တော်သင့်ပြီလို့ ထင်ပါရဲ့
“တော်သင့်ပြီလို့ထင်ပါရဲ့”
ဟိုတစ်ရက်က ဖွဘုတ်စာမျက်နှာမှာဖတ်လိုက်ရတာလေးတစ်ခုကြောင့်
ငယ်ဘဝကို ပြန်သတိရသွားမိပါတယ်။
ပြီးခဲ့တဲ့ရက်က စနေ တနင်္ဂနွေ အာဇာနည် ဝါဆိုလပြည့် အဲဒီပိတ်ရက်
လေးရက်ရှိတဲ့အချိန်လေးမှာလူကြီးလာမယ်ဆိုတဲ့အတွက် စတင်းဘိုင်
သတိဆွဲနေရတော့ ဟိုလဲမသွားရ ဒီလဲမသွားရနဲ့ အချိန်တွေအလဟဿ
ဖြစ်သွားတယ်ဆိုတာလေးကို ပါ။
ဝန်ထမ်းဥပဒေထဲမှာ အစိုးရဝန်ထမ်းတစ်ယောက်က(၂၄)နာရီတာဝန်ရှိ
တယ်လို့ သိဘူးပေမယ့် နားရမယ့်အချိန်လေးမှာ မနားလိုက်ရတာကိုတော့
ကိုယ်ချင်းစာမိပါတယ်။
ကျနော်တို့နိုင်ငံမှာ လူကြီးလမ်းကြောင်းရှိတယ်တို့ ဟိုဟာလာမယ်ဒီဟာ
လာမယ်ဆိုရင် ထွက်ထွက်ပြီးကြိုပေးရတာ အလုပ်တစ်ခုပါဘဲ။
လူကြီးတွေက ဘဲ ကြိုစေချင်တာလား သူ့အောက်က လူတွေကဘဲ
ကြိုစေချင်လားတော့ မသိဘူးပေါ့ဗျာ။
မှတ်မှတ်ရရ ကျနော်ခပ်ငယ်ငယ်ကျောင်းသားဘဝက မန်းလေးမြို့ကို
ပြည်ထောင်စုအလံတော်လာမယ်ဆိုတော့ ကြိုရမယ်လို့ဆရာမတွေက
ပြောပါတယ်။
အလံတော်က ဘယ်အချိန်လာမယ်ဆိုတာမသိပေမယ့် ဆရာမတွေက
မနက်ငါးနာရီအရောက်လာခို်င်းပါတယ်။
ဒါနဲ့ဘဲမနက်လာ ကျောင်းကကျွေးတဲ့မုန့်စား ပြီး ကျနော်တို့ကြို့ရမယ့်
ရန်ကုန်မန်းလေးလမ်းပေါ်က လေယာဉ်ပျံကွင်းနားက ဗာကင်စည်သွတ်
ဘူးစက်ရုံရှေ့မှာ အလံလေးကိုယ်စီနဲ့ရပ်စောင့်ရတာပေါ့။
စောင့်သာနေရတယ် အလံတော်က ဘယ်ဆီနေမှန်းမသိ။
တကယ်လာတော့ မနက် ရှစ်နာရီကျော်ကျော်။
ကျနော်တို့မှာခြေထောက်တွေကိုညောင်းလို့။
အချိန်တွေအလဟဿကုန်သွားတာပါ။
ဝန်ထမ်းဘဝရောက်တော့ လဲ စတင်းဘိုင်တို့ကြိုဆိုရေးတို့ဆိုတာ
အမြဲလိုလိုကြုံခဲ့ရတာပါ။
ဒီလိုကြိုဆိုရတာလေးကို စိတ်ထဲမှာစွဲနေမိတဲ့မြင်ကွင်းလေးကိုတော့
ပြန်ပြောပြချင်ပါသေးတယ်။
၂၀၀၅ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။
အဲဒီအချိန်အခုလို ဇူလိုင်လ မိုးတွင်းကြီးမကွေးကို အလုပ်ကိစ္စနဲ့သွားရပါတယ်။
ကျနော်ရောက်တဲ့ရက်မှဘဲ မကွေးမှာမိုးတွေရွာတော့ ဒေါင်းနေချောင်းက
တောင်ပေါ်ရေကျနေချိန်ဆိုတော့ ဖြတ်လို့မရ။
ပြန်မယ့်နေ့မှာလဲ ချောင်းရေကျနေတော့ မကွေးဘက်ကမ်းကနေရေအကျ
စောင့်နေရပါတယ်။
တကယ်ဖြတ်လို့ရတဲ့အချိန်က ညဆယ်နာရီလောက်ရှိပါပြီ။
ကျနော်တို့ကားဖြတ်ပြီးချိန်လောက်မှာ မိုးက တဖွဲဖွဲပြန်ကျလာပါတယ်။
မိုးရွာတော့ ကားကိုဖြည်းဖြည်းမောင်းနေရတော့ ခရီးမတွင်ပါဘူး။
မိုးရွာနေတော့ ဆိုင်တော်တော်များများလဲတံခါးတွေပိတ်လို့ပေါ့။
ဒါပေမယ့် ကျနော်တို့ဖြတ်လာခဲ့တဲ့ မြို့တိုင်းမှာ အဖြူအစိမ်းဝတ်နဲ့
ရော ဌာနဆိုင်ရာ ယူနီဖောင်းနဲ့ရော လူအတော်များများ ကို ထီးကိုယ်စီနဲ့ရုံးစုရုံးစု မြင်နေရပါတယ်။
မနေနိုင်တော့ ကားစပယ်ယာလေးကိုမေးကြည့်တော့ လူကြိးလမ်း
ကြောင်းရှိလို့ ကြိုဆိုဘို့ စောင့်ကြရတာပါတဲ့။
လူကြီးက ဘယ်အချိန်လာမှာလဲဆိုတော့ မသိဘူးတဲ့ လာတော့လာမှာတဲ့။
တကယ့် ဒုက္ခလို့သာဆိုချင်ပါတယ်။
အိပ်ရမယ့်အချိန် အနားယူရမယ့်အချိန်မှာ ရပ်စောင့်နေရတဲ့ဒုက္ခက
တကယ်မသေးပါဘူး။
ဒါကတော့လူကြီးလာတဲ့အခါအောက်လူတွေမှာဒုက္ခအတော်ရောက်တဲ့ အကြောင်းကို စာအုပ်တစ်အုပ်ထဲမှာဖတ်ဘူးခဲ့တာပါ။
အတိအကျတော့ မဟုတ်ပေမယ့် မှတ်မိသလောက်လေးပေါ့။
တစ်ခါကအရေးပိုင်မင်းတစ်ယောက်ကတောမြို့လေးကိုလာမယ်လို့ အကြောင်းကြားပါသတဲ့။
အရေးပိုင်မင်းလာမယ်ဆိုတော့ ရွာမှာရှိတဲ့လူတွေက ပြင်ကြဆင်ကြရတော့တာပေါ့
ဘိုတဲကိုရှင်းလင်းဆေးကြော။
ဘိုတဲတဝိုက်က ခြုံနွယ်ပိတ်ပေါင်းတွေကိုရှင်း။
အပင်တွေရွှေ့စိုက်နဲ့ အမြင်လှအောင်ဖန်တီးကြရပါသတဲ့။
ဒါနဲ့ဘဲအရေးပိုင်မင်းရောက်လာတဲ့အခါ ညနေခင်းလေးမှာ
ဘိုတဲ ေရှေ့ကသစ်ပင်ရိပ်ကလေးမှာထိုင်ပြီး အပန်းဖြေပါသတဲ့။
ရှင်းလင်းထားတော့ နေရာလေးက သန့်သန့်ပြန့်ပြန့်သာသာယာယာပေါ့။၏
အဲဒီမှာ အရေးပိုင်မင်းက “မောင်မင်းတို့ရွာလေးက တယ်သာယာပါလားကွဲ့”
လို့ ပြောလိုက်တဲ့အခါ မနေနိုင်တဲ့ ရွာသားတစ်ယောက်က
“ဒီလိုသာယာတယ်လို့ပြောဘို့အရေး ကျွန်တော်မျိုးတို့မှာ တစ်ပါတ်လုံးလုံး
မအားရအောင်လုပ်ထားရတာပါဗျာ” လို့ပြန်ပြောလိုက်ပါသတဲ့။
ဟိုးရှေးခေတ်က စလို့အခုထိလူကြီးလာမယ် လူကြီးလမ်းကြောင်းရှိတယ်ဆိုတာနဲ့
အောက်ကဝန်ထမ်းတွေမှာ ကြိုဆိုဘို့ြုပင်ရဆင်ရ အချိန်တွေပေးရနဲ့ အတော်လေးကို ကသီလင်တ နိုင်ပါတယ်။
ငွေကုန်သံပြာဆိုတာ နဲ့ခပ်ဆင်ဆင်ပါဘဲ။
အဲတော့ တိုင်းပြည်အတွက် အလုပ်လုပ်ဘို့ လိုအပ်နေတဲ့ အချိန်မှာ
လူကြီးလာမယ်ဆိုတာနဲ့အလုပ်တွေရှုပ်ပြရတာမျုးိကတော့
တော်သင့်ပါပြီ လို့ဘဲဆိုချင်ပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
30-7-2013
19 comments
ခင် ခ
July 30, 2013 at 4:52 pm
တစ်ချို့ကလည်း လူကြီးလာတုန်းမျက်နှာပြချင်ကြသူတွေလည်း ရှိပါရဲ့ဗျာ။
မြန်မာလူကြီးတွေလာရင် လူများလေပွဲစည်လေဆိုပြီး လူစုကြတာလေ။ လူမစည်ရင် စီစဉ်သူအရာရှိတွေ ရဲ့ ထိုင်ခုံကလှုပ်မှာမို့လေ။ ရှေးဘုရင်လက်ထက်ကထဲက တိုင်းခန်းလှည့်ရင် အိမ်ရှိလူကုန် အပြင်ထွက် မော်ဖူးစေခဲ့တာကိုး။
โทรศัพท์มือถือ
July 30, 2013 at 5:00 pm
အတော်ဇယားရှုပ်တဲ့အလုပ်တွေပါဗျာ….
တစ်နေ့ကမှ မုံရွာမှာ ဒုသမ္မဒ ဆိုလား ဒုတိုင်းမှူးဆိုလား လာသွားတယ်…
လမ်းပေါ်မှာ ရဲတွေကော မော်တော်ဘီကယ်တွေကော ဘာကော အကုန်ရှုပ်ယှက်ခက်နေတာပဲ…
ဒါပေမယ့် ဒါကို မြို့ခံပြည်သူ အများစုကတော့ ဒေါက်တာစိုင်းမောက်ခမ်းကို တစ်ပတ်တစ်ခါလောက်
လာစေချင်ပါတယ်တဲ့…. ဘာ့လို့ဆို သူသွားမယ့်လမ်းကြောင်း တစ်လျှောက်က အမှိုက်သရိုက်တွေ
ထူးဆန်းအံ့ဩဖွယ် ရှင်းလင်းသွားလို့ပါတဲ့…..
Ko chogyi
July 30, 2013 at 9:40 pm
ကိုကြီးပေါက်ပြောမှ ကျွန်တော်မြိတ်မှာနေတုန်းကအကြောင်းသတိရသွားတယ်။
လူကြီးကမနက် ရ နာရီလောက်ခရီးထွက်ဖို့ သူ့ရဲ့ Secretary ကိုပြောလိုက်တယ်။
Secretary က ရုံးကို ၆ နာရီလောက်ထွက်မယ်ပြောလိုက်တယ်။
ရုံးက ကျွန်တော်ကို ၅ နာရီထွက်မယ်လို့ပြောတယ်။
ကျွန်တော်က ၄ နာရီလောက်ကတည်းက ကြိုပြီးသွားစောင့်မိတယ်။
ကိုပေါက်(မန္တလေး)
July 30, 2013 at 9:56 pm
လူကြီးဆိုတာ ထိုက်သင့်တဲ့လေးစားမူ့ပေးရမယ်ဆိုတာကို လက်ခံပါတယ်။
အခုဟာက မလိုအပ်တဲ့ ဝီရိယတွေနဲ့ အချိန်ဖြုန်းကြလို့ပါ။
kyaw swar kaung
July 30, 2013 at 11:47 pm
တော်သင့်ပြီဆိုတာထက် “ မရှက်တတ်သေးဘူးလား…ရပ်ကြပါတော့ဟ ” လို ့ပြောရမှာ…။
သူများနိုင်ငံကို အထင်ကြီးလွန်းလို့တော့ မဟုတ်ပါဘူး..ကြုံတုန်း ပြောပြချင်တာပါ..။ ဒီမှာ ကျနော့်ကို အနုပညာကိစ္စတခုနဲ ့ပါတ်သက်ပြီး တိုင်ပင်ဘို ့အစည်းအဝေး ဖိတ်ပါတယ်.. ကျနော် ရောက်တာ နည်းနည်းစောတော့ အပြင်မှာ ဆေးလိပ်သောက်နေတာပေါ့.. အထဲက လူတယောက် ကော်ဖီခွက်နဲ ့ထွက်လာပြီး နုတ်ဆက်ပါတယ်.. သူလဲ အစောကြီး ရောက်နေတာပါ.. နာမည်ပြောပြီး နုတ်ဆက်လိုက်ပါတယ်..
သူက မေးတယ်.. “ ကော်ဖီမကြိုက်ဘူးလား”
ကိုယ်က ရတယ် ကြိုက်ပါတယ်လို ့ဆိုတော့ သူက အထဲပြန်ဝင်ပြီး ကော်ဖီတခွက် ကျနော့်ကို ပေးပါတယ်..
ကျေးဇူးဘဲ လို ့ပြောပြီး ကျနော်က ဆက်မေးတယ်..။
ခင်ဗျား တယောက်ထဲလားဆိုတော့
ဟုတ်တယ်တဲ့…
ဒါဆို ကော်ဖီ ဘယ်သူကျိုုထားတာလဲ ဆိုတော့..
“ ငါ့ မှာ သော့အပိုရှိတယ်တဲ့.. အစောကြီး လမ်းလျှောက် ထွက်လာရင်း.. ဘယ်သူမှ မရောက်သေးလို ့ ကော်ဖီပါ တည် ထားတာတဲ့..။
ဒါနဲ ့ စကားပြောလိုက် ကော်ဖီသောက် လိုက်ပေါ့.. နောက်မှ လူတွေ ရောက်လာပြိး… အစည်းအဝေး စမယ်ဆိုပြီး..
အခမ်းအနားမှုးက ဒီတောင်ပိုင်းနယ် အုပ်ချုပ်ရေးမှုး နဲ ့မိတ်ဆက်ပေးပါ့မယ် ဆိုပြိး ဖိတ်ခေါ်တော့ တက်လာတာ.. ခုနက ကော်ဖီ ယူလာပေးတဲ့သူဗျာ…။ဘုရင် ဆုချထားတဲ့ ရွှေစလွယ်ကို ကိုယ့်လူက လှေကားအတက်ရောက်မှ ကုတ်အကျီထဲက ထုတ်လွယ်တာ…
….
အစည်းအဝေးပြီးတော့ ကျနော် အားနာလို ့ သွားနုတ်ဆက်တာပေါ့..
နောက်ကျနော် က ခင်ဗျားဒီလို လုပ်တာ အံ့ဩ စရာဘဲလို ့.. တို ့တိုင်းပြည်နဲ ့ တော်တော် ကွာတယ်ဆိုတော့..
သူက ပြုံးပြီး ရှင်းပြတယ်ဗျ..။
“ သူတို ့ကိုယ့်ကိုကိုယ် မသိသေးလို ့နေမှာပေါ့တဲ့.. ကျနော်က အာဏာရာထူး ကိုယ့်သဘောနဲ ့ကိုယ် ရယူထားတာ မဟုတ်ပါဘူးတဲ့.. ခင်ဗျား အပါအဝင် ဒီနယ်က လူတွေက ကျနော့်ကို ဒီအလုပ်တွေ လုပ်ဘို ့ မဲပေးဆုံးဖြတ်ပြီး..အလုပ်ခန် ့ထားတာ.. ခင်ဗျားလဲ လခစား အခွန်ထမ်း… ကျနော်လဲ လခစား အခွန်ထမ်း… ကျနော် ဘာဘဝင်မြင့်စရာရှိလဲ..ဒီနေ ့အရာရှိ နောက်တခါ မဲရွေးရင် နောက်လူအရာရှိ… အဲဒီကျ.. ကျနော် နောက်အလုပ်တခုရှာရမှာပေါ့… သိပ်အသက်မကြီး ခင်တော့ အလုပ်သစ်လေး ရကောင်းပါရဲ ့” တဲ့..။ ကဲ
ဘယ်လောက်ကွာလဲ.. အတွေးအခေါ်..။
သူ ့ကိုယ်သူ သူများမဲပေးမှ ဒီအလုပ်လေး ရာထူးလေးရတာကို မမေ့ဘူး။။။
ကိုပေါက်ရေ..
ကာယကံရှင်တွေကလည်း..အဲလို ကြိုတာကြီးကို ခုံမင် တက်မက်တယ်..
လူတချို ့ကလဲ မလာခင်ကတည်းက လက်အုပ်ချီချင်နေကြတာ..။
ဘုန်းကြီးရူးနဲ ့လှေလူးပေါ့… ကြားထဲက ပြည်သူတွေကတော့ ထွက်ကြိုရမယ့် အမိန့်ကြောင့် အူယားဖားယား ထွက်ကြိုတာ
အိမ်မှာတည်ထားတဲ့.. ထမင်းအိုးကြီး ပျော့သွားလို ့ ခွေးကျွေးလိုက်ရတာဘဲ အဖတ်တင်တယ်..။ ဘာမှလဲ မဟုတ်။
ကိုပေါက်(မန္တလေး)
July 31, 2013 at 9:51 pm
ကျနော်မိတ်ဆွေ နယ်စပ်ဒေသမှာအလုပ်လုပ်နေတုံးကအဖြစ်အပျက်ကြာတော့ကြာခဲ့ပါပြီ။
ဟိုဘက်နယ်စပ် ဒီဘက်နယ်စပ် ကုန်သွယ်ရေးဇုန်ဖွင့်တော့ ဌာနအသစ်တွေဖွင့်ကြတာပေါ့။
သူများဘက်က ဆောက်လိုက်တဲ့အဆောက်အဦး ဘယ်လူကြိးမှမလာဘူး။
ခဏလေးနဲ့ပြီးရော။
ကျနော်တို့ဘက်ကလူကြီးက ခဏခဏလာပြီးအားပေးမယ်။
သူလာရင် ဧည့်ခံရတာနဲ့အလုပ်မပြီးတော့ဘူးတဲ့ဗျာ။
Ma Ma
July 31, 2013 at 9:08 am
နှစ် ၁၀၀ဝ ကျိန်စာ
ကိုပေါက်(မန္တလေး)
July 31, 2013 at 10:09 pm
အဲဒါကို အခုကစပြီး ချိုးဖျက်ကြရအောင်ဗျိုး
Phyo Thit Luu
July 31, 2013 at 9:46 am
ဒီစာကို ဖတ်လိုက်တော့ ငယ်ငယ်တုန်းက ဖြစ်စဉ် တစ်ခုကို ပြန်အမှတ်ရမိပါရဲ့… လူကြီးလာမယ် လူကြီးလာမယ်။ အဲဒီအချိန်တုန်းက လာမယ့် လူကြီးက ဦးခင်ညွန့်။ သူက နယ်ဖက်က ကျောင်းတွေကို လာမယ်ပေါ့။ နယ်ဖက်ဆို သိပ်လာလေ့လာထ မရှိကြတဲ့ လူကြီးတွေက အခု လာမယ်ဆိုတော့ ကျားသားမိုးကြိုး အထူးအစီအစဉ်ပါလားပေါ့။ ဘာများပြောင်းလဲပေးမလဲပေါ့။ မျှော်လင့်ချက်နဲ့ ကျောင်းစာအုပ်တွေတောင် မလောက်ငလို့ တစ်အုပ် နှစ်ယောက် သုံးယောက် ကိုင်ပြီးတော့ သင်ရတဲ့ ကျောင်းမှာရှိတဲ့ ဆရာ ဆရာမတွေ ကျောင်းသူ ကျောင်းသား တွေအားလုံးက စနေနေ့ ကျောင်းပိတ်ရက်ကြီးကို ဝိရိယ ကောင်းကောင်းနဲ့ လာစောင့်ကြိုရမယ်။ အားလုံးကလည်း လူကြီးလာမယ်ဆိုတော့ လေးလေးစားစားနဲ့ လာစောင့်ကြိုပြီးတော့ ဂါရဝပြု နှုတ်ခွန်းဆက်ကြိုဆိုကြဖို့ စောင့်ကြိုနေကြပါတယ်။ လူကြီး လာမယ်လို့ ပြောတာက ၉ နာရီ။ အားလုံးက ဝိရိယကောင်းကောင်းနဲ့ ၈ နာရီဆို အားလုံးအဆင်သင့် ကြိုနေကြပြီ။ လာမယ့် လူကြီးက ၁ဝ နာရီလည်းမလာ ၁၁ နာရီလည်းမလာ။ ထားပါတော့ သည်းခံပြီး ဆက်စောင့်ကြတယ်။ ၁ နာရီထိုးလာပြီ။ ကျောင်းသားထဲမှ မူလတန်းကအစ ၁ဝ တန်းအထိ ဆိုတော့ ကလေးတွေ ဗိုက်ဆာလာကြပြီ။ နေ့ရက်က စနေနေ့။ ဘာမုန့်ဆိုင်မှမဖွင့်။ မုန့်ဆိုင်ဖွင့်ရင်တောင် အားလုံးဝယ်စားနိုင်ချင်မှ နိုင်မယ်။ ကျောင်းပိတ်ရက်ဆိုတော့ ပိုက်ဆံမရတဲ့ ကလေးတွေလည်း ပါမှာမို့လို့။ နေ့လည် ၂ နာရီထိုးတဲ့အခါမှာ ကောင်းကင်ပေါ်က ရဟတ်ယဉ် ၃ စီး ဆက်တိုက်ပြန်သန်းသွားတာကို ကြားလိုက်တယ်။ သိပ်မကြာဘူး ရွာထဲက စက်ဘီးနဲ့ သမဝါယမရုံးက လူတယောက် ကျောင်းဝင်းထဲဝင်လာတယ်။ ခဏကြာတော့ ကျောင်းအုပ်ကြီးရဲ့ အမိန့်ရ ဆရာ ဆရာမတွေကတဆင့် ကျောင်းသူ ကျောင်းသားတွေဆီကို သတင်းစားပါးလိုက်တာကတော့ ပြန်လို့ရပြီတဲ့။ အချိန်ကတော့ မွန်းလွဲ ၂ နာရီ ခွဲ လုနီးနီး။ လူကြီးကို လေးစားခဲ့ကြပေမယ့် လူကြီးက ပြန်မလေးစားခဲ့ဘူး။ ဆိုတော့…..
ဦးကြောင်ကြီး
July 31, 2013 at 10:23 am
ဖြိုးလေး အိုက်တုံးဂ မှုတ်တတ်ပီလား… 🙄
ကိုပေါက်(မန္တလေး)
July 31, 2013 at 9:53 pm
မှန်ပါတယ် ဖြိူးသစ်လူရေ
လူကြီးတွေက လာမယ်လို့ပြောချင်မှာပြောမှာပါ
လာများလာခဲ့ရင်ဆိုတဲ့ အတွေးနဲ့ အကောင်အထည်ဖော်သူတွေဖော်ကြတော့
ငထွားတွေက ကြားက ခါးနာရတာပါဗျိုး
အလင်း ဆက်
July 31, 2013 at 10:39 am
လုကြီး လမ်းကြောင်းကြောင့် အလုပ်ချိန် နောက်ကျတာ
ချိန်းဆိုမှုတွေ နောက်ကျတာ မနည်းတော့ဘူး
ဒီတော့ လူကြီး လမ်းကြောင်း ကို ကြောက်တယ်
🙂
ကိုပေါက်(မန္တလေး)
July 31, 2013 at 10:15 pm
အမှန်က လူကြီးသူ့ဖာသာသူ မသိမသာသွား တားမထားဘူးဆိုရင် လမ်းပိုရှင်းမယ်ထင်တာဘဲနော်
ဦး ဂျစ်
July 31, 2013 at 7:41 pm
ဪ .. လူကြီး ..လူကြီး …
တကယ်တော့ ထူးမခြားနား ခေါက်ရိုးတွေ …
အရမ်းစိတ်ကုန်ဖို့ကောင်းတယ် …
ကိုပေါက်(မန္တလေး)
July 31, 2013 at 10:17 pm
ဒီခေါက်ရိုးတွေက လွယ်လွယ်နဲ့တော့ မ ပြေနိုင်ဘူးဗျာ
အဲတော့ ခေါက်ရိုးအသစ်တွေထပ်မဖြစ်ဘို့ကြိုးစားတာ ပိုလွယ်ကူမယ်ထင်တယ်
koyo
August 3, 2013 at 2:48 pm
ငါကိုယ်တိုင်ဖြည်မရတဲ့ ငါ့ခေါက်ရိုး
ကဲ…ကျိုးကာမှ ကျိုးရော့
ဂျိုးကနဲမည်အောင် ဖြီလိုက်မယ်။
kai
August 3, 2013 at 4:01 pm
ရီစရာပြောရရင်
ချိုးကာမှ မကျိုးပဲကျန်ရစ်
ခေါက်ရိုးအသစ်ကလေး ဖြစ်နေတယ်။
ကိုပေါက်(မန္တလေး)
August 3, 2013 at 4:05 pm
အောင်မယ်ငေးဗျ မြတ်ချွာဖျား
(ငတက်ပြားလေသံဖြင့်အော်သည်)
မဟာရာဇာ အံစာတုံး
August 4, 2013 at 10:12 am
ဒီလို ဆိုဒေါ့ …
အိုဘားမား ဆိုဒဲ့ လူကြီးဟာ
ကျုပ်တို့ဆီက လူကြီးတွေထက်
ပိုကြီးမယ် ထင်တယ် ….. ဟဲဟဲဟဲ …။