့ တကျော့ ပြန် ရွာ အဝင် ပိုစ့် လေး ကို ဖတ် ရှု အားပေး ၊ ကွန့်မန့် လေး တွေချီး မြှင့် ပြီး ကြို ဆို ကြတဲ့ ကြတဲ့ ရွာသူား တွေ ကို ကျေး ဇူး တင် ပါတယ်။ အိမ် အလုပ် လေးတွေ ရှိသေး လို့ နောက် မှပဲ တစ်ယောက် ချင်း ရဲ့ ကွန်မန့် တွေ ကို ပြန်လည် ဆွေး နွေး ပါ့ မယ်။

    • အရီးခင်လတ်

      May 21, 2013 at 4:35 pm

      ဒါထက် ရန်ကုန်မှာ အတော်ပျော်ခဲ့ ရဲ့လား မိုချို ရေ့။
      ပြည်တော်ပြန်လေး စာဖွဲ့ပါဦး။
      အလွမ်းပြေဖတ်ရအောင်။

  • အန်တီမိုချိုရေ ပြောစရာ စကားလုံးမရှိအောင်ကို ဖတ်ပြီး စိတ်ဓာတ်ကျသွားပါတယ်ဗျာ…
    တခါတလေ ကိုယ့်ကိုကို အားမလိုအားမရဖြစ်မိတယ်… ကိုယ့်အမျိုးကိုစောင့်ရှောက်ဖို.နေနေသာသာ ကိုယ်ကဘာကောင်မှမဟုတ်လေတော့……
    ပြီးတော့ မြန်မာပြည်သားပီပီ တကိုယ်ကောင်းဆန်စိတ်ကလေးကလဲ ဖျောက်မရ ……….

    တစ်ခုလောက်တော့ ဆုတောင်းလိုက်ချင်တယ်….
    နောင်ဘဝမှာ ကံကောင်းထောက်မစွာ လူဖြစ်ခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံသာ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်ရပါလို.၏ လို.

  • မောင် ပေ

    May 21, 2013 at 8:16 pm

    ကိုယ့် ကို ကိုယ် ဖော် သူတော်ပေ လုပ်လိုက်ဦးမယ်
    “““““““ လေတော့ မဟုတ်ဘူးနော….. ””””””” အဟက်

    http://www.facebook.com/groups/418761751519966/

    အဲဒါ က ကျုပ် တို ့ အသက်တူရွယ်တူတွေ ၊ ငယ်သူငယ်ချင်းတွေ တော်တော်များများ နဲ ့ဖွဲ ့စည်းထားတဲ့ အဖွဲ ့ပါ ။ ဖေ့ဘုတ် မှာ ဂရုဖွင့်တာ တော့ တစ်နှစ် မပြည့်သေးပါဘူး ။
    ၂၀၁ဝ တုန်းက စပြီး တစ်လကို တစ်ယောက်သုံးထောင် ၊ ပို လှူတဲ့ လူ လဲ လှူ ကြတာပေါ့ ။
    အဖွဲ ့ဟာ ဘာတွေ လှူခဲ့သလဲ ဆိုတာ သိချင်ရင် ၊ အဲ့ပေ့ချ် မှာ စုံစမ်းလို ့ရပါတယ် ။ မှတ်တမ်းတွေ ဓါတ်ပုံတွေ ရှိတယ် ။
    ဒီမှာ ဘာတွေ လှူခဲ့တယ် ဆိုတာ ပြောနေရင် ၊ ကြွားတယ် ထင်နေမှာ စိုးလို ့ ။
    ကျုပ်တို ့အဖွဲ ့သား တော်တော်များများ ဟာ ၊ တစ်လ ကို တစ်ယောက်သုံးထောင် သတ်မှတ်ပြီး လှူဖို ့စုနေကြတယ် ဆိုပေမယ့် ၊ အဖွဲ ့သား တော်တော်များများ ဟာ သုံးထက် ထက် မက လတိုင်း လှူနေကြပါတယ် ။
    ကျုပ် မောင်ပေ ဆိုရင် တစ်လကို လစဉ် ၃ထောင် အပြင် ၊ အနဲဆုံး တစ်သောင်းကျပ် ကနေ ၊ စီးပွားအဆင်ပြေသလို ထပ်တိုး လှူလေ့ ရှိပါတယ် ။

    အဖွဲ ့ဟာ ဘာတွေ အဓိက ထားလှူခဲ့သလဲ ဆိုရင် ၊ ကျောင်းသားဦးရေ ၁၀ဝကျော် ရှိတဲ့ ရည်ရွယ်ချက် ခိုင်မာ တဲ့ ဘကကျောင်းတွေ ရဲ ့လိုအပ်ချက်တွေ ကို ၊ အချိန်တစ်ခုယူပြီး စုဆောင်း လှူဒါန်းခဲ့ပါတယ် ။

  • uncle gyi

    May 21, 2013 at 10:21 pm

    မှန်လိုက်လေမိုချိုရေ
    ပြင်ရမယ့်စိတ်လေးတွေ
    အတော်တော့နားဝင်အောင်ပြောရမယ်ထင်ပါတယ်

  • Miss Crystalline

    May 22, 2013 at 8:39 am

    အစ်မပို ့စ်အကြောင်းအရာနဲ ့သိပ်မဆိုင်ပေမယ့်… ကျမလဲစိတ်ထဲတော်တော်မကြိုက်တာ.. ဘာသာရေးလူမျိုးရေးဆို ကိုယ့်နိုင်ငံကလူတွေသူတို ့လောက် အမျိုးချစ်တာမရှိ.. ကိုယ့်အမျိုးဘာသာထဲက မိန်းကလေးတွေပုံတွေအောက်မှာလည်း ဖတ်တောင်မဖတ်ရဲတဲ့ ကွန်မင့်တွေရေးတာလဲ အပြိုင်အဆိုင် ရိုင်းကြတာလည်း သူတို ့ပဲ.. နောက်ဆုံး ကလေးလေးတွေ ပုံအောက်တောင် မဆိုင်တာတွေပြောပြီး ရန်ဖြစ်အပြိုင်အဆိုင်ဆဲကြ.. ဝန်ကြီးဆိုသူ ့ပို ့စ်အောက်လဲ အပြိုင်အဆိုင်ထေ့ကြငေါ့ကြ.. ပြောချင်လို ့
    ပြောသင့်လို ့ပြောတယ်လို ့ဆင်ခြင်ပေးကောင်းပေးနိုင်ပေမယ့်.. တချို ့ရိုင်းနိုင်လေ အမျိုးကိုချစ်ရာရောက်နိုင်လေများထင်နေလားမသိ..

    • ဦးကြောင်ကြီး

      May 22, 2013 at 9:13 am

      လီဖုစ် အင်န် လီဗျူစ် ကုမ္မဏီလီမိတက်….

  • မိုချို

    May 22, 2013 at 10:31 am

    မောင် အံဇာ ရေ
    ထပ်လာခဲ့ ပြီး ပြန်ဖတ် ကြည့် အုံး နော်။ ညဉ်း တို့ လို လူပျို လေးတွေ ကို တာဝန် ပေး ထား တဲ့ စာပိုဒ် တစ်ပိုဒ် ပါတယ်။ ဘယ် အပိုဒ် လည်း တွေ့ ရင်ပြော။
    သဂျီးရေ
    ကျမ တို့ နိုင် ငံက ဗုဒ္ဓ ဘာသာဝင်တွေ ဆင်းရဲ ရခြင်း အကြောင်း က ဗုဒ္ဓ မြတ်စွာ ကို ကိုး ကွယ် နေပါရက် နဲ့ အများ စု ရဲ့ အပြု အမူ တွေကျတော့ ဘုရား ဟောတာနဲ့ ပြဒါး တစ်လမ်း သံ တစ်လမ်း ဖြစ်နေကြတယ်။ ဥပမာ အနည်း အကျဉ်း ပေးရင် ဘုရား ကိုယ်တိုင် စွန့် လွှတ် ခဲ့ ပြီးသား ရွှေ ၊ငွေ ၊ကျောက် သံ ပတ္တမြားတွေ ကို ဘုရား ကိုယ်စား အာရုံ ပြု ( ကိုး ကွယ် လို့ မသုံး ပါ) ရမဲ့ စေတီ ၊ ပုထိုး ၊ ဆင်း တု တွေ ကို အတင်း ကြီး ပြန် လှူ နေကြတယ်။ ဘုရား ဟော ကြား ခဲ့ တဲ့ အတိုင်း စိတ်ထဲမှာ နှလုံး သွင်း ပြီး လိုက်နာကျင့် ကြံ ကြရ မဲ့ အစား ဘယ်ဆင်းတု က ဘယ် လို တန် ခိုး ကြီး ဟဲ့ ဆိုရင် အလု အယက် ကိုး ကွယ် ကြဆိုတော့ အနှစ် ကို ပယ် ပြီး အကာ ကို ပဲ ယူ သလို ဖြစ် ကြတယ်။ ပြောရ မယ် ဆို ရင် တော့ အများ ကြီး ပါ။ တကယ်တော့ ဘုရား ဟော ခဲ့ တာတွေ ကို အတိ အကျ လိုက်နာ မယ် ဆိုရင် စိတ်ရော၊ လူ ရော ၊ ခု ဘဝ မှာ ရော၊ နောင်သံ သရာ တွက် ရော ပြည့် စုံ ချမ်း သာ စေ မှာ ပါ။
    ခိုင်ဇာရေ
    ပြော ချင် တာတွေ အများ ကြီး ဆိုတော့ စောင့် နေ မယ် နော်။
    ဦး ပါ
    အမြင်တွေ ကတော့ သေချာပေါက် ကို ကွဲ လွဲ နိုင် ပါ တယ်။ ဖေ့ဘွတ် ပေါ် မှာ ဆို သေချာပေါက် အဆဲ ခံ ရ မဲ့ ပိုစ့် ပါ။
    အရီး လတ်
    ဟုတ်တယ် အရီး လတ်ရေ စိတ်ဓါတ် ပြည့် ဝ ရင့်ကျတ် သူက တပန်း သာပါတယ်။
    ဒီတခေါက် ပြည် တော် ပြန် ခရီး ကတော့ နိုင် ငံ ရေး ကြောင့် ရော၊ ရာသီ ဥတု ပူ တာ ကြောင့် ရော အိမ် တွင်း အောင်း ခဲ့ ရပါကြောင်း။
    မအိရေ
    အညာသား တင် မက ဘူး တိုင်း ရင်း သား တွေ လည်း စည်း လုံး ကြ တာ ပဲ ။ ကျမ တို့ ဗမာတွေ က ပိုပြီး သွေး ကွဲ လွယ် သလား လို့ ။ နိုင်ငံရပ်ခြား မှာ ပို သိသာ သေး။ ဒီမှာ ရောက်ကာစ အလုပ် ဝင် ကာစ ကလေး မတွေ ဗမာ စီနီယာ တွေ ပညာ ပြ လို့ အလုပ်က ပြန် လာ ပြီ ဆို မျက်ရည် စက်လက်နဲ့။
    မွန်ကစ်
    အမ ကတော ကိုယ့် ပတ်ဝန်း ကျင် ၊ ကိုယ့် မျက်စိရှေ့ မှာ ခိုးလို့ ခုလု မြင်ရရင် စိတ် ထဲက စာစီနေပြီ။ လက်က ချ ရေး တာလည်း ရှိ ၊ မရေး ဖြစ် တာလည်း ရှိ ပေါ့လေ။ ဖတ်မယ့် သူ ရှိတော့ လည်း အား တတ် ရတာ ပေါ့ ။
    ပန်း စပယ် ရေ
    ကိုယ့် ကိုယ် ကို မရေး တတ် ဘူး လို့ ဘာကြောင့် ထင် ရတာလဲ။ ခု ကွန်မန့် ရေး ထား တာတောင် ကိုယ် ပြောချင်တာ ကို ရှင်း ခနဲ သဘော ပေါက်အောင် ရေး ထား တာ ပဲ။ညီမလည်း စာရေး ကောင်း ပါတယ်။ ညီမ ဖေဖေ ပြောတာ မှန်ပါတယ်။ တချို့ တွေ ဟာ ဆွေမျိုး သား ချင်း တွေ ထဲ က ကိုယ့် ထက် သာသွား မှာကို တစိမ်း တရံစာတွေ ထက်တောင် ပို စိုး ရိမ်သေးတယ်။ တချို့ ကျတော့ ဆွေမျိုး သား ချင်း ထဲက ဆင်း ရဲ တဲ့ သူတွေ ကို ဘာရယ် မဟုတ် မေ့ နေတတ်ကြတယ်။
    မိုဘိုင်း ရေ
    အမလည်း အဲဒီ အတွက် ရည် ရွယ် ပြီး ရေး ပါတယ်။

  • မိုချို

    May 22, 2013 at 10:49 am

    တိုက်တိုက်
    အန်တီ မိုချို ဆိုလို့ စိတ်ဆင်း ရဲ သွား ပါကြောင်း ၊ ခုမှ အသက် လေး ၂ဝ ကို ၁၅ နှစ် ကျော်ကျော် လေး စွန်း သေး တာ ကို ၊ အန်တီ ဆိုတော့လည်း တူလေး ရွှေတိုက် ပေါ့ ကွယ်။
    စိတ်ဓါတ် မကျ ပါနဲ့ ကွယ် တခါ တရံ မှာ ကိုယ့် အမျိုးတွေ ကကိုယ် စောင့် ရှောက် ဖို့ မလို အောင် ကို ပြည့် စုံ နေတတ် ကြတယ်။

    ကိုပေ
    ကောင်း သော ရည်ရွယ် ချက် နဲ့ ကောင်း သော လုပ်ဆောင် ချက်တွေ ပါ။ ပြော လို့ ပြော တာ မဟုတ်ဘူး ။ ကျမတို့ ဂဇတ် ရွာ က လူ တွေ က အပြော မဟုတ်ပဲ ၊အလုပ်နဲ့ သက်သေ ပြ ကြကြတဲ့ သူတွေ ချည်း ပဲ။

    အန် ကယ် ကြီး ရေ
    ဟုတ် ပါတယ် ၊ အမှန်တွေ ဆိုတော့ ခံရ နည်း နည်း ခက် ပေမယ့် နည်း နည်း လေး သတိတစ် ချက်ေလောက် ပြု မိရင် မဆိုး ဘူးပေါ့။

    ခရစ်စတယ်လင်းရေ
    တခါတလေ ဖေ့ ဘွတ် ဖတ်ရတာ အကုသိုယ် ဖြစ်၊ စိတ် ညစ်ညူး ရ လို့ ကွန့် မန့် တွေ မဖတ်တော့ ပဲ အကြောင်း အရာ ပဲ ဖတ် တော့ တယ်။

    ဦးကြောင်
    ဦးကြောင် ဖွင့် မယ့် ကမ်ပဏီ နာ မည်လား ဗျို့။

    • စိတ်မဆင်းရဲပါနဲ. အန်တီ…….အဲအဲ မမ မိုချို အသက်အရွယ်ထက် အရေးအသားလေးစားပြီး ခေါ်တာဖြစ်ကြောင်းပါ…
      ရွှေစိတ်တော် မညှိုးပါနဲ. တိတ်တော်မူပ မမ မိုချို…………..ရေးးးးးးးးးးးးးးးးးးး (ရွှေမန်းတင်မောင်အသံဖြင့်)
      :kwi: :kwi:

  • nay khin

    May 22, 2013 at 11:04 am

    အသေးစိတ်တင်ပြသွားတာကျေးဇူးတင်ပါတယ်.ရဟန်းဖြစ်စေလူဖြစ်စေ ပေးဝေလှူသင့်သည်လို့ ဘုးရားဟောတရားမှာရှိခဲ့ပါတယ်.အဲ့ဒါနဲ့ပြောင်းပြန် အကြောင်းအရာတစ်ခုရှိတယ် ဘာသာတူခြင်းကူညီဖို့နေနေသာသာ နှိပ်စက်တာရှိပါတယ် ယောက္ခမက ချွေးမကိုအိမ်လခတစ်ဝက်တောင်းမပေးနိုင်တော့အိမ်ပေါ်ကရိုတ်နက်မောင်းချ ချွေးမက အိမ်ထောင်သက်တစ်နှစ်ပေါင်းပြီး ဒီတိုင်းဆင်းပေးသွားတယ် ဖုန်းတစ်လုံးနဲ့ ပိုက်ဆံသုံးသိန်းပါသွားတယ် သိတော့ လိုက်တောင်းခိုင်းတယ် တစ်ဆွေလုံးတစ်မျိုးလုံး ကောက်ရိုးပုံစောင့်တဲ့ခွေးပါမကျန် လူကိုယ်တိုင်တောင်း၊ဖုန်းနဲ့တောင်း တောင်းတယ်။နောက်ဆုံးမပေးတော့ သားသမီးချင်းကိုယ်ချင်းမစာမနာ သူတို့ကိုးကွယ်တဲ့ ကျောင်းကဘုန်းကြီးကို ဖုန်းပြန်တောင်းခိုင်းတယ်။ ဘုန်းကြီးကလဲ ဆဲဆိုပြီးဖုန်းပြန်ပေးဖို့ပြောတယ် တိုင်မယ်တောမယ်ပြောသေးတယ်။ အိမ်ထောင်သက်တစ်နှစ်သာရှိခဲ့တယ် တစ်နှစ်ပြည့်လို့ရိုက်နက်မောင်းချဆင်းခိုင်းခဲ့တယ်။ စားစရာမရှိတော့သုံးစရာမရှိတော့ မူစလင်သူငယ်ချင်းမိန်းကလေးက ကူညီပေးခဲ့တယ်။ ဗမာတွေရှက်တတ်ဖို့သင့်ပါပြီ။ လူငယ်တွေချင်းစကားများတာကိုစေ့စပ်မပေးပဲ အတင်းမပေါင်းသင်းခိုင်း ကွာခိုင်းတဲ့ ယောက္ခမ က သီလရှင်ဒေါ်ဝိမလစာရီ (ကျွန်းလှမြို့၊စစ်ကိုင်းတိုင်းမှ)ဖြစ်ပါတယ်။ ဖုန်းပြန်ပေးဖို့အတင်းဆဲဆို တောင်းရမ်းတဲ့ ဘုန်းကြီးကတော့ ကျွန်းရွှေဝါကျောင်း၊ကျွန်းလှမြို့၊စစ်ကိုင်းတိုင်းမှဖြစ်ပါတယ်။ မှတ်ချက်(ကျောင်းထိုင်ဘုန်းကြီးမဟုတ်ပါ)။
    အလုပ်တွေရှုတ်နေလို့အသေးစိတ်ကိုရေးသားတင်ပြပါဦးမယ်။ မိမိဘာသာ၊မိမိလူမျိုး၊လူသားချင်းစာနာစိတ်ထားကြပါ၊ မိမိမြို့ရွာ၊ မိမိဆွေမျိုး၊ မိမိဂုတ်သိက္ခာထိန်းသိမ်းကြပါ၊ သူတစ်ပါးကိုနှိပ်စက်ချင်းဖြင့် အထက်တန်းကြတဲ့မျိုးရိုးဆိုပြီးဖော်မပြပါနဲ့၊အဲ့ဒါလူစိတ်မရှိတာ အောက်တန်းကျတာ ဘယ်လောက်ပိုက်ဆံရှိရှိ ကို့ကိုကို ယုတ်မာကြောင်းဖော်ပြနေတာ။ မသိတဲ့လူကတော့ ကျွန်းလှမြို့မှာ ချွေးမ မကောင်းတာ၊ ပြောကြမှာပေါ့။ အိမ်လခ တစ်နှစ်ငှါးပေးပြီး နောက်နှစ်ဆက်ငှါးဖို့ ချွေးမဆီက အိမ်လခ တစ်ဝက်တောင်းတာ ဘယ်သူမှ သိမှာမဟုတ်ဘူး၊ မပေးနိုင်လို့ ငါ့သားကိုမပေါင်းနဲ့ ကွာပေး ရိုက်နှက်မောင်းချတာ ဘယ်သူမှမသိဘူး။ ဘယ်သူမှမကူညီဘူး ကိုယ့်ဘာသာကို ပြန်ရှက်ကြပါ။ ဘာသာတူချင်း အားပေးကူညီကြပါ။

  • e tone

    May 22, 2013 at 11:52 am

    မင်္ဂလာပါ အစ်မ မိုချိုရေ …
    သတိ မမူ ၊ ဂူ မမြင် … မေ့လျော့နေခဲ့ မိတဲ့အကြောင်းရာတွေကို … အမှတ်ပြန်ရ ၊ နှိုးဆွပေးတဲ့ပို့စ်လေးမို့ …သဘောကျနှစ်သက်မိပါတယ် … ။
    ဒီလိုအကြောင်းရာတွေနဲ့ ပတ်သတ်ပြီး … ဘာသာ၊ လူမျိုး ဆိုတာမျိုးကြောင့်လို့ သိမ်းကြုံးပြောလို့ မရပေမယ့် …. စိတ်မကောင်းစရာကောင်းလောက်အောင် … ကိုယ့်လူမျိုးတွေကျမှ .. ဘာလို့ ….အခုလိုစိတ်တွေများနေကြတာပါလိမ့် … ။မြေနိမ့်ရာ လှံစိုက်ဆိုတဲ့ စကားပုံတိ်ု့ .. ရွှေမျိုးဆိုတဲ့ စကားတို့ ဖြစ်လာပုံကိုပဲ ကြည့်တော့ အစ်မရေ … ။
    ဘယ်သူဘယ်လို စိတ်ပဲ ရှိရှိ ၊ ကိုယ်တိုင်ရင့်ကျက်သူအဖြစ်ရော ၊ အထောက်ပံ့ကောင်းပေးနိုင်သူရောဖြစ်ဖို့ … ကိုယ်တိုင်ကစပြီး စိတ်ဓါတ်ကောင်းသူဖြစ်အောင် ကြိုးစားပါဦးမယ် အစ်မရေ .. ။

  • weiwei

    May 22, 2013 at 12:40 pm

    ိကိုယ်တွေ့အကြောင်းအရာလေးတစ်ခု ပြောပြချင်ပါတယ် ..
    ကျွန်မတို့မိသားစုအလုပ်မှာ အလုပ်သမားအနေနဲ့လာလုပ်ခဲ့တဲ့ မိသားစုတစ်စု ရှိခဲ့ဖူးတယ် … နှစ်ပေါင်း ၃ဝ နီးပါး ယောက်ျားလေးတွေက ကူလီထမ်း၊ ဈေးဝိုင်းရောင်းပြီး မိန်းကလေးတွေက အိမ်အလုပ်တွေကို ဝိုင်းကူရင်းနေခဲ့ကြတာပါ။ သူတို့တွေက မူဆလင်ကိုးကွယ်တဲ့ ကုလားလူမျိုးတွေ .. လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်မှာ သူတို့အားလုံး အလုပ်ထွက်သွားပြီး ကိုယ်ပိုင်အလုပ်လုပ်ကြတယ် … ဈေးထဲမှာ ပျံကျဈေးရောင်းတာကနေစလုပ်လိုက်ကြတာ အခု ကိုယ်ပိုင်ဈေးဆိုင်နဲ့ တိုက်နဲ့ကားနဲ့ မိန်းမတွေမှာ ရွှေတွေသီးလို့ … ကလေးတွေလဲ အိမ်ထောင်တွေကျပြီး ဆိုင်ကိုချဲ့လိုက်ကြတာ ဈေးဆိုင်ကြီးလဲ အကြီးကြီးဖြစ်နေပြီ … သူတို့ဘာဖြစ်လို့ အချိန်တိုတိုနဲ့ အောင်မြင်ကြလဲဆိုတော့ အရောင်းအဝယ်ပညာကျွမ်းကျင်ပြီး စိစိစပ်စပ် သုံးစွဲကြလို့ပဲ … မိသားစုစိတ်ဓါတ်ရှိပြီး ပင်ပန်းမှုဒါဏ်ကိုလဲ ခံနိုင်ကြပါတယ်။
    သူတို့တွေနဲ့အတူတူ မြန်မာတွေလဲအလုပ်သမားဝင်လုပ်ခဲ့ကြတာရှိပါတယ်။ သူတို့တွေကတော့ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားကြတာ (ပင်ပန်းလို့ အရက်သောက်၊ အရက်သောက်လို့ ကျန်းမာရေးထိခိုက်၊ ငယ်ငယ်နဲ့သေ) သားသမီးတွေလဲ ဒုက္ခရောက်ပြီး တကွဲတပြားစီနဲ့ ဘယ်ရောက်သွားကြမှန်းတောင် မသိတော့ပါဘူး ..

  • Mလုလင်

    May 22, 2013 at 12:51 pm

    ဒီလို ပိုစ့်တွေက အရေးအသား တော်တော်အရေးကြီးတယ် လို့ ထင်မိပါတယ်။ လိုတဲ့သူက လိုသလို ဆွဲခေါ်၊ ဆွဲမန့် ပြီး လိုသလို ဖွ လို့ ရလို့ပါ။ ရွာသူ၊သား အဟောင်းတွေကတော့ အဲ့လို အစွန်းလွတ်အောင် မန့် နိုင်တာကို ကြည့်ပြီး ကျိတ် ဂုဏ်ယူ ပါတယ်။ ကျုပ်က တော့ ဒီလို မြင်ပါတယ်။ ထမင်း ငတ်ဖူးတဲ့ သူသာ ထမင်း တန်ဖိုးသိပြီး နောက်ထပ်တစ်ခါ ထမင်း မငတ်အောင် ကြံဆောင်၊ အောင်မြင် နိုင်ကြတာ ဖြစ်ပါတယ်။ ဒုက္ခ တွေ နဲ့ ရင်းပြီးရလာတဲ့ ဘဝ အတွေ့အကြုံ ပေါ်မူတည်ပြီး နောက်ပိုင်း ဘဝ တွေ ဆိုတာဖြစ်လာကြတာပါ။ ပြောရရင် .. ကျုပ်တို့ လူမျိုးတွေ ထမင်း မငတ် ဖူး သေးဘူး လို့ ကြံဖန် ဂုဏ်ယူ လို့ ရပါတယ်။ :harr:
    ဘာသာခြားတိုင်းလဲ အလုံးစုံ ကောင်းတဲ့သူ၊ ဆိုးတဲ့သူ မရှိသလို . . မြန်မာပြည်သား တိုင်းလဲ အလုံးစုံ ကောင်းတဲ့သူ၊ ဆိုးတဲ့သူ မရှိပါဘူး . . . . ။

    လူတွေ အကုန်လုံးက တစ်မျိုးမဟုတ် တစ်မျိုး ရူးနေကြတာပါ။

    ပိုစ့် ပိုင်ရှင် ရဲ့ အကြောင်းအရာ ပုံဖော် နိုင်မှု နိုင်နင်း လို့သာ ဒီ ပိုစ့် က ဖတ်လို့ ရနေတာပါ။
    ဘုရားတွေ အများကြီးတည် တော့ဘာဖြစ်လဲ . . . ?????
    နောက် နှစ် ၁၀ဝ ကျော် ရင် . . ဒါတွေပြ ပြီး . . . . Tour တွေ ကို ဆွဲဆောင် လို့ ရတာ ပေါ့ . . . :harr:

    • မိုချို

      May 22, 2013 at 2:14 pm

      လုလင် ရေ
      အမလည်း ပြည့် ဝပြီး မျှမျှတတ တွေး တောနိုင်ကြ သူတွေ အများစု ရှိတဲ့ ရွာလေး မို့ ချရေး ရဲ တာပါ။
      ဘုရားတွေ အများကြီးတည် တော့ဘာဖြစ်လဲ . .။ ကောင်း ပါတယ်။ စိတ် စိတ်ညစ် ညူး ၊ ရှုပ်ထွေး နေရင် ဘုရား သွား လိုက် ၊ အနည်း ဆုံးတော့စိတ် အေး ချမ်း သွား တယ်။ အဲဒါကြောင့် ဗုဒ္ဓ ဘာသာဝင်တွေ အတွက် ဘုရားကျောင်း ကန် တွေ လို ကို လို အပ် တယ်။ ဒါပေမယ့် တန်ဖိုး ရှိ တဲ့ ရွှေ ၊ ငွေ ရတနာ တွေကို စေတီ အောက် မြေ ကြီး ထဲ တို့ ၊ စေတီ ထိပ် လေ ပေါ် တို့ မှာ ထား မယ့် အစား ဒီ ဘုရား ကျောင်း ကန် တွေ မှာ လာ ပြီး အာ ရုံ ပြု တဲ့ သူတွေ အတွက် လို အပ် တဲ့ facilities တွေ အဖြစ် ပြောင်း ပေး နိုင် ရင် ပို အကျိုး ရှိ မယ် လို့ ထင်မိတယ်။ ဒါပေမယ့် ဆင်း တုတော် တွေကို ရတနာတွေ စီခြယ်၊ စလွယ်တွေ တပ် ပေး ထား တာကို ဘုရား သာ အသက် ထင် ရှား ရှိ လို့ တွေ့ ရင် ဘယ် လို မိန့် မလဲ သိချင်သား။

  • မိုချို

    May 22, 2013 at 3:04 pm

    နေခင်ရေ
    မိသားစု ပြသနာလေးတွေ ကတော့ ဘယ် ဘာသာ၊ လူမျိူး မှာ မဆို ရှိတတ် ကြပါတယ်။ ကျေးလတ် က လူတွေ တချို့ က ပြသနာဖြစ်ရင် သူတို့ လေး စား ကြည် ညို ပြီး သား သူတွေ ကို တိုင်ပင် အကူ အညီ တောင်း ကြတယ်။ အဲတော့ အတိုင်ပင် ခံ အချို့ က ဘုန်း ကြီး တွေ ဖြစ်နေ တတ်တယ်၊ ဒီတော့ ဘုန်း ကြီး တွေ လည်း လူ တို့ ကိစ္စ ဝင်ပါနေရ တာပေါ့။
    ကျမ ပိုစ့် အစ မှာ ပါတဲ့ အိမ် ကို ဝယ် တုန်း က အိမ်ရှင် မိန်း မကြီး က သူတို့ ရဟန်း ခံ ပေး ထား တဲ့ ဘုန်း ကြီး ကို အရောင်း အဝယ် စကား ပြောတဲ့ အချိန် ရော၊ စာချုပ်ချုပ် တော့ ရော တောက်လျှောက် ခေါ် လာ တာ။ ကျမ တို့ မှာ အိမ် ရှင် အစား ဘုန်း ကြီး နဲ့ ပဲ အရောင်း အဝယ် လုပ် လိုက် ရ တဲ့ သဘော ပဲ။

    တုံတုံ
    မင်္ဂလာပါ။
    အဆွေ အမျိုးတွေ ကို ထောက်ပံ ချီး မြှင့် တာ ဟာ ဘုရား ဟော ခဲ့ တဲ့ မင်္ဂလာတစ်ပါး ပါ ပဲ။ ဆွေ မျိုး သား ချင်း ပဲဖြစ်ဖြစ် ၊ မိတ်ဆွေ အပေါင်း သင်း ပဲ ဖြစ်ဖြစ် အတူတူ ဆင်း ရဲကြရင်တော့ ငပိ တစ်ခွက်အပြန် အလှန် ပေး ဖို့ ဝန် မလေး ကြ ပေမယ့် တစ် ဦး တစ် ယောက် က ချမ်း သာ သွား ရင် တော့ လက်တွဲ ခေါ် ယူ ဖို့ ဝန်လေး တတ် ကြတယ်။ ဟင်း စားလေး ပေး ပြီး ကျေး ဇူး အတင် ခံ ချင် ကြ ပေမယ့် ကွန ်ချက်တော့မပြ ချင် ကြဘူး။
    ကိုယ် တွေ လည်း ကွန် ချက် ပြ နီုင် တဲ့ အထိ ရင့် ကျက် ဖို့ ကြိုး စား ရ အုံး မယ်။ လောလော ဆယ်တော့ ပြ စရာ ကွန် ချက် ကို ရှိသေး ဘူး။

    မမဝေ

    သူတို့ ဘာသာ တရား တွေ က တင်း ကြပ် တဲ့ စည်း မျည်း တွေ နဲ့ ငယ် ကတည်း က ရိုက် သွင်း ထား တဲ့ အတွက် စိတ် ဓါတ် တွေက တစ်သား ထဲ ဖြစ် နေကြတယ်။ ကျမ တို့ ဘာသာ တရား က ယုံ ကြည် မှု သဒ္ဒါ ကို အခြေ ခံ တဲ့ အတွက် ခံ ယူ ချက်တွေ က တစ်ယောက်နဲ့ တစ်ယောက် မတူ ပဲ တချို့ တွေ ဆို စိတ်ဓါတ် ရော၊ အပြု အမူ ရော တော် တော် လေး လွဲ မှား နေကြတယ်။
    ကျ မ ပိုစ့် မှာ အရမ်း ဇာတ် နာ မှာ စိုး လို့ ချန် ခဲ့ တာ ရှိ တယ်။ ထုံး စံ အတိုင်း ပေါ့ ဗမာ မိန်း မ က ၂ လုံး ၊၃ လုံး သံ သရာ မှာ လည် နေတာ ။ ပွဲ တစ်ခု ဖြစ်ရင် ကြွေး ရှင် တွေ က ပွဲ ဖြစ်တဲ့ နေရာ ကို လာ စာင့်ပြီး သိမ်း တာ။

  • ဦးဦးပါလေရာ

    May 22, 2013 at 3:52 pm

    ဦး ပါ
    အမြင်တွေ ကတော့ သေချာပေါက် ကို ကွဲ လွဲ နိုင် ပါ တယ်။ ဖေ့ဘွတ် ပေါ် မှာ ဆို သေချာပေါက် အဆဲ ခံ ရ မဲ့ ပိုစ့် ပါ။

    ဒါဟာ အဆဲခံရမယ့်ပိုစ့်တော့ မဟုတ်ဘူး….
    ကိုယ့်အမျိုး (လူမျိုုး၊နိုင်ငံသား) ကိုယ် ဘယ်လိုစောင့်ရှောက်ရမယ် ဘယ်လိုစောင့်ရှောက်နိုင်တယ် ဆိုတာတွေကို ရှု့ဒေါင့်ပေါင်းစုံကဆွေးနွေးရင်း
    နည်းလမ်းပေါင်းစုံထွက်လာရမယ့်ပိုစ့် ဖြစ်ပါတယ်။

    =========
    ကျုပ်တော့ ဥပမာလေးတစ်ခု ပြ ပြီး ဆွေးနွေးချင်တာပါပဲ..
    တရုတ်လူမျိုးအများစုဟာ အခြားနိုင်ငံတွေမှာ ရောက်နေရင် တရုတ်လူမျိုးချင်း ခင်မင် သံယောဇဉ်ရှိ ကူညီ စောင့်ရှောက် အနစ်နာခံ ကြတယ်။ စည်းလုံးကြတာများတယ်။ အဲဒါကြောင့် တရုတ်လူုမျိုးတွေရဲ့ စရိုက်က အဲသလိုပဲ လို့ထင်ရင်တော့ မှားလေစွ ပါဗျာ..။
    တရုတ်ပြည်ထဲမှာကျတော့ သူတို့လူမျိုးချင်း စောင့်လဲ မစောင့်ရှောက်၊ ကူလဲသိပ်မကူညီ၊ ညှာလဲ မညှာတာပါဘူး…။ ယူလိုရရင် အသားပါလှီးယူမယ် ဆိုတာမျိုးတွေ အလွန်များပါတယ်။ ဆိုလိုတာက အခြား ရိုးရိုး လူ တွေလိုပါပဲ…။
    ဒါပေမယ့်…
    ဒါပေမယ့်………
    တရုတ်လူမျိုးအများစုဟာ –
    ဝီရိယရှိတဲ့နေရာမှာ၊ လက်တွေ့ကျတဲ့နေရာမှာ၊ အောင်မြင်ဖြစ်မြောက်ချင်စိတ်ရှိတဲ့နေရာမှာ၊ ကိုယ့်အကျိုးကိုယ်စောင့်ရှောက်တဲ့နေရာမှာ…..
    အဲဒါတွေမှာတော့ သူတို့ ပြည်တွင်းမှာရော အခြားနိုင်ငံများမှာပါ အတူတူလောက်ပါပဲ…..
    ပြောချင်တာက သူတို့ရဲ့ ကောင်းတဲ့အလေ့စရိုက်တွေက သူတို့ကိုစောင့်ရှောက်ပါတယ်။

    မိုချိုက ကုလားကို ဥပမာပေးလို့ ကျုပ်က တရုတ်ကို ပြန်ဥပမာပေးတာပါ…။

    ကျုပ်တို့ မြန်မာများမှာက သူတို့တွေလို ကောင်းတဲ့အလေ့စရိုက် နည်းပါးသေးတယ်။
    အဲသည် လူမျိုးစရိုက်ကို ဘယ်လောက်ပြင်နိုင်မလဲ… ပြင်နိုင်သလောက်ကောင်းလာလိမ့်မယ်လို့ထင်တာပါပဲ…..

    ရေတိုမှာတော့ အစာလိုသူကို အစာ၊ အဝတ်လိုသူကို အဝတ် စသည် ပေးကမ်းကူညီရမှာပဲဖြစ်ပေမယ့် ၊
    (ကျုပ်လဲ လက်တွေ့အားဖြင့် တတ်စွမ်းသမျှ ကူညီနေပါတယ်)
    အဲဒါမျိုးတွေဟာ ရေရှည်လာရင် ပြဿနာရဲ့ရင်းမြစ်ကို မရှင်းလင်းနိုင်တဲ့အပြင် ပိုဆိုးစေပါတယ်…။
    ဥပမာ
    (အဆဲခံရတော့မည်- ဒန်တန့်တန်…….)
    ပြီးခဲ့တဲ့နာဂစ်တုန်းကဆိုရင် ကျုပ်တို့လူမျိုးတွေ တော်တော်သေပါတယ်…
    မသေပဲ ကျန်ခဲ့သူတွေထဲက အချို့မှာလဲ တော်တော်နိမ့်ပါးသွားပါတယ်။ ဘဝရော စိတ်ဓါတ်စိတ်ထားရော ဆိုပါတော့….။
    ခြောက်လလောက် ကူညီခံရပြီးချိန်မှာ သူများမကူညီရင် ဘာမှမလုပ်တတ်(ချင်)တော့တာတွေ လက်တွေ့အားဖြင့် ကိုယ့်ဝန်ထမ်းထဲအထိ တွေ့ဖူးပါတယ်။

    ဒုတိယကမ္ဘာစစ်ကြီးဟာ အနောက်နိုင်ငံများကိုရော အရှေ့နိုင်ငံများကို ပါ တစ်စစီ ချေ မွှ ဖျက်ဆီးခဲ့တယ်။
    စစ်ပြီးတော်တော်ကြာတော့ ပြင်သစ်တွေ၊ အင်္ဂလိပ်တွေ ကတော့ ပိုစမတ်ကျသွားပြီး တိုင်းပြည်ရော လူမျိုးရော ထိုးတက်သွားတယ်။
    ကျုပ်တို့မြန်မာတွေကတော့ ……..

    အဲဒါတွေ ခပ်ဝါးဝါးပဲ ထားခဲ့ပြီး လိုရင်းကို
    ကျုပ်တို့ ကိုယ့်လူမျိုး(နိုင်ငံသား)ချင်း ကူညီရာမှာ
    သူ့ဘဝသူ သူ့အခြေအနေသူ ထိန်းကျောင်း မြှင့်တင်နိုင်အောင်၊ ထိန်းကျောင်းမြှင့်တင်နိုင်မယ့်နေရာတွေမှာသာ ၊ အလုပ်ဖြစ်လောက်သည်အထိ ကူညီကြသင့်ပြီး၊ အဲသလိုကူညီခြင်းမျိုးက ကိုယ့်အမျိုးကိုယ် အကောင်းဆုံးစောင့်ရှောက်ရာရောက်ပါကြောင်း…..။

  • kai

    May 22, 2013 at 4:25 pm

    ပြီးခဲ့တဲ့လရဲ့.. အယ်ဒီတာ့အာဘော်မှာတော့.. အဲဒီ..
    အမျိုး၊ဘာသာ၊သာသနာ ဆိုတာကို.. စွဲထားတာကိုက..အထွေထွေ ပြဿနာတွေမွေးထုတ်ပေးနေခြင်းဖြစ်တယ်လို့… သဘောထားရေးခဲ့တယ်..

    http://myanmargazette.net/172242

    မြန်မာပြည်ကဲ့သို့ လူမျိုး ဘာသာ သာသနာမျိုးစုံရောယှက်နေသူတို့တိုင်းပြည်တွင် အမျိုးဘာသာသာသနာဟူသည် လားလိုရာဆွဲယူခြင်းဖြင့်အစွန်းရောက်စိတ်တို့ကိုသာ ဖြစ်တည်မွေးဖွားစေ
    သည်ခံစားမိသည်။

  • lele kyi

    May 23, 2013 at 11:06 pm

    Chinese Garden ရောက်တော့ အစ်မ တို့သားအမိကိုများတွေ ့မိမလားလို့ရှာမိသေးတယ်။အစ်မတို့ကအိမ်ပြန်နေတာကိုး။ ကျမစိတ်ကူးယဉ်မိတာကတော့ အရီးလတ်ဘာသာပြန်ထားတဲ့ဒီမိုကရေစီဖတ်စာအုပ်ကိုစာသင်ကျောင်းတွေမှာသင် သင့်တယ်လို့ယူဆမိတယ်။ နတ်သမီး ပုံပြင်ဆန်တဲ့ နည်းနည်းရိုးသားပြ။ ကူညီပြ ပြီး အများကြီး ပြန်ရတဲ့ ပုံပြင်တွေက သိပ်လက်တွေ့မဆန်ဘူးလို့ထင်ပါတယ်။ သူကြီးအမြဲပြောတဲ့စနစ်ကို လည်း သံသယဝင်မိတယ်။

  • KZ

    May 24, 2013 at 9:14 am

    ဂလိုပါ အမမိုချိုရေ။
    ကျနော်မြင်သလောက်တော့ လူ အများစုက အမျိုးဘာသာ၊သာသနာကို ထိန်းချင်တဲ့ စိတ် အနည်းအများတော့ ရှိကြမှာပါ။
    – ဘယ်လိုထိန်းရမလည်း ဆိုတဲ့ နည်းမှန်၊ လမ်းမှန်လေး မသိတာရယ်၊
    – မှန်ကန်တဲ့ လမ်းစဉ်လေး ချမှတ်ပေးမဲ့ ခေါင်းဆောင်ကောင်းမျိုး မရှိခဲ့တာလေးရယ်၊
    – ငါ့ ဘာသာ၊ ငါ့လူမျိုးမှ အကောင်းဆုံးဆိုတဲ့ ငါ တကော ကောတတ်တဲ့ စိတ်လေးတွေရယ်၊
    – အကျိုးအကြောင်းမတွေးတောမဆင်ခြင်ပဲ အရင် အပြစ် တင်ချင်တဲ့ ပါးစပ်လေးတွေရယ်၊
    – အကြံကောင်းတော့မပေးနိုင်ပဲ အရမ်းကာရော ဝေဖန်ချင်တဲ့ အပြောလေးတွေရယ်က လွဲနေကြတာလို့ ထင်ပါတယ်။

    ကျနော် အရင်က ရုပ်ရှင်ကြည့်ရင်း တွေးဖူးတာတစ်ခုရှိတယ်။
    ဥပမာဗျာ၊
    “နင် ငါ သဘောမတူတဲ့ လူနဲ့ ယူရင် အမွေပြတ်/သေခန်းပြတ် ပဲ” တို့
    “ငါ့ အမျိုးထဲ လင်ကွာ မယားကွာမရှိဘူး၊ ယောက်ကျားနဲ့ အဆင်မပြေရင် ကို အိမ်ပေါ် ပြန်တက်မလာနဲ့” ဆိုတာမျိုး၊
    “ငါ့တို့ မျက်နှာ အိုးမဲသုတ်တဲ့ အကောင်၊ နင့်မျက်နှာမကြည့်ချင်ဘူး၊ ခု အိမ်ပေါ်က ဆင်းသွား” ဆိုတာတွေ။

    စသည်ဖြင့် မြန်မာကားတွေမှာ အရမ်းပါတတ်ပါတယ်။ :mrgreen:
    စဉ်းစားကြည့်မိတယ်။ သား/သမီး ဆိုး (ဆိုးတယ်ပဲထားပါတော့) မျိုးကို တောင် ပဲ့ပြင်မယ်လို့ အနုနည်းနဲ့ မတွေးတောပဲ စွန့်လွှတ်ဖို့ စဉ်းစားတတ်တဲ့ စိတ်မျိုးတွေနဲ့ အမျိုး/ဘာသာ/သာသနာ နဲ့ ချီလာရင်ရော ဒီလိုပဲ အကျင့်ပါပြီး
    ဆုံးဖြတ်ကြတော့မှာလား။ 🙄
    “နင် ဘာသာခြားနဲ့ ယူလို့ နင့် ကို စွန့်လွှတ်လိုက်ပြီ” ဆိုတာမျိုး ဆိုရင်ရော၊ အဲ ဒါ မှန်ကန်တဲ့ ဆုံးဖြတ်ချက်လား။ 🙄
    “ဟယ်၊ ဒီ ကောင်မ၊ ဟို ဘာသားခြားနဲ့ တွဲနေပါလား၊ နင် က ဘာကြိုက်လို့လား၊ ညာကြိုက်လို့လား” ပြောတတ်တဲ့ ကျုပ်တို့ ဘာသာက ယောက်ကျားကောင်းကြီးတွေကြောင့်ရော ရိုးရိုးတွဲနေရာကနေ သူများ နောက် ပါသွားတာ ဘယ်လောက်ရှိနေပြီတုန်း။ 🙄
    အိမ်ပြန်ရင် အဖေ/အမေက ရိုက်မှာပဲ ဆိုတဲ့ အတွေးနဲ့ ကြောက်ပြီး ကိုယ့်အိမ်ကို လုံခြုံရာလို့မထင်တဲ့ စိတ်နဲ့ သူများနောက်လိုက်တတ်တာမျိုးရော ဘယ် အချိန်ထိ ရှိနေဦးမလဲ။ 🙄

    ဒီလို ပြောလို့ လွတ်လပ်ခွင့်ပေးလိုက်ပါပြီဆိုပြီး တလွဲ တွေ လုပ်တတ်တဲ့ လူမျိုးမို့လို့လည်း စကားတွေ အရမ်းကာရော မပြောရဲပါဘူး အမရယ်။ :mrgreen:

    လွတ်လပ်ခွင့် နဲ့အတူ တွေးခေါ် စဉ်းစားတတ်တဲ့ ရင့်ကျက်မှုလေးလည်း တွဲပါစေချင်ပါရဲ့။

    ခုဟာတွေက အနှစ်မရှိသေးခင် အလွှတ်ခံလိုက်ရတဲ့ ဘဝလေးတွေ ဖြစ်နေတယ်။

    ဟီး။ ဆိုင်လားမဆိုင်လားမသိ။ ရင်ဖွင့်သွားတယ်လို့ မှတ်ပါ အမရယ်။
    :mrgreen:

  • kyaw hteik

    May 26, 2013 at 7:31 pm

    အလွန်​​ကောင်​း​သောပို့ပါ။ဗုဒ္ဓဘာသာဝင်​တိုင်​း မမိုချိုလို အ​တွေးအမြင်​ရှိရင်​
    မြန်​မာပြည်​ဒီထက်​အမြန်​ဖွံ့ဖြိုးတိုးတက်​ မှာအမှန်​ပါ။ ​အောက်​က comment များကလည်​း​ကောင်​း
    ကြပါတယ်​။မမိုချို​ရေ ကျ​နော်​ကို facebook မှာ share လုပ်​ခွင်​့ပြုပါခင်​ဗျာ။

  • padonmar

    May 27, 2013 at 12:46 am

    မိုချိုရေ
    မြန်မာပြည်ပြန်ရောက်တာ လက်မတို့ဘူးနော်။

    ကိုယ့်လူမျိုး ကိုယ့်ဘာသာ တွက်သာမက ဘယ်လူမျိုး ဘယ်ဘာသာ တွက်မဆို စာနာထောက်ထားတတ်တဲ့ စရိုက်မျိုးမွေးချင်လာအောင် ပြုပြင်ပြောင်းလဲကြဖို့ လိုပြီလို့ ထင်ပါတယ်။

    တစ်ခါတစ်လေတော့ ဝေးဝေးကလူတွေကို အပြစ်အနာ မမြင်တဲ့အတွက်ကြောင့် စေတနာလွတ်လွတ်ထားနိုင်ကြပေမယ့်
    နီးနီးက အဆွေအမျိုးတွေကျတော့ သူတို့ပျင်းတာ သူတို့ အသုံးမကျတာတွေ အရင်းတိုင်းသိနေတဲ့အတွက် စေတနာလွတ်လွတ်မထားနိုင်ကြတာလည်းပါမယ်။
    အမှန်တော့ ဝိသာခါကို သူ့အဖေက မှာလိုက်တဲ့ စကားထဲမှာ မပေးသောသူကိုမပေးရ ၊ပေးသောသူကိုပေးရမယ်ဆိုတာ တစိမ်းတွေတွက်။
    မပေးသောသူကိုလည်း ပေးရမယ်၊ပေးသောသူကိုလည်းပေးရမယ်ဆိုတာ ဆွေမျိုးတွေတွက် ဆိုကတည်းက နွမ်းပါးတဲ့ ဆွေမျိုးတွေကို ထောက်ပံ့ပေးကမ်းခြင်းပြုကိုပြုသင့်ပါတယ်။

Leave a Reply