“အတွေး”
ကျွန်မ ဖေဖေ က စာတွေရေးတယ် ။ နာမည်ရ စာရေးဆရာတစ်ယောက်တော့ မဟုတ်ပါဘူး ။ ဖေဖေ့ အနေ နဲ့ အောင်မြင်မှု လို့ ပြောလို့ရနိုင်တာဆိုလို့…. မြန်မာ့အလင်း သတင်းစာ ဆောင်းပါးကဏ္ဍ မှာ ဖေဖေ့ဆောင်းပါး ဖော်ပြခံရဖူးတာရယ် ၊ မန္တလေးလမ်းညွှန်စာအုပ် ရဲ့ မန္တလေး မိတ်ဆက်ဏ္ဍ မှာ ရေးသားဖူးတာရယ် ၊ ကျွန်မ တို့ မြို့ က ထုတ်တဲ့ ဂျာနယ်တစ်ခုမှာ အခန်းဆက်ဆောင်းပါးတွေ ရေးခဲ့ဖူးတာ ရယ် … ဒီလောက်ပါပဲ။
မနေ့ က ဖေဖေ့ ဝတ္ထုတိုလေးတစ်ပုဒ် မဂ္ဂဇင်းတစ်ခုမှာပါတယ် ။ ဖေဖေ ရေးထားတဲ့ အကြောင်းအရာက ကျွန်မတို့အိမ်ရှေ့ ငှက်လှောင်အိမ်ဟောင်းထဲမှာ လှမ်း ထားတဲ့ ဆိတ်သားခြောက် နှစ်မြှောင်းကို ပုရွက်ဆိတ်နီ တွေ တက်တာကစပါတယ် ။မေမေ က ပုရွက်ဆိတ်တက်နေတဲ့ ဆိတ်သားခြောက်နှစ်မြောင်းကို ထုတ်လို့ မရလို့ဖေဖေ့ကို ထုတ်ခိုင်းတဲ့အကြောင်း ၊ ဖေဖေ က စာဖတ်နေတဲ့အချိန်မို့ စိတ်အနှောင့်ယှက်ဖြစ်သွားတဲ့အကြောင်း ၊ ဘာလို့ ဆိတ်သားခြောက်တွေကို ငှက်လှောင်အိမ်ဟောင်းထဲ ထည့်ရလဲဆိုတော့ အိမ်မှာ ကြောင်လေးတွေမွေးထားတဲ့အကြောင်း…… ၊ ကြောင်မွေးဖြစ်ခဲ့ပုံက အိမ်မှာ ကြွက်တွေသောင်းကျန်းလွန်းလို့ ဖေဖေ က ရုံးမှာပေါက်နေတဲ့ ကြောင်လေးတွေကို အိမ်ကိုခေါ်လာလို့ ကြောင် ၁၂ ကောင်ထိပွားသွားတဲ့အကြောင်း ၊ ကျွန်မ က ကြောင်တွေကို အချစ်ဆုံးမို့ ” ကြောင်များရှင်သခင်မ” လို့ခေါ်ခံရတဲ့အကြောင်း ၊ ကျွန်မတို့ အိမ်ရဲ့ ပထမဆုံး second hand ရေခဲသေတ္တာ ကြီး အိမ်ကို ဘယ်လိုရောက်လာတဲ့အကြောင်း …..အဲလို ပေ့ါ လေ.. အဲဒါ့လေးတွေကိုစုပြီး ဝတ္ထုတိုလေး တစ်ပုဒ်ရေးထားတာပါ ။ ကိုယ့် အဖေ ရေးတာမို့လားတော့ မသိဘူး ဝတ္ထုလေးက တော်တော်ချစ်စရာကောင်းပါတယ် ။ ဆွဲထားပေးတဲ့ ကာတွန်းပုံလေးက လဲ ဝတ္ထုနဲ့လုံးဝကွက်တိပဲ … ဖေဖေက ငှက်လှောင်အိမ်ထဲက ဆိတ်သားခြောက်တွေကို ဆွဲယူထုတ်ဖို့ကြိုးစားနေတယ် ။ မေမေ က ခါးထောက်ပြီး ကျွန်မ ကို ကြိမ်းမောင်းမယ့်ပုံလုပ်နေတယ် ။ ကျွန်မ က ကြောင်လေးတစ်ကောင် ကို ပွေ့ထားပြီး မေမေ့ ကို မရဲတရဲလှည့်ကြည့်နေတယ်။ ကာတွန်းဆရာကတော့ ဝတ္ထုထဲက ဇာတ်ကောင်ကိုသရုပ်ဖော်တာဆိုပေမယ့် ဇာတ်ကောင် က ကျွန်မတို့ သားအမိ သားအဖ သုံးယောက်အကြောင်းရေးထားတာဆိုတော့ ကျွန်မတို့ပုံလေးတွေပေ့ါနော်။ ကာတွန်းဆရာ သိပ်တော်တာပဲ ။ ပုံလေးက အသက်ဝင်တယ်။
မနက်က မေမေ နိုးလာတော့ ” မေမေရေ ဖေဖေ့ဝတ္ထုလေး မဂ္ဂဇင်းမှာပါတယ် ။ ဖတ်ကြည့်ပါဦး။ ရယ်ရတယ်တော့” လို့ ပြောမိတယ် ။ မေမေ က ဖတ်ကြည့်ပြီးတော့ မျက်ရည်ကျ့တယ် ။
ဖေဖေ ရေးထားတာက ဒီ ဆိတ်သားခြောက်လေးနှစ်မြောင်းလောက် ပုရွက်ဆိတ်တက်တာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ပြောနေစရာလားပေ့ါ ။ အလုပ်ရှုပ်ခံပြီး ပုရွက်ဆိတ်တွေခါထုတ်ခိုင်းနေစရာလားပေ့ါ ။ ဒါပေမယ့် အဆုံးသတ်မှာ ရေးထားတာက ကျတော့ “ဝန်ထမ်းတွေပဲမို့လို့ ဖေဖေ ရှာနိုင်သလောက်လေးနဲ့ မိသားစုအတွက် လောက်ငှအောင် မေမေ့ခမျာချွေတာနေရရှာလို့ ၊ ဆိတ်သားခြောက်နှစ်မြောင်းဆိုပေမယ့် လဲ မနက်စာ ပဲပြုတ်ထမင်း နဲ့ ကျွေးဖို့လုပ်နိုင်တာပဲလို့ သူတွေးမိလို့ မေမေ့ အပေါ် စိတ်မတိုတော့ ပဲ ပြုံးမိတဲ့အကြောင်းလေးပါ။ ”
ဒီဝတ္ထုလေးကြောင့် ကျမစိတ်ထဲ အတွေးတွေပွားခဲ့တယ်။ ဖေဖေ ဟာ လဲ ဖေဖေ စွမ်းနိုင်သလောက် ၊ မေမေသည်လည်း မေမေ့ ခွန်အားရှိသလောက် ကျွန်မတို့ မိသားစုလေး အတွက် ကြိုးစားခဲ့ရတာပဲ မဟုတ်လား ။
ပိုက်ဆံတွေ အများကြီး ရှာနိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး မလုပ်ခဲ့ဘဲနဲ့ ဝန်ထမ်းပဲဖြစ်ခဲ့ရလားလို့ ဖေဖေ့ကို အထင်သေးနေစရာမဟုတ်ဘူး ။ ကျမတို့ အတွက် အရာရာတိုင်း ကို ရှေဆုံးက ရင်ဆိုင်ပေးခဲ့ရသူပဲမဟုတ်လား။
တိုက်အိမ်ကြီးနဲ့ မထားနိုင်ရကောင်းလားလို့ ဖေဖေ့ ကို ငြူစူစရာမလိုဘူး ။ အနည်းဆုံး ဝန်ထမ်းအိမ်ရာပဲ ဖြစ်ဖြစ် မိသားစု သိုက်သိုက်ဝန်းဝန်း နေနိုင်ကြတာပဲမဟုတ်လား ။
အဖိုးတန်ကားကြီး ဝယ်မပေးနိုင်ရကောင်းလားလို့ ဖေဖေ့ ကို အပြစ်တင်ဖို့မဟုတ်ဘူး ။ ကိုယ်ပိုင် ဆိုင်ကယ်ကိုယ်စီနဲ့တော့ ကိုယ်လိုရာ ကို သွားနိုင်နေတာပဲမဟုတ်လား ။
နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းတွေ အိမ်မှာမရှိရကောင်းလားလို့ ဖေဖေ့ကို အားမလိုအားမရဖြစ်နေစရာ မလိုဘူး။ ရှိသမျှလေးနဲ့ မိသားစု ပျော်ရွှင်နေရတာပဲမဟုတ်လား။
S4 တွေ ၊ I Phone တွေ ဝယ်မပေးနိုင်ရကောင်းလားလို့ ဖေဖေ့ကို မကျေမနပ်ဖြစ်စရာမဟုတ်ဘူး ။ သားသမီးတွေကို ဦးစားပေးလို့ သူကိုယ်တိုင်တောင် ဖုန်းအစုတ်လေး ကိုင်နေရတာမဟုတ်လား။
ကျွန်မတို့တစ်တွေလဲ လူလားမြောက်ခဲ့ပြီ ။ ဖေဖေကတော့ သူတတ်စွမ်းသမျှ သူ့တာဝန်တွေ ကျေအောင် သားသမီးတွေ အပေါ်ပေးဆပ်သွားတာပဲ ။ ကျမတို့အလှည့်မှာ ကိုယ်စီကိုယ်စီ ကိုယ့်မိဘ အပေါ် ဘယ်လိုတာဝန်ကျေအောင် ပြန်လည် ပြုစုယုယပြီးကျေးဇူးဆပ်မလဲဆိုတာ…. ကျွန်မစဥ်းစားနေမိတယ်။
ရွှေမိုးတိမ်
8 comments
garfield
August 12, 2013 at 11:24 am
ချစ်စရာ့ ဖေဖေပဲ။
ဖေဖေကို ချစ်စနိုးတွေးတတ်တဲ့ အတွေးလေးကလည်း ချစ်စရာလေးပဲ။
ပျော်ရွှင်ပါစေ။ ကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းလေးဖြစ်ပါစေ။
🙂
ရွှေမိုးတိမ်
August 12, 2013 at 11:38 am
အစ်မ ညီမလေးရေးသမျှဖတ်ပေးလို့ ကျေးဇူးများကြီးတင်ပါတယ် 🙂
အာဝါးပေးချင်စိတ်တောင်ပေါက်လာပြီနော် 🙂
အလင်းဆက်
August 12, 2013 at 1:23 pm
အဟိ
မမမိုးတိမ်
သားလည်း မမမိုးတိမ် ရေးတမျှ
ဖတ်ပါတယ်ဂျာ
:kwi:
အောင်ရဲလင်းနဲ့ တူတဲ့ အလင်းဆက်
ဦးကျောက်ခဲ
August 12, 2013 at 11:39 am
အတွေးကောင်း အရေးကောင်းတဲ့ သမီးကောင်းလေး ရွှေမိုးတိမ်…
မိဘ ၂ပါးကို ပြုစု ကျွေးမွေး စောင့်ရှောက်နိုင်ပါစေလို့…
🙂
ရွှေမိုးတိမ်
August 12, 2013 at 11:47 am
ဦးကျောက် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ။ ဝင်ရောက်ဖတ်ရှု့ပေးတာ ကျေးဇူးပါ ။ 🙂
ခင် ခ
August 12, 2013 at 2:44 pm
မိဘတွေဟာ ကိုယ့် သားသမီးကို ဆင်စီးမြင်းရံ ရွှေဘုံပေါ်စံပြီး နေစေချင်ကြတဲ့စိတ်တော့ မိဘတိုင်းမှာရှိ ကြမှာပါ။ အခြေအနေအချိန်အခါအရ ရှိတဲ့အရာ ပိုင်တဲ့ဉ္စာနဲ့ ကောင်းအောင်ထားကြရတာပါ။ ဘယ်လိုဘဲနေနေ မိသားစုဆိုတဲ့ သံဃောဇဉ်နဲ့ ပျော်ရွှင်ဖွယ်ဂေဟာလေးကို မိဘတွေက ဖန်တီးကြပါတယ်။
သူတို့ပျော်စေချင်တဲ့ကိုယ် ပြန်ပြီးပြုစုဖို့အလှည့်ရောက်ရင် မနွဲ့စတမ်း သူတို့ကိုလည်း ပျော်ရွှင်ဖွယ် ရာလေး တွေပေးနိုင်မယ်ဆိုရင်ဖြင့် ပွင့်တူညီမျှပေါ့လေ။
ရွှေမိုးတိမ်
August 13, 2013 at 9:42 am
ဟုတ်တယ်နော် ။ ကိုယ့်မိဘတွေ အသက်ကြီးလာတဲ့အခါ ကိုယ်ငယ်ငယ်က သူတို့ ပြုစုစောင့်ရှောက်ခဲ့သလိုမျိုး သူတို့အပေါ်မှာလဲ ကိုယ်တွေကအချိန်ပေးပြီး ပြုစုရမှာပေ့ါနော်။
kyeemite
August 13, 2013 at 11:46 am
မန်းလေးသူစာရေးကောင်းလေးတစ်ယောက်တိုးလာတာပေါ့
မိဘအပေါ် ပြန်တွေးပေး၊ နားည်ပေးတတ်တာကိုကချစ်စရာပါ..
ဒီစာစုလေးကို ရွှေမိုးတိမ် ရဲ့ဖေဖေသာဖတ်ရရင် ဘယ်လောက့် ပိတိဖြစ်လိမ့်မလဲ…
ကျုပ်လည်း ကျုပ်သမီးတွေ သားတွေရေးတဲ့ ဒီလိုစာစုလေးဖတ်ချင်လိုက်တာဗျာ.. 🙁