သုခရိပ်မြုံ။
မင်္ဂလာပါ ။
မန်းဂေဇက်ရွာသားများ ကျန်းမာတော်မူကြရဲ့နော်။
မနေ့က သုခရိပ်မြုံရောက်ခဲ့တာလေး မျှဝေချင်တာနဲ့ ရေးလိုက်ရပါတယ်။
မိတ်ဆွေမိသားစု က ဖိတ်လို့ သုခရိပ်မြုံကို ရောက်ခဲ့ပါတယ်။
နေရာကတော့ ရန်ကုန်မြို့ အရှေ့ဒဂုံမြို့သစ် ၁၁ ရပ်ကွက် တပင်ရွှေထီးလမ်း အမှတ် ၉၇၉/ ၉၈၂ မှာပါ။
ခုခံအားကျဆင်းရောဂါရှိတဲ့ မိဘတွေက မွေးဖွားလာတဲ့ ကလေးငယ်လေးတွေ အငယ်ဆုံး တစ်နှစ်ခွဲ ၊ နှစ် နှစ် ကနေ အကြီးဆုံး အထက်တန်းကျောင်းသားအထိ အသက်အရွယ်စုံ မိန်းကလေး၊ယောက်ျားလေး စုစုပေါင်း ၁၁၁ ယောက်ရှိပါတယ်။
သူတို့ကို ကျွေးမွေးပြုစုစောင့်ရှောက်နေတဲ့ ဝန်ထမ်းအင်အားက ၃၅ ယောက်ပါ။
လစဉ်အလှူရှင်တွေ ရှိသလို စေတနာအလျှောက် လာရောက် လှူဒါန်းသူတွေကလည်း လှူဒါန်းကြပါတယ်။
ဒီလူမမယ် ကလေး တွေကနေ ဆယ်ကျော်သက် အရွယ်ထိ စောင့်ရှောက်ထိမ်းသိမ်းရတာ လွယ်မယ့် ကိစ္စတော့ မဟုတ်ပါဘူး။
သူတို့တွေအတွက် အဓိက ကတော့ ကျန်းမာရေးပါပဲ။ မိဘ ဆီက ပါလာတဲ့ အမွေ က သူတို့လေးတွေရဲ့ သွေးထဲမှာရှိနေတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုက ပိုလို့ ဂရုစိုက်ရပါတယ်။
ပညာရေး အတွက် ကျောင်းထားပေးရပါတယ်။
ကျောင်းမနေနိုင်သေးတဲ့ အရွယ်တွေကိုတော့ သုခရိပ်မြုံမှာပဲ မူကြိုပေါ့။
သူတို့လေးတွေကို ပြုစုကျွေးမွေးစောင့်ရှောက်သူတွေရဲ့ နွေးထွေးမှုကလည်း မြင်ရသူကိုပါ စိတ်ချမ်းသာစေပါတယ်။
ဘဝပေး ကံက မလှပ ပေမယ့် မေတ္တာထားသူတွေနဲ့တွေ့တဲ့အခါမှာတော့ သူတို့ဘဝလေးတွေ လုံခြုံမှု စိတ်ချမ်းသာမှု နွေးထွေးမှု အားကိုးရာရမှုဆိုတဲ့ စိတ်ရဲ့ လိုအပ်ချက်တွေအပြင် ဆာလောင်မွတ်သိပ်မှု တွေ ကင်းဝေး ၊ နာမကျန်းဖြစ်မှုတွေ ကို သက်သာစေ ပြီး ကိုယ့်အိမ်ကိုယ့်ယာ လို နေထိုင်နိုင်မှုဆိုတဲ့ ခန္ဒာကိုယ်အတွက် လိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးတာ ခံကြရတော့ သူတို့ရဲ့မျက်နှာပေါ်မှာ စိတ်ရွှင်လန်းချမ်းသာမှုတွေကို မြင်တွေ့ ခံစားရပါတယ်။
ဒီလို သုခရိပ်မြုံကို တည်ထောင် တဲ့ သူတွေရဲ့ စေတနာ သဒ္ဒါ စွမ်းအားကိုလည်း လေးစား ကြည်ညိုမိပါတယ်။ သူတို့မှာ ကိုယ်ချင်းစာတရားအင်မတန်မှ ကြီးမားကျယ်ပြန့်တယ်လို့ ခံစားမိပါတယ်။
လူ့လောကထဲကို ရောက်လာပြီး ကိုယ်တိုင်ပြုလုပ်မှုကြောင့်မဟုတ်ပဲ မိဘ များဆီက ပါလာတဲ့ သွေးကြောင့် ခုလို ဖြစ်နေကြရတာတွေ့တော့ ပါမောက္ခချုပ်ဆရာတော်ကြီး ဟောကြားတဲ့ တရားတော်တပုဒ်ထဲက စကားလေး သတိရမိပါတယ်။
လူတွေဟာ ခု ဘဝမှာဖြစ်ကြရတာ အရင်ဘဝက ပြုခဲ့တဲ့ ´ ကံ ကြမ္မာရဲ့ ရုပ်ပုံလွှာများ ´ ကြောင့်ပါတဲ့။
ဒီလို ကံတရားတွေကြောင့် ခံစားနေရပေမယ့် ကိုယ်ချင်းစာစောင့်ရှောက်ပေးတဲ့ မေတ္တာရှင်များကြောင့် သူတို့ ဘဝလေးတွေ သုခရိပ်မြုံမှာ နွေးထွေး လုံခြုံစိတ်ချမ်းသာနေတာတွေ တွေ့ရတော့ မုဒိတာပွါးရပါတယ်။
ဘဝကံ အကျိုးပေး မွဲ ခဲ့ သူလေးတွေ အတွက် ခိုနား လုံခြုံရာ သုခရိပ်မြုံ များ တည်တံ့ကြာရှည် ထောက်ပံ့ နိုင်ပါစေ လို့ …..။
ကြည်ကြည်လွင်
ရန်ကုန်မြို့။
၁၂. ၈ . ၂၀၁၃
6 comments
ဦးကျောက်ခဲ
August 12, 2013 at 12:54 pm
မကြည်ကြည်လွင်ရေ မင်္ဂလာပါ…
ဦးကျောက်တို့ကတော့ ပြင်ပမှာနေရသူမို့ ကိုယ်တိုင်သွားပြီးလှူဖို့ အဆင်မပြေလှဘူး…
ရွာသူရွာသားများ စုပေါင်းဒါနပြုမယ်ဆိုရင်တော့၊ လက်တို့လိုက်ပါဗျို့…
Kyi Lwin
August 12, 2013 at 2:49 pm
ပြန်ရေးပေးတာ ကျေးဇူးတင်ပါတယ်။
ရွာသားအပေါင်း ဝိုင်းဝန်းချင်တယ် ဆိုရင်တော့ ကျွန်မလည်း ပါဝင်ကူညီဆောင်ရွက်ပေးဖို့ ဝန်မလေးပါကြောင်း အသိပေးပါတယ်။
ခင် ခ
August 12, 2013 at 1:44 pm
တစ်ချို့က ကိုယ်တိုင်ဘဲ လှုတယ်။
တစ်ချို့က ကိုယ်တိုင်မလှုပေမယ့် သူများလှုဖို့ တိုက်တွန်းတယ်။
တစ်ချို့က ကိုယ်တိုင်လည်းလှုတယ် သူများလှုဖို့လည်း တိုက်တွန်းတယ်။
တစ်ချို့က ကိုယ်တိုင်လည်းမလှုဘူး သူများလှုတာလည်း အားမပေးဘူး။
အဲလိုမျိုးတွေတွေ့ခဲ့ထဲက နောက်ဆုံးအချက်နဲ့သူတွေကိုတွေ့ရင် စိတ်ထဲသဘောမကျချင်ဘူး။
အခု မကြည်ကြည်လွင်က အဲဒီ နောက်ဆုံးအချက်ထဲမှာမပါလို့ ဝမ်းသာမိပါတယ်ဗျ။ ကျွန်တော်တို့ မန်းမှာလည်း အဲလို ဂေဟာမျိုးရှိပြီး အလျဉ်သင့်သလိုလဲ ပေးဝေမျှဖြစ်တယ်လေ။
TNA
August 12, 2013 at 2:57 pm
သုခရပ်မြုံကတော့ဖြတ်သွားတိုင်းကြည့်မိပါတယ်။ လှုမယ်လှုမယ်နဲ့မလှုဖြစ်ခဲ့ဘူး။ တကယ့်ကိုသနားစရာ ကောင်းတဲ့ကလေးလေးတွေပါ။
အလင်းဆက်
August 13, 2013 at 5:44 pm
စောင့်ရှောက်သူတွေများပါစေ
ဒုက္ခရောက်သူူတွေ နည်းပါစေ
ပိုစ့်လေးအတွက် ကျေးဇူးပါ
သျှားသက်မာန်
August 13, 2013 at 6:40 pm
ဟုတ်ပါတယ်.သူတို့ဘဝလေးတွေကိုစာနာမိပါရဲ့…………..စေတနာသဒ္ဒါတရားရှိကြတဲ့လူတွေရှိနေလို့သာပေါ့..