လူဖြစ်ရခြင်းရည်ရွယ်ချက်

etoneAugust 2, 20101min1425
လူတိုင်းလူတိုင်းမှာ ရည်ရွယ်ချက်မျိုးစုံ ရှိကြပါတယ်။ တချို့က ကျော်ကြားချင်တယ်.. တချို့က ကြီးပွားချမ်းသာချင်တယ်.. တချို့က အာဏာပါဝါ ကြီးမားချင်ကြပါတယ်။ အမျိုးမျိုး ရှိကြတာပေါ့..။ ဒါပေမယ့် လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကိုတော့ မေ့ထားကြတာများပါတယ်။ လူဖြစ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုတော့ တခါမှ သေချာတိတိကျကျ မတွေးမိကြပါဘူး။ လူဖြစ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကို မေ့နေကြလို့ပဲ လူသားအများစုဟာ ကိုယ့်ကျင့်သီလတွေ ပျက်စီးနေကြရတာပါ။ ကိုယ့်ကျင့်သီလတွေ ပျက်စီးကြလို့ပဲ မလုပ်သင့်တဲ့ အကုသိုလ်တွေလုပ်မိ.. မကြံသင့်တဲ့အတွေးတွေကြံမိနဲ့… နောက်ဆုံးတော့ မဲ့သေတွေ သေကြပြီး အပါယ်လေးပုံမှာ ပလုံစီနေကြရတာပါ။ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်လေးကို သေချာသိသွားရင်တော့ မဟုတ်တာမလုပ်ချင်တော့ပါဘူး။ ကျနော် အခုပြောမှာက လူဖြစ်ရခြင်း ရည်ရွယ်ချက် ဆိုတာပါ…။

လူဖြစ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကဘာလည်း??? လူဖြစ်ရခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ ကုသိုလ်များများလုပ်ပြီးတေ့ာ မဂ်ဖိုလ်နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြဖို့ပါ။ ဒီရည်ရွယ်ချက်ကို လူအများစု ဘာလို့မေ့ကြလဲဆိုတော့ ကာမဂုဏ်အာရုံတွေခံစားပြီးတော့ အဝိဇ္ဇာဆိုတဲ့ အမိုက်မှောင်ထဲကနေ ရုန်းမထွက်နိုင်ကြလို့ပါ။ တကယ်တမ်း လူလာဖြစ်တာဟာ ကုသိုလ်များများစုဖို့ပါ။ ဘာလို့ကုသိုလ်စုဖို့လို့ ပြောရလဲဆိုတော့ လူ့ပြည်ဟာ လမ်းဆုံလို့ပြောလည်း မမှားပါဘူး။ ကုသိုလ်တွေစုပြီးတော့ ကောင်းရာသုဂတိ သွားဖို့လမ်းရှိသလို.. အကုသိုလ်တွေလုပ်ပြီးတော့ အပါယ်လေးဘုံကို ဆင်းမဲ့လမ်းလည်းရှိပါတယ်။ ဥပမာ.. နတ်ပြည်ဆိုရင် ကုသိုလ်များများစုလို့ မရနိုင်တဲ့နေရာပါ..။ နတ်တွေခံစားရတဲ့ ကာမဂုဏ်အာရုံတွေဟာ အင်မတန်ကောင်းတဲ့အတွက် ဘာကုသိုလ်မှ မလုပ်နိုင်ပါဘူး။ ကုသိုလ်တရားလုပ်ဖို့ လုံးဝမလွယ်နိုင်ပါဘူး။ ကျနော်တို့လူ့ပြည်နဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ လူ့ပြည်မှာ ဘာမှမဟုတ်တဲ့ အာရုံ(၆)ပါးတွေနဲ့ ပျော်မွေ့နေပြီးတော့တောင်မှ ကုသိုလ်တွေလုပ်ဖို့ မေ့နေကြတယ်ဆိုရင်.. နတ်ပြည်မှာ မလုပ်နိုင်ဘူး ဆိုတာကိုတော့ စဉ်းစားလို့ ရလောက်ပါပြီ။ နောက်ပြီးတော့ အပါယ်လေးဘုံ.. ဒါကတော့ အထွေအထူးတွေးစရာတော့ မရှိပါဘူး။ အချိန်တိုင်းမှာ ချမ်းသာမရှိ ဆင်းရဲအတိနဲ့ ဒုက္ခဝေဒနာ ခံစားနေရတဲ့ဘုံပါ။ ဘာဆိုဘာမှလုပ်လို့ မရနိုင်တဲ့နေရာပါ။ ကိုယ်လုပ်ခဲ့တဲ့ ကိုယ့်ရဲ့အကုသိုလ်တွေကို ခန္ဓာနဲ့ရင်းပြီး ပြန်ပေးဆပ်နေရတဲ့ဘုံပါ။ ဒါ့ကြောင့် တခြားဘုံတွေနဲ့ယှဉ်ပြီးတော့ လူ့ဘုံကို လမ်းဆုံလို့ ပြောရတာပါ..။

လူအများစုဘာလို့ လူဖြစ်ရခြင်းရည်ရွယ်ချက်တွေမေ့ပြီးတော့ ကုသိုလ်တွေဘာလို့မလုုပ်ကြသလဲ?? အဓိက အကြောင်းအရင်းကတော့ သေခြင်းတရားကို မေ့နေကြလို့ပါ။ ငါမသေသေးပါဘူး.. ငါမသေသေးပါဘူးလို့ ထင်နေကြလို့ ကုသိုလ်တွေ မလုပ်ဖြစ်ကြတာပါ။ ပြီးတေ့ာ လူ့သက်တမ်း (၁၀၀) ကိုအရှည်ကြီးထင်ပြီးတော့ အချိန်တွေ ဖြုန်းနေကြတဲ့အတွက်လည်း မေ့နေကြရတာပါ။ လူ့ဘဝသက်တမ်းဟာ တိုတိုလေးပါ။ ဘယ်လောက် တိုသလဲဆိုရင် လူ့ပြည်မှာနေရတဲ့ နှစ်(၁၀၀)ဟာ တာဝတိ ံသာနတ်ပြည်မှာ တစ်ရက်ပဲ ကြာပါတယ်။ ဒါကိုပဲ အကြာကြီးတွေထင်ပြီးတော့ အကုသိုလ်တွေလုပ် ကာမဂုဏ်အာရုံတွေခံစား သေတော့ အပါယ်သွားကြရတာပါ။ ဆရာတော်ရှင်ဇဝန ဟောပြဆုံးမတဲ့စကားလေးတစ်ခု အမှတ်ရမိပါတယ်..။ ဆရာတော်ဆုံးမထားတာက ပညာမဲ့ပုဂ္ဂိုလ်သည် ရလာသောလူ့ဘဝခန္ဓာကိုယ်ကို ကာမဂုဏ်အာရုံ ခံစားပြီးတော့ အပါယ်လေးပါးသို့ သွားသည်.. ပညာရှိပုဂ္ဂိုလ်သည် ရလာသောလူ့ဘဝခန္ဓာကိုယ်ကို ကုသိုလ်ရဖို့.. မဂ်ဖိုလ်ရဖို့အတွက် အသုံးချပြီးတော့ နိဗ္ဗာန်သို့သွားသည် တဲ့။ ဟုတ်ပါတယ်.. ကျနော်တို့တွေဟာ တကယ်တော့ ခန္ဓာဆိုတဲ့အရာကြီးကို ကုသိုလ်ဆိုတဲ့ပိုက်ဆံနဲ့ ပေးဝယ်ပြီးတော့ ခဏလေး ရထားကြတာပါ။ ဒီရလာတဲ့ခန္ဓာကြီးကို အရင်းပြုပြီးတော့ ကုသိုလ်တွေများအောင်စုပြီး မဂ်ဖိုလ် နိဗ္ဗာန်ကိုတက်လှမ်းမှသာ ကိုယ့်အတွက် အမြတ်ကျန်မှာပါ။ ဒါမှမဟုတ်ရင်တော့.. ကိုယ့်မှာ အမြတ်ရဖို့နေနေသာသာ အရင်းပါရှုံးပြီးတော့ ရှုုံးတဲ့အကြွေးတွေကိုပါ အပါယ်လေးဘုံမှာသွားပြီးတော့ ခန္ဓာနဲ့ ထပ်ပြီးဆပ်နေကြရဦးမှာပါ။ ဒါ့ကြောင့် အရင်းမရှုံးပဲနဲ့ အမြတ်များများရပြီး နိဗ္ဗာန်ချမ်းသာကို တက်လှမ်းနိုင်ဖို့လိုပါတယ်။

လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကိုမေ့ပြီး လောကီအလုပ်တွေလုပ်.. ပြီးတော့ အမြတ်မရအရင်းပါရှုံးပြီး အပါယ်လေးဘုံကို သွားရတဲ့အကြောင်းလေးတစ်ခု ပြောပြချင်ပါတယ်။ ဆရာဝန်လင်မယား နှစ်ယောက်အကြောင်းပါ…။ ဆရာဝန်လင်မယား နှစ်ယောက်ဟာ နိုင်ငံရပ်ခြားကိုသွားပြီးတော့ အလုပ်လုပ်ကြပါတယ်။ သူတို့အလုပ်လုပ်ပြီးတော့ စုခဲ့တာ ဒေါ်လာတွေ သောင်းနဲ့ချီပြီး ရလာပါတယ်။ ပြီးတော့ မြန်မာနိုင်ငံပြန်လာပြီးတော့ ကာမဂုဏ်အာရုံတွေ ခံစားမယ်ဆိုပြီးတော့ ပြန်လာကြတာ။ ပြန်လည်းရောက်ရော သိတ်မကြာလိုက်ပါဘူး.. ဝယ်ထားတဲ့ အိမ်အသစ် ပေါ်မှာတောင် တက်မနေလိုက်ရသေးဘူး.. ယောက်ျားက ဦးနှောက်သွေးကြောပြတ်ပြီးတော့ သေပါတယ်။ ယောက်ျားသေတာကြည့်ပြီး မိန်းမက သံဝေဂ ရမယ်မရှိပါဘူး.. နှလုံးရောရပြီးတော့ သိတ်မကြာခင်မှာပဲ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားပါတယ်။ ဒါကိုကြည့်ပြီး သံဝေဂရမိပါတယ်။ သူတို့ရထားတာဒေါက်တာဘွဲ့ပါ..။ ဒါပေမယ့် လောကုတ္တရာအသိတရား ဘာမှမသိ လူဖြစ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကိုမေ့.. ပြီးတော့ ကာမဂုဏ်အာရုံတွေ ခံစားရတာကို လူဖြစ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်တွေထင်ပြီးတော့ ငွေတွေများများရဖို့ပဲ စဉ်းစားတွေးတောကြတဲ့ အတွက်ကြောင့်.. အမြတ်ရဖို့နေနေသာသာ အရင်းပါရှုံးပြီးတော့ အပါယ်လေးဘုံကို ရောက်သွားကြရတာပါ။

ကျနော်အထက်မှာ ပြောခဲ့တာတွေအားလုံးဟာ လူ့ဘဝရဲ့တန်ဖိုးကိုနားလည်ပြီးတော့ ကုသိုလ်တွေများများစုပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြဖို့ပါ။ လောကီအလုပ်တွေလုပ်နေရင်းနဲ့ ကုသိုလ်လုပ်ဖို့ မမေ့ဖို့ပါ။ ကုသိုလ်လုပ်ဖို့ မေ့နေတယ်ဆိုတာဟာလည်း လူဖြစ်ရတဲ့ရည်ရွယ်ချက်ကို မေ့နေတာပါ။ လူဖြစ်ရတဲ့ ရည်ရွယ်ချက်ကို မေ့နေရင်တော့ လူမဖြစ်မဲ့နေရာကို သွားချင်နေတယ်လို့ပဲ မှတ်လိုက်ပါ။ ဒါ့ကြောင့် သေဖို့အတွက် ပြင်ဆင်ပြီးပြီလားဆိုတာကို ကိုယ့်ကိုကိုယ်အမြဲတမ်းမေးနေပြီးတော့ အချိန်တိုင်းလိုလိုမှာ လူဖြစ်လာတဲ့ အဓိကအကြောင်းအရင်းကိုမမေ့ပဲနဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို တန်ဖိုးရှိအောင် အသုံးချတတ်ဖို့ပါ။ သေမင်းမလာခင် သေမင်းကိုကြောက်နေရမှာ မဟုတ်ပါဘူး။ သေမင်း ဘယ်အချိန်ခေါ်ခေါ် အဆင်သင့်ဖြစ်နေဖို့.. ပြီးတော့ ပြုံးပြုံးလေး သေသွားတတ်ဖို့ကို ရည်ရွယ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး နောက်ဆုံးမှာသွားတဲ့ မမေ့မလျော့်မပေါ့မဆမြဲမြံတဲ့သတိတရားဖြင့် ကိုယ်စီကိုယ်င ပြည်စုံအောင် ကြိုးစားကြရင်း လူဖြစ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်ကိုသေချာသိပြီးတော့ မဂ်ဖိုလ်နိဗ္ဗာန်ကို တက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရေးသားလိုက်ရပါတယ်။

စာရေးသူ။ မောင်ကောင်း
to visit: http://www.dhammamittar.com/2009/03/blog-post_20.html

5 comments

  • လင်းဝေကျော်

    August 2, 2010 at 10:30 am

    သာဓုပါ ကျောင်းအစ်မ ရေ။
    တရားရေအေး အမြိုက်ဆေးလေးပါတိုက်ကျွေးပါ။
    ဘယ်သို့ဘယ်ပုံ ရှုမှတ်ရမည်။ ဘာကြောင့် တပ်မက်မှုနောက်ကို လိုက်မနေသင့်သည်။ ရှင်းလင်းချက်လေး ထည့်မှပေါ့။

    ဒီလို စာမျိုးမှာ ကွန်မင့် ပေးမယ့်သူတော့ မရှိသလောက်ဖြစ်နေပြီ။

    • True Faith

      August 2, 2010 at 1:26 pm

      စာရေးသူကို မောင်ကောင်းလို့ဖော်ပြထားပေမယ့် ကိုလင်းဝေကျော်က ကျောင်းအစ်မလို့ သာဓုခေါ်တာကတော့ အနည်းငယ် ထူးဆန်းတယ်ထင်မိပါတယ်။ လင်းစမ်းပါဦးဗျ။ ဘာကြောင့် ကျောင်းအစ်မခေါ်ရသလဲ။

  • kopauk mandalay

    August 2, 2010 at 3:47 pm

    သိတော့လဲသိတယ် လုပ်လဲမလုပ်ဖြစ်ဘူး
    လုပ်တော့မယ်လို့ စိတ်ကူးလိုက်တယ် ဆုံးဖြတ်ချက်က မခိုင်မာတော့
    မလုပ်ဖြစ်ပြန်ဘူး။
    ဘာလို့လဲဆိုတော့ ကျနော်က သာမန်လူတစ်ယောက်ဖြစ်နေလို့ပါဘဲ

  • char too lan

    August 3, 2010 at 3:21 am

    -သိတာကိုသိတဲ့အတိုင်းမလုပ်နိုင်ရင် အဲဒါတကယ်မသိသေးတာပဲ။
    -နေရတဲ့ရက်တွေများနေလို ့သေရမယ့်တစ်ရက်ကိုမေ့နေကြတယ်။
    ဆရာတော်တွေရဲ ့ဆုံးမစာပါ သိထားရင်တော်ရုံတန်ရုံလောက်တော့
    နားလည်လာကြမှာပါ………

  • sususan

    August 3, 2010 at 1:43 pm

    မောင်ကောင်းရေးတာကောင်းပါတယ်။ လူတွေမေ့နေကြတာလေ..
    နောက်လူတွေပြိုင်နေကြတာရှိသေးတယ်။ဘာမဟုတ်တာတွေပြိုင်နေကြတယ်။
    စိတ်ထားကောင်းတွေကိုတစ်ယောက်နဲ့တစ်ယောက်ပြိုင်ဆိုင်ဖို့မေ့နေကြတယ်။

Leave a Reply