အောက်ခြေကနေ တက်လာပြီးအောင်မြင်မှုရရှိနေတဲ့ Feel စားသောက်ဆိုင်များပိုင်ရှင် ဦးစိုးညီညီ နှင့်တွေ့ဆုံခြင်း

အာဂJune 3, 20131min49329


ဘဝကို အောက်ခြေအဆင့်ကနေတက်ရောက်လာပြီး
အလုပ်မျိုးစုံဖြစ်တဲ့ ကားအချိန်ပိုင်းဆွဲခြင်း၊
အလှမွေးငါးရောင်းခြင်း၊ပန်းရောင်းခြင်း၊
ရေခဲထုပ်ရောင်းခြင်းစတဲ့ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ပြီး။
မွေးရာဗီဇ ါသနာဖြစ်တဲ့အချက်အပြုတ်ကိုအခြေခံပြီး
စားသောက်ဆိုင်လုပ်ငန်းပေါင်းများစွာ
အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သူ။
တစ်နေ့ကို သူတစ်ပါးအကျိုးစီးပွားအတွက် ၅ကြိမ်လောက်ပေးကမ်းလှူတမ်းပြီးမှ စိတ်ကျေနပ်တက်သူ။
ကိုယ့်စီးပွားရေးထက် စားသုံးသူအကျိုးစီးပွားကို
ရှေ့တန်းတင်ဦးစားပေးတက်သူ . . . ။
သူက အခြားမဟုတ်ပါဘူး။
Feel Group ပိုင်ရှင် ဦးစိုးညီညီပဲဖြစ်ပါတယ်။
ဦးစိုးညီညီရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ဒေသနဲ့ အစားအသောက်အကြောင်းကို စာဖတ်သူများ
လေ့လာအတုယူနိုင်အောင်လို့ အခုလို မေးမြန်းခဲ့ပါတယ်

အာဂ

• အစ်ကို့ရဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါဦး။
•• အစ်ကို့အဖေက ဂျပန်တော်လှန်ရေးကာလကဒုဗိုလ်မှူးကြီးပါ။ အမေကတော့ကျောင်းဆရာမပါ။
ကျွန်တော့်မှာ ညီအစ်ကို၊ မောင်နှမ ၆ယောက်ရှိပါတယ်။ယောက်ျားလေးချည်းပဲ ၅ယောက်ပါ။ အငယ်ဆုံးက
တော့ မိန်းကလေးပါ။ အစ်ကို့ညီမကတော့ဒီFeel မြန်မာစားသောက်ဆိုင်ကို အခုလက်ရှိမှာ
ဦးစီးပြီးတော့လုပ်ကိုင်နေပါတယ်။

• အစ်ကို့အနေနဲ့အချက်အပြုတ်ကိုဝါသနာပါဖြစ်သွားမိပုံလေးကရော။

•• အချက်အပြုတ်ကိုဝါသနာပါဖြစ်ပုံကဒီလိုပါ။အစ်ကို့အဖေက အစားအသောက်ဆိုရင် မက်မက်မောမော
စားတတ်တယ်။ ဖေဖေက ညသန်းခေါင်လောက်ဗိုက်ဆာလို့ ဆီချက်ခေါက်ဆွဲတို့၊ ထမင်းကြော်တို့ လုပ်ခိုင်းရင်
အစ်ကိုက ထလုပ်ပေးရတယ်။ အဲဒီအချိန်ကတည်းကစပြီး ဆီချက်ခေါက်ဆွဲလုပ်တာတို့ ကော်ရည်လုပ်တာတို့
ထမင်းကြော်လုပ်တာတို့နဲ့စပြီးတော့ရင်းနှီးကျွမ်းဝင်လုပ်တတ်နေပြီလေ။ ဒီတော့ အဲဒီအချိန်လောက်ကတည်း
ကအချက်အပြုတ်ကို ဝါသနာပါတယ်လို့ထင်တာပါပဲ။

• အစ်ကို့ရဲ့ ငယ်စဉ်ကလေးဘဝ မျှော်လင့်ချက်အိပ်မက်ကရော ဘာတွေများပါလဲ။
•• ငယ်ငယ်ကအစ်ကို့မျှော်လင့်ချက်ကရေခဲသေတ္တာထဲမှာကိုကာကိုလာ အအေးဗူးလေးတွေစီနေအောင်ထည့်ထားပြီး
ကိုယ်အိပ်မယ့် အိပ်ခန်းထဲမှာ လေအေးစက်လေးတစ်လုံးရှိရမယ်။နောက်ပြီးတော့ သော့လှည့်လိုက်တာနဲ့နိုးရမယ့်
ကားလေးတစ်စီးပိုင်ပြီးတော့ရယ်၊ကိုယ်ပိုင်လက်ဖက်ရည်ဆိုင် လေးတစ်ဆိုင်ဖွင့်ချင်တာပါ။
နောက်ထပ်တစ်ခုက နေပူထဲမှာရောင်းနေတဲ့ဈေးသည်တွေအိမ်ကိုမြန်မြန်ပြန်နိုင်အောင်လို့
အဲဒီဈေးသည်ဆီက ရောင်းတာတွေ အကုန်ဝယ်ပြီးမရှိဆင်းရဲသားတွေကို ဝေပြီးတော့ကျွေးပစ်ချင်တာပါပဲ။
အဲဒါကိုလည်း အခု လုပ်ဖြစ်နေပါတယ်။

• အခုလုပ်ဖြစ်တယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့လုပ်ဖြစ်နေတာလဲဆိုတာပြောပြပါဦး။
•• ဘယ်လိုလုပ်ဖြစ်လည်းဆိုတော့ အစ်ကိုမနက်အိပ်ရာထလာရင် လက်ကောက်လေး၅ကွင်းကို
ညာဘက်လက်မှာဝတ်ထားတယ်။ မရှိဆင်းရဲသားတို့၊သူများအကျိုးတို့ကို ကိုယ်ကတစ်ခုခုကူညီလိုက်သူများအတွက်
အကျိုးထူးသွားရင်လက်ကောက်တစ်ကွင်းကိုဘယ်ဘက်ကိုပြောင်းလိုက်တယ်။
ဒီတော့ လက်ကောက်လေး ၅ကွင်း ဘယ်ဘက်ကိုပြောင်းလိုက်ချင်းအားဖြင့် တစ်နေ့တာမှာ
သူများအကျိုးအတွက် ၅ခုလုပ်ပြီးသွားပြီလို့သတ်မှတ်တယ်။ အစ်ကို ငယ်ငယ်ကတည်းက
စိတ်ကူးယှဉ်ခဲ့တဲ့ အတိုင်းပေါ့။ဥပမာ တိုဟူးသုပ်အထမ်းသည်ဆိုရင် ထမ်းရတာလည်းအရမ်းလေးတယ်။ တစ်ပွဲတစ်ပွဲရောင်းရဖို့အတွက်လည်း
လမ်းအများကြီးလျှောက်ရတယ်။ အဲဒီလိုအချိန်မှာအစ်ကိုနဲ့ဆုံတာရယ်၊ ကလေးတွေလည်းစားချင်ရင်တော့
အစ်ကိုက တစ်ထမ်းလုံးဝယ်လိုက်တယ်။ပြီးတော့ ဘေးနာမှာရှိတဲ့ လူတွေအကုန်လုံးကိုအလကားကျွေးလိုက်တယ်။

• အစ်ကိုတို့ Feel မြန်မာကို မလုပ်ခင် ဟမ်ဘာဂါလုပ်ရောင်းဖြစ်သေးတယ်ဆိုတော့ အဲဒီလိုလုပ်ရောင်းဖို့စိတ်ကူးမိတာကရော။
•• ငယ်ငယ်က အစ်ကိုတို့က
အပြင်မှာကြေးအိုးသွားစားတယ်ဆိုရင်လည်းအိမ်ပြန်ရောက်ရင် ကြေးအိုးကိုပြန်ပြီးတော့
လုပ်စားကြည့်တယ်။ ဆီချက်ဆိုရင်လည်းအဲဒီအတိုင်းပဲ။ ပြီးတော့မှ အစ်ကို့ရဲ့ အစ်ကိုက
နိုင်ငံခြားကနေပြန်လာတဲ့ အခါမှာ အိမ်မှာဟမ်ဘာဂါလုပ်ကျွေးတယ်။
အဲဒီ ဟမ်ဘာဂါကို အစ်ကိုတို့မိသားစုရော၊မိတ်ဆွေ၊သူငယ်ချင်းတွေရော အရမ်းကြိုက်ကြတဲ့တော့
သူငယ်ချင်းတွေက အစ်ကိုတို့ကိုဟမ်ဘာဂါလုပ်ကျွေးခိုင်းကြတယ်။အဲဒီမှာ အစ်ကိုတို့သိလိုက်တာက တစ်နေ့မှာ
ဟမ်ဘာဂါလုပ်ပြီးတော့ရောင်းစားရင်လူကြိုက်မှာပဲဆိုတာသိလိုက်တယ်။ပြောရမယ်ဆိုရင် အစ်ကိုတို့မိသားစုအကုန်လုံးက
အချက်အပြုတ်ကောင်းကြတယ်။ အဲဒီခေတ်ကာလအစ်ကိုတို့မိသားစုက သိပ်အဆင်မပြေတော့
အစားအသောက်တစ်ခုခုကို အပြင်မှာထွက်စားဖို့ကလည်းမတတ်နိုင်ဘူး။ ဒီတော့ ကိုယ်စားချင်တာရှိရင်
အိမ်မှာပဲချက်ပြုတ်စားကြတာများတယ်။အဲဒီလိုနဲ့ပဲ အစ်ကိုတို့တစ်အိမ်လုံးက
ချက်ပြုတ်တတ်လာကြတာပါပဲ။

• အချက်အပြုတ်နဲ့ပတ်သက်ပြီးလက်ဦးဆရာတွေကရောဘယ်သူတွေများပါလဲ။
•• လက်ဦးဆရာဆိုရင်တော့ အစ်ကိုရဲ့အစ်ကို အကြီးဆုံးပါပဲ။ သူက ဩစတြေးလျကပြန်လာတုန်းက
ဟမ်ဘာဂါနဲ့ ဘာဘီကျူးလုပ်နည်းတွေ သင်ပေးခဲ့တယ်။ပြီးတော့ သူအမေရိကကိုထွက်သွားတယ်။
အမေရိက ကနေပြီးတော့ ဟင်းချက်နည်းတွေကိုစာနဲ့ပဲဖြစ်ဖြစ်၊ဖုန်းနဲ့ပဲဖြစ်ဖြစ်ပြောပြီးသင်ကြားပေးတယ်။
နောက် Legcy ဆိုတဲ့ ဆိုင်ဖွင့်ထားတဲ့ယိုးဒယားဆရာ Mr.Sonkok က သူ့ဆိုင်မှာ
ယိုးဒယားအစားအသောက်ချက်ပြုတ်နည်းတွေကိုသင်ပေးတယ်။

• ဒီလိုအချက်အပြုတ်ဝါသနာပါတာကိုရောအစ်ကိုရဲ့ မိဘတွေကအားပေးကြလား။ဘယ်လိုသဘောထားကြပါသလဲ။
•• အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ အစ်ကို့ရဲ့အမေကတော့တက္ကသိုလ်ကျောင်းဆရာလုပ်စေချင်တယ်။
အဖေကတော့ ဆရာဝန်ဖြစ်စေချင် တယ်။ဒီတော့ အစ်ကိုလည်းစာတော့ကြိုးစားခဲ့တာပါပဲ။ဆယ်တန်းဆိုလည်း ဂုဏ်ထူး(၃)ဘာသာ၊ပထမနှစ်၊
ဒုတိယနှစ်၊တတိယနှစ်တွေမှာလည်းဂုဏ်ထူး(၃)ဘာသာထွက်ခဲ့တယ်။အစ်ကိုတို့ခေတ်တုန်းက
ဆရာဝန်ဖြစ်ချင်တော့ အားလုံးက ကြိုးစားကြတော့ဆရာဝန်အမှတ်တော့မမီခဲ့ဘူး။
အစ်ကိုက ဘူမိဗေဒ မေဂျာရတယ်။ဘူမိဆိုတော့ ပရောဂျက်အတွက် Field ဆင်းတဲ့အခါမှာ
ကိုယ့်ဖာသာကိုချက်ရတယ်လေ။အဲဒီမှာ အစ်ကိုက ချက်တတ်တော့ အစ်ကိုတို့အဖွဲ့က
ဟင်းချက်ကောင်းတယ်ဆိုပြီးတော့နာမည်ရတယ်။အဲဒီလိုနဲ့အစ်ကိုက ချက်ပြုတ်ပြီးစားတဲ့အလေ့အထလေးရလာပြီးတော့နောက်ပိုင်း
ကိုယ့်ကိုယ်ကိုယုံကြည်မှုရလာပြီး ချက်ဖြစ်တော့တာပါပဲ။

• အစ်ကို ပထမဆုံးချက်ပြုတ်ဖြစ်တဲ့ ဟင်းပွဲလေးကိုမှတ်မိသေးရင်ပြောပြပေးပါဦး။
•• ပထမဆုံး အစ်ကိုစမ်းပြီးတော့ချက်တဲ့ ဟင်းပွဲကတော့ ကဏန်းလက်မ ချဉ်စပ်ဟင်းပွဲလေးပါ။
အရင်က အစ်ကိုအလှမွေးငါးတွေရောင်းတယ်။ငါးစာကို သံဈေးမှာသွားဝယ်တုန်းအဲဒီမှာ သေသွားတဲ့ကဏန်းလက်မလေးတွေကို
သက်သက်ပုံရောင်းတာ ဈေးတော်တော်ပေါတာနဲ့ဝယ်လာခဲ့တယ်။
အဲဒီခေတ်က စားသောက်ဆိုင်မှာဆိုရင်ကဏန်းနဲ့ပတ်သက်တာမှန်သမျှဈေးကြီးတယ်။
ဒီတော့ အစပ်နဲ့အချဉ်နဲ့ထည့်လိုက်ရင်တော့ချဉ်စပ်ဖြစ်မှာပဲဆိုပြီးတော့ စမ်းပြီးတော့ချက်ခဲ့တာ
တကယ်လည်း ချဉ်စပ်ဟင်းဖြစ်ခဲ့ပါတယ်။

• အဲဒီဟင်းပွဲရဲ့ အရသာလေးကရော ဘယ်လိုရှိခဲ့လဲ။
•• အစ်ကို့အိမ်မှာစိုတ်ထားတဲ့ ငရုတ်သီးစိမ်းလေးတွေကိုထည့်ပြီးချက်တာ။ အဲဒီတုန်းက အစ်ကို့သူငယ်ချင်းတွေလည်း
အိမ်မှာလာလည်နေတဲ့အချိန် ကျွေးလိုက်တဲ့အခါသူတို့ပဲ အလကားစားရလို့လားတော့မသိဘူး။
ကောင်းတယ်လို့တော့ပြောကြတာပါပဲ။

• ဒါဆို အစ်ကိုချက်တဲ့ ဟင်းပွဲတွေကို သူများတွေကစားပြီးတော့ပထမဆုံးအကြိမ် ချီးမွမ်းခံရတုန်းကခံစားချက်ကရောဘယ်လိုရှိခဲ့လဲ။
•• ဒီလိုပဲ အသားကင်လေးတွေကင်တယ်။ထမင်းကြော်လေးတွေကြော်တယ်။ဆီချက်ခေါက်ဆွဲလေးတွေ
လုပ်ကျွေးရင်းနဲ့ပေါ့။ အထူးသဖြင့် ဆီချက်ခေါက်ဆွဲမှာတော့နာမည်ရတယ်။ အိမ်မှာဆိုရင် အဖေလည်းကြိုက်တယ်။
သူငယ်ချင်းတွေလာရင်လည်းကြိုက်ကြတယ်။အဲဒီခေတ်တုန်းကကြတော့ ခေါက်ဆွဲခြောက်က
တစ်စည်းမှ ငါးကျပ်ပဲပေးရတယ်။ အစ်ကိုတို့က အသားလည်းမတတ်နိုင်တော့ ကြက်သွန်ဖြူဆီချက်လေးချက်ထားတယ်။
အချိုမှုန့်ရယ်၊ ပဲငံပြာရည်လေးနဲ့ အသားပြုတ်ရည်လိုပြုတ်ရည်လေးနဲ့လုပ်ကျွေးတဲ့အခါမှာကောင်းတယ်လို့ပြောကြတော့ ကိုယ့်စိတ်ထဲမှာ
ဘယ်လိုဖြစ်လာလဲဆိုရင် သူငယ်ချင်းတွေလာရင်ဖြစ်ဖြစ်၊ဘယ်သူလာလာ လက်စွမ်းပြချင်စိတ်ပေါ်လာတယ်။

• ဘယ်အသက်အရွယ်လောက်မှာစားဖိုမှူးတစ်ယောက်အဖြစ် ရပ်တည်မယ်လို့ဆုံးဖြတ်ဖြစ်ခဲ့မိလဲ။
•• စားဖိုမှူးအဖြစ်ရပ်တည်တာကတော့ ၁၉၉၂ခုနှစ်နိုဝင်ဘာလ ၂၈ရက်မှာ အစ်ကိုပထမဆုံး
ဆိုင်ဖွင့်ဖြစ်တာကစရမှာပဲ။ အသက်နဲ့ပြောမယ်ဆိုရင်တော့၃ရ နှစ်လောက်မှာဖွင့်ဖြစ်တာပါ။ အဲဒီမှာ ဟမ်ဘာဂါရယ်၊
ဘာဘီကျူးရယ်၊ ဆန်းဒဝစ်ချ်ရယ်၊ မစ်ရှိတ်ရောင်းတဲ့စားသောက်ဆိုင်လေးကို အစ်ကို့ညီမလေး အိအိစိုးနဲ့ဖွင့်ဖြစ်တယ်။ အဲဒီကနေစပြီး အစ်ကိုတို့မောင်နှမနှစ်ယောက်ကစားဖိုမှူးစလုပ်ခဲ့တယ်။ ပြောရမယ်ဆိုရင်တော့
အဲဒီကတည်းက စားဖိုမှူးအဖြစ်ရပ်တည်ဖို့ဆုံးဖြတ်ခဲ့တာပါ။အစ်ကိုတို့ဖွင့်သမျှဆိုင်တွေအားလုံးကိုပြင်ပက
စားဖိုမှူးတွေမထားခဲ့ဘူး။ အခုနောက်ပိုင်းကျတော့မှသာတခြားလူတွေဆီကနည်း ပညာ၊ အတွေးအခေါ်တွေ
လိုချင်တဲ့အတွက်ကြောင့် ခန့်ထားဖြစ်တာပါ။

• အဲဒီဟမ်ဘာဂါဆိုင်လေး စဖွင့်ခါစက ဆိုင်အခြေအနေနဲ့လူတွေရဲ့ ထင်မြင်ချက်လေးကရောဘယ်လိုများပါလဲ။
•• ဟမ်ဘာဂါဆိုင်ရောင်းတဲ့အချိန်မှာရပ်ကွက်မှာရှိတဲ့လူတွေ၊ သူငယ်ချင်းတွေက အစ်ကိုတို့ဆိုင်
ပိတ်ရမယ်လို့ပြောကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့အဲဒီအချိန်က ဘာဂါတစ်လုံးကို ၃၅ကျပ်နဲ့ အစ်ကိုတို့
ကရောင်းတယ်။ အဲဒီအချိန်မှာပဲ ယောက်လမ်းမှာအရမ်းနာမည်ကြီးတဲ့ ဘာဂါဆိုင်က တစ်လုံးကို
၂၅ ကျပ်နဲ့ ရောင်းတယ်။ ဒီတော့ အစ်ကို့ ဘာဂါကတစ်ဆယ်လောက်များနေတယ်။ အဲဒီခေတ်က
ပိုက်ဆံ ၁ဝ ကျပ်ဆိုတာကလည်း မနည်းဘူးလေ။အဲဒီတုန်းက ၃၅ကျပ်ဆိုရင် ကြေးအိုးတစ်ပွဲစာရတယ်လေ။
ဒီတော့မိတ်ဆွေအားလုံးက မင်းဘာဂါမစားဘူး၊ကြေးအိုးပဲဝယ်သောက်မယ်ဆိုပြီးပြောကြတယ်။
နောက်ပြီး အဲဒီခေတ်တုန်းကဆိုရင်စားသောက်ဆို်င်သန့်သန့်ပြန့်ပြန့်ကတော်တော်လေးနည်းတယ်။
အများစုက ညစ်ပတ်ကြတယ်။ အဲဒီမှာ အစ်ကိုကနိုင်ငံခြားလို သန့်သန့်ပြန့်ပြန့်လေးနဲ့ အဲယားကွန်းလေးနဲ့
ဆက်တီအသစ်လေးတွေနဲ့ဖွင့်ရင်တော့တက္ကသိုလ်ကျောင်းသားတွေ၊ ပညာတတ်တွေ၊ပိုက်ဆံရှိတဲ့လူတွေလာထိုင်ကြမယ်ဆိုတဲ့
ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။ ပထမတစ်လတော့မရောင်းရဘူး။ နောက်ပိုင်း လူတွေလည်းစသိရောအောင်မြင်လာတာ ထိုင်စရာနေရာတောင်မရှိတော့ဘူး။

• ဒါဆိုဒီဟမ်ဘာဂါဆိုင်လေးအောင်မြင်သွားတဲ့လျှို့ဝှက်ချက်က ဘာများဖြစ်မယ်လို့အကိုထင်မိလဲ။
•• အဲဒီအချိန်တုန်းက အစ်ကိုရဲ့ ဟမ်ဘာဂါကခရမ်းချဉ်သီးဆော့စ်ကိုလည်း ကိုယ့်ဖာသာကိုလုပ်တယ်။
ခရမ်းချဉ်သီးဆော့စ်ကိုအဲဒီခေတ်တုန်းကOriginal ပုလင်းသုံးခဲ့မယ်ဆိုရင် အဲဒီပုလင်းတွေက
ခရမ်းချဉ်သီးဆော့စ်ကို မသိုးအောင်၊ တာရှည်ခံအောင်အက်စစ်တစ်မျိုးထည့်ထားတယ်။ အစ်ကိုကတော့
ဒီလိုဓာတုပစ္စည်းတွေထည့်ထားရင်လူတွေကျန်းမာရေးကောင်းမှာ မဟုတ်ဘူးဆို
ပြီးမသုံးဘူး။ မရိုးနိစ်(Mayonnaise)ဆိုရင်လည်းကိုယ့်ဖာသာကိုလုပ်တယ်။ တစ်ရက်စာ၊နှစ်ရက်စာအတိုင်း
အတာနဲ့ကိုယ်တိုင်လုပ်တော့ Mayonnaise တွေကလတ်ဆတ်တယ်။ ဓာတုပစ္စည်းလည်းကင်းတယ်။
တခြားဆိုင်တွေကျတော့ နိုင်ငံခြားကလာတဲ့Mayonnaiseကိုသုံးတယ်။ အဲဒါကဈေးလည်းကြီးတော့
နည်းနည်းပဲထည့်ပေးနိုင်တယ်။ အဲဒီအချိန်ကဟမ်ဘာဂါကိုMayonnaise များများထည့်ပေးနိုင်ရင်
စားလို့ပိုကောင်းတယ်။အစ်ကိုကတော့ကိုယ့်ဖာသာကိုယ်လုပ်တော့ များများထည့်ပေးနိုင်တယ်။
နောက်အသားပြားကြီးတာလည်းပါတယ်။
ဒီ၂မျိုးကတော့ အဓိကပါပဲ။ အဲဒီခေတ်ကာလကတောင်အစ်ကို့ဘာဂါက သူများဘာဂါနဲ့မတူဘူး
ဆိုပြီးတော်တော်လေးရောင်းရပါတယ်။

• ဒီလိုနဲFeel မြန်မာဆိုင်တွေဖွင့်ဖြစ်သွားပုံလေးကရော။
•• ဒီတော့တဖြည်းဖြည်းနဲ့မြန်မာပြည်မှာဘာဂါဆိုင်တွေလိုက်ဖွင့်တာများလာတယ်။ဒီတော့စားသုံးသူတွေက
တစ်ခါလာလည်းဘာဂါ၊ တစ်ခါလာလည်းဘာဂါဖြစ်နေတော့တခြားဟာလေးလည်း ရောင်းပါလားလို့ပြောလာတော့
ထမင်းကြော်လေးစတင်ကြည့်တယ်။နောက်အသားကင်လေးတွေထည့်တယ်။
ပြီးရင် အတောင်ပံကြော်လေးတွေထည့်တယ်။နောက်ဆုံး ယူရိုအစားအစာကစားတဲ့လူနည်းတယ်။
ဒါပေမယ့်စားတဲ့လူတွေက တရုတ်စာ ပိုစားကြတော့အစ်ကိုကFeel ဆိုတဲ့နာမည်နဲ့ နောက်တစ်ဆိုင်ဖွင့်လို်က်တယ်။
အဲဒီမှာတရုတ်စာတွေရောင်းတယ်။နောက်ယိုးဒယားစာတွေရောင်းတယ်။ ပြီးတော့မှဂျပန်တို့၊ ယူရိုတို့လုပ်ရောင်းလာတာပါပဲ။

• စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ အစ်ကိုလေ့လာသင်ယူမှုအပိုင်းလေးကိုလည်း ပြောပြပေးပါဦး။
•• စားဖိုမှူးတစ်ယောက်ဖြစ်ဖို့ တကယ့်စားဖိုမှူးတွေချက်ပြုတ်တာကို တိုက်ရိုက်ကြည့်ရှုခွင့်ရရင်ပဲ
ပညာအရမ်းရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကဟင်းချက်တယ်ဆိုတာကို ဟင်းချက်တဲ့ အချိုးအစားသိရင်
ဟင်းချက်လို့ရမယ်လို့ထင်ကြတယ်။ဒါကမဟုတ်ဘူး။ဒယ်အိုးကို မီးဘယ်လိုပေးသလဲ၊ ဘယ်အချိန်မှာ
မီးလျှော့မလဲ၊ ဘယ်အချိန်မှာ မီးပြင်းမလဲ၊ ဘယ်ပစ္စည်းကိုအရင်ထည့်မလဲ။ ဘယ်ပစ္စည်းထည့်လို့ အနေအထား
ဘယ်လောက်မှာ နောက်ပစ္စည်းကို ဘယ်အချိန်ထည့်မယ်ဆိုတာလေးတွေက ကွက်တိဖြစ်ဖို့ တော်တော်လေးလိုမယ်။
မီးပြင်းသွားရင်လည်း မီးခိုးနံ့ကအစားအသောက်ထဲစွဲသွားနိုင်တယ်လေ။ ဒီတော့ စားဖိုမှူးတစ်ယောက်ဖြစ်ဖို့က
တကယ့်စားဖိုမှူးတွေရဲ့ မီးချိန်းပုံချိန်းနည်း၊အစားသောက်နယ်ပုံ၊ နယ်နည်း
စတာတွေကိုလေ့လာဖို့လိုပါတယ်။ဒီတော့ အစ်ကိုက ဘန်ကောက်ကနေ သွားရတဲ့
မြို့တစ်မြို့မှာ စားဖိုမှူးတစ်ယောက်ကစားပွဲဝိုင်း ၁၅ဝ လောက်ကို သူတစ်ယောက်တည်းဒိုင်ခံပြီး
လူတွေရှေ့မှာကြော်ပြတယ်။ အစ်ကို ၂ရက်တိတိအဲဒီဆိုင်မှာ သူရဲ့ ကြော်ပုံ၊ ကြော်နည်းတွေကို
သွားလေ့လာတယ်။အဲဒီမှာ သူရဲ့ ဒယ်အိုးကိုင်ပြီးချက်တဲ့ပညာကို အစ်ကိုရခဲ့တယ်။ အဲဒီကနေပြန်လာတော့
အစ်ကို့ဆိုင်က ကလေးတွေကို ပြန်သင်ပေးတယ်။

• နိုင်ငံခြားမှာ ချက်ပြုတ်နည်းပညာသွားသင်တော့ဘယ်လိုအခက်အခဲတွေရှိပါသေးလဲ။
•• နိုင်ငံခြားမှာသွားသင်တော့ ဘယ်လိုအခက်ခဲရှိလည်း
ဆိုတော့ ဒီမှာက အစ်ကိုကချက်ရင် တပည့်တွေကိုမင်းတို့ကြက်သွန်ဖြူခွာထားလိုက်၊ ဘယ်လိုလှီးထားလိုက်၊
ငရုတ်သီးထောင်းထားလိုက်။အသားကို ဘယ်လိုလှီးထားလိုက်စသဖြင့် သူတို့ကိုလုပ်ခိုင်းပြီး
အစ်ကိုက ဒယ်အိုးလေးပဲ ကိုင်ပြီးကြော်ခဲ့တာလေ။နိုင်ငံခြားသွားတဲ့အခါကျတော့ ကိုယ့်ဖာသာကို
လှီးရ၊ ခွာရ၊ လုပ်ရတဲ့အခါကျတော့ ဒုက္ခရောက်တယ်။ဥပမာ ကြက်သွန်လှီးတာတို့ဆိုရင်
အစ်ကို့တပည့်တွေလောက် မမြန်ဘူးလေ။ကိုယ်က သူများပြင်ပေးတာကို လက်တမ်းကြော်တဲ့
စားဖိုမှူးဆိုတော့ အဲဒီအခက်အခဲတော့ရှိခဲ့ပါတယ်။

• ပထမဆုံးတက်ခဲ့တဲ့သင်တန်းကရော။
•• ပထမဆုံးတက်ခဲ့တဲ့ သင်တန်းက ဖူးခတ်မှာပါ။အဲဒီသင်တန်းက တစ်ပတ်သင်တန်းပါ။
အဲဒီမှာ တစ်ပတ်လုံးသင်မှCertificate ပေးတာလေ။အစ်ကိုက ဆရာမကိုပြောတယ်။
ကျွန်တော်ကတစ်ရက်လောက်ပဲအချိန်ရတယ်။ဒီထိုင်းအစားအသောက်တွေကိုလည်း
တကယ်ချက်ပြီးတော့ စားသောက်ဆိုင်ဖွင့်ပြီးရောင်းနေတဲ့လူတစ်ယောက်ပါ။ Certificate နဲ့ထိုင်းလူမျိုးတွေ
သင်တာကို သိချင်လို့လာတာပါ။ တစ်ရက်နဲ့သင်ပေးမယ်ဆိုရင်တော့ ကျွန်တော် သင်ချင်ပါတယ်။
သူတို့ကလည်း သူတို့ စည်းကမ်းအရ တစ်ပတ်သင်မှပဲလက်မှတ်ထုတ်ပေးနိုင်မယ်လို့ပြောတယ်။
နောက်ဆုံးကျတော့ သူတို့က အစ်ကို့ကိုဈေးထဲကို ခေါ်သွားမယ်။ ထိုင်းနဲ့ပတ်သက်တဲ့
အစားအသောက်တွေကို သူကလက်ညှိုးထိုးပြီးမေးမယ်။
ပြောနိုင်ရင် သင်ပေးမယ်လို့ပြောတယ်။အဲဒီမှာ သူတို့ပြောတာတွေအကုန်လုံး
အစ်ကိုပြောနိုင်ခဲ့တယ်။နောက်သူတို့ကို ဟင်းပွဲတစ်ပွဲ လက်တမ်းကြော်ပြလိုက်တယ်။သူတို့လည်း အိုးကိုင်တာတွေကအစကြည့်ပြီး
သဘောကျသွားတယ်။ တကယ်တတ်တယ်ဆိုတာကိုလည်း
ယုံသွားတယ်။လက်ခံသွားတယ်။ အဲဒါနဲ့ သူတို့သင်တန်းမှာအခြားဘယ်သူ့ကို မှမသင်တော့ဘဲ အစ်ကို့တစ်ယောက်တည်းကို
မနက်(၈)နာရီလောက်ကနေ ညနေ(၆)နာရီအထိသူတို့ရဲ့ ဃသကမျန အကုန်လုံးကို တစ်ရက်တည်းနဲ့
အပြီး ချက်ပြုတ်ပြီးသင်ခဲ့ရတယ်။

• အစ်ကိုလက်ခံထားတဲ့ စားဖိုမှူးတစ်ယောက်ထားရှိသင့်တဲ့စိတ်ထားနဲ့ခံယူချက်ကရော။
•• အဓိကကတော့ သန့်ပြန့်မှုပါပဲ။ ကိုယ့်လက်ဆေးတာ၊ဒယ်အိုးဆေးတာတို့သုံးတဲ့ပစ္စည်းကလည်း စားသုံးသူအတွက်
ကျန်းမာရေးထိခိုက်မယ့် အရာကို မသုံးဖို့ရယ်။နောက်တစ်ခုက ကိုယ်ချက်တဲ့ အစားအသောက်ကို
စားမယ့်သူက မြိန်ရေရှက်ရေနဲ့ ကောင်းကောင်းစားရပါစေဆိုတဲ့စေတနာက အဓိကပါပဲ။ ဒီလိုမဟုတ်ဘဲနဲ့တစ်ပွဲလာမှာတယ်၊
လာမှာတာကို ပြီးစလွယ်လုပ်နေသရွေ့ကတော့ဘယ်လောက်ပဲ ကျွမ်းကျင်၊ ကျွမ်းကျင် တကယ့်
စားဖိုမှူးကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး။ဒါကို အစ်ကိုကလေးတွေကိုလည်း အမြဲဆုံးမတယ်။
အစ်ကို့ဆိုင်မှာ လမ်းဘေးစည်ပင်သာယာသန့်ရှင်းရေးသမားတစ်ယောက်လာဝယ်ရင်လည်း
အရည်အသွေးအကောင်းဆုံးဖြစ်ရမယ်။ဝန်ကြီး တစ်ယောက်၊ ဗိုလ်ချုပ်ကြီးတစ်ယောက်လာဝယ်လည်း
ခုနက စည်ပင်ဝန်ထမ်းမှာသလိုပဲ စေတနာထားကြော်ရမယ်။ဆိုလိုတာက အတူတူပဲဖြစ်ရမယ်။ များသောအားဖြင့်
ရောင်းတဲ့လူတွေကသူဌေးတို့၊ ရာထူးကြီးတဲ့လူတွေဆိုရင် ဂရုစို်က်ပြီးတော့ လုပ်ပေးလေ့ရှိတယ်။
ဒီတော့ ဘယ်အလုပ်ပဲလုပ်လုပ်ကိုယ့်ရဲ့စားသုံးသူအပေါ်စေတနာထားပြီးလုပ် ပေးမှသာ
ကျွမ်းကျင်တဲ့ အဆင့်၊ အများကလက်ခံတဲ့အဆင့်၊အောင်မြင်တဲ့ အဆင့်ကိုရောက်နိုင်မှာပါ။

• စားဖိုမှူးတစ်ယောက်ဖြစ်ချင်တဲ့သူတွေအနေနဲ့ဘာတွေကို လေ့လာသင့်တယ်လို့ထင်သလဲ။
•• စားဖိုမှူးဖြစ်ချင်တဲ့လူတွေအနေနဲ့အထူးသဖြင့်အသားကိုနားလည်ရမယ်။ ဒီအသားက အကောင်တစ်ကောင်ရဲ့
ဘယ်အပိုင်းကလည်းဆိုတာ သိရမယ်။နုတဲ့အသားဆိုရင်မြန်မြန်ကျက်မယ်။ ရင့်တဲ့အသားဆိုရင်ကြာမယ်။
နောက်အသားကို ဘယ်လိုလှီးရမလဲ။ အမဲသားတို့၊ဆိတ်သားတို့ဆိုရင် ကန့်လန့်ဖြတ်လှီးရမယ်။
ဒါမှဝါးလို့ရမယ်။ အသားအမျှင်လို်က်ဆိုရင်ဝါးလို့ ပြတ်မှာမဟုတ်ဘူးလေ။ နောက် အသားတွေကို
ရွေးတတ်ဖို့လည်းလိုအပ်တယ်။ကိုင်ကြည့်တာနဲ့လတ်လား၊မလတ်ဘူးလားဆိုတာသိရမယ်။ အသီးအရွက်လည်း
ဒီအတိုင်းပါပဲ။ ပြီးရင် ဒယ်အိုးနဲ့မီးကို နိုင်နိုင်နင်းနင်းကိုင်တက်ဖို့လည်းလိုတယ်။ နောက် ပြုတ်ရည်ကလည်း အဓိကကျတယ်။
ဥပမာ ကြက်ပြုတ်ရည် (Chicken Stock) ဆိုရင်လည်းကြက်ပြုတ်ရည်အရသာရှိအောင် သေသေ ချာချာလုပ်ရမယ်။
ဝက်ပြုတ်ရည်ဆိုရင်လည်း ဒီအတိုင်းပဲ။ များသောအားဖြင့်
ဆိုင်တွေက ဘယ်လိုလုပ်ကြသလဲဆိုတော့အချိုမှုန့်ကို အရမ်းထည့်ပြီး အရသာထွက်အောင်လုပ်ကြတယ်။ သိတဲ့အတိုင်း
အချိုမှုန့်ဆိုတာကလည်း ကျန်းမာရေးအတွက်မကောင်းဘူးလေ။အစ်ကိုတို့ Feel ဆိုရင်လည်း အချိုမှုန့်ကိုလျှော့သုံးရင်းနဲ့
Feel မြန်မာဆိုင်မှာဆိုရင် အချိုမှုန့်ကို လုံးဝမသုံးဖြစ်တော့ဘူး။ဆိုလိုတာက စားဖိုမှူးတစ်ယောက်က
အချို့မှုန့်ချည်းပဲအားကိုးနေရင် စားသုုံးသူ ကြိုက်ကောင်း၊ကြိုက်နိုင်ပေမယ့် သူ့ကျန်းမာရေးအတွက်တော့မကောင်းဘူးလေ။
ချက်မယ့် ပြုတ်ရည်တို့ကို မီးဘယ်အနေအထားမှချရမလဲရယ်။ စားသုံးသူအကြိုက်က ဘာလဲဆိုတာသိရပါမယ်။
ဥပမာ အီတလီတွေစားတဲ့ စပါကတီဆိုရင်မာမာကြီးလေ။ အဲဒီအတိုင်း အစ်ကိုတို့ မြန်မာတွေကို
မာမာချက်ပြုတ်လိုက်ရင် ဘယ်သူမှ စားမှာမဟုတ်ဘူး။အဲဒီလိုမျိုးလေးတွေကိုလည်း ပါးနပ်ဖို့လိုအပ်ပါတယ်။

• အစားအသောက်နဲ့ ကျန်းမာရေးအပေါ် အစ်ကို့ရဲ့အမြင်လေးကိုပြောပြပေးပါဦး။
•• အစားအသောက်နဲ့ကျန်းမာရေးအတွက်ကတော့စကားပုံတောင်ရှိတယ်လေ။ ဒီပါးစပ်ပေါက်တစ်ပေါက်က
အဝင်လည်း ဂရုစိုက်သလို၊ အထွက်လည်းဂရုစိုက်ဖို့လိုတယ်။ အထွက်ဂရုစိုက်တယ်ဆိုတာက
မပြောတတ်မဆိုတတ်၊ မနေတတ်မထိုင်တတ်ရင်ကိုယ်ပဲဒုက္ဒရောက်ရတယ်လေ။ ကိုယ်ပဲလူမုန်းခံရတယ်။
မိတ်ဆွေအပေါင်းအသင်းရှားတယ်လေ။အစားအသောက်ကကျန်းမာရေးဖြစ်တဲ့အတွက်အရေးကြီးပါတယ်။
ဟိုနေ့ကတောင် သတင်းစာထဲမှာ ကြေညာလိုက်သေးတယ်။တညင်းသီးစားရင်ကျောက်ကပ်ရောဂါဖြစ်စေတဲ့အတွက်
တညင်းသီးကိုFeel မိသားစုက လုံးဝမရောင်းတော့ဘူးဆိုတဲ့အကြောင်းထည့်လိုက်တယ်။ ဒါကလည်း
ဘာလဲဆိုတော့ တညင်းသီးနဲ့စားမယ်ဆိုပြီးလာစားတဲ့စားသုံးသူတွေရှိတယ်။သူတို့လာစားတဲ့အချိန်ကျမှ
တညင်းသီးမရတော့ဘူးဆိုတဲ့အတွက်ကြောင့်သူတို့ကိုလက်လွတ်ဆုံးရှံးရနိုင်လို့လေ။အစ်ကိုကတော့
ဒီနေ့မှာ စားသုံးသူရဲ့ ကျန်းမာရေးကိုပဲကြည့်တယ်။စီးပွားရေးကို မကြည့်ဘူး။ဝန်ထမ်းတွေဆိုရင်လည်း
ဒီအတိုင်းပဲ သူတို့ကို ကျန်းကျန်းမာမာဖြစ်အောင်
နိုင်ငံခြားကဆီ ဖြစ်တဲ့(Cholesterol Free နေကြာဆီ)ပဲကျွေးတယ်။
စားသုံးသူကိုလည်း နိုင်ငံခြားကဆီဖြစ်တဲ့(Cholesterol Free နေကြာဆီ)ပဲ ကျွေးတယ်။
နောက်ဆို ငှက်ပျောသီးကိုလည်း ဆေးထိုးပြီးမှည့်အောင်လုပ်ထားတာလည်း အစ်ကို့ဆိုင်မှာမကျွေးဘူး။
ဆေးမထိုးတဲ့အခါကျတော့ငှက်ပျောသီးကမလှဘူး။မလှတော့ စားတဲ့လူတွေကလှတဲ့ဆိုင်ကိုပြောင်းရင်
ပြောင်းသွားနိုင်တယ်။ ဒါပေမယ့်အစ်ကိုကအဲဒါကိုမကြည့်ဘူး။ဒီလိုစားလိုက်လို့ဒုက္ခဖြစ်သွားမှာကိုပဲကြည့်တယ်။

• အစ်ကိုငယ်ငယ်ကကြိုက်ပြီး၊ အသက်ကြီးမှ မကြိုက်တဲ့အစားအသောက်တွေရောရှိလား။
•• အစ်ကိုငယ်ငယ်လေးကတည်းကကြိုက်ခဲ့ပြီး
အခုမကြိုက်တဲ့ အစားအစာတော့မရှိဘူး။ကျန်းမာရေးက မကြိုက်သင့်ဘူးဆိုလို့ မကြိုက်ရတဲ့
အစားအသောက်ပဲရှိတယ်။ အစားအသောက်ကိုတော့အကုန်လုံးနီးပါးကြိုက်တယ်။ လူမျိုးပေါင်းစုံရဲ့
အစားအသောက်တွေကိုလည်းကြိုက်တယ်။ဒါပေမယ့် အစ်ကို မကြိုက်တာကသိုးသားပဲ။
သိုးရဲ့အနံ့ကိုလည်းမခံနိုင်ဘူး။ အခုဆိုရင်တော့ကျန်းမာရေးအတွက်ဂျပန်စာလေးတွေပြောင်းစားဖို့
စဉ်းစားနေပါတယ်။ ဘာလို့လည်းဆိုတော့ဂျပန်စာတွေက ကျန်းမာရေးအတွက်အရမ်းကောင်းတယ်။
ဒါကြောင့်ကမ္ဘာမှာ အသက်ရှည်ကြတယ်လေ။

• အစ်ကို အပိုင်နိုင်ဆုံးချက်ပြုတ်နိုင်တဲ့ဟင်းပွဲကရောဘာတွေများဖြစ်မလဲ။
•• ဘာဂါဆိုရင်တော့ အပိုင်နိုင်ဆုံးလို့ပြောလို့ရတယ်။ဒါပေမယ့် အခုအစ်ကိုတို့ Feel မိသားစုကို
ပိုက်ဆံအဓိကရှာပေးနေတာက ဘာဂါမဟုတ်ဘဲမြန်မာစာဖြစ်နေတယ်။ ဒီတော့ အစ်ကိုပိုင်နိုင်တာတွေက
ပိုက်ဆံသိပ်မရဘူးဖြစ်နေတယ်။ ပီဇာဆိုရင်လည်းကောင်းအောင်လုပ်ဖို့ကြိုးစားတယ်။
စပါကတီလည်းဒီအတိုင်းပဲ။ပြောရမယ်ဆိုရင်အစ်ကိုပိုင်နိုင်တာတွေကတော့ အများကြီးပဲ။ထိုင်းအစားအသောက်ထဲက အစ်ကိုကြော်တဲ့
ဖက်ကဘောင်းတို့ဆိုရင်လည်း တော်တော်လေးကိုစားလို့ကောင်းတယ်။ မိတ်ဆွေတွေလည်း
တော်တော်လေးကြိုက်ကြတယ်။အစ်ကိုပိုင်တဲ့ အစားအသောက်တွေကတော့
ဥရောပနဲ့ ထိုင်းအစားသောက်တွေပါပဲ။ပိုက်ဆံပေးနေတာကမြန်မာစာဆိုတော့
မြန်မာ့အစားအသောက်ကိုအခုပို်င်နိုင်အောင် မပြတ်ကြိုးစားနေပါတယ်။

• အစ်ကိုရဲ့စားသောက်မှုပုံစံလေးကိုလည်းပြောပြပေးပါဦး။
•• အခုကတော့ အစ်ကိုက ဆီးချိုရောဂါဖြစ်နေတော့ဆရာဝန်က မနက်အိပ်ယာနိုးပြီး တစ်နာရီကြာရင်
မနက်စာကိုစားရတယ်။ သူက ကာဗိုဟိုက်ဒရိတ်နဲ့ပရိုတင်းနဲ့အသီးအရွက်တွေစားခိုင်းတယ်။
အခုသောက်နေတဲ့ ဘယ်ရီဖျော်ရည်ကလည်းကျန်းမာရေးအရသောက်နေတာ။
သူကကျောက်ကပ်အတွက်ကောင်းတယ်။နောက်ဆီးချိုအတွက်ဆိုရင် Fenugreek လို့ခေါ်တဲ့
ပဲနံ့သာကို ၅ ဂရမ်လောက် ပုံမှန်စားပေးရင်ဆီးချိုရောဂါအတွက် တော်တော်ကောင်းတယ်။
အစ်ကို့ဆီမှာ လာဝယ်ရင်လည်းရောင်းတယ်။တောင်းတဲ့လူရှိရင်လည်းအလကားပေးတယ်။
မိတ်ဆွေတွေဆီးချိုတက်နေရင်လည်းပေးတယ်။နေ့လယ်စာကျတော့လည်း မနက်စာနဲ့ ၄ နာရီခြားပြီး
တိုင်းစားရတယ်။ စားရင်လည်း ဆီမပါတာကို စားရတယ်။တကယ်လို့ဆီပါတာကို သိပ်စားချင်ရင်တော့
ဥပမာ ဘူးသီးကြော်ဆိုရင် ဆီစုပ်သွားအောင်တစ်သျူးလေးနဲ့ပတ်ထားပြီးမှစားရတယ်။
အထူးသဖြင့်တော့ အချိုတို့၊ အငန်တို့ကိုရှောင်ရတယ်။အစ်ကို့မှာပြသနာကညအချိန်မတော် ထထစားတတ်တာပါပဲ။ ကျန်တဲ့အချိန်
ကတော့အဆင်ပြေပါတယ်။

• အစ်ကိုစားဖူးသမျှထဲမှာ ထူးဆန်းတယ်ထင်တဲ့အစားအသောက်ရောရှိလား။
•• ဝါးဘိုးဝါးထဲမှာ ငါးရံ့ကို စပါးလင်နဲ့ထည့်ပြီးတော့မီးကင်တာ။ အဲဒီဝါးနံ့လေးက ငါးမှာဆွဲသွားပြီးတော့
အနံ့လေးတစ်မျိုးနဲ့ တော်တော်လေးကောင်းတယ်။ပြောရမယ်ဆိုရင် ငါးနဲ့ မီးနဲ့က တိုက်ရိုက်ထိတွေ့မှုမရှိဘူး။
ငါးကိုဆားလေးနည်းနည်းထည့်တယ်။ ငါးရံ့ဗိုက်ထဲမှာကျတော့စပါးလင်ထည့်တယ်။ ကျန်တာဘာမှမထည့်ဘူး။
ဒါလေးကယိုးဒယားမှာ စားခဲ့ရတာ။ထူးဆန်းတယ်လို့ပဲပြောရမယ်ထင်တယ်။

• စားဖိုမှူးတစ်ယောက်ဖြစ်ပြီး လူတွေချီးကျူးကြတဲ့အစ်ကိုချက်တဲ့ အစားအသောက်ကရောဘာတွေဖြစ်မယ်ထင်ပါသလဲ။
•• စားဖိုမှူးဖြစ်ပြီး ချီးကျူးခံရတဲ့ ဟင်းပွဲကတော့တော်တော်လေးများတယ်။ဘာဖြစ်လို့လဲဆိုတော့
အစ်ကိုချက်လိုက်ပြီးတော့ အရမ်းကောင်းလိုက်တာလို့ပြော လိုက်တိုင်း အစ်ကို့ရဲ့ မီးနျူးထဲ ထည့်လိုက်တာ။
ဒီတော့ ချီးကျူးခံရတဲ့ ဟင်းလို့ပြောရမယ်ဆိုရင်အဲဒီမီနျူးထဲမှာရှိတဲ့ ဟင်းတွေလို့ပဲပြောရမှာပါပဲ။
ဒီလိုချီးကျူးခံရတိုင်း မီးနျူးထဲထည့်လိုက်တဲ့အခါကျတော့မီနျူးကများလာတယ်။ ဒါပေမယ့် အခုနောက်ပိုင်း
စာတွေဖတ်မှသိလိုက်ရတာက နိုင်ငံတကာမှာ၂ဝ ၊ ၈ဝ အချိုးဆိုတာရှိတယ်။ ၂၀၊ ၈ဝ အချိုးအရ
ဘယ်လိုကောင်းအောင်ချက်ထားထားမီးနျူးထဲမှာ လူအစားဆုံးက ၂ဝ ရာခိုင်နှုန်းပဲ။
ကျန်တဲ့ ၈ဝ ရာခိုင်နှုန်းက မီနျူးဝေဝေဆာဆာဖြစ်အောင်ထည့်ထားတဲ့သဘောပဲ။ ဆိုလိုချင်တာက
ဒီကနေ့ ကမ္ဘာ့အကောင်းဆုံးဟင်းမျိုး ၁၀ဝ ကိုညီလေးက မီနျူးထဲမှာထည့်ထားတယ်။
အဲဒီအထဲကမှ ၂ဝ ပဲလူတွေက ရွေးသွားတယ်။
ကျန်တဲ့ ၈ဝ လောက်က လူတွေမစားတဲ့ဘဝရောက်သွားတယ်။ ဒီတော့ ဘယ်လောက်
ကောင်းအောင်ချက်ထားထား ဆိုင်တစ်ဆိုင်မှာလူစားအများဆုံး ဟင်းပွဲ ၂ဝ လောက်ပဲ အဓိကရောင်းရတယ်။
ကျန်တာကတော့ ဝေဆာအောင်ထည့်ထားတဲ့သဘောပဲ။

•အစ်ကိုက ဟင်းချက်တဲ့ နေရာမှာ အရောင်နဲ့အနံ့ ဘယ်အရာကို ဦးစားပေးပြီးတော့ စဉ်းစားချက်ပြုတ်ပါသလဲ။
•• အရင်တုန်းကတော့အစ်ကိုကအရောင်ကိုစဉ်းစားတာများတယ်။ နောက်ပိုင်းကျတော့ အနံ့က
အရေးကြီးတယ်ဆိုတာသိလာတယ်။ တကယ်တမ်းကျတော့လူတွေ ဟင်းတစ်ပွဲကို နှာခေါင်းနဲ့ အရင်စားကြတာ။
ဟင်းတစ်ပွဲချလိုက်တာနဲ့ အနံ့ကအရင်ရလာတယ်လေ။ပြီးတော့မှမျက်စိနဲ့ စားတာလေ။ အရောင်အဆင်းကို
ပြီးတော့မှကြည့်ကြတာလေ။ အစ်ကိုကတော့အရောင်ရော၊အနံ့ရော၊ အရသာပါ ကောင်းအောင်တော့စီမံပါတယ်။
ဒါပေမယ့် အရောင်ဆိုတဲ့ကိစ္စမှာတော့ လူတွေကြိုက်အောင်အရောင်တင်မှုန့်တို့သုံးတာကတော့ သိပ်မသင့်တော်ပါဘူး။
ဒီတော့ အရောင်ဆိုတဲ့ ကိစ္စမှာတော့သဘာဝအရောင်ကတော့ အကောင်းဆုံးပါပဲ။

• နောက်ဆုံးအနေနဲ့စားဖိုမှူးဖြစ်ချင်တဲ့လူငယ်တွေအတွက်စကားလက်ဆောင်လေးပြောပေးပါဦး။
•• စားဖိုမှူးဖြစ်ချင်တဲ့လူငယ်တွေအတွက်ဆိုရင်ကောင်းကောင်းမွန်မွန်၊ သမာအာဇိဝနဲ့ လူတွေလည်း
သန့်သန့်ရှင်းရှင်းစားရပါစေဆိုတဲ့ စိတ်ကလေးထားပါ။နောက်ပြီးချို့တဲ့လို့၊ ဆင်းရဲ့လို့၊ နွမ်းပါးလို့ သင်နိုင်ခွင့်မရတဲ့
လူတွေက သင်ချင်တယ်ဆိုလို့ရှိရင်လည်း အစ်ကိုတို့Feel မိသားစုက အချိန်မရွေးရှိတဲ့ပညာလေးတွေကို
မျှဝေပေးချင်ပါတယ်။လာတဲ့လူတိုင်းကိုပညာလေးတွေသင်ပေးချင်တယ်။ ဒါလေးနဲ့လုပ်ကိုင်စားသောက်မယ့်
လူတိုင်းကိုပေါ့။ မကြာခင် အစားအသောက်ချက်ပြုတ်နည်း သင်တန်းဖွင့်ဖို့ လုပ်နေပါတယ်။

29 comments

  • KZ

    June 3, 2013 at 6:06 pm

    အားကျတယ်။
    အားကျတယ်။။
    ကျုပ် က ထမင်းဆိုင် သိပ်ဖွင့်ချင်တာ။
    :hee:

    • အာဂ

      June 4, 2013 at 4:15 pm

      ဖွင့်ဗျာ…အားပေးတယ်။ ကျွန်တော်လည်း မဆီမဆိုင် ဒီ အစားသောက်လိုင်းထဲရောက်လာတော့..မှ…စားသောက်ဆိုင်လေး တစ်ခုလောက်အရမ်းဖွင့်ချင်လာမိတယ်။

  • မောင် ပေ

    June 3, 2013 at 7:54 pm

    ““ ဒီတော့ ဘယ်လောက်
    ကောင်းအောင်ချက်ထားထား ဆိုင်တစ်ဆိုင်မှာလူစားအများဆုံး ဟင်းပွဲ ၂ဝ လောက်ပဲ အဓိကရောင်းရတယ်။
    ကျန်တာကတော့ ဝေဆာအောင်ထည့်ထားတဲ့သဘောပဲ။ ””
    ဒီ စကား ကို အရမ်း သဘောကျမိတယ်ဗျို ့
    ရန်ကုန်ရောက်မှ ကိုအာဂလက်ရာအမြည်းတစ်ခုခု နဲ ့ ဘီဘီ နဲ ့ မြည်းရမယ်

    • အာဂ

      June 4, 2013 at 4:33 pm

      ကျွန်တော့်လက်ရာဆိုရင် တော့ ဆရာသမားရေ…..ပေါက်တက်ကရ ပြင်ပြီး ချက်တာတွေပဲစားရမယ်။ ဒါပေမဲ့ ကြက်ဥကို တော့ မျိုးစုံလုပ်ပြီးတော့ တော့ ချက်တတ်တယ်။

  • padonmar

    June 3, 2013 at 9:58 pm

    interview လေး သိပ်ကောင်းပါတယ်။
    ဗျူးတဲ့သူလည်း ဆိုလိုချင်တာပေါ်အောင်ဗျူးသွားတဲ့တွက် ချီးကျူးပါတယ်။
    ဟယ်လပင်က ဖီးလ်မှာတော့ မကြာခဏသွားစားဖူးပါတယ်။
    မြန်မာစားစရာကို အမျိုးအစားစုံလင်အောင် လုပ်ထားတာ။
    ဝန်ထမ်းလေးတွေကို မြန်မာဝတ်စုံလေးတွေ လှအောင်ဆင်ထားတာ၊
    ဆက်ဆံရေးကောင်းအောင်သင်ထားတာ သဘောကျပါတယ်။
    မြန်မာမှုတွေလည်း စုံအောင်ပြထားတယ်။
    နိုင်ငံခြားသားဧည့်သည်ကို ပြလို့ ကျွေးလို့ကောင်းပါတယ်။
    အဲဒီဆိုင်က ဘိန်းမုန့်တော့ အကြိုက်ဆုံးပါပဲ။
    တစ်ခုပဲ ပြောစရာရှိတာက အချိုမဟုတ်တဲ့ မုန့်ဟင်းခါးလို၊မြီးရှည်လို စားစရာတွေမှာ အရသာလေးလွန်းနေတာပဲ။(ကိုယ်ကပဲ ခပ်ပေါ့ပေါ့စားလို့လားတော့မသိဘူး၊)

  • kyaw hteik

    June 3, 2013 at 11:53 pm

    ပို့ကိုကြိုက်​လို့ မသိ​သေး​သောသူ​တွေ သိ​အောင်​ပြန်​ share ခွင်​့ပြုပါ။ဦးစိုးညီညီ ရဲ့ရိုးသားမှု၊ကြိုးစားမှု
    ​တွေကိုသိခွင်​့ရတဲ့အတွက်​ ကိုအာဂ ကို​ကျေးဇူးတင်​ပါတယ်​။

  • ဦး ကျောက်ခဲ

    June 4, 2013 at 7:41 am

    ညှင်း ညှင်း တွေ့တယ်မဟုတ်လား…
    ဦးကျောက်တို့ မောင်ဘူမိများက အချက်အပြုတ်ကောင်းပါတယ်ဆို…
    စကားအတင်းစပ် အခုအထိ ဘူမိဗေဒဋ္ဌာနမှာပွဲရှိတယ်ဆို ကိုညီကိုယ်တိုင်ချက်တာ အမှတ်ရမိသေးတယ်…
    အင်း… ဂျူနီယာပီသအောင် ရွာထဲမှာ ဟင်းချက်ပြီး ပို့စ်တင်ဦးမှ…
    ရွာသူမမများ မုဒိတာပွါးကြစေကုန်…. အား ဟိ
    :harr:

    • အာဂ

      June 4, 2013 at 4:41 pm

      လေးကျောက် တို့ကတော့ လုပ်ပြန်ရော့မယ်..။ ဒါနဲ့ ကျွန်တော်ပြောထားတာလေ Food&Travel စာမူလေး ရေးပေးပါဦး ဗျာ..။ ဟောင်ကောင်အကြောင်းပေါ့..။ အရေးအသားကတော့ ယုံပြီးသားပါဗျ..။

  • သျှားသက်မာန်

    June 4, 2013 at 10:21 am

    အဲလိုလူတွေကမှ…ဘဝအကြောင်းနားလည်ပြီး တိုးတက်လာကြတာ…ဝမ်းသာပါတယ်…….

  • Ma Ei

    June 4, 2013 at 10:49 am

    အချက်အပြုတ် တစ်ကယ်ကောင်းသူအများစုမှာ အမျိုးသားများဖြစ်ပါတယ်…
    အလှူပွဲ အိုးကြီးချက်များကိုလည်း အမျိုးသားများသာ နိုင်နင်းစွာ ချက်ပြုတ်နိုင်ပါတယ်…
    Feel ဟယ်လပင် က ငပိရည်တို့စရာအစုံ နဲ့ ငါးနုသန်းအကောင်ကြီးဆီပြန်ရယ် ချဉ်ရည်ဟင်း လေးနဲ့…
    ပြောရင်းပဲ စားချင်စရာ…

  • ကြက်အူလှည့်

    June 4, 2013 at 10:51 am

    ကွိကွိ…
    တွေ့ဒယ်မလား ..ကျုပ်တို့ ရွှေငါးကျောင်းခဲ့သူဒွေ အချက်အပြုတ်ကောင်းဒါ…

    JK

    :harr:

    ကျုပ်ဆို ခေါက်ဆွဲပြုတ်တာ အင်မတန်တော်တာ ကလား…
    ဘယ်တော့ပြုတ်ပြုတ် လက်ရာပြောင်းဒယ်ကို မရှိဘု..
    အာဟိ..

  • kyeemite

    June 4, 2013 at 11:50 am

    ဦးစိုးညီညီ ကိုချီးကျူးပါတယ်..သူပြောတဲ့
    “စားဖိုမှူးဖြစ်ချင်တဲ့လူငယ်တွေအတွက်ဆိုရင်ကောင်းကောင်းမွန်မွန်၊ သမာအာဇိဝနဲ့ လူတွေလည်း
    သန့်သန့်ရှင်းရှင်းစားရပါစေဆိုတဲ့ စိတ်ကလေးထားပါ”
    အဲဒီခံယူချက်လေးအတွက်လည်းလေးစားပါတယ်…
    တစ်ခါက…ရွှေပုဇွန်မိသားစုနဲ့ စကားပြောခွင့်ရခဲ့တုန်းကလည်း
    သူတို့သဘောထားခံယူချက်ကဒီအတိုင်းပဲ…“ကျန်းမာရေးနဲ့ညီညွတ်တဲ့ သန့်ရှင်းလတ်ဆတ်တဲ့
    အစားအစာ လူတွေလက်ထဲရောက်ဖို့ ”အဓိကထားပါသတဲ့…
    ဥပမာ…မုန့်တွေထဲထည့်တဲ့ နွားနို့ကို အခြားလူတွေဆီက မှာသုံးနေရတော့
    မစစ်တာနဲ့၊ မသန့်တာနဲ့…ကွာလတီကိုထိန်းလို့မရနိုင်ဘူးတဲ့…အဲဒါနဲ့..
    နောက်ဆုံးမတော့..စားသုံးသူတွေအတွက် ကွာလတီအစစ်ထိန်းထားပေးနိုင်ဖို့
    ရပ်စောက်ဖက်မှာ စားကျက် မြေတွေဝယ်ပြီး ကိုယ်ပိုင်နွားမွေးလိုက်ရပါတယ်တဲ့…
    စေတနာတွေကလေးစားစရာပါ..ဒါကြောင့်လည်း အောင်မြင်ကြပေတာပဲ..
    ကိုအာဂရေ…ရှယ်ပေးတာကျေးဇူးပါဗျို့.. 😆

    • kyeemite

      June 4, 2013 at 3:55 pm

      ဒါနဲ့..ဇကားမစပ်ဗျာ..ဒီ ဦးစိုးညီညီ ဆိုတဲ့လူ
      ကျုပ်ကျောင်းနေဖက်သူငယ်ချင်းနဲ့ ရုပ်အတော်ဆင်တယ်
      သူက “ကိုတင်လတ်” တဲ့..မေမြို့သားပဲ
      အဖေကလည်း စစ်ဗိုလ်ဆိုတော့ တော်တော်တိုက်ဆိုင်နေတယ်
      ညီအစ်ကိုဖြစ်မယ်ထင်ရဲ့..
      ကြုံမှမေးကြည့်အုံးမယ်.. 🙄 :bar:

      • အာဂ

        June 4, 2013 at 4:46 pm

        လေးမိုက် သူကတော့မေမြို့မှာ သိပ်မနေထိုင်ခဲ့ဘူးတဲ့..။ သူအစ်ကိုဆိုရင်တော့ ဖြစ်နိုင်မယ်ထင်တယ်ဗျ..။ ကျွန်တော် ဖုန်းနံပါတ်တောင်းပေးရမလား..။ ပြောတာကတော့ သူက လေးဖြူတို့လည်း ငယ်ပေါင်းတွေဆိုလားပဲ။

  • black chaw

    June 4, 2013 at 12:09 pm

    ဒီပို့စ်လေးက အာဂကိုယ်တိုင်ဗျူးခဲ့တာလို့ ထင်ပါတယ်…။
    စတစ်ကီလေး ချီးမြှင့်သင့်တယ်လို့လည်း ယူဆမိပါတယ်…။
    အာဂရေ…လက်ခုတ်တီးပြီး အားပေးသွားပါတယ်ဗျာ…။

    လေးစားခင်မင်တဲ့…
    ဦးဘလက်ချော…။

    • အာဂ

      June 4, 2013 at 4:50 pm

      ကျွန်တော်မျိုးဂျီးကိုယ်တိုင် ဗျူးထားပါ လေးဘလက်ရေ..။ လက်ခုတ်သံလေးအတွက် ကျေးဇူးအထူးတင်ပါတယ်။

  • kai

    June 4, 2013 at 2:57 pm

    ဒီလောက်လှလှဗျူးတတ်ရင်..နောက်ကို.. အလုပ်အပ်မလို့.. တေးထားလိုက်ပါတယ်..
    မပြေးရဘူးနော… :kwi:

    • အာဂ

      June 4, 2013 at 4:53 pm

      လုပ်ပေးလို့ရတဲ့ အင်တာဗျူးမျိုးဆိုရင် ကျွန်တော်လုပ်ပေးပါမယ်သူကြီးမင်းရေ..။

  • အရီးခင်လတ်

    June 4, 2013 at 3:43 pm

    {{{
    နောက်ထပ်တစ်ခုက နေပူထဲမှာရောင်းနေတဲ့ဈေးသည်တွေအိမ်ကိုမြန်မြန်ပြန်နိုင်အောင်လို့
    အဲဒီဈေးသည်ဆီက ရောင်းတာတွေ အကုန်ဝယ်ပြီးမရှိဆင်းရဲသားတွေကို ဝေပြီးတော့ကျွေးပစ်ချင်တာပါပဲ။
    အဲဒါကိုလည်း အခု လုပ်ဖြစ်နေပါတယ်။
    }}}
    အရမ်းကို လှ တဲ့ နှလုံး သား နဲ့ ကြိုးစားနေသူမို့ အောင်မြင်မှု ရနေတာ မဆန်းပါဘူး လို့ ဘဲ ပြောချင်တယ်။
    အတော်လေး ကို လေးစားမိပါတယ်။
    သူဌေးတိုင်း၊ အောင်မြင်သူတိုင်း မှာ ဒီလို မျိုး စိတ်မရှိဘူး။

    ဂဂ ရေ စိတ်ဝင်စားအောင် ရေးထားတဲ့ အင်တာဗျူးလေးမို့ ကျေးဇူးပါ။

    • အာဂ

      June 4, 2013 at 5:06 pm

      အရီးရေ ကျေးဇူးပါ..။ စိတ်ဝင်စားအောင်ဗျူးတာထက် စိတ်ဝင်စားအောင်ဖြေတတ်တဲ့သူကြောင့်ဆိုရင်ပိုမှန်မယ်ထင်တယ်။ ဘယ်လောက် စိတ်ဝင်စားအောင်မေးမေး..တစ်ချို့ဆိုရင်..။ yes or No ပဲဖြေသွားတော့ ဘယ်လို့မရေးလို့ မရတဲ့ အင်တာဗျူး တွေလည်း အများကြီး။ ဘာပဲပြောပြော ဦးစိုးညီညီရဲ့….ထူးခြားတဲ့အလှူလေးအတွက်တော့ ဝမ်းသာမိပါတယ်။

  • အရီးခင်လတ်

    June 4, 2013 at 3:51 pm

    မအိ ရေ
    Ma Ei says: {အချက်အပြုတ် တစ်ကယ်ကောင်းသူအများစုမှာ အမျိုးသားများဖြစ်ပါတယ်…}

    အမျိုးသားတွေ အချက်အပြုတ်ကောင်း တာ အမျိုးသမီးတွေထက်သာတာ တကယ်မှန်ပါတယ်။
    အဲဒီအကြောင်း အမြဲ စဉ်းစားမိတယ်။
    ဘာကြောင့်လဲ ဆိုတာ။
    ကိုယ်ပိုင်အမြင် တွေ့မိတာက
    အမျိုးသားတွေ က အသေးစိတ်ချယ်မှုန်း တာမှာ ပိုတော် တဲ့ သဘော ရှိတယ်။
    အမျိုးသမီး တွေ က overall ကြည့်ပြီး multitasking လုပ်တာမှာ အရမ်းတော်တယ်။ ဘက်မျှပြီး ကြည့် လုပ်နိုင်တယ်။
    ဒါကြောင့် ထိပ်ပိုင်း အုပ်ချုပ်ရေးရာ မှာ မိန်းမ တစ်ယောက်တော်ပြီ ဆို ဘယ် သကောင့်သား ယောကျာင်္း မှ လိုက်မမှီ ဘူး။
    လာ မငြင်းကြနဲ့။
    :kwi:

    • kyeemite

      June 4, 2013 at 4:01 pm

      ဟီဟိ..ကိုခင်လတ်ကြီးတို့ကတော့ အတင်းကြီးကို လိုရာဆွဲတော့တာပဲ
      :kwi:

      • အရီးခင်လတ်

        June 4, 2013 at 4:18 pm

        ဘာတုန်း။ ရှင်က လက်မခံ ချင်လို့လား။
        ရှင်တို့အိမ်မှာ မဒမ်မိုက် စီမံကန့်ခွဲကောင်းတာ ကြောင့် ရှင်ဒီလို နေနိုင်တာ မမေ့ပါနဲ့ ဗျိုး။
        တောက်စ် (စီဒီ တူ ပိုင်ရှင်)
        😆

    • ကြက်အူလှည့်

      June 4, 2013 at 4:11 pm

      ဝုတ်ကဲ့ အန်တီ ဂျူး

      ကွိကွိ. ကလာရီ ဖီအိုရီးနားလည်း ဂလိုပြောသွားဖူးပါတယ်

      အာဟိ.
      :harr:

      • အရီးခင်လတ်

        June 4, 2013 at 7:20 pm

        အန်တီ မဟုတ်၊ ပရို ကွဲ့။
        😉

  • Ma Ma

    June 4, 2013 at 4:41 pm

    အဗျူးခံရတာ မလွယ်သလို….
    ဗျူးတယ် ဆိုတာလည်း လွယ်တာ မဟုတ်ဘူး။
    ဗျူးဖို့ မေးခွန်းတွေ စေ့စေ့စပ်စပ်သေသေချာချာ စီစဉ်ထားရမှာ။
    ဒါ့ထက် ဘေးကဝိုင်းဗျူးပေးမယ့်သူကော မပါဘူးလား။ :kwi:

    • အာဂ

      June 4, 2013 at 5:01 pm

      အဟီး အန်တီမမကလည်း ဘေးနားမှာ အရင်တုန်းကူဗျူးပေးမဲ့လူတော့ရှိခဲ့ပါတယ် ။ အခုတော့ အလုပ်ချင်းမတူတော့ မရှိတော့ပါဘူး တစ်ယောက်တည်းသမားပေါ့…။ ဟိဟိ

  • ဦးကြောင်ကြီး

    June 5, 2013 at 9:29 am

    ဖီးဆိုင်
    တီးမြိုင်
    စီးပိုင်
    သီးကြိုင်
    ထီးလှိုင်
    မီးနိုင်
    ဖီးခိုင်
    ပြီးတိုင်..

  • marblecommet

    June 5, 2013 at 1:04 pm

    ငယ်ငယ်ကအစ်ကို့မျှော်လင့်ချက်ကရေခဲသေတ္တာထဲမှာကိုကာကိုလာ အအေးဗူးလေးတွေစီနေအောင်ထည့်ထားပြီး
    ကိုယ်အိပ်မယ့် အိပ်ခန်းထဲမှာ လေအေးစက်လေးတစ်လုံးရှိရမယ်။နောက်ပြီးတော့ သော့လှည့်လိုက်တာနဲ့နိုးရမယ့်
    ကားလေးတစ်စီးပိုင်ပြီးတော့ရယ်၊ကိုယ်ပိုင်လက်ဖက်ရည်ဆိုင် လေးတစ်ဆိုင်ဖွင့်ချင်တာပါ။
    နောက်ထပ်တစ်ခုက နေပူထဲမှာရောင်းနေတဲ့ဈေးသည်တွေအိမ်ကိုမြန်မြန်ပြန်နိုင်အောင်လို့
    အဲဒီဈေးသည်ဆီက ရောင်းတာတွေ အကုန်ဝယ်ပြီးမရှိဆင်းရဲသားတွေကို ဝေပြီးတော့ကျွေးပစ်ချင်တာပါပဲ။
    အဲဒါကိုလည်း အခု လုပ်ဖြစ်နေပါတယ်
    ………
    အာ့ စိတ်ကူးလေး တူလိုက်ထှာ…..
    အားကျဒယ် အားကျဒယ် ကျော်လည်း
    စားသောက်ဆိုင်ဖွင့်မယ်..
    ငါးရံ့ ဝါးကျည်တောက်သိပ်
    မီးဖုတ်ကတော့
    ကျော်တို့တောမှာ စားနေကျ…..

Leave a Reply