ဘောကျိ

cobraAugust 2, 20101min540

တလောကပေါ့ လူက စိတ်ဓါတ်တွေကကျ ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိ ဖြစ်နေတာ။
လုပ်ငန်းကလဲရပ် အလုပ်လက်မဲ့ပုံစံနဲ့ မနက်လင်းရင် ဘာလုပ်ရမလဲ စဉ်းစားနေရတာ
ပျင်းလာတယ်။ ကိုယ့်ဘာသာကိုယ်လဲ တော်တော် သောက်သုံးမကျတဲ့ ကောင်ဆိုပြီး
စိတ်ညစ်လာပြန်ရော။ သေရင် အေးမယ် ဆိုပြီး တွေးမိတာလဲ အကြိမ်ကြိမ်။
ခံနိုင်ရည်က မဲ့လာတယ်။ ငါဘာအတွက် အသက်ရှင်နေတာလဲ စဉ်းစားလို့ကို မရဘူး
ဖြစ်နေပြန်တယ်။ ခက်တယ်ဗျာ ခက်တယ်။ သို့ပေမယ့် သို့ပေမယ့်ပေါ့လေ . . . . .

တနေ့က အဖေနဲ့ အပျင်းပြေ လိုက်သွားလိုက်တယ်။ သူကလဲ ပွဲစားတန်းဘက်
သွားရအောင်တဲ့ သွားလေဆိုပြီး ပေါ့ပေါ့ပါးပါးပဲ လိုက်သွားတယ် ဟိုရောက်တော့
အဖေက သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေတယ် ကားကိစ္စ ဘာညာပေါ့။ ကျွန်တော်လဲ
ပျင်းတာနဲ့ အပင်အရိပ်အောက်မှာ ထိုင်နေလိုက်တယ်။ ထိုင်နေတုန်းရှိသေးတယ်
ဘေးနားကနေ ကလေးတစ်ယောက်က လာခေါ်တယ် ရုတ်တရက် နားမလည်ဘူး သူခေါ်လိုက်တဲ့
အသံကို ဘာတဲ့ “ဘောကျိ” တဲ့ ကျွန်တော်လဲ ပြန်မေးလိုက်တယ် ဘာလဲဆိုတော့ ဘေးက
အဖေ့သူငယ်ချင်းက ရှင်းပြတယ် “ဘောစိ (Boss)” လို့ခေါ်တာတဲ့။ ဪဒါနဲ့
ပြုံးမိတယ်။ ဘာတုန်းဆိုတော့ “အနော်ကားဆေးပေးမယ်နော်တဲ့” လူက
လေးနှစ်သာသာလောက်ရှိဦးမယ်။ ကျွန်တော် ဘာမှ မပြောပဲ ကြည့်နေလိုက်တယ်။
အဖေ့သူငယ်ချင်း မေးတယ် “မင်းကားဆေးမှာက ဟုတ်ပါပြီ ပြီးရင်
မုန့်ဖိုးတောင်းမှာလားတဲ့” ဟိုကလေးက “ဟီး ဟီး အနော်က ခင်လို့
ဆေးပေးမှာပါတဲ့” ဒါနဲ့ ဟိုက ဆက်ပြောတယ် “မင်းထမင်းစားပြီးပြီလားဆိုတော့


ကိုယ့်ဆရာက ဗိုက်ကလေးပွတ်ပြီး မစားရသေးဘူးတဲ့ ကျွန်တော်
နာရီကြည့်လိုက်တော့ ညနေ ၃ နာရီလောက် ရှိတော့မယ် ဒီအချိန်ထိ ဒီကလေး
ထမင်းမစားရသေးဘူးဆိုတော့ ရင်ထဲ ချိသွားတယ်။ ကျွန်တော် လက်ဘက်ရည်ဆိုင်က
စားပွဲထိုးလေးကို လှမ်းခေါ်ပြီး မုန့်တစ်ပွဲမှာလိုက်တယ်။ လာပို့သွားတယ်
ဟိုကလေးကတော့ ကားဘီးတွေကို ရေဆေးနေတယ်။ ကျွန်တော် ကြည့်နေရင်းက
သူ့ကိုလှမ်းခေါ်လိုက်တယ်။
“ဘောကျိ ဘာခိုင်းမလို့လဲ”
“မခိုင်းပါဘူးကွာ မင်းကို မုန့်စားခိုင်းမလို့”
“ဒါတွေ စားရမှာလား”
“အေး စားလိုက် မင်းဖို့ မှာထားတာ” ချာတိတ်က ချက်ခြင်းမစားသေးဘူး အဖေ့
သူငယ်ချင်းကို လှမ်းကြည့်တယ်။ ဟိုက စားလေကွာဆိုတော့ စားတယ်။ စားလိုက်တာ
အကုန်ပဲ ဆာနေမှာပေါ့လေ။ စားပြီးတော့
“အား . . . ဗိုက်ဝသွားတာပဲ” ကျွန်တော်ပြုံးမိတယ်။ ပြီးတော့ ကားဘီးတွေ
သွားဆေးနေတယ်။ ကားလေးဘီးလုံးကို သူ့အရွယ် ငယ်ငယ်လေးနဲ့ လိုက်ဆေးနေတယ်။
ကျွန်တော် မနေနိုင်တော့ဘူး ထားလိုက်တော့ ပြီးပြီ တော်တော်
သန့်သွားပြီဆိုပြီး ပြောလိုက်တော့ ရတယ် ဘောကျိ ရတယ်ဆိုပြီး လုပ်နေတယ်။
ခနနေတော့ ကျွန်တော် ချက်ခြင်း ရပ်ခိုင်းလိုက်တယ် ပြီးတော့ မုန့်ဖိုး ၁၀၀၀
ထပ်ပေးလိုက်တယ်။ အဖေ့သူငယ်ချင်းက ကျွန်တော့်ကို ကြည့်ပြီး ပြုံးတယ်။
ပြီးတော့ ကျွန်တော်က သူ့ကို မေးလိုက်တယ်။ ဒီကလေး ဘယ်ကလဲဆိုတော့။
“ဒီလိုပဲကွ ဒီမှာလာပြီး ရေသန့်ပုလင်းတွေ ကောက်တဲ့ မိသားစုထဲက”
“အင်း . . . ”
“အဲဒီ့ ကလေးက တနေ့ကို ပိုက်ဆံ ၅၀ဝ ရအောင် ရှာရတယ် မရရင် မပြန်ရဘူးကွ”
“ဗျာ . . .”
“ဟုတ်တယ် ဒီကောင် တခါ ညနေ ရ နာရီကျော်နေလို့ မပြန်သေးလို့ မေးကြည့်တာ ၄၀၀
ပဲရသေးလို့ ဆက်နေရတယ်တဲ့ အဲဒါ လိုတဲ့ ပိုက်ဆံကို ချက်ခြင်းပေးပြီး
သူ့မိသားစုပါ ခေါ်ပြောလိုက်ရသေးတယ်”
“ဟာ ဗျာ . . . ”
“မဟာနဲ့ဦးဟေ့ တခါတလေ ဒီကောင်က လက်ဘက်ရည်ဆိုင်မှာ ခုံလေးတွေ ဆက်ပြီး အိပ်တာ”
“ဟူး . . . မောတယ်ဗျာ ကြားရတာ”
“သူ့အသက်က ၄ နှစ်သာသာပဲ ရှိဦးမယ် ဒီအရွယ်လေးနဲ့ လောကဓံကို ခံနေရပြီ”
“အဲဒီ့ ကလေးတွေကို စောင့်ရှောက်ဖို့လိုတယ် ဦးလေး ကျွန်တော်
ဒါမျိုးတွေတွေ့ရင် မခံစားနိုင်ဘူး”
“အေးပေါ့ကွာ ငါတို့လဲ အဲဒါကြောင့် ထမင်းစားလဲ ခေါ်ကျွေး ပိုက်ဆံဆိုလဲ
ပေးပေါ့ ဒီလိုပဲ နေနေရတာပဲ သိပ်လဲ မပေးရဲဘူး အကျင့်တွေ
ပျက်ကုန်မှာစိုးတယ် အလကားမပေးတာကို ပြောတာ ခိုင်းချင်လို့ ခိုင်းနေတာ
မဟုတ်ဘူး ငွေတန်ဖိုးနားလည်အောင် အလုပ်ကလေးသိအောင် ခိုင်းတာ
ဘယ်ခိုင်းရက်ပါ့မလဲကွာ ဒီအရွယ်လေး ဒါကြောင့် သူနဲ့ တန်တဲ့ ရေသန့်ဗူးလေး
ဝယ်ခိုင်းတာ ဘာညာပဲ ခိုင်းတယ်။ ပိုက်ဆံ ဒီအတိုင်းပေးရင် သူတောင်းစား
ဖြစ်သွားမှာစိုးလို့ ငွေကို တောင်းတိုင်းရရင်
သူတောင်းစားဖြစ်သွားမှာစိုးတယ် ငါ့တူရ အဲဒါကြောင့်”
“ဟုတ်ပါတယ် ကျွန်တော် ဒါကို လက်ခံတယ်။ ဒါပေမယ့်ဗျာ သူ့ဘဝကို ကြည့်ရတာ
အဆင်မပြေဘူး စိတ်ထဲ မကောင်းလိုက်တာ”
“ဒါကတော့ ငါ့တူရယ် ဒီလိုပဲ သူ့လို ကလေးမျိုး တို့နိုင်ငံမှာ အများကြီးပဲ
မင်းသိတဲ့အတိုင်းပဲ”
“အင်း . . .”
ကျွန်တော် ဘာမှ ဆက်မပြောဖြစ်တော့ဘူး။ ခနနေတော့ ညနေစောင်းသွားပြီး
ဟိုကလေးကတော့ ကျွန်တော့်နားမှာ ဆော့နေတယ် ပြန်တော့မယ်ဆိုပြီး နှုတ်ဆက်တော့
“ဘောကျိ နက်ဖန် လာဦးမှာလားတဲ့” အေးကွာလို့ တိုတိုတုတ်တုတ်ဖြေပြီး
သူ့ခေါင်းလေးကို ပွတ်ပြီး နှုတ်ဆက်လိုက်တယ်။ လူက
စွပ်ကျယ်အကြီးကြီးဝတ်ထားတယ် နှပ်ချီးကတွဲလောင်းနဲ့ ဒါနဲ့ ကားထဲက
တစ်ရှူးထုတ်ပြီး နှပ်သုတ်ပေးလိုက်တယ်။ ပြီးတော့ ကားပေါ်မှာပါတဲ့
အရုပ်ကလေးတစ်ရုပ်ပေးဖြစ်လိုက်တယ်။ အဖေကတော့ ဘာမှ မပြောဘူး
ကျွန်တော့်ကိုပဲ ကြည့်နေတယ်။ သားအဖနှစ်ယောက်လမ်းပေါ်မှာ စကားမပြောဖြစ်ဘူး။
အိမ်ပြန်ရောက်ပြီး သူငယ်ချင်းတွေက ဖုန်းဆက်ခေါ်တော့ လာခဲ့လေဆိုပြီး
ပြောလိုက်တယ်။ သူငယ်ချင်းတွေ ရောက်လာတော့ ဟိုပြောဒီပြောနဲ့
ဘီယာဆိုင်ရောက်သွားတယ်။ စမ်းချောင်းက ယူနန်ပေါ့ ထုံးစံအတိုင်းပေါ့။
စိတ်ကညစ်နေတော့ သောက်ပြီးရင်သောက်လေ့ရှိတာကိုး။ ကားပါကင် အထဲမှာ
မရတော့အပြင်မှာ ရပ်လိုက်တယ်။ ကားပေါ်က ဆင်းတော့ “ဘောကျိ” ဆိုပြီး
ခေါ်သံကြားလို့ ကြည့်လိုက်တာ လားလားလား ညနေက ဆရာသမားဖြစ်နေတယ်။ “ဟေ့ကောင်
မပြန်သေးဘူးလား ဆိုတော့” ပြန်မှာတဲ့ သူ့အမေကို စောင့်နေတာတဲ့။
ခပ်လှမ်းလှမ်းမှာ ရေသန့်ဗူးတွေ ကောက်နေတဲ့ မိန်းမတစ်ယောက်ကို
တွေ့လိုက်တယ်။ ကျွန်တော့်သူငယ်ချင်းတွေလဲ ကျွန်တော့်ကို ငေးနေတယ်။
ပြီးတော့ ချာတိတ်ထွက်သွားတယ်။ ကျွန်တော်တို့ ဆိုင်ထဲကို ဝင်လာတယ်။
ဆိုင်ထဲမှာထိုင်နေရင်းနဲ့ ဘီယာမှာတယ် သောက်မယ်ပေါ့။ သူငယ်ချင်းက မေးတယ်။
ကျွန်တော် ပြောပြလိုက်တယ် ညနေက အဖြစ်အပျက်ကို အကုန်လုံး တိတ်သွားတယ်
ဆက်မပြောတော့ဘူး။ ဘီယာ လာချပေးတယ်။ ကျွန်တော် သူငယ်ချင်းတွေကို
ပြောလိုက်တယ်။
“ငါတို့သောက်တာ တိုက်ဂါး တစ်လုံး ၁၃၀ဝ ပေးရတယ် တနေ့ကို တစ်ယောက် ၅
လုံးလောက်သောက်တယ်။ စဉ်းစားကြည့်ရင် ဟိုကလေးအနေနဲ့ဆို
ဘယ်နှစ်ရက်သုံးလို့ရမလဲ” အဲဒီ့လိုလဲ ပြောလိုက်ရော ဘယ်ကောင်မှ
မလှုပ်တော့ဘူး ကျွန်တော်ကိုယ်တိုင်လဲ မြိုမကျတော့ဘူး အဲဒီ့နေ့က ဘီယာ
တစ်ခွက်စီလောက်ပဲသောက်တယ် တိုင်ပင်စရာ မလိုဘူး ပြန်မယ်ဆိုပြီး ထပြန်တယ်။
စိတ်ထဲမှာလဲ တနေ့ကို ငါးရာ ရှာရတယ်ဆိုတဲ့ ဟိုချာတိတ်ကိုပဲ မြင်နေမိတယ်။

ကျွန်တော်တို့ တနေ့ကို ငွေဘယ်လောက် ဖြုန်းတီးမိပြီလဲ ကျွန်တော်တို့
ဖြုန်းတဲ့ငွေတွေနဲ့ ကျွန်တော်တို့ လူတွေ ဘယ်လောက်ကယ်နိုင်မလဲ ခင်ဗျားတို့
စဉ်းစားကြည့် အသက်က ၄ နှစ်ကျော်ကျော် တနေ့ ငါးရာ တဲ့ စဉ်းစားစမ်းဗျာ။
ကျွန်တော် ကိုယ့်ဘာသာစိတ်ဓါတ်ကျတာလဲ ပျောက်သွားတယ်။ အဲဒီ့ကလေးရဲ့
အားမာန်တွေ ကျွန်တော့်ကိုယ်ထဲ စီးဝင်လာတယ်။ သူနေတတ်တယ်
နေပျော်အောင်နေတယ်။ အရွယ်နဲ့သောကမမျှဘူး ဒါပေမယ့် လောကဓံကို ခံနိုင်တယ်။
ကျွန်တော်တို့ ဘာလို့ မခံနိုင်ရမှာလဲ နောက်တစ်ခု ကျွန်တော် ငွေကို
ပိုရှာဖို့ လိုလာတယ်။ ဟုတ်တယ် ပိုက်ဆံရှိရင် ခုနကလို ကလေးတွေကို
အများကြီး ပြုစုစောင့်ရှောက်လို့ရမယ်။ ကဲ စဉ်းစား။ ခင်ဗျား တစ်နေ့
ဘယ်လောက်သုံးနေသလဲ ဘယ်လောက်ဖြုန်းနေလဲ ခင်ဗျား စိတ်ဓါတ်ကျစရာက
ဘယ်လောက်ကြီးသလဲ စဉ်းစား။ ကျွန်တော်တော့ စဉ်းစားလို့ပြီးပြီ ကျန်တဲ့သူတွေ
ဆက်စဉ်းစားစေချင်တယ်။ ဒါပါပဲဗျာ အခုလို ပြန်ပြောရတာတောင် မောလှပြီ။
နားထဲမှာ တစ်ခုခု လုပ်တော့မယ်ဆိုတိုင်း “ဘောကျိ” ဆိုတဲ့ သူ့အသံပဲ
ကြားကြားနေတယ်။
3:57 PM အခု…..
ငယ်သေးတဲ့ သူတွေကတော့ ကြုံဖူးဖို့နေနေသာသာ ကြားဖူးမှာ တောင်မဟုတ်ဘူူး….။
ကျွန်တော်တို့ငယ်ငယ်တုန်းက အိမ်သာတွေ အခုလို အိမ်သာတွေ မဟုတ်သေးဘူးလေ…။
အောက်မှာ သစ်သားပုံးခံထားတဲ့ အိမ်သာတွေ…။ အပေါ်က ရေပဲသုံးသုံး ၊ စက္ကူပဲသုံးသုံး
ပေါ့…။
အောက်က သစ်သားပုံးထဲက အညစ်အကြေးတွေ ပြည့်လာရင် ၃ ရက်တစ်ခါလောက်
လာတဲ့ လူက သူ့လက်ဆွဲပုံးထဲကို ထည့်ပြီး ယူသွားတတ်တယ်..။ ပြီးရင်
သူ့ကိုသိမ်းခအနေနဲ့ ပိုက်
ဆံ ပေးရတာပေါ့ဗျာ..။ ကျွန်တော်တို့ငယ်ငယ်က ငါးမူး( ပြား ၅ဝ ) ပေါ့…။
ဒီလို အညစ်အကြေးလာရှင်းတဲ့ သူကို ကျွန်တော်တို့ ငယ်ငယ်တုန်းက အဲဒီတုန်းက
( အဲဒီတုန်းကတော့ ငယ်သေးလို့ မသိလို့ခေါ်တာပါ…။) “ ချေးကျူံးကုလား” လို့ခေါ်တယ်..။
သူတို့က အညစ်အကြေးရှင်းပြီးရင် “ အမရေ…ပြီးပြီ..” လို အော်တတ်တယ်….။
ဒါဆိုရင် ကျွန်တော့်
အဖွားက “ အေး…အေး” ဆိုပြီး ကျွန်တော်တို့ အိမ်ဘေးကလည်း လမ်းကြားဆိုတော့
အိမ်ပြူတင်း
ပေါက်ကနေ ငါးမူး လှမ်းပေးလိုက်တယ်..။
သူတို့ခမျာ…..ဒီအလုပ်လုပ်နေရတာ ဆိုတာ လူမြင်မှာ ရှက်ရှာမှာပေါ့…။
ဒီတော့…ညကြီး
မိုးချုပ် ၉ နာရီကျော်မှ ပေမဲ့ ဦးထုပ်ကြီးကို
ခပ်ငိုက်ငိုက်ဆောင်းထားတယ်လေ..။ မမြင်ရပေမဲ့..ကျွန်တော်
တို့ကတော့ ကလေးဆိုတော့ အိမ်ရဲ့ အပေါက်တွေက ချောင်းကြည့်တာပေါ့လေ..။
ကျွန်တော့်အဖွားက
ပြူတင်းပေါက်ကနေ လက်ထုတ်ပြီး ငါးမူးပေးတယ်..။ သူက
အပြင်မြောင်းနှုတ်ခမ်းဘေးကနေ လက်ဆန့်
ပြီးယူတယ်…။ကျွန်တော့်အဖွားပေးတဲ့ ငါးမူးကို အောက်ကနေ
လက်ဝါးဖြန့်ပြီးယူတာပါ…။သူတို့ လက်နဲ့
သူများလက်ထိမှာ စိုးတဲ့ သဘော…။
ဒီလိုနဲ့ ..နေလာကြတာ…
တစ်နေ့ ကျွန်တော် ရောဂါ ထပါလေရော…ကလေးဆိုတော့လေ…။
ကိစ္စပြီးသွားလို့ ပေးရတဲ့ ပိုက်ဆံငါးမူးကို ကျွန်တော်ပေးချင်တယ်ပေါ့လေ..။
လူကြီးတွေက တားပေးမဲ့
ပြောမရတဲ့ အဆုံး “ပေးစေ ” လို့ စကားထွက်လာတယ်..။
အဲဒီည…..ဒီလူကြီးလာလို့…။အညစ်အကြေးတွေ ရှင်းအပြီး “ အမရေ..ပြီးပြီ..”
ဆိုတဲ့ အသံလည်း
ကြားရော…။ ပိုက်ဆံ ငါးမူး ကို အသင့်ကိုင်ထားတဲ့ ကျွန်တော် ဆက်ကနဲ့ထပြီး
ပြူတင်းပေါက်ဖွင့်လိုက်တယ်..။
အနောက်မှာ ကျွန်တော့်အဖွားက ရှိနေတယ်..။ ရုတ်တရက် ကျွန်တော့်ကို မြင်တော့
လူကြီး အံ့ဩ သွားတာ
သူ့မျက်လုံးထဲမှာ မြင်လိုက်ရတယ်..။ ကျွန်တော်တို့ကလေးတွေ အားလုံးကတော့
သူတို့ကို မမြင်ဖူးပေမဲ့
“ ချေးကျူံးကုလား ”ဆိုပြီး ကြောက်ကြတာကိုး…။
ပြူတင်းပေါက်က ငါးမူးကိုင်ပြီး ကျွန်တော် လက်ဆန့်ထုတ်ထားတယ်..။ သူကလည်း အရင်နေရာ
ထက် ရှေ့တိုးပြီးလက်ဆန့်ထုတ်ယူတာပါပဲ…။ ကျွန်တော်ပေးနေတဲ့ လက်အောက်ကို
သူ့လက်အရောက် ပိုက်ဆံ
လွတ်ချပြီး ပေးမယ် အလုပ်မှာ လေက တစ်ချက်ဝှေ့လာတယ်..။ ဒီတော့
ကျွန်တော့်နှာခေါင်းထဲကို အနံ့အသက်
တချို့က ဝင်လာပြီး လွတ်ချခါနီးနေတဲ့ ပိုက်ဆံဟာ ရုတ်တရက် ကျွန်တော်
နှာခေါင်းရှုံ့မိပြီး လက်ပါတွန့်သွားတယ်။
ဒီအချိန်မှာ ပိုက်ဆံကို လွတ်ချလိုက်မိတော့ ပိုက်ဆံ ငါးမူးဟာ
သူ့လက်ထဲမရောက်ပဲ…လက်နဲ့လွဲပြီး အောက်က
မြောင်းထဲကို ကျသွားတယ်..။
“ ဟာ…..” ဆိုပြီး….ကျွန်တော် ၊ အဖွား ၊ ဒီဦးလေးကြီး အသံတပြိုင်နက်
ထွက်လာတယ်..။ ကျွန်တော်
အဖွားက “ နေ..နေ ….မကောက်နဲ့…ကျွန်မ အသစ် ထပ်ပေးပါ့မယ်..။” ဆိုပြီး
သူ့ခါကြားထဲက ပိုက်ဆံနှိုက်နေတုန်း
ဒီဦးလေးကြီးက “ ရပါတယ်ဗျာ…ကလေးပဲ….” ဆိုပြီး
မြောင်းထဲကျသွားတဲ့…ပိုက်ဆံ ငါးမူးကို သူကလက်နဲ့ နှိုက်ပြီး
ခေါင်းငိုက်စိုက်ချထွက်ချထွက်သွားတယ်..။
ကျွန်တော်လည်း တော်တော် စိတ်မကောင်းပါ…။ကျွန်တော် တို့ အိမ်ဘေးကနေ
သူလမ်းလျှောက်သွား
ရာမှာ ကျွန်တော်ကလည်း အိမ်ထဲက လိုက်ပါသွားရင်း….

“ မတော်ဆတ ဖြစ်တာပါ…ဦးလေးကြီး….။”
“ မတော်ဆတ ဖြစ်တာပါ…ဦးလေးကြီး….။”
“ မတော်ဆတ ဖြစ်တာပါ…ဦးလေးကြီး….။”
“ မတော်ဆတ ဖြစ်တာပါ…ဦးလေးကြီး….။”
“ မတော်ဆတ ဖြစ်တာပါ…ဦးလေးကြီး….။”

ဒီလို လိုက်ပြောနေမိတယ်..။
အဲဒီညက စပြီး ကျွန်တော့်မှာ တစေ ္ဆခြောက် သလို ဒီအဖြစ်အပျက်က အိပ်မက်အဖြစ်
ခဏခဏ မက်တယ်ဗျာ..။
အိပ်မက်မက်လို့ နိုးလာရင် လည်း “ မတော်ဆတ ဖြစ်တာပါ…ဦးလေးကြီး….။”
လို့ ကျွန်တော် ရေရွတ်နေမိ စမြဲပါ…။
အဲဒီအချိန်က စပြီး သူများကို နှာခေါင်းရှုံတာ ၊ မျက်နှာပျက်တာဟာ
ကျွန်တော်ဘဝမှာ နောက်ဆုံးဖြစ်ခဲ့တာပါပဲ..။
တကယ်တော့…လူတိုင်းမှာ အားနည်းချက်တစ်ခုစီ ရှိကြတာပါ…။ ဒါကို
ကျွန်တော်တို့က နှာခေါင်းမရှုံ့သင့်ဘူးလေ..။
သူငယ်ချင်းတို့က….ရော………….?????????

forward mail မှကူးယူဖော်ပြသည်..။