ဒေါ်အိမ်သတိရနှင့် အူးအိမ်လွမ်းသူ
အိမ်မက်တစ်ခု စိတ်ထဲမှ လွတ်ကျသွားသည်…
…..
…..
…..
“ခွမ်း” ကနဲ့ မကျေမနပ် မြည်ကွဲသံနှင့်အတူ ကျွန်တော်သည်လည်း ပုံမှန်ရှူသွင်းရှူထုတ်လုပ်နေသော အသက်ရှင်ခြင်းမှ အသက်ဝဝ မရှူနိုင်သော လက်တွေ့ဘဝထဲသို့ ပြန်နိုးထလာတော့သည်။
“ဘုရား… ဘုရား”
” Oh my GOD”
“…..”
“…..”
အစရှိသည့် လူပေါင်းစုံတို့ မတော်တဆ ရွတ်ဆိုမိသည်များကို စုံစေ့အောင် ကပေါက်တိကပေါက်ချာ ရွတ်ဆိုပြီးနောက် ကိုးလိုးကန့်လန့် လူ့လောကကြီးထဲသို့ ရောက်လာတော့သည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မကန်းသော်လည်း ပြူးနေသည့် ဝိုင်းစက်စက် မျက်လုံးမှေးမှေးကြီးများကို ပြူးပြီးသကာလ ပါတ်ဝန်းကျင်ကို ရော်ရမ်းကြည့်လိုက်သည့် တစ်ခဏ
အချိန်ကား ၁၉၄၂ ခုနှစ် မိုးဦးကျစ ဇွန်လအတွင်းဖြစ်၏။
ဂျပန်တပ်မကြီးများနှင့် မြန်မာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)တို့
နယ်ချဲ့ဗြိတိသျှတပ်များအား မြန်မာနိုင်ငံတဝန်းမှ
အပြီးပိုင်မောင်းထုတ်ပြီးနောက် မြို့ပြအုပ်ချုပ်ရေး….
ဟယ်…
ဟုတ်သေးပါဘူး
ညတုန်းက မျက်နှာစာအုပ်ကြီးမှ ဖတ်မိသည်များ စိတ်ကူးယဉ်နေသည်များကို ခေါင်းတစ်ချက်ခါထုတ်လိုက်ရင်း လက်ရှိဘဝကြီးကို မျက်မှောက်ပြုလိုက်သည့်တစ်ခဏ ကိုယ်ပေါ်တစ်ရွရွတက်လာသော သွေးဝနေသည့် ဂျပိုးတစ်ကောင်ကို ကြင်နာသနားစွာဖြင့် လက်ကလေးဖြင့် အသာအယာဖိသတ်ရင်း ကုလားငါးကောင် အပြိုင်အဆိုင် ဟောက်နေသည့် နှစ်ထပ်ခုတင်ရှိသည့် အခန်းထဲမှ ထလိုက်ရာ အပေါ်ထပ်တွင်အိပ်နေသော ကုလားဝတုတ်တစ်ကောင် မနိုးစေရန် အလို့ငှာ အသာလေး ဖင်ကြွလိုက်ရာတွင်မှ ကျွီကနဲ မြည်သွားသဖြင့် မထူးတော့ပါလေဘူးဟု သံယောင်လိုက်ကာ ဘူ ကနဲ လွှတ်ထုတ်လိုက်လေ၏။ တစ်ချို့သော အိပ်ရေးဆတ်သောသူများ တစ်ဟင်းဟင်းညည်းပြီး အိပ်ရေးပျက်မှာ စိုးသည့်အလား နှာခေါင်းများ အသီးသီးပိတ်လျက် ပြန်အိပ်ချင်ယောင် ဆောင်ကြလေသတည်း။
မမြင်မစမ်းဖြင့် အခန်းတံခါးဝရှိရာသို့ ခုတင်တိုင်တစ်လုံးနှင့်လည်းကောင်း၊ ဗီဒိုတစ်ခုနှင့်လည်းကောင်း၊ နောက်ဆုံး အခန်းတံခါးဝနှင့် နဖူးဆောင့်ပြီးသည့်နောက် လိုရင်းအရပ် ဧည့်ခန်းသို့ရောက်လေသည်။ ဧည့်ခန်းသည်ကား ကျယ်ကျယ်ဝန်းဝန်းရှိလေစွ၊ ဖိနပ်တစ်ရံလိုက်ရှာရာ စားပွဲတစ်လုံးနှင့် ခုံ ၃ ခုံတို့ အိမ်အပြင်ဘက် လွှင့်ပြစ်ပြီးမှ တွေ့ရပြီးနောက် သူ့နေရာနှင့်သူ ပြန်နေရာချ၊ ဆိုဖာလေးပေါ်တွင် ထိုင်ပြီးနောက် ဆေးလိပ်ဗူးလေးကို အသာလေးဖွင့်ပြီး မီးခြစ်လေးကို အသာလေးထောက်ကနဲ ခြစ်လိုက်ပြီးနောက် ဆေးလိပ်ဗူးကို တစ်ခါမှ မမြင်ဖူး၊ မတွေ့ဖူးသည့်အလား သေသေချာချာ ဖင်ပြန် ခေါင်းပြန် ကြည့်နေမိလေသည်။
ဘာတဲ့… ရေးထားသည်က “Golden Gate” ဆိုပါတဲ့လား.. R.I.P ဖြစ်ဖို့အတွက် ဝင်ပေါက်တစ်ခု စောစောဖွင့်လှစ်ထားသည်ကို ဆိုလိုထားခြင်း ဖြစ်ပေလိမ့်မည်။ ဗူးပေါ်တွင်လည်း ကောက်ကောက်ကွေးကွေး သူတို့စာများဖြင့် ဘာဖြစ်သည်၊ ညာဖြစ်သည် ရေးထားသည်ကို ဖတ်ရသဖြင့် နောက်တစ်ဖက်လှည့်လိုက်ရာတွင်မတော့ “Smoking causes early death” ဟုရေးထားသဖြင့် ကျေးဇူးတင်ပြီး နောက်တစ်လိပ်ပြီးတစ်လိပ် မပြတ်တမ်း ထုတ်ဖွာတော့သည်။ သူတို့ကတောင် ကြော်ငြာမှာ အာမခံထားသေးမှတော့ ကိုရင်စိုင်းတို့ စမ်းသပ်ဖို့ရာ ဝန်မလေးတော့ပေ။ သူတို့လဲ ကုမ္ပဏီကြီးဖြစ်သဖြင့် နာမည်ပျက်တော့ ခံမည်မထင်ပေ။ နာမည်တစ်လုံးတော့ ထိန်းသိမ်းကြပေမည်ဟု မှတ်ယူရင်း ဖုန်းမှ နာရီကို ကြည့်လိုက်သောအခါ နံနက် ၄းဝဝ ဆိုတော့ မြန်ကျင့်ပြည်ကြီးတွင် နံနက် ၆း၃ဝ ရှိပေတော့မည်။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သို့ကလိုဆိုပါမူ လူကမရွေ့လျားသော်လည်း စိတ်၏စေစားရာသို့ ကိုရင်စိုင်းတစ်ယောက် လွင့်မျောပါသွားတော့သည်။
နှုတ်မှလည်း မပီဝိုးတစ်ဝါး ရေရွတ်လိုက်မိပြန်လေ၏။
“ဪ… မိန်း..မ.. ရယ်” ဟု။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ကြာတော့ ကြာခဲ့ပါပြီလေ…
ကြာခဲ့ပါပြီဆိုတော့ ခုခေတ်နောင်လာ နောက်သားများ သိရှိစေရန်အလို့ငှာသာ ပြန်လည်ဖော်ပြရခြင်း ဖြစ်ပါ၏။
ကနောင်မင်းသားကြီး ရေမြှုပ်ဗုန်းအတွက် ပိုးစိုးပက်စက် အပြစ်တင်ခံရပြီးနောက်
မင်းတုန်းမင်းကြီး မိဖုရားများ မြောက်များစွာ ယူခဲ့သော အချိန်က ဖြစ်ပါ၏။
သီပေါမင်းတြားကြီးလည်း မကြာမီမှာပင် မျက်နှာဖြူနောက် လိုက်ပါသွားရပြီး
သခင်ဖိုးလှကြီး၊ သခင်အောင်ဆန်းတို့ တော်လှန်ကြရင်းနှင့်
ရဲဘော်သုံးကျိပ်တို့ “အိုးဝို့စိုးနာ အိုနာ မီကီကန်း” အစချီသည့် ဗိုလ်ချုပ်ကြီး ဆူဇူကီး(ခေါ်) ဗိုလ်မိုးကြိုးတို့ တရုတ်ပြည် ဟိုင်နန်ကျွန်းတွင် စစ်ရေးလေ့ကျင့်ကြစဉ်က ဖြစ်၏။
ထိုမျှထိ ကိုရင်စိုင်း အသည်းမာခဲ့ပါသည်။ ဘယ်သူမျှ မဝင်လာသေးပေ။
သခင်အောင်ဆန်းတို့ ဂျပန်ကင်ပေတိုင်(ခေါ်) ငပု (ခေါ်) ဖက်ဆစ်တို့ကို တိုက်ထုတ်သည့်အခါမှသာ ကိုရင်စိုင်း ချစ်ဇာတ်လမ်း စခဲ့သည်ထင်ပါ၏။
ထိုအချိန်တွင်မှ အိန္ဒိယမှ ကျန်းမာရေးမှူးတစ်ဦးသည် မြန်မာပြည်၊ ရန်ကုန်တိုင်း၊ အင်းစိန်မြို့သို့ ကျန်းမာရေးမှူးအဖြစ် ရောက်ရှိလာပြီး ကရင်မကြီးတစ်ယောက်ကို ပေါင်းသင်းလက်ထပ်ရာမှ အနှီ အံ့မခန်းဖွယ်ရာ၊ ထူးထွေဆန်းပြားလှသော၊ ရင်သပ်ရှုမောဖွယ်ရာကောင်းသော ရင်သိမ့်သိမ့်တုန် ချစ်မေတ္တာဇာတ်လမ်းကြီးသည် အစတည်လာရလေသတည်း။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ထိုစဉ်အခါက အင်းစိန်သည် အစိုးရရုံးစိုက်ရာ မြို့တစ်မြို့သာဖြစ်သဖြင့် တိုက်နယ် အဆင့်မျှသာ ရှိသေးသော်လည်း အင်းစိန်ဘူတာရုံကြီးသည်ကား အနယ်နယ်အရပ်ရပ်မှ လာရောက်ရောင်းဝယ်ဖောက်ကားသူများနှင့် စည်ကားနေသဖြင့် အတော်လေး စည်ကားလှပေ၏။ ထိုစဉ်က ကွမ်းခြံကုန်း ဘူတာကြီးနှင့် ကြည့်မြင်တိုင် ဘူတာကြီးတို့ပြီးလျင် အင်းစိန်ဘူတာသည်ကား မြန်မာပြည်တစ်နံတစ်လျားမှ ရောင်းဝယ်ဖောက်ကားသူများဖြင့် စည်ကားလေ၏။ ပေါက်တောဝဈေးကြီးတွင်တော့မူ ဧရာဝတီတိုင်းမှ ထွက်ရှိသော (ဓါတ်မြေဩဇာမသုံးသည့်) ငါးပိ (ငပိ)၊ ငါးခြောက် (ငခြောက်) များ လတ်လတ်ဆတ်ဆတ်ရသဖြင့် လွန်စွာမှပင် ကြက်ပျံမကျ စည်ကားခြင်းလည်း ဖြစ်တော့သည်။ လှိုင်မြစ်ကို ဖြတ်ကူးပြီးသကာလ ကရင်လို့ပဲဆိုဆို၊ ဗမာလို့ပဲဆိုဆို၊ ကရင်စကားလည်းမပီ၊ ဗမာစကားလည်း အတည်မပြောတတ်သည့် ဧရာဝတီတိုင်းသူ/သားများ ဒေသထွက်များ လာရောက် ရောင်းချရာလဲ ဖြစ်၏။ ထိုဈေးကွက်ကြီးသည်ကား ၁၉၉၅ ခုနှစ်ထိ တည်တန့်ခဲ့လေသည်ဟု ဆိုကြ၏။ မြန်မာနိုင်ငံ အနှံ့အပြားမှ ငါးပိ (ငပိ)၊ ငါးခြောက် (ငခြောက်) ချစ်သူများ၊ ငါးပိ (ငပိ)၊ ငါးခြောက် (ငခြောက်) ရောင်းဝယ်သူများ အားထားရာ ဈေးကြီးတစ်ခုလဲ ဖြစ်ခဲ့ကြလေ၏။
လိုရင်းကို ဆက်ရမည်ဆိုလျင် တစ်နေ့သောအခါသားက နံ့သာကုန်းတွင် နေထိုင်သော ထိုကရင်မကြီးလည်း ထိုသို့မည်သော ဈေးသို့ တာလဘောဟင်းချက်ရန်အလို့ငှာ (ဟင်… ဘာမှလဲ မဆိုင်ဘူး) ငါးပိ (ငပိ)၊ ငါးခြောက် (ငခြောက်)များဝယ်ခြမ်းရန် သွားလေ၏။ (ဇာတ်ညွှန်းရေးဆရာ အလိုကျတည်း) ထိုအချိန်တွင်မှ အိမ်သတိရမှ ရောက်လာသော ကိုကို ရှာထိုးခံ (ဟုတ်သေးပါဘူး) အဲ့ဒီအချိန်က လွန်စွာ နာမည်ကျော်ကြားသော အမေ့သားဘဂျမ်းလဲ အိမ်သတိရ အလွမ်းပြေ ကုလားအော်သီးလေးများ ရမလား တွေးပြီး ဈေးဝယ်ထွက်သောသကာလ ကို အမေ့သားဘဂျမ်းခပ်ဆင်ဆင်လေးက ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီး ဒေါ်ကရင်မကြီးကို သဘောကျတော်မူပြီးသကာလ၊ ထို အဒေါ်ကြီးမှလည်း တော်တော်လေး၊ သေသေချာချာ စေ့စေ့စပ်စပ်ကြည့်ပါမှ၊ ဇွတ်အတင်းကို အတိုက်အခံလုပ်ပြီး ငြင်းပါမှ တူသလိုလိုရှိသော အမေ့သား ဘဂျမ်းကြီးကိုမှ သဘောကျသွားတော်မူလေ၏။
ထိုမှစပြီး ကရင်လိုတစ်မျိုး၊ အိမ်သတိရလို တစ်ဖုံ၊ လိုသလို နာမည်ပေးလို့ရသော သားလေး သမီးလေးများ မွေးလာသတတ်။
(ဖတ်နေသူများ ဘာလဲဟ ? ဘာလဲဟ ? ဆိုပြီး ဒေါနတွေ ထွက်နေပေလိမ့်မည်။)
ရှိစေသတည်း။ ထိုမှတစ်ပါး ထူးချွန်ထက်မြက်သော သားယောကျာ်းတစ်ပါးမှ ရှစ်ယောက်မျှသော သားသမီးရတနာကို ထွန်းလင်းစေလတ္တံ့သော မိန်းမရတနာကို ထိမ်းမြားလက်ထက်စေ၏။ ထို့နောက်တွင်မတော့ သားချည်း ၄ ယောက်၊ သမီးချည်း ၄ ယောက် ဖွားမြင်စေပြီးနောက် ငြိမ်းချမ်းရာသို့ သွားစေလေသတည်း၊
(၏ကား ဇာတ်ဆရာ အလိုပေတည်း)
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
သို့နှင့်ပင် ကိုရင်စိုင်းတစ်ယောက် အိမ်သတိရနွယ်ဖွားလား၊ ဘာလားမသိသည့် ထို
ချောမောလှပလှစွာသော
ကဗျာတွေ စာတွေ ဖွဲ့မမှီနိုင်သော
မယ်ကမ္ဘာတောင် ညွှန်းဖွဲ့မဆိုနိုင်သော
တော်တော်လေးဝ ဝင် (ဟုတ်သေးပါဘူး)
တော်လေးဝ ဝင်သော (တစ်ကယ်တော့ သူ့နေရာနှင့် သူသာဝပြီး သူ့နေရာနှင့် သူပိန်ပါသည်)
(ကြော်ငြာဝင်ခြင်းသာ)
အိမ်သတိရနှင့်၊ မြန်ကျင့်နှင့်၊ ဖက်ကညော ရောနေသော
အနှီဘာမှန်းမသိသော ကောင်မလေးနှင့်
ချစ်ခင်စုံမက်၊ ပေါင်းဖက်မွေ့လျော်၊
ကြင်စုံဖက်လျက်၊ တူနှစ်ကိုယ်ဘဝ
မွေ့ပျော်ကြလျက်၊ ချစ်စမဆုံး
နှောင်ဖွဲ့ထုံးလေ၊ ရစ်ထွေလေ၏
ဟယ်…
လုပ်လိုက်ပြန်ပြီ
ပြောရင်းပြောရင်းနှင့်
ခေတ်ကာလကို မျက်မှောက်ပြုလေသော်
ပြောင်ကြီးအုပ်ချုပ်၊ မင်းလုပ်လေမှ
သင်ငမိုက်သား၊ လက်ထပ်လေသလား
(အဟဲ)
ဝါသနာလေးကလဲ ထိန်းမရလေတော့ ပြောမိပြောရာ ပြောမိပြန်လေသပေါ့။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
အနှီ ထိုသို့သော မိန်းမကို လွမ်းမိပါလေ၏။
(နိဂျူန်းကို ဒီမျှပင် ခေတ္တ ခုတ်ပါ၏)
စေးကိုင်းခွမ်း
(ခေတ္တလူ့ပြည်)
9 comments
ဦးကျောက်ခဲ
August 21, 2013 at 10:57 am
နောက်ဆုံးတော့ ကိုရင်စိုင်းက…
မိန်းမကိုလွမ်းလို့ ရတုချီ စာစီဖွဲ့နေတာကိုး… ကောင်းပါလေ့
😀
Min Zarni
August 21, 2013 at 11:16 am
အူးလေးကျောက် ဒါကျော်တို့ကို သက်သက် ရိဒါဗျ…
သူဂ လက်ဆုပ်လက်ပိုင် စိဒယ်ဆိုပီး…
ထှောက်ခ်… အသီးနာဘာဘေ့…
ပုံ
အာရှတိုက်မှ နောက်ထပ် ကရင်မကြိုက်သူ တယောက်
ဖြူစိုင်း လူ
August 21, 2013 at 11:28 am
ဒီမယ်ကိုယ့်လူ
ကရင်မကြီးကိုကြိုက်တာ ဦးအိန္ဒြိယဗျ
ကျုပ်မဟုတ်ဘူး.. သေချာဖတ်ပါဦးလေ
kyeemite
August 21, 2013 at 1:36 pm
ကလောင်နာမည်ပြောင်းထားလို့ လူသစ်မှတ်နေတာ
ဖတ်ရင်းနဲ့မှရိပ်မိတော့တယ်..အူးအိမ်လွမ်သူဂျီးရယ်.. 😀
အလင်းဆက်
August 21, 2013 at 4:16 pm
အလွမ်းဆိုတာ စိတ်ကို ခွဲတဲ့ဓါးတစ်လက် လို ့ဖတ်ဖူးတယ်။
စာတွေ ကဗျာတွေ အရူးအမမူးရေးချင်သူလေးတွေအတွက်တော့
အလွမ်းဆိုတာ
ရသ မြောက်တဲ့ စကားလုံးအလှတွေ
စီတန်း ဖြစ်တည်လာဖို့ပေါ့နော်
အင်းးး
ကျွန်တော်လည်းးး
လွမ်းဖူးတယ်
kai
August 22, 2013 at 4:01 am
ငိုရီ.. ရယ်လို့တော့ ကြားဖူးတယ်..
ခုတော့.. လွမ်းပြောင်ကြီးပေါ့…
လွမ်းလည်းလွမ်းတယ်.. ပြောင်လည်းပြောင်တယ်…
လွမ်းပြောင်.. လွမ်းပြောင်..
အရီးခင်
August 23, 2013 at 10:50 pm
အော် မောင်ရှုံး၊ မောင်ရှုံး
အခုတော့ အရှုံးသမားကနေ အလွမ်းသမားကြီး လုံးလုံး ဖြစ်နေပါပေါ့။
စိုင်းချစ်သူ ရွှေဟသာင်္မလေး နဲ့အမြန်ဆုံး ပြန်ပေါင်းစည်းနိုင်ဖို့ ဆုတောင်းပေးပါတယ်။
မကြာလောက်ပါဘူး။
ခဏလေးစောင့်လိုက်ပါဦး ကွယ်။
ဘဝ ဆိုတာ ဒီလိုပါဘဲ။
😛
Wow
August 27, 2013 at 4:34 pm
ရာဇဝင်အူပေါက်ပါလား ကရင်ရှုံးရယ် 🙂
garfield
August 27, 2013 at 4:37 pm
အဲလာ ရာဇဝင်နဲ့ချီပြီးကို မိန်းမကို လွမ်းတာလို့ခေါ်တယ်။
အချစ်ကြီးချက်ကတော့။
ဖတ်ရင်းကို တစ်ရှူးတစ်ထုတ်ကုန်ပါတယ် ကိုရင်ရယ်။
(နှာစေးနေလို့ပါ)
😀