ဘယ်လိ်ုစိတ်ဓာတ်ခွန်အားတွေ မွေးမြူကြမလဲ
လူရယ်လို့ဖြစ်လာရင် ကိုယ်ခန္ဓာနှင့် ဖွဲ့စည်းတည်ဆောက်ထားပြီး စိတ်ဆိုတဲ့အရာ တွဲလျက် ပါလာပါတယ်။ သဘာဝက ဖန်တီးထားတဲ့ ဒီနေ့ မိုးရွာရင် ရွာမယ်။ နေပူချင်ပူမယ်ဆိုတဲ့ အရာတောင် ဖြစ်ပေါ်သေးတာပဲ။ လူတွေရဲ့စိတ်မှာလည်း စိတ်ဓာတ်ကျချိန်ရှိမယ်၊ စိတ်ဓာတ်တက်ချိန် ရှိချင် ရှိမယ်။ အပူအအေးမမျှတသလိုပါပဲ။ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ ဝန်းကျင်ပေါ်မူတည်ပြီး အရာအားလုံးက ပြောင်းလဲနေတဲ့အတွက် စိတ်ပျော်နေတဲ့အချိန်နှင့် စိတ်ညစ်နေတဲ့အချိန်တွေ ရှိနေမှာ ဖြစ်ပါတယ်။ ဒီတော့ လူသားတွေက အမြဲ စိတ်ပျော်နေသလား ဒါမှမဟုတ် အမြဲစိတ်ညစ်နေသလား စာဖတ်သူ အရင်လေ့လာကြည့်ပါ။ အမြဲ ဒီလိုမဖြစ်နေဘူးဆိုတဲ့ လေ့လာတွေ့ရှိချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။
တစ်ခါတလေ စိတ်ဓာတ်ကျတဲ့အခါ စာဖတ်သူစဉ်းစားရမှာက အရာအားလုံး လူတွေရဲ့ စိတ်ဓာတ်ခွန်အားကို တိုးတက်ဖွံ့ဖြိုးစေတဲ့အချက်ဟာ ပြင်းပြစွာ ယုံကြည်ခြင်းနှင့် မဆုတ်မနစ်သော ဇွဲလုံ့လ ဖြစ်ပါတယ်။ ဘာအလုပ်ပဲလုပ်လုပ် မိမိလုပ်တဲ့အလုပ်ကို အလွန်ပြင်းပြစွာ ယုံကြည်ရန် လိုအပ်ပါတယ်။ ပြင်းပြတဲ့စိတ်ခံစားချက်နှင့် ယုံကြည်နိုင်အောင် မိမိ လက်ရှိလုပ်နေတဲ့ လုပ်ငန်း ရည်ရွယ်ချက်က မျှတတယ်လို့ ယုံကြည်နေရမယ်။ လူသားတွေ ကောင်းကျိုးအတွက် ဖြစ်တယ်လို့ ယုံကြည်ရမယ်။ တရား နည်းလမ်းကျတယ်ဆိုုတာ ယုံကြည်ရမယ်။ ဒီလိုမျိုး ပြင်းပြင်းပြပြ ယုံကြည်သူ တွေမှာ မဆုတ်မနစ်တဲ့ ဇွဲလုံ့လဆိုတာ ဖြစ်တည်ပါတယ်။ ကမ္ဘာပေါ်မှာ စစ်တပ်ကြီးတွေ၊ နိုင်ငံကြီး တွေဟာ အလွန်အင်အားကြီးမားသော်လည်း တာဝန်ယူနေသူတွေဟာ မိမိတို့လုပ်နေရတာကို မိမိတို့မယုံကြည်တော့ဘူးဆိုရင် ဘာဇွဲလုံ့လမှ မရှိတော့ပဲ ဇွဲစိတ်ဓာတ် ပျောက်ကွယ်သွားတဲ့ နေ့ဟာ အရာရာကို ဆုံးရှုံးသွားတဲ့နေ့ဖြစ်ပါတယ်။ တကယ်တော့ ဇွဲရှိတယ်ဆိုတာ ပြောတာသာ လွယ်ပြီး တကယ်အလုပ်မှာတော့ မလွယ်လှပါဘူး။ တကယ်တမ်း ခံစားလာရချိန်မှာ မိမိခံစားနိုင်တဲ့ အတိုင်းအဆထက် များစွာ ပိုမိုခံစားကြရတာ ဖြစ်ပါတယ်။ ဒါတွေကို ကျော်လွားနိုင်မှသာ ဇွဲရှိသူလို့ ခေါ်ပါတယ်။ ကျွန်မဆိုရင် ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာကတော့ ကောက်ရိုးမီးပါပဲ။ ဘာကြောင့် ကောက်ရိုးမီးလည်းဆိုရင် ဟုန်းခနဲ ထတောက်ပြီး ငြိမ်းသွားတဲ့အခါ ပြာမှုန့်တောင် မကျန်လောက်အောင်ကို ဖြစ်လေ့ ဖြစ်ထရှိလို့ပါပဲ။ စာဖတ်သူကိုတော့ ဒီလိုမဖြစ်စေချင်ပါ။
ကျွန်မတို့သည် အရာရာကို ဇွဲနဲု့လုပ်မယ်ဆိုတဲ့စိတ် အစဉ်ကိန်းအောင်းနေဖို့ အလွန် လိုအပ်ပါတယ်။ လူသားတွေဟာ အောင်မြင်မှုကို လိုလားသူများဖြစ်ပါတယ်။ ရှုံးနိမ့်မှုဆိုတာ ကြားတောင် မကြားလိုသူများဖြစ်ပါတယ်။ ဒါပေမယ့် လူ့ဘဝမှာ ကြုံတွေ့ရမှာက အောင်မြင်မှုရော ဆုံးရှုံးမှုရော နှစ်မျိုးစလုံးပါပဲ။ အောင်မြင်မှုရရှိချိန်မှာ လူသားတွေဟာ ပျော်ရွှင်ကြတယ်။ ဝမ်းသာကြ တယ်။ ဂုဏ်ယူလေ့ရှိကြပါတယ်။ ရှုံးနိမ့်လိုက်ပြီဆိုတာနဲ့ ဝမ်းနည်းတတ်ကြပါတယ်။ ယူကျုံးမရ ဖြစ်ကြ တယ်။ ရှက်ကြတယ်။ လူတွေနဲ့ ဝေးရာကို ရှောင်နေချင်တယ်။ အားငယ်စိတ်တွေ၊ စိတ်ဓာတ်ကျမှုတွေ လိုက်လာတာပါပဲ။ ဒါကြောင့် ရှုံးနိမ့်ရမှာကို အလွန်ကြောက်ကြပါတယ်။ ဒါပေမယ့် ရှုံနိမ့်မှုတွေကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ တကယ်တမ်းကျတော့ အောင်မြင်မှုတွေဟာ ရှုံးနိမ့်မှုတွေက စတာ များပါတယ်။ ရှုံးနိမ့်မှုတွေဟာ အောင်မြင်မှုကို တက်လှမ်းမည့် လှေကားထစ်တွေဖြစ်ပါတယ်။ လူသားတွေဟာ ကိုယ်ပိုင်လုပ်ငန်းငယ်လေးတွေ လုပ်ကိုင်ကြသည်မှသည် မိမိယုံကြည်ရာ ရည်ရွယ်ချက်များကို ပြီးမြောက်အောင် လုပ်လိုုသူများအထိ အောင်မြင်အောင် ကြိုးစားနေကြရမှာ ဖြစ်ပါတယ်။
အောင်မြင်ရန်အတွက် ပထမဆုံး အရေးကြီးဆုံးလိုအပ်ချက်က ထက်သန်ပြင်းပြတဲ့ စိတ် ဖြစ်ပါတယ်။ မိမိရည်ရွယ်ချက်ကို မိမိပြင်းပြင်းပြပြ ယုံကြည်ရမှာ ဖြစ်ပါတယ်။ ရော့တိရော့ရဲနှင့် ပြီးစလွယ်ဆိုရင် အောင်မြင်ရန် မဖြစ်နိုင်ပါ။ ထက်သန်ပြင်းပြတဲ့ စိတ်ဆိုတာက မိမိလုပ်ဆောင်နေတဲ့ ကိစ္စတွေ၊ မိမိရဲ့ ရည်ရွယ်ချက်တွေဟာ မျှတပြီး အများ သဘောတူထားတဲ့ တရားဥပဒေနှင့်အညီ ဖြစ်တယ်ဆိုတာကို အရင်ဆုံးယုံကြည်မှုပါပဲ။ ဒီလိုမှ မယုံကြည်ဘူးဆိုရင် ဇွဲလုံ့လဆိုတာ ဘယ်တော့မှ ပေါ်မလာတော့ပါဘူး။ မိမိလုပ်နေတဲ့အလုပ်ကို ယုံကြည်တယ်လို့ဆိုတဲ့နေရာမှာ ယုံကြည်ပြီဆိုမှတော့ ဒီအလုပ်ကို လုပ်ရတာလည်း ကြိုက်မှာပါပဲ။ အလုပ်လုပ်နေရတာကိုက ရင်ထဲမှာ စိတ်ဓာတ် ခွန်အားတွေအပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်နေမှာ ဖြစ်ပါတယ်။ ဒီအလုပ်ကို လုပ်ရတာ မကြိုက် ပြန်ရင်လည်း အောင်မြင်ဖို့ဆိုတဲ့နေရာမှာ မလွယ်ကူလှပါဘူး။ နောက်တစ်ခု ယုံကြည်ရမှာက ကိုယ်လုပ်နေတဲ့ အလုပ်တွေဆိုတာ မိမိအတွက်လည်း ကောင်းတာ ဖြစ်တယ်။ မိမိရဲ့မိသားစုနှင့် ဆွေမျိုး အသိုင်းအဝိုင်းတွေလည်း ကောင်းတာ ဖြစ်ရမယ်။ မိမိရဲ့ လူ့အသိုင်းအဝိုင်းအတွက်လည်း ကောင်းတာ ဖြစ်တယ်ဆိုတဲ့ စိတ်ဓာတ်အပြည့် ရင်မှာ ပြင်းပြင်းပြပြ ယုံကြည်ရမှာဖြစ်ပါတယ်။ နဂိုကတည်းကိုက ပျော့ပျော့ညံ့ညံ့နဲ့ အရှုံးပေးလိုစိတ်ရှိသူတွေဟာ အောင်မြင်ဖို့ဝေးစွ ရှင်သန် ဖို့တောင် မလွယ်ကူပါဘူး။ ဒါကြောင့် အောင်မြင်ရန်အတွက် အရေးကြီးဆုံး ပထမအချက်က ထက်သန် ပြင်းပြတဲ့ စိတ်ဖြစ်ပါတယ်။
နောက်စိတ်ဓာတ်ကျလာပြီဆိုရင် ခဏတာ လုပ်လက်စတွေကို ရပ်ထားပြီး ပျော်ရွှင်စေမယ့် စိတ်ကို အနားပေးစေမယ့် အပြုအမူတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ စိတ်ညစ်နေတဲ့အချိန်မှာ အပေါင်းအသင်းနှင့် ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ လေကောင်းလေသန့်ရနိုင်မယ့်နေရာမှာ ခဏတာ အပန်းဖြေတာပဲဖြစ်ဖြစ် လူတစ်ဦးနှင့်တစ်ဦး စိတ်ညစ်ပုံ စိတ်ညစ်နည်းမတူညီတဲ့အခါ ကိုယ် ဘယ်အရာကို လုပ်ဖို့ အားသန်သလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး ပြုမူဆောင်ရွက်ကြည့်လိုက်ပါ။ မိမိရဲ့ တောင့်တမှုဟာ မီးများလိုလောင်မြိုက်နေမှ အောင်မြင်မှာ ဖြစ်ပါတယ်။
လူသားတိုင်း စိတ်နှင့် ဆက်နွှယ်နေတဲ့ ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ သွေးလည်ပတ်မှု မှန်ကန် အောင်နှင့် စိတ်ဓာတ်မကျစေဖို့ အရေးကြီးဆုံးအချက်ကတော့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်နေဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ စိတ်ဓာတ်ကျခြင်းဆိုတဲ့ အနှောင့်အယှက် တစ်စုံတစ်ရာ မဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။ အမြဲတမ်း စိတ်ညစ်၊ စိတ်ရှုပ်နေသူများနှင့်သာ ဖွဲ့စည်းထားတဲ့ ပတ်ဝန်းကျင်ဆိုရင်တော့ စာဖတ်သူအနေဖြင့် စိတ်ဓာတ်တက်ကြွလာဖွယ် အချည်းနှီးဖြစ်မည်မှာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်မြှင့်တင်ဖို့ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေမယ့် စာအုပ်တွေ လက်လှမ်းမှီသလောက် ဖတ်ရှုသင့်ပါတယ်။ နောက်တစ်ချက်က ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပါ။ စာဖတ်သူ အမြဲ ပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ် သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီး ပျော်ရွှင်လာပါလိမ့်မယ်။ အကယ်၍ သင့်အပေါင်း အသင်းတွေဟာ အဆိုးမြင်တတ်သူတွေဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ။
စာဖတ်သူရဲ့ဘဝဟာ တခြားတစ်ယောက်ယောက်ရဲ့ဘဝနဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အဝတ်အစား ဝတ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်းရှိနေမှာပါပဲ။ ဒါကြောင့် စိတ်ဓာတ်ကျတာတွေ၊ စိတ်ညစ်တာတွေ၊ စိတ်ညီးညူမှုတွေ မလုပ်ပါနဲ့။ ဒါကို ကျင့်သားရအောင် လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာမရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို စာဖတ်သူကိုယ်ပိုင် အောင်မြင်မှုရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချ နိုင်ပါတယ်။ ဒါပေမယ့် စာဖတ်သူမှာမရှိတဲ့အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်း မဖြစ်ပါနဲ့။ အခြားသူတွေကို များများကူညီလေ၊ စာဖတ်သူရဲ့ဘဝနဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက စာဖတ်သူကို တကယ်ပဲ ပျော်ရွှင်စေ နိုင်ပါတယ်။ ဒီတော့ စိတ်ဓာတ်ကျမှုဆိုတာလည်း ဝင်ရောက်မလာနိုင်တော့တဲ့အတွက် အမြဲ ပျော်ရွှင် တက်ကြွ လန်းဆန်းနေမယ်ဆိုတာ စာဖတ်သူကိုယ်တိုင် ခံစား သိနားလည်နိုင်ဖို့အတွက် ယခုပဲ လုပ်ဆောင်ကြည့်လိုက်ပါလို့ တိုက်တွန်းပြောကြားလိုက်ရပါတော့သည်။
မနောဖြူလေး
6 comments
မင်းမင်း
July 9, 2013 at 3:37 pm
ကောင်းတယ်ဗျာ။
ဟတ်ထိတယ် ဆိုတာမျိုးပေါ့ ။
ကျုပ်လဲ မကြာခဏ ပလပ် ဖြုတ်တဲ့အကျင့်
ရှိတယ်။ ဆိုပါစို့ ကျုပ်အလုပ်တခုကို တပါတ်လုံး
ဆက်တိုက်လုပ်လိုက်တယ်။တမျိုးထဲဆိုတော့ ကြာတော့
ငြီးငွေ့လာတယ်။ လက်စသတ်ဖို့ ၂ ရက်လောက်ပဲ လိုတော့
တယ်။ဒါပေမဲ့ အဲအလုပ်ကို နားပစ်တယ်။ဆက်မလုပ်ဘူး။
အဲဒီအလုပ်နဲ့လားလားမှမဆိုင်တဲ့ ဝါသနာပါတဲ့ အလုပ်ကို
အပျော်လုပ်တယ်။ဟိုအလုပ်ကိုခေါင်းထဲတောင်မထည့်ဘူး။
ပျော်ပျော်ပဲ။ အဲဒီအလုပ်ကို လုပ်လို့(စိတ်)အဆင်ပြေမှ ပြန်လုပ်
တယ်။သေသေသပ်သပ်အဆုံးသတ်နိုင်ခဲ့တယ်။
ဒါက ကျုပ်ရဲ့ ပလပ်ဖြုတ် တဲ့ အကျင့်လေးပါ။
အလင်း ဆက်
July 9, 2013 at 3:55 pm
မမမနော ရေ..
ဆရာဖေမြင့် ရဲ ့ စာတွေက်ိုတောင် သတိရသွားသေးးး
===========
ဖတ်ရှု လေ့လာသွားပါကြောင်းးး
ဦးကြောင်ကြီး
July 10, 2013 at 9:06 am
ဆိတ်ကို ဓာတ်ခွန်အား ပေးချင်ရင်တော့ အေစီ၊ ဒီစီ ချာဂျင် နှစ်မျိုးထဲက ကြိုက်ရာရွေး.. နေရောင်ခြည်ကနေလည်း အားသွင်းတာ အခုပေါ်နေပီ….
မဟာရာဇာ အံစာတုံး
July 10, 2013 at 4:34 pm
ပျော်ရွှင်၊ တက်ကြွ၊ လန်းဆန်း …
အိုက်ဒါမျိုးဒွေ မဖစ်ချင်ဘူး ..
အေးချမ်း၊ ငြိမ့်ငြိမ့်၊ သိမ့်သိမ့် …
အိုက်ဒါမျိုးဒွေ ဖစ်ချင်ရင်ဂေါ ..
ဘိုလုုပ်ရမဲဟင်င်င် … 🙄
KZ
July 10, 2013 at 4:40 pm
ရှု လေ ရှု။
Ma Ma
July 11, 2013 at 8:55 am
စိတ် ဆိုတဲ့ ဆုပ်ကိုင်ဖို့ ခဲယဉ်းတဲ့အရာကို မှီတွယ် နေကြရလို့ …….
စိတ်စေရာ သွားရင်း……..
စိတ်ခိုင်းတိုင်း လုပ်ကြရင်း…………..
စိတ်ကို ထိန်းနိုင်အောင် နည်းလမ်းမျိုးစုံရှာဖွေရင်း……..
စိတ်ကို မထိန်းနိုင်သေးသမျှ………
လူ့လောကထဲမှာ ပြဿနာပေါင်းတွေ မဖြေရှင်းနိုင်ပဲ ရှုပ်ထွေးပွေလီနေကြရတာပါပဲ။