စစ်ဗိုလ်ကြီးမှ အထင်ကြီးသော မိန်းကလေးများ ဖတ်ရန်

cobraAugust 7, 20101min2579

အချိန်ကား (၁၉၉၄) ခုနှစ်။

နေရာကား သန်လျင်တဘက်ကမ်း။

အကြော်သည် ဒေါ်အေးစိန်၏ အိမ်တွင် လူစည်ကားနေသည်။ ဖတဆိုးသားလေး
ကျော်စွာမင်း ဆယ်တန်းကို နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်သည်မို့
အခမ်းအနားလေးတခု ကျင်းပနေခြင်းဖြစ်သည်။ ရပ်ကွက်ထဲမှ လူအများကို
မုန့်ဟင်းခါးပွဲလေးနှင့် ဧည့်ခံနေရင်း ဒေါ်အေးစိန်ရင်ထဲတွင်
ဝမ်းနည်းဝမ်းသာခံစားနေရသည်။ ဝမ်းနည်းသည်က ခင်ပွန်းသည်အတွက်၊ ဝမ်းသာရသည်က
ချစ်လှစွာသော သားလေးအတွက်။ ခင်ပွန်းသည်ဆုံးပါး သွားပြီနောက်မှာ ဘဝကို
ပင်ပင်ပန်းပန်း ရုန်းကန်ရင်း သားလေးကို လူလားမြောက်အောင် တာဝန်ယူခဲ့ရသည်။
ခြောက်နှစ်ဆိုသောကာလမှာ ပင်ပန်းပါဘိခြင်း။ အခုတော့
ပင်ပန်းရကျိုးနပ်ပါသည်။ သားလေးဆယ်တန်းအောင်သွားပြီ။ အကြော်သည်
မုဆိုးမသားလေး ဘွဲ့ရပညာတတ်ဖြစ်အောင် ဆက်ကြိုးပမ်းရဦးမည်။ ဘာပဲဖြစ်ဖြစ်
အမေရဲ့သားလေး ဘယ်တော့မှ မျက်နှာမငယ်စေရ။

“အမေပျော်လိုက်တာသားရယ်၊ ငါ့သားလေးအတွက် အမေဂုဏ်ယူတယ်သိလား။ တက္ကသိုလ်
ဆက်တက်နော်သား။ အမေထားပေးမယ်”

“အမေလဲ ပင်ပန်းနေပါပြီအမေရယ်။ အမေပိုက်ဆံ မကုန်အောင်လေ သားစစ်တက္ကသိုလ်ပဲ
သွားတော့မယ်”

“ဘာ—-”

သားလေးရဲ့ စကားသံအဆုံးမှာ သူမတကိုယ်လုံး အေးစက်တောင့်တင်းသွားသည်။
“အမယ်လေး၊ ကိုသောင်းမင်းရယ်”လို့သာ တမ်းတဟစ်အော်ပြီး
ငိုလိုက်ချင်စိတ်ပေါက်သွားသည်။

“သားရယ်။ စစ်တက္ကသိုလ်တော့မသွားပါနဲ့။ မင်းအဖေသေရတာ စစ်တပ်က ပစ်တဲ့
သေနတ်ကျည်ဆံကြောင့်ဆိုတာ သားလဲသိသားနဲ့”

လွန်ခဲ့သော ခြောက်နှစ်က အတိတ်ဆိုးများကို ပြန်သတိရလာသည်။ ကိုသောင်းမင်းက
ကုန်းလမ်းပို့ဆောင်ရေး (ကပရ)က ဝန်ထမ်း။ ရှစ်လေးလုံးအရေးတော်ပုံမှာ
ပါဝင်ဆန္ဒပြခဲ့ရင်း စစ်တပ်မှပစ်သော သေနတ်ကျည်သင့်ပြီး
သေဆုံးခဲ့ရတာဖြစ်သည်။

“သားသိပါတယ်အမေရယ်။ ဒါပေမယ့် သားတို့မှာ ရွေးစရာလမ်းမှ မရှိတော့တာပဲ။
သားတက္ကသိုလ်တက်ပြီး ဘွဲ့ရတော့ကော အလုပ်ရမှာမှ မဟုတ်တာပဲ အမေရယ်။
အခုရန်ကုန်မြို့ကြီးမှာ ဘွဲ့ရတက္ကစီမောင်းသမားတွေမှ အများကြီးရယ်။
စဘော်တင်စရာလေးရှိရင်တော့ တက္ကစီလေး မောင်းလို့ရမယ်။ ဒါပေမယ့် သားတို့မှာ
စဘော်တင်စရာငွေတောင် ရှိတာမှမဟုတ်တာပဲ။ ပြီးတော့ အမေပင်ပင်ပန်းပန်း
ရှာထားတဲ့ ငွေတွေနဲ့ ကျောင်းမတက်ပါရစေနဲ့ အမေရယ်။ အခုအချိန်မှာ
စစ်တက္ကသိုလ်တခုတည်းပဲ ထွက်ပေါက်ရှိနေတာ”

“ကျော်စွာမင်း၊ သားလေးရယ်။ သားအတွက် အမေကြိုးစားလာခဲ့သမျှဟာ
လူသတ်သမားဖြစ်ဖို့ မဟုတ်ဘူးနော်။ မလုပ်ပါနဲ့”

“သားဆုံးဖြတ်ပြီးပြီအမေ။ သားဘဝတက်လမ်းအတွက် ဒီအက်စ်အေကိုပဲသွားချင်တယ်”


(၂)

အချိန်ကား (၂၀၀၅) ခုနှစ်။

နေရာကား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်။

“သမီး၊ ဆုံးဖြတ်ပြီးပြီလား”

မေမေ့ရဲ့ အေးစက်စက်အသံကြောင့် လင်းလင်းနွယ် မျက်နှာလေးငယ်သွားရသည်။
ချစ်သူက လက်ထပ်ချင်သည်ဆို၍ မေမေ့အား ပြောပြ အသိပေးရခြင်းဖြစ်သည်။
စစ်တပ်မှ အရာရှိငယ်လေးမို့ မေမေမငြင်းလောက်ပါဘူး ထင်ထားမိသည်။

“မေမေကသဘောမတူလို့လားဟင်”

“မတူရုံတင်မကဖူးသမီး။ အဲလိုလူစားမျိုးတွေနဲ့ မပတ်သက်ချင်ဘူး”

“ဘာဖြစ်လို့လဲမေမေ”

“မေမေဟာ ချမ်းသာကြွယ်ဝတဲ့မျိုးရိုးက ဆင်းသက်လာပေမယ့် လူတန်းစားလုံးဝ
မခွဲတတ်တာ သမီးသိတယ်နော်”

“သိပါတယ်မေမေ”

“မေမေလူတိုင်းကို မေတ္တာထားနိုင်တယ်။ ဒါပေမယ့် အဲဒီအထဲမှာ
ဒီလိုလူတွေမပါဘူး။ လူသတ်သမားတွေ မပါဘူး”

မေမေ့ မျက်ဝန်းထဲက နာကြည်းမှု အရိပ်တွေကို မြင်တွေ့နေရတာမို့ သူမမှာ အသံပင်မထွက်ရဲ။

“လူနာတွေကို မေမေသိပ်ချစ်တယ်သမီး။ မေမေတို့ဆရာဝန်၊ ဆရာမတွေ အလုပ်ဆိုတာက
လူနာတွေကို ကယ်ဖို့။ ဆေးရုံဆိုတာ လူ့အသက်တွေကို တတ်နိုင်သမျှ
ကြိုးစားကယ်တင်နေတဲ့နေရာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က စစ်တပ်ဟာ
လူ့အသက်တွေကို ကယ်တင်နေတဲ့ ဆေးရုံဝင်းထဲကို သေနတ်တွေနဲ့ ပစ်ခဲ့ကြတယ်။
လူသတ်ပွဲတွေကို ရပ်ပါတော့လို့ တောင်းဆိုခဲ့တဲ့ ဆရာဝန်၊ ဆရာမလေးတွေကို
သွေးအေးအေးနဲ့ သတ်ပစ်ခဲ့ကြတယ်။ ဒီမြင်ကွင်းတွေကို မျက်ဝါးထင်ထင်
တွေ့ထားရတဲ့ မေမေဟာ ဒီလိုလူမျိုးတယောက်ကို ကိုယ့်မိသားစုထဲ
အဝင်မခံနိုင်ဘူးနော်သမီး”

“မေမေရယ်။ အဲဒီတုန်းက ကိုကိုတို့ပါခဲ့တာမှမဟုတ်တာ။ အခုတပ်မတော်ကြီးကလဲ
ပြောင်းလဲနေပါပြီ မေမေရဲ့။ အရင်လိုမဟုတ်တော့ပါဘူး”

“တော်စမ်းလင်းလင်းနွယ်။ မင်းသားခေါင်းဆိုတာ ဘယ်လောက်ကြာကြာ
စွပ်ထားနိုင်မှာတဲ့လဲ။ မေမေတခွန်းပဲ ပြောမယ်နော်သမီး။
လုံးဝသဘောမတူနိုင်ဘူး။ ယောက်ျားမရှားပါဘူးသမီးရယ်။ သမီးကြိုက်တယ်ဆိုရင်
လမ်းဘေးက ဆိုက်ကားသမားကို ရွေးလာလဲ မေမေသဘောတူမယ်။ ဒါနောက်ဆုံးပြောတာ”

အင်မတန်ပြတ်သားထက်မြက်လှသော မေမေ့ကို သူမ ဘာမှပြန်မပြောရဲတော့ပါ။
သို့ပေမယ့် ကိုကို့ကိုလဲ မခွဲနိုင်။ အချစ်အတွက် စွန့်စားဖို့
သူမဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဘာပဲပြောပြော တဦးတည်းသော သမီးလေးကို
မေမေ မစွန့်ပစ်ရက်နိုင်ပါဘူးလေ။

(၃)

၂၀၀ရ ခုနှစ်၊ မတ်လ။

တပ်ရင်း ( ) အရာရှိအိမ်ယာ။

“မင်းကို ဝတ်တာ၊ စားတာ၊ နေတာ၊ ထိုင်တာ ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါ ပြောရမလဲ”

“အဲလိုပြောရအောင် ကျွန်မက ဘာတွေ လုပ်နေလို့လဲကိုကို”

“ဒီနေ့အခမ်းအနားမှာ မင်းဝတ်လာတဲ့ စိန်နားကပ်ကြီးကို ပြောနေတာ”

“ဒါဘာထူးဆန်းလို့လဲကိုကို။ စိန်အပါးဝိုင်းနားကပ်။ ကျွန်မတို့
မျိုးရိုးစဉ်ဆက် ဒီလိုပဲ ဝတ်ခဲ့ကြတာပဲ။ အခမ်းအနားပဲကိုကို။ ဝတ်မှာပေါ့”

“မင်းဝတ်ထားတာတွေကြည့်ပြီး၊ တပ်ရင်းမှူးကတော်
ဘယ်လောက်မျက်နှာပျက်နေတယ်ဆိုတာ မင်းမမြင်ဘူးလား”

“ဘယ်တတ်နိုင်မှာလဲကိုကို။ ကိုယ့်ရှိလို့ကိုယ်ဝတ်တာပဲ။ ပြီးတော့ ဒါက
သူတို့လို မတရားသဖြင့် စီးပွားရှာလာဘ်စားပြီး၊ ရထားတဲ့ ရတနာတွေမှမဟုတ်တာ။
မိဘအမွေပဲလေ။ သန့်သန့်ရှင်းရှင်းတွေ”

“မင်းစကားတွေ ဘယ်ရောက်နေလဲဆိုတာ မင်းသိသင့်တယ်နော်။ မင်းအခုနေနေတာ
စစ်တပ်ကွ။ မင်းယူထားတဲ့ ယောက်ျားက စစ်သား”

“ဘာလဲကိုကို။ စစ်တပ်ဆိုတာ ဒီလိုကြီးနိုင်ငယ်ညှဉ်း လုပ်နေတဲ့နေရာမျိုးလား။
ယောက်ျားရဲ့ အထက်အရာရှိ မိန်းမတွေရှေ့မှာ ကိုယ့်မိဘ အမွေရတနာလေးကိုတောင်
ထုတ်မဝတ်ရတဲ့ နေရာမျိုးလား”

“စစ်တပ်ဆိုတာ အထက်လူကြီးတွေကို ရိုသေလေးစားရတဲ့ နေရာမျိုးကွ။
လူကြီးတွေရဲ့ မျက်နှာအရိပ်အကဲကို သိရတယ်။ သူတို့မျက်နှာကို ကြည့်နေရမယ်။
လူကြီးကတော်က စိန်ဝင်ရင် ကိုယ်က ရွှေပဲဝတ်ရမယ်။ သူတို့ကို
တုပြိုင်သလိုမျိုး ဘယ်တော့မှမဖြစ်ရဘူး”

“တော်စမ်းပါကိုကိုရာ။ အဲဒီဩဝါဒတွေကို ဘယ်နှစ်ခါ ခြွေနေဦးမှာလဲ။
မပြောချင်လို့ ကြည့်နေတာနော်ကိုကို။ ကျွန်မပညာတတ်မိန်းမ။ ပညာ၊
ဥစ္စာရှိပေမယ့် ကျွန်မမမောက်မာဘူး။ ဘယ်တုန်းကမှ လူတဘက်သားကို
နှိမ့်ချမဆက်ဆံဘူး။ ကိုကို့ကို ချစ်လွန်းလို့သာ ကိုကို့
လူကြီးမိန်းမတွေရဲ့ မောက်မာမှုတွေကို သည်းခံနေတာနော်။
လူကြီးကတော်ဆိုတာတွေကို ခြေသလုံးဖက် ဒူးတုပ်ခယနေရတဲ့ဘဝကို သိပ်ပြီး
ကျေနပ်လွန်းတယ်မထင်နဲ့”

“မကျေနပ်တော့ မင်းကဘာလုပ်ချင်လဲ။ မင်းဟာ ငါ့မိန်းမ။
ဗိုလ်ကြီးကျော်စွာမင်းရဲ့ မိန်းမ။ ဒီတော့ ငါ့အထက်က
အရာရှိကတော်တွေအားလုံးဟာ မင်းရဲ့ အထက်လူကြီးတွေပဲ။ ရိုသေလေးစားရမယ်။
ခိုင်းတာလုပ်ရမယ်။ ဒါပဲ”

“ဟုတ်ပါတယ်။ ဘာလုပ်လို့ရမှာလဲ။ ကျွန်မကိုက ကျွန်ယောက်ျားကို
ယူခဲ့မိတာကိုး။ ကျွန်မိန်းမပဲဖြစ်ရတော့မှာပေါ့”

သူမရဲ့ ပေါက်ကွဲအော်ဟစ်သံအဆုံးမှာ ဗိုလ်ကျော်စွာမင်းရဲ့ လက်က
လေထဲသို့မြောက်တက်သွားသည်။

“မင်းလက်ကို ချလိုက်စမ်း၊ ကျော်စွာမင်း”

သူမမျက်စိပိတ်လိုက်မိစဉ်မှာ ကယ်တယ်ရှင် မေမေ့အသံက ထွက်ပေါ်လာခဲ့သည်။
သမီးကို စိတ်မချသူ မေမေက ဆေးခန်းအပြန်ဆို တခါတလေ ဝင်လာနေကျ။

“မင်းကိုဒို့က ယောက်ျားကောင်းတယောက်လို့ ထင်ထားတာ။ လက်စသတ်တော့ တကယ့်
လူဖျင်းလူညံ့ပါလား”

“လင်မယားကြားမှာ ဝင်မပါချင်ပါနဲ့ အန်တီ”

“ပါရမယ်ကျော်စွာမင်း။ ဘာလို့လဲဆိုတော့ လင်းလင်းနွယ်ဟာ
ဒို့သမီးဖြစ်နေလို့ပဲ။ သမီးတယောက်ရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ အမေတယောက်မှာ
တာဝန်ရှိတယ်”

“အန်တီ့သမီးမှာ ဘာအန္တရာယ်မှ ကျရောက်နေတာမဟုတ်ဘူး။ မလိမ္မာလို့၊
လူအရိပ်အကဲနားမလည်လို့ ကျွန်တော်က ဆုံးမနေတာ”

“ဒို့သမီးကို လူရာဝင်အောင် အမေတယောက်အနေနဲ့ ဆုံးမလမ်းညွှန်ခဲ့ပြီးသား။
လူအရိပ်အကဲ ဆိုတာကိုလဲ သူနားလည်တယ်။ သူ့အခွင့်အရေးကိုလဲ သူနားလည်တယ်။
ဧည့်ခံပွဲဆိုတာကို ဘယ်လိုဝတ်စားသွားရမယ်၊ အသုဘဆိုတာကို ဘယ်လို
ဝတ်စားသွားသင့်တယ်ဆိုတာလဲ သူသိတယ်။ အေး- တခုတော့ရှိတယ်။
ကျွန်ခံနည်းကိုတော့ ဒို့မသင်ပေးခဲ့ဖူးဘူး”

“အန်တီက ကျွန်တော့်ကို စော်ကားနေတာလား”

“မင်းအကြောင်းမင်းသိမှာပေါ့။ ကိုယ့်မိန်းမတယောက်ကို သူတပါးရှေ့မှာ
ဒူးတုပ်ခစားဖို့ ကျွန်ဇာတ်သွင်းနေတဲ့ ယောက်ျားမျိုး ဒို့တသက်မှာ ဒီတခါပဲ
တွေ့ဖူးသေးတယ်။ ကိုယ့်မိန်းမကိုယ် မကာကွယ်ပေးနိုင်ပဲ
အိမ်တွင်းအကြမ်းဖက်မှုလုပ်နေတဲ့ ယောကျာ်းတယောက်လက်ထဲမှာ ဒို့သမီးကို
ဘယ်လိုစိတ်ချရမလဲ”

မေမေနဲ့ သူ စကားပြောနေစဉ်မှာ သူမခေါင်းထဲတွင် အတွေးများ
ရှုပ်ယှက်ခတ်နေသည်။ သူ့ကိုချစ်တာမှန်ပေမယ့် ဒီလိုဒဏ်တွေကို သူမမခံနိုင်။
မဆီမဆိုင် သူတပါးအောက်ကျို့နေရသည့် ဘဝကိုလဲ သူမစိတ်ကုန်လှပါပြီ။
ကြီးနိုင်ငယ်ညှဉ်းဖြစ်ရပ်များစွ

ာကိုလဲ သူမတွေ့နေခဲ့ရပြီ။ အထက်လူကြီးကတော်
ခြေသလုံးကို နှိပ်ပေးရတဲ့အကြိမ်များလဲ မနည်းတော့။ ယောက်ျားများ
အလုပ်သွားနေစဉ်၊ အရာရှိငယ်မိန်းမများကို အိမ်ခေါ်ပြီး
ညစ်ညမ်းခွေများပြနေသည့် လူကြီးကတော်ကလဲ ရှိသေးသည်။ စကော့ဈေးခေါ်သွားပြီး
သူတို့ စမောလေးများနှင့် ချိန်းတွေ့သည်ကို မဆီမဆိုင်
အဖော်လိုက်ပေးရသည်ကလဲ ရှိသေးသည်။ အထက်ကိုဖားပြီး အောက်ကိုဖိရသည်ကိုလဲ
ရွံ့မုန်းလှပြီ။ သူမတသက်လုံး အိမ်ဖော်တွေရဲ့ ကြီးလှခဲ့တာဆိုပေမယ့်
ပိုက်ဆံပေးပြီး အကူအညီ ခေါ်ထားခဲ့ခြင်းသာဖြစ်သည်။ အခုကျတော့
သူတို့ယောက်ျား စစ်သားဖြစ်တာနဲ့ပဲ တပ်ကြပ်ကြီးအိမ်က ခေါ်ခိုင်းလိုက်၊
အရာခံဗိုလ်အိမ်ကခေါ်ခိုင်းလိုက်၊ အရာရှိအိမ်က ခေါ်ခိုင်းလိုက်လုပ်တာကို
ခံနေကြရရှာသည်။ လက်အောက်က စစ်သားမိန်းမများ ဘဝကိုလဲ သနားလှသည်။

“ကျွန်မတခုပြောမယ်ကိုကို။ ထမင်းတလုတ်ရှာစားဖို့ဆိုတာ မခက်ခဲပါဘူး။
ကိုကိုတပ်ကနေ ထွက်လိုက်ပါ။ ကျွန်ခံပြီး စားရတဲ့ ထမင်းကို
မက်မနေစမ်းပါနဲ့”

“မင်းပါးစပ်ပိတ်ထားလို့ ငါပြောနေတယ်နော်။ ကဲ-အန်တီ။
မြန်မြန်ပြန်ပါတော့ဗျာ။ ကျွန်တော်တို့ လင်မယားချင်းကိစ္စ
အချင်းချင်းရှင်းပါရစေ”

“ဆောရီးပဲ။ မောင်ကျော်စွာမင်း။ မင်းလိုလူတယောက် လက်ထဲမှာ ဒို့သမီးကို
ထားခဲ့ဖို့ ဒို့စိတ်မချဘူး။ သမီး -လာ။ မေမေနဲ့လိုက်ခဲ့”

မေမေ့ခေါ်သံအဆုံးမှာ သူမအခန်းထဲဝင်ပြီး ပစ္စည်းသိမ်းမိခဲ့တော့သည်။
လွတ်လပ်သော မိသားစုဘဝလေးကိုသာ သူမလိုချင်ခဲ့ခြင်းဖြစ်ပါသည်။
အိမ်ထောင်လေးတခါပြုမိကာမှ အိမ်ထောင်သည် ယောက်ျားကိုသာမက ရှိသမျှ
လူအားလုံးရဲ့ ကျွန်သဘောက်ဖြစ်နေခဲ့ရသည်ကို သူမဘဝင်မကျပါ။ မရီမပြုံးချင်ပဲ
ဟန်ဆောင်ပြုံးပြနေရသည့် ဘဝတွေကိုလဲ သူမငြီးငွေ့လှပြီ။

(၄)

၂၀၀ရ ခုနှစ်၊ စက်တင်ဘာလ။

သန်လျင်တဘက်ကမ်း။

ဒေါ်အေးစိန်တယောက် ဘုရားရှိခိုးပြီး မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်နေမိသည်။
တာဝန်ထမ်းဆောင်နေသော သားလေးဘေးအန္တရာယ်ကင်းဝေးဖို့ကိုလည်း
ဆုတောင်းနေမိသည်။ သားလေးတပ်က ရန်ကုန်မှာဆိုပေမယ့်၊ မိသားစုအိမ်လေးကို
မခွာရက်တာကြောင့် သားလေးနှင့် သွားမနေဖြစ်ပါ။ တလတခါ ရောက်ရောက်လာတဲ့
သားလေးနဲ့ ချွေးမကိုပဲ အိမ်ကနေ စောင့်စားတွေ့ရတော့သည်။ အခုတလောတော့
ဘာဖြစ်တယ်မသိ။ လူတွေပေါ်မလာပဲ ငွေပဲ ရောက်ရောက်လာတတ်သည်။ နေထိုင်ပဲ
မကောင်းလို့လား။

“ဒေါ်ကြီးစိန်ရေ။”

ရပ်ကွက်ထဲက မောင်အေးအိမ်ပေါ်တက်လာတာကြောင့် ဧည့်ဝတ်ပြုရသည်။ ဒီသူငယ်လေးက
ရပ်ကွက်ထဲက လူမှုရေးကိစ္စမှန်သမျှ တက်တက်ကြွကြွပါဝင်တတ်သည်။ သူမကိုလဲ
အသက်ကြီးအမယ်အိုဆိုပြီး စောင့်ရှောက်ပေးသည်။ အင်တာနက်ဆိုလား၊
ဘာဆိုလားတော့မသိ။ ကော်ဖီဆိုင်လို့တော့ ကြားဖူးသည်။ အဲဒီဆိုင်ကြီးကိုလဲ
ဖွင့်ထားသေးသည်။

“ဒေါ်ကြီးရယ်။ ဒေါ်ကြီးသား၊ ကိုကျော်လုပ်ရက်တယ်ဗျာ”

“ဟေ”

သားအသံကြားတော့ သူမသေချာနားစွင့်မိသည်။ မောင်အေးမျက်လုံးမှာ
မျက်ရည်စတွေကို တွေ့လိုက်ရတာကြောင့် စိတ်ထဲမကောင်းဖြစ်သွားသည်။
ဘာများဖြစ်လို့ပါလိမ့်။

“ဘာဖြစ်လို့လဲကွယ်။ ဒေါ်ကြီးကို သေချာပြောပြမှပေါ့”

“အခုတလော ရန်ကုန်မှာ ဘုန်းကြီးတွေ မေတ္တာပို့ ဆုတောင်းပွဲတွေ
လုပ်ကြတယ်ဒေါ်ကြီး။ မြန်မာပြည်ကြီး ငြိမ်းချမ်းသာယာဖို့အတွက်
လမ်းလျှောက်ပြီး မေတ္တာပို့ကြတာ။ အဲဒါဗျာ။ ဟိုနေ့က ရွှေတိဂုံဘုရားပေါ်မှာ
မေတ္တာပို့ဝတ်ပြုနေတဲ့ ဘုန်းကြီးတွေကို ခေါင်းရိုက်ခွဲပြီး သတ်ကြတယ်။
သံဃာတော်အများကြီးကိုလဲ စစ်ကားကြီးတွေနဲ့ ဖမ်းခေါ်ကြတယ်။ လမ်းပေါ်မှာလဲ
လူတွေနဲ့ သံဃာတွေနဲ့ကို သေနတ်တွေနဲ့ပစ်၊ ဒုတ်တွေနဲ့ရိုက်ကြတယ်”

” အို-ဘုရား။ ဘုရား။ မကြားရက်စရာတွေ။ ဗုဒ္ဓဘာသာတိုင်းပြည်မှာ
ဒီလိုတွေဖြစ်နေတယ်ဟုတ်လား။ ရွှေတိဂုံဘုရားပေါ်မှာ ဝတ်ပြုနေတဲ့ သံဃာကို
ခေါင်းရိုက်ခွဲသတ်တယ်၊ ဟုတ်လား။ တိရစာ္ဆန်တွေ၊ လူစင်စစ်က
ပြိတ္တာဖြစ်မယ့်ဟာတွေ”

“ဟုတ်တယ်ဒေါ်ကြီးရယ်။ ကြားရတဲ့လူတိုင်းလဲ ငိုယိုမျက်ရည်ကျနေကြရတယ်။
လူမဆန်ဘူးဗျာ။ လူတွေမဟုတ်ဘူး။ ပိုပြီးဆိုးတာက။ ဒီမှာကြည့်ပါဦးဒေါ်ကြီးရာ။
အင်တာနက်မှာ ပါလာတဲ့ဓာတ်ပုံ။ အဲဒါတွေကို စီစဉ်ကွပ်ကဲနေတဲ့ စစ်ဗိုလ်က
ကိုကျော်မှကိုကျော်အစစ်ဗျ။ ဒေါ်ကြီးသားကိုကျော်ဗျ”

မယုံနိုင်စရာ ပုံရိပ်ကိုကြည့်ရင်း သူမကြက်သေသေသွားသည်။ ဒါဟာ
သူမမွေးထုတ်ခဲ့တဲ့ သားတဲ့။ ဒါဟာ သူမအကြော်ဆီပူအိုးဘေးမှာ
နှစ်ပေါင်းများစွာ အပူခံပြီး ပညာသင်ပေးခဲ့တဲ့ သားတဲ့။ ဒါဟာ
ဘုရားသားတော်တွေကို စော်ကားသတ်ဖြတ်နေတဲ့သားတဲ့။ ဘုရား။ ဘုရား။

ဘုရားစင်ရှေ့သို့ သူမပြေးသွားလိုက်သည်။

“အရှင်ဘုရား။ ဒီလိုသားဆိုးသားမိုက်ကို လူလားမြောက်စေခဲ့တဲ့ တပည့်တော်မကို
ခွင့်လွှတ်ပါဘုရား”

(၅)

(၂၀၀၇) အောက်တိုဘာလ။

စင်ကာပူနိုင်ငံ။

မွေးဖွားပြီး ဆေးရုံမှဆင်းလာကာစမို့ သူမတကိုယ်လုံးနွမ်းနယ်နေသည်။
ကိုကိုနဲ့ လမ်းခွဲခဲ့စဉ်ကတည်းက သူမဆီမှာက ကိုကို့ကိုယ်ဝန်ပါလာခဲ့သည်။
သမီးကို အင်မတန်ချစ်တာမို့ မေမေက စင်ကာပူအထိ တကူးတက ခေါ်လာပြီး
မွေးဖွားပေးခဲ့သည်။ သားလေးကိုတွေ့တော့ ကိုကို့ကို သတိရသွားသည်။
ဘာပဲဖြစ်ဖြစ် ဓာတ်ပုံလေးတော့ ပို့ပေးဦးမှ။ သားလေးကိုုမြင်ရင်
ကိုကို့စိတ်တွေပြောင်းလာမှာပါ။ တပ်ထဲက ထွက်လာပြီး၊ သူမတို့မိသားစုနဲ့
နေချင်လာမှာပါ လို့ တွေးလိုက်မိသည်။

“သမီးအွန်လိုင်းတက်လိုက်ဦးမယ်နော်မေမေ”

သူမကပြောတော့ မေမေက အလိုက်တသိပဲ သားငယ်လေးကို လာချီပေးသည်။
ကံအကြောင်းမလှသော သမီးလေးကို မေမေက အစွမ်းကုန်အလိုလိုက်လေသည်။

သူမအီးမေးလ်ထဲသို့ မဝင်စဖူး အီးမေးလ်တွေ အများကြီးရောက်နေတာကြောင့်
အံ့ဩသွားမိသည်။ ဘာတွေများ ဖြစ်နေသလဲ။ သိပ်မကြာလိုက်ပါ။ အခြေအနေတွေကို
သူမသတိပြုမိသွားတော့သည်။ မြန်မာတွေ ဘာလို့ ဒီလောက် အီးမေးလ်တွေ forward
လိုက်လုပ်နေကြသလဲဆိုတာလဲ ရိပ်မိသွားသည်။ ယုတ်မာလိုက်ကြတာ။
မိုက်ရိုင်းလိုက်ကြတာ။ သူမရင်ထဲက မခံချင်စိတ်များသည်
နောက်ထပ်အီးမေးလ်တစောင်ကို ဖွင့်ကြည့်မိသည့် အချိန်မှာတော့ အဆုံးစွန်သို့
ရောက်သွားတော့သည်။

“တိရစာ္ဆန်ကောင်။ တိရစာ္ဆန်။ အဲလိုလူမျိုးဟာ ငါ့ယောက်ျားတဲ့လား။ ငါ့သားရဲ့ အဖေတဲ့လား”

သူမအသံ ဘယ်လောက်ကြာသွားသည်မသိ။ မေမေက ပျာပျာယာယာနဲ့ သူမအနီးသို့ရောက်လာသည်။

“မေမေရယ်။ သူ-”

ဘာမှဆက်မပြောနိုင်တော့ပဲ လည်ချောင်းထဲတွင် တစ်စို့စို့ဖြစ်နေသည်။
မျက်ရည်များက အလိုလို လိမ့်ဆင်းကျလာသည်။

မေမေက သူမခေါင်းအား ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“မေမေသိပြီးပါပြီသမီးလေးရယ်။ မေမေအားလုံးကို မြင်တွေ့ခဲ့ပြီးပါပြီ။
ဆေးရုံမှာတုန်းက သမီးလေးကို တမင်ပြောမပြခဲ့တာပါ”

“မေမေရယ်။ သားလေးက သူ့ရဲ့ရင်သွေးတဲ့။ သမီးဘယ်လို—-”

သူမရဲ့ နှုတ်ခမ်းကို မေမေက လက်ချောင်းလေးများဖြင့် အုပ်ကာလိုက်သည်။

“အဲလိုမပြောပါနဲ့ သမီး။ ကလေးလေးမှာ ဘာအပြစ်မှမရှိပါဘူး။ တကယ်တော့
သားသမီးတွေဟာ သူတို့မိဘကို ရွေးချယ်ပိုင်ခွင့် အခွင့်အရေးတွေ
မရှိကြရှာပါဘူး။ သိပ်သနားဖို့ကောင်းတဲ့ ကလေးလေးတွေပါ။
လူဖြစ်မယ်မကြံသေးဘူး။ မိဘရဲ့ ဆိုးမွေ၊ ကောင်းမွေကို ခံကြရရှာတာပါ။
လောကမှာ ယုတ်မာမိုက်ရိုင်းတဲ့ ဖခင်က မွေးလာတဲ့ ကလေးလေးတွေအားလုံး
ဖအေတူဖြစ်လာမယ်ဆိုတဲ့ နိယာမမရှိပါဘူး သမီးရယ်။ မောင်ကျော်စွာမင်းရဲ့
ဖခင်ဟာ လူကောင်းလား၊ လူဆိုးလား မေမေတို့ ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့်
သူ့ကိုဒီလိုဖြစ်အောင် လုပ်ခဲ့တာဟာ သူ့မိဘမဟုတ်ဘူးသမီး။ စနစ်လေ။ သူဟာ
စနစ်ရဲ့ သားကောင်ဘဝ၊ စစ်ကျွန်ဘဝကို သွတ်သွင်းခံလိုက်ရတာပါ။ သူ့မိဘနဲ့
မဆိုင်ပါဘူး။ ဒီလိုပဲ အခုသမီးရဲ့သားလေး၊ မေမေ့ရဲ့ မြေးလေးဟာလဲ
သူ့အဖေလိုပဲ ဖြစ်လာမယ်လို့ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲကွယ်။ ဒါမျိုးတွေ
မတွေးပါနဲ့ သမီးရယ်။ မြေးလေးကို သူ့အဖေရဲ့ အရိပ်မည်းတွေ မရှိတဲ့နေရာမှာ
ပြုစုပျိုးထောင်ပေးကြရမယ်။ မေမေ့မြေးလေး တသက်လုံး စစ်ကျွန်မဖြစ်စေရဘူး။
သမီးနားလည်တယ်နော်”

မေမေ့စကားသံအဆုံးမှာပဲ အခန်းထဲက သားလေးငိုသံကြားတော့ သူမအပြေးအလွှား
သွားရောက်ပွေ့ချီမိလေသည်။ သားလေးကို ချီထားရင်း သူမပြောမိတဲ့စကားက

“မေမေ့သားလေးဘယ်တော့မှ စစ်ကျွန်မဖြစ်စေရဘူး” ဟူသတည်း။

—————–
ဖြစ်ရပ်မှန်ဝတ္ထုလေးပါ။

စာရေးသူမမှတ်မိတော့ပါ စာရေးတောင်းပန်ပါတယ်

9 comments

  • bigcat

    August 7, 2010 at 5:41 am

    What can we expect from fascist army?

    • windtalker

      September 25, 2011 at 6:02 pm

      ဖတ်လို ့ကောင်းလိုက်တာဗျာ
      လုံးဝ ရသဝတ္ထုတိုလေး တစ်ပုဒ်ပါပဲ

  • intro

    August 7, 2010 at 11:59 am

    တော်တော့ကိုအရေးအသားကောင်းတဲ့ Post ပါဗျာ… ဖတ်ပြီးတော့ တော်တော် ခံစားရပါတယ်။

  • naywoonni

    October 26, 2010 at 4:23 pm

    ကျွန်တော်လည်းတွေ့ဖူးတယ်
    ကျွန်တော်တွေ့တဲ့စာကလည်းရေးသူမပါဘူးဗျ

  • chitsu

    September 25, 2011 at 2:22 pm

    ဖတ်ရတာစိတ်မကောင်းပါဘူး

  • manawphyulay

    September 25, 2011 at 2:42 pm

    ဪ… ဘာလိုလိုနဲ့…စက်တင်ဘာကို ပြန်ရောက်လာပြန်ပြီနော်… အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပါပဲ… ခုထိလည်း မြင်ယောင်နေဆဲ……………..

  • မောင်တုတ် ကြီး

    September 25, 2011 at 9:52 pm

    နာကျဉ်းရုံထက်ပိုသွားပီဆိုတော့ကျနော်လဲမပြောပြတတ်တော့ပါဘူး။

  • nigimi77

    September 25, 2011 at 10:42 pm

    Cobra ရေ။

    စိတ်မရှိပါနဲ ့။ လန်ကျုတ် ဇာတ်လမ်းတစ်ပုဒ်လို ့ပဲမြင်ပါတယ်။

    ကျုပ်တို ့နိုင်ငံမှာ ပုံပြင်ပေါင်းများစွာ ပေါ်ထွက်ခဲ့တယ်။ ဒါပေမဲ့ မှန်ကန်တဲ့ ပုံပြင် ဇာတ်လမ်းတွေ

    မရှိလာခဲ့ဘူး။ တကွက်ရှို တွေများတယ်ဗျာ။

    ကျုပ် အမြင် ပြောမယ်။ မုန်းတီးစေအောင် လှုုံဆော်ရင် သိစိတ်ကတော့ မုန်းတီးသွားမယ်။

    မသိစိတ်ကတော့နှစ်ချိုက်နေကြဦးမှာပဲ ။ ဘာကြောင့်လဲ သိလား ????

    မြန်မာနိုင်ငံသားတွေ ဖြစ်လို ့ပဲ။ အများစုပေါ့။

Leave a Reply