သိင်္ဂါရရသ ချစ်ခြင်းဘွဲ့
–
–
လောကကြီးက ဆန်းကျယ်သားခင်ဗျ၊ ဦးကျောက် အသက်လည်း ၄ဝကျော်ခဲ့ပြီမို့ ကိုယ့်အကြောင်း သူများအကြောင်း စုံနေအောင် မြင်ရကြားခဲ့ရဖူးပါတယ်။ ရတာမလို မလိုတာရတဲ့ သူငယ်ချင်းတွေကိုလည်း မြင်ရကြားရဖန်များလို့ ရိုးနေပြီပေါ့ဗျာ။ အသားမဲတာကြောက်ပါတယ်ဆိုတဲ့ မဒီတွေများ ညားလိုက်ရင် မဲမဲသဲသဲတွေနဲ့ချည်းပဲ၊ အဲသလိုပါပဲ ချောချောဖြောင့်ဖြောင့်မောင်ရင်များလည်း ယူလိုက်ရင် ရွက်ကြမ်းရေကြို။ အဟဲ… ကျောင်းတုန်းက အလွန်ပဲများတဲ့ ဓာတုဗေဒဋ္ဌာနက အလှဘုရင်မ၊ “ဓာတုကလျာ” လို့အမည်တပ်တဲ့ ကလျာကို သူ့ခင်ပွန်းနဲ့တွဲတွေ့လိုက်ရတော့ လန့်တောင်သွားတယ်။ သူတပါးကိုနှိမ်ချပြောတာတော့ မဟုတ်ရပါဘူးဗျာ၊ “ကုသနဲ့ပပ” ဇာတ်ထုပ်ကဖို့ “သရဲလေးအောင်စိန်ဇာတ်”က ဘီလူးမင်းသား ငှါးလာသလားမှတ်ရတယ်ခင်ဗျ။ ဒါပေသည့် “ဓာတုကလျာ”ကတော့ “ကိုကို..” ဆိုတာကို နှုတ်ဖျားကမချ၊ ၅မိနစ်မှာ အလုံး ၃ဝလောက် ရေလဲသုံးတယ်ခင်ဗျ။
ပြောရရင်တော့ဗျာ၊ လူ့စိတ်ဆိုတာ မှန်းရအခက်သား။ ဦးကျောက် ငယ်သူငယ်ချင်းမတစ်ယောက်ကို သူ့အိမ်က ယောက်ျားပေးစားဖို့စီစဉ်တာ မယူချင်ပါဘူးဆိုပြီး အတော်ငြင်းရှာပါတယ်။ သူ့မိသားစုကလည်း သတို့သားက လူရိုးလူကောင်းမို့ ဦးကျောက်တို့ကို ကူညီဖျောင်းဖျပေးဖို့ အကူအညီတောင်းလာတယ် ခင်ဗျ။ မောင်ကျောက်ကလည်း ဒီလိုသာဆရာတင်လို့ကတော့ လာထားပဲ။ အဲဒါနဲ့ သူငယ်ချင်းမကို
“ဟဲ့… နင့်မှာလည်း ရည်းစားသနာရှိတာမဟုတ်၊ ဟိုလူကလည်း လူရိုးလူကောင်း၊ နင်က ဘာကိစ္စ ဘူးခံငြင်းနေရတာလဲ”လို့ မေးလိုက်တော့
“မဖြစ်ပါဘူးဟာ” ဆိုပြီး ခေါင်းကိုခါရမ်းလို့ တွင်တွင် ငြင်းပါတယ်။ နောက်ဆုံး အတင်းအစ်အောက်မေးပါမှ “သွားခေါကြီးဟ၊ လူကြားထဲ ဘယ်လိုတွဲသွားရမှာလဲ” တဲ့။
နောက်ဆုံးတော့လည်း မိဘကိုမလွန်ဆန်နိုင်လို့ မျက်ရည်လည်ရွဲနဲ့ လက်ခံလိုက်ရပါတယ်။ အဲသည့် ငတိမ ဒီတစ်ခေါက် ရန်ကုန်ပြန်တော့ သူပြောတဲ့ “သွားခေါကြီး” နဲ့ ပြုံးပြုံးရွှင်ရွှင် ရွှေလက်တွဲလို့ ဈေးသွားဖို့ဦးကျောက်ရဲ့အိမ်ရှေ့ကအဖြတ် လှမ်းတွေ့လိုက်တာမို့၊ နေ့လည်ရောက်တော့ ဖုန်းခေါ်ပြီး နှုတ်ဆက်ရင်း
“ဆြာမ… ဟိုတုံးကတော့ သွားခေါကြီးဆို။ အခုမှ ချစ်အားပိုလို့ နှုတ်ခမ်းလဲ ပေါက်နေအုံးမယ်”လို့ စ မိတော့ တဟီးဟီးနဲ့ ရယ်ရှာပါတယ်။ “မသိပါဘူးဟယ်၊ ဒီလူကြီးကို ငါဘယ်လို ချစ်မိသွားမှန်း စဉ်းစားမရဘူး”တဲ့၊ ကောင်းရော။
ဒီလိုပါပဲဗျာ အချစ်နဲ့အမုန်းဆိုတာကလည်း ကျောချင်းကပ်ရက်ကနေ ရင်ချင်းအပ်မိသွားတဲ့ ကျောင်းနေဘက် သူငယ်ချင်း ၂ယောက်ရဲ့ အတိတ်က အချစ်ဇာတ်လမ်း ရိုးရိုးလေး ၁ပုဒ်ကို ပြန်ဖောက်သယ်ချပါရစေဗျာ။
မာင်ကျောက်တို့စာသင်နှစ်၊ ဘူမိဗေဒမှာ မိန်းခလေး အယောက်၂ဝ ဝင်ခွင့်ရပါတယ်၊ ၆ယောက်ကတော့ မောင်ဘူမိများကိုကြောက်တာ၊ ပင်ပန်းဆင်းရဲဒဏ်ခံရမှာကြောက်တာတွေကြောင့် မေဂျာပြောင်းသွားပါတယ်။ ကျန်ခဲ့တဲ့အထဲမှာမှ မြစ်ဝကျွန်းပေါ် မြို့လေးတစ်မြို့က “နွယ်”လို့ အမည်ရတဲ့ သူဋ္ဌေးသမီး တောပန်းလေးတစ်ပွင့်ပါလာတယ်ခင်ဗျ။ လှသလားလို့မေးရင်၊ အတော် ချောလှပါကြောင်း ဝန်ခံပါရစေ။ သူဋ္ဌေးသမီးမို့ ဝတ်နိုင်စားနိုင်တဲ့အပြင် ရူပါကလည်းဖြူး၊ အရပ်ကလည်း မနိမ့်မမြင့်၊ အသားအရည်ကလည်း ဝါဝါဝင်းတဲ့အပြင် ဆံပင် ခါးလောက်အထိရှည်သူမို့ ဘူမိဗေဒရဲ့ “အလှဘုရင်မ” ပေါ့ခင်ဗျာ။ ကျောက်တုံးတွေကြားက သူကလေးရဲ့ လှဂုဏ်သတင်းမွှေးလွန်းလှတာမို့ လှိုင်တက္ကသိုလ်ဝင်းထဲတင်မက ဆေးကျောင်းတို့ စက်မှုတို့အထိ ပြန့်တယ်ဆိုတော့၊ အင်မတန် လှဂုဏ်မောက်သလို အီစီကလီစီရိုက်လို့ အသည်းခွဲတမ်းကစားတာလည်း အလွန်ကျွမ်းကျင်ပါတယ်။
သူမကြောင့် မောင်ဘူမိများမှာ “ကောက်ရိုးပုံစောင့်တဲ့ခွေးတွေ”လို့ မကြားတကြားအပြောခံရတာမို့ အပြင်ကျောင်းကမောင်တွေနဲ့ ရန်ဖြစ်တဲ့ကောင်ကဖြစ်၊ စာမေးပွဲကျတဲ့ကောင်ကကျ၊ ဗျောင်းသတ်နေတာပဲခင်ဗျ။ ဒီကြားထဲ မောင်ကျောက်တို့သူငယ်ချင်းတစ်ယောက် သူမကိုတဖက်သက်ကြွေရာကနေ ဆြာမကပညာခန်းပြလိုက်တာ အသည်းကွဲပြီး ကျောင်းပါထွက်သွားရတယ်ဆိုတော့ အတန်းဖော် “အောင်နိုင်”က သူမကို အလွန်မျက်မောင်းကျိုးပါတယ်။ အောင်နိုင်က ရန်ကုန်သားပါ၊ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်ကို ပုဆိုးတိုတိုဝတ်ပြီး လွယ်အိတ်စလွယ်သိုင်း ဆေးပေါ့လိပ်လက်ကြားညှပ်တတ်သူမို့ ကြည့်လိုက်ရင် ဂလန်ဂလား၊ စကားပြောရင် ဘုဆတ်ဆတ်နဲ့ ကဗျာဆရာရုပ်ခင်ဗျ။ အောင်နိုင်က စာလည်းမရေး ကဗျာလည်းမရေးပေမည့် ဂစ်တာတီးတဲ့နေရာမှာတော့ တဖက်ကမ်းခပ်ခင်ဗျ။
အနှီသူတို့သား “အောင်နိုင်”နဲ့ အလှဘုရင်မ “နွယ်”တို့ ကမ႓ာ့ရန်ဖြစ်ဖို့အကြောင်းက ဒုတိယနှစ် နှစ်လည်လောက်မှာ အကြောင်းဖန်ပါတယ်။ အတန်းပြီးလို့ စာသင်ခန်းထဲကပြန်အထွက် တံခါးပေါက်ဝမှာ မောင်ကျောက်ရဲ့ဆေးပေါ့လိပ်ကနေ အောင်နိုင် မီးကူးယူနေတုန်း၊ အနောက်ကနေ ထွက်လာတဲ့ “နွယ်”က ရန်စတာပါ။
“ဟဲ့… အနောက်မှာလူလာနေတာမမြင်ဘူးလား၊ လမ်းဖယ်”
“အောင်မာ… ပြန်ပြင်ပြော၊ အလွတ်ကြီး၊ နင့်ဟာနင် ကွေ့ထွက်။ နင်လာတာ လမ်းဖယ်ပေးရအောင် နင့်ကိုယ်နင် ဘာမှတ်နေလဲ”
“ရာရာစစ… တောသဂျီးသားရုပ်နဲ့ကောင်က၊ လူပါးဝစကားပြောလို့”
“ထွီ… ရှိသမျှယောက်ျား နင့်အကုန်ကြိုက်နေကြတယ်များမှတ်နေလား၊ ငါ့ဟာငါ ဘာရုပ်ပေါက်ပေါက် နင့်သောက်ပူတပြားဖိုးမှ မပါဘူး”
“သေချင်းဆိုး… လူပါးဝလို့၊ ပါးချထည့်လိုက်မယ်”
“လာလေ… ထိကြည့်ပါလား၊ ဘာကောင်လည်း သိသွားမယ်”
၂ယောက်သား အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်တော့မှာမို့ မောင်ကျောက်ကကြားဝင် ဘယ်လိုပင်တောင်းပန်သော်လည်း၊ အောင်နိုင်ကလည်းမလျှော့၊ နွယ်ကလည်း ဆတ်ဆတ်ထိမခံဆိုတော့၊ နောက်ဆုံး ဆရာဦးကျော်ထင်ရဲ့ရုံးခန်းကို ရောက်တော့တာပေါ့ဗျာ။ ဒီအသက်ဒီအရွယ်ရောက်တာတောင် ခလေးတွေလိုရန်ဖြစ်တဲ့ သူတို့ ၂ယောက်ကို ဆရာကျော်က ဆုံးမစကားပြောအပြီး ဗျာဒိတ်တော်ပေးလိုက်ပုံက
“အေး… မှတ်ထား၊မင်းတို့တွေ ဒီလောက်ရန်ဖြစ်ရင် ကျောင်းမပြီးခင် သမီးရည်းစားဖြစ်ကြလိမ့်မယ်”တဲ့…
၂ယောက်သား မျက်လုံးပြူးပြီး ပြိုင်တူ အကြောက်အကန်ငြင်းကြတာဗျာ၊ ပြန်တွေးမိတိုင်း ပြုံးမိသေးတယ်။
အဲသည့်နေ့ကစလို့ ၂ယောက်သား လမ်းမှာတွေ့ရင် ဦးရာလူက ထွီကနဲ တံတွေးကြမ်းပေါ်ထွေးပြီး ဂုဏ်ပြုကြတာ အတန်းဖော်များ တံတွေးမစင်အောင်ရှောင်ရတဲ့အထိပါ။ ငယ်သူတွေမို့ တစ်ယောက်အကြောင်း တစ်ယောက်မကောင်းပြောကြတာ ရစရာမရှိ၊ နွယ့်ရှေ့မှာ အောင်နိုင်အကြောင်း ပြောမရသလို၊ အောင်နိုင်ကလည်း နွယ့်အကြောင်းပြောရင် ထ ဆဲတဲ့အထိ ခါးခါးသီးသီး မုန်းကြပါတယ်။ နောက်ဆုံး ဂီတာတီးလို့ သီချင်းဆိုရင်တောင် စာသားထဲမှာ နွယ်ပါရင် အောင်နိုင်က လုံးဝ မတီးပါဘူး။ ဒါပေမည့် ကုသိုလ်ကြမ္မာ အကြောင်းဖန်လေတော့ တတိယနှစ် ကလောမရောက်ခင် “မြင်းဒိုက်” စခန်းကို ကွင်းဆင်းခရီးမှာ မောင်ကျောက် နဲ့ အောင်နိုင် စခန်းအတူကျသလို ကျောင်းသူတွေကို ၅ယောက်စီခွဲပြီး ဆင်းရမည့်စခန်း မဲနှိုက်စေတော့ နွယ်က မောင်ကျောက်တို့ရဲ့ မြင်းဒိုက်စခန်းကို မဲပေါက်ပါလေရောဗျာ။
ဒီနေရာမှာ ဘူမိဗေဒနဲ့ မိန်းခလေးဆိုလို့ ရှင်းပြပါရစေ။ ခဲအိတ်လည်း မထမ်းနိုင်၊ မြေပုံလည်း မထုတ်တတ်၊ လမ်းလျှောက်တာက နှေး၊ တာဝန်ကလည်း ကြီးသေးတာမို့ မောင်ဘူမိများက မိန်းခလေးများနဲ့ ကွင်းအတူဆင်းရမယ်ဆိုရင် အလွန့်ကို ငြိုငြင်ပါတယ်။ ယောက်ျားလေးတွေချည်းဆိုရင် ကြုံရာခိုးအိပ်၊ မြို့ကိုခိုးလည်၊ ပေါက်ကရ အကုန်လုပ်လို့ရပေမည့် မိန်းခလေးတွေပါရင် မလွတ်လပ်တော့တာမို့ “အရှုပ်ထုပ်” တွေလို့ သဘောထားတာ မဆန်းဘူးပေါ့ခင်ဗျာ။ အဟဲ… တစ်ခုလည်းပြောစရာတော့ရှိသေးတယ်၊ ဘူမိကဆရာတွေ ပါးသလားမမေးနဲ့ အတွဲသတင်းကို အမြဲနားစွင့်နေတာလေ၊ သမီးရည်းစားအတွဲတို့ အီစီကလီတို့ဆိုရင်တော့ အဝေးစခန်းတွေကိုပဲ အမြဲခွဲတမ်းချတာခင်ဗျ၊ မဟုတ်ရင် တောထဲမျက်ကွယ် ကွိုင်ပူးကုန်မယ်လေ။
ပြန်ဆက်ရရင် မိန်းခလေး ၅ယောက်ကို၊ ၃ယောက်တစ်တွဲ၊ ၂ယောက်တစ်တွဲ၊ အဖွဲ့ခွဲပြီး ကံဆိုးသူမောင်ရှင် မဲနှိုက်ပြီးရွေးလိုက်တာ မောင်ကျောက်က နော်ဖောတို့ ၃ယောက်တွဲမှာ မဲပေါက်၊ အောင်နိုင်က နွယ်တို့ ၂ယောက်တွဲမှာ မဲပေါက်တာမို့ အတော်ညစ်သွားတာပေါ့ဗျာ။ အောင်နိုင်က တောက်ခေါက်ပြီး အံတကြိတ်ကြိတ်၊ နွယ်ကတော့ ချုံးပွဲချ ငိုပါတယ်။ နောက်ဆုံး သူတို့က ရန်ဘက်တွေမို့ မောင်ကျောက်နဲ့ အောင်နိုင် အုပ်စုချင်းလဲပေးပါဆိုတာတောင်မှ ဆရာကျော်ကလက်မခံပါဘူး။ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ၊ မဲကျတဲ့အတိုင်းပဲ၊ ပြောင်းမပေးနိုင်၊ မကျေနပ်ရင် စာမေးပွဲအကျခံပါလို့ ဆိုလေတော့ နောက်ဆုံး လက်ခံလိုက်ရတော့တာပေါ့ဗျာ၊ ဘယ်တတ်နိုင်ပါ့။ ဒီကြားထဲ ကုသိုလ်ကံမျက်နှာသာမပေးပုံက “ကွင်းဆင်းလုပ်ကွက်” မဲနှိုက်ပြန်တော့ မောင်ကျောက်နဲ့အဖွဲ့ မြင်းဒိုက်စခန်းကနေ ၈မိုင်လောက်ဝေးတဲ့ “စင်္ကြာတောင်” ဘက်ကိုကျ၊ အောင်နိုင်တို့အဖွဲ့က အောက်ဘက် တစ်ဘူတာအဝေးက “ဆင်တောင်” ဘက်ကိုကျပါတယ်။
စကတည်းက ယဉ်သကို၊ ကွင်းစဆင်းမည့် မနက်မှာ ပြဿနာတက်တာပါပဲ။ ခရီးဝေးတာမို့ စောစောထွက်ပါမယ်ဆိုမှ မယ်မင်းကြီးမများက တယ်နှေးကြတာကိုး။ မောင်ကျောက်လည်း နော်ဖောတို့ကိုမြန်မြန်ထွက်ကြဖို့ လောနေတဲ့အချိန်၊ အောင်နိုင်နဲ့ နွယ်ကတော့ အကြီးအကျယ် စကားများရန်ဖြစ်နေကြပါပြီ။ ပြန်ပြောရရင် အနှီ မယ်ဘူမိများသည်လည်း ခေသူမဟုတ် “ငါတို့က အခင်းကြီး အခင်းငယ်၊ နင်တို့လို တောတိုးလို့ရတာမဟုတ်ဘူးဟဲ့” ဆိုပြီး တစ်ခွန်းမကျန် ပြန်ပက်ပါတယ်။ နောက်ဆုံးတော့ ထုံးစံအတိုင်း မြည်တွန်တောက်တီးပြီး ကိုယ်တာဝန်ကျရာ “ကွင်းဆင်းလုပ်ကွက်” ကို သုတ်ခြေတင်ရတာပေါ့ဗျာ။ အဲသည့်နေ့က တစ်နေ့စာအလုပ်ကို အပြီးဖြတ်လို့ စခန်းကို ညနေ ၅နာရီအမှီ မောင်ကျောက်တို့အဖွဲ့ ပြန်ရောက်ပေမည့်၊ အောင်ကျော်တို့အဖွဲ့ကတော့ ည ရနာရီအထိ ပေါ်မလာပါဘူး။ တောထဲမှာက ညနေ ၅နာရီကျော်ရင် မှောင်ပြီမို့ သူတို့လည်းလမ်းပျောက် စခန်းပြန်ရောက်ဖို့ မဖြစ်နိုင်တော့သလို အားလုံးလည်း ခြေမကိုင်မိလက်မကိုင်မိ ခေါင်းမီးတောက်ကြတာပေါ့ခင်ဗျာ။
ယောက်ျားလေးတွေချည်းဆို သိပ်ပြီးကိစ္စမရှိပေမယ့် မိန်းခလေးတွေပါ ပါနေတာကြောင့် ဆရာလည်း ကြံရာမရဖြစ်နေတုန်း မြင်းဒိုက်ဘူတာက လာသတင်းပို့ပါတယ်။ ကျောင်းသားတွေ ဆင်တောင်ဘူတာမှာ ရှိနေပါတယ်၊ ကုန်တင် အဆန်ရထားတွဲနဲ့ တင်ပေးလိုက်ပါမယ်လို့ သတင်းရလေမှ သက်ပြင်းချနိုင်ကြတာပါ။ ဒါပေမည့် ရှမ်းပြည်ဆောင်းကနာမည်ကြီးတာမို့ မောင်ကျောက်တို့လည်း ဘူတာမှာ အနွေးထည်တွေနဲ့ သွားစောင့်နေကြတာ ည ၉နာရီထိုးခါနီးမှ ရထားဝင်လာပါတယ်။ ဘရိတ်တွဲက လိုက်လာတဲ့ သူတို့ အဖွဲ့ကို ကြည့်လိုက်တော့၊ မျက်လုံးတွေမို့နေအောင် ငိုထားတဲ့ နွယ်က အောင်နိုင့်ဂျာကင်ကို ဝတ်လို့ခင်ဗျ၊ အောင်နိုင်ကတော့ လက်ဖဝါးနှစ်ဖက်ကို ပွတ်ရင်း မေးခိုက်နေသလို၊ ကျန်အဖွဲ့သားတွေကလည်း စိတ်ပျက်တဲ့မျက်နှာပေးနဲ့ပါ။ အိပ်ဆောင်ရောက်လို့ သူတို့အဖွဲ့က ငမျိုးကိုမေးကြည့်တော့
“နောက်ကျရတဲ့အထဲကွာ၊ ဟိုဟာမက ကျောင်းထဲမှာလို ပဲပေးလမ်းလျှောက်ရတယ် ထင်နေသလားမသိ။ ဟိုကောင်က မြန်မြန်လျှောက်ဖို့ပြောတော့ ရန်ဖြစ်၊ သင်းတို့ သတ်နေကြတာနဲ့ အလုပ်မပြီး၊ ခွီး နောက်ကျတာပေါ့ကွ။ တော်ပါသေးရဲ့ကွာ၊ ဆင်တောင်ဘူတာက သိပ်မဝေးလို့ ဗိုက်ဖြည့်၊ ငါတို့က ရှက်ကီထုလိုက်လို့ ခံသာသွားတာ။ ပြန်လာတော့ ဟိုဟာမ မရွှေ နွယ် က ဘရိတ်တွဲထဲမှာ လေတိုးပြီးချမ်းရှာလို့ မင်းအကောင် အောင်နိုင် ဂျာကင်ချွတ်ပေးလိုက်ရတယ်လေ ဟီး ဟီး” လို့ ပြန်ဖြေပါတယ်။
နွယ်လည်းသင်ခန်းစာရသွားပြီမို့ နောက်နေ့တွေမှာ အချိုးပြင်လာသလို အောင်နိုင်နဲ့ ရန်ဖြစ်သံလည်း မကြားရတော့ပါဘူး၊ ဒါပေမယ့် ကွင်းဆင်းကိစ္စကလွဲရင် အပိုစကား အလာပသလာပ မဆိုကြဘူးခင်ဗျ။ ဒီလိုနဲ့ တတိယနှစ် ကွင်းဆင်းအစီရင်ခံစာတင် ကျောင်းပိတ်ပြီး အောင်စာရင်းထွက်၊ စတုတ္ထနှစ်ကိုရောက်လာပြန်တော့ အပြင်ပန်းကြည့်ရင် မသိသာပေမည့် အချိုးပြောင်းနေတဲ့ သူတို့ ၂ယောက်ကို မောင်ကျောက် သတိထားမိလာပါတယ်။ အရင်ဆို တောင်ငူကန်တင်းက အရှည်ကြီးဆိုင်မှာ အတန်းပြီးတိုင်း လေပစ်နေကြ အောင်နိုင်၊ အခုတော့ အိမ်မှာကိစ္စရှိလို့ဆိုပြီး ဖင်နွေးအောင်တောင်မထိုင်ပဲ အစောကြီးအိမ်ပြန်ပါတယ်။ အဲသည်လိုပါပဲ၊ နောက်ဆုံးနှစ်မို့ အစွံထုတ်ဖို့ တခြားကျောင်းသူတွေ အကြီးအကျယ် ရှိုးထုတ်နေကြချိန် ပဲမမ နွယ်ကတော့ အေးအေးဆေးဆေးခင်ဗျ၊ သူ့ကိုလာပိုးတဲ့ မောင်ရင်တွေကိုတောင် စောင်းငဲ့လို့မှ မကြည့်တော့သလို ကျောင်းပြန်ရင်လည်း ခပ်ဖြေးဖြေး နဲနဲနောက်ကျမှပြန်ပါတယ်။ မသင်္ကာလို့ အောင်နိုင်ကိုမေးတော့ “ကြံကြံဖန်ဖန် မောင်ကျောက်ရာ၊ ဒီလိုဟာမမျိုးနဲ့ မင်းမို့ ငါ့ကို စွပ်စွဲရက်တယ်ကွာ”တဲ့။
ယုံမယ်ထင်ပါသလား၊ မောင်ကျောက် မယုံရေးချမယုံပါ၊ ဘော်ဘော်ချင်းလာဘတ်နေတာ သဲသဲကွဲကွဲသိရအောင် အမိဖမ်းမယ်လို့ပြင်တော့တာပေါ့ဗျာ။ လွယ်လွယ်လေးပါ၊ ငမျိုးတို့ကိုကားပေါ်တင် နွယ်အတန်းပြီးလို့ပြန်ရင် နောက်ယောင်ခံလိုက်တာပေါ့။ နွယ်က သူ့အဒေါ်အိမ် စမ်းချောင်း ဝေဠုဝန်လမ်းကျယ်မှာနေပြီး ကျောင်းတက်သူမို့ ကျောင်းရှေ့မှတ်တိုင်ကနေ ၄၂အမြန်ကားနဲ့အမြဲပြန်တယ်ခင်ဗျ။ နွယ်စီးလာတဲ့ ၄၂ဟိုင်းလတ်ကား လှည်းတန်းဈေးရှေ့မှတ်တိုင်ကို အရောက်မှာတော့ အိမ်မှာကိစ္စရှိလို့ဆိုပြီး စကားဖြတ် ခပ်သုတ်သုတ်ပြန်သွားတဲ့ လန်ဘားအောင်နိုင်၊ လွှားကနဲ ကားနောက်ကနေတွယ်တက်လိုက်တာ မြင်လိုက်ရတာမို့ အတော့်ကိုသေချာသွားပြီလေ။ ပိုသေခြာအောင် နောက်ကလိုက်တော့ သူတို့က ဆင်မလိုက်မှတ်တိုင်မှာဆင်း အရိုးဆေးရုံရှေ့ကနေ ရွှေလက်တွဲလို့လမ်းသလားပြီး သာယာနေကြတာခင်ဗျ။ ဘယ်ရမလဲ၊ သူတို့ဘေးကို ကားထိုးရပ် ဟွန်းကလေးတီးပြီး “ဟိတ်ကောင်တွေ.. ဘယ်လဲကွ”လို့ အသံပြုလိုက်တော့၊ နွယ်လည်း လက်တွဲဖြုတ်ပြီးပြေး အောင်နိုင်လည်း အလန့်တကြား ပျာယီးပျာယာ ရှက်ရယ် ရယ်ပါတယ်။ အဲသည့်နေ့က နှုတ်ပိတ်ခ ဆီချက်ခေါက်ဆွဲ အရသာရှိချက်ဗျာ၊ ရှားရှားပါးပါး ငါးသုံးလုံး စီးကရက်တောင် အဆစ်ပါသေးဆိုတော့ ဘယ်မေ့နိုင်ရက်ပါ့…
အခုလည်း ကျောင်းသားဘဝ အမှတ်ရလို့ ရေးမိပေမည့် ပြန်တွက်ကြည့်ရင် အစပိုင်းက ဆိုခဲ့သလို နှစ်၂ဝနီးနီး ရှိခဲ့ပါပြီ။ ရေးရင်းလက်စ နောက်ကြောင်းကို စကားစပ်မိလို့ပြောရရင်၊ မနှစ်က ဦးကျောက် ညီမလေးရှိရာ ဪဇီကို မီးနေစောင့်ဖို့သွားတော့ ဆစ်ဒနီမှာနေတဲ့ နွယ့်ကို ဖုန်းခေါ်ပြီး နှုတ်ဆက်မိပါသေးတယ်။ သူလည်းအိမ်ထောင်ကျလို့ သားလေးတစ်ယောက်ရနေပါပြီ၊ သူ့ခင်ပွန်း အိပ်ရာကမထသေးလေတော့ နွယ်နဲ့ ကျောင်းတော်ကအကြောင်း သူငယ်ချင်းများအကြောင်း ရှေးဟောင်းနှောင်းဖြစ် စကား ပြောဖြစ်ကြတာ မတွေ့ရတာကြာပြီမို့ နာရီနဲ့ချီမလားပဲ။ ခဏနေတော့ နွယ့်ခင်ပွန်း အိပ်ရာကနိုးလာပြီး ဖုန်းခွက်လု ပြောလိုက်ပုံက…
.
.
.
.
.
.
“ခွီး… ဒီငတိမကြီး ကျောင်းတော်ကရန်စ အငြိုးမပြေလို့ ငါ့ကိုယူပြီး ခိုင်းစားထားတာ၊ သားကျွေးမှုမယားကျွေးမှု ပင်ပန်းလိုက်တာ မောင်ကျောက်ရာ”ဆိုတဲ့ ရယ်ရွှန်းဖတ်ရွှန်းသံနဲ့အတူ
“အို… နိုင်ကလည်း… နွယ့်ကို အဲလိုမပြောပါနဲ့” လို့ မူနွဲ့နွဲ့ဆိုစကားသံနောက်၊ ဦးကျောက်ခဲလည်း သူတို့နဲ့အတူ အပျော်တွေ စီးမျောသွားလိုက်တာ၊ အဲသည့်နေ့က ညီမ မဗိုက်အတွက် ဟင်းချက်ဖို့ နောက်ကျသွားခဲ့ဖူးတယ် ဆိုတဲ့အကြောင်း…
(ဒီစာကို ကာယကံရှင်များ ခွင့်ပြုချက်နဲ့ ရေးပါသည်။ ချစ်သူငယ်ချင်းတို့ မင်္ဂလာအဓွန့်ရှည်ကြပါစေ)
63 comments
KZ
July 22, 2013 at 5:40 pm
အရေး ကောင်းချက် ထောင်းချက်ထား သလိုပဲ။ ပြန်လာမယ်။ လမ်းမှာမို့။။။
ဦးကျောက်ခဲ
July 22, 2013 at 6:21 pm
ကျန်း… ကျောက်စ်ကို မီးဖိုဆောင်ဝင်ရအောင် နိမိတ်ပေးနေပြီ…
ထောင်းတော့မချက်ပါရစေနဲ့ မိဇာဂျီးရယ်၊ လုံးချက်လေးဆို တော်ပါပြီဗျ…
Mr. MarGa
July 22, 2013 at 5:45 pm
ဂါး………….မြန်ထှာ
ဒီက ဖတ်တုန်းပဲ ရှိသေးတယ်
+++++++++++++++
ဟီဟိ
အဲဒါကြောင့်
အမုန်းဆုံး သူတွေက အချစ်ဆုံး ဖြစ်တတ်တယ်လို့ ပြောတာနေမှာ
ဦးကျောက်လဲ ဒီလမ်းစဉ်အတိုင်း
နဖူးစာ ရွာလည်ပြီးတော့ ကျောက်ကျောနဲ့ ချောကလက် တွဲမိတာနေမှာ
ဦးကျောက်ခဲ
July 22, 2013 at 6:24 pm
ချောကလက်နဲ့ နို့မှုန့်တွေ့တယ်လုပ်ပါ ကိုရင်သဂျားရယ်…
သတ်ပုံအမှားထောက်ပြတာ ကျေးဇူးဗျို့
Inz@ghi
July 23, 2013 at 8:01 am
ဒီရွာထဲမယ် တချို့ စကားလုံးတွေ မူပိုင် တင်ချင်ရင် ဘယ်လိုလျှောက်ရဒုံးဗျ…
မောင်ရင်သဂျား သား မူပိုင် စာလုံး သုံးတာ သား အရမ်းမုန်းတယ်
သွားလေသူ အဘိုး ဗိုလ်ချုပ်ရယ်…
ငိငိ…
ဦးကျောက်ခဲ
July 23, 2013 at 8:11 am
အဟတ်… ဂါး ကို မူပိုင်ဆွဲတော့မှာလား…
ကေအန်ယူ ဂီဂီဂါးလို့ နာမည်ပြောင်းလိုက်လေ…ဟိ
Mr. MarGa
July 23, 2013 at 12:51 pm
သားရယ်….
သားက မူပိုင်ခွင့် တင်ဝူးလေကွယ်
ဟီဟိ
မတိလို့ သုံးမိတာပါ သွားလေသူ အဘွား ပွဲကတော်ကြီးရယ်
ပြေးပြီ…ဟီဟိ
Mr. MarGa
July 23, 2013 at 1:03 pm
ဟဲဟဲ
အတော် အသေးစိတ် ဖတ်လိုက်ရတယ်
အဲဒါကြောင့် ပြန်လာရင် မုန့်ဝယ်ကျွေးရမယ်
အလင်း ဆက်
July 22, 2013 at 5:56 pm
ဦးကျောက်တို ့ရေးလိုက်ရင်များ…
ပေါ့ပေါ့ပါးပါးနဲ ့..ဖတ်ရတာ…ချောနေတာပဲ ။
လူမချောပဲ.. စာချောတဲ့ ဦးကျောက်..လို ့ဆိုရမလိုဖြစ်နေပြီ ။
အဟိ ။
ချစ်လို ့စတာဗျ ။
😆
ဦးကျောက်ခဲ
July 22, 2013 at 6:29 pm
အင်းပေါ့… ဒညင်းဝက်ရယ် ခင်ဗျားက ရုပ်အခံရှိတယ်ဆိုတော့ နှိပ်ကွပ်ပါ…
ကျောက်စ်ကို မချောဘူးပြောတဲ့ ကိုရင်ဒညင်းဝက် ဒေါ်ဖွားမေနဲ့ ညားပါစေလို့…
အလင်း ဆက်
July 22, 2013 at 7:42 pm
ဒေါ်ဖွားမေနဲ ့ ညားလည်း..တမျိုးတော့ကောင်းတယ်ဗျ ။
မိတ်ကပ်ဖို း.နှုတ်ခမ်းနီဖိုး..သိပ်မကုန်တော့ဘူးပေါ့ ။
အဟိ ။
အလင်းဆက်ဆိုရင်..
ရုပ်ချောတာလေးပါ…ပြေးမြင်လို ့ရပေမယ့်…
ဒညင်းဝက်လို့ခေါ်လိုက်ရင်တော့…
နှစ်ခြမ်းကွဲ…စိမ်းရွှင်ရွှင်ကြီးကိုပြေးမြင်မိလို ့…
နိုချင်တယ် ။
ချစ်သုဝေလေးကို ဖတ်ပြီးးးး
နိုချင်တယ် ။
Ma Ma
July 22, 2013 at 6:26 pm
ဦးကျောက်စာကိုဖတ်ပြီး ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် လုပ်ချင်စိတ်ပေါက်လာတယ်။
ကျောင်းတုန်းက ရိုးရိုးအေးအေးနဲ့ အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။
ကျူရှင်ပျက်လို့ဆိုပြီး အတန်းထဲက သူငယ်ချင်းကောင်လေးတစ်ယောက်က မကြာခဏ စာအုပ်လာငှားတယ်။
ဘေးကသူငယ်ချင်းတွေက သူတို့တွဲနေကြတာလားဆိုပြီး ကိုယ့်ဆီမေးမြန်းစုံစမ်းကြတယ်။
မဟုတ်ပါဘူးဆိုပြီး ကြားကနေ ငြင်းပေးတာ ကျောင်းပြီးလို့ သူတို့၂ယောက် မင်္ဂလာဆောင်မှပဲ သိတော့တယ်။
တခြားသူငယ်ချင်းတွေက အလိုတူ အလိုပါ ဝိုင်းညာပေးတယ်လို့ နောက်ကွယ်မှာ အတင်းပြောကြသတဲ့လေ။ 🙁
ဦးကျောက်ခဲ
July 22, 2013 at 6:35 pm
ဟီ ဟိ မောင်ကျောက်စ်ကတော့ မရဘူး အမိဖမ်းပလိုက်တယ်…
ပြန်စဉ်းစားမိရင် ကြည်နူးမိသား၊ အပြစ်ကင်းတဲ့ အဖြူရောင်ချစ်ခြင်းလေ…
ဒါပေသည့် ဘူမိလောကမှာတော့ “ခြံစည်းရိုး ထင်းခွေတယ်” လို့ ခေါ်သဗျ…
ကျောက်ပျင်း… ဟီ ဟိအရသာရှိထှာ…
koyinmaung
July 22, 2013 at 6:42 pm
ကိုကျောက်ရေ သူများချစ်သူတွေ ဖြစ်သွားတဲ့အကြောင်းရေးတာ
ဖတ်လို့တယ်ကောင်းသကိုကွဲ့…..
ကိုကျောက်ရဲ့ချစ်ချစ်အကြောင်းလေးများရှိယင်ဖတ်ချင်စမ်းပါဘိနဲ့….ဟိဟီဟိ….
ဦးကျောက်ခဲ
July 22, 2013 at 6:58 pm
လာမယ်လေ… အကိုရင်မောင်ရဲ့…
“ရွာထဲက ဖူးစာ”တို့၊ “တူနှစ်ဖြာ ရွှေဂဟေဆက်ပါလို့”တို့…
ဝါကျွတ်ရင် ဖတ်ဖို့သာပြင်ပေရော့၊ စာစီပြီးသား… ဟီ ဟိ
လုံမလေးမွန်မွန်
July 22, 2013 at 7:49 pm
အဲ့လိုတွေ ဖြစ်တတ်ကြတယ်ပေါ့…
တော်ပီ..ဘူ့ကိုမှ အရမ်းမမုန်းတော့ဝူး.. မတော် ချစ်မိသွားရင် ဘိုလုပ်မလဲ..နော့..
ဦးကျောက်ခဲ
July 23, 2013 at 7:59 am
သတိထားရမည့်အထဲ… အရမ်းချစ်မိသွားမှာလည်းပါတယ် အားဟိ…
ချစ်တတ်ကြပါစေလို့ ဦးကျောက်က ဆုတောင်းပေးလိုက်ပါတယ်…
surmi
July 23, 2013 at 12:55 am
အဟမ်းးး
ဒါလေးဖတ်မိတော့ လှည်းတန်းအိုင်တီမှာပြောခဲ့ဖူးတာလေးသတိယမိသား …
သိချင်သူများဆက်သွယ်ပါရန် 🙂
လက်ဘက်ရည်တစ်ဝိုင်း နှင့် ဖောက်သည်ချပါမည် … ကွိစ် 🙂
ဘာပဲဖြစ်ဖြစ်..ပြန်တွေးလိုက်ရင်တော့ ပျော်စရာတွေက ပျော်ရသလို
လွမ်းစရာတွေကလည်း ခုထိ ………
ဦးကျောက်ခဲ
July 23, 2013 at 8:06 am
ကိုရင်ဆာ… တောင်းပန်ပါရစေ မရက်စက်ပါနဲ့…
လက်ဘက်ရည်တစ်ဝိုင်းနဲ့တော့ ကျောက်စ်စီးကရက်တွေ မရောင်းလိုက်ပါနဲ့ ဟီဟိ
အင်း… ပြန်မနိုင်တော့တဲ့ ငယ်ဘဝက လွမ်းမောစရာ အပြည့်နဲ့ဗျာ…
မဟာရာဇာ အံစာတုံး
July 23, 2013 at 9:18 am
ဟိုဆြာဂျီးရဲ့ နိမိတ်စကားက တယ်မှန်ဘာလားဂျ ..
အိုက်ဒါဂျောင့် ပေါဒါနေမှာ ..
ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့ .. တဲ့ ..
(ဟုတ်လားဒေါ့ သိဝူးးး)
နောက်ဆုံးဘိတ်မှာ …
ဟိုဒင်း ခင်ဘွန်းဂျီး ဆိုတာ အခြားသူ ဖြစ်နေမလား အောက်မေ့နေဒါ …
တော်ဒေးဒယ် … ဟိုလူဘဲ ဖစ်နေလို့ …
ဦးကျောက်ခဲ
July 23, 2013 at 9:45 am
ဆရာကျော်က ဝါရင့်သဘာရင့် ကျောင်းဆရာကြီးဆိုတော့ အမြင်ရှိတာပေါ့ဗျာ…
စကားပြောရင် ဘုကန့်လန့်ဆိုပေမည့်၊ တပည့်တွေကိုအလွန်ချစ်တာဗျ…
ဆုံးပါးသွားတဲ့ ဆရာကျော်ကို လွမ်းလိုက်တာဗျာ…
ဟို ၂ယောက်က အခုတော့ သိပ်ချစ်နေကြတာ၊ ထင်ရက်စရာမရှိ…
Crystalline
July 23, 2013 at 9:38 am
ဦးကျောက်တို့ကျောင်းသားဘဝက အားကျစရာကြီး.. အစ်မတွေပြောတဲ့အင်းလျားတွေ.. အဓိပတိလမ်းတွေဆိုတာလဲ..ဘာမှန်းမသိလိုက်ရတဲ့ကျောင်းသူ ဘဝကိုရင်နာတယ်.. တစ်နာရီလောက်သွားရတဲ့ခရီးပျင်းလို့ တစ်ပတ်ကို တစ်ရက်တောင်ကျောင်းမတက်..ကျူတိုရီရယ်မဖြေ.. ကျူရှင်မယူဘဲ..ကျောင်းပြီးခဲ့တဲ့ကျောင်းသူဘွ.. 🙂
ကျန်းဇီယီလေးနဲ့ ရမ်ဒီဂျက်ဆင်ကြီးတွေ့တဲ့ဇာတ်လေးကိုလည်း အမြည်းလေးတော့လုပ်ပါဦး
ဦးကျောက်ခဲ
July 23, 2013 at 9:55 am
ဦးကျောက်တို့ကျောင်းသားဘဝက
မနက်ဘက်ဆိုအတန်းတက်၊ ကန်တင်းထိုင်၊ ညနေ ကန်ဘောင်မှာ ဗရုပ်ကျ…
ညဘက်ဆို အမျိုးသမီးအဆောင်မှာ ဂီတာသွားတီး…
အင်းလျားတွေ.. အဓိပတိလမ်းတွေနဲ့ ပျော်စရာကြီးပေါ့ကွယ်…
တိန်… အချွန်နဲ့မပြီ ဒီလို့ကွဲ့… ရမ်ဒီကြီး ကျန်ကျိယီလေးနဲ့ တွေ့ပုံက…
“ရွာထဲက ဖူးစာ”… ကို စောင့်မျှော် ရှူစားပါခင်ဗျား… အားဟိ
Wow
July 23, 2013 at 9:39 am
လွတ်လပ်ရေးနေ့မာ မလွတ်မလပ်ဖစ်တော့မယ့် ကျောက်စ်….
ဦးကျောက်ခဲ
July 23, 2013 at 9:57 am
ဒါကတော့ ချစ်လွန်းလို့ ဘဝကိုပုံအပ်လိုက်တယ် မှတ်ပါ မိရွှေဝေါင်းရယ်…
ဟီ ဟိ နု ကြည့်တာ
Nyo Win
July 23, 2013 at 9:58 am
ဦးကျောက်ရေ….ကျောင်းတုန်းကဘဝကိုပြန်လွမ်းသွားပြီ…..
အဟီး…..ဦးညိုမှာတော့အလွမ်းဇာတ်လမ်း(ရှက်ထှာ)…..
သို ့ပေမဲ့…အခုတော့ကျေးဇူးတောင်တင်ရအုံးမယ်….
အခုတွေ ့တော့သူလေး..အဲ့ သူကြီးက..စည်ပိုင်းရှိတ်ဖြစ်နေပြီ…ဟီဟိ….
ဦးကျောက်ခဲ
July 23, 2013 at 10:11 am
ကိုညိုဝင်းရယ်… ဆြာတို့ဘက်က ဒီလောက်အချောအလှပေါတာ…
အလွမ်းဇာတ်လမ်း ဖြစ်ခဲ့ရသေးတယ်ဆိုတော့…
ကိုယ့်ဆြာ ပတ်ပြေးလာတာဖြစ်ရမယ်… ဟီ ဟိ
ဟုတ်သဗျ၊ ငယ်ငယ်က မဒီချောလေးတွေ စည်ပိုင်းရှိတ်ဖြစ်ကုန်ကြပြီ…
စချင် နောက်ချင်လို့ အန်တီခေါ်လိုက်တာ၊ ဘာပြောကောင်းမလဲ…
ထိုးလိုက်တဲ့မျက်စောင်း.. နဂါးဆိုရင် ကျောက်စ် ပြာ ဖြစ်ပြီ… ဟီး ဟီး
Nyo Win
July 23, 2013 at 10:18 am
ကျန်း…ဆြာကျောက်….ဘေးကရပ်ကြည့်နေတဲ့အတိုင်းဘဲ…..
ထပ်ပြီးလေးစားသွားပြီဆကျောက်စ်ရေ…..
Nyo Win
July 23, 2013 at 10:21 am
ဟုတ်ပါ့ ဦးကျောက်ရေ ပြေးချက်ကတော့..ဟီဟိ
ရုပ်ကြောင့်တော့ဟုတ်ဘူး….ဂုဏ်လေးတခုကြောင့်…
တွေ ့မှအသေးစိတ်ပြောပြမယ်ဆကျောက်စ်ရေ….
ဦးကျောက်ခဲ
July 23, 2013 at 10:40 am
ပြန်ရောက်ရင် သံချောင်းခေါက်လိုက်မယ်…
ပွါးကြလေသတည်းပေါ့ ဆြာညိုရယ်…
Ma Ei
July 23, 2013 at 10:13 am
“ရွာထဲက ဖူးစာ”… ကို စောင့်မျှော် နေပါမည်….
ကျောက် တစ်ယောက်ထဲ ပြော မောနေဦးမယ်…
နှင်းဘက်က အရေးလေးတွေလဲ တွေ့ချင်သား…
ဦးကျောက်ခဲ
July 23, 2013 at 10:37 am
“ရွာထဲက ဖူးစာ”… ကို ၂ယောက်ပေါင်း ၁ပုဒ် ရေးမယ်လေ မအိရဲ့…
အခုတော့ သူမခမြာ စာတောင် ပုံမှန်မဖတ်အားဘူး…
အာဝါဟဝိဝဟ အလွန်ကိစ္စများတာမို့ နပန်းလုံးနေကြောင်းပါ…
ခင် ခ
July 23, 2013 at 11:38 am
“နှစ်ဖူးစာရွာလည်´´ လို့ စကားလေးကြားဖူးပါတယ်၊
အမှန်တော့ နှစ်ဖူးစာ ဘာလို့ ရွာလည် ရတာလဲ၊ ဘာလို့ ရွာပြင် မလည်တာလဲ အဲလို အဲလို အတွေးခေါင်ခေါင်တွေ တွေးမိဘူးတာ ခဏခဏဘဲ၊ တွေးမိတိုင်းလည်း အဖြေက ဝိုးတဝါးပါဘဲ၊
ဒါပေမယ့် အခုတော့ အဲဒီ “နှစ်ဖူးစာရွာလည်´´ ဆိုတဲ့ စကားအဓိပ္ပါယ်ကို ကျွန်တော် သိသွားပြီဗျ၊ အတွေးခေါင်ခေါင် တွေလည်းမတွေးတော့ဘူးလေ၊ အဲ အဓိပ္ပါယ်လေးက နှစ်ဖူးစာ ဟာ ရွာ ထဲမှာဘဲ ရှိတာကိုးဗျ၊ အဲဒီတော့လည်း “နှစ်ဖူးစာရွာလည်´´ ဘဲဆိုမပေါ့လေ။ အသင်မယုံဘူးလား ပိုစ့်ပိုင်ရှင်ကိုသာ မေးကြည့်ပါ။ သူဖြေပါလိမ့်မယ် ထင်ပါ၏။
ဦးကျောက်ခဲ
July 23, 2013 at 11:47 am
ကြုံရလေတဲ့ ရွာထဲက ဖူးစာကတော့ ဆြာခတို့ သက်သေပါ…
သူများတွေ မြီးကောင်ပေါက်အရွယ် သားသမီးတွေရှိကုန်မှ…
မောင်ကျောက်မှာ ခလေးအနှီး လျှော်ဖို့ပြင်နေတုန်း…
koyinmaung
July 23, 2013 at 12:16 pm
အော်..ဒါကြောင့်ထင်ပါရဲ့..
ဘဝဆိုတာ အသက်၄ဝမှ စတယ်ဆိုတာလေ….
မအိ ပြောသလို ရွာထဲကဖူစာ ကို ကာယကံရှင်နှစ်ဦးကရေးယင်
ပိုဖတ်လို့ကောင်းမယ်ထင်ပါတယ်..တောင်းဆိုပါတယ်ဗျို့
ဦးကျောက်ခဲ
July 23, 2013 at 1:20 pm
မထင်မှတ်ပဲ အသက်၄ဝကျော်မှ ကံပေါ်တယ်ဆိုရမှာပေါ့ အကိုရင်မောင်ရယ်…
သူ့ဘက်ကိုယ့်ဘက် နှစ်ယောက်တွဲဗားရှင်း ရေးရသေးတာပ… ဟီ ဟိ
Mon Kit
July 23, 2013 at 1:13 pm
ဦးကျောက်စ်ရယ်..
ဖတ်ရတာ စီးစီးပိုင်ပိုင်ရှိလိုက်တာ…
နွယ် နဲ့ နိုင် တို့ နှစ်ယောက်က အချစ်စမ်းကြရင်း တစ်ကယ်ကြီးကို ချစ်သွားကြတာပေါ့နော်..
ရွာထဲက ဖူးစာအတွက် နှင်းက ခုထဲက မအားရင် နောက်ဆို ပိုတောင် မအားဖြစ်တော့မှာပေါ့..
ဦးကျောက်စ်ဘဲ တာဝန်ယူ ရေးပေတော့..
စောင့်မျှော်နေဘီ..
ဦးကျောက်ခဲ
July 23, 2013 at 1:25 pm
နွယ် နဲ့ နိုင် တို့ နှစ်ယောက်က မုန်းတုန်းကလည်း အကြီးအကျယ်…
ချစ်ပြန်တော့လည်း သည်းသည်းလှုပ်၊ အခု သားတစ်ယောက်နဲ့ မွန်ကစ်ရဲ့…
“ရွာထဲက ဖူးစာ”က နိုဝင်ဘာမှာ ဖတ်ရမယ်… ဟီ ဟိ
kyeemite
July 23, 2013 at 1:39 pm
ဒါကြောင့်ပြောတာပေါ့ဗျ…အရမ်းမမုန်းကြပါနဲ့လို့..
မုန်းလွန်းတော့ အမုန်းတွေကုန်ပြီးအချစ်ပဲကျန်တော့
ချစ်ကုန်တာပေါ့….
ပြောင်းပြန်တွေးယူရရင်.. အရမ်းလည်းမချစ်ကြပါနဲ့လို့
ချွေတာချစ်ကြပါလို့..တော်နေအချစ်ကုန်သွားမှ ဟုတ်ပေ့ဖြစ်နေမယ်..
ဟုတ်တယ်နော် ..ဘိုကျောက်စ်
ဦးကျောက်ခဲ
July 23, 2013 at 2:00 pm
အမှန်ပဲ အကိုမိုက်ရေ…
အချစ်လွန်ရင်လည်း ဒုက္ခ၊ အရမ်းအချစ်ခံရရင် မွန်းကြပ်သတဲ့…
မလျော့မတင်း စောင်းကြိုးညှိသလိုပေါ့ဗျာ…
ကျောက်စ်ဆက်ပြောရင် နိုင်ငံရေးတွေ ပါလာတော့မယ်… အားဟိ
အရီးခင်လတ်
July 23, 2013 at 1:42 pm
ကျောက်စ် တို့ သွယ်ဝိုက် အချွဲကောင်းပုံများ။
မြင်နေတယ်နော်။
အပိတ်စာသားလေး { ချစ်သူငယ်ချင်းတို့ မင်္ဂလာအဓွန့်ရှည်ကြပါစေ } တဲ့။
ကွန့်ကြည့်မလို့။
သူတို့ နှစ်ယောက် ရဲ့ ချစ်ခြင်းက အလှတွေ၊ ပကာသန တွေ၊ ဂုဏ်ဒြပ်တွေ ကနေ အခြေမတည်ဘဲ
ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခကြားမှာ ရိုင်းပင်းရင်း ထိတွေ့နားလည်မှု ကနေ ဖြစ်သွားတဲ့ သံယောဇဉ် ပေါ်မှာ အခြေတည် သွားတာမို့ (အောင်မယ်လေး အတော် ကဘာ ဆန်ပြောလိုက်ရတာ 😉 )
သေချာတယ်။
သူတို့ လက်တွေ အတော်ခိုင်မှာပါ။
တစ်ချို့ လင်မယား တွေ ကွဲဖို့ ကွာဖို့ ဖြစ်လာရင် အကြံပြုကြတာ ရှိတယ်။
Adventure လုပ်တဲ့ နေရာ တွေ မှာ ၂ယောက် သွားပြီး အတူတူ ဖြေရှင်းကြည့်ခိုင်းတာ။
တစ်ချို့လဲ ပြန်ပေါင်းသွားပေါ့။
တစ်ချို့ လဲ ပိုဆိုးပြီး အဲဒီကအပြန် အခေါ်အပြောတောင် မရှိ ပြတ်ရော။
သေချာတာက ကိုယ့်ဘေးကလူ က လူကြီးဆန်ပြီး ဖေးမ ခေါ်တတ်သူ သာဆိုရင် အိမ်ထောင်ရေးမှာ % များများ Safe ဖြစ်မှာပါ။
ကျောက်စ်လိုနေမှာပေါ့။
ဖားကြည့်တာ၊ မင်္ဂလာဆောင် ဒါ့ပုံ ပြအောင်လို့။ 😆
နိုဝင်ဘာ လူကြုံ ရှိနေသမို့ လက်ဖွဲ့ ပို့လိုက်မယ်။
ဦးကျောက်ခဲ
July 23, 2013 at 2:13 pm
သူတို့ ၂ယောက် ဒုက္ခအခက်အခဲနဲ့တွေ့မှ အတူတူရင်ဆိုင်ရမယ်ဆိုတာ…
သဘောပေါက်သွားတာမို့ အခုအချိန်အထိ ပြသနာတက်သံ မကြားရပါဘူး…
ရိုးရိုးရှင်းရှင်း အဖြူရောင် ချစ်ခြင်းမေတ္တာနဲ့ တည်ဆောက်တဲ့အိမ်ထောင်ရေးမို့…
အားကျစရာကြီး အရီးရဲ့… ဟီး ဟီး
ဓာတ်ပုံပို့ပေးလိုက်ပါ့မယ် စိတ်ချပါ၊ လက်ဖွဲ့ပို့မယ်ဆိုလို့လည်း ကျေးဇူးပါခင်ဗျ။
TNA
July 23, 2013 at 6:41 pm
အပီခံစားပြီးရေးသွားတာမို့ အရမ်းကိုဖတ်လို့ကောင်းပါအိ အုအုကျောက်ရှင့်။ တကယ့်ကိုဖတ်ရတာ တချက်မှမလွတ်ရအောင်ဆွဲဆောင်နိုင်ပါတယ်။ နှဖူးစာရွာလည်၊ နို့မှုန့်နှင့် ချောကလက် ဇာတ်လမ်းများလဲ ဖတ်ချင်ပါတယ်။ သွားခေါလို့မကြိုက်ဘူး၊ ရုပ်ဆိုးလို့မကြိုက်ဘူးဆိုသူတွေကြိုက်သွားကြသလို အသားမည်းရင် မကြိုက်ဘူးဆိုသူကဘာတွေ့လို့ကြိုက်သွား အဲလေ ဘာကြောင့်ကြိုက်သွားတယ်ဆိုတာလေးလဲဖတ်ချင်ပါဘိ။ ရွာသူလေးကိုယ်တိုင်ရေးရင်တော့ပိုဖတ်လို့ကောင်းမည်ထင်ပါသည်။ သို့တည်းမဟုတ် အိမ်နီးလို့အင်တာတွား ဗျူး ပြီးပြန်ရေးလိုက်ရင်ကောင်းမည်ဟုလဲထင်ပါတီ။ ဟီးဟီး
ဦးကျောက်ခဲ
July 24, 2013 at 7:54 am
မသဲရယ်… မေးမှမေးတတ်ပါ့…
နို့မှုန့်နှင့် ချောကလက် ဇာတ်လမ်းမှာ…
ချောကလက်ကြီးက “အသားမဲပေမည့်၊ အသည်းကရွှေပါ”တဲ့ ခင်ဗျာ…
ဝါကျွတ်လို့ ပို့စ်တင်တဲ့အထိ မစောင့်နိုင်ရင်တော့ ကိုယ်တိုင်ကိုယ်ကျ ဗျူးပါလေ…
အား ဟိ… ကျောက်စ်ကို ရွာသူရွာသားများ မျက်စေ့နောက်ကုန်ပြီ
Min Zarni
July 24, 2013 at 8:00 am
မနောက်ပါဘူး အူးကျောက်စ် ..ကျော် ခံဇားနားလည် ကိုယ်ချင်းစာ မုဒိတာပွား ဘာဒယ်လေ..
ငိငိ
စကားမစပ် ကျော် ကိုကိုဝီကို အားရီးမုန်းဒယ် ဝါကျွတ်ရင် မင်ဂါဆောင်မယ့် ..ဦးလေးရယ်..
Foreign Resident
July 24, 2013 at 8:39 am
” ငါ့ကိုယူပြီး ခိုင်းစားထားတာ၊ သားကျွေးမှုမယားကျွေးမှု
ပင်ပန်းလိုက်တာ မောင်ကျောက်ရာ ”
အင်း ၊ ပြောပြတဲ့သူတွေက ၊ သေချာ ပြောပြခဲ့တာတောင် ၊
သံဝေဂ မယူနိုင်တဲ့ ရွာသားတွေကလည်း ရှိသေးသကိုး ။
ဟီ ဟိ ။
ဦးကျောက်ခဲ
July 24, 2013 at 9:01 am
ဒါကတော့ အဘဖောရယ်…
ချိုမြိန်တဲ့ ဒုက္ခပျားရည်ကို အများသူငါလို လျက်ပါရစေလို့…
ဟီ ဟိ… အခန်းပြန်ရောက်ရင် မီးခလုပ် စမ်းဖွင့်ရတာ ပျင်းလာပြီ အဘရဲ့
TNA
July 25, 2013 at 8:36 am
အာဟိ ရွာ့စာအုပ်ထဲက ညီမလေးအကြောင်းများမတရားရေးထားချက်။ လူပြိုကြီးမြန်းကိုယ်ချင်းမ စာ ရေးထားဒါ။ အထုဒေါ့မကြာမှီဝတ်လည်မည်။
KZ
July 24, 2013 at 8:45 am
ဘဖော ပြောမှ ကွက်တိပဲ၊။
ဟိဟိဟိ။
နူးညံ့တဲ့ အမိန့်တော် အတိုင်းးး တဲ့။ ဖြတ် လေး ဖြတ် ဖြတ်ဦးမတဲ့။
နှင်းကလေးကို ပြောစရာရှိတာ ပြောထားဦးမှပါ။
ဖြတ်ထားတာတွေ ပြန်စချင်ရင် ဘယ်လိုတွေ ပြောတတ်ကြတုန်း ဆိုတာ။
Min Zarni
July 24, 2013 at 8:52 am
ဇဘင်အရှည်ကို ဘီးကုပ်တပ်လို့ ဂေါ်ဘီဟဲ့..
ပုလွေရိုး ရေချိုးသလို ဘော်ဒီနဲ့ ..
အသားမဲတာ ကျီးကန်းတောင်မှ အော်ရီမတဲ့..
အခုစ ဆိုမှာ အဲ့လိုအဲ့လို ..စော်ကြည်ဘဲ..
မိန်းကလေးတွေ မကြိုက်လောက်ပါသူ့တော်ကီလည်း
နှုတ်ခမ်းက အနည်းငယ်ဆိုယုံ ထော်သည်တဲ့ ..
တယောက်လောက်ပေါ့လိုချင်တာပေါ့ စော်အတည်လဲ..
အခုဖျော်ဖြေမှာ ..အဲ့လိုအဲ့လို ..စော်ကြည်ဘဲ…
(ကျော်ကြီး သီချင်း ဝင်ဆိုသွားဘာသည်..)
အားယီး ပျော် သကွယ် ..
ဒချိဒချိ..
ဦးကျောက်ခဲ
July 24, 2013 at 9:07 am
နှလုံးသားက ကြားပြီး၊ နားက မြင်တာကို၊ ချစ်တတ်သူတွေချင်းသာ နားလည်မှာပါဗျာ..
နူးညံ့တဲ့ အမိန့်တော်ဆိုတာ၊ ကြမ်းရှတဲ့ နှလုံးသားပိုင်ရှင်တွေ နားမလည်ပါဘူး…
ရာသက်ပန် ချစ်ခြင်းတွေမြှုပ်နှံမှာ မနာလိုမရှိပါနဲ့ မိဇာဂျီး… အားဟိ
KZ
July 24, 2013 at 9:28 am
နုနေတာပဲ။
မျက်လုံးက ပြောတဲ့ စကားကို
နှလုံးသားက ကြား ပြီး နားက မြင်တာမျိုးလားဟမ်?? အို။ နှခေါင်းက အဟွာ မပါရင် ပြီးတာပါပဲလေ။
ဖန်ရှင်တွေ လွဲကုန် မှာစိုးလို့။
Min Zarni
July 24, 2013 at 10:20 am
လေဟုန်စီးခြင်း
ရင်ခုန်တဲ့သီချင်း
လောကကြီးရဲ့ ဆွဲအားကို ငြင်းပယ်ရင်း
လမင်းလေးရဲ့ အလင်းမှာ ခိုလှုံရင်း
အိပ်မက်လား တကယ်လား ရောထွေးသွားခြင်း
ဦးကြောင်ကြီး
July 24, 2013 at 9:35 am
အနော့်ဂိုလည်း နှာဗူးဂျီးလို့ ရစရာ မရှိအောင် ပေါဒဲ့ ရွာသူစုန်းမတယောက် ရှိတယ်ဗျာ… ရုပ်ကတော့ တရုတ်သိုင်းကားထဲက မေခြောက်ဖုံနဲ့ တူတယ်… ဂေဇက်ပွဲလာတဲ့ ပိတ်သက်ထဲက ဘယ်သူမေခြောက်ဖုံနဲ့ တူသလဲ ရှာကြည့်ဗျာ… တွေ့လိမ့်မယ်….။ ရုပ်ပြောင်းရုပ်လွှဲ သိုင်းလည်း တတ်သဗျ…. သူနဲ့အနော် ဦးကျောက် ပြောပုံအရဆို ရည်းဂျားတွေ ဖြစ်တော့မှာ… ချက်ခြာဂျီး…
ဦးကျောက်ခဲ
July 24, 2013 at 11:19 am
ကိုရင်ကြောင်…
နှာဗူးဂျီးတဲ့လား… မဟုတ်ကမဟတ်က နှာဂိုထောင်ပါဗျ… ဟီး ဟီး
ဝ သဘုံကြီးကိုလဲ သိပ်မမုန်းနဲ့ မတော်ချစ်မိသွားရင် ရှာကြွေးနေရမယ်…
ရဲစည်
July 24, 2013 at 10:20 am
ပြောတော့ဘူးး
ပြောမထွက်ဘူးး အာဝူး အာဝူး
အတည်မန့်မယ်ဗျာ
ဒီဇာတ်လမ်းရဲ ့ အဓိကက ဆရာကျော်ဗျ ဆိုက်ကိုထည့်ပေးလိုက်တာ
နောက်ပိုင်း သူတို့ ကံနဲ့ ဖူးစာပါလာတော့ ညားကျလေသတည်းပေါ့
ဆိုတော့ ဒါအမုန်းအစစ်မဟုတ်ဘူးဗျ
အမုန်းအစစ်ကတော့ နှလုံးနင့်အောင် ခံစားရတာကိုး
ဦးကျောက်ခဲ
July 24, 2013 at 11:23 am
ဟုတ်တယ် ကိုရဲစည်
သူတို့ ၂ဦးရဲ့ အတွင်းစိတ်ကို ဆရာကျော် က ပါးပါးလေး လှပ်ပေးပြီး…
ကွင်းဆင်းခရီးမှာလည်း အတူကျပြန်တော့ လှော်ပေးလိုက်တာ…
ခုများတော့ သာယာတဲ့ အိမ်ထောင်ရေးပေါ့ဗျာ…
GARFIELD
July 25, 2013 at 9:51 am
ခံစားဖူးသလားကိုရဲစည်… ခံစားဖူးသလား…
ဂါဂါး
lele kyi
July 24, 2013 at 4:44 pm
ဘူမိ ကို ပထမနှစ် semester တစ်ခုသွားတတ်လိုက်သေးတယ်။ ကျမတို့နှစ်မှာ မိန်းကလေး ၁ဝယောက် ပါတယ်။ မောင်နှမရင်းစိတ်ဓာတ်ပြည့်ဝတဲ့ တစ်ခုတည်းသော မေဂျာလို့ပြောရင် လွန်တယ်လို့ပြောကြမလားပဲ။ အကြောင်းအမျိုးမျိုးကြောင့်ကျောင်းထွက်လိုက်ရပေမဲ့ တခါတလေတော့သတိရမိသား။ မိုင်၂ဝ လမ်းလျှောက်တာ ကားခိုးစီးခဲ့တယ်။ ကျောင်းပြေးတဲ့အခါ သူငယ်ချင်းလက်ထဲ ပရက်တီကယ် စာအုပ်ထည့်ပေးခဲ့တယ်။ တစ်ခါ ဆရာခေါ်ဆူတာခံရဘူးတယ်။ ပရက်တီကယ် စာအုပ်နှစ်အုပ်ဖြစ်နေလို့ ။သူငယ်ချင်းနှစ်ယောက်ကစိတ်ပူပြီးတင်လိုက်ကျတာ။
ဦးကျောက်ခဲ
July 24, 2013 at 6:25 pm
၉ဝခုနှစ် နှောင်းပိုင်းတွေ ထင်ပါရဲ့… lele kyi
ဦးကျောက်တို့တုန်းကတော့ ကားခိုးစီးရင် ဝင်ခွင့်ပြုတ်တယ် ခင်ဗျ…
မေဂျာပရက်တီကယ်ဆိုတာကလည်း လူစားထိုးဖို့ မစဉ်းစားနဲ့…
ဒီဆရာနဲ့ ဒီတပည့် ခုံနံပါတ်ပါ တွဲပြီးမှတ်မိနေတာ ခင်ဗျ…
ဘူမိဗေဒ မောင်နှမစိတ်ဓာတ်ကတော့ အတော့်ကိုမြဲတာ အခုအချိန်အထိပါ…
စကားအတင်းစပ်လို့ပြောရရင် ဆရာကျော် က စည်းကမ်းအရမ်းကြီးပါတယ်…
ဘူမိကိုရောက်လာတဲ့ ဗိုလ်ချုပ်ကျော်ဘသား စာမေးပွဲကျတာကို…
ထောက်လှမ်းရေးက အအောင်ပေးခိုင်းတာ မပေးလို့…
နယ်ဝေး တက္ကသိုလ်တစ်ခုကို လွင့်ဖူးပါရဲ့ဗျာ…
lele kyi
July 25, 2013 at 5:25 am
အဲလို ဂဏန်းတွေနဲ့ပိုင်းဖြတ်ပြီး ခွဲခြားခွဲခြား ဆက်ဆံသူတွေကို သမီးတော့ သိပ်မုန်းတာပဲမေမေရယ်။ (ခေတ်မီအာင်လို့ ဟီးးးး. ဦးကျောက် နောက်တာ စိတ်ဆိုးနဲ့)
ဒီမြို့ ထဲမလဲ.ဘယ်သူမှန်းမသိ တိုက်ထားတဲ့ နှစ်တစ်ထောင်ကျိန်စာ။ ဟိုတစ်ရက်ကတော့ သက်ကရစ်ဖြိုတဲ့ မင်းတြားကြီး ယွဲစည်က နှစ်၅၀ဝ ဖြိုပစ်သတဲ့။။။ ဂဏန်းများနဲ့ ကခုန်ခြင်းးး 🙂
မောင် ပေ
July 24, 2013 at 6:53 pm
သိင်္ဂါရ
ပိန်တာမ
အိမ်မှာက
စိန်နာရွ
ဇိမ်ဖာချ(ထန်းခေါက်ဖာ ကို မ ထားရမှ ပစ်ချခြင်း ဖြစ်သည်)
ဦးကျောက်ခဲ
July 24, 2013 at 7:15 pm
ဆြာပေရယ် အသာလုပ်ပါဗျ…
ပိန်တာမ မဟုတ်ရပါဘူးဗျာ၊ ဂီတာရှိတ်လေးပါ…
ဆြာသမား ဖိတ်စာလေးတော့ ပို့လိုက်ဦးနော်၊ ကြိတ်မကြံနဲ့… ဟီဟိ