မန်းလေးဂေဇက် အလှူတော် ခရီးစဉ်အမှတ်(၃)….
လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဘဘဦးတင်ဦး၊ အမေစုတို့ အင်းတော်မြို့ရောက်ရှိခဲ့စဉ်က ဆရာဦးစောလှိုင်တို့ အဖွဲ့နှင့် အမှတ်တရ ရိုက်ကူးထားတဲ့ ပုံလေးပါ…. ဆရာဦးစောလှိုင်မှာ အကျင်္ီအစိမ်း ပုဆိုးအညိုရောင်နဲ့ပါ
ဒီနေ့တော့ မနက်ကတည်းက ရာသီဥတု သာယာနေပါတယ်….. ဒါပေမယ့် ကျနော့်ရင်ထဲမှာတော့ သာယာမှုမရှိပါ.. အဘယ်ကြောင့်ဆိုသော် ကျနော်တို့ အဖွဲ့လေး
ဖားပန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းလေးကို စာရေးကိရိယာ သွားရောက်လှူဒါန်းပြီး နောက်ရက်မှာနံနက်ပိုင်းမှာပဲ အင်းတော်မြို့က ကျနော့် သူငယ်ချင်း
ချမ်းအောင်က ” ထွန်းဝင်းလတ်ရေ … ဆရာစော ဆုံးသွားပြီ.. ၁၂ ရက်နေ့မှာ သဂြိင်္ုဟ်မယ်…” ဟု အကြောင်းကြားလာခဲ့သည်။
ဆရာစောဆိုတာက ကျနော်တို့ အင်းတော်မြို့နယ်က ၁၉၉ဝ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်လောင်းဦးစောလှိုင်ပါ။
အနိုင်ရခဲ့ပေမယ့် လွှတ်တော် အမတ်မဖြစ်ရပဲ မတရားပုဒ်မတွေနဲ့ ထောင်အကြိမ်ကြိမ်ကျ နောက်ဆုံးလွှတ်လာတော့လည်း ထောင်ရဲ့ ဆိုးကျိုးတွေ
ကျန်းမာရေးစောင့်ရှောက်ခံရမှုတွေ နည်းပါးခြင်းကြောင့် ဆရာ့မှာ အသည်းရောဂါ ဖြစ်နေတယ်ဆိုတဲ့ ဆေးစစ်ချက်ထွက်လာပြီး အလှူရှင်တွေရဲ့ ပံ့ပိုးမှုနဲ့
အိနိ္ဒယနိုင်ငံမှာ သွားရောက်ပြီး ဆေးကုသမှု ခံယူခဲ့ရပါတယ်…
ဆရာ့ကို ကျနော် ၂၀၀၃ ခုနှစ်လောက်မှ စတင် သိကျွမ်းခဲ့ရတာပါ..အရင်နှစ်တွေကတော့ ကျနော် မြစ်ကြီးနား မုံရွာ စတာတွေမှာ ကျောင်းတွေတက်နေခဲ့လို့
ရွာမှာ နေရတာနည်းနေခဲ့တာ….၂၀၀၃ ခုနှစ်မှာတော့ ကျနော် နောက်ဆုံးနှစ်စာမေးပွဲ ဖြေပြီး ယောင်ချာချာဖြစ်နေလို့ ဦးလေးဖြစ်သူက အင်းတော်မြို့ကို ခေါ်လို့ ကျနော်
လိုက်သွားရင်း ဆရာနဲ့ တွေ့ဆုံသိကျွမ်းခွင့်ရခဲ့တာပါ.. အဲ့အချိန်က ဆရာဟာ လူငယ်တွေကို နည်းပညာဆိုတဲ့ ဘာသာရပ်နဲ့ ကျွမ်းဝင်စေဖို့ ကွန်ပျူတာသင်တန်းဖွင့်ဖို့
ကြိုးပမ်းနေချိန် လူငယ်တွေကို စည်းရုံးဖို့ရာ ကျနော့်ကိုပြောခဲ့တယ်…. ဒါပေမယ့် ဆရာ ကွန်ပျူတာ သင်တန်းဖွင့်ခွင့် မရပဲ အီလက်ထရောနစ်ပုဒ်မတွေနဲ့
ကသာထောင်မှာ ၁၂ နှစ် မတရားထောင်ဒဏ်ချမှတ်ခံလိုက်ရတာပါ..
ဒီလိုနဲ့ ဆရာနဲ့ ကျနော် အဆက်အသွယ်ပြတ်နေခဲ့ရာက ၂၀၁၂ ခုနှစ် အင်းတော်မြို့မှာ စာပေဟောပြောပွဲ ကျင်းပလို့ ကျနော်သွားတော့ ထောင်ကထွက်လာတာ
မကြာသေးတဲ့ ဆရာနဲ့ ခဏတဖြုတ်ပဲ တွေ့ခွင့်ရခဲ့တယ်.. ဆရာ့ အသားအရေတွေ မလှ… ဒီနောက်မှာတော့ ဆရာ့မှာ
အသည်းရောဂါရှိနေကြောင်းဆေးစစ်ချက်ထွက်လာပြီး ဆေးကုသမှုခဲယူဖို့ ပြည်ပထွက်သွားရော… ဆေးကုရာက ပြန်လာပြီး အင်းတော်ကသူငယ်ချင်းတွေက ဆရာ
အွန်လိုင်းသုံးတဲ့ အကြောင်းသိလို့ ဆရာ့အကောင့်လေးကို အက်ပြီး ဆရာနဲ့ စကားတွေပြောခွင့်ရခဲ့တယ်…။
ကျနော်နဲ့တွေ့တိုင်း ဆရာက လူငယ်တွေကို နည်းပညာကို တတ်သိနားလည်အောင် သင်ကြားပေးလိုကြောင်း တဖွဖွပြောခဲ့တာ.. ကျနော့်ကိုလည်း
တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက် လုပ်ကိုင်ပံ့ပိုးပေးဖို့ရာ ပြောခဲ့တာ.. ကျနော်က ရွာကအခြေအနေတွေ လူငယ်တွေရဲ့ အခြေအနေတွေကို ပြောပြပြီး
သိပ်မလွယ်လောက်ဘူး ဆရာဆိုတော့… ဆရာက သိပ်မကျေနပ်ချင်…. ကျနော်ကလည်း ကျနော်ပင် လုပ်ပင် မလုပ်ကြည့်ရသေးပဲ မဖြစ်နိုင်ဘူးဆိုတာကို
သွားပြောမိတာကိုးးးး
၂၀၁၂ ခုနှစ်ကုန်ခါနီး ဆရာမော်လူးလာတော့ ကျနော့်ကိုတွေ့ချင်လို့ဆိုပြီး ခေါ်ခိုင်းလို့ ဆရာနဲ့ ကျနော် စကားတော်တော်များများပြောလိုက်ရတယ်.. ဆရာက
နည်းပညာဖြန့်ဖြူးဖို့ရာ ဘာတွေလိုအပ်မလဲပေါ့.. ကျနော့်ဘက်က လိုအပ်မဲ့ ပစ္စည်းတွေကိုပြောပြတော့ ရအောင်လုပ်ပေးမယ်ပြောခဲ့သေးတယ်… ဆရာ့ စကားတွေ
ဆရာ့ဟန်ပန်တွေက တက်ကြွမှု အပြည့်.. ကျနော်ကပဲ ဆရာ့ကို “ဆရာ ခုမှပဲ ပိုပြီးနုပြီး ချောလာတယ်” ပြောတော့ ပြုံးနေတဲ့ ဆရာ့ မျက်နှာကို
ခုချိန်ထိမြင်ယောင်ဆဲပင်.. နောက်မော်လူး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးဖွင့်ပွဲမှာ ဆရာ ဖားပန့်ရွာက စာသင်ကျောင်းလေးအကြောင်းထည့်ပြောသွားခဲ့တော့..
ကျနော် စိတ်ထဲမှာ မှတ်သားထားပြီး လုပ်နိုင်ရင် လုပ်ပေးရမယ်လို့လည်း မှတ်သားထားလိုက်တယ်…. နောက်အင်းတော်က သူငယ်ချင်းတွေက
စာပေဟောပြောပွဲကျင်းပမဲ့ အကြောင်း ဆက်သွယ်လာတော့ မော်လူးမှာလည်း ကျင်းပဖြစ်အောင် ကျနော်တော်တော်လေး ရုန်းကန်လှုပ်ရှားစည်းရုံးခဲ့ရတာရယ်….
ဒီစာပေဟောပြောပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ပေမယ့် ကျနော့်အပေါ်မှာ
အမြင်စောင်းအမြင်မကြည်လင်သူတွေများလာတာပေါ့…. နောက်ဖားပန်ကျောင်းလေးအတွက် One More အဖွဲ့ကြီးရဲ့ အကူအညီကို ရတော့ အခြေအနေတွေ
ပိုဆိုးလာကုန်တယ်.. ကျနော်ခံစားရသမျှ ဆရာ့ကို ရင်ဖွင့်ခဲ့မိတယ်… နောက်တော့မှ ဆရာ ကျန်းမာရေး အခြေအနေမကောင်းလို့ အင်းတော်ပြန်ရောက်နေကြောင်း
ကြာကြာမခံနိုင်တော့ကြောင်း အသည်းကကောင်းသွားပေမယ့် အဆုတ်ဆီကို ကင်ဆာဆဲလ်တွေ ပျံနှံ့ကုန်ကြောင်းတွေသိခဲ့ရတယ်.. ကျနော်စိတ်ထဲမှာ…
“ဪ….ဆရာ…တကယ့်ကို ပေးဆပ်ခြင်းတွေနဲ့ ဘဝကို ရှင်သန်သွား နေထိုင်သွားခဲ့တာပါလားလို့.. မှိုင်းရာပြည့် အရေးအခင်းကာလကတည်းက
ဆရာဟာ ထောင်နဲ့အိမ် ကူးသန်းသွားလာနေခဲ့တာ.. ပြည်သူတွေအတွက် လွတ်လပ်ခွင့်တွေ တရားမျှတမှုတွေကို ရရှိအောင်တိုက်ပွဲဝင်ခဲ့တာ… ဆရာထောင်ထဲမှာ
ရှိနေစဉ် ဆရာရဲ့ ဘဝလက်တွဲဖော်နဲ့ ကျေးဇူးရှင် မွေးဖခင်ကြီးကွယ်လွန်သွားခဲ့တယ်.. ဟော…ထောင်ကထွက်လာပြန်တော့ ဆရာမျှော်လင့်ခဲ့တဲ့ လွတ်လပ်ခွင့်
တရားမျှတမှုဆိုတာကို ရောင်နီမျှသာ မြင်ရသေးတဲ့ အချိန် ဆရာက ထွက်ခွာသွားခဲ့ရပြီ… ကျနော်တို့ မြို့နယ်အတွက်
ဆုံးရှုံးမှုကြီးမားလွန်းတယ်….ဆရာထွက်ခွာသွားတာ စောလွန်းနေတယ်…….
ဆရာ့ရဲ့ နောက်ဆုံးခရီးကို ကျနော်လိုက်ပါ မပို့ဆောင်နိုင်ပေမယ့်….
မျိုးဆက်သစ်လူငယ်လေးတွေကို ရွှေချပေးနေရင်း..ကျနော် ပြုလုပ်သမျှ ကောင်းမှုတွေကို ကောင်းရာမွန်ရာ ဘုံဘဝကနေ ဆရာမျှော်ကြည့်ပြီး
သာဓုခေါ်လှည့်ပါဆရာ….
ဒီနေ့ ကျနော်တို့ သွားရောက်လှူဒါန်းခဲ့တာတွေဟာ..ဆရာ့ရဲ့ နောက်ဆုံးခရီးအတွက် လိုက်ပါမပို့ဆောင်နိုင်တဲ့ ဆရာ့တပည့်တစ်ယောက်ရဲ့ တတ်နိုင်သမျှ
တတ်နိုင်တဲ့ နေရာလေးကနေပြီး ပခုံးပြောင်းတာဝန်လွဲယူမှုလို့ မှတ်ယူပေးပါ..ဆရာ……
၁၂.၆.၂၀၁၂ ရက် ဗုဒ္ဓဟူးနေ့ ကျနော်တို့ခရီးစဉ် ဒုတိယမြောက်အဖြစ်သွားဖြစ်တဲ့ ရွာလေးကတော့ ရွှေဘို – မြစ်ကြီးနား မော်တော်ကားလမ်းမကြီးရဲ့ အရှေ့ဘက်ကို
ဝင်သွားရတဲ့ မော်လူးနဲ့ ဟဲနု နှစ်ရွာကြားက ကရင်ဆိုတဲ့ ရွာလေးပါ..
ကရင်ရွာဆိုတော့ ကရင်လူမျိုးတွေ နေထိုင်တဲ့ ရွာလေးလို့ ထင်ကြပါလိမ့်မယ်… မဟုတ်ပါဘူးးး ရှမ်းနီလို့ခေါ်တဲ့ လူမျိုးတွေနေတဲ့ ရွာလေးပါ..ဘယ်သူက ဘာကို
အစွဲပြုပြီး ခေါ်ဝေါ်သမုတ်ခဲ့တယ်ဆိုတာ သေချာမသိရပေမယ့်… အမည်နာမကတော့ ကရင်ရွာဆိုပြီး ကျန်ရစ်နေခဲ့တာ…. အိမ်ခြေ (၅၀)ခန့်ရှိပြီး လယ်ယာလုပ်ငန်းနဲ့
မုဆိုးလုပ်ငန်းကို အများစုလုပ်ကိုင်ကြတဲ့ ရွာလေးပါ…။ ဒီရွာလေးရဲ့ အရှေ့ဘက်မှာ တောရှိပြီး အရှေ့နဲ့
အနောက်သွယ်တန်းနေတဲ့ တောင်တန်းပြာကြီးကိုလည်း မြင်တွေ့နိုင်ပါတယ်… ရွာလေးအတွင်းမှာတော့ ချောင်းလေးတစ်ခုကနေ
ခွဲထွက်လာတဲ့ ချောင်းလောက်မကျယ် မြောင်းထက်ကျယ်တဲ့ ချောင်းမက မြောင်းမက မြောင်းကြီးတစ်ခုက ဖြတ်သန်းစီးဆင်းနေပါတယ်… ရေကတော့
ကြည်ကြည်လင်လင်ပါပဲ.. ရွာရဲ့ အရှေ့ဘက်ထိပ်မှာ ဘုန်းတော်ကြီးကျောင်းရှိတာပေါ့…
အရင်ကတော့ ဘုန်းတော်ကြီး ကျောင်းဝင်းလေးထဲက သက်ကယ်မိုးထရံကာဇရပ်လေးထဲမှာ သင်ကြားနေခဲ့ရတာ.. ဇရပ်လေးရဲ့အောက်မှာက ရေတွေပြည့်လို့..
ကြမ်းခင်းကလည်းကျိုးတို့ကျဲတဲရယ်….. ရွာအဝင်မှာ စာသင်ဆောင်လေးကို အကြမ်းထည်ဆောက်ထားပြီး ပြီးစီးအောင် အဆုံးမသတ်နိုင်လို့
ပစ်ထားရတာလေ…ရွာသူ/သားတွေ အင်အားနဲ့ ဆက်ပြီး မဆောက်လုပ်နိုင်လို့ ပစ်ထားရတဲ့ စာသင်ဆောင်လေးကို ကရင်ရွာရဲ့ အရှေ့ဘက်တောလေးထဲမှာ
ရှိတဲ့ ဝေဘူဝေဘာတောရကျောင်းဆရာတော် ဦးအာဒိစ္စဦးစီးပြီး ကျနော်က ကိုယ်တိုင်လည်း အလှူငွေထည့်ဝင် အွန်လိုင်းက သူငယ်ချင်းတွေဆီမှာလည်း အလှူခံပြီး
မွမ်းမံပြင်ဆင် အပြီးသတ်ပေးလိုက်လို့ ကလေးတွေ သွပ်မိုး အုတ်ကာ တစ်ထပ်နံကပ်စာသင်ဆောင်လေးထဲမှာ မိုးလုံလေလုံ ပညာသင်ကြားနိုင်ခဲ့ကြတယ်…
ကျနော်တို့ အဖွဲ့လေးဟာ ဒီနေ့မှာ လူအင်အားတော်တော်နည်းခဲ့တယ်… ကျနော်အပါအဝင်အဖွဲ့ဝင်အားလုံး (၇)ယောက်ပဲ လိုက်ပါလာနိုင်တယ်.. မော်လူးနဲ့
သိပ်မဝေးတာမို့ ပစ္စည်းတွေကို ဆိုင်ကယ်တွေနဲ့ပဲ သယ်ခဲ့ကြတယ်… နံနက်ကိုးနာရီကျော်မှ ခရီးစဉ်ကို စထွက်နိုင်ပြီး ကရင်ရွာကိုရောက်တော့ ဆယ်နာရီထိုးလုပြီ…
ဆရာမလေးနှစ်ယောက်က ကျောင်းသား/သူ စုစုပေါင်း(၅၈) ဦးကို တာဝန်ယူသင်ကြားပေးနေတာပါ…။ကျနော်တို့ အဖွဲ့က လုပ်ဆောင်နေကျအတိုင်း
ပစ္စည်းလေးတွေကို နေရာချ မှတ်တမ်းတင် ဓါတ်ပုံလေးတွေရိုက် ကလေးတွေကို ဝေငှပေးပေါ့… ကရင်ဘုန်းတော်ကြီးကျောင်းကို သွားပြီး ဆရာတော်ကို
ကန်တော့ချင်ပေမယ့် ဆရာတော် ခရီးထွက်သွားကြောင်းသိရတဲ့ အတွက် မသွားဖြစ်တော့ပဲ
ဆရာမနဲ့ ကျောင်းသူ/သားတွေကို နှုတ်ဆက်ပြီး ပြန်လာကြပါတော့တယ်…
ပျော်ရွှင်ချမ်းမြေ့ကြပါစေ……..
( K.T.W.L)
3 comments
kotun winlatt
June 16, 2013 at 9:28 pm
ရွာသူရွာသားအပေါင်းတို့ခင်ဗျာ…..
အလှူခရီးစဉ် အပိုင်း(၃)ကို နှစ်ရက်လောက်ကြိုးစားပြီးတင်မှ ရသွားပါတယ်….
လာရောက်ကြည့်ရှု့အားပေးပြီး ကွန်မန့် ချီးမြင့်ကြပါသော ညီအစ်ကိုမောင်နှမများအား ပြန်ပြီး ရီပလိုင်း မလုပ်နိုင်သည်ကို ခွင့်လွှတ်ပေးကြစေလိုပါတယ်….
ကျနော့်ဆီက ကွန်နက်ရှင်က မဂွတ်လို့ဆိုတဲ့ အကြောင်းလေးပြောရင်းးးးးး
အားလုံးးးဒီတစ်ညတော့….ဂွတ်..တစ်ညပါလို့…..
kyaw hteik
June 16, 2013 at 10:48 pm
ကလေးတွေရဲ့အပျော်တွေကို တွေ့မြင်ရလို့
ဝမ်းသာပီတိဖြစ်ရပါတယ်။ကိုထွန်းဝင်းလတ်တို့ အဖွဲ့ကို
ချီးကျူ းဂုဏ်ပြုရင် ကျေးဇူးတင်ပါတယ်။အဖွဲ့ကြီးလည်း
တိုးတက်အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်။
Ma Ei
June 17, 2013 at 10:44 am
ကလေးတွေရဲ့ ပီတိအပြုံးလေးတွေ
တွေ့ရလို့ ဝမ်းသာလိုက်တာ…
ဆရာမလေးနှစ်ယောက် ကျန်းမာပါစေ…
ဖယောင်းတိုင်လေးများလဲ လောကကြီးကို ဆက်လက်အလင်းပေးနိုင်ပါစေ…