ဈေးရောင်းပါးရင်သတိထား
“ဈေးရောင်းပါးရင် သတိထား”
ဒီနေ့လက်ဖက်ရည်ဆိုင်ထိုင်ကြတော့ ဟိုပြောဒီပြောကနေ ဈေးရောင်းပါးတဲ့
အကြောင်း၊ တစ်နှစ်ထက်တစ်နှစ်ပိုဆိုးဆိုးလာတဲ့
အကြောင်း ပြောဖြစ်ကြပါတယ်။
ဒီနှစ်၂၀၁၃ခုနှစ် က ခါတိုင်းထက်ကို အရောင်းအဝယ်ပါးပါတယ်။
ရောင်းမကောင်းပါဘူးဆိုမှ ဟိုနားကကြွက်စီကြွက်စီ။
ဟိုနားက ပြဿနာပေါ် ဒီနားက ပြဿနာတက်။
ဟိုမှာဘာတဲ့ ဒီမှာဘာတဲ့ ဆိုပြန်တော့ လက်လီလဲမလာ လက်ကားဖောက်သည်လဲမလာ။
သင်္ကန်းပရိက္ခရာဆိုင်ဖွင့်ထားတဲ့ မောင်ယဉ်အောင်က
“ဒီအချိန်ဆို လူလိမ်တွေလာတတ်တယ်”လို့ပြောတော့
ကုန်မျိုးစုံရောင်းတဲ့ ကိုစိန်သော့ က “ဟုတ်ပ”လို့အားရပါရကြီးထောက်ခံပါတယ်။
အဲဒီမှာမောင်ယဉ်အောင်က
“ပူပူနွေးနွေးဗျာ ပြီးခဲ့တဲ့သောကြာနေ့ကဗျ”လို့ စကားဆက်တော့
“လုပ်စမ်းပါအုံး အတွေ့အကြုံလေးမျှစမ်းပါအုံး ကိုယ့်အလှည့်ကျရင် ရှောင်နို်င်အောင်လို့ပါ”
ဆိုပြီး “ကိုဇေယျာ မျူးိညွန့်”ကဝင်ပြီးစကားထောက်ပါတော့
မောင်ယဉ်အောင်ကဆက်ပြောပါတယ်။
“ပြီးခဲ့ တဲ့သောကြာနေ့ မနက်ဆယ်နာရီလောက်ကဗျာ
ကျနော်ဟန်းဖုန်းထဲကိုခေါ်လာတာ အဲဒီလူက
……………………………………………………….
“ကံထူး သင်္ကန်းတိုက်ကလား”
“ဟုတ်ပါတယ်ခင်ဗျ”
“ပိုင်ရှင်နဲ့တွေ့ချင်တာ”
“ သင်္ကန်းဝယ်ဘို့ဆို ကျနော်နဲ့ပြောလို့ရပါတယ်”
“ခင်ဗျားက မန်နေဂျာလား ပိုင်ရှင်လား ကျုပ်တို့ဝယ်မယ့်အရေအတွက်ကများတယ်
အဲတော့ တစ်ခါတည်း ပြတ်အောင်ပြောနို်င်တဲ့လူနဲ့ဘဲပြောချင်တာ”
“ရပါတယ် ကျနော်က ပိုင်ရှင်ပါဘဲ သင်္ကန်းဘယ်နှစ်စုံလောက်လိုချင်တာလဲ”
“များတယ် စုစုပေါင်း တွက်ရင် သောင်းချီမယ် တစ်နေရာကို ရှင်အပါးတစ်ထောင်
ဆယ်ရှစ်နေရာဆိုတော့ သောင်းရှစ်ထောင် အနည်းဆုံးဘဲ”
စကတည်းက အဲလိုကြီး လာတာဗျာ။
ခင်ဗျားတို့စဉ်းစားကြည့်ဗျာ တစ်နေ့ကို သင်္ကန်လေးငါးစုံလောက်ထွက်ဘို့
အာပေါက်နေအောင်ရောင်းရတဲ့အချိန် ဒီအရေအတွက်ဆိုတော့ မက်လောက်စရာ
ဘယ်ငြင်းနိုင်ပါ့မလဲ။
“ကျုပ်က သင်္ကန်းဈေးတွေလဲစုံစမ်းပြီးသားဗျာ ခင်ဗျားတို့ဆိုင်က သင်္ကန်းက
ဝိနည်းနဲ့ ညီတယ်လို့ သတင်းကောင်းရထားတာတစ်ချက်၊
ပြီးတော့ “ကျောင်းပြန်”တွေ “တိုက်ဆွေး”တွေမသုံးဘူးဆိုတာကတစ်ချက်
နောက်ဈေးှမှန်တာတစ်ချက်
ဒါကြောင့် ခင်ဗျားတို့ဆိုင်ကဘဲ ဝယ်မယ်လို့ ယာယီဆုံးဖြတ်ထားတာဗျာ၊
နောက် ကျုပ်တို့လိုချင်တဲ့ အရေအတွက် ပါချီပါချက်ဆိုင်နဲ့ မဖြစ်လောက်ဘူး၊
ခင်ဗျားတို့ဆိုင်လို လက်ကြီးသမားနဲ့မှဖြစ်မှာလေ။
“ဆရာတော်”ကရော “အဘ”ကပါ တိကျသေချာမှ မှန်မှန်ကန်ကန်လုပ်မှ ကြိုက်တာ။
ဒါကြောင့်လဲကျုပ်တို့က “ကံထူး သင်္ကန်းတိုက် “ကဘဲ ဝယ်ပါရစေလို့
အဘ ကိုလဲ ခွင့်တောင်း၊
ဆရာတော်ကိုလဲ လိုက်လျောဘို့ခွင့်ပန်လာရတာ
သိပ်တော့လွယ်တာမဟုတ်ဘူး။
စဥ်းစားကြည့်ဗျာ ကျုပ်တို့ဘက်ကဘယ.်လောက်တာဝန်ကြီးလဲဆိုတာ။
တစ်ခုခုလွဲချော်သွားရင် ကျုပ်ကရာထူးပြုတ်ရုံတင်မကဘူး အထဲပါဝင်ရမှာ။
”
အတော်ကို လေကောင်းတဲ့လူဗျာ ပြောသွားတာများ တစ်ချက်မှ မရပ်ဘူး။
ဘာမှထပ်မေးစရာ မလိုအောင်ကို သူပြောတဲ့စကားနဲ့တင်ပြည့်စုံနေတယ် ။
ဘာပြန်လှန်မေးခွန်းမှထုတ်စရာမလိုလောက်အောင်ကို ပြောသွားတာ။
နောက်ကိုယ့် သင်္ကန်းတိုက် ကလဲ နာမယ်ကောင်းလို့လာတယ်ဆိုတာသိရတော့
စိတ်ထဲမှာ ဘဝင်တော့မြင့်ချင်ချင်ရယ်။
ကျနော်တောင်ဘာမှပြန်မပြောရသေးဘူူး သူကဘဲဆက်ပြီး
“အခုအဖြေမပေးပါနဲ့အုံး စဉ်းစားချိန်တော့ပေးပါမယ်။
လုပ်နိုင်မှ လက်ခံပါ။
ခင်ဗျားမရဘူးဆိုမှ ကျုပ်ဒီပြင်သင်္ကန်းတို်က်နဲ့ဆက်မယ်၊
၁၃နာရီ အဲယောင်လို့ဗျာ စစ်သားဆိုတော့အကျင့်ပါနေတာ
နေ့လည် တစ်ချက်လောက် ဒီဖုန်းကိုပြန်ဆက်ဗျာ။
ရတယ် အားနာစရာမလိုဘူး ခင်ဗျားလက်ခံနိုင်မှလက်ခံ၊
ခင်ဗျားလုပ်နိုင်တယ်လို့ အကြောင်းပြန်မှ ဈေးနူန်းကိစ္စအပြီး ပြောမယ်။
စိတ်ချ ခင်ဗျားဘက်က နစ်နာတယ်ဆိုတာ မရှိရစေဘူး။
တကယ်လို့ အလုပ်ဖြစ်တယ်ဆိုရင် ခင်ဗျားတို့ကိုငွေချေဘို့ ဘဏ်ကနေငွေထုတ်ရမယ်။
အဲဒါကတော့ ဘုန်းဘုန်းကိုယ်တိုင်လိုက်ပြီးထုတ်ပေးမှရမယ်။
ဘဏ်အကောင့်က ဘုန်းဘုန်းနံမယ်နဲ့ထားတာ။
ဒီနေ့ သောကြာဗျာ။
အဲတော့ စနေ တနင်္ဂနွေကြား ၂ရက်တော့ စောင့်ရမယ်။
ခင်ဗျားတို့လက်ခံမယ်ဆိုရင် တနင်္လာနေ့မှာ စရံငွေတစ်ဝက်ချပေးမယ။်
ဒါမှခင်ဗျားတို့လဲ လိုအပ်တာဝယ်လို့ရမယ်၊
ခင်ဗျားတို့ငွေနဲ့ အကုန်စိုက်ပေးထားရမယ်ဆိုရင် ခင်ဗျားတို့လဲငွေမောမယ်။
အဲတော့ သင်္ကန်းအားလုံး (၂)လအတွင်းအပြီးအပ်။
အကုန်အပ်ပြီးတဲ့ နေ့ကျန်တဲ့ငွေချပေးမယ်။
ဒီ့အတွက် ကျုပ်ကို ဘာမှပေးစရာမလိုဘူး။
ကျုပ်ဆောင်ရွက်ပေးတာကို အဘနဲ့ ဘုန်းဘုန်းက
အသိအမှတ်ပြုတယ်ဆိုရင်တော်ဘီ”
ကဲ ဒီထက်ကောင်းတဲ့ဈေးဝယ်ရှိအုံးမလားဗျ။
လေးငါးခြောက်လစာလောက်တစ်ချီထဲရောင်းရမှာ။
ဘာဘဲပြောပြော ကျနော့် စိတ်ထဲအတော်ဝမ်းသာသွားတယ်
အဲဒါနဲ့ မိန်းမကိုလှမ်းဖုန်းဆက်ပြောတော့ ဝမ်းသာလွန်းလို့ထင်ပါရဲ့ ကျနော့်ကိုပြန်ဖြေတဲ့ လေသံကအသံတွေတောင်တုန်နေတယ်။
ကျနော်တို့ တံဆိပ်ပေးချုပ်ထားတဲ့ စက်ဆိုင် တွေဆီ ကိုလဲ တစ်ရက်ကိုအများဆုံးဘယ်နှစ်ထည်
ကျအောင်လုပ်နိုင်လဲမေး။
သူတို့နိုင်မနိုင်လောက်ရင် ကိုယ့်နဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကို တံဆိပ်ပေးပြီး
တစ်ဆင့်ပြန်ခိုင်းပေါ့။
ဒါဆိုရင်ကို ချုပ်ချင်တဲ့သူတွေပုံလို့။
ဂိုဒေါင်မှာသင်္ကန်းဘယ်နှစ်စုံရှိလဲဆိုတာ ကွန်ပြူတာထဲဖွင့်ကြည့်။
ကုန်လက်ကျန်နဲ့ သူ့ကိုအပ်ရမယ့် ရက် မှီပါ့မလားဆိုတာကို တွက်ကြည့်နဲ့ စိတ်ရောလူပါ အလုပ်တွေရှုပ်နေပါတယ်။
ဒါပေမယ့် စိတ်ထဲမှာအလိုလိုနေရင်းကိုပျော်နေတာဗျာ။
*********************************************
“ဒီလိုအရောင်းအဝယ်ပါးတဲ့အချိန်မှာ ဒီလိုဖောက်သည်မျိုးရရင်တော့ ဘယ်သူမဆိုဝမ်းသာမှာဘဲဗျာ။
ကျုပ်ကတော့ လွန်ခဲ့တဲ့သုံးနှစ်က ကြုံခဲ့တာ” လို့
ကိုစိန်သော့ က သူ့ထုံးစံအတိုင်း အားရပါးရကြီးဝင်ပြောပါတယ်။
“ကျနော်တို့ ဆီလာဝယ်တဲ့ကောင်က ယဉ်တယ်။
သူက မြစ်ကြီးနား ဘက်တင်ဘို့ဆိုပြီးလာဝယ်တာ။
ဖားကန့် မှော်ထဲ ကို ပို့မှာလို့လဲပြောပါတယ်။
လူကတော့ ခပ်အေးအေး ခပ်ရိုးရိုး ပုံစံမျုးိပါဘ ဲ။
စကားပြောတာကလဲ ယဉ်ယဉ်ကျေးကျေး ။
အဲဒီတုံးက ဓါတ်ခဲက အရမ်းရောင်းကောင်းတဲ့ မရှိမဖြစ်ပစ္စည်းဗျာ။
မီးအမြဲပျက်တာလဲပါတယ်။
နယ်က ဖားရှာငါးရှာဆိုတဲ့လူတွေကလဲ ဒုတ်မီးအမြဲသုံးတာကိုး။
ကျောက်တူးရွှေတူးသမားကလဲ တွင်းထဲဆင်းရင် ဒီဒုတ်မီးက မရှိမဖြစ်။
သူလိုချင်တာက မျောက်ဖြူ ဓါတ်ခဲရယ် ရွှေဝါဆပ်ပြာရယ်
ငါးသေတ္တာရယ် သုံးမျိုး ပေါ့။
တစ်မျိုးကို ဖာတစ်ရာစီယူမယ်။
နောက်နို့ဆီကတော့ “Dawn “နို့ဆီယူမယ်။
အဲဒါကတော့ ဖာငါးဆယ်ထဲဘ ဲယူမယ်ပြောပါတယ်။
ပစ္စည်းကို သူ့ဂိုဒေါင်ချပေးရမယ်။
ဂိုဒေါင်ချပြီးတာနဲ့ ငွေအကြေပေးမယ်လို့ဆိုပါတယ်။
စုစုပေါင်း သိန်းတစ်ရာဘိုးလောက်ရောင်းရမယ်ဆိုတော့ ပျော်သွားတာပေါ့။
နောက်လက်ငင်းလဲပေးတာကိုး။
အဲတော့ သူ့ကိုသေချာအောင်မေးရတော့တာပေါ့။
ဓါတ်ခဲဆိုလဲ မျောက်ဖြူလား မျောက်စိမ်းလား
ရွှေဝါဆိုလဲ မန်းလေးလား ရန်ကုန်လား
ငါးသေတ္တာဆိုလဲ အေဝမ်းလား ရွှေလိပ်ပြာလား မေးရ ပစ္စည်းတွေကို
သူကအဝေးတင်မှာဆိုတော့ ကားခလည်းရှိမယ် အဲတော့ ဈေးနည်းနည်းသက်သာတာဘဲယူမယ်လို့ပြောပါတယ်။
တကယ်ဝယ်တော့လဲ ဈေးတောင်မဆစ်ဘူး သူများထက် တော့ မများစေနဲ့ ပေါက်ဈေးမှန်ရင်ပြီးတာဘဲလို့ပြောပါတယ်။
သူက သူ့ဆရာခိုင်းလို့ဝယ်ပေးရတာပေါ့။
သူ့ဆရာက စိတ်ပြတ်တယ် ငွေရေးကြေးရေးလဲ ပေးရင်ပြတ်သလို သူမကြိုက်ဘူးဆိုလဲ
ဗူးဆို ဖရုံမသီးဘူး နောက် အနည်းဆုံးတစ်လကို နှစ်ကြိမ်ဝယ်တယ်။
မှော်ထဲမှာရော မိုးကောင်းမှာရော မြစ်ကြီးနားမှာပါ ဆိုင်ခွဲတွေဖွင့်ထားတာလို့ပြောပါတယ်။
အဲတော့ သူနဲ့ ဈေးနူန်းပြော ဘောက်ချာဖွင့်ပေါ့။
ဘောက်ချာမဖွင့်ခင် သူ့ကိုမေးရသေးပါသေးတယ်။
ဘောက်ချာကို ဝယ်ဈေးအတိုင်းဖွင့်ရမှာလား။
ဘောက်ချာအလွတ်ပေးလိုက်ရမှာလား။
ဒါမှမဟုတ်ဈေးနူန်းပြင်ဖွင့်ပေးရမလားဆိုတော့။
မလိုဘူးတဲ့ ဒီလိုမမှန်မကန်တွေမလုပ်ဘူးလို့ပြောတော့
သူ့ကိုတောင်ကျုပ်ကလေးစား သွားလိုက်ပါသေးတယ်၊
ရှားပါးလူသားပေါ့။
သူဒီလောက်ကောင်းမှတော့ ကျုပ်ကလဲ ပို့ခမယူူဘူးလို့ပြောတော့
ပို့ခဘယ်လောက်ကျလဲတဲ့ ပုံမှန်ဆိုရင် တစ်ဖာ ကို ငါးဆယ်လို့ပြောတော့
အဲဒီပို့ခလျော့ပေးထားတဲ့အကြောင်း ဘောက်ချာမှာထည့်ရေးလိုက်လို့ပြောတော့
ပိုလိုတောင်လေးစားသွားပါသေးတယ်။
ဒါနဲ့ဘဲ ပို့ရမယ်လိပ်စာတွေဘာတွေတောင်းထားပြီး ပို့ဘို့ စီစဉ်ရပါတော့တယ်။
ကျနော်တို့သုံးတဲ့ ဒိုင်နာနဲ့ဆို နှစ်ခေါက်ပြန်ပြီးပို့ပေးရပါတယ်။
သူ့ဂိုဒေါင်ကို ပို့လို့လက်ခံရပြီးရင်သူတည်းအိမ်ကိုလာပြီး ငွေယူပါဆိုပြီးပြန်သွားပါတယ်။
ပစ္စည်းပို့ပေးရတဲ့နေရာနဲ့ ငွေသွားယူပေးရမယ့်နေရာ နည်းနည်းတော့လှမ်းပါတယ်။
နောက်နှစ်နာရီလောက်ကြာတော့ အဲဒီလူဖုန်းဆက်လာပါတယ်။
ခင်ဗျားလူတွေ ပိုက်ဆံရေနေတာမပြီးသေးဘူး ဒီမှာဘဲရှိသေးတယ်
ပြောရမှာအားနာတယ်ပေါ့။
သူ့အခုဝယ်တာက ရောင်းကွက်ကြည့်ပြီး ဈေးသက်သာတာဝယ်ထားတယ်
သူ့ဆရာက ဈေးကြီးရင်ကြီး ကောင်းတာဘဲဝယ်ရမယ်ပြောနေတယ်။
အဲတော့ ဈေးနူန်းကွာခြားချက်ကို အခုငွေလာကောက်တဲ့လူတွေနဲ့တစ်ခါတည်းပေးလိုက်မယ်။
ပစ္စည်းပြန်လဲပေးဘို့ပြောပါတယ်။
နောက်နက်ဖြန်မှာ မီးရထားတွဲရှိလို့ကုန်တင်မှာဆိုတော့ ဒီနေ့မှီအောင်ပို့ပေးမှရမယ်လို့ဆိုပြန်ပါတယ်။
ကားခလဲ ယူသင့်တာယူပါလို့ပြောပါတယ်။
ဒါနဲ့ဘဲ ကြာနေမှာစိုးတော့ နောက်ထပ်ကုန်ပို့တဲ့အဖွဲ့တစ်ဖွဲ့ကို ပစ္စည်းအသစ်တင်ပြီးသွားပို့။
အဟောင်းပြန်သယ် လုပ်ပေးရတော့တာပေါ့ ။
ကျုပ်က ဆီဘိုးနဲ့လုပ်သားခနှစ်ခါကုန်သွားတာပေါ့။
ဒီလူက တော်ပါတယ် နောက်တစ်ခါထပ်ပို့တဲ့ ကားခနဲ့လုပ်သားခကို သူဘဲရှင်းပေးလိုက်တာပါ။
ဒီလိုဈေးဝယ်မျိုးက ရှားပါး ပေါ့။
??????????????????????????????????????????????????????????????????
“ခင်ဗျားတို့ဟာက ခုထိတော့ အိုကေနေတာဘဲ ဘယ်နေရာမှာအလိမ်ခံရလို့လဲ”
အဲလိုမေးလိုက်တော့
“အိုးခံရတာမှ ပက်ပက်စက်စက်ဗျာ”လို့ကိုစိန်သော့ကပြောပါတယ်။
“ပိုက်ဆံကတော့ သူပြောတဲ့အတိုင်းချေပေးတာ တစ်ပြားမကျန်ဘဲ၊
အဲ ခံရတယ်ဆိုတော့ နောက်တစ်လလောက်နေမှသိတာ။
သူ့ဆီကပြန်သယ်လာတဲ့ ပစ္စည်းတွေကို နောက်ကုန်သည်တွေဆီပို့မှ သိရတော့တာ၊
ရွှေဝါဆပ်ပြာက တစ်ဖာကို အဖြတ် ၈ဝပါရမှာ ကို တစ်ဖာဆယ်ချောင်းစီနုတ်ထားတယ်လေ။
အဲတော့ တစ်ဖာကို (၇၀)ဘဲ ပါတော့တယ်။
အဲတော့ သူဆီကပြန်သယ်လာတဲ့ ဖာတစ်ရာက ဖာ(၈၀)ကျော်ကျော်ဘဲပြန်ရတယ်။
နို့ဆီကလဲကျုပ်ပို့ပေးတာ Dawn နို့ဆီအကောင်း။
အထဲကဖာတွေထဲမှာ တံဆိပ်မပါတဲ့ အပြင်လုပ်ချက်နို့ဆီတွေဖြစ်နေတာ။
ဓါတ်ခဲကျတော့ အပျက်တွေ ပြန်ထည့်ထားတာ အကောင်းက ဆယ်ဖာလောက်ဘဲပါတယ်။
ငါးသေတ္တာဘူးတွေက လဲ တံဆိပ်မမှန်တာတွေတို့ အပျက်တွေ အပုတ်တွေရောထဲ့ထားတာ။
သူဆီသွားပို့တာ တစ်ဖွဲ ့ပြန်သည်တာ တစ်ဖွဲ့ ဖြစ်နေတာရယ် နောက်တစ်ချက်က သိပ်မကြာသေးခင်
ကမှ ချထားတာဆိုတော့ ဒီလိုမကောင်းတာတွေနဲ့ လဲထားမယ်မထင်မိတော့ အလုပ်သမားတွေကလဲ
ဒီအတိုင်းကောက်တင်လာတာပေါ့။
ကျုပ်သိန်းလေးဆယ်နီးပါးလောက် လစ်သွားတာပေါ့ဗျာ။
ဒါတောင်တော်သေးတယ် ငါးသေတ္တာ ဘူးအပုတ်တွေကို စက်ရုံက ပြန်လဲပေးလို့ ခံသာသွားတယ်လို့ ပြောပါတယ်။
သူကြည့်ရတာပြန်ပြောရင်းတောင်နှမျောနေသလို။
“ကျနော်ကတော ကံကောင်းလို့ လက်မတင်လေး လွတ်သွားတယ်”လို့
မောင်ယဉ်အောင် က ခပ်ပြုံးပြုံး လေးနဲ့ပြောပါတယ်။
*******************************************************************************
ကျနော်က ကဲ မောင်ယဉ်အောင်ရေ ဇာတ်ပေါင်းခန်းလေးလုပ်စမ်းပါအုံးလို့
ပြောတော့ ……………..
အဲဒီနေ့ နေ့လည်ကျတော့ သူတု့ိပြန်ဖုန်းဆက်လာတယ်လေ။
သူကဘဲစပြောတာ
“ခင်ဗျားတို့အလုပ်လက်ခံမယ်ဆိုရင် “အဘ”ကိုတော့ ဂါဝရ ပြုရလိမ့်မယ်၊
ဒါကလဲ ကြားကနေပြီး ကျုပ်ကစီစဉ်ပေးတာပါ။
အခုချိန်က သိတဲ့ အတိုင်း စီဂျီခေတ် ကိုရောက်နေတာ။
လာဘ်ပေးလာဘ်ယူတွေကို ပပျောက်အောင်လုပ်နေကြတာ။
ဒါက လာဘ်ပေးတာမဟုတ်ဘူး ကိုယ့်ကို ကူညီပေးသူကို ပြန်ဂါဝရပြုတာဘဲ။
အဘရဲ့စေတနာကို ပြန်ပြီး တုံ့ပြန်သင့်တာ ကျုပ်က ကြားထဲကလုပ်ပေးတာ။
ဒါပေမယ့် ဒီငွေက ခင်ဗျားတို့ထဲက မပါစေရဘူး။
ကျုပ်စီစဉ်ပြီးသား။
အခုရက်သင်္ကန်းပေါက်ဈေးက ၁၈၀၀ဝနဲ့ ၂၀၀၀ဝကြားရှိတယ်။
အဲတော့ ခင်ဗျားတို့ရောင်းတဲ့ အထဲက ၁၈၀၀ဝတန်ကိုယူမယ်။
ဒါပေမယ့် ဘောက်ချာမှာတော့ ၂၀၀၀ဝဖွင့်.။
အဲဒီထဲက ၁၅၀ဝကို အဘကို ဂါဝရပြုလိုက်။
၅၀ဝကတော့ခင်ဗျားတို့ယူ။
ကျုပ်ကိုပေးစရာမလိုဘူး။
သိုသိုသိပ်သိပ်တော့လုပ်။
လူသိလို့မဖြစ်ဘူး၊
ဒါပေမယ့် ခင်ဗျားတို့က ဒီအလုပ်ကိုလက်ခံမယ်ဆိုရင်
အဘကို ဂါဝရပြုရမယ့်ငွေကိုတော့ ခင်ဗျားတို့က စိုက်ထားရလိမ့်မယ်။
နက်ဖြန် နေပြည်တော်လာခဲ့ဗျာ။
ရန်ကုန်ကနေလာရင် ခဏမောင်းရတာပါ။
အဘအတွက်ငွေလာပို့ပေး။”
လို့ပြောလာပါတယ်။
ကျနော်လဲ ဘာပြန်ပြောရမှန်းတောင် မသိဘူးဖြစ်သွားပါတယ်။
“ဟုတ်ပြီ ဒါဆိုလဲ ခင်ဗျားနာမယ်ရယ် အဘနာမည်ရယ်ပြောဗျာ။
နက်ဖြန်လာရင် နေပြည်တော် တော့ဟုတ်ပြီ ဘယ်လာတွေ့ရမလဲ”
လို့ပြန်မေးတော့ သူ့နာမယ်နဲ့ရာထူးတော့ ပြောပြပေမယ့်
“ခင်ဗျားကလဲ ခက်ပါဗျာ သိုသိုသိပ်သိပ်လုပ်ပါတယ်ဆိုမှ
အဘနာမယ် ပြောစရာလိုလားဗျာ။
ကျုပ်တစ်ယောက်လုံးအာမခံထားတာကို”လို့ပြောလာပါတယ်။
ပြီးမှ
“နက်ဖြန်မနက် နေပြည်တော် မြို့မဈေးကိုလာခဲ့ ။
ကျုပ်ကအဲဒီနားရောက်ရင် ခင်ဗျားဆီကို ဖုန်းဆက်လိုက်မယ်”
လို့ပြောလာတာနဲ့
ကျနော်က ဆက်ပြီး
“တစ်ခုတော့ ရှိတယ် အဘ ကို ဂါ ဘို့ ပိုက်ဆံလက်ထဲမှာအဆင်သင့်
ရှိမရှိ ကျနော့်မိန်းမ ကိုမေးရအုံးမယ်”လို့ပြောတော့
“ခင်ဗျားတို့ အရပ်သားတွေနဲ့ အလုပ်မလုပ်ချင်တာ ဒါတွေဘဲ။
ဘာမှ ပြတ်ပြတ်သားသားမရှိဘူး ။
ညကျုပ်ပြန်ဆက်မယ်”ဆိုပြီးဖုန်းချသွားပါတယ်။
အဲဒီမှာကျနော်လဲ စိတ်ထဲ ဇဝေဇဝါဖြစ်လာပါတယ်။
သူ့ဆီက ပိုက်ဆံက တနင်္လာမှရမှာ ကိုယ်က လောလောဆယ်
သိန်းနှစ်ရာ ကျော်ကျော်လောက်အရင်စိုက်ထားရမယ်ဆိုတော့
သိပ်သဘာဝမကျဘူးထင်လာပါတယ်။
ဒါနဲ့ ကျနော်တို့လိုလုပ်ငန်းရှင်တွေဆီကို ဆက်။
ရှင်အပါးတစ်ထောင် လူမယ်ဆိုတဲ့ အသံကြားမကြားပေါ့။
နောက်မင်းပေါက်စိုးပေါက်သူငယ်ချင်းတွေဆီကိုလဲ ဆက်ပေါ့။
နိုင်ငံတော်က ကျင်းပမယ့် အလှူအတန်းရှိသလားပေါ့.။
အဲဒီမှာ ဘယ်မှာမှအလှူအတန်းမရှိဘူးဆိုတာသိလာရပါတယ်။
ဒီလောက်ကြီးမားတဲ့ အလှူသာမှန်ရင် လူအတော်များများသိမှာအသေအချာ။
အဲဒါနဲ့ သူပေးထားတဲ့ ဖုန်းနံပါတ်ကို ပြန်နှိပ်ကြည့်တော့
ကလေးမလေးတစ်ယောက်ဖုန်းကိုင်ပါတယ်။
သူပြောသွားတဲ့ နာမယ် နဲ့တွေ့ချင်တယ်ပြောတော့
“အဲဒီလူကြီးက ပြန်သွားပြီရှင့်။
သမီးတို့ဖုန်းက ပီစီအိုရှင့်” လို့ပြန်ဖြေသံအကြားမှာသဘောပေါက်သွားပါတယ်။
“အဲတော့ ဘာဆက်ဖြစ်သေးလဲဗျာ” လို့ကျနော်ကမေးတော့
“ဘာဖြစ်ရမှာလဲ ဗျာ ညအဲဒီလူဖုံးထပ်ဆက်လာတော့ အလုပ်ကို လက်မခံဘူးလို့ပြောလိုက်ရတာပေါ့။
ကိုယ်က သူ့ကို မသိတဲ့လူ သူက ကိုယ့်ကိုသိနေတာလေ။
အဲတော့ သံသရာမရှည်ချင်ဘူးဗျာ။
သူလိမ်မှန်းသိနေတော့ လည်း ဘာမှပြောမနေဘဲ ငြင်းလိုက်ရတာပေါ့။”
ပြန်တွေးကြည့်တော့ လိမ်တယ်ဆိုတဲ့သူတွေက အတော်နပ်တဲ့ လူတွေလို့ဘဲပြောရပါတော့မယ်။
သူတို့က သေချာကိုလေ့လာပြီးမှ လုပ်တာကိုးဗျ။
နောက်လုပ်တဲ့အချိန်ကိုလဲ အချိန်ကိုက်ရွေးပြီးမှာလုပ်သလို လူ့အကြိုက်ငွေနဲ့လဲမျှား
လူတွေကြောက်တတ်တဲ့ စကားလုံးတွေကို အသုံးချပြီးလိမ်ကြတာကိုးဗျ။
နောက်ကျနော်တို့ တတွေရဲ့အရိုးစွဲနေတဲ့ လူကြီးနာမယ်ကြားလိုက်ရင်
အလိုလိုကြောက်နေတဲ့ စိတ်တွေကလဲ လိမ်ချင်သူတွေရဲ့စိတ်ကြိုက်ပါဘဲ။
အဲလိုကြောက်တော့ တကယ်ဟုတ်မဟုတ် မဆင်ခြင်နိုင်တော့တာအမှန်ပါဘဲ။
အလိမ်ခံရတဲ့လူတွေကတော့ ရိုးလွန်းအလွန်းသူ လောဘကြီးသူ အားနာတတ်သူ
နဲ့ကြောက်တတ်သူ တွေပါဘဲ။
သူများဟာအလကားရချင်နေသူတွေကတော့ လိုက်လိမ်နေမှာပါဘဲ။
ကိုယ်ကသာ ဆင်ခြင်ဉာဏ်နဲ့လွတ်အောင်ရှောင်နိုင်ဘို့လိုပါတယ်။
အင်း ဈေးရောင်းပါးရင် သတိသာထားပေတော့။
ဈေးဝယ်လာမလာ မသေချာပေမယ့် လူလိမ်ကတော့ သေချာပေါက်လာမှာနော်။
ကိုပေါက်(မန္တလေး)
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
16-6-2013
17 comments
မောင် ပေ
June 25, 2013 at 6:26 pm
ဒီ လို ရိုက် စား ဂွင် တွေ ထပ် ရေး ပေး ပါ ဦး
ဒါ မှ ၊ မ သိ သေး တဲ့ လူ တွေ လဲ
ကြုံ လို ့ တိုက် ဆိုင် တဲ့ အ ခါ ၊ သ တိ တ ရ ဆင် ခြင် နိုင် အောင်
โทรศัพท์มือถือ
June 25, 2013 at 8:43 pm
မှန်ပေတယ်ဗျာ…. ကိုပေါက်ရေးတာလေးဖတ်ပီး သတိဝရိယထားဖို့ သတိလေးရလာတယ်…
ခုနေခါမယ်က မိုးရာသီရောက်နေလေတော့… အခြားဒေသတော့မသိ …မြဝတီမှာဂ
အဲ့ဗီးဒေးနီးပါး မိုးကဖျောက်တောက်ဖျောက်တောက်…. အရောင်းအဝယ်ပါးလှပါ၏….
အရောင်းအဝယ်ပါးလို့ဘာလုပ်ရကောင်းမလဲစဉ်းစားနေတာာ…
လက်စသတ်တော့ သတိထားရမှာဖြစ်ပေတယ်ကိုဗျ……….
လိမ်ခံရမှာတော့ ပူစရာလိုဗါဘူးဗျာ… အလိမ်ခံရစရာပစ္စည်းမှ ဘာမှမရှိတာကိုးးးးးး
ဒါပေသိ မရှိတာလေး လိမ်သွားခြင်းမခံရအောင် သတိတော့ထားမှ……….
အလင်း ဆက်
June 25, 2013 at 9:16 pm
ဆင်ခြင် သင့်တဲ့ အချက်ပါပဲ.. ။
uncle gyi
June 25, 2013 at 10:53 pm
နေအေးရဲ့နည်းတွေကိိုမော်ဒန်ဖိုုင်းလုပ်သွားတာ
ရိုးပါ့ရွာစားရယ်လို့ပဲပြောရမယ်
ဒါထက်စကားမစပ်
အလိမ်ခံရတာကိုပေါက်တော့မဟုတ်ပါဖူးနော်
ဦးဦးပါလေရာ
June 26, 2013 at 1:02 am
အလိမ်ခံရတဲ့ အဖြစ်အပျက် အများစုမှာ
မက်မောလောက်တဲ့ အခွင့်အရေးကို ပြပြီး လိမ်တာတွေ့ရတယ် ကိုပေါက်ရေ ။
ခက်တာက မက်မောလောက်တဲ့အခွင့်အရေးဆိုပြန်တော့လဲ
အလွတ်မခံနိုင်ပေဘူးမဟုတ်လား..။
Ma Ma
June 26, 2013 at 7:23 am
မိုးတွင်းဈေးရောင်းပါးနေတာနဲ့ ကိုပေါက်စာနဲ့ အံကိုက်ပဲ။
ုမြန်မာပြည်မှာ အင်တာနက် ရခါစက နိုင်ငံခြားကနေ အီးမေးလ်နဲ့ ကိုယ့်ဆီက ပစ္စည်း ဝယ်ချင်တယ်လို့ ဆက်သွယ်လာတယ်။
လို်ချင်တဲ့ပစ္စည်း အရည်အသွေး၊ ပမာဏ၊ ဈေးနှုံးတွေ ပြောဆိုကတည်းက ဝယ်သူဘက်က လိုက်လျောမှုတွေ များလွန်းတယ်လို့ ထင်မိပေမယ့် ကိုယ့်ဆီကလည်း ငွေပို့ပြီးမှ ပစ္စည်းပို့ရမှာမို့ ကိစ္စမရှိဘူးလို့ပဲ တွေးမိတယ်။
အားလုံးပြောဆိုပြီးတော့မှ သူတို့နိုင်ငံကို ပထမဦးဆုံးပစ္စည်းပို့ဖို့အတွက် ကိုယ့်တံဆိပ်ကို သူတို့နိုင်ငံမှာ မှတ်ပုံတင်ရမယ်။
မှတ်ပုံတင်ကြေး $ ၁၀၀ဝ ပို့ပေးရမယ်ပြောတယ်။
နဂိုကတည်းက စိတ်ထဲလည်း သိပ်မသင်္ကာတာနဲ့ ကျမတို့ ပို့ပေးမယ့် ပစ္စည်းဖိုးထဲက အရင်ကြိုပေးပြီး ပစ္စည်းဖိုးကို ခုနှိမ်ပြီးပေးပါပြောလိုက်တော့ ပြန်မလာတော့ဘူး။
KZ
June 26, 2013 at 8:20 am
အရောင်းအဝယ် လောကနဲ့ ဝေးတာမို့
အတော်ကို ကြိုးစားပြီး ဖတ်လိုက်ရတယ် လေးပေါက်ရယ်။
ဘာပဲဖြစ်ဖြစ် သိထားတော့ အတော်လေး အကျိုးရှိပါ၏။ 🙂
မင်းမင်း
June 26, 2013 at 8:30 am
အားပေးသွားပါတယ်။
ဈေးသည်ဘဝတစွန်းတစ သိရပါတယ်။
ကောင်းပါတယ်။
ဦးကြောင်ကြီး
June 26, 2013 at 10:13 am
ဦးပေါက်.. စားစရိတြ်ငိမ်း အပြီးအစီး တလဆယ်သိန်းနဲ့ အရောင်းမန်နေဂျာ ခန့်ဖို့ ချောချောလှလှ တောင့်တောင့်ဖြောင့်ဖြောင့် အမှန်အကန် သာမီးလေး ဆယ်ယောက် လိုဂျင်တယ်။ ဆိတ်ဝင်စားလား.. ဝင်စားရင် မြက်ရိတ်ထားပါ…။
kyeemite
June 26, 2013 at 1:27 pm
ကံကောင်းလို့ပါလားမောင်ယဉ်အောင်ရယ်… 😆
လက်ကားအရောင်းအဝယ်ဆိုတာအပြန်အလှန် ယုံကြည်မှုနဲ့
လုပ်ကြရတာနော..ဒါပေမဲ့ ဒီခေတ်ကြီးက သတိထားနိုင်မှတော်ကာကျမှာ
ကောင်းပါလေ့ကိုပေါက်ရေ…
ko pauk mandalay
June 26, 2013 at 10:30 pm
ဒီစာလေးရေးဘို့ လမ်းစပေးတဲ့သူကတော့
ကျနော်တို့ရဲ့ ရွာသူတစ်ဦးပါခင်ဗျာ။
သူအတွေ့အကြုံလေးပြောပြတာကို ကျနော်က အဆာပလာထည့်ပြီးချက်လိုက်တာပါ၊
နောက်တစ်ပိုင်းရေးထားပါသေးတယ်။
အဆင်သင့်ရင်ပိုစ်တင်ပေးပါမယ်။
kotun winlatt
June 27, 2013 at 8:06 am
ဟုတ်….လေးးးးပေါက်ရေ….နောက်တစ်ပိုင်းကို မျှော်နေကြောင်းးးးးးဘာ….
padonmar
June 27, 2013 at 10:58 pm
ကိုပေါက်ရေ
တန်ဖိုးကြီးတဲ့ အတွေ့အကြုံတွေပါပဲ။
သိထားရင် ဆင်ခြင်နိုင်တာပေါ့။
ကျမတို့ ပတ်ဝန်းကျင်မှာလည်း အဲသလို အလိမ်ခံရလုနီးပါး/အလိမ်ခံလိုက်ရ တဲ့ ဇာတ်ကြောင်းတွေရှိပါတယ်။
စိတ်လက်ပေါ့ပါးပြီး ရာသီဥတုကောင်းရင်တော့ ကိုပေါက်နောက်လိုက်ပါအုံးမယ်။
TNA
June 27, 2013 at 11:03 pm
တော်တော်ကိုဗဟုသုတရပါတယ်လေးပေါက်ရေ။ နောက်တပိုင်းလဲမျှော်နေပါတယ်။
ဦး ကြိမ်
June 28, 2013 at 4:45 am
သိပ်တော်တယ်ဗျာ.ဒီလူတွေကို
တိုင်းပြည်အတွက်သာအသုံးချခွင့်ရရင်တော်တော်အကျုိုးရှိမှာပဲ….။
ko pauk mandalay
June 28, 2013 at 1:30 pm
အမှန်က ကျနော်ရေးနေကျအတိုင်း ဆောင်းပါးတစ်ပုဒ်မှာ အဖြစ်အပျက်သုံးခုနဲ့ရေးထားတာပါ။
ဒါပေမယ် ကုမုဒြာကို ပို့မယ်လို့စိတ်ကူးဖြစ်တော့ ဂျာနယ် တစ်မျက်နှာစာ(A4 စာရွက် ငါးမျက်နှာ)ဖြစ်အောင်
ပြန်ပြင်ရေးလိုက်တော့ တစ်ပိုင်းဖြုတ်ထားခဲ့ရပါတယ်။.
အဲလိုချန်ခဲ့တာလေးကို နောက်ထပ် အဖြစ်အပျက်တစ်ခုနဲ့တွဲလိုက်ရင် အပိုင်း(2)ဖြစ်သွားပါမယ်။
လာမယ့် တနင်္လာနေ့မှာ ပြီးအောင်ရေးပြီးတင်ပေးပါမယ်နော်.။
Ma Ei
June 28, 2013 at 1:49 pm
တနင်္လာနေ့ စစချင်း
အရင်ဦးအောင်ဖတ်ရမယ်…