“ဘောပွဲမှာ ရန်မဖြစ်အောင်……………………….”
“ဘောပွဲမှာ ရန်မဖြစ်အောင်……………………….”
ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်နဲ့ရန်ကုန်ဘော့လုံးပွဲကနေ ဖိုက်တင်ပွဲဖြစ်သွားတဲ့သတင်းလေးကို
ဖတ်ရတော့ ငယ်ငယ်က ကျုပ်တို့ကြုံခဲ့ရတဲ့ ဘော့လုံးပွဲလေးအကြောင်းကိုသွားသတိရမိသဗျာ။
ကျုပ်ငယ်ငယ် ကျောင်းသားဘဝကပေါ့။
အဲဒီတုံးက ကျုပ်တို့နေတဲ့ အမှတ်(၉)အထက ဒါပေမယ့် စိန်ပီတာလို့ဘဲခေါ်ကြပါတယ်။
ကျုပ်တို့ကျောင်းရဲ့မြောက်ဘက် က အမှတ်(၁၀)အများအခေါ် ဒိုင်အိုကျောင်းလဲခေါ်
သံတဲကျောင်းလဲခေါ်သပေါ့။
အဲဒီခေတ်တွေက တစ်ကျောင်းနဲ့တစ်ကျောင်း ဘာမဆိုအပြိုင်အဆိုင်ဗျ။
ကောင်းတဲ့ဘက်က ပြိုင်ကြတာကိုပြောတာပါ။
ဆယ်တန်းမှာအောင်ချက်ကောင်းတာပြိုင်တယ်။
ဂုဏ်ထူးများများရတာပြိုင်တယ်။
ဆေးကျောင်းတို့ စက်မူ့တို့ရောက်တာပြိုင်တယ်။
လူရည်ချွန်ရတာပြိုင်တယ်။
စာစီစာကုံးပြိုင်ပွဲတွေမှာဆုရတာပြိုင်တယ်။
အဲဒီတုံးကကျောင်းသားအားကစားပွဲတွေလဲရှိတယ်ဗျ။
ကြုံတုံးကြွားရရင် အဲဒီခေတ်က ဘင်ခရာဆိုတာ ကျုပ်တို့စိန်ပီတာကဗိုလ်ဗျာ။
ဆရာဒေးဗစ်ကိုယ်တိုင် သင်ပေးထားတာ။
ဒရေပြတဲ့ပုံစံတွေဆို အမျိုးမျိုးပြောင်း ။
ဆိုက်ဒရမ်ရိုက်တဲ့သူတွေကလဲ ဒရမ်ရိုက်တဲ့ တုတ်ချောင်းတွေကို အမျုးိမျုိုးကစားပြီးရို်က်ပြ။
ဘင်အကြီးထုတဲ့သူကလဲ တဒုန်းဒုန်းထုရင်းလက်ကိုင်ဘုကြီးကိုလေထဲပစ်လို့ပစ်။
နောက် မေဂျာ(ရှေ့ကနေတုတ်လုံးကြီးကိုင်လှည့်တဲ့သူကိုပြောတာ)
ကလဲ ဘုလုံးပါတဲ့ တုတ်ကြီးကိုလေထဲမြောက်လို့မြောက်။
သွားနေရင်းကနေ တစ်ဖွဲ့လုံးစက်ရုပ်များလို တိကနဲရပ်လို့ရပ်ပြ ဆိုတော့
ကျုပ်တို့မျက်စေ့ထဲမှာတော့ အတော်ကို ကြည့်လို့ကောင်းသဗျာ။
မေဂျာလုပ်တဲ့သူတွေကလဲတောင့်တောင့်ဖြောင့်ဖြောင့် ရုပ်ချောချောတွေပါ။
ကျုပ်မှတ်မိသလောက် ကျနော်တို့ကျောင်းသားဘဝတုံးကမေဂျာတွေက
ကိုဆန်းထွန်းနဲ့ကိုတင်ထွဋ် ပေါ့။
ပြောရရင်တော့ ကျုုပ်တို့ကျောင်းက လဲ နေတာထိုင်တာနည်းနည်းလေးတော့မာန်ပါသဗျာ။
အဲတော့ ကျန်နဲ့ကျောင်းတွေနဲ့ က သိပ်တော့ မတည့်ဘူးလို့ပြောရင် ရပါတယ်။
ကဲ ထားလိုက်ပါတော့။
တစ်ကျောင်းနဲ့တစ်ကျောင်းအပြိုင်အဆိုင်ရှိတဲ့အထဲမှာအားကစားပွဲဆိုရင်ပိုဆိုးတယ်။
အပြိုင်အဆိုင်အားပေးကြတာကိုးဗျ။
အဲနှစ် ကျုပ် ရှစ်တန်းနှစ်ဖြစ်မယ်ထင်ပါတယ်။
ကျောင်းသားပွဲတော် ဘော့လုံးပွဲဖို်င်နယ်မှာကျုပ်တို့ကျောင်းရယ်
ဒိုင်အိုရယ် ဗိုလ်လုကြတာပေါ့။
ကန်ရတာ ကျုပ်တို့ကျောင်းက ကွင်းမှာကန်ကြရတာပါ။
ကျုပ်တို့ကအိမ်ကွင်းဆိုတော့လဲနည်းနည်းတော့ ပိုစွာတာပေါ့။
ကျောင်းနှစ်ကျောင်းကလဲ လမ်းလေးတစ်လမ်းဘဲခြားတာဆိုတော့
ဟိုဘက်ကကျောင်းသားရော ကျုပ်တို့ဘက်ကျောင်းသားရော ကွင်းလုံးပြည့်ပါဘဲ။
ဆရာတွေက ကျုပ်တို့ကိုကျောင်းမဆင်းခင်အတန်းထဲမှာကတည်းက ရန်မဖြစ်ဘို့
ကိုယ့်ကျောင်းမှာလာကစားတာကို ကောင်းကောင်းဧည ့်ခံဘို့မှာပါတယ်။
တကယ်ကန်ကြတဲ့အခါမှာတော့လဲ ပွဲကြီးပွဲကောင်းပါဘဲ။
ကျန်တဲ့ဘောသမားတွေမမှတ်မိပေမယ့် ဂိုးဖမ်းတဲ့ကောင်ကတော့ကျုပ်တို့ ဘော်ဒါ ငကြွက်။
နောက်တော့ ထုံးစံအတိုင်း ညိပြီး ချကြတော့တာပေါ့။
ကျုပ်တို့ဘက်ကလဲဆော် ဟိုဘက်ကလဲပြန်ဆော်ပေါ့။
ဖြစ်ချင်တော့ ဟိုဘက်က ထုလိုက်တဲ့ခဲလုံးက ကျုပ်တို့ကျောင်းကဆရာ
(ချစ်စနိးခေါ်တဲ့နာမယ်က ဂျိမ်းစဘွန်း ရင်ဘတ်မှာအမွှေးတွေပါလို့)ကိုမှန်တော့
ခေါင်းကွဲရော။
အဲဒီမှာပွဲက ပိုကြမ်းလာတော့ ကျုပ်တို့ဘက်ကလိုက်ရိုက်တော့ ဟိုဘက်ကကောင်တွေကထွက်ပြေးရော။
ကျုုပ်တို့ကလဲ ကျောင်းဝင်းအပြင်ထိထွက်လိုက်ပြိးရိုက်တာပေါ့။
နောက်ဆုံး ကျုပ်တို့ကျောင်းအရှေ့ဘက် 84လမ်းမက ညောင်ပင်နားမှာ အဲဒီကျောင်းက
ကျောင်းအုပ်ဆရာမကြီးအိမ်ရှိတော့ အဲ့ဒီအိမ်ကို သွားပြီးခဲ့နဲ့ထုကြတာဗျာ။
အဲဒီမှာကျောင်းနဲ့ရဲစခန်းနဲ့ကပ်နေတော့ ရဲတွေနဲ့ကျောင်းကဆရာတွေလိုက်လာပြိး
ကျုပ် တို့ကိုဖမ်းတော့တာပါဘဲ။်ဆရာတွေကောင်းတော့ အချုပ်ထဲတော့ မနေရပါဘူး ညတွင်းချင်းဘဲ အိမ်ကိုအချုပ်ကားနဲ့လိုက်ပို့ပေးတာ။
အဲဒီနေ့က ဒါးတန်းဘုရားပွဲနေ့နဲ့ တနေ့ထဲဘဲထင်တာပါဘဲ။
အိမ်ရှေ့ကို အချုပ်ကားရပ်ပြီး ဆရာတွေက မိဘတွေလက်ထဲအပ်ပေးတာကိုးဗျ။
အဲဒီမှာ အိမ်က ဆက်ပြီးဆော်ပလော်တီးတော့ပါဘဲ။
နောက်ရက် ကျောင်းရောက်တော့ ဆရာကြီးဦးလှ က ကြိမ်စာထပ်ကျွေးပါတယ်။
မပြီးဆုံးတဲ့ဘောလုံးပွဲကိုဆက်ကျင်းပမယ်လို့သတင်းကြားရပါတယ်။
နောက်ထပ်ရန်မဖြစ်နိုင်အောင် ကြားကွင်းဖြစ်တဲ့နန်းတွင်းကွင်း မှာကန်မယ်လို့ဆိုပါတယ်။
တကယ်ကန်မယ့်ရက်လဲရောက်ရော ဘောလုံးပွဲလိုက်ကြည့်မယ်လူတွေကို စာရင်းပေးခိုင်းပါတယ်။
ကျောင်းကနေကားနဲ့လိုက်ပို့ပေးမယ်လို့စီစဉ်ထားတယ်ပေါ့။
အဲဒီအချိန်က နန်းတွင်းဆိုတာလူတိုင်းလွယ်လွယ်ကူကူဝင်လို့မရပါဘူး။
ဝင်ထွက်ခွင့်ကဒ်ရှိမှ စစ်ဆေးပြီးဝင်လို့ရတာပါ။
ညနေကျောင်းလဲဆင်းရော လိုက်မယ့်သူတွေအားလုံးကျောင်းက
ဆရာကြီးရုံးခန်းရှေ့မှာစုရပါတယ်။
ပြီးရင်နာမယ်တစ်ယောက်ချင်းခေါ်ပြီးတန်းစီခိုင်းထားပါတယ်။
ခဏနေတော့ ကျုပ်တို့ကိုလိုက်ရမယ့် ဘတ်စ်ကားကြီးလဲရောက်လာပါတယ်။
ကားလဲရောက်ရော ကျုပ် တို့တန်းစီနေတဲ့ထိပ်ကို စားပွဲတစ်လုံးလာချပါလေရော။
စားစရာသောက်စရာ ဘာများဝေမလို့လဲဆိုပြီး ပျော်နေကြတာပေါ့။
ပြီးတော့ ဆရာတွေနဲ့အတူ သူနာပြုဆရာမအဖွဲ့ရောက်လာပါတယ်။.
၂၄လမ်း၈၄လမ်းဒေါင့်က ဒါးတန်းဒေသန္တရအဖွဲ့ကပါ.။
နောက်ဆုံးတော့ ကားပေါ်မတက်ခင် ကျုပ်တို့လက်မောင်းကို ဝမ်းရောဂါကာကွယ်ဆေး
ဆိုပြီးထိုးပေးလိုက်ပါတယ်။
ဆေးလဲထိုးပြီးရော ကျုပ်တို့လက်မောင်းတွေ နာလဲနာ ကျဉ်လဲကျဉ်နဲ့ အဲဒီဆေးထိုး
ထားတဲ့လက်ကမြှောက်လို့မရတော့ပါဘူး။
ဆေးလဲထိုးပြီးရော ဘော့လုံးကွင်း ဆီကိုချီတက်ကြပါတော့တယ်။
ကွင်းထဲရောက်လို့ကြည့်လိုက်တော့ ဟိုဘက်ကျောင်းကကျောင်းသားတွေလဲ
ကျုပ်တို့လိုဘဲ ဆေးထိုးပေးထားပုံရပါတယ်။
လက်တစ်ဖက်က မြှောက်လို့မရ။
ပွဲစကတည်းက အားပါးတရအော်ကြဟစ်ကြတာပေါ့။
ဆရာကြီးက ဂိုးတစ်ဂိုင်းသွင်းရင်တစ်ခါ ဆုချမယ်ပြောထားတော့
ကစားတဲ့ကောင်တွေကလဲ မီးကုန်ယမ်းကုန်တွယ်ကြတာပေါ့။
ကျုပ် တို့လဲအားပါးတရအားပေးကြတာပါ။
ပါးစပ်နဲ့ဘဲအော်နိုင်ပါတယ်။
လက်တစ်ဖက်က နာနေတော့ လက်ခုပ်တောင်မတီးနိုင်ပါဘူး။
နောက်ဆုံးတော့ ဘော့လုံးပွဲကြီးကအောင်မြင်စွာပြီးဆုံးသွားတယ်ဆိုပါတော့။
ပေါက်ကရပြောတယ်လို့ တော့ မထင်ပါနဲ့။
ကျုပ်တွေးကြည့်မိတာလေးပါ။
မကြာခင်မှာ စီးဂိမ်းဆိုတာကြီးကလဲလာတော့မှာ။
နိုင်ငံတကာကလူတွေလဲလာကြမှာလေ။
အဲဒီအချိန်မှာ ကျုပ်တို့ဆီကပရိသတ်တွေက
ဖိနပ်နဲ့ပစ် ရေဘူးနဲ့ပစ် ဆိုရင်
ကိုယ့်အသင်းမနိုင်ရင် ခုံတွေရိုက်ချိုးတာတွေလုပ်ရင်
ကျုပ်တို့နိုင်ငံက အကြိးအကျယ်အရှက်ကွဲမှာအသေအချာ။
ဘယ်သူမှလဲ ပရိတ်သတ်ကို မထိန်းနို်င်မှာသေချာတယ်လေ။
အဲတော့ ကွင်းဝင်ပေါက်ကနေစောင့်ပြီး လာသမျှပရိသတ်ကို
လက်တစ်ဖက်မလှူပ်နို်င်အောင်ဆေးထိုးပေးလိုက်ရင်
ပွဲမဖျက်နို်င်အောင်ကာကွယ်ပေးပြီးသားဖြစ်မလားလို့ တွေးကြည့်တာပါ။
ကဲ ကျုပ်တွေးတာ နေရာကျမကျ ဝင်ပြီး ငံပေးလိုက်ကြပါအုံးဗျာ။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
8-8-2013
12 comments
uncle gyi
August 8, 2013 at 10:34 pm
ဒီလိုပွဲထိန်းတဲ့စနစ်ဒီတခါကြားဖူးသေးကိုပေါက်ရယ်
ဒီတခါကမ္ဘာ့ဖလားပွဲ ပွဲထိန်းဖို့အကြံပေးခေါ်ရင်
မန်းဂေဇက်တော့နာမယ်ကြီးအုံးမယ်
ကထူးဆန်း
August 8, 2013 at 10:45 pm
ပါးစပ်ကို တိတ်ကပ်
လက်နှစ်ဘက် ကို ဝါယာ ချီတဲ့ cable ties တွေ နဲ့ ချီလွှတ် (လက်ထိပ်ဆို ဈေးကြီးမှာ စိုးလို့) .. ပုဆိုး ထမိန်သမားဆိုခါးပါ တစ်ခါထဲ ကြိုး နဲ့စည်းပေးလိုက်ရင်ကောင်းမယ် .. :ha:
ကိုပေါက်(မန္တလေး)
August 8, 2013 at 11:10 pm
လွယ်လွယ်လေး ပါ အီးကယ်ဂျန်ရယ်
တကယ်လက်တွေ့ခံခဲ့ရတာပါ
MAUNG
August 9, 2013 at 8:41 am
ထူးဆန်းပါပေ့ ဆပေါက် ရယ် (မှတ်ချက်။ ။ ဗိုက်ကလေး လေသံဖြင့် ဖတ်ရန်)
ဦးပေါက် အကြံ ဂွတ်တယ်။ ဌက္ကထ ကြီး ဆေးထိုးပေးပါဗျို့ 😀
ကိုပေါက်(မန္တလေး)
August 9, 2013 at 9:14 am
ထိုးမယ့်လို့သာ ဆုံးဖြတ်ချက် ချလိုက်ရင် တရုပ်ပြည်ကနေ အမြန်သွင်းမယ်ဗျာ
kyeemite
August 9, 2013 at 9:29 am
ကိုပေါက်ပြောမှ ဒီနည်းကိုကြားဖူးတော့တယ်
ကြံဖန်တွေးတတ်တဲ့ ကျောင်းအုပ်ကြီးတွေကိုတော့ ချီးကျူးပါသဗျာ
တစ်ချက်ခုတ် နှစ်ချက်ပြတ် ကိုပေါက်တို့လည်းကာကွယ်ဆေးတစ်မျိုး
ထိုးပြီးဖြစ်သွားတာပေါ့…ဟိ :hee:
Ma Ma
August 9, 2013 at 9:29 am
မြန်မာ့စိတ်ရင်း မြန်မာ့ရှု့ခင်းကို ကမာ္ဘအရပ်ရပ်က လူတွေ တွေ့မြင်သွားရမှာပေ့ါ ကိုပေါက်ရယ်။ 😥
San Hla Gyi
August 9, 2013 at 11:58 am
အဲဒီ ဆီးဂိမ်းစ်မှာ မြန်မာပရိသတ် သောင်းကျန်းမှာ စိုးတဲ့အကြောင်းဆိုလို့ ပြောရဦးမယ်။ တခြားပွဲတွေမှာ ရိုက်ပွဲတွေ ဆဲတာတွေ ခုံနဲ့ပစ်တာတွေ ဘယ်လိုဖြစ်ကြသလဲတော့ မသိဘူး။
အဲဒီကိစ္စဟာ မြန်မာ့လက်ရွေးစင် အသင်းကြီး ကန်တဲ့ပွဲတွေမှာ ဖြစ်လာတာ မကြာသေးဘူး။ တကယ်ပြောတာ။ ကျနော် သေသေချာချာ မှတ်မိတယ်။ ဟိုတုန်းကဆို မြန်မာ့လက်ရွေးစင် အသင်း ကန်တဲ့ပွဲတွေကို မလွတ်တမ်း အားပေးပြီး နိုင်လိုက်လို့ကတော့ နောက်တနေ့ထုတ် ဂျာနယ်တွေ သတင်းစာတွေမှာ နိုင်လိုက်တဲ့အကြောင်း ပြန်ရေးတာကို ကျနော်က ပြန်ပြန်ဖတ်ပြီး စားမြုံ့ပြန်သေးတာ။
ဟိုတုန်းက မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင်တို့ ကြည်လွင်တို့ ငယ်ငယ်တုန်းက ကန်ခဲ့တဲ့ပွဲတွေမှာ အဲဒါမျိုး စည်းပျက်ကမ်းပျက် ဖြစ်တာ တခါမှ မတွေ့ဖူးဘူး။ နောက်ပြီး မျိုးလှိုင်ဝင်း ဝင်းအောင်တို့ ဘဏ္ဍာအခွန် အသင်းနဲ့ အတူတူ အာရှကလပ် ချန်ပီယံပွဲတွေ ကန်တော့လည်း အဲဒါမျိုး လုံးဝ မဖြစ်ခဲ့ဘူး။ အဲဒီတုန်းက ကျနော် မှတ်မိတယ်။ ဘဏ္ဍာအခွန်က သီရိလကာင်္က ဆောင်းဒါးနဲ့ ဗီယက်နမ်က ဒေါင်သက်ကို နိုင်ပြီး ကွာတားဖိုင်နယ် တတ်သွားတာ။ အိမ်ကွင်းပွဲစဉ်တွေမှာ ပရိသတ် လုံးဝ မသောင်းကျန်းခဲ့ဘူး။ လူကလည်း များသလား မမေးနဲ့။ သုဝဏ္ဏဝင်း လေးဘက်လေးတန်ကို မဲမှောင်နေတာပဲ။ ပြိုင်ဘက်အသင်းက ဂိုးသွင်းလိုက်လည်း ပရိသတ်က ငြိမ်ကျသွားတာပဲ ရှိတယ်။ လုံးဝ မဆူပူခဲ့ဘူး။ အဲဒီတုန်းက အိမ်ကွင်းမှာ မြန်မာ့လက်ရွေးစင် သန်းဝေ တိုက်ရိုက်အနီကတ်နဲ့ ထွက်ရတာလည်း ပရိသတ်က ငြိမ်သွားတာပဲရှိပြီး လုံးဝမသောင်းကျန်းဘူး။
အဲဒီတုန်းက ဆောင်းဒါးနည်းပြကတောင် သူလည်း နိုင်ငံတကာမှာ ကလပ်အသင်းကို အားပေးတဲ့ ပရိသတ်တွေ ရှိတာ မြင်ဖူးပေမယ့် ဒီမြန်မာ ပရိသတ်လို ဘဏ္ဍာအခွန် ကလပ်အသင်းကို မြန်မာ့လက်ရွေးစင် အသင်းကြီးလို အားပေးတဲ့ ပရိသတ်ကို မတွေးဖူးဘူး ဆိုပြီးတောင် ပြောသွားသေးတယ်။
အဲဒီနောက်ပိုင်း စိုးမြတ်မင်းတို့ တတ်လာပြီး အာရှလူငယ် ခြေစစ်ပွဲကို မြန်မာအိမ်ကွင်းမှာ ကန်ရတော့လည်း ပရိသတ်က တခဲနက်ပဲ အားပေးကြတာ။ အဲဒီတုန်းကလည်း သေသေချာချာ မှတ်မိတယ်။ ဂျပန်နဲ့ မြန်မာ အုပ်စုဗိုလ် နောက်ဆုံးပွဲမှာ လုကြတာ။ ပထမပိုင်းမှာ မြန်မာက တဂိုးသွင်းထားတယ်။ ဒုတိယပိုင်းလည်း ရောက်ရော ဂျပန်က ချေပဂိုးလည်း ပြန်သွင်းလိုက်ရော မြန်မာပရိသတ်ဟာ မီးကို ရေနဲ့ သတ်လိုက်သလို ငြိမ်သွားတော့တာပဲ။ ဒါပေမယ့် အော်ဆဲတာတို့ တွေ့ကရာနဲ့ ပစ်တာတို့ လုံးဝမလုပ်ဘူး။ ပွဲပြီးတော့ ဂျပန်နိုင်သွားလို့ မြန်မာလူငယ်တွေရော ပရိသတ်ရော မိုးရေထဲမှာ ငိုပြီး ပြန်သွားကြတာ မှတ်မိသေးတယ်။
စပျက်တာက ကျနော်မှတ်မိသလောက် မျိုးမင်းထွန်းတို့ အဖွဲ့ အာဆီယံလူငယ်ပွဲကို မြန်မာပြည်မှာ အိမ်ရှင်လုပ်ပြီး ကန်ရာက စတာပဲ။ အဲဒီတုန်းက ကျနော်လည်း သွားကြည့်သေးတယ်။ ထိုင်းတဲ့ ကန်တဲ့ပွဲမှာ ကွင်းထဲကို ဘယ်ကလူတွေလည်း မသိဘူး။ ကွင်းပြည့်လို့ လုံခြုံရေးက တံခါးပိတ်ထားတာကို သံတုတ်တွေနဲ့ ပြေးလာကြတာ။ လုံခြုံရေးကလည်း ကြောက်ပြီး ဖွင့်ပေးလိုက်ရတယ်။ အဲဒီမှာ ပွဲကြည့်စင်ပေါ်တင် မကတော့ပဲ ဘေးအစွန် ပြေးလမ်းတွေအထိ ရောက်လာလို့ ပွဲက တော်တော်နဲ့ မစနိုင်ဘူး။ နောက်တော့ ပွဲလည်း စရော လီးပဲဆိုပြီး သီချင်းတိုက်သလို အဖွဲ့လိုက် အော်ဆိုတော့တာပဲ။ မြန်မာ့အသံက အသံလွှင့်တာတောင် အဲဒီအသံကြီးဟာ တီဗီမှာ ဟိန်းထနေတာပဲ။ ကြားတာတော့ တကယ့် ရပ်ကွက်ထဲက အပေအတေတွေ ရောက်လာတာပေါ့။
အဲဒီနောက်ပိုင်း တောက်လျှောက် ပျက်တော့တာပဲ။ မကောင်းတာက ဓါတ်ကူးဖို့ လွယ်တယ်လေ။ အခုတော့ ကုစားလို့တောင် မရတဲ့အဆင့် ဖြစ်နေပြီ။
အလင်းဆက်
August 9, 2013 at 2:35 pm
မြန်မာ့အားဂဇား ဂဘာကို လွှမ်းရမည် ဆိုတဲ့ ဇဂါး အတိုင်းးး
လွှမ်းတော့ လွှမ်းမှာ ပါပဲ
အဆိုးကျော်တဲ့ သတင်းနဲ ့ လွှမ်းသွားမယ့် အရေးးးး
တွေးပြီးရင်လေး
ဟေးဟေး
အရီးခင်
August 9, 2013 at 2:40 pm
Facebook ထဲ က တွေ့လို့ သဘောကျလွန်းလို့ မျှပါတယ်။
စာပိုင်ရှင်က ညီသစ် တဲ့။
================================
နေပြည်တော်နဲ့ ရန်ကုန် ဘောလုံးပွဲ နှစ်ဖက် အသင်းပရိတ်သတ်တွေ ရန်ဖြစ်တော့
အမိမြန်မာပြည်ကြီးအတွက် တော်တော် ဝမ်းသာမိပါတယ်…
ကျူပ်တို့ ဗမာတွေဟာ အခြေခံအားဖြင့်တော့
လူမျိုးဘာသာ ခွဲခြားတတ်တဲ့ စိတ် မရှိဘူးဆိုတာကို တွေ့လိုက်ရလို့ပါ…
ဘာသာခြား နဲ့ ချ ယုံတင် မကပဲ.
လိုအပ်ရင်..အချင်းချင်းလည်း ချ ပါတယ်ဆိုတာ
သက်သေပြလိုက်နိုင်တာ အားရစရာပါပဲ……………
ဒါဟာ ခွဲခွဲခြားခြား စိတ် သိပ်မရှိဘူးဆိုတာကို ပြတဲ့
အကောင်းလက္ခဏာဆောင်သော အကျင့်စရိုက်ကလေးပဲ ဖြစ်ပါတယ်…
လုံခြုံရေးတွေ အလုံအလောက်ရှိပေမယ့်
စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့
ဝေးဝေးလံလံ လက်ပက်တောင်းတောင်ထိ ပို့ထားပေးတဲ့
နိုင်ငံတော် အစိုးရကိုလည်း ကျေးဇူးအထူးတင်ရှိရပါတယ်… ဟဲဟဲဟဲ…အဟွတ်..
======================
😛 😛 😛 😛 😛 😛
TNA
August 9, 2013 at 3:25 pm
တော်တော်ထူးဆန်းတဲ့ပွဲထိန်းနည်းပါလားလေးပေါက်ရေ။ အခုမှပဲကြားဖူးတော့တယ်။ ဘာမှကိုလုပ်မရတော့ ဘူးပေါ့။ အခုလဲအဲလိုပွဲထိန်းနည်းတော့လိုပီထင်တယ်နော်။ အကောင်းဆုံးကတော့ အားလုံးကိုလက်ထိပ် ခတ်ပေးထားလိုက်ရင်ကောဘယ်လိုလဲလေးပေါက်။
Mr. MarGa
September 5, 2013 at 5:28 pm
ဒါမှ ဒိုင်အိုနဲ့ စိန့်ပီတာ ပီသတော့မပေါ့
အဲဒီလိုသာ မထိန်းရင် နောက်တစ်ပွဲ ဆက်ဖြစ်မှာ သေချာသကိုး
ကျောင်းသားများရဲ့ မျိုးချစ်စိတ် ပြင်းပုံ ပြောပါတယ်…