ကိုရင်မိုက်ကို ပြောပေးပါ (ဖတ်/ရွေး)
သည်နေ့က အတော်ကို ထူးခြားနေသည်…
ပြောရလျှင် ကေတုမတီ မင်းနေပြည်ဆိုပေသိ သည်နေ့ကိုက ပုံမှန်ထက်ကို အုတ်အုတ်ကျက်ကျက်ရှုပ်ရှုပ်ထွေးထွေးဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေသည်မှာ ဘာများအကြောင်းထူးရှိလို့ပါလိမ့်…….
ဇဝေဇဝါစဉ်းစားရင်း ပါလေရာတစ်ယောက် လမ်းလျှောက်လာခဲ့သည်မှာ ရွှေနန်းတော်ရှေ့က ရင်ပြင်အနီးသို့ပင်တိုင်လေသည်။
အဲသည်မှာတော့ လူအုပ်ကြီးစုဝေးနေသည်ကိုတွေ့လိုက်ရသည်။ အထူးသဖြင့်တော့ ရာဇမတ်ကာထားသည့် ကွပ်လပ်ငယ်ထဲသို့ ဝင်ရောက်ခွင့်ရဖို့ စုတိုးနေတာဖြစ်လေသည်။ ဘာများအလကားဝေမှာမို့ပါလိမ့်နော်…။ ဘာပဲဖြစ်ဖြစ် သူများတိုးရင် ကိုယ်လိုက်တိုးမှ သူများရတဲ့အခါ ကိုယ်လဲရမှာ။ ထိုင်နေလို့တော့ဘာမှမဖြစ်နိုင်ဘူး..။ တိုးကြည့်မှ အကျိုးရှိချင်ရှိပေဦးမည်….။
သို့နှင့်ပင် စပ်စုစိတ်တဝက် လောဘစိတ်တဝက်ဖြင့် ပါလေရာတစ်ယောက် လူအုပ်ကြီးထဲဝင်တိုးမိလေတော့သတည်း..။
“ဟာ… ရောင်းရင်းကြီးကိုရင် ပါ ပါလား။ ဝမ်းသာတယ်ဗျာ ။ ဒါမှ ယောက်ျားကောင်းဗျ။ လာ… လာ.. ရှေ့ရောက်အောင်တိုးနှင့်ရအောင်…”
ရုတ်တရက်လက်ကိုလာဆွဲရင်း နှုတ်ဆက်ခေါ်ငင်နေသူကို လှည့်ကြည့်မိတော့ – ရောင်းရင်းကြီး တောင်လှေခါးကြီးမိုက်ဖြစ်လို့နေသည်။
အတော်ပဲ အဖေါ်သဟဲတော့ရလေပြီမို့ သူဆွဲခေါ်ရာကို ဒရွတ်တိုက်လိုက်ပါရင်း ပါလေရာတစ်ယောက် လူအုပ်အလည်သို့ ရောက်လေတော့သည်။
“နေပါဦး.. ကိုကြီးမိုက်ရဲ့…
ဒါလောက်လူတွေကြိတ်ကြိတ်တိုးနေကြတာ .. တန်တော့.. ထောင့်ငါးရာတန်ဆင်းကဒ်ပေးမလို့ထင်တယ်။ ရောင်းရင်းကော ဟန်းဆက်ဝယ်ထားပြီးပလား…”
“ဘယ်ကလာ ဆင်းကဒ်ပေးရမှာလဲ ကိုရင်ပါရယ်။ ကျုပ်တို့ကိုယ်တော်လေး နားထွင်းမင်္ဂလာပြုရာမှာ လိုက်ပါစောင့်ရှောက်ဖို့ သူရဲကောင်းရွေးမှာ။ သူရဲငါးကျိပ်သာရွေးမှာမို့ ယောက်ျားတို့သတ္တိပြခွင့်ရကြရအောင် ကြိတ်ကြိတ်တိုး စာရင်းသွင်းအရွေးခံကြတာကလား…….”
အမ် …..
မှားလေပြီ….
ဆင်းကဒ်ပေးမလို့မဟုတ်ဘူး၊ သူရဲကောင်းရွေးမလို့……တဲ့
ခပ်စောစောနောက်ဆုတ်လို့၊ ကုပ်ကုပ်ကလေးအိမ်ပြန်ရကောင်းမလား…..
သို့သော်… လူပုံအလည်ကိုရောက်ပြီးမှ ဒီလိုလှည့်ပြန်ရရင် သည်မျက်နှာကြီး နောင်ကို ဘယ်လိုပြရပါ့….
ဒါပေမယ့်.. ကိစ္စတော့မရှိ
သူရဲကောင်းရွေးသည်ဆိုမှတော့ ကိုကြီးမိုက်တို့လို အရပ်အမောင်းကောင်းကောင်း ဗလတောင့်တောင့်လူမျိုးတွေကိုသာရွေးတော့မပေါ့။ ပါလေရာလို လူကောင်သေးသေး အရပ်ပုပြတ်ပြတ်လူမျိုးက မပါရေးချမပါနိုင်။ အရွေးမခံရမယ့်အတူတူ အရွေးခံမယ့်စာရင်းသွင်းပြလိုက်တော့ ကိုယ့်လဲသတ္တိခဲလို့အထင်ခံရပြီး လူရှိန်တာပေါ့……။
“အော… ကောင်းပါလေ့ ကိုရင်မိုက်ရယ်…။ ကျုပ်တို့လဲ ယောက်ျားတို့အစွမ်းပြခွင့်ရပေတာပေါ့…။ ဒါထက် ရွှေနန်းတော်မှာ ရဲမက်တွေ အပုံကြီးရှိရက်နဲ့ နားထွင်းမင်္ဂလာလေးပြုမှာကို ဘဇာကြောင့် အစောင့်အရှောက်သူရဲတွေ ထပ်ရွေးချယ်နေရတာပါလိမ့်နော်..”
“ဒီလိုကိုရင်ပါရေ …..။ ကိုယ်တော်လေးနားထွင်းမှာက ရွှေမုဋ္ဌောစေတီတော်ရင်ပြင်မှာကိုး…ဗျ..။ မွန်တို့ဋ္ဌာနီ ဟံသာဝတီကို ထိုးဖေါက်ပြီး စေတီတော်ပေါ်အရောက်တက်မှာမို့ မတစ်ထောင်တစ်ကောင်ဘွား တကယ့်သတ္တိဗျတ္တိကောင်းတဲ့ သူရဲကောင်းတွေလိုပေတာပေါ့ဗျာ..။ အဲဒါကြောင့် အခုလူရွေးပွဲလုပ်မှာဆိုပါတော့…”
ပါလေရာမျက်စေ့ထဲ ပြာကနဲ ဖြစ်သွားသည်။
ဘုရား… ဘုရား… ။ မွန်တွေနဲ့စစ်ချင်းဆိုင်နေပါတယ်ဆိုပါမှ သူတို့ပိုင်နက်က စေတီရင်ပြင်မှာ နားထွင်းမတဲ့…။ ဘုရင့်သားမို့ရူးချင်တော့ရူး၊ အဲသလောက်တော့မကြောင်သင့်….။ ပြီးတော့ မွန်စစ်သူကြီး အဘသမိန်ဖေါ ဆိုတာကလဲ ရှစ်တိုင်းရှစ်ခွင် ဖိန့်ဖိန့်တုန်အောင် လက်သံပြောင်လှတာ ….။ သူ့ခွင်ထဲဝင်အောင်အသာစောင့်ပြီးမှ တစ်ကောင်ချင်းဂုတ်ကဆွဲပြီး တံကျင်လျှိုဆာတေးလုပ်ပစ်မှဖြင့်……..။
တွေးရင်းတွေးရင်း ရင်တွေတုန်ပြီး ဒူးတွေပါချောင်ချင်လာသည်…။ ကိုကြီးမိုက်လက်ဆွဲထားသည်ကို မသိမသာရုန်းကာ နောက်လှည့်ထွက်ရန်အလုပ်……
“ချမ်း….. ချမ်း….. ဒေါင်း…… ဒေါင်း…. ချမ်း….. ချမ်း….. ဒေါင်း…… ဒေါင်း…..”
ကြေးစည်ကြေးမောင်းသံတွေ ရုတ်တရက်ထွက်ပေါ်လာသည်…။ ရာဇမတ်ကာထားသည့် စည်းအတွင်းရှိ ပါလေရာတို့လူစုမှအပ အခြားပရိတ်သတ်များ ရင်ပြင်အစွန်းသို့ရှဲသွားကြသည်…။ကျိုင်းကိုင်ရဲမက်လေးဦး မြင်းကိုယ်စီဖြင့် လမ်းရှင်းလိုက်သည့်နောက်တွင် မြင်းညိုကြီးထက်မှ ဟန်မာန်အပြည့်ဖြင့်စီးနင်းလာသော တပင်ရွှေထီး ကိုယ်တော်လေးကို မြင်လိုက်ရသည်…။
ပါလေရာကား နောက်ကျသွားလေပြီ…။
ဒီအချိန်မှ သူရဲရွေးခံအုပ်စုထဲကထွက်လို့ကတော့ မျက်စေ့နောက်တာနဲ့ နန်းရင်ပြင်ပေါ်ဒူးထောက်ခိုင်းပြီး ရေခဲရေလောင်း ပါးပိတ်ရိုက်နေမှဖြင့်….။
ကိုင်း…. ရှိပါစေတော့ ပါလေရာရေ။ ကိုယ့်ဟာကိုယ်အေးအေးမနေပဲ စပ်စပ်စုစုလုပ်မိမှတော့ ကံသာအမိကံသာအဖသဘောထားပြီး ကိုယ်ဖြစ်ကိုယ်ခံပေတော့…။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုမရွေးမှာ တော်တော်သေချာပါသည်။
သည်လိုနှင့် ဖြေတွေးတွေးပြီး သံဗုဒ္ဓေရွတ်ရင်းကိုယ့်အလှည့်ကိုစောင့်လေရာ သိပ်မကြာခင် နာမည်ခေါ်လေသည်…။
“ငပါလေရာ…”
“ရှိ…”
“သယ်…. စကားဆုံးအောင်မပြောတတ်တဲ့ အဆွံ့အအ ကများ ဗိုလ်ရွေးဝင်ခံရတယ်လို့…။ ဆွဲထုတ်ပြီး ခေါင်းဖြတ်ပစ်လိုက်စမ်း…”
“မ… မဟုတ်ပါဘူးဗိုလ်မင်း…။ ဟိုဘက်ခေတ်နဲ့ ရောသွားလို့ပါ…. ။
ရှိပါတယ်ဘုရာ့”
“အေး… ရှိရင် ရှေ့ထွက် ၊
လက်မ ထောင်…..”
ညာဘက်လက်က ပျဉ်းကတိုးသားတင်းပုတ်(တူ)ကြီးကိုကိုင်လျှက် အာလုပ်သံကြီးဖြင့် အော်ဟစ်ကြိမ်းမောင်းနေသော ဗိုလ်မင်းဘလက်ချောကို ခပ်တိုးတိုးမေးကြည့်သည်…
“ဗိုလ်မင်း…. လက်မက ဘယ်လိုထောင်ရမှာလဲ….”
“ဟဲ့ … နင်တို့ ဖေ့စ်ဘွတ်ထဲမှာ လိုက်ခ်လုပ်သလိုထောင်….”
အော်…. ဒီဘုရင့်သားကလဲ တယ်အဖါးကြိုက်ပေသကိုး…။ သူ့ရှေ့ရောက်မှဖြင့် မကြိုက်ကြိုက်ကြိုက် လိုက်ခ်တော့ လုပ်ပေးရမှာပေါ့လေ……။ လက်မောင်းကို ဆန့်ဆန့်ထားကာ လက်မကို မတ်မတ်ထောင်လိုက်တော့ ဗိုလ်မင်းဘလက်ချောက ငွေရောင်အပ်ကြီးကြီးတစ်ချောင်းကို လက်မထိပ်မှာ အသာထိလိုက်သည်……။ အဲသည်အပ်က ဘာလုပ်ဖို့ပါလိမ့်…။ ကြည့်ရတာ သူရဲကောင်းတွေကို ကာကွယ်ဆေးထိုးပေးမလို့ထင်ပါရဲ့…။ ဒါပေသိ လက်မကိုထိုးရတဲ့ကာကွယ်ဆေးဆိုတာ တစ်သက်မှာ တစ်ခါမှကို မကြားစဖူး……။ အွန်လိုင်းကလေး ငါးရက်လောက်မတက်မိတာနဲ့ ပါလေရာတို့ တော်တော်ကြီးပြတ်ကျန်ခဲ့လေပြီ………
သိချင်စိတ်က တားမရတာမို့ ခပ်တိုးတိုးမေးကြည့်လိုက်သည်…..
“အဲဒါ… ဘာကာကွယ်ဆေးထိုးမလို့လဲ ဗိုလ်မင်း….”
“ဘယ်ကလာ ကာကွယ်ဆေးထိုးရမှာလဲ…။
မောင်မင်းတို့ သူရဲကောင်းတွေ ရန်သူဗိုလ်ပုံအလည်မှာ အရှင့်သားကို အသက်စတေးပြီးကာကွယ်ရမှာမို့ ၊
ဘေးရန်နဲ့ကြုံတဲ့အခါ တစ်စက်ကလေးမှ မဆုတ်မရွံ့ နောက်မတွန့်မယ့်သူဟုတ်မဟုတ် –
လက်သည်းကြားအပ်စိုက်ပြီး တူနဲ့ရိုက် စမ်း မလို့မောင်မင်း……”
ပြောပြောဆိုဆို လက်ထဲကိုင်ထားတဲ့ တင်းပုတ်နဲ့ အပ်ကြီးကို ဒုန်း…. ကနဲ ပိတ်အထု……..
ပါလေရာတစ်ယောက် မျက်စေ့စုံမှိတ်ကာ စကြာဝဠာတုန်အောင် အသံနက်ကြီးဖြင့် ကြုံးအော်လိုက်မိသည်…….
“အားးးးးးးးးးး……!!!!!!!!!”
(ဆက်ပါမည်)
ဦးဦးပါလေရာ
14 comments
Ma Ma
June 3, 2013 at 6:52 pm
ဒက်ကလောက် သတ္တိပြောင်မှတော့ သူရဲကောင်းအရွေးမခံရ ရှိပါ့မလား။ :harr:
ကြည့်ရတာ အပ်စူးလို့ နာတာက နည်းနည်း၊
အော်သံက အကြံအဖန်ထင်ပ့ါ။ :kwi:
ကြက်အူလှည့်
June 3, 2013 at 7:16 pm
ငယ်ငယ်ကအနှစ်သက်ရဆုံးသော ပုံပြင်ဖြစ်ဖူးတယ်.
လက်မတွန့်လို့ အရွေးမခံရကောင်းလားဆိုပြီး.
ဟာရကိရိလုပ်သွားတဲ့ ဗိုလ်မင်း. ဘယ်သူ. နာမည်မေ့နေပြီ.
အော်. သမိုင်းတွင်အောင် မိုက်ရူးရဲ ဘွဲ့ပါ ဆပ်ကပ်ခံရသေး.
ကျုပ် ပါစပက်တစ် ချိန်းသွားဘီ. ရန်သူ့နယ် သွားပြီး နားထွင်းချင်တဲ့ အယက်သမား ဘုရင့်သားကို မီးဒုတ်ရှို့ချင်သဗျ.
ကတောက်.ခ်. ကျုပ်ပဲ သမိန်စောထွဋ် သေလို့ဝင်စားသလားမသိဘာဘုဗျာ.
တော်သေးဘီ
ခင်တဲ့ဂီ
မောင် ပေ
June 3, 2013 at 7:44 pm
အု စ် အား စ် ပြား ချပ် ချပ်
အု စ် အား စ် ပြား ချပ် ချပ်
:kwi:
padonmar
June 3, 2013 at 7:44 pm
ဒီလိုမှန်းကြိုသိရင် ထုံဆေးလေး ထိုးပေးထားပါတယ်။
Mr. MarGa
June 3, 2013 at 9:08 pm
ဦးပါရေ
ဒီလောက်ထိ ဆွဲပြီးမှ အိပ်မက်တော့ လုပ်နဲ့နော့
:harr:
black chaw
June 4, 2013 at 10:31 am
မဟုတ်မှလွဲရော…။
အိပ်မက်…မက်တာပဲ …ဖြစ်ရမယ်…။
အိပ်မက်ထဲထည့်မက်တာပဲဗျာ…။
ဘလက်ချောကြီးနဲ့ရွှေမှုံရတီလေး တို့ ဆီဒိုးနားမှာ မင်္ဂလာဆောင်တဲ့
အခန်းမျိုးလေး ထည့်မက်လိုက်ပါတော့လား…။
အခုတော့ ဗို်လ်မင်းဘလက်ချော တဲ့…။
အရောက်ကို…ပို့တော့တာပါပဲလား…။
မဟာရာဇာ အံစာတုံး
June 3, 2013 at 9:37 pm
အောင်မာ …
ဂလို အော်လို့ ရဂျေးလားဂျ …
ဘာဒုန်းဒေါ့ သိဝူးးးဂျာ …
ဖတ်လိုက်ဒါ .. ရီရဒယ် .. ဟီးးဟီးး ဟဲဟဲ …
ရေးလည်း ရေးဒတ်ဒဲ့ လူဇိုးဂျီးးးး
uncle gyi
June 3, 2013 at 10:26 pm
ပါလေရာလည်းရုပ်ရှင်တွေကြည့်ပြီး
သမိုင်းကိုမော်ဒန်ပြောင်းလိုက်တာ
သူကြီးကျန်နေသေးတယ်လေ
ဒါမှဇာတ်ကမြိုင်သွားမှာ
အရီးခင်လတ်
June 3, 2013 at 11:42 pm
ထုံဆေးနဲ့ အရ လောက်ဘူး ထင်တယ် အစ်မရဲ့။
မူးမေ့လဲမသွားခင် အရင်ကထဲ က မေ့ဆေးပေးထားလိုက်မှ ဖြစ်မှာ။ 😉
အဟိ။
ကိုပါ နောက်တာဗျို့။
သွေးကနီမှန်းသိပါ့။
ရွာ့ မိန်းမပျို တွေလဲ သတ္တိမခေသူ တွေ အများကြီးပါ့။
သူတို့ကိုလဲ ဝင်ပြိုင်ခွင့် မပြုသင့်ပေဘူးလား။
ဟို အနာဂါတ် ကလေးအဖေ။
ပုန်းမနေနဲ့။ ထွက်ခဲ့။
ကလေးအဖေ လွတ်စေတဲ့။
😆
kyeemite
June 4, 2013 at 11:09 am
ရက်စက်လိုက်တဲ့ “ဗိုလ်မင်းဘလက်ချော”…
ဦးပါခမြာ သနားစရာ… 😆
အောင်မငီး…ဦးပါပြီးရင်..ငါ့အလှည့်ပါလား…ဒွတ်ခ.. :kwi:
အလင်း ဆက်
June 4, 2013 at 11:29 am
အားးးးးးးးးးးးးးးးး
ဆိုတော့… မနာဘူးပေါ့နော် ။
:kwi:
သျှားသက်မာန်
June 4, 2013 at 11:52 am
တရားခံက အူးမိုက်… အဟိ….
ရွှေတိုက်စိုး
June 4, 2013 at 2:39 pm
ဟေးဟေး ဘာမှ မပြောသေးဘူး.. ဇာတ်ရည်လည်အောင် စောင့်ကြီးအုံးမယ်…
ဦးပါ ဆက်တင်နော် တန်းလန်းကြီးတော့ ထားခဲ့နဲ.
ဗိုလ်မင်းဘလက်ချောဆိုတော့ မျက်စိထဲသွားပြေးမြင်တာ… ဗန္ဓုလ ဝတ်စုံ နဲ. မျက်မှန်အနက်ကြီးတက်… ပရိုဘောက်ကြီး စီးပြီး…..ဟိဟိဟိဟိ….
yi yi
June 4, 2013 at 4:51 pm
ဦးပါရဲ့ သူရဲကောင်းရွေး ကိုဖတ်ပြီး
ပြန်ကာနီး အတော်ရီလိုက်ရတယ်
ဗိုက်တောင်အောင့်သွားတယ်
တစ်နေကုန်ပင်ပန်းနေတာ တောင်ပျောက်သွားတယ်
အဲ့ဒါ ပြန်လျော်ပေး