မန်းလေးဂေဇက် အလှူခရီးစဉ် ( ၈)……
နားမကျိုင်းရွာလေးကနေ မြောက်ဘက်ကို ဆက်ထွက်လာပြီး မကြာခင်မှာပဲ နမီးချောင်းကို ဖြတ်ကူးကြရတော့တာပါပဲ…။ ဒီချောင်းဖျားလေးမှာ မူလခေါင်တုန့်စည်ရွာ တည်ရှိပါတယ်။ ဒီချောင်းလေးကိုပဲ ကျနော်တို့
သုံးကြိမ်လောက်ဖြတ်ကူးရမှာပါ။ ရေများနေတယ်ဆိုလို့ ကျနော်တို့ နားမကျိုင်းမှာ ဆိုင်ကယ်တွေ ချန်ထားပြီး နှစ်ယောက်တစ်စီးနှုန်းနဲ့ စီးလိုက်တာ ဆိုင်ကယ် ဆယ်စီးကျော်ပဲ
ပါလာတော့တယ်..။ ချောင်းလေးမှာ ရေများနေတာဆိုတော့ ဆိုင်ကယ်တွေ တစ်စီးပြီး တစ်စီး ထမ်းကူးရမယ်လို့ ထင်ထားခဲ့ပေမယ့် ရေကထင်သလောက် မများတာမို့ ဒီအတိုင်
စီးပြီးဖြတ်ကူးကြပါတယ်။ ရေစီးသန်ပြီး ချောင်းပြန့်ကျယ်နေတာလေးပါပဲ….။ ဒီအကြိမ်ဖြတ်ကူးမှုမှာတော့ အားလုံးအဆင်ပြေနေပါတယ်…။ ချောင်းကူးပြီးတော့ တောင်လေးတစ်တောင်ကို
ဆက်တက်ရတာပါ..လမ်းကချောနေပေမယ့် ဂီယာဝမ်းလေးထိုးပြီး ဖြည်းဖြည်းချင်းတက်ကြတော့ အဆင်ပြေပါတယ်… ဆိုင်ကယ်အိတ်ဇောလေးတွေကတော့ မီးခိုးလေးတအူအူ ညှော်နံ့လေး
တထောင်းထောင်းနဲ့ပေါ့…..။ တောင်တက်ခရီးလေး အောင်မြင်သွားတော့ လမ်းလေးနည်းနည်းကောင်းလာသယောင်ရှိတာမို့ ဝမ်းသားရပါတယ်..သို့သော်..ဝမ်းသာရမှုက ကြာရှည်မခံပါ… ရွံ့တွေ
ဗွက်တွေနဲ့လမ်းကို ဖြတ်ကြရပြန်ရော….။ တချို့နေရာဆို လမ်းဘေးကနေ လမ်းသစ်တွင်သွားရပါတယ်…။ ကျနော်က အနောက်ဆုံးကနေ အသံကျယ်ကြီးနဲ့ ရှေ့ဆုံးကနေသွားတဲ့လူကို “ဆင်သွားရင်
လမ်းဖြစ်တယ်တဲ့ဟေ့…..” ဟုအော်ပါတယ်…. အားလုံးက ကျနော့်ကို အသံတိတ် မေတ္တာပို့နေကြမှာ အမှန်ပါ..နေ့လည်(၁၂)နာရီထိုးတော့မယ်.. မနက်စာမစားကြရသေးဘူးလေ…။
ကျနော်က ခေါင်တုန့်စည်ရွာရောက်မှ မနက်စာစားကြမယ်ပြောထားတာပါ။ ခေါင်တုန့်စည်ရွာကို ကျနော်တို့လာမဲ့ အကြောင်း လူကြုံနဲ့ စကားမှာထားတာမို့ သူတို့ ထမင်းတွေချက်ထားမှာ အသေအချာပါ..။
မနှစ်ကလည်း ကျနော်တို့ အဖွဲ့ရောက်သွားတော့ ထမင်းမစားပဲ မပြန်ရဘူးဆိုပြီး ထမင်းတွေ အမြန်ချက်ပြီး ကျွေးကြတာပါ.. ကျနော်တို့ အဖွဲ့ ဘယ်လိုငြင်းငြင်း ဘယ်လိုပြောပြော ထမင်းစားပြီးမှ ပြန်ရမယ်ဆိုပြီး
အတင်းတားပြီး ထမင်းဟင်းတွေချက်ကျွေးကြတာ…။ နောက်နှစ်လာရင် ကြိုပြောထားဆိုလို့ လူကြုံရှာပြီး မှာထားတာပါ…။
အတက်အဆင်းလမ်းလေးတွေ ဖြည်းဖြည်းမှန်မှန်မောင်းကြရင်း အမောပြေစရာ ကျောက်ညီနောင်စေတီလေးဆီရောက်လာတော့ အားလုံးက ကျနော့်ကို ဝိုင်းပြီးနောက်ကြပါတော့တယ်…
“ဆုတောင်းပြည့်တဲ့ ကျောက်ညီနောင်စေတီကွ.. မနှစ်က ဆုတောင်းပြည့်တဲ့ ငထွန်း ဒီနှစ် ဘာဆုတောင်းမလဲ”ဆိုပြီးပေါ့… ကျနော်လည်း အားကျမခံ…”သားဆု သမီးဆု တောင်းမယ်ဗျို့…” လို့ အော်ပြောတော့ ..
ခရီးကြမ်းမသွားဘူးတဲ့ အင်းတော်မြို့က လူကြီးတစ်ဦးက “ကျုပ်ကတော့ လမ်းမှာ ဆိုင်ကယ် မလဲဖို့ပဲ ဆုတောင်းချင်တယ်”ဆိုလို့ ရယ်ကြရသေးတယ်…။ ကျောက်ညီနောင်စေတီဆိုတာကတော့
လမ်းအရှေ့ဘက်မှာ စေတီလေးတစ်ဆူ လမ်းအနောက်ဘက်မှာ စေတီလေးတစ်ဆူကို ကျောက်တုံးလေးပေါ်မှာ တင်ပြီး တည်ထားတာပါ..။ ဟိုး အရင်ကတော့ ဒီနေရာမှာ ပွဲလမ်းသဘင်သွားစရာရှိရင်
လက်ဝတ်ရတနာတွေ ငှားလို့ရတယ်ဆိုပဲ… ပွဲသွားတဲ့အခါ ငှားဝတ်သွား ပွဲပြန်တော့ ကျောက်တုံးလေးပေါ်မှာ ပြန်တင်ထားရပါသတဲ့..။ နောက်တော့ လက်ဝတ်ရတနာ ငှားကြတဲ့လူတွေက ပြန်မထားပဲ
အိမ်ယူယူသွားကြတော့ .. ငှားလို့မရတော့ဘူးလို့ ပြောစမှတ်ရှိတာ ကြားဘူးတာပါပဲ…။ကျနော်တို့ အဖွဲ့ ကျောက်ညီနောင်မှာ ခဏနား ပါလာတဲ့ မုန့်လေးတွေကို ရေနဲ့မျှောချပြီး ခရီးဆက်ကြပြန်ပါတယ်…။
လမ်းကတော့ နည်းနည်းလေးကောင်းလိုက် ပြန်ဆိုးသွားလိုက်.. ခပ်မျှောမျှောလေးတက်သွားလိုက် ပြန်ဆင်းလိုက်နဲ့ပါ.. လမ်းကဝါးရုံတွေကြားထဲရောက်သွားလိုက်
အပင်ကြီးတွေ အောက်ကနေဖြတ်သွားရလိုက်နဲ့… ဖြည်းဖြည်းချင်းပါပဲ…။ ဟော….နေ့တစ်နာရီ ထိုးတော့ မူလခေါင်တုန့်စည်ရွာ ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို မြင်ရတော့ ရောက်ပြီဆိုပြီး ပျော်နေကြလို့ ကျနော်နဲ့ အတူ
မနှစ်က လာဘူးတဲ့လူတွေက ရောက်တော့မှာ ရှေ့တစ်မိုင်လောက်သွားရင်ဆိုတော့… ဟုတ်လို့လားဆိုပြီး… မယုံသင်္ကာနဲ့ မေးနေကြသေးတယ်.. ဆိုင်းဘုတ်လေးက တောင်ကုန်းလေးပေါ်မှာ
ဆိုင်းဘုတ်လေးနောက်မှာမှ ငှက်တိုင်လေးစိုက်ထူထားတယ်… တောင်ကုန်းလေးရဲ့ အခြေမှာတော့ လမ်းကလေး၊ လမ်းကဘေးမှာတော့ ခရီးသွားများနားနေဆောင်လေး သပ်သပ်ရပ်ရပ်ဆောက်ထားတယ်..
ကျနော်တို့ အဖွဲ့ နားနေဆောင်မှာ ခဏနား… အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ကြ.. စကြနောက်ကြနဲ့… ပြီးတော့ ခရီးဆက်ရပြန်တယ်… ရွာအဝင်ဆိုင်ဘုတ်ကနေ ရွာထဲရောက်အောင်
တစ်မိုင်နီးနီးသွားရသေးသလို ချောင်းတစ်ခုထဲကို နှစ်ကြိမ်ဖြတ်ကြရသေးတာပါ…။ ချောင်းလေးက ရေများနေတာမို့ တွန်းကူးတဲ့လူတွေကကူး စီးကူးတဲ့လူတွေကလည်းကူးပေါ့… အသွားမို့လား မသိဘူး
ဘယ်ဆိုင်ကယ်မှာ စက်မရပ်ဘူး…။ ချောင်းလေးကိုကူးပြီး မြေသားလမ်းလေးကို ဖြတ်..နောက်ထပ် ဒီချောင်းလေးကိုပဲ တဖန်ပြန်ကူးရပြန်ရော… ချောင်းလေးက ချောင်းဖျားမို့ ရေကကြည်ပြီး အေးနေပါတယ်…
ကျနော်တို့ တစ်ဖွဲ့လုံးချောင်းလေးထဲမှာ ကိုယ်လက်သန့်စင် မျက်နှာသစ်ကြနဲ့ .. အမှတ်တရဓာတ်ပုံလေးတွေပါ ရိုက်လိုက်ကြပြန်သေး… ဆိုင်ကယ်တွေ ချောင်းအကူးမှာ တစ်ဘက်ကမ်းကနေ ကျနော်က
မှတ်တမ်းတင်ဓာတ်ပုံတွေ ရိုက်တော့ အားလုံးက မေတ္တာပို့သကြပါလေရော…။ ကျနော်ကတော့ ဒီနေ့ခရီးမှာ အားလုံးရဲ့ မေတ္တာထားတာ ခံနေရတယ်…။ ချောင်းလေးကို နှစ်ကြိမ်ကူးပြီးတော့
ရွာထိပ်ကစာသင်ကျောင်းလေးကို မြင်နေရပါပြီ..။ ရွာကလူတွေလည်း ကျနော်တို့ အဖွဲ့ကိုမြင်လို့ လာကြိုကြပါပြီ…။
သူတို့ ကျနော်တို့ကို ရွာအဝင် ငှက်တိုင်၊ ဆိုင်းဘုတ်ရှိတဲ့ နားနေဆောင်လေးမှာ စောင့်နေကြတာ မလာနိုင်လို့ ပြန်သွားကြပြီး အခုမှ ကျနော်တို့ရောက်လာလို့ အပြေးအလွှားကြိုလာကြပြန်တာလေ…။ ကျနော်တို့
အဖွဲ့လည်း လာကြိုကြတဲ့ ရွာသားတွေကို နှုတ်ဆက်.. တပျော်တပါးကြီးနဲ့ ရွာလေးဆီ ချီတက်ကြပါတော့တယ်…..။ ဒီရွာလေးကတော့ မူလခေါင်တုန့်စည်ရွာလေးပါ…။ သမိုင်းရှိတဲ့ရွာ ရာဇဝင်ရှိတဲ့ ရွာလေးဆိုလည်း
မမှားပါဘူး။ တိုင်းပြည် မငြိမ်းမချမ်းဖြစ်ခဲ့တဲ့ ကာလမှာ သောင်းကျန်သူတွေက ရွာလုံးကျွတ်မီးရှို့ပြီး ရွာတည်အမှတ်အသားဖြစ်တဲ့ ကျောက်စာချပ်ကြီးကို ရိုက်ခွဲပြီး ဖိုခနောက်အလုပ်ခံခဲ့ရတဲ့..
အဖြစ်အပျက်တွေရှိသလို… ၉၈/၉၉ လောက်က ခေတ်စားခဲ့တဲ့ ကြားဘူးကြမလားတော့ မသိ.. ဘုရားမဟုတ် ညာတင်ကုတ်..”ဆိုတဲ့ ရုပ်ပွားတော်လေး ထွက်ပေါ်ခဲ့ဘူးပါတယ်… ကျနော်မြစ်ကြီးနားမှာနေစဉ်က
သာသနာ့ဗိမာန်မှာ အပူဇော်ခံပြီး နောက်တော့ ဘယ်ရောက်သွားတယ်ဆိုတာ မသိတော့ပါ…။ ဘုရားမဟုတ် ညာတင်ကုတ်ဆိုတာက ကျနော်တို့ ဘုရားရှင်ဟာ သင်္ကန်းရုံတဲ့ အခါမှာ သင်္ကန်းကို
ဘယ်ဘက်ကိုတင်ပါတယ်။ အခု ရုပ်ပွားတော်ကတော့ သင်္ကန်းကို ညာဘက်ကို တင်ထားတာပါ…. ထိုရုပ်ပွားတော်လေးဟာ ဒီရွာလေးကနေ ရသွားတာလို့ ပြောကြပါတယ်… နောက်တစ်ခုက ဒီရွာလေးရဲ့
အနောက်နားမှာရှိတဲ့ တောင်ကုန်းလေးပါ.. “ခင်လေးမျှော်တောင်”ဆိုပဲ..ဟိုးအရင်တုန်းက ဒီရွာလေးဟာ အလွန်စည်းကားတဲ့ မြို့တစ်မြို့ဖြစ်တယ်… ဒီမြို့ကို အပိုင်စားရတဲ့ မြို့စား စစ်တိုက်ထွက်တော့
သူ့ရဲ့နှမတော်လား/ မြို့စားကတော်လား မသေချာ.. မောင်တော်ပြန်လာမဲ့ လမ်းကို တောင်ကုန်းပေါ်ကနေ မျှော်မျှော်ကြည့်လို့ ခင်လေးမျှော်တောင်လို့ ခေါ်ပါသတဲ့…။ ဒီရွာလေးရဲ့
တည်ထားတဲ့နေရာလေးက တော်တော်သာယာလှပါတယ်… ဘုန်းတော်ကြီးကျောင်းက တောင်ကုန်းလေးပေါ်မှာ .. တောင်ကုန်းလေးအောက်မှာက ရွာလေး..ရွားလေးရဲ့ ဘေးပတ်လည်မှာ လယ်ယာမြေတွေ
..ရွာလေးရဲ့ မြောက်ဘက်နဲ့ အနောက်ဘက်မှာတော့ နမီးချောင်းကလေးက ကွေ့ဝိုက်စီးဆင်းနေပါတယ်… မြောက်ဘက်မှာတော့ မော်ဟန်တောင်ကြီးက ကာဆီးလို့ ကြည့်လေရာမြင်လေရာ
..သာသာယာယာ..လွမ်းစရာလိုလို.. ဆွေးစရာလိုလိုပါ.. ပြည်တွင်းမှာ မငြိမ်းချမ်းတော့ ဒီရွာလေးကနေ ပြောင်းကြရတာပေါ့.. ပြောင်းသွားတဲ့ လူတွေက ကျနော်တို့ဖြတ်လာခဲ့တဲ့ နားမကျိုင်းရွာရဲ့ အနောက် နမီးချောင်း
အနောက်ကမ်းမှာ ခေါင်တုံးစီရွာသစ်ဆိုပြီး နေကြရတယ်…။ အခုတော့ ဒီရွာလေးပြန်အသက်ဝင်လာတာ ဆယ်စုနှစ် တစ်ခုစာလောက်ပဲ ရှိပါသေးတယ်။ ဒီရွာက
လူတစ်ဦးပြောပြချက်အရ..ဒီရွာလေးကို ကျောင်းသားတပ်မတော်(မြောက်ပိုင်း)က ကျောင်းသားခေါင်းဆောင်တွေလည်း ရောက်ဘူးတယ်ဆိုပဲ.. သူတို့ကတော့ တောဘက်လူလာရင်လည်း တည့်အောင်ပေါင်း..
အစိုးရတပ်လာရင်လည်း တည့်အောင်ပေါင်းရပါသတဲ့… ဒီစကားလေးကြားတော့ ကျနော် ဆရာ မောင်စိန်ဝင်း စာပေဟောပြောပွဲမှာ ပြောတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို
သွားသတိရမိတယ်ဗျ.. ပြည်တွင်းမှာ ရောင်စုံသူပုန်တွေ သောင်းကျန်းတဲ့ အချိန်ပေါ့.. အလံနီတွေ .. အလံဖြူတွေပေါ့.. ရွာတစ်ရွာကို သူပုန်တွေဝင်စီးပြီး လူတစ်ယောက်ကိုမေးတယ်… “ခင်ဗျားက အနီလား အဖြူလား”
ဆိုတော့ “အပြာ”ပါဆိုပြီး ရွာသားကပြန်ဖြေသတဲ့.. အနီလည်း မဟုတ် အဖြူလည်းမဟုတ် ဘာကြောင့်ပြာရသလဲဆိုတော့ အနီတွေ အဖြူတွေကြားမှာ ပြာပြာသလဲကြောက်နေရလို့ ကျနော်တို့တွေဟာ.. အပြာပါ..ဆိုတဲ့
စကားလေးကို သတိရမိရဲ့.. ဒီရွာကလူတွေလည်း ဒီလိုပဲ ဖြစ်မှာပေါ့လေ…
ဒီရွာလေးကို သောင်းကျန်းသူတွေ မီးရှို့တော့ မီးမလောင်ပဲကျန်ခဲ့တာ ဘုန်းတော်ကြီးကျောင်းထဲက သိမ်ကျောင်းလေးရှိနေပါတယ်.. ဘုန်းတော်ကြီးကျောင်း အပါအဝင် ကျန်တဲ့
အိမ်တွေအကုန်လုံးကတော့ ပြာကျသွားခဲ့တာပေါ့… သိမ်ကျောင်းလေးကတော့ ယခုထက်တိုင် အကောင်းပကတိရှိနေဆဲပါ..။ မှတ်တမ်းအရ နှစ်ပေါင်း(၇၀)ကျော်ပါပြီ….။ အခုတော့ ဒီရွာမှာ အိမ်ခြေ(၃၀)ကျော်ပဲ
ရှိပါတယ်….။ ရွာငယ်ပေမယ့် စည်းလုံးကြတော့ တစ်နိုင်တစ်ပိုင်ရေအားလျှပ်စစ်လေးနဲ့ မီးလင်းနေသလို ၊ ဂျပန်အကူအညီလား၊ အစိုးရပေးတာလား သေချာမသိပေမယ့် တစ်ဝက်ဈေးနှုန်းပဲ ပေးရတယ်ဆိုတဲ့
ဆိုလာလေးတွေနဲ့ မီးတွေလင်းနေတယ်… ရွာလေးကို ကွေ့ပတ်စီးနေတဲ့ ချောင်းလေးကနေ ပိုက်တွေနဲ့ သွယ်တန်းယူထားလို့ ရေကလည်း အဆင်ပြေနေလေရဲ့….။ ကျနော်တို့ကို ကျောင်းမှာ
မနားခိုင်းပဲ ကျေးရွာထဲက အိမ်မှာ နားခိုင်းပါတယ်..။ အင်းတော်မြို့က လိုက်ပါလာကြသူတွေကတော့ ကျနော်တို့ အဖွဲ့လေးရဲ့ စည်းလုံးမှုကို တဖွဖွပြောမဆုံးတော့ပေ..။ ဤမျှဝေးသည့်နေရာ
ဤမျှလမ်းမကောင်းသည့်ကြားမှ ဤလို ပျော်ပျော်ရွှင်ရွှင်စနောက်နေကြသည့် ကျနော်တို့ အဖွဲ့လေးကို အားရကျေနပ်ကြောင်း ချီးမွမ်းခန်းဖွင့်နေတော့သည်။ ကျနော်တို့ ခေါင်တုန့်စည်ရောက်တော့
တစ်နာရီထိုးပြီးချေပြီ…။ နေ့လည်ကျောင်းက တစ်နာရီခွဲမှတက်မှာမို့ ထမင်းစားရန်ပြင်ဆင်ကြတော့သည်။ ရွာခံလူတွေက ချက်ပြုတ်ထားကြသည်မို့ အဆင်သင့်လက်ဆေး စားကြရုံသာ… ဟင်းတွေက မြေပဲကြော်၊
ငါးလေးကြော်၊ ကြက်စွပ်ပြုတ်…တို့ဖြစ်သည်..။ ကျနော်တို့ အဖွဲကမှာ မောလည်းမော ဗိုက်လည်းဆာနေကြပြီမို့ ခေါင်းမဖော်တမ်း ဝန်းကြီးပဒေဿရာဇာရဲ့ တျာချင်းထဲကလို ငုံလျက်ကိုယ်စီသာလွေးကြပါတော့တယ်။
နည်းနည်းဗိုက်ပြည့်သွားမှ ကျနော်က ” ကျနော်တို့ နောက်နှစ်တွေ လာရင် ကြက်တွေများဝိုင်းခွပ်ကြမလား မသိဘူး”လို့ိုပြောတော့ အားလုံးဝိုင်းရယ်ကြပါတယ်….။
စားပြီးတာနဲ့ ကျနော်တို့မှာ ဇိမ်နဲ့ နှပ်မနေနိုင်ပါဘူး။ နောက်တစ်ကျောင်း ကျန်နေသေးတယ်လေ….နားဖာရွာကျောင်းလေးကို ကျောင်းချိန်အမီသွားကြရမှာမို့ ကျောင်လေးဆီကို ထွက်လာကြတယ်ခင်ဗျ…
လူကြီးတစ်ချို့ကတော့ ဘုန်းတော်ကြီးကျောင်းဆီကို ထွက်သွားကြလေရဲ့..။ ကျောင်းလေးက ရွာထိပ်ကွင်းပြင်ကျယ်ကြီးထဲမှာ ဆောက်လုပ်ထားတာပါ… တစ်ထပ်ဆောင်လေး..သွပ်မိုးပြီး သုံးပုံပုံ တစ်ပုံစာလောက်ကို
ပျဉ်လေးတွေကာထားပါတယ်…အောက်ခင်းကတော့ သံမံတလင်းပေါ့.. ဒီကျောင်းလေးရဲ့ အမိုးတွေကို မန်းလေးဂေဇက်က လှူထားတာဖြစ်သလို ကျောင်းလေးရဲ့ အခင်းလေးကလည်း မန်းလေးဂေဇက်က
လှူထားတဲ့ ဘိလပ်မြေနဲ့ လုပ်ထားတာပါ.. ကလေးတွေ မိုးလုံလေလုံစာသင်နေရတာမြင်တော့ စိတ်ချမ်းသာလိုက်တာ.. မနှစ်က ကျနော်တို့ လာလှူတော့ ကလေးတွေ ကျောင်းမဖွင့်နိုင်သေးပါဘူး
စာသင်စရာနေရာမရှိသေးလို့တဲ့လေ.. မနှစ်ကတော့ ကိုယ်ထူကိုယ်ထ ..ဒီနှစ်တော့ အခြေခံပညာ မူလတန်းကျောင်းလေးဖြစ်သွားခဲ့ပါပြီ.. ဝမ်းသာစရာကောင်းလေးစွ..
ဆရာမနှစ်ယောက်က ကျောင်းသား/သူ လေးဆယ်ဦးကို တာဝန်ယူ သင်ကြားပေးနေကြတာ… ကျနော်တို့ အဖွဲ့လေးလည်း လှူစရာလေးတွေကို စီစဉ်မှတ်တမ်းတင် ဓာတ်ပုံလေးတွေရိုက် ကလေးတွေကို ဝေငှပေး..
ကလေးတွေလည်း ဗလာစာအုပ်၊ ခဲတံ…..မုန့် စတာတွေရတော့ ပျော်တပြုံးးးးပြုံးးးးးပါ….။ လာခဲ့ရတဲ့ ခရီး ဘယ်လောက်ဝေးဝေး ဘယ်လောက်ခက်ခဲခက်ခဲ ကျေနပ်မိတယ် ဝမ်းသာမိတယ် ပျော်ရွှင်မိပါတယ်…
ဒါပီတိပဲလေ… ဘဝမှာ လုပ်သင့်တဲ့ အလုပ်လေးတွေ လုပ်နေရတာလောက် ပီတိဖြစ်ရတာ ရှိနိုင်ပါဦးမလားဆိုတဲ့ အတွေးလေးနဲ့ပေါ့…။ အားလုံးပြီးတော့ ရပ်မိရပ်ဖ၊ ဆရာမလေးတွေ၊ကျောင်းသား/သူလေးတွေနဲ့
အမှတ်တရ ဓာတ်ပုံလေးတွေရိုက်ပြီး အလှူရှင်တွေဟာ မနှစ်က ဒီကျောင်းလေးကို ပြီးစီးအောင်ကူညီခဲ့သော မန်းလေးဂေဇက်မှ ဖြစ်ကြောင်း နောက်ထပ်နောက်ထပ်လည်း လှူဒါန်းနိုင်စေဖို့
ဆုတောင်းပေးစေလိုကြောင်း ကျနော်မှ ပြောပြဖြစ်ပါတယ်..။ အလှူမှတ်တမ်းစာရင်းလေးရေးပြီး ကျောင်းအတွက်တစ်စောင် ကျနော်ကတစ်စောင်ယူပြီး အားလုံးကို နှုတ်ဆက်ထွက်လာတော့ .. ရွာထဲက
ဘုန်းတော်ကြီးကျောင်းဆီကို သွားကြတဲ့ လူတွေလည်း ကျောင်းလေးဆီရောက်လာကြပြီမို့…. နေ့လည် (၂)နာရီမှာ မူလခေါင်တုန့်စည်ရွာလေးကို နှုတ်ဆက်ပြီး နာဖာရွာလေးဆီ..ခြေဦးလှည့်ခဲ့ကြရပြန်ပါတယ်……
10 comments
kotun winlatt
July 5, 2013 at 10:56 pm
ရွာသူားးးးးးတို့ရေ….အလှူခရီးစဉ်..( ၈ ) ရောက်လာပါပြီ….
အားးပေးးလိုက်ကြပါဦးးးးးးးး
ဆက်ပြီးးးး အလှူခရီးးစဉ်များးးးလာပါဦးးးမည်……။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ….
K.T.W.L
ကထူးဆန်း
July 5, 2013 at 11:08 pm
ဒီပိုစ်ကို မျှော်နေတာ ကိုထွန်းဝင်းလတ်ရေ .. ပြီးခဲ့တဲ့ ပိုစ်မှာ ခေါင်တုန့်စည်ရွာ သွားမယ် ဆိုလို့ ကျောင်းရဲ့ အခြေအနေလေး တွေ့ချင်နေတာ ..ကျေးဇူးပါ ..
ကိုထွန်းဝင်းလတ် တို့လည်း adventure ဖြစ်နေပြီ ။ ရေထဲ ဗွက်ထဲ …
အဲ့ဒီ့ အထိရောက်အောင် မနှစ်က သွပ်တွေ ပစ္စည်းတွေ ။ဒီနှစ်လဲ စာအုပ်စာရေးကရိယာတွေကို ပို့ပေးခဲ့တဲ့ လေးပေါက် ကိုပေ ကိုထွန်းဝင်းလတ် နဲ့ အဖွဲ့သားများကို ကျေးဇူးတင်ပါတယ် နော် ..
ကထူးဆန်း
July 5, 2013 at 11:10 pm
အဲ ပြောဖို့ တစ်ခု ကျန်သွားတယ် … ရွှေတိုက် နောက်က လိုက်လို့ ကိုထွန်းဝင်းလတ် တောင်းဆုလည်း ပြည့်ပါစေလို့နော ်…….. :kwi:
kotun winlatt
July 5, 2013 at 11:18 pm
ဟုတ်ကဲ့ပါ..ကိုထူးဆန်းရေ…
ဒါ့ပုံကို ဂေဇကမှာ တင်တာမရဘူးဖြစ်နေတာ…ဟိုလူဂျီးးးးအန်ဇာ…ရေးတဲ့ ပို့စ် ဖတ်ပီးးးတင်မှ အဆင်ပြေသွားတယ်ခင်ဗျ….ကိုအန်ဇာကို ကျေးဇူးပါ…
ကျောင်းလေးကတော့ အဆင်ပြေစွာ ဖြစ်နေပါပြီ.. ကလေးတွေလည်း မိုးလုံလေလုံပါပဲ.. ကိုထူးဆန်းရေ..
ကျနော်ကလည်းး အရာရာ အတွက်..ကျေးးဇူးးးပါ…
အဲ……
ဆုတောင်းးကတော့ ပြည့်နေပြီဗျို့…….
သားးးသားးးးလေးးးဖြစ်မလားးးးမီးးးမီးးးလေးးဖြစ်မလားးတော့ မသိသေးးးဘူးးးးးးး
အရီးခင်လတ်
July 6, 2013 at 2:06 am
Congratulations ပါ ဆရာလေး ရေ။
အရီးခင်လတ်
July 6, 2013 at 2:05 am
ဟို ကလေး ဆံပင်ပုံလေး က မိုက်မိုက်။
ချစ်စရာလေး။
ရွာထဲက ပွဲ အမှီ ဒီ စတိုင် ဘူသူ လုပ်ချင်လဲ။
စပွန်ဆာလုပ်မယ်။ 😛
Ma Ma
July 6, 2013 at 8:26 am
ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကို မမှု့ပဲ အလှူအထမြောက် အပြုံးမျက်နှာတွေနဲ့ ကြိုးစားကြတဲ့ အကျိုးတော်ဆောင်ကြီးများလည်း ဆထက်တပိုးတိုးတက်ကြပါစေ။ ကျန်းမာချမ်းသာကြပါစေ။ 🙂
ကြည်ဆောင်း
July 6, 2013 at 2:21 pm
အလှုခရီးစဉ် (၈)ကိုတောင်ရောက်လာခဲ့ပြီဘဲနော့်
ကံကောင်းထောက်မနဲ့ ကိုးနတ်ရှင်လေးကောင်းလို့ ပုံတွေလဲမြင်ရ ့
စာတွေလဲဖတ်လို်က်ရပါရဲ့
နောက်ဆက်မဲ့အလှုခရီးစဉ်တွေကိုလဲ စောင့်မျှော်နေပါတယ် ့
ကိုထွန်းဝင်းလတ်နဲ့ အဖွဲ့သားတွေပျော်ရွှင်ချမ်းမြေ့ကြပါစေ ့
ko win
July 6, 2013 at 8:42 pm
လေးစားပါတယ်ဗျာ။ အခုလို မိုးတွင်းကြီးထဲ လမ်းချော်ချော်ပေါ် ပစ္စည်း၊ပစ္စူယတွေတင်ပြီး ဆိုင်ကယ်နဲ့ သွားရ၊ လာရတာ မလွယ်ပါဘူး။ သည်လို မလွယ်တဲ့ကြားက လိုအပ်တဲ့နေရာမှာ လိုအပ်တာတွေကို အရောက်သွားပြီးလှူနိုင်တာကို တကယ်လေးစားပါတယ်။ သည့်ထက်ပိုပြီးတော့ လုပ်ဆောင်နိုင်ပါစေလို့လည်း ဆုတောင်းပေးပါတယ်ဗျာ။
kotun winlatt
July 6, 2013 at 9:30 pm
လာရောက်ဖတ်ရှု့အားပေးပြီး ကွန်မန့်ပေးကြသူတွေရော မပေးကြသူတွေရော အားလုံးကို ကျေးဇူးတင်ပါတယ်…..
ခရီးစဉ် ( ၉) ကိုလည်း တင်ထားပြီ ဖြစ်ပါဂျောင်းးးးးး
အားးးလုံးးးးပျော်ရွှင် ချမ်းမြေ့ကြပါစေ…ခင်ဗျာ….။