၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ဥပဒေကို မထိနဲ့။ မီးပွင့်သွားမယ်။

True FaithJuly 28, 20101min692

ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာပြည်က စာပေကင်ပေတိုင်လို့ နာမည်ပြောင်နဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ကြေငြာချက်တစောင် ထွက်ပေါ်လာပါတယ်။

အဲဒီကြေငြာချက်မှာ ဘာတွေပါသလဲဆိုတော့ ”ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး” ညွှန်ကြားချက်တွင် မှားယွင်းဖော်ပြပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်”လို့ ရေးထားပါတယ်။

နောက်ပြီးတော့ ”ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း စာမူဆောင်းပါး၊ သတင်းများ ကောက်နုတ်ဖော်ပြရာတွင် အထူးအလေးထား စိစစ်တည်းဖြတ်ဆောင်ရွက်ရန် သက်ဆိုင်ရာဂျာနယ် ထုတ်ဝေသူ၊ စာတည်းအဖွဲ့များအနေဖြင့် တာဝန်ရှိပါသည်” လို့ ပါရှိပါသေးတယ်။

အဲဒါတော့ သူတို့ပြောမှလားဗျာ။ အယ်ဒီတာဆိုတာ တည်းဖြတ်ဖို့က သူ့အလုပ်ဆိုတာ ကောင်းကောင်း သိတာပေါ့။ ဒီလိုထည့်ရေးတာက ချိမ်းခြောက် ကြိမ်းမောင်းခြင်း တမျိုးပါပဲ။

မဇ္ဈိမ သတင်းမှာ ဖော်ပြထားချက်အရတော့ မှားဖော်ပြမိလို့ ဂျာနယ်ပိတ်ခံရရင်လည်း စာပေစိစစ်ရေးက ပိတ်ခိုင်းတဲ့ ပုံစံမျိုးမဖြစ်အောင် ကိုယ့်ဘာသာ ကိုယ့်ဆန္ဒသဘောအရ ဂျာနယ်တိုက်ကို ပိတ်လိုက်ပါတယ်လို့ ထုတ်ပြန်ရမယ်တဲ့ဗျ။ ဒါကတော့ ထုတ်ပြန်ချက်ထဲမှာ မပါဘူး။ ညွှန်မှူးက နှုတ်တော်နဲ့ မိန့်ကြားထုတ်ပြန်လိုက်တာလို့ ဆိုတယ်။

Yangon Media Group က ထုတ်ဝေနေတဲ့ Flower News ဂျာနယ်က အပတ်စဉ် ထည့်နေတဲ့ ဥပဒေရေးရာ သိမှတ်ဖွယ် ကဏ္ဍကိုလည်း တရားရုံးချုပ်က ကန့်ကွက်လို့ ဖြုတ်လိုက်ရပြီတဲ့ ခင်ဗျ။

ဒီလထဲမှာပဲ The Voice ဂျာနယ် အတွဲ ၆၊ အမှတ် ၃၄ မှာ ဆောင်းပါးရှင် အောင်ထွဋ် (ဒေါက်တာ နေဝင်းမောင်) ရေးထားတဲ့ “Concept နှင့် Process”ဆိုတဲ့ နိုင်ငံရေးဆောင်းပါးကြောင့် ဂျာနယ် ၂ ပတ် ပိတ်ခံခဲ့ရပြီးပါပြီ။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ဝေဖန်တဲ့အတွက် တရားရုံးချုပ်က ကန့်ကွက်လို့ ပိတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးဆောင်းပါေးကြာင့် ၂ ပတ် ပိတ်ခံခဲ့ရသည့် ပြည်တွင်း အပတ်စဉ်ထုတ် The Voice ဂျာနယ်

ဘာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ဥပဒေကို ဆတ်ဆတ်ထိမခံ ဖြစ်နေတာလဲလို့ စဉ်းစားကြည့်တော့ ကျနော့်အထင် ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ ဒေသန္တရလွှတ်တော် စတဲ့ လွှတ်တော် ၃ ရပ်မှာ စစ်တပ်က အလကားမတ်တင်း ပိုက်ဆံ တပြားမှမကုန်ပဲ၊ ဝင်ပြိုင်စရာ မလိုဘဲ နေရာဝင်ယူလာမယ့် တပ်မတော်သား ကို်ယ်စားလှယ်တွေ ၂၅ ရာခိုင်နှုန်းစီ ပါနေတာကို ပြည်တွင်းဂျာနယ်တွေမှာ ထပ်ခါတလဲလဲ ဖော်ပြနေတာကို တွေ့မိပါတယ်။

ဖော်ပြတယ်ဆိုတာကလည်း ဝေဖန်တာတော့မဟုတ်ပါ။ သင်မဲပေးရမယ့်လူတွေဟာ ကျန် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းဖြစ်တယ် စသဖြင့် မြေပုံလေးတွေနဲ့ ပြည်သူသိအောင် ရှင်းပြပြိး မဲထည့်မယ်ဆိုရင် သေချာသိအောင်၊ မဲလည်းထည့်ချင်အောင်၊ တနည်းအားဖြင့် ရွေးကောက်ပွဲ အောင်မြင်ရေးကို ကြော်ငြာပေးနေတာပါ။

သို့သော်ငြားလည်း စစ်တပ်က ၂၅ ရာခိုင်နှုန်းပါတယ်ဆိုတာကို ထပ်ခါတလဲလဲ ပြောဖန်များလာတော့ သူတို့နားထဲ သံရည်ပူလောင်းထည့်နေသလို၊ ဖင်ကြားထဲ ပုရွက်ဆိပ်ဝင်သလို ရွစိရွစိ မခံချိ၊ မခံသာ ဖြစ်စေပုံရပါတယ်။

ဒါတွေပြောပြရင်း ပြည်သူတွေက နောက်ဆက်တွဲကို ဆက်လက်မေးမြန်း၊ ဝေဖန်စဉ်းစား သုံးသပ်ကြတဲ့အခါ ဘာမှလည်း ပင်ပန်းစရာမလိုဘဲ ပါလီမန်ထဲ ၂၅ ရာခိုင်နှုန်း ဝင်ထိုင်နေတာကို ပြည်သူတွေ နားလည်မှာကို မလိုလားတဲ့အတွက် ဖြစ်နိုင်ပါတယ်။ ဒါဟာ ခုလို တင်းကြပ်တာဆီးရခြင်းရဲ့ အကြောင်းရင်းတရပ် ဖြစ်နိုင်တယ်လို့ ထင်မိပါတယ်။

ပြည်တွင်းမှာ ပါတီထောင်ထားတဲ့ မတူကွဲပြား၊ ငြိမ်းချမ်းရေးပါတီက ခေါင်းဆောင် တယောက်ကလည်း အွန်လိုင်းမှာ မကြာသေးခင်က တွေ့တော့ သူ့ရဲ့ အင်တာဗျူးတွေကို စိစစ်ရေးက အပုဒ်လိုက် ဖြုတ်ပစ်လို့ စိတ်ပျက်ရတဲ့အေကြာင်းကို မချိမဆန့် ညည်းပြပါတယ်။

ခုလို အဖြတ်အတောက်၊ အပိတ်၊ အသိမ်းတွေကြမ်းပြီး ဘီလူးဆိုင်းသံတွေ ထွက်လာတာဟာ စာပေစိစစ်ရေးကိုရေတပ်က ဒု ဗိုလ်မှူးကြီး မျိုးမြင့်မောင်ဆိုတဲ့ ပုဂ္ဂိုလ်အကောင်းစားကြီး ရောက်လာခဲ့ပြီးမှ ဖြစ်လာတာတွေပါ။ သူက မေလတုန်းက တွဲဖက် ညွှန်မှူးရာထူးနဲ့ ရောက်လာသူပါ။

ကြုံလို့ ပြောရဦးမယ်။ အဲဒီမေလမှာပဲ မဇ္ဈိမသတင်းဌာနက လက်ရှိညွန်မှူး ဗိုလ်မှူးတင့်ဆွေ ရာထူးတိုးမယ်။ ဌာန ပြောင်းရွေ့မယ်။ မျိုးမြင့်မောင်က သူ့နေရာဝင်မယ်လို့ သတင်းထုတ်တာကို ပြည်တွင်းက The Voice က ဗိုလ်မှူးတင့်ဆွေ ရာထူးတိုးမယ်ဆိုတာ မဟုတ်မှန်ဆိုပြီး သတင်းပြောင်းပြန်ထုတ်ခဲ့တာကို မှတ်မိပါသေးတယ်။ ခုတော့ မျိုးမြင့်မောင် လက်စွမ်းပြလို့ The Voice လည်း အသံမထွက်နိုင်တာ ဒီတခေါက်နဲ့ဆို ၃ ပတ်ရှိသွားပြီ။

ခုလိုပုံနဲ့တော့ သတင်းထောက်တွေ၊ သတင်းစာဆရာတွေနဲ့ နိုင်ငံရေး ဝေဖန် သုံးသပ်သူတွေကတော့ နိုင်ငံရေးသတင်း၊ ဆောင်းပါး၊ အကြောင်းအရာ ရေးတော့မယ်ဆိုရင် အရင်ကထက် ပိုပြီးလက်တွန့်လာကြမှာ အသေအချာပါပဲ။

၁ဝ တန်း အောင်စာရင်း ကြည့်မယ်ဆိုရင်တောင် ကိုယ်ကောင်းကောင်းဖြေခဲ့နိုင်ရင် အောင်မယ်ဆိုတာ မှန်းလို့ရပေမယ့် စိစစ်ရေးကို တင်ထားတဲ့ စာမူတပုဒ်က ဖြုတ်မဖြုတ် ဘယ်သူမှ ကံသေကံမ မခန့်မှန်းနိုင်တဲ့ အခြေအနေပါ။

အဲတော့ စိစစ်ရေးက စာစစ်မှူးကနေ ညွန်မှူးအထိ အဆင့်ဆင့် ဖြတ်တောက်ပြီးမှ ထုတ်ဝေလာတဲ့ ဂျာနယ်မှာပဲ တရားရုံးချုပ်က မကြိုက်တာတွေ့ရင် ကန့်ကွက်ဖြုတ်ပယ်ဖို့ ထပ်လုပ်တယ်ဆိုတော့ ကျနော်က “၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ဥပဒေကို မထိနဲ့။ မီးပွင့်သွားမယ်”လို့ ခေါင်းစဉ်တပ်လိုက်တာ လွန်မယ်မထင်ပါဘူးနော့်။

2 comments

  • cobra

    July 28, 2010 at 9:30 am

    ခွေးမသားတွေလုပ်ချင်တိုင်းလုပ်နေကြတယ်…..မင်းတို့ခေတ်ကောင်းတုံးလုပ်ကြပေါ့ကွာ……။

  • phantom

    July 29, 2010 at 4:12 am

    ဘယ်လက်ကနေ ညာလက်ပြောင်းကိုင်တာများ ကြီးကြီးကျယ်ကျယ် ဖွဲ့စည်းပုံတွေဘာတွေနဲ့ ဒီတိုင်းလဲတူတူပါပဲကွာ

Leave a Reply